(တော်လှန်ရေး အင်အားစုများအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းနေခြင်း နှင့် ပတ်သက်၍ (ဗကပ) ၏သဘောထား)
ရက်စွဲ – ၂၀၂၆ ခုနစ် မတ်လ ၂ရက်
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမိုင်းစဉ်တွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကို လက်နက်နှင့် တိုက်ခိုက်ဖြေရှင်းခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ နှစ်ဖက်အဖွဲ့အစည်းမှ တော်လှန်ရေး ရဲဘော်များ ကျဆုံးသွားခဲ့ကြရသည်။ နှစ်ဖက် အဖွဲ့အစည်းအတွက် အကျိုးမရှိ။ ရန်သူသာ အမြတ်ထွက်သည်။ ပြည်သူလူထု ထိခိုက်နစ်နာရသည်။ တော်လှန်ရေးသမိုင်းက သင်ကြားပေးလိုက်သည့် သွေးနှင့် ရင်းခဲ့ရသော သင်ခန်းစာ ဖြစ်သည်။ ဤသင်ခန်းစာအပေါ် အခြေပြု၍ ဘုံရန်သူကို ဦးတည်တိုက်ရေး လမ်းကြောင်းကို တော်လှန်ရေးက တောင်းဆိုချမှတ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
မျက်မှောက်အခြေအနေတွင်လည်း ဘုံရန်သူကို ဦးတည်တိုက်ရေးလမ်းကြောင်းသာ မှန်ကန်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက်ယုံကြည်သည်။ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခသည် ပြည်သူတွင်းပဋိပက္ခ၊ မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခသဖွယ် လက်နက်အင်အားသုံးပြီး မဖြေရှင်းသင့်။ ထိုဖြေရှင်းနည်းသည် ရန်သူစစ်အုပ်စုနှင့် စစ်တပ်ကိုသာ အကျိုးပြုသောနည်း ဖြစ်သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပြတ်ပြတ်သားသား ဆန့်ကျင်သည်။
ယနေ့ ဗမာပြည်တော်လှန်ရေး စစ်မြေပြင်တွင် မတူသည့်လက်နက်ကိုင်တပ်ဖွဲ့များ မဟာမိတ်အဖြစ် ပူးပေါင်း လက်တွဲ၍ ဘုံရန်သူကို တိုက်သည့်တိုက်ပွဲများ ဒေသအသီးသီးတွင် ရှိခဲ့သည်။ အောင်ပွဲများလည်း ရခဲ့ကြသည်။ ရန်သူကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်များလည်း ရခဲ့ကြသည်။ ဤသည်မှာ စံပြုအပ်သော တိုက်ပွဲများ ဖြစ်သည်။ ဤသို့ လက်တွဲတိုက်ပွဲဝင်မှုများသည် စစ်ရေးမဟာမိတ်ဖွဲ့မှုမှတဆင့် ကြီးမားသော ပြည်လုံးဆိုင်ရာ တပ်ပေါင်းစုတရပ် ဖွဲ့စည်းရေးအတွက် အခြေခံအမြုတေလည်း ဖြစ်သည်။
ကျွန်တော်တို့ ဗမာပြည် ပြည်သူလူထုက ဗိုလ်နေဝင်းစစ်အုပ်စု၏ တပါတီအာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတောင်းဆိုခဲ့ကြသည်။ မျက်မှောက်ဗမာပြည် တော်လှန်ရေးတွင်လည်း အဖွဲ့အစည်းပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်နေသည်။ ရန်သူကို တိုက်ခိုက်သည့် တော်လှန်ရေး တပ်ဖွဲ့များ များပြားခြင်း၊ အမျိုးအစားစုံလင်ခြင်းသည် တော်လှန်ရေးအင်အားကြီးခြင်း ဖြစ်သည်။ သဘာဝလည်း ကျသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က သွေးခွဲဖိနှိပ်အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အား ဘုံရန်သူအဖြစ် ဦးတည် တိုက်ခိုက်ခြင်းသည် ကိစ္စကောင်း ဖြစ်သည်။ ရန်သူပျောက်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း (ကြီးသည်ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ) သေနတ်ပြောင်း လှည့်ခြင်း ၊ တိုက်ခိုက်ခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့သာ ဖြစ်စေ လိမ့်မည်။ တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံ တန်းတူရေး၊ သွေးစည်းရေး၊ အပြန်အလှန်ကူညီဖေးမရေး စိတ်ဓာတ်များ ဖွံ့ဖြိုး အားကောင်းလာရန် ဆောင်ရွက်ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ကျရာအခန်းမှ ပါဝင်မည်။
မျက်မှောက်နိုင်ငံတကာ့အခြေအနေမှာ တဦးတည်းသော စူပါပါဝါအဖြစ်ကို ထိန်းသိမ်းလိုသည့် အမေရိကန်က တခြားနိုင်ငံများကို အစွန်းရောက်ဆုံး ဗိုလ်ကျ အနိုင်ကျင့်နေသော ကာလဖြစ်သည်။ အထူးသဖြင့် ပထဝီစီးပွားရေး၊ ပထဝီနိုင်ငံရေး အချက်အချာကျသော နိုင်ငံများအပေါ် ဦးတည်တိုက်ခိုက်နေသည်။ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေသော ယခုလိုကာလမျိုးတွင် စုစည်းညီညွတ်မှုမှာ ခါတိုင်းထက် ပိုမိုအရေးတကြီးလိုအပ်သည်။ စိတ်မထွေပြားဘဲ ဒုတိယ ရန်သူ မမွေးဘဲ ဘုံရန်သူကို ဦးတည်တိုက်ခိုက်ကြဖို့ အရေးကြီးသည်။
ရန်သူ့ထံ အညံ့ခံရေးအတွေးအခေါ်ကို ဗမာပြည်ကွန်မြူနစ်ပါတီက ဆန့်ကျင်သည်။ ရန်သူထံ အညံ့ခံ လက်နက်ချသည့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကိုမဆို တော်လှန်ရေးအတွင်းမှ ပေါ်ထွက်လာသည့် အညစ်အကြေး အမဲကွက်များဟုသာ ဗမာပြည်ကွန်မြူနစ်ပါတီက ခံယူသည်။ တော်လှန်ရေးကို စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုသည့် စစ်သုံးစစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည့်အထိ မလျှော့သော ဇွဲနဘဲနှင့် နောက်မဆုတ်စတမ်း ဆင်နွှဲသွားကြပါစို့။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ


