တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။

By | August 15, 2024

တဖြည်းဖြည်းတအိအိပြိုဆင်းလာနေတဲ့ –ဗမာ့တပ်မတော်။

လှကျော်ဇော

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီနေ့အထိမ်းအမှတ် ဒီမိုကရေစီသစ်ဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

——-စစ်တပ်ဆိုတာပစ်ရင်-မှန်အောင်ပစ်တာ။

——-အပေါ်ထောင်ပစ်တာ မပါဘူး။ ဒါကြောင့် နောင်ဆူဆူပူပူလုပ်မယ့်လူတွေ သတိသာထားကြပေတော့။—-

ဒါတွေကတော့ ဗမာပြည်နဲ့ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲများအတွင်းကပေါ်ထွက်ခဲ့တဲ့ မျိုးချစ်ပြည်ချစ်ဗမာ့တပ်မတော်ကြီးကို ကြေးစားတပ်ကြီးအဖြစ်ပြောင်းလဲစေပြီး စစ်အာဏာရှင်စနစ်ရဲ့အကာအကွယ်ဒေါက်တိုင်လုပ်ပစ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့စကားများပါ။ အလားတူ မင်းအောင်လှိုင်ကလည်း လုသတ် မီးရှို့ ဗုံးကြဲ၊ မြေကျန်ရင် ရပြီ။ လူတွေကတော့ အကုန်သေလည်း အရေးမကြီးဆိုတဲ့ ပေါ်လစီနဲ့ ပြည်တွင်းစစ်ကို တိုးချဲ့နေပါတယ်။

ဒီစကားများက ဗမာ့တပ်မတော်ကြီးဟာ ပြည်သူကိုရန်သူလို သဘောထားလိုက်ပြီဆိုတာအရှင်းလင်းဆုံးပြသလိုက်ပါတယ်။

၁၉၆၂မှာ အာဏာသိမ်းတက်လာတဲ့ ဗိုလ်နေ၀င်းဟာအာဏာကို ရေရှည်ဆုပ်ကိုင်နိုင်ရန်အတွက်(စစ်အာဏာရှင်စနစ်တည်ဆောက်ရန်)ဗမာ့တပ်မတော်ကို သူ့တလက်ကိုင်တပ်အဖြစ် ကောင်းကောင်းတည်ဆောက်လိုက်ပါတယ်။စစ်တပ်ကို ပထမဆုံး စိတ်ဓာတ်အရ အစဉ်အလာနယ်ချဲ့ဆန့်ကျင်ရေးနဲ့လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးစိတ်ဓာတ်သွင်းပေးလိုက်လို့ တပ်ရဲ့စည်းကမ်းကောင်းရေးနဲ့ တည်ငြိမ်စည်းလုံးရေးကို ရရှိနိုင်ခဲ့ပါတယ်။ ဒါကို အခြေခံပြီး ၁၉၄၈ ကတည်းက(ကိုလိုနီနယ်ချဲ့အင်္ဂလိပ်နဲ့ဖဆပလ ဆိုရှယ်လစ်များဖန်တီးခဲ့လို့)ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတွင်း ဒီတပ်ကို သွင်းပေးလိုက်ပြီး တိုင်းရင်းသားများအပါ ပြည်သူတွေကိုထောင်ချီပြီးရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့စစ်တပ်ဖြစ်အောင် လုပ်ပစ်လိုက်ပါတယ်။ မြို့ပေါ်ကလူတွေကိုပါ သတ်ရဲတဲ့တပ်ဖြစ်လာပါတယ်။ တပ်တွင်းမှာ ရာထူးတွေ အမျိုးမျိုးဖန်တီးပြီးရေစီးသလို တိုးခန့်ပေးနေလို့ ဒါကိုမက်မောစိတ်နဲ့ စစ်ဗိုလ်စစ်သားတွေဟာ ပိုအဆင်းရဲခံ ပိုစွန့်လွှတ်ပိုစွန့်စားကြတာ တွေ့နိုင်ပါတယ်။ ရာထူးမက်မောစိတ်ပဲရှိခဲ့ကြပါတယ်။

စစ်တပ်တွင်းစီးပွားရေးလုပ်ငန်းများကို ဗိုလ်နေ၀င်းတဦးတည်းကသာ ကိုင်ထားတာဖြစ်လို့ တပ်တွင်းစီးပွားရေးသောင်းကျန်းမှု နည်းခဲ့တယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်း အနေနဲ့ မိမိနေရာလုံခြုံရေးကို အမြဲပူပန်နေသူဖြစ်တာကြောင့် ဘယ် စစ်ဗိုလ်ကိုမှ တနေရာမှာ ကြာကြာမထားတာကြောင့်၊ စစ်ခေါင်းဆောင်ကောင်း မပေါ်နိုင်တော့။ တပ်တွင်းစည်းလုံးရေးပါထိခိုက်လာပြီး ပိုကြေးစားဆန်လာကြတယ်.။

( ရှစ်လေးလုံးအရေးအခင်းအပြီးအပေါ်ပေါက်လာတဲ့န၀တ-နအဖတပ်-များအ‌ခြေအနေ–)

၁၉၈၉ ခုနှစ်-ဗကပပြိုကွဲသွားပြီး လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေးသဘောသူညီချက်များရလိုက်ပြီးနောက်-စစ်တပ်အနေနဲ့ သင်ခန်းစာနှစ်ခုရရှိလိုက်ပါတယ်။

၁။သူပုန်အဖွဲ့များကိုနှိမ်နှင်းရာမှာ စစ်ရေးနည်းအပြင် သူပုန်တပ်တွင်းဖြိုခွဲရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်နိုင်ပါကပိုမိုအကျိုးရှိကြောင်း။

၂။သူပုန်အဖွဲ့များမှခေါင်းဆောင်များကို စီးပွားရေးအခွင့်အရေးများပေးပြီးဖျက်ဆီးပစ်နိုင်‌ကြောင်း။

အဲဒီသင်ခန်းစာများအရ ဆက်လက်လုပ်ဆောင်ရာမှာ စစ်တပ်အနေနဲ့ အတော်အောင်မြင်တာတွေ့ရပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခို သစ်တော သတ္တု သယံဇာတ ကျောက်မျက် ပင်လယ်ငါး မြေရှား လောင်းကစား ယခုနောက်ဆုံး အင်တာနက်ငွေလိမ်ဂိုဏ်း စတဲ့လုပ်ငန်းများနဲ့ လုပ်ပိုင်ခွင့်များ လုပ်ခွင့်ပေးပြီး ဖျက်ဆီးပစ်တာပါ။

သဘာ၀ဓာတ်ငွေ့အများအပြား တူးဖော်ရရှိလိုက်တဲ့အတွက်လည်း စီးပွားရေးမှာ အတော်တည်ငြိမ်သွားအောင် ထိန်းလိုက်နိုင်ပါတယ်။

စစ်တပ်ကိုလည်း အများကြီးတိုးချဲ့ဖွဲ့စည်းနိုင်လိုက်ပြီး ပြည်တွင်းစစ်ကို တိုးချဲ့ဖို့လက်နက်ကောင်းများလည်း တပ်ဆင်နိုင်ခဲ့ပါတယ်။ နအဖစစ်တပ်အနေနဲ့ ဒီလိုမရိုးသားတဲ့(မှားယွင်းတဲ့)နည်းဗျူဟာတွေသုံးနေတာကို တချို့လူမျိုးစုလက်နက်ကိုင်အဖွဲ့များက မြင်လာကြပြီးမိမိတို့ရဲ့အမှားများကို ပြင်ဆင်လာကြပါတယ်။ စစ်တပ်အနေနဲ့ကလည်း ငြိမ်းချမ်းရေးယူထားတာကြာလာတော့ တိုက်ရည်ခိုက်ရည်ကျလာပါတယ်။

