ရဲဘော်အောင်သော်
(အရေးတော်ပုံဂျာနယ် အတွဲ(၄) ၊ အမှတ်(၁) တွင် ဖော်ပြပါရှိမည့်ဆောင်းပါး)
စစ်အုပ်စုအကျပ်တွေ့နေပြီ။ မကြုံစဖူးထူးခြားတဲ့အကျပ်အတည်းပဲ။ အခွင့်အခါကောင်းပေါ်နေပြီ။ ညီညွတ်ရင်ဆုပ်ကိုင်နိုင်မယ်။ မညီညွတ်ရင် လက်လွတ်မယ်။ ပြတ်သားလျင်မြန်ရင်ဆုပ်ကိုင်နိုင်မယ်။ တွေဝေရင်လက်လွတ်မယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ တော်လှန်ကြဖို့ကအဓိကပဲ။
စစ်အုပ်စုကို ကမ္ဘာ့အဆိုးဝါးဆုံး ရာဇဝတ်ကောင်အဖြစ် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချလိုက်တယ်။ လုပ်ထုံးလုပ်နည်းအရနိုင်ငံကိုနာမည်တပ်အရေးယူထားတယ်။ တကယ့်တရားခံဟာ စစ်ခေါင်းဆောင်တွေဆိုတာ ကမ္ဘာကသိတယ်။ ပြည်သူကသိတယ်။ စစ်အုပ်စုကိုယ်တိုင်ကလည်း သိတယ်။ သမိုင်းတလျှောက်မှာ အဆိုးဝါးဆုံးဂုဏ်သိက္ခာကျဆင်းမှုပဲ။
ဂုဏ်သိက္ခာကျဆင်းမှုနောက်မှာ လိုက်လာနိုင်တဲ့ဆိုးကျိုးတွေကအများကြီးပဲ။ သံတမန်ရေးအရ ခက်ခဲမယ်။ အရှက်ကွဲမယ်။
နောက်ထပ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ကလူပုဂ္ဂိုလ်နာမည်တပ် တရားစွဲတာ လုပ်လာနိုင်တယ်။ ဖမ်းဝရမ်းကိုလျှို့ဝှက်ထုတ်ထားတာမျိုးလုပ်နိုင်တယ်။ ယူဂိုဆလားဗီးယား အထူးရာဇဝတ်ခုံရုံး၊ ရဝမ်ဒါ အထူးရာဇဝတ်ခုံရုံးလိုမျိုး မြန်မာအထူးရာဇဝတ်ခုံရုံးဖွဲ့ကောင်းဖွဲ့ လာနိုင်တယ်။ လမ်းတောင်ဖြောင့်ဖြောင့်မလျှောက်ရဲတဲ့ဘဝ၊ မြေကြီးတောင်ရဲရဲမနင်းရဲတဲ့ဘဝကို စစ်ခေါင်းဆောင်တွေရောက်သွားနိုင်တယ်။
ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ FATF (Financial Action Task Force) ဆိုတဲ့ ကမ္ဘာ့ငွေကြေးခဝါချတိုက်ဖျက်ရေးအဖွဲ့က မြန်မာကို နာမည်ပျက်စာရင်းသွင်းထားပြီးသား။ တိုးတက်မှုမပြနိုင်ရင် “ဘဏ္ဍာရေးဆိုင်ရာ တန်ပြန်အရေးယူဆောင်ရွက်မှုများ Countermeasures” အဆင့်တိုးမြှင့်မယ်လို့ သတိပေးထားပြီးသားရှိတယ်။ အခု လူမျိုးတုံးရာဇဝတ်ကောင်ဖြစ်သွားတဲ့ အတွက် သွယ်ဝိုက်အကျိုးဆက်အနေနဲ့ တန်ပြန်အရေးယူဆောင်ရွက်မှုထိသွားရင် ဘဏ်စနစ်တခုလုံး ပြိုလဲသွားမယ်။ ဘာစီးပွားရေးမှ နိုင်ငံတကာနဲ့ လုပ်လို့မရတော့ဘူး။ ဒါဟာ ဖြစ်နိုင်ခြေမရှိတဲ့အရာ မဟုတ်ဘူး။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာဖို့အကြောင်းသိပ်နည်းသွားပြီ။ မရှိနိုင်တော့သလောက်ပဲ။ ဒီလိုနာမည်ဆိုးနာမည်ပျက်ရှိတဲ့နိုင်ငံမှာ ဘယ်သူမှရင်းနှီးမြှုပ်နှံရဲမှာမဟုတ်တော့ဘူး။
လေယာဥ်ဆီ၊ လက်နက်တွေကို အခုတောင် ခိုးကြောင်ခိုးဝှက်မှောင်ခိုဝယ်နေရတာ။ နောင်မှာပိုခက်မယ်။
လက်ရှိစစ်ရေးအခြေအနေမှာစစ်ကောင်စီဟာ လေကြောင်းနဲ့ဗုံးကြဲတာကိုပဲ အားကိုးနေရတယ်။ ဆက်ပြီးဗုံးကြဲရင်နောက်အမှုတွေထပ်လာဖို့ သေချာသလောက်ပဲ။ ကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့ တကွ၊ ဗုံးကြဲတဲ့ လေယာဥ်မှူးတွေအတွက်ပါတုန်လှုပ်ချောက်ချားစရာဖြစ်လာပြီ။
တပ်တွင်းစည်းလုံးညီညွတ်ရေးရော၊ စစ်အုပ်စုတွင်းစည်းလုံးညီညွတ်ရေးပါထိခိုက်လာနိုင်စရာ အလားအလာတွေရှိနေပြီ။ ဘယ်အချိန်ထိုးအကျွေးခံရမလဲဆိုတာကို တယောက်မျက်နှာတယောက်ကြည့်ပြီး စိုးရိမ်ပူပန်ရမဲ့ အခြေအနေဆိုက်ရောက်လာပြီ။
စစ်အုပ်စုအတွက် မိတ်စစ်ဆွေစစ်နိုင်ငံဆိုတာ မရှိသလောက်ရှားသွားပြီ။ တရုတ်ကိုကာပြန်မိတာလည်း အာ,လှံစူးမှာ ကြောက်နေရပြီ။ အာဆီယံမှာလည်း အခြေအနေသိပ်မကောင်းနိုင်။
တော်လှန်ရေးဘက်မှာလည်း သမိုင်းတလျှောက် မကြုံစဖူး အားကောင်းအားသာချက်တွေ ရှိနေပြီ။ အားအကောင်းဆုံးက လက်နက်ကိုင်တော်လှန်ရေး စတင်ပြီးသားဖြစ်နေတဲ့အချက်ပဲ။ ပြည်သူလူထုက လက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ထောက်ခံနေတုန်းပဲ။ ဒါဟာထူးခြားတဲ့အခွင့်သာချက်ပဲ။
နယ်မြေတချို့သိမ်းပိုက်ပြီးသားရှိနေပြီ။ ဒါလည်းထူးခြားတယ်။ နေရာတိုင်းမှာလူမျိုးတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရှိနေပြီ။ ဒါလည်း ထူးခြားကောင်းမွန်တဲ့အချက်ပဲ။
စစ်အုပ်စုက ထူးထူးခြားခြား အခြေအနေဆိုးဝါးနေချိန်မှာ တော်လှန်ရေးအတွက် အကောင်းဆုံးအခြေအနေတွေကလည်း မကြုံစဖူးထူးထူးကဲကဲ စုစည်းမိနေပြီ။
ဒီအချိန်မှာတော်လှန်ရေးအတွက် အန္တရာယ်အကြီးဆုံးက စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပဲ။ ဒီလမ်းကြောင်းကို စစ်အုပ်စုကအတင်းတွန်းတင်နေတယ်။ ဒါပေမဲ့ လူမျိုးတုံးတရားခံဖြစ်သွားတဲ့အတွက် ဆွေးနွေးကြဖို့သိပ်ခက်သွားပြီ။ လူမျိုးတုံးတရားခံနဲ့ ဆွေးနွေးတဲ့သူဟာ အမှုတွဲခံရနိုင်တယ်။ ပြည်သူကဒဏ်ခတ်တာခံရနိုင်တယ်။
တော်လှန်ရေးထဲက လက်ဝဲလက်ယာမိတ်ဆွေအပေါင်းတို့ ဒီအချိန်မှာ နိုင်ငံရေးအမြင်မတူတာတွေ ခဏဘေးဖယ်ထားကြပါစို့။ လက်ဝဲလက်ယာအမြင်မတူတာ အဓိကပြဿနာမဟုတ်။ ဒါကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့ အရေးကြီးတယ်။ ကိုယ်ကျိုးစီးပွားတွေ ခဏဘေးဖယ်ထားကြပါစို့။ တော်လှန်ရေးပြီးရင် ငါခေါင်းဆောင်နေရာရဖို့ဆိုတဲ့ စိတ်ထားတွေ ခဏဘေးဖယ်ထားကြပါစို့။
ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသားတော်လှန်ကြရင် အောင်ပွဲသိပ်မဝေးတော့ဘူး။ မညီညွတ်ရင်၊ မပြတ်သားရင်၊ မလျင်မြန်ရင် အခွင့်အရေးလက်လွတ်ခဲ့ဖူးတဲ့သမိုင်းသင်ခန်းစာတွေရှိခဲ့ဖူးတယ်။ ဒီတကြိမ်လက်မလွတ်ကြစေနဲ့။
အခွင့်သာခိုက်မှမလိုက်ချင်ရင် အမိုက်နင့်အပြင်ရှိတော့မှာမဟုတ်ဘူးလို့ပဲပြောရလိမ့်မယ်။




