ဥဩချို
အဓွန့်ရှည်ပါစေဆိုတာ သက်တမ်းရှည်ရေး သက်သက်မဟုတ်ဘူး။ ကောင်းမြတ်ဂုဏ်ရည်တွေ အောင်လံလွှင့်ပြီး ဆက်လက်တည်တံ့သွားစေရေးကို ပြောတာ။ အလုပ်သမားတပ်ဦး ပါတီတရပ်အနေနဲ့ ကိုလိုနီဘဝက လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပြီး ကိုလိုနီတပိုင်း အခြေအနေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်စစ်အုပ်စုစိုးမိုးတဲ့ အခြေအနေအောက်မှာ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့ ၈၇ နှစ် ခရီးဟာ ကြမ်းတမ်းပါတယ်။ ပါတီရဲဘော်တွေ ပေးခဲ့ရတဲ့ သွေးတွေဟာ မြစ်မရေစီးပဲ။ မီးတောက်မီးလျှံတွေ ဖြတ်ခဲ့ရ။ မိုးသက်မုန်တိုင်းမှာ နာကျင်ခဲ့ရ။ ပါတီဟာ မီးလျှံ၊ မိုးသက်မုန်တိုင်းတွေ ဖြတ်၊ ရုန်းထ ရှင်သန်လာရတဲ့ မသေငှက်ပဲ။ သေလုမျောပါး ဖြစ်ခဲ့ရတဲ့အကြိမ်တွေ ရှိခဲ့တယ်။ ၇၅ ခုနှစ်တုန်းကတကြိမ်။ ပဲခူးရိုးမရဲ့ မုန်တိုင်းသံတွေ ထစ်ချုန်းညံနေရာကနေ ရပ်စဲခဲ့ရ။ ဒီကာလမှာ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူးသခင်ချစ်တို့ကအစ ပါတီရဲဘော်အပေါင်းဟာ တော်လှန်တဲ့သူရဲကောင်းဝါဒ စိတ်ဓာတ်ကို မြင့်မြင့်မား လွှင့်သွားခဲ့ပေမယ့် တခြားအကြောင်းများအပြင် စစ်ရေး နိုင်ငံရေး လက်ဝဲစွန်းလမ်းစဉ်အမှား-ဖြုတ်ထုတ်သတ်ခေါ် ပါတီတွင်းတော်လှန်ရေးလမ်းစဉ်အမှား၊ ခွင်ထဲက မထွက်ရေးစစ်ရေးအမှားတွေကြောင့် ပဲခူးရိုးမ တော်လှန်ရေးအခြေခံစခန်း လက်လွှတ်ခဲ့ရ။ ဒါနဲ့အတူ အမှီခို ကင်းစွာ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးလုပ်တဲ့အခြေခံစိတ်ဓာတ်ပါ (တခြားဒေသများထက် အရှေ့မြောက် စစ်ဒေသမှာ) လက်လွှတ်ခဲ့ရတယ်။ ၈၉ ခုနှစ်မှာ တကြိမ်။ သေလောက်တဲ့ဒဏ်ရာ ရခဲ့တယ်။ ပါတီ၊ တပ်၊ အင်အားတွေ၊ တော်လှန်ရေးအခြေခံဒေသ အားလုံးဆုံးရှုံးခဲ့ရ။ ကိုယ့်ဒူးကိုယ်ချွန် အမှီခိုမကင်းတဲ့အမှား၊ အမှီးခိုကင်းအောင် မကြိုးပမ်းနိုင်ခဲ့တဲ့အမှား၊ ပါတီ-တပ်တို့ တည်ဆောက်ရေးမှာ အသက်ဝိညာဉ် ရှင်သန်လှုပ်ရှား တက်ကြွထက်မြက်နေအောင် မတည်ဆောက်နိုင်ခဲ့တဲ့အမှားတွေက သင်ခန်းစာပဲ။
အမှားကို မြင်ရဲဖို့ ပြင်ရဲဖို့မှာ မြင်ရဲဖို့က အရင်လာတယ်။ မြင်ရဲမှ ပြင်ရဲမယ်။ ပြင်ရဲလို့ သေဘေးက ရုန်းထွက်လာနိုင်တယ်။ ပဲခူးရိုးမ လက်ဝဲစွန်းအမှားကို (ပါတီအသက်ဆက်နိုင်အောင် အရှေ့မြောက်စစ်ဒေသမှာ အသင့်ပြင်ထားပြီး) အရှေ့မြောက်စစ်ဒေသမှာ ပြင်တယ်။ အရှေ့မြောက်စစ်ဒေက အမှီခိုမကင်းရေးအမှားကို မျက်မှောက်မှာ အမှီခိုကင်းရေးကို လေးလေးနက်နက် ကြိုးပမ်းရင်း၊ ပြင်ရင်း ခရီးဆက်နေတယ်။
နောက်တခု ၁၉၃၀ ခုလွန်နှစ်တွေကအစ ဒီကနေ့ထိ ဗမာပြည်ကွန်မြူနစ်ပါတီက ဆက်လက်တည်ရှိနေတယ်။ ဒါဟာ ပါတီမှာ တခြားအမှားတွေ ရှိသော်ငြား ပြည်သူနဲ့ပတ်သက်တဲ့ရပ်တည်ချက် ဘယ်တုန်းကမှ မမှားခဲ့လို့ပဲ။ ပြည်သူနဲ့တော်လှန်ရေးအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့လို့ပဲ။ ပြည်သူအပေါ် ဖိနှိပ်အုပ်စိုးတဲ့ ပြည်သူ့ရန်သူမှန်သမျှ ပြည်သူ့အကျိုးအတွက် တော်လှန်တိုက်ခိုက်ရေးတာဝန်ကို တခါမျှ လစ်ဟင်းခြင်း မရှိလို့ပဲ။ ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်ဂျပန်၊ ဖောက်ပြန်တဲ့ဖဆပလ၊ နေဝင်းစစ်အုပ်စုကအစ အခု မင်းအောင်လှိုင်အစိုးရအထိ တက်လာတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်တွေကို ခေတ်တိုင်းမှာ တော်လှန်လာခဲ့တဲ့ ပါတီဖြစ်လို့ပဲ။ ပြည်သူအပေါ် သစ္စာဖောက်ပြီး ဖိနှိပ်တဲ့ အုပ်စိုးသူ ရန်သူတွေနဲ့ ပေါင်းကာ အာဏာ၊ စည်းစိမ်၊ ကိုယ်ကျိုးစီးပွားနဲ့ အခွင့်ထူးတွေ ဘယ်တုန်းကမှ ခွဲဝေမယူခဲ့ဖူးလို့ပဲ။
သေတွင်းထဲကနေ ကုန်းရုန်းထလာနိုင်တာဟာ အသက်ပြင်းတာပဲ။ အသက်ပြင်းတယ်ဆိုတာက ပါတီအပေါ်၊ ပြည်သူအပေါ်၊ တော်လှန်ရေးအပေါ် ကြံ့ကြံခိုင်ခိုင် သစ္စာရှိမှုကြောင့်ပဲ။ အနိုင်မခံ အရှုံးမပေး ပါတီအလံကို ရှေ့မျိုးဆက်က လက်ဆင့်ကမ်း၊ နောက်မျိုးဆက်က မြဲမြဲဆုပ်ကိုင် ဆက်လက်သယ်ယူနိုင်လို့ပဲ။ ကျွန်တော်တို့ပါတီမှာ ပထမမျိုးဆက်ဖြစ်တဲ့ ၁၃၀၀ ပြည့်မျိုးဆက်ရဲဘော်ကြီးတွေက ၁၉၄၇-၄၈ ဒုတိယမျိုးဆက်တွေကို အလံတော်လက်လွှဲပေးခဲ့တယ်။ သူတို့က ၁၉၆၂ နှစ် နေဝင်းစစ်အုပ်စုအာဏာသိမ်းမှုနောက်ပိုင်းပေါ်လာတဲ့ တတိယမျိုးဆက်တွေကို တာဝန်လက်လွှဲတယ်။ ဒီမျိုးဆက်တွေက ရှစ်လေးလုံးအရေးတော်ပုံက လာတဲ့ စတုတ္ထမျိုးဆက်တွေကို – အဲဒီကတဆင့် အခု မင်းအောင်လှိုင်အာဏာသိမ်းအပြီး ၂၀၂၁ ပြည်သူ့အရေးတော်ပုံ ဒီရေမြင့်သစ်က ပေါ်ထွက်လာတဲ့ ပဉ္စမမျိုးဆက် ပါတီဝင်လူငယ်ရဲဘော်တွေကို လက်ဆင့်ကမ်း တာဝန်တွေကို ပခုံးပြောင်းပေးနေတယ်။ အခုကာလဟာ တာဝန်တွေကို ပခုံးပြောင်းပေးနေတဲ့ကာလပဲ။ အလံတော်ကို လက်ဆင့်ကမ်း လွှဲပြောင်းနေတဲ့ကာလပဲ။ အဆစ်အချိုး အရေးကြီးကာလပဲ။
