ထွန်းပြောင်သည့် လမ်းပေါ်က ကြယ်နီတပွင့်

By | December 4, 2021

ထွန်းပြောင်သည့် လမ်းပေါ်က ကြယ်နီတပွင့် နီအောင်ဝေ

နယ်ချဲ့ဖက်ဆစ်နှင့် ဖောက်ပြန်သွေးစုပ်သည့် ဓနရှင်လူတန်းစားက ကွန်မြူနစ်ဆိုလျှင် ကွယ်လွန်ပြီး နှစ်ပေါင်းရာချီသည့်တိုင် ကြောက်ဒူးတုန်ကြသည်။ အုတ်ဂူထဲမှ ထလာကာ တော်လှန်ဦးမည်လား တွေးကြောက်ဟန်တူသည်။ တော်လှန်သော ဝိညာဉ်များက သူတို့ကို အာဏာပလ္လင်ထက်မှ ဆွဲချမှာ စိုးဟန်တူသည်။ ကားလ်မာ့က်စ်၏ ဂူဗိမာန်ကို သူကွယ်လွန်ပြီး နှစ်ပေါင်း တရာကျော်သည့်တိုင် ချမ်းသာမပေးဘဲ အကြိမ်ကြိမ် ဖျက်ဆီးကြ၊ ထိပါးကြသည်။ မာ့က်စ်ခမျာ မသေခင်က ရန်သူအပေါင်း မျက်စိဒေါက်ထောက်ကြည့်တာ ခံရသလို သေပြီး အနှစ်တရာကျော် ကြာသည့်တိုင် ဂူဗိမာန်၌ ထောက်လှမ်းရေးကင်မရာ တပ်ဆင်ထားခြင်း ခံရလေသည်။ ဗမာပြည်တွင်ရော ဘာထူးသနည်း။ သခင်သန်းထွန်း၏ အရိုးပြာထည့်ထားသော သံသေတ္တာကို ပင်လယ်ဝအထိ စစ်သင်္ဘောနှင့် သယ်သွားကာ ပစ်ချခဲ့သည်ဟု ဗိုလ်ခင်ညွန့်က ရေးပါသည်။ သခင်ဗဟိန်း၏ အုတ်ဂူကိုလည်း ဟိုရွှေ့သည်ရွှေ့ ရွှေ့ကာ အပျောက် ဖျောက်လိုက်ကြသည်။ ရန်သူအပေါင်းက မည်သို့ပြုသည်ဖြစ်စေ ထိုပုဂ္ဂိုလ်တို့၏ သမိုင်းကား မှေးမှိန်သွားသည် မဟုတ်၊ ပျောက်ကွယ်သွားသည် မဟုတ်။ လူ့အဖွဲ့အစည်းတွင် ဖောက်ပြန်သော၊ ဖိနှိပ်သွေးစုပ်သော အမှောင်ထု ကြီးစိုးလေ ထိုကဲ့သို့သော သူရဲကောင်းများ၏ သမိုင်းဂုဏ်ရောင်က ထွန်းလင်းတောက်ပကာ လမ်းပြလေပင် ဖြစ်သည်။ ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အဲဒစ်လာဂိုးစ်ဆိုသော အသက် ၁၉ နှစ်အရွယ် ပြောက်ကျား ရဲဘော်မလေး ကွပ်မျက်ခံရသည်။ ပီရူးကွန်မြူနစ်ပါတီ (ထွန်းပြောင်သောလမ်း) ၏ ပါတီဝင် ဖြစ်၏။ သူမ၏ ဈာပနကို အများပြည်သူ မတက်ရောက်ရန် အာဏာရှင်အစိုးရက တားမြစ်ထားသော်လည်း မြို့ခံလူထု သုံးသောင်းကျော် တက်ရောက် ဦးညွတ်ခဲ့ကြသည်။ လာဂိုးစ်က လူကောင်းသေးသေး မိန်းမပျိုကလေး ဖြစ်သည်။ အသက် ၁၆ နှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည်။ ပီရူးလူငယ်များ လေးစားအားကျသော မိန်းကလေး ဖြစ်၏။ ပါတီက လက်နက်ကိုင်တော်လှန်ရေး စတင်ပြီး ခုနှစ်လအကြာ ၁၉၈၀ ခုနှစ် ဒီဇင်ဘာလတွင် အဖမ်းခံရသည်။ သူမက ကျောင်းသားထု တိုက်ပွဲများနှင့် အကြမ်းဖက်တော်လှန်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။ ထောင်ထဲတွင် တခြားအကျဉ်းကျ ရဲဘော်တဦးနှင့်အတူ ပါတီစည်းရုံးရေး၊ သိမ်းသွင်းရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ကဗျာများလည်း ရေးစပ်ခဲ့သဖြင့် အကျဉ်းစံ ကဗျာဆရာမ အဖြစ်လည်း လူသိများသည်။ ပြောက်ကျားရဲဘော်များက ၁၉၈၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အကျဉ်းထောင်ကို ဖောက်ခွဲစီးနင်းကာ အကျဉ်းကျ ရဲဘော် ၇၀ ကို ကယ်တင်လိုက်နိုင်သည်။ ထိုအယောက် ၇၀ ထဲတွင် လာဂိုးစ်လည်း ပါသည်။ လာဂိုးစ်က ပြည်သူ့ ပြောက်ကျားတပ်မတော်တွင် ထင်ရှားသော တပ်မှူးတဦး ဖြစ်ပါသည်။ ပြောက်ကျားတပ်မတော်၏ စစ်သည်အင်အား ထက်ဝက်ခန့်မှာ အမျိုးသမီးရဲဘော်များဖြစ်ပြီး တပ်မှူးစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများပင် ဖြစ်သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီး မကြာမီ သူမကွပ်ကဲသော ပြောက်ကျားတပ်နှင့် ရန်သူ့တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားသည်။ ရန်သူ့ဘက်မှ တပ်ကူများ ရဟတ်ယာဉ်ဖြင့် ရောက်လာ၍ လာဂိုးစ်တို့ အရေးနိမ့်ခဲ့ရသည်။ ရန်သူက သူမကို လှံစွပ်ဖြင့်ထိုးသတ်ပြီး ကွပ်မျက်လိုက်သည်ဟု သိရသည်။ ရင်းမြစ်တချို့အရ မုဒိန်းကျင့်ပြီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်သည်ဟုလည်း ဆိုကြသည်။ ကျဆုံးချိန်၌ အသက် ၁၉ နှစ်သာ ရှိသေးသည်။ အုပ်စိုးသူအစိုးရက သူမ၏ ဈာပန အခမ်းအနားကို တရားမဝင် လူစုလူဝေး ပြုလုပ်မှုအဖြစ် ပိတ်ပင်ထားသော်လည်း လူဦးရေ ခုနှစ်သောင်းခန့်ရှိ မြို့ငယ်လေးတွင် မြို့ခံလူထု တဝက်ခန့် လိုက်လံပို့ဆောင်သော ဈာပနအဖြစ် သမိုင်းမော်ကွန်းတင် ကျန်ရစ်သည်။ လာဂိုးစ်၏ မိဘများက ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသည်။ သို့သော် တက္ကသိုလ်တွင် ဥပဒေပညာရပ်ကို သင်ကြားနေစဉ် ကျောင်းထွက်ကာ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူမကွယ်လွန်ပြီး ခြောက်နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် ဖက်ဆစ်ပြည်သူ့စစ်အဖွဲ့တဖွဲ့က လာဂိုးစ်၏ အုတ်ဂူကို ဖောက်ခွဲ ဖျက်ဆီးလိုက်ကြသည်။ ကွယ်လွန်ပြီးသည့်တိုင် ရန်သူတို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အုတ်ဂူကိုပင် စေ့စေ့မကြည့်ဝံ့၊ အုတ်ဂူ ရှိနေသည်၊ ရုပ်ကြွင်း ရှိနေသည်ဆိုသည့် အသိဖြင့် ကြောက်ဒူးတုန်ကြသည်။ ကွန်မြူနစ် သူရဲကောင်းတို့ကား သတ်၍မသေနိုင်သော သက်ရှိသမိုင်းများပင် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *