ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့် ရှိသူ၏
ထုတ်ပြန်ကြေညာချက်
(၁/၂၀၁၄)
(၂၃ – ၄ – ၂၀၁၄)
၁။ ခေတ်တိုင်းခေတ်တိုင်းမှာ ပြည်သူက ချစ်၊ ပြည်သူက ယုံကြည်၊ ပြည်သူက အားကိုးအားထား အပြုခံရတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လေ့ ရှိပါတယ်၊။ အမှောင်ခေတ်မှာ ပိုပေါ်တတ်ပါတယ်။ သူတို့ ကွယ်လွန်တဲ့အခါကျတော့လည်း အစားထိုး မရတဲ့သူတွေအဖြစ် နှမြောတသမိခဲ့တာချည်းပဲ။ ဒါပေမဲ့ ဦးဝင်းတင်ကိုကျတော့ ကရုဏာပိုခဲ့ကြတယ်။ သူဟာ ထောင်ထဲမှာ (၁၉) နှစ်ကျော် နည်းမျိုးပေါင်းစုံ အငြိုးကြီးကြီးနဲ့ နှိပ်စက်ခံခဲ့ရပြီး ပြောင်ပြောင်မြောက်မြောက် ထွက်လာနိုင်သူ ဖြစ်လို့ပဲ၊ ဒါပေမဲ့ (၆) နှစ်တောင် မကြာလိုက်ဘဲ ခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။
ဖြစ်စဉ်ကိုကြည့်ရင် ရှင်းပါတယ်။ သူ့ကို စစ်အစိုးရအဆက်ဆက်က သတ်လိုက်တာ ဖြစ်တယ်။
၂။ သူ ထောင်က ထွက်လာတော့ ပြည်သူ့အတွက် ပိုလုပ်နိုင်တော့မှာဆိုပြီး ပါတီက ကြိုဆိုခဲ့တယ်။ အမှန်ပဲ၊ ထောင်ပြင်ပ (၅) နှစ်ကျော် ကာလအတွင်းမှာလည်း မကျေပျက်နိုင်တဲ့ ကောင်းမှုတွေ ပြုပေးသွားခဲ့တယ်။ သူဟာ ရပ်တည်ချက် ခိုင်မာသူ ဖြစ်တယ်။ အုပ်စိုးသူအကြိုက် ဘာမှ မလုပ်ခဲ့ဘူး။ ပြည်သူ့အတွက်ပဲ လုပ်ခဲ့တယ်၊ ဒါ့အပြင် – ထူးခြားတဲ့ သေနင်္ဂဗျူဟာသမားဖြစ်ပြီး အရှည်ကို မြင်တတ်တယ်။ လိုက်ဖက်တဲ့ ဗျူဟာ (နည်းပရိယာယ်) ကို ချတတ်သူလည်း ဖြစ်တယ်။ သူ သေခါနီးဆဲဆဲ ငြိမ်း/ပွင့် လူငယ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာကိုကြည့် – နွားကွဲရင် ကျားဆွဲခံရမယ့် အန္တရာယ်ကို တွေးပူပြီး သတိပေးခဲ့တာပဲ။
၃။ ဦးဝင်းတင် ကွယ်လွန်တာဟာ ပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်။ အတိုင်းအတာ ကြီးမားပါတယ်။ ဒါပေမဲ့ – ဒီနေ့လို ပြည်သူတွေ ကုန်းထနေချိန်မှာ ဦးဝင်းတင်တို့ လှုပ်နှိုးထားခဲ့တဲ့၊ ပြည်သူ့အကျိုးဆောင်လိုတဲ့ ဦးဝင်းတင်လို ‘ပေါ်သစ်’ လေးတွေ အပြိုင်းအရိုင်း ပေါ်လာနေပါတယ်။
သူ့လိုလူမျိုးက ရှားတယ်။ ဒါပေမဲ့ မရှိနိုင်တာ မဟုတ်။
ဒီနေ့ကာလမှာ တိုက်ရဲ – အနိုင်ယူရဲတဲ့ ဦးဝင်းတင်လိုလူ များများပေါ်ဖို့ လိုတယ်။