စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး – ပြည်တွင်းငြိမ်းချမ်းရေး

By | September 17, 2025

ရဲဘော်ကိုတူး

မင်းအောင်လှိုင်စစ်ကော်မရှင်က ရွေးကောက်ပွဲတုနဲ့အတူ စစ်ရေးထိုးစစ် နိုင်ငံရေးထိုးစစ် သံတမန်ရေးထိုးစစ်တွေ
တပြိုင်တည်း လုပ်လာနေတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန် ရှုံးနိမ့်သွားပြီးနောက် (၂၀၀၈ ခြေဥကို ကိုယ်တိုင်ချိုးဖောက်ကာ) အာဏာသိမ်းခဲ့တဲ့ မအလစစ်အုပ်စုဟာ၊ တရားဝင်မှုပြန်ရဖို့ တခြားနည်းလမ်း မရှိတော့တာကြောင့် ရွေးကောက်ပွဲတု ကျင်းပဖို့ပြင်နေတယ်။ သူတို့ဟာ လူသေအလောင်းပုံပေါ်မှာ မဲလိမ်မဲခိုးကာ မဟားတရား အတည်ပြုထားတဲ့ ၂၀၀၈ နာဂစ်စစ်ခြေဥကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်။ရွေးကောက်ပွဲတုနဲ့အတူ ဖိနှိပ်ရေးဥပဒေအမျိုးမျိုးကိုလည်း ထုတ်နေတယ်။

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးခြင်းဆိုင်ရာ ဥပဒေများဖြစ်တဲ့ ပုဒ်မ ၅ (နေအိမ် ပရဝဏ်များထဲသို့ သက်သေမပါဘဲ ဝင်ရောက်ရှာဖွေခြင်း တားမြစ်ချက်)၊ ပုဒ်မ ၇ (တရားရုံးခွင့်ပြုချက် မလိုဘဲ ရက်အကန့်အသတ်မရှိ ချုပ်နှောင်မှု တားမြစ်ချက်)၊ ပုဒ်မ ၈ (ဝရမ်းမပါဘဲ အိမ် အခန်း အဆောက်အဦး ပရဝဏ်အတွင်း ရှာဖွေမှုတားမြစ်ချက်) … တို့ကို ရပ်ဆိုင်းကြောင်း ကြေညာတယ်။ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ ချမှတ်မှာဖြစ်တယ်။

ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်နေတဲ့ကြားက ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်လို့ အနီရောင်နယ်မြေ အနက်ရောင်နယ်မြေတွေ များနေပြီး၊ လူဦးရေ မဲစာရင်း နဲ့ မဲဆန္ဒနယ် တည်ငြိမ်မှုမရှိဘူး။ လူထုနဲ့ မယဉ်ပါးသေးတဲ့ စက်နဲ့မဲပေးတဲ့စနစ် ကျင့်သုံးမှာဖြစ်လို့ No – vote တို့ Vote – no တို့ လုပ်ဖို့မလွယ်ဘူး။ ၁၀ တန်းအောင်စာရင်း ထုတ်ပြန်တာတောင် တလွဲအမှားအယွင်းတွေ ဖြစ်ပေါ်နေတာဖြစ်လို့ စစ်ကောင်စီ(ဒစ်ဂျစ်တယ်)စက်က ယုံကြည်စရာမရှိဘူး။
ရွေးကောက်ပွဲကို အကြိမ်ကြမ်ခွဲလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်(၁၀၂)ခုမှာ ဒီဇင်ဘာ၂၈မှာကျင်းပမယ်လို့ ကြေညာတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၅၀%နှင့်အထက် တက်ရောက်ပါက အထမြောက်ကြောင်း ပြဋ္ဌာန်းထားပေမယ့်၊ မဲပေးသူရာခိုင်နှုန်း ဘယ်လောက်ရှိမှ ရွေးကောက်ပွဲအထမြောက်မယ် ဆိုတာ ပြဋ္ဌာန်းထားတာ မရှိဘူး။ မဲဆန္ဒနယ်တနယ်မှာ မဲရုံတရုံ စတိအဖြစ်ဖွင့်ရင်ပဲ အလုပ်ဖြစ်နေပြီဖြစ်တယ်။ အဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ်သောင်းအချို့ရဲ့ ကြိုတင်မဲကလည်း သပိတ်ဝင်အိတ်ဝင်ပဲ။ အခွင့်ထူးခံ စစ်တပ်ကိုယ်စားလှယ် ၂၅% က အလိုအလျောက် တက်ရောက်ခွင့်ရပြီးဖြစ်လို့ ကျန်၂၅% ကို ညစ်နည်းပေါင်းစုံနဲ့ ရအောင်လုပ်ဖို့ မခဲယဉ်းတော့ပါဘူး။

တိုင်းပြည်ရဲ့ နယ်မြေအများပိုင်း ပြည်တွင်းစစ်သေနတ်သံ ညံနေတဲ့ စစ်သံခွာအောက်က ဗမာပြည်ရွေးကောက်ပွဲ ဆိုတာဟာ ခေတ်ဟောင်းက ဗီယက်နမ်ရွေးကောက်ပွဲ အာဖဂန်ရွေးကောက်ပွဲ များလိုပဲ ဟန်ပြသာဖြစ်နေပြီး ပိုမိုဆိုးဝါးတဲ့ မတည်ငြိမ်မှုတွေသာ ဖြစ်ပေါ်စေပါလိမ့်မယ်။

သေနတ်ထောက် ကျင်းပမယ့် ရွေးကောက်ပွဲတုကို မတတ်သာလို့သာ ကြည့်နေရတယ် လူထုက စိတ်ဝင်စားတာ မဟုတ်ဘူး။ နည်းပေါင်းစုံနဲ့ ဆန့်ကျင်လိမ့်မယ်။ လူထုက ရွေးကောက်ပွဲထက် တော်လှန်ရေးသေနတ်သံကို ပိုစိတ်ဝင်စားတာဖြစ်တယ်။ ၁၀၂၇ လို တကယ်တိုက်တဲ့ တိုက်ပွဲများက လူထုကိုအားတက်စေတယ်။ ဟိုင်ဂင်လို ဟိုမရောက်ဒီမရောက် ငြိမ်းချမ်းရေးမျိုးက လူထုကိုစိတ်ပျက်စေတယ်။ မအလစစ်ကော်မရှင်က ပြည်သူတရပ်လုံး ဖိနှိပ်ချုပ်နှောင်မှု ကင်းရှင်းပြီး နှလုံးစိတ်ဝမ်း အေးချမ်းတဲ့ဘဝ များနဲ့အတူ တိုင်းပြည် သာယာဝပြောတဲ့ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးမျိုးကို လိုလားတာမဟုတ်ဘူး။ ၂၀၀၈ ခြေဥနဲ့အတူ စစ်အာဏာရှင်စနစ်အောက် ပြားမှောက်နေတဲ့ ငြိမ်းချမ်းရေးမျိုးကိုသာ လိုချင်တာဖြစ်တယ်။

မင်းအောင်လှိုင်တရုတ်ပြည်သွားတယ်။ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO Summit 2025 အစည်းအဝေးနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲအခမ်းအနားကို ဗမာပြည်ကိုယ်စားပြု တက်ခွင့်ရလို့ဖြစ်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေး ငြိမ်းချမ်းတည်ငြိမ်ရေး အတူတကွဖွံ့ဖြိုးတိုးတက်ရေး အတွက် စုဝေးဆွေးနွေးနေကြတဲ့ပွဲမှာ မင်းအောင်လှိုင်က စစ်အုပ်စုအာဏာမြဲရေးအတွက် မျက်နှာပြောင်ပြောင်နဲ့ ကိုယ့်ကိုယ်ကိုယ် Lobby လုပ် ပွဲထုတ်နေတယ်။ ဗမာပြည်ဟာ ပထဝီစီးပွားရေးအရ အချက်အချာကျတာကြောင့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဆွယ်တရားဟောနေတယ်။ တော်တော်ဂွကျတဲ့ အနေအထားပဲ။ ဗမာပြည် ဒီလောက်စစ်မီးတောက်နေတာ လုပ်လက်စ စီးပွားရေးလုပ်ငန်းများတောင် ရပ်ထားရတာ ဒီလိုအခြေအနေမျိုးက ပြည်ပရင်းနှီးမြှုပ်နှံခေါ်နေတာဟာ သူတို့စစ်စရိတ်နဲ့ သူတို့စည်းစိမ်အတွက် သူတို့ရဲ့လောဘစိတ်ကို ဖော်ပြလိုက်တာသာ ဖြစ်ပါတယ်။

စစ်မင်းဆက်အောက်မှာ ဗမာပြည်ဟာ ဟိုလူ့မျက်နှာချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရနဲ့ မိန်းမရွှင်ဆန်ဆန် ဖြစ်လို့နေပါပြီ။ သူတို့ဟာ အာဏာမြဲဖို့ဆိုရင် တိုင်းပြည်ကိုရောင်းစားဖို့တောင် ဝန်လေးလိမ့်မယ်မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်ကိုမလိုလားဘူး၊ ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်အောင်တိုက်မှ ရမှာဖြစ်တယ်။

ပြည်သူတွေလိုလားတာက (စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး – ပြည်တွင်းငြိမ်းချမ်းရေး) ဖြစ်တယ်။

ရဲဘော်ကိုတူး (၃ စက်တင်ဘာ ၂၀၂၅)

Leave a Reply

Your email address will not be published. Required fields are marked *