ငြိမ်းမောင်ဦး
(အရေးတော်ပုံဂျာနယ် အတွဲ(၄) ၊ အမှတ်(၁)တွင် ဖော်ပြပါရှိမည့် ဆောင်းပါးဖြစ်ပါသည်။)
မျက်မှောက်ဗမာပြည်တော်လှန်စစ်မှာ “ ရန်သူကအင်အားကြီးတယ်၊ မိမိတို့ကအင်အားသေးငယ်တယ်” ဆိုတဲ့ အခြေအနေဟာ တကယ့် လက်တွေ့ဘဝဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးဟာ အလျင်အမြန်အောင်ပွဲခံဖို့ မဖြစ်နိုင်ဘူး။ စစ်ရေးအရ သေနင်္ဂဗျူဟာခံစစ် အဆင့်နဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲသွားရမယ်ဆိုတဲ့ လမ်းညွှန်ဟာ ပကတိရုပ်ဘဝရဲ့ပြဋ္ဌာန်းချက်ပဲဖြစ်တယ်။
ဒီလိုအခြေအနေမှာ ဗမာပြည်တော်လှန်စစ်ရဲ့ ထူးခြားတဲ့ အင်္ဂါလက္ခဏာတွေကို ဆန္ဒစွဲကင်းစွာ ဘက်ပေါင်းစုံ စူးစမ်းလေ့လာရမယ်။ မာ့က်စ်ဝါဒ အဘိဓမ္မာ (ရပ်တည်မှု၊ အမြင်၊ နည်းနာ)နဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး တော်လှန်ရေးဖြစ်ပေါ်တိုးပွားသွားရေးအတွက် သာလွန်ချက်တွေ အခွင့်အလမ်းကောင်းတွေကို ရှာရမယ်။ လက်တွေ့ကျတဲ့ လုပ်ငန်းလမ်းညွှန်တွေ ချမှတ်ရမှာဖြစ်တယ်။
အခြေအနေတစုံလုံးကို ချုပ်ကြည့်ရင် တော်လှန်ရေးအတွက် လက်တွေ့ရှိနေတဲ့ သာလွန်ချက်တွေ အခွင့်အလမ်းကောင်းတွေကို မိမိရရ ဆုပ်ကိုင်ပြီး ရေရှည်စစ်ပွဲ ဆင်နွှဲသွားရေးပဲဖြစ်တယ်။ “ ရေရှည်စစ်” ဆိုတာကတော့ (တပြည်လုံးအနှံ့အပြား ပြောက်ကျားစစ်ဆင် ၊ ကျေးလက် အခြေခံစခန်းတွေတည်ဆောက်၊ ကျေးလက်မှ တစတစနဲ့ မြို့ကိုဝိုင်း) ဆိုတဲ့ လမ်းညွှန် အတိုင်းကျင့်သုံးသွားရမှာဖြစ်တယ်။
ဒါကြောင့် ကျေးလက်အခြေခံဒေသ တည်ဆောက်ရေးလုပ်ငန်းဟာ ၊ တော်လှန်စစ်ရဲ့ သေနင်္ဂဗျူဟာပြဿနာများထဲမှာ အရေးကြီးတဲ့ ကွင်းဆက်တွေအဖြစ်ပါဝင်နေမှာဖြစ်ပါတယ်။
အခြေခံဒေသတည်ဆောက်ရေးရဲ့ အတွင်းသဘော
အခြေခံဒေသဆိုတာ ပြောက်ကျားစစ်အနေနဲ့ မိမိရဲ့ သေနင်္ဂဗျူဟာဆိုင်ရာ လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့တိုးတက်ကြီးထွားရေး၊ ရန်သူကိုချေမှုန်းသုတ်သင်ရေးဆိုတဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် မှီခိုအားထားရမယ့် သေနင်္ဂဗျူဟာ အခြေခံဒေသပဲဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အခြေခံဒေသဆိုတာ တော်လှန်စစ် မွေးဖွားရှင်သန်ဖို့ တိုးတက် ကြီးထွားဖို့ နောက်ဆုံးအောင်ပွဲခံနိုင်ဖို့ မကုန်ခန်းနိုင်တဲ့ ရေသောက်မြစ်ဖြစ်တယ်။ အရင်းခံကျတဲ့ မြေဆီလွှာလည်းဖြစ်တယ်။
အခြေခံဒေသဆိုတာ တပ်နဲ့ပြည်သူ သွေးစည်းညီညွတ်တဲ့ ပေါင်းကူးတံတားလည်းဖြစ်တယ်။ မျက်မှောက်တော်လှန်စစ်ဟာ ပြည်သူ့ စစ်ပွဲဖြစ်တယ်။ အနှစ်သာရအရပြောရင် လယ်သမားစစ်ပွဲဖြစ်တယ်။ ပြည်သူတရပ်လုံးကို နိုင်ငံရေးအရ လှုံ့ဆော်စည်းရုံးနိုင်မှ တော်လှန်ရေး အောင်မြင်နိုင်မှာဖြစ်လို့.. ကျယ်ပြန့်တဲ့ ကျေးလက်ဒေသလူထုကို လှုံ့ဆော်စည်းရုံးဖို့ လူထုလမ်းစဉ်ကျင့်သုံးဖို့ စတဲ့ နိုင်ငံရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံဒေသတွေရဲ့တည်ရှိမှုဟာ အခွင့်အလမ်းကောင်းတွေပဲဖြစ်တယ်။ ချုပ်ရင်… အခြေခံဒေသတွေရှိမှသာ အဖိနှိပ်ခံလယ်သမားထုကြီးကို စည်းရုံးနိုင်မှာဖြစ်သလို …လယ်သမားထုကြီးကိုစည်းရုံးနိုင်မှလည်း အခြေခံဒေသတွေ ဖြစ်တည်လာနိုင်မှာဖြစ်တယ်။
သေနင်္ဂဗျူဟာခံစစ်ကာလရဲ့ စစ်ရေးလမ်းညွှန်ချက်ကတော့ တပြည်လုံးအနှံ့အပြား ပြောက်ကျားစစ်ကို အဓိက ဆင်နွှဲသွားရေးဖြစ် တယ်။ ပြောက်ကျားစစ်ဆင်နိုင်ဖို့အတွက် ကျေးလက်အခြေခံစခန်းတွေ မဖြစ်မနေ တည်ဆောက်ရလိမ့်မယ်။ အခြေခံဒေသမရှိဘဲ အင်အား ကြီးမားတဲ့ ရန်သူနဲ့ ရေရှည်ရင်ဆိုင် တိုက်ပွဲဝင်သွားနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ တပ်နဲ့ပြည်သူဆိုတာ ငါးနဲ့ရေလိုပဲ ၊ ရေရှိမှ ငါးတွေ ရှင်သန် ကူးခတ်နိုင်မှာ ဖြစ်တယ်။ အခြေခံဒေသမှာ ပြောက်ကျားစစ်အတွက် မကုန်ခန်းနိုင်တဲ့ စွမ်းအားတွေရှိတယ်။ ကျယ်ပြန့်တဲ့လူထုကြီးရဲ့ ထောက် ခံ အားပေးကူညီမှုကို ရရှိနိုင်ပြီး၊ တပ်သားရေသောက်မြစ် ရိက္ခာစတဲ့ စစ်ပွဲအတွက်လိုအပ်ချက်တွေကို ဖြေရှင်း ပေးနိုင်မှာဖြစ်တယ်။
အခြေခံဒေသတည်ဆောက်ရေးအတွက် ဘယ်လို အချက်အလက်တွေလိုအပ်သလဲ
၁။ ရန်သူချေမှုန်းရေးတိုက်ပွဲတွေဆင်နိုင်ရမယ်။
လက်နက်ကိုင်တပ်တည်ဆောက်ရေးဟာ အခြေခံဒေသတည်ဆောက်ရေးရဲ့ အခြေခံအကျဆုံး ကွင်းဆက်ဖြစ်တယ်။ ရန်သူကိုချေ မှုန်းတိုက်ခိုက်နိုင်မှသာ အခြေခံဒေသတည်ဆောက်နိုင်မှာဖြစ်သလို ၊ အခြေခံဒေသတွေကလည်း စစ်ရေးတိုက်ပွဲတွေ အောင်မြင်ဖို့အတွက် ကြီးမားတဲ့ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်။ ဒါကြောင့် စစ်ရေးလှုပ်ရှားမှုတွေဟာ အခြေခံဒေသတည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ကို အမြဲနှလုံးသွင်း ထားရမှာဖြစ်တယ်။ တိုက်ရင်းတည်ဆောက် ၊ တည်ဆောက်ရင်းတိုက်သွားရမယ်။
လှည့်လည်တိုက်ခိုက်လိုတဲ့ တောပုန်းဝါဒကို ဆန့်ကျင်တိုက်ဖျက်သွားရမယ်။ စစ်ရေးတိုက်ပွဲတွေ သွေးချွေးအရင်းအနှီးပေးတိုက်ပြီး အခြေခံဒေသ မတည်ဆောက်နိုင်ရင် ဒါမှမဟုတ် တည်ဆောက်ဖို့ရည်ရွယ်ချက်မထားရင် ရေရှည်မှာ မိမိတို့တပ်ဟာ လုံးပါးပါး လာလိမ့်မယ်။ (တောင်ယာတော့ ခုတ်ပြီး စူးထိုးမစိုက်တဲ့အတွက် ဘာအသီးအပွင့်မှ မခံစားရတဲ့အဖြစ်မျိုးလို)။ ပြီးခဲ့တဲ့မကြာမီ ကာလတုန်းက မိမိတို့တပ်ဖွဲ့အနေနဲ့ အောင်မြင်တဲ့စစ်ရေးတိုက်ပွဲတွေ စွန့်စွန့်စားစားတိုက်နိုင်ခဲ့ပေမယ့် အခြေခံဒေသ တည်ဆောက်ရေးကိုမလုပ်နိုင်ခဲ့ကြဘူး။ ပြန်လည်သုံးသပ်ပြီး နိဂုံးချုပ်ကြည့်နိုင်ရင် ရှေ့လုပ်ငန်းတွေအတွက် သင်ခန်းစာတချို့ရနိုင်ပါလိမ့်မယ်။
ရန်သူဟာတခုလုံးအရ စစ်အင်အားကြီးတယ်ဆိုပေမယ့် မလွှဲသာမရှောင်သာ အကြောင်းအမျိုးမျိုးကြောင့် တပြည်လုံးအနှံ့အပြား တပ်ကို ဖြန့်ခွဲနေရာချထားရတဲ့အတွက် ရန်သူ့စစ်နောက်ပိုင်း ကျေးလက်ဒေသတွေမှာ ဟာကွက်တွေဖြစ်နေပြီး မိမိပြောက်ကျားတပ်ဖွဲ့တွေ အနေနဲ့ နေရာအနှံ့အပြား ဝင်ရောက်လှုပ်ရှားလို့ရနိုင်တဲ့ အခွင့်အလမ်းတွေရှိနေတယ်။ စစ်နောက်ပိုင်းမရှိဘဲ စစ်ဆင်ခြင်းဟာ ပြောက်ကျားစစ်ရဲ့ ပင်ကိုယ်ထူးခြားချက်ပဲဖြစ်တယ်။ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားပြီး စစ်မျက်နှာကို ဆန့်ထုတ်နိုင်တာဟာ ပြောက်ကျားစစ်ရဲ့ အားသာ ချက်ပဲဖြစ်တယ်။ ရန်သူ့စစ်နောက်ပိုင်းဒေသမှာ လှုပ်ရှားရင်းနဲ့ ယာယီ ပြောက်ကျားအခြေခံဒေသတွေ တည်ဆောက်သွားရမယ်။ ဒီနည်းနဲ့ ရန်သူရဲ့စစ်နောက်ပိုင်းဒေသတွေကို သူ့ရဲ ရှေ့တန်းစစ်မျက်နှာတွေအဖြစ် ပြောင်းလဲသွားပြီး ယာယီအခြေခံဒေသတွေမှ အမြဲတမ်းအခြေခံ ဒေသတွေအဖြစ် ပြောင်းလဲသွားတဲ့အခြေအနေကိုရောက်ရှိသွားမှာဖြစ်တယ်။
အထက်ဖော်ပြပါအချက်တွေကိုချုပ်ကြည့်ရင် အခြေခံဒေသတည်ဆောက်ရေးမှာ ရန်သူကိုတိုက်ခိုက်ချေမှုန်းရေး စစ်ရေးလှုပ်ရှားမှု တွေရဲ့ အရေးကြီးမှုကိုသဘောပေါက်နိုင်မှာဖြစ်တယ်။
၂။ လူထုကိုလှုံ့ဆော်စည်းရုံးရမယ်
လက်ရှိအခြေအနေမှာ လူထုရဲ့နိုင်ငံရေးနိုးကြားမှုဟာ ပင်လယ်ဝက လှိုင်းလုံးတွေလိုရုန်းကြွနေတယ်။ လက်နက်ကိုင်တိုက်ပွဲမီးလျှံ ထဲမှာ အသွင်အမျိုးမျိုးနဲ့ ဖြတ်သန်းနေကြရတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးထဲမှာ လူထုရဲ့စွမ်းအားကို ပိုမိုရှင်သန်နိုင်ဖို့ အတွက် စနစ်တကျ စည်းရုံးလှုံ့ဆော်တာ အခိုင်အမာဖွဲ့စည်းတာတွေလုပ်သွားရမယ်။
ပထမအနေနဲ့ ဒေသခံလူထုရဲ့ တကယ့်ဘဝကို နက်နက်ရှိုင်းရှိင်း စူးစမ်းလေ့လာတာလုပ်ရမယ်။ အခြေအနေတစုံလုံးကို နားလည်သိရှိ ပြီဆိုရင် ( ဆင်းရဲလယ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ ၊ အမျိုးသမီးသမဂ္ဂ )စတဲ့ အဖွဲ့အစည်းတွေကို အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ ဖွဲ့စည်းသွားရမယ်။ အခြေအနေ အချက်အလက်ပြည့်စုံရင် လယ်သမားသမဂ္ဂတွေကိုအခြေခံတဲ့ ကျေးလက်ပြည်သူ့ဒီမိုကရေစီ အစိုးရ (ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့) ကိုဖွဲ့စည်းထူထောင်ပေးရမယ်။
လူထုကိုလှုံ့ဆော်စည်းရုံးရေးဟာ ရေရှည်လုပ်ဆောင်သွားရမယ့်လုပ်ငန်းဖြစ်တယ်။ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ သွားရမယ်။ နည်းနာ မှန်ဖို့လည်းလိုလိမ့်မယ်။
လူထုကို လက်နက်တပ်ဆင်ရမယ်။ သမဂ္ဂတွေကို ကာကွယ်ဖို့ ဝန်းရံဖို့အတွက် ကျေးရွာပြည်သူ့စစ် သို့မဟုတ် ဌာနေပြောက်ကျားတပ်တွေ ဖွဲ့စည်းရမယ်။ ဒလျှို ဒလန် ရှင်းလင်းရေးတွေကို ချမှတ်ထားတဲ့ ပေါ်လစီနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားရမယ်။ (လူထုကိုဝါဒဖြန့်စည်းရုံးတာ ၊ လက်နက်တပ်ဆင်ပေးတာ ၊ တော်လှန်ရေးအာဏာထူထောင်တာ ဆိုတဲ့ရည်မှန်းချက်တွေ မရှိဘူးဆို ရင် စစ်တိုက်နေတာဟာ ဘာမှအဓိပ္ပာယ်ရှိတော့မှာမဟုတ်ဘူး။)
အခြေခံဒေသတည်ဆောက်ရေးမှာ ပထဝီအနေအထားရဲ့ အရေးကြီးမှု
တော်လှန်စစ်ရဲ့ သေနင်္ဂဗျူဟာခံစစ်ကာလ အခြေခံဒေသတည်ဆောက်ရေးပြဿနာကိုစဉ်းစားရမှာ မိမိတိုင်းပြည်ရဲ့ ပထဝီအနေ အထားထူးခြားမှုနဲ့ အရေးကြီးမှုကို ပစ္စည်းမဲ့စစ်ရေးအမြင်နဲ့ သုံးသပ်ကြည့်ဖို့လိုတယ်။
ဗမာပြည်ဟာ တရုတ်ပြည်လို ကျယ်ပြန့်တဲ့ တိုင်းပြည်ကြီးမဟုတ်ပေမဲ့ ပြောက်ကျားစစ်ဆင်ဖို့ အခြေခံဒေသတည်ဆောက်ဖို့ အတွက် တစုံတရာ လုံလောက်တဲ့ နယ်မြေအကျယ်အဝန်းရှိတဲ့ နိုင်ငံတခုဖြစ်တယ်။ ဧရာဝတီမြစ်ဝှမ်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ချင်းတွင်းမြစ်ဝှမ်း၊ မူးမြစ်ဝှမ်းတလျှောက်အခြေခံဒေသတည်ဆောက်ဖို့ စစ်ရးအရ ကျယ်ပြန့်ပြန့်လှုပ်ရှားနိုင်တဲ့ ဧရိယာရှိပြီး ရိက္ခာပြဿနာလည်းဖြေရှင်းနိုင်မှာ ဖြစ်တယ်။
အရှေ့ဘက်ရှမ်းကုန်းပြင်မြင့်ဒေသ ၊ မြောက်ဘက်တောင်တန်းဒေသ ၊ အနောက်ဘက်ချင်းတောင်တန်း ၊ ရခိုင်ရိုးမနဲ့ တနင်္သာရီရိုးမ စတဲ့ ပထဝီအနေအထား အားသာချက်ရှိတဲ့တောင်တန်းဒေသတွေရှိနေတယ်။ မိုင်ထောင်ချီရှည်လျားသွယ်တန်းနေတဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ပိုင်းခြား သတ်မှတ်ထားတဲ့နယ်စပ်ဒေသ တောင်တန်းတွေလည်းရှိနေတယ်။
ခြုံငုံသုံးသပ်ရရင် တောင်တန်းဒေသနဲ့ ပင်လယ်ကမ်းမြောင်ဒေသတွေဟာ အခြေခံဒေသတည်ဆောက်ဖို့အတွက် သာလွန်ချက်တွေ များစွာ ရှိနေပါတယ်။ အလယ်ပိုင်းမြစ်ဝှမ်းဒေသတွေနဲ့ ကျယ်ပြန့်တဲ့မြေပြန့်ဒေသတွေဟာ တောင်တန်းဒေသတွေလောက် အခြေခံဒေသ တည်ဆောက်ရေးအတွက် အခွင့်အလမ်းမရှိပေမယ့် စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနိုင်ပြီး လူထုထောက်ခံမှုမြင့်မားတဲ့အခြေအနေမှာ အခြေခံဒေသတည်ဆောက်နိုင်ဖို့ အလားအလာ ရှိပါတယ်၊၊
၁၉၄၈ ခုနှစ်ကစတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အစဦးပိုင်းကာလတုန်းက … အလယ်ပိုင်းမြေပြန့်ဒေသ (မသုံးလုံး ဒေသ)မှာ လက်နက်ကိုင် တော်လှန်ရေး အခြေခံဒေသတွေ ရှိခဲ့ဖူးတယ်။ ဒေသခံ လယ်သမားထုကြီးရဲ့ အင်တိုက်အားတိုက် တက်ကြွတဲ့ ထောက်ခံမှုကြောင့် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ (၂)နှစ်အတွင်းစစ်အနိုင်တိုက်ရေးလမ်းစဉ်ရဲ့ စစ်ရေးလမ်းညွှန်အမှားတွေကြောင့် စစ်ရေးရှုံးနိမ့်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး အခြေခံဒေသတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။
ဒီမှာ နိဂုံးချုပ်လို့ရတဲအချက်က……ပထဝီအနေအထား တစုံတရာ အားနည်းချက်ရှိပေမယ့် ကျယ်ပြန့်တဲ့လူထုထောက်ခံမှုရှိနေရင် စစ်ရေးလမ်း ညွှန်မှုတွေမှန်ကန်ရင်၊ အခြေခံဒေသတည်ဆောက်ဖို့ အခွင့်အလမ်းတွေရလာနိုင်သလို စစ်ရေးလမ်းညွှန်မှားရင် စစ်ရေးအရ ဆုံးရှုံးမှုတွေ ကြီးမားရင် မိမိရဲ့ အခြေခံဒေသတွေလက်လွှတ်ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
တရုတ်ပြည်လက်နက်ကိုင်တော်လှန်စစ်သမိုင်းထဲမှာလည်း ဒီအတွေ့အကြုံမျိုး ရှိခဲ့ဖူးတယ်။ လေ့လာသင့်တယ်လို့ထင်ပါတယ်။
၁၉၃၀ ခုနှစ်အောက်တိုဘာလမှ ၁၉၃၃ ခုနှစ် အောက်တိုဘာလအထိ သုံးနှစ်အတွင်းမှာ ဖူးကျင့်-ကျန်းရှီး ဒေသရှိ ပါတီဗဟိုရဲ့အခြေခံ ဒေသကို ကူမင်တန်တပ်က သာလွန်တဲ့အင်အားနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ထိုးစစ်ကြီး လေးကြိမ်လုပ်ခဲ့တယ်။ တပ်နီတော်ဘက်က မှန်ကန်တဲ့ စစ်ရေးလမ်းညွှန်မှုတွေချမှတ်နိုင်ခဲ့လို့ ထိုးစစ်အားလုံးကို ရိုက်ချိုးလိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူမင်တန်က ၁၉၃၃ခုနှစ် အောက်တိုဘာလမှာ စစ်အင်အား ၁၀ သိန်းနဲ့ ပဉ္စမအကြိမ်ထိုးစစ်ကြီးကိုလုပ်ပြန်တယ်။ ဒီအကြိမ်မှာတော့ လက်ဝဲအလွန်အကျွံ စစ်ရေးလမ်းညွှန်အမှားတွေနဲ့ ခေါင်းဆောင်မှုရဲ့အမှားတွေကြောင့် တပ်နီတော်အဖို့ စစ်ရေးအရ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ ကိုယ့်အင်အားကိုထိန်းသိမ်းဖို့အတွက် ဗဟိုအခြေခံဒေသကိုလက်လွှတ်ခဲ့ရပြီး ခရီးရှည်ချီတက်ဆုတ်ခွာခဲ့ရတယ်။ တပ်နီတော်ရဲ့သမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှု ကြီးဖြစ်ပြီး အရင်းအနှီးများစွာပေးဆပ်ပြီးမှ ရရှိနိုင်ခဲ့တဲ့ သင်ခန်းစာပဲဖြစ်ပါတယ်။
အခြေခံဒေသပြဿနာကို စဉ်းစားရာမှာ ပထဝီအနေအထားဘက်တခုတည်းကိုပဲ အလေးထားတာ မဖြစ်သင့် ….ရန်-ငါ စစ်ရေးအခြေအနေနဲ့ လူထုထောက်ခံမှုအနေအထား စတဲ့အခြားအချက်အလက်တွေကိုလည်း ဘက်စုံအောင် ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။ မိမိတို့ တော်လှန်ရေး သမိုင်းထဲက တချို့အခြေခံဒေသတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့နိဂုံးချုပ်ချက်ရယူ နိုင်ဖို့လိုတယ်။ တချို့ အခြေ အနေမှာ ပထဝီအနေအထားအရ ပြဿနာမရှိပေမယ့် ရန်သူက အဆများစွာသာလွန်တဲ့ စစ်အင်အားသုံးပြီး ဝိုင်းဝန်းပိတ်ဆို့ပြီး ထိုးစစ်ကို ရေရှည်ဆွဲလုပ်လာတာ ၊ အခြေခံဒေသထဲကတချို့ကျေးရွာတွေကို မီးရှို့ဖျက်ဆီး တချို့ကိုစုစည်းရွာတွေ လုပ်ပြီး ဖြတ်လေးဖြတ် ပေါ်လစီကျင့်သုံးတာ စတဲ့အခြေအနေမျိးတွေမှာ ရန်သူဘက်ကသာလွန်ချက်တွေများလာပြီး မိမိဘက်ကတော့ လက်ဦးမှုမဲ့လာတယ်။ဆုံးရှုံးမှုတွေများလာတယ်။ ကိုယ့်အင်အားကို ထိန်းသိမ်းဖို့ တောင်အခက်ခဲဆုံးအခြေအနေကြုံခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးတယ်။ ပဲခူးရိုးမ ၊မြစ်ဝကျွန်းပေါ်ဒေသ ၊ မြစ်ဖျားတိုင်း ဒေသ နဲ့ အနောက်မြောက်တိုင်းဒေသတို့မှာ ဒီလိုအခြေအနေမျိုးတွေ ရင်ဆိုင်ခဲ့ရ ဖူးတယ်။
အခြေခံဒေသခိုင်မာရေးနဲ့တိုးချဲ့ရေး
