စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတာဝန်ကို ဆုံးခန်းတိုင် ထမ်းရွက်ကြ

By | July 26, 2026

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ တင်ပြချက်)

ဒီနေ့ခေတ်ဟာ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒ ရှိနေတဲ့ အခြေအနေအောက်မှာ ကြီးမားပြင်းထန်တဲ့ ဒေသန္တရစစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ခေတ်ကာလ။ တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည်နဲ့ အမျိုးသားအကျိုးစီးပွားကို အဓိက ရှေးရှုဦးတည်ပြီး အစိုးရလုပ်ငန်းများကို ဆောင်ရွက် နေကြတဲ့ကာလ။ ဒီကမ္ဘာ့အခင်းအကျင်းမှာ ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေးကို ဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံကြီးများနဲ့ အာဆီယံ ဘယ်နိုင်ငံကမှ အားပေးမှာ မဟုတ်ပါ။ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် ပထဝီစီးပွားရေးကို ထိခိုက်မှာ စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဆိုလိုတာက ဗမာပြည် နွေဦးတော်လှန်ရေးဟာ ကိုယ့်ပြည်သူလူထုကိုပဲ အဓိက မှီခိုအားကိုးပြီး အဆင်းရဲအပင်ပန်းခံ လုံးပန်း တိုက်ခိုက်သွားရမှာပါ။

ဗမာပြည်မှာ ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်ကတဖက် ၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက တဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခက အဓိကပဋိပက္ခပါ။ တော်လှန်သူများအနေနဲ့ ဒီပဋိပက္ခကို မိမိရရ မဆုပ်ကိုင်ရင် တော်လှန်ရေးခရီးမတွင် ဖြစ်တတ်ပါတယ်။ ဒီပဋိပက္ခကို အာဏာသိမ်း မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါ။ ယခင်ကလို ဒေါ်စုကို လွှတ်ပေးပြီး ၂၀၀၈ စစ်ခြေဥအောက် ဝင်ပြင်နည်းနဲ့ ဖြေရှင်းလည်း ပြေလည်မှာ မဟုတ်ပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ပြဿနာဟာ မင်းအောင်လှိုင်အစိုးရ ဖြေရှင်းလို့ ပြေလည်မယ့် ပြဿနာမဟုတ်ပါဘူး။ မင်းအောင်လှိုင် ၏အစိုးရဖြေရှင်းပေးဖို့ မျှော်လင့်နေရမှာလည်းမဟုတ်ပါဘူး။ ကိုယ်လုပ်မှကိုယ်ရမှာပါ။ မင်းအောင်လှိုင်အစိုးရနဲ့ ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးအင်အားစုအားလုံးနဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်မထားဘဲ၊ ဒီမိုကရေစီအပြည့်အဝရှိမှုကို လုံးဝအာမခံချက်ရှိတဲ့ အခြေအနေအောက်မှာ အကျေအလည်ဆွေးနွေးညှိနှိုင်းကာ အမျိုးသားတန်းတူရေးနဲ့သွေးစည်းညီညွတ်ရေးကို အာမခံနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို ပြန်လည်ရေးဆွဲနိုင်ဖို့လိုပါတယ်။ ဒီလိုရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ရွေးကောက်ပွဲတခုကိုကျင်းပကာ အားလုံးလက်ခံနိုင်တဲ့ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ပေးနိုင် ရမှာဖြစ်ပါတယ်။ ဒီအခြေအနေမျိုး မင်းအောင်လှိုင်အစိုးရက ခွင့်ပြုနိုင်မှာလား။ မင်းအောင်လှိုင်စစ်အုပ်စု က ဒီလို လုပ်နိုင်မှာလား။ ဒီလိုမလုပ်ဆောင်နိုင်ရင် စစ်အာဏာရှင်စနစ်ဟာ ဆက်လက်တည်ရှိနေပြီး လက်ရှိဖြစ်နေတဲ့ ဗမာပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲဟာ ဆက်လက်ဖြစ်ပေါ်နေမှာပဲ ဖြစ်ပါတယ်။ အဲလို အခြေအနေမျိုးမှာ လူမျိုးပေါင်းစုပြည်သူလူထုကြီး၊ နိုင်ငံရေးအဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့ အစည်းတွေ စုပေါင်းဖြေရှင်းရမှာ ဆိုတာရှင်းပါတယ်။ လက်ရှိကာလမှာ အဖွဲ့တချို့က အကြောင်း အမျိုးမျိုးကြောင့် အပစ်ရပ်ကာ ဆွေးနွေးညှိနှိုင်းနေပြီး အများစုက ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အခြေအနေအောက်မှာ တိုက်ပွဲအရှိန်လျော့ကျနေတဲ့ ကာလပါ။ ဒီကာလမှာ ဗမာပြည်လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ မိမိတို့ပါတီရဲ့ ရပ်တည်ချက်နဲ့သဘောထားအမြင်ကိုပဲ အဓိကပြောလို ပါတယ်။

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဒီကာလအတွင်းမှာ စစ်အနိုင်တိုက်ရေးအတွက် တော်လှန်ရေးအဖွဲ့အချင်းချင်း သွေးစည်းညီညွတ်စွာ လက်တွဲပူးပေါင်းရေးမှာ ပြဿနာတချို့ ပေါ်ခဲ့ပါတယ်။ ဆက်လက်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ကြံ့ကြံ့ခိုင်ခိုင် ဆင်နွှဲသွားရေးမှာ ပြဿနာအချို့ ပေါ်လာပြန်ပါတယ်။ တော်လှန်ရေးအပေါ် ယုံကြည်မှုပျက်ပြားသူများ ရှိလာနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒီလို ကြည့်မြင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်စစ်အုပ်စု အာဏာသိမ်းပိုက်လိုက်တာနဲ့အတူ စစ်အာဏာရှင်စနစ်နဲ့ တမိုးတမြေတည်းအောက် အတူမနေလိုတဲ့ ဗမာပြည် အဖိနှိပ်ခံပြည်သူလူထုက ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြတ်ပြတ်သားသားပယ်ချရေးတို့ကို သန္နိဋ္ဌာန်ချပြီး ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလာခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာပြည် အဖိနှိပ်ခံပြည်သူ လူထုကြီးက မင်းအောင်လှိုင်စစ်အုပ်စုရဲ့ လက်နက်ကိုင် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုကို လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ ခုခံတော်လှန်တာဟာ မှန်ကန်ပြီးတရားမျှတတဲ့ လမ်းကြောင်းပါ။ ဒါကြောင့် ဗမာပြည်နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများစွာ ပေါ်ထွက်လာပါတယ်။ ပြည်သူလူထုကြီးရဲ့ ထောက်ခံအားပေးမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးကို ပြတ်ပြတ်သားသား ဆင်နွှဲလာကြတာကြောင့် လက်နက်ကိုင်တော်လှန်ရေးဟာ အရှိန်အဟုန်ကြီးမားလာပြီး ထိုက်သင့်တဲ့ အောင်ပွဲတချို့လည်း ရရှိလာခဲ့ပါတယ်။ ရန်သူစစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုတို့ဟာ ကျေပြုန်းပျက်သုဉ်းရေးကို ဦးတည်ပြီး ဆုတ်ယုတ်ကျဆင်းတဲ့ လမ်းပေါ်လျှောက်လှမ်းနေတာ ဖြစ်ကြောင်း လက်တွေ့က ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးမှာ အခက်အခဲတွေ အကွေ့အကောက် အတက်အဆင်းတွေ ရှိတတ်တာ သဘာဝပါပဲ။ ဒီအခက်အခဲတွေဟာ မကျော်နင်းနိုင်တဲ့အခက်အခဲများ မဟုတ်ပါ။ နွေဦးတော်လှန်ရေးကို မယိမ်းမယိုင် ဆက်လက်ဆင်နွှဲသွားမယ့် အဖွဲ့အစည်းများ၊ ရဲဘော်များကတော့ ကြံ့ကြံ့ခိုင်ခိုင်ခိုင် ယုံကြည်ချက်မပျက် ရပ်တည်ချက်မပျက် ဆက်လက်တော်လှန်နေကြမယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်။ အားလုံးအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတာဝန်ကို ထမ်းရွက်ကြရာမှာ ပြည်သူ လိုလားတောင့်တမှုကို အပြည့်အဝ ဆောင်ကြဉ်းပေးနိုင်မှ ပြည်သူအပေါ် တာဝန်ကျေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်မှောက်နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးဆင်နွှဲရင်း အသက်သွေးလှူသွားကြတဲ့ တော်လှန်ရေးအာဇာနည်များ သူရဲကောင်းများ ထောင်ချီရှိနေပြီး သူတို့ရဲ့ မွန်မြတ်တဲ့ အသက်သွေး စွန့်လွှတ်မှုဟာ အချည်းနှီး မဖြစ်သင့်ပါ။ သိန်းချီအရေအတွက်ရှိတဲ့ ပြည်သူလူထုရဲ့ အိုးအိမ်ခြံမြေများ မီးလောင်ပြာကျ၊ လင်သေသားကွဲ ကြေကွဲစရာ အဖြစ်အပျက်များစွာရှိနေတဲ့ကြားက တော်လှန်ရေးကို အားပေးထောက်ကူခဲ့တဲ့ ပြည်သူလူထုရဲ့ အနစ်နာခံမှုတို့ဟာလည်း အချည်းနှီး မဖြစ်သင့်ပါ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြမယ့် အဖွဲ့အစည်းများအားလုံး မည်သည့် တွေဝေယိမ်းယိုင်မှုမျိုးမှ မရှိဘဲ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းအတိုင်း ယုံကြည်ချက်မပျက် ကြံ့ခိုင်စွဲမြဲစွာ ဆက်လက်လျှောက်လှမ်းသွားရေး နဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးရဲ့ ညီညွတ်ရေးဟာ ဒီနေ့ ဗမာပြည်တော်လှန်ရေးရဲ့ အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်ပါတယ်။ ဗမာပြည်တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးဟာ စွန့်လွှတ်ပေးဆပ်မှုများစွာနဲ့ ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ လေးစားဂုဏ်ယူဖွယ် အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးနဲ့ တော်လှန်ရေးသမားသမားတဦးချင်းစီတို့ဟာ လေးစားထိုက်သူ ဂုဏ်ပြုထိုက်သူများ ဖြစ်ကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ဖွံ့ဖြိုးကြီးထွားလာစေရေးကိုသာ ပြည်သူလူထုက မြင်တွေ့လိုကြမှာ သေချာပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ သွေးစည်းညီညွတ်ရေးအတွက် ဆက်လက်ကြိုးစားသွားပါမယ်။ ၂၀၂၁ အာဏာသိမ်းမင်းအောင်လှိုင်စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုကို ခုခံတွန်းလှန်ကာ ဆင်နွှဲနေတဲ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအပေါ် ယိမ်းယိုင်တွေဝေမှုမရှိဘဲ ယုံကြည်ရပ်တည်ပြီး ပြည်သူ့ထောက်ခံမှုကို အခြေပြုကာ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို စွဲစွဲမြဲမြဲ မဆုတ်မနစ် ဆက်လက်ဆင်နွှဲသွားမယ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဗဟိုစည်းရုံးရေးကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

Leave a Reply

Your email address will not be published. Required fields are marked *