အလံမလဲစေဖို့ လှေခွက်ကျန်ရုံနဲ့မပြီးဘူး။ (ရဲဘော်ထွန်းကတော့ လှေခွက်ချည်းကျန် အလံမလှဲဆိုတာကို စိတ်ဓာတ်ခွန်အားအဖြစ် ပြောတာကို နားလည်ပေမယ့် လှေခွက်ချည်းကျန်အောင်လုပ်တာကတော့ ပြစ်မှုပဲလို့ ပြောခဲ့ဖူးတယ်။) လှော်ခတ်သူနဲ့ အလံမလဲအောင် တဗိုလ်ကျ တဗိုလ်တက် ဆက်လက်လွှင့်ထူနိုင်တဲ့ အင်အားတခု ကျန်ရမယ်။ ယခု ကျွန်တော်တို့ ပါတီဝင်ထုနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားထု၊ မြေအောက်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပါတီဝင်နဲ့ ရဲဘော်ထုတို့ စုစည်းလိုက်တဲ့အခါ အားသစ်တခု ဖြစ်လာတယ်။ ဒီအင်အားသစ်တွေအနေနဲ့ ကျွန်တော်တို့ပါတီဟာ အာဇာနည်သူရဲကောင်းတို့ရဲ့ပါတီ။ ပါတီစိတ်ဓာတ်ပြင်းပြသူတွေရဲ့ပါတီ၊ အသက်ပြင်းသူတွေရဲ့ ပါတီဆိုတာကို နှလုံးသားထဲ စွဲပိုက်ပြီး ပါတီအလံတော်ကို မြင့်သထက်မြင့်မားစွာ လွှင့်ထူသွားနိုင်ဖို့ ချီတက်လုံးပန်းသွားကြရမယ်။ အခုကာလဟာ ဒီအားတွေ စုစည်းပြီး ရှေ့မှာ ပိုမိုကောင်းမွန်တဲ့ တော်လှန်ရေးအရွေ့တွေ ရလဒ်ကောင်းတွေနဲ့ အတူ ဖြစ်ပေါ်လာအောင် ရှေ့ဆက်ဖို့ ပြင်နေတဲ့ တော်လှန်ရေးရဲ့ တဆစ်ချိုးကာလပဲ။ အလံတော်ကို လက်လွှဲပေးနေတဲ့၊ တာဝန်တွေကို ပခုံးပြောင်းပေးနေတဲ့ကာလပဲ။ ပါတီဟာ ပစ္စည်းမဲ့လူတန်းစားရဲ့ ကျောရိုးမာမှု စိတ်ဓာတ်နဲ့ ဖိုးသက်ရှည်ဖြစ်ခဲ့သလို ပါတီ အလံဆက်လက်လွှင့်ထူမယ့်ရဲဘော်တွေ တော်လှန်ရေးတာဝန်တွေဆက်ထမ်းမယ့်ရဲဘော်တွေဟာ လက်ရုံး တောင့်သူတွေ ပခုံးမာသူတွေအဖြစ် ထုသားတေသားကျအောင် သံခဲတင်နေကြတဲ့ကာလလို့ ဆိုနိုင်ပါတယ်။
ဒီလို ပါတီအလံလက်လွှဲပေးပြီး အလံတော်ကို ဆက်လက်လွှင့်ထူတယ်ဆိုတာ လေပြေလေညင်းတွေကြားမှာ လွှင့်ထူရတာမဟုတ်။ မိုးသက်မုန်တိုင်းတွေကြား၊ တနိုင်ငံလုံးမှာ ဒီမိုကရေစီ လုံးဝဆိတ်သုဉ်းမှုနဲ့ ဖက်ဆစ်အဆန်ဆုံး ဖိနှိပ်မှုတွေအကြား၊ ရန်သူက ပစ်ခတ်နေတဲ့ သေနတ်ကျည်ဆန် ဗုံးဆန်နဲ့အမြောက်ဆန်တွေကြား၊ နေ့စဉ်နဲ့အမျှ လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်နေမှုများ အကြားမှာ ပါတီအလံတော်ကို လွှင့်ထူနေရတာ ဖြစ်တယ်။ ကမ္ဘာပေါ်က နယ်ချဲ့နဲ့ အရင်းရှင်တွေရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးလေထုကြားက၊ ပြည်တွင်းက ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးလေထုကြားက ပါတီအလံတော်ကို လွှင့်ထူနေရတာ ဖြစ်တယ်။ ကွန်မြူနစ်တွေဟာ တိုင်းပြည်ကိုချစ်ပြီး- နောက်ပြီး အလုပ်သမား လယ်သမားနဲ့ ကျန်အဖိနှိပ်ခံလူတန်းစားနဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေကို ချစ်ပြီး သူတို့အကျိုးအတွက် ပြတ်ပြတ်သားသား ရပ်တည်ပြီး တိုက်ပွဲဝင်သူတွေဖြစ်ကြောင်း ပြည်သူတွေ သိရှိအောင် လက်တွေနဲ့ ကိုယ်ကျိုးစွန့် ပြည်သူ့အကျိုးဆောင် စိတ်ဓာတ်တွေနဲ့ တဆင့်တိုး ပြသကြရမယ့်ကာလပဲ။ ကျွန်တော်တို့ဟာ ရန်သူကို တိုက်ခိုက်တာဟာ ပြည်သူကို အကောင်းဆုံးအလုပ်အကျွေးပြုတာလို့ ခံယူထားသူတွေ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးဆိုတဲ့ ပြည်သူ့ဆန္ဒနဲ့ သန္နိဋ္ဌာန်ကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကြိုးပမ်းသူတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ ရန်သူကို လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေမှာ ရှုံးခဲ့တာမဟုတ်ပေမယ့် လက်နက်ကိုင် တော်လှန်ရေးဟာ လက်ဝဲ-လက်ယာ တိမ်းစောင်းမှုအမှားတွေ ရှိခဲ့လို့ ရှုံးသွားခဲ့ရတယ်လို့ နိဂုံးချုပ် သုံးသပ်ခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ အရှုံးမပေးဘူး။ လဲရာကနေ ပြန်ထတယ်။ အခု လက်နက်ကိုင်တော်လှန်ရေးကို တွေဝေယိမ်းယိုင်မှုမရှိ၊ ခိုင်ခိုင်ကျည်ကျည် ဆက်လုပ်တယ်။ ကျွန်တော်တို့ ဘယ်တော့မှ ဒူးထောက်အညံ့ခံ အရှုံးပေးတာ လုပ်မှာမဟုတ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေလို့ ကြွေးကြော်သံထုတ်တယ်။ ဒါဟာ တိုက်ပွဲဝင်ရေး ကြွေးကြော်သံပဲ။ ရန်သူကို တိုက်ရဲ၊ တိုက်တတ်၊ တိုက်နိုင်မှ ၊ ပြတ်ပြတ်သားသား သိမ့်သိမ့်တုန်အောင် ထစ်ချုန်းချေမှုန်းနိုင်မှ ရန်သူကြောက်မယ်။ ရန်သူကို ချေမှူန်းသုတ်သင်မှ ပြည်သူတွေ ရွှင်လန်းအားတက်မယ်။ အဖိနှိပ်ခံပြည်သူတွေ ဖိနှိပ်သွေးစုပ်မှုအပေါင်းက လွတ်မြောက်ပြီး သာယာဝပြောတဲ့ လောကသစ်ကို တည်ဆောက်နိုင်လိမ့်မယ်။
ရဲဘော်တို့ –
လက်နက်ကိုင်တိုက်ပွဲကို အဓိက ထား၊ အခြားတိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ဆင်နွှဲရင်း ရှေ့သို့ တဟုန်ထိုးချီတက်ကြ။
ရန်သူတကာတို့ ကြောက်ဒူးတုန်ကြပါစေ။
ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ၊
၈၇ နှစ်ပြည့် ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။
(၁၅-၈-၂၀၂၆)