သေနင်္ဂဗျူဟာခံစစ်အခြေအနေမှာ…. နိုင်ငံရေးစီးပွားရေးဖွံ့ဖြိုးမှု တပြေးညီစွာမရှိဘဲ ခေတ်နောက်ကျတဲ့ ကျယ်ပြန့်တဲ့ ကျေးလက်ဒေသ အနှံ့အပြားမှာ ပြောက်ကျားစစ်ကို အဓိကထားပြီးဆင်နွှဲရတဲ့အခြေအနေဖြစ်လို့ စစ်မျက်နှာတွေဟာတည်ငြိမ်မှုမရှိနိုင်ဘူး။ ရန်/ငါ အခြေအနေ အရ လှုပ်ရှားပြောင်းလဲနေမှာ ဖြစ်တယ်။ ဒါဟာ ပြောက်ကျားစစ်ရဲ့ထူးခြားချက်လည်းဖြစ်တယ်၊ သာလွန်ချက်လည်းဖြစ်တယ်။
ဒါကြောင့် ဒီကာလမှာ အခြေခံဒေသတွေလည်း တည်ငြိမ်မှုမရှိနိုင်ဘူး၊ အခြေခံဒေသတချို့ဆုံးရှုံးရတာရှိနိုင်သလို အခြေခံဒေသအသစ်တွေ ပေါ်လာတာလည်းရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လက်ရှိအခြေခံဒေသတွေကို အလွယ်တကူနဲ့ လက်လွှတ်လိုက်တာ မျိုးတော့မဖြစ်သင့်ဘူး။
အခြေခံဒေသခိုင်မာရေးအတွက် အဓိကလုပ်ရမှာ နှစ်ချက်ရှိတယ်။
၁။ ရန်သူကိုချေမှုန်းတိုက်ခိုက်ရေး နဲ့
၂။ လူထုစည်းရုံးလှုံ့ဆော်ရေး တို့ဖြစ်တယ်။
အခြေခံဒေသတွေမှာ ရန်သူ့ထိုးစစ်တွေလာတာဟာရှောင်လွှဲလို့မရနိုင်ဘူး။ မိမိတို့ဘက်က ထိုးစစ်လာရင် ရင်ဆိုင်ဖို့ ပြန်လှန်တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရလိမ့်မယ်။ ရန်သူကိုချေမှုန်းရေးအတွက် မိမိတို့မှာ ချမှတ်ထားတဲ့ စစ်ရေးမူတွေရှိပြီးသားဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆုတ်ခွာရတယ်ဆိုရင်လည်း ကရောသောပါးဆုတ်ခွာတာမျိုး မဟုတ်ဘဲ အစီအစဉ်ရှိရှိ ဆုတ်ခွာတာပဲဖြစ်သင့် တယ်။
ကျေးလက်မှာဖွဲ့စည်းထားတဲ့သမဂ္ဂ အဖွဲ့အစည်းတွေ ပိုမိုစနစ်ကျအောင် နဲ့ ခိုင်မာအောင်တည်ဆောက်ရေးအတွက် သာမက တပ်ကို ထောက်ခံကူညီရေးအတွက်ပါ လူထုကိုလှုံ့ဆော်စည်းရုံးတာလုပ်ရမယ်။ ရန်သူထိုးစစ်ကို ရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းလုပ်ဖို့ စည်းရုံးလှုံ့ဆော်တာတွေလည်းလုပ်ရမယ်။ ဒါဟာ အခြေခံဒေသခိုင်မာရေးအတွက် အထောက်အကူဖြစ်စေလိမ့်မယ်။ အခြေခံ ဒေသခိုင်မာရေးနဲ့ တိုးချဲ့ရေးဟာ အပြန်အလှန်ဆက်စပ်မှု အကျိုးပြုမှုတွေရှိတယ်။ ရှိပြီးသားအခြေခံဒေသတွေခိုင်မာမှသာ ဒေသတိုးချဲ့ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်မှာဖြစ်သလို ဒေသသစ်တွေအမြောက်အများ တိုးချဲ့နိုင်မှသာ လက်ရှိအခြေခံဒေသ တွေရဲ့ခိုင် မာမှုဟာလည်း အာမခံချက်ရှိနိုင်မှာဖြစ်တယ်။
အခြေခံဒေသခိုင်မာရေးနဲ့တိုးချဲ့ရေးပြဿနာနဲ့ ပတ်သက်ပြီး အရှေ့မြောက်ပါတီဗဟိုရဲ့ အတွေ့အကြုံတချို့ကိုပြန်လည်လေ့လာ သုံးသပ်ကြည့်ရင် လေးနက်တဲ့သင်ခန်းစာတချို့ ရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
၁၉၆၈-ခုနှစ်ကစတင်ပြီး ပါတီဗဟိုက နယ်စပ်ဒေသတလျှောက်မှာ စစ်ရေးတိုက်ပွဲ အောင်ပွဲကြီးတွေနဲ့အတူ လွတ်မြောက်တဲ့အခြေခံဒေသကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ တပ်အင်အားအများစုဟာ ဒေသတွင်းမှာ စစ်ရေးတိုက်ပွဲတချို့တိုက်ရင်း လွတ်မြောက်ဒေသ ကာကွယ်ရေးကိုပဲ အဓိကတာဝန်ယူပြီး တပ်အများစုဟာ ခံစစ်သေသဘောပဲဖြစ်ခဲ့ပါတယ်။ ဒေသအပြင်ကို ထွက်ပြီး လှုပ်ရှားတိုက်ခိုက်တာ တချို့ရှိခဲ့ပေမယ့် ခိုင်မာတဲ့ ရေရှည်ရည်မှန်းချက်မရှိခဲ့ဘူး။ အခြေခံဒေသတိုးချဲ့ရေး ကြွေးကြော်သံတချို့ ထွက်လာခဲ့ပေမယ့် အကောင်အထည်ဖြစ် မလာခဲ့ဘူး။ အဲ့ဒီကာလက မိမိတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ ( တပြည်လုံးအနှံ့အပြားပြောက်ကျားစစ်ဆင် ၊ ကျေးလက်အခြေခံစခန်းတွေ တည်ဆောက်၊ ကျေးလက်မှ တစတစနဲ့ မြို့ကိုဝိုင်းဆိုတဲ့ စစ်ရေးလမ်းစဉ်ရဲ့ ရေရှည်စစ် လမ်းညွှန်ချက်နဲ့) လွဲချော်နေခဲ့တယ်။
၁၉၇၈-ခုနှစ်နိုဝင်ဘာလလောက်က ရဲဘော်ထွန်းရဲ့ မှတ်ချက်တခုကိုသတိရမိတယ်။
“ဒီကဟာတွေကို အားမကျပါနဲ့ဗျာ။ ကျနော်တို့က ရန်သူ့သေနတ် ..ဂျီသရီး ၊ဂျီဖိုးတွေနဲ့ပဲ အာဏာသိမ်းရမှာ…၊ မူးမြစ်ဝှမ်း ဧရာဝတီမြစ်ဝှမ်း ဒေသတွေမှာ တော်လှန်စစ်သေနတ်သံတွေထွက်လာအောင်လုပ်ရမှာ။ ဒီလိုမှ မလုပ်နိုင်ရင်တော့ တော်လှန်ရေးရဲ့ အနာဂါတ်ဟာ မရေရာသေး ဘူး လို့ပဲဆိုရမယ်။”
နိဂုံး
အခြေခံဒေသတည်ဆောက်ရေးလမ်းညွှန်နဲ့ ပတ်သက်ပြီး အမြင်တချို့ကို ချုပ်ပြီး ဖေါ်ပြလိုက်ပါတယ်။
(၁)အခြေခံဒေသတည်ဆောက်ရေးဟာ တော်လှန်စစ်ရဲ့ သေနင်္ဂဗျူဟာပြဿနာများထဲက အရေးကြီးတဲ့ကွင်းဆက်တခုဖြစ်တယ်။
(၂) ရေရှည်စစ်ပွဲကိုအောင်မြင်အောင် ဆင်နွှဲနိုင်ဖို့ ကျေးလက်အခြေခံဒေသတွေကို တည်ဆောက်သွားကြရမယ်။
(၃) လက်ရှိအခြေခံဒေသတွေကို ခိုင်မာအောင် တည်ဆောက်ရင်းနဲ့ ရန်သူ့စစ်နောက်ပိုင်းဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လှုပ်ရှားပြီး အခြေခံစခန်းတွေ တည်ဆောက်နိုင်အောင် လုံးပမ်းတိုက်ခိုက်ရမယ်။
ငြိမ်းမောင်ဦး
(၂၃-၁၁-၂၀၂၆)




