လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၏ ပါတီထူထောင်သည့် (၃၈)နှစ်ပြည့်မွေးနေ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သဝဏ်လွှာ

သို့

ဗဟိုကော်မတီ

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

အကြောင်းအရာ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၈) နစ်မြောက် တည်ထောင်သည့်နေ့ အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်း။

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့ သည်မှာ ၃၈ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ် အတွက် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ရဲဘော်တို့ပါတီသည် ၈၈ အရေးတော်ပုံအတွင်း မွေးဖွားပေါ်ပေါက်လာသည့်ပါတီ ဖြစ်ပါသည်။ ထူထောင်ခဲ့သည့်အချိန်မှစ၍ စစ် ၃ စစ်အမြစ်ဖြတ်ရေးတိုက်ပွဲတွင် တစိုက်မတ်မတ်ပါဝင်ခဲ့သည့် ပါတီ ဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော ဥပဒေတွင်း၊ ဥပဒေပဘဝများကို ဖြတ်သန်းရင်း ကြံ့ခိုင်စွာရပ်တည် တိုက်ပွဲဝင်ခဲ့သောပါတီ ဖြစ်ပါသည်။ တိုက်ပွဲအတွင်း မွေးဖွား၍ တိုက်ပွဲအတွင်း ကြီးထွားရှင်သန်ခဲ့သော ပါတီလည်း ဖြစ်ပါသည်။

ရဲဘော်တို့ပါတီနှင့် ကျွန်တော်တို့ပါတီသည် ဤ စစ် ၃ စစ်အမြစ်ဖြတ်ရေးအတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြသော ပါတီများ ဖြစ်ကြပါသည်။ ပါတီ ၂ ရပ်အကြား တိုက်ပွဲဝင် ချစ်ကြည်ရင်းနှီးမှုမှာ သမနိသက်ရှည်ကြာလှပြီ ဖြစ်ပါသည်။`

၂၀၂၁ ခုနှစ်တွင် ဗိုလ်မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စုက အကြမ်းဖက် အာဏာသိမ်း ခဲ့ပါသည်။ ထိုသို့ အာဏာသိမ်းခဲ့သည်ကို တိုင်းပြည်တဝှမ်း ပြည်သူများက တခဲနက်ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုက ရက်ရက် စက်စက် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိမ်နင်းခဲ့ကြသည်။ ဤသို့ အကြမ်းဖက်နှိပ်ကွပ်လာသောအခါ ပြည်သူ များသည် ရရာလက်နက်စွဲကိုင်ကာ တုံ့ပြန်တိုက်ပွဲဝင်ခဲ့ကြသည်။ ကျွန်တော်တို့ ပါတီသည်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့ပါသည်။ ထို့အတူရဲဘော်တို့ ပါတီသည်လည်း ကျရာအခန်းမှ ပါဝင်ဆင်နွှဲခဲ့ပါသည်။

ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုက ပြည်သူတို့၏ လက်နက်ကိုင် တုံ့ပြန်တိုက်ပွဲဝင်မှုကို ရက်ရက် စက်စက် ဖိနှိပ်ဖြိုခွင်းခဲ့ကြသည်။ မြင်မြင်သမျှ ကလေးလူကြီးမရှောင်သတ်ဖြတ်၊ ရွာများမီးရှို့ စသဖြင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေကြပေသည်။ လေကြောင်းမှလည်း ဗုံးကြဲ သတ်ဖြတ် နေကြသည်။

ပြည်တွင်းအခြေအနေမှာလည်း ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံ တွင် ချွတ်ခြုံကျနေပေပြီ။ စစ်သုံးစရိတ်ကိုသာ ဦးစားပေးနေသဖြင့် ကျန်ဘက်ပေါင်းစုံတွင် အကျပ်အတည်းကြုံနေရခြင်း ဖြစ်သည်။ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးစသည်တို့ ဈေးနှုန်းမှာ လည်း တက်ပြီးရင်း တက်ဖြစ်နေသည့်အပြင် ရှားပါးပြတ်လတ်လာနေသည်။ ပိတ်သိမ်းသည့် စက်ရုံများ လည်း များလာနေသည်။ အလုပ်လက်မဲ့တွေ တိုးပွားလာနေသည်။ ဘက်ပေါင်းစုံ အကျပ်အတည်းကြီး ဆိုက်နေပြီ ဖြစ်သည်။

အကြမ်းဖက်တပ်အတွက် လိုအပ်သည့် တပ်သားများကို စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အကြမ်းဖက်ဖမ်းဆီးနေကြသည်။ ယင်းကို စစ်အုပ်စု လက်ကိုင်ဒုတ်များက အခွင့်ကောင်းယူ၍ လူပြန်ပေးဆွဲပြီး ငွေတောင်း လုပ်စားနေကြသည်။

တဖက်တွင် ရရာလက်နက်စွဲကိုင် ပြန်လည်တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယခုအခါ ၅ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း လက်နက်ကိုင်တိုက်ပွဲဝင်နေသော အင်အားစုများ တစုံတရာ ကြီးထွား လာသည်ကိုလည်း တွေ့မြင်ရပါသည်။ တူမီးလက်နက်မှသည် မောင်းပြန်လက်နက်များ ကိုင်နိုင်လာကြပြီ ဖြစ်သည်။ ပြည်သူ့ဘက်မှ ရပ်တည်တိုက်ပွဲဝင်သူတို့အတွက် မရှိရာမှ ရှိရာသို့၊ သေးငယ်ရာမှ ကြီးထွား ရာသို့ ဆိုသော နိယာမတရားအတိုင်း ကြီးထွားလာစမြဲဖြစ်သည်။ မဆုတ်မနစ် တိုက်ပွဲဝင်လျှင်၊ ပြည်သူတို့၏ ထောက်ခံမှုရှိလျှင် ကြံ့ကြံ့ခိုင်ရပ်တည်နိုင်မည် ဖြစ်သည်။ အောင်ပွဲခံနိုင်ဖို့အတွက်မူ နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းစဉ်များ မှန်ကန်ဖို့လည်း လိုအပ်ပေမည်။

တော်လှန်ရေးအင်အားစုများအတွင်း အားကောင်းချက်များရှိသလို အားနည်းချက်များလည်း ရှိပါ သည်။ အဓိကအားနည်းချက်မှာ အများတကာ့အများစုကြီးပါဝင်သည့် တပ်ပေါင်းစုကြီး မတည်ဆောက် နိုင်သေးခြင်းပင် ဖြစ်ပါသည်။ စုဖွဲ့မှုတချို့ ကြိုးစားပြုလုပ်လာနေသည်ကိုတော့ တွေ့မြင်နေရပါသည်။

ဗမာပြည် စစ် ၃ စစ် တိုက်ဖျက်ရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ ကြာမြင့်နေရခြင်း၏ အဓိကအချက်တခုမှာ အတိုက်အခံအင်အားစုများအကြား ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်ဟု ကျွန်တော်တို့ပါတီက ခံယူထားပါသည်။ ညီညွတ်ရေး ရဖို့ဆိုလျှင် တူညီသောဘုံလုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ဖို့ လိုပေမည်။ တူညီသော လုပ်ငန်းစဥ်အပေါ် တွင်သာ ညီညွတ်ရေးတည်ဆောက်နိုင်မည်ဟု ကျွန်တော်တို့ပါတီက အခိုင်အမာယုံကြည်ပါသည်။

စစ် ၃ စစ်တိုက်ဖျက်ရေးတိုက်ပွဲအတွင်း ကျွန်တော်တို့ပါတီ ၂ ရပ်၏ တိုက်ပွဲဝင် ချစ်ကြည်ရင်းနှီးမှု မှာ ပိုမိုကြံ့ခိုင်ကြီးထွားလာမည်ဟု ယုံကြည်စွာဖြင့် ဤ ၃၈ နှစ်ပြည့် မွေးနေ့သဝဏ်လွှာကို ပေးပို့အပ် ပါသည်။

စစ် ၃ စစ် မုချကျဆုံးရမည်။

ချစ်ကြည်ရင်းနှီးစွာဖြင့်

ဗဟိုစည်းရုံးရေးကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

၁၁ – ၁၀ – ၂၀၂၆

Leave a Reply

Your email address will not be published. Required fields are marked *