ဒါ့အပြင် နအဖစစ်တပ်ဟာ(မဆလတပ်လိုမဟုတ်ဘဲ)စီးပွားရေးလည်း အပြိုင်အဆိုင်လုပ်ကြလို့ တပ်တွင်းစည်းလုံးရေး စည်းကမ်းထိန်းသိမ်းရေးများကအစ အကုန်လျော့ရဲလာပြီး တပ်တည်ဆောက်‌ရေးများမှာလည်း အားနည်း လာပါတယ်။

ဒါတွေအားလုံး စုပေါင်းလာရာမှာ ၂၀၂၁ မအလရဲ့ အာဏာသိမ်းပွဲအပြီးမှာတော့ စစ်တပ်ရဲကျရှုံးမှုဟာ မယုံကြည်ဖွယ်ရာ မြန်ဆန်လာတာ တွေ့ရပါတယ်။ အလံဖြူ တလူလူထောင်ပြီး လက်နက်ချနေတဲ့စစ်ဗိုလ်စစ်သားတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေထဲ ၀င်ပြေးကြတဲ့တပ်သားတွေ၊ တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတဲ့လက်နက်ပုံကြီးတွေ၊—မြင်ကွင်းတွေကတော့ စုံပါတယ်။ သြဂုတ်လ(၃)ရက်နေ့မှာတော့ လားရှိုးကစစ်တိုင်းကြီးကျသွားပြီးနောက် သြဂုတ်(၅)ရက်မှာတော့ မအလကတိုင်းပြည်ကို မိန့်ခွန်းပြောလာပါတယ်။

စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်တွေအတိုင်း မိမိအမှားကြောင့်ဖြစ်လာသမျှတွေကို တခြားလူတွေအပေါ်ပုံချပြီး တတိုင်းပြည်လုံးကို စိန်ခေါ်သွားတာပါပဲ။ တော်လှန်ရေးတပ်ဖွဲ့များ တဖြည်းဖြည်းစုစည်းလာနေပြီး ဟန်ချက်ညီလှုပ်ရှားလာနေမှု၊ လူမျိုးစုတပ်ဖွဲ့များသွေးကွဲခြင်းမရှိဘဲ ညီညွတ်လာမှု၊ စစ်တပ်က သိမ်းဆည်းရမိတဲ့လက်နက်များကို တော်လှန်ရေးတပ်ဖွဲ့များအကြား ခွဲ‌‌‌ဝေသုံးစွဲလာနိုင်မှု၊ ဖမ်းမိတဲ့သုံ့ပန်းများကို ကောင်းမွန်စွာဆက်ဆံပြီးပြန်အသုံးချနိုင်မှု(ဖမ်းမိတဲ့လက်နက်များ ကိုင်တွယ်အသုံးပြုရေး သင်ကြားပေးရေး) စတာစတာတွေဟာ ဒီစစ်တပ်ကြီး သိပ်မကြာခင် ပြိုလဲတော့မယ်ဆိုတာကို ပြသနေပါတယ်။

ဗမာတပြည်လုံးကပြည်သူများကတော့ -မိမိတို့အားလုံးရဲ့ဒုက္ခအဖုံဖုံရဲ့အရင်းအမြစ်ဖြစ်တဲ့ ဒီစစ်တပ်နဲ့စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကို ဆုံးခန်းတိုင်ဆင်နွဲဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ ၁၉၆၂-ဇူလိုင်(၇)ရက်နေ့ကစတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးတိုက်ပွဲစဉ်ကြီးတလျောက် အကြိမ်ကြိမ်ရှုံးနိမ့်ရမှုများအပေါ် ကောင်းကောင်းသင်ခန်းစာထုတ်ယူထားတဲ့ ဗမာပြည်သူတရပ်လုံးအနေနဲ့ ဒီတချီမှာတော့ ဒီဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တစည်းတလုံးတည်းတည်ဆောက်ကြတော့မှာ ဖြစ်ပါတယ်။

လှကျော်ဇော။

၁၁-၈-၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *