ခရုခွံလေးလို ညနေရီ

(အရေးတော်ပုံဂျာနယ် အတွဲ(၄)၊ အမှတ်(၁) တွင် ဖော်ပြပါရှိမည့် ကဗျာ ဖြစ်ပါသည်။

မြစ်တမြစ်ထဲ ရေနှစ်ခါချိုးလို့မရဘူးလို့
ဟီရာကလိုက်တပ်စ်ကပြောတော့ ငါဟာ ထိတ်လန့် ။
နေကိုဗဟိုပြုပြီး ငါတို့ဟာလည်ပတ်နေတယ်လို့
ကော့ပါးနီးကပ်စ်က ပြောတော့ ငါဟာ အံ့ဩ ။
ဆူးပုပ်ရွက်တွေ တခင်းလုံးစိုက်ထားတဲ့
အဲဒီအညိုရောင် စပါးခင်းကြီးထဲ ငါဟာအလန့်တကြား ပြေးလွှားလို့ ။
ဒီစစ်ပွဲကြီးထဲ ငါ့ကိုယ်ငါပြန်ရပါ့မလား တွေးမိတဲ့
ခရုခွံလေးလို ညနေ ။

ငါ့ရှေ့မှာက ပျက်ကျသွားတဲ့ ဒဏ်ရာရ‌ ပေါင်မုန့်တွေ
ငါ့နောက်မှာက ဒစ်ဂျစ်တယ်နာရီတလုံးလို ကိုယ့်ကိုယ်ကိုယ်ပြန်မှတ်မိနေတဲ့ သေချာမှုတွေ
ငါ့နံဘေးမှာ ငါကိုယ်ငါ ပြန်မရွေးယူချင်တော့တဲ့
အဲဒီ နွေးထွေးဖွယ် အိပ်ရာခင်း တွေ ။

စမ်းချောင်းလေးနံ‌ဘေး
ပန်းတခင်းနဲ့ အိမ်ကလေး
ကြက်သားတအုပ် ချစ်သူ့လက်ကိုမြဲမြဲဆုပ်ကိုင်
ငါပြန်မလာတော့ဘူး ငါ့ကောင်*
လူနှစ်ယောက် ဖိနပ်တရန်
တခါတရံရဲ့ ပြန်မလာတဲ့သူတို့ သိကြဖို့ကောင်းတယ်**။

သိကြတဲ့အတိုင်း လူဆိုတာ သွေးနွေးသတ္တဝါပဲ
အဲဒီလိုပြောပြီး သေနတ်ကိုကောက်ကိုင်
ရှေ့လူတွေရဲ့ ပုခုံးပေါ် တက်ရပ်ကြည့်ရမှာပဲ
အဲဒီလိုပြောပြီး အလံကိုကောက်ကိုင်
စစ်ပွဲဆိုတာ သွေးထွက်တဲ့နိုင်ငံရေးပဲ
အဲဒီလိုပြောပြီး အတွေးအခေါ်ကို ကောက်ကိုင် ။

လူဟာ ပန်းပွင့်လေးတွေလို အချိန်မှန်ရထားစောင့်မစီးတတ်
လူဟာ ရောက်ရာနေရာကို ကျောက်ဖျာတွေလို ကုပ်မတွယ်နိုင်
လူဟာ သံပုရာသီးလေးလို သူကိုယ်သူကြိတ်ချေမပစ်နိုင်
လူဟာ သူ့အတွေးအခေါ်ကို လိပ်ပြာလေးလို ပေါ့ပါးမပစ်နိုင်
ဒါပေမဲ့ လူဟာ သူလာရာအရပ်ဆီပြန်မှတ်မိဖို့ သစ်ကိုင်းခြောက်လေးတွေ တခုတ်တရ ချိုးချိုး ချတတ်ပြန်သတဲ့
အဲ့ဒီ ခရုခွံလေးလို ညနေမှာလေ ။

ဒဿနမျဉ်း
၁၈ ဇူလိုင် ၂၀၂၆

*ရဲဘော်ထွန်းနိုင်
**တာရာ‌‌မင်း‌ဝေ

Leave a Reply

Your email address will not be published. Required fields are marked *