မောင်လှဝင်း(မြင်းခြံ)
အင်အားကြီးနိုင်ငံကြီးများရဲ့ အားပြိုင်မှု ဗမာပြည်သို့ တစုံတရာ သက်ရောက်လာချိန်တွင် ဗမာပြည်ကြားညပ်မခံရအောင် လိမ္မာပါးနပ်ကြဖို့ စောစွာကတည်းက တင်ပြလာခဲ့ကြသည်။ (မအလ) အစိုးရက သူ့အစိုးရနှင့် သူ့စစ်အာဏာရှင်စနစ် တည်တံ့နိုင်ရေးအတွက် သူအားကိုးအားထားပြုနိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် ဆက်သွယ်မှီခိုတာတွေ ၁၉၈၉ နောက်ပိုင်း တောက်လျှောက်လုပ်လာခဲ့သလို နောင်တွင်လည်း လုပ်နေဦးမှာ ဖြစ်ပါသည်။ မျက်မှောက် ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးသည် ၂၀၂၁ မှ စ၍ တောင်ပေါ်မြေပြန့် တောရောမြို့ပါ တပြည်လုံး လက်နက်ကိုင်တော်လှန်လာကြချိန်တွင် အင်အားကြီးနိုင်ငံကြီးများ၏ အားပြိုင်မှုသည် တိုင်းပြည်နှင့် ပြည်သူ ကြားညပ်မည့်အန္တရာယ်သာမက ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးပါ ကြားညပ်ထိခိုက်လာနိုင်သည့်အတွက် ပိုမိုသတိရှိဖို့ လိုသည်ဟု မြင်မိသည်။ တကယ်တော့ ကမ္ဘာတခုလုံးခြုံကြည့်ပါကလည်း ကမ္ဘာ့အရင်းရှင်စနစ်နှင့် ပထဝီနိုင်ငံရေးအားပြိုင်မှုတို့၏ ရိုက်ခတ်မှု သက်ရောက်မှု မရှိသည့် နေရာဒေသဆိုတာ မရှိနိုင်၊ ဤရိုက်ခတ်မှုမှ ကင်းလွတ်သည့် နိုင်ငံရေးလှုပ်ရှားမှု ဆိုတာလည်း မရှိနိုင်သည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
မျက်မှောက် အနောက်ကမ္ဘာခြမ်းတွင် ဒေသအလိုက် စစ်မက်ဖြစ်ပွားနေမှုများ၊ ကျူးကျော်စစ်ခင်းမှုများနှင့် ခုခံတွန်းလှန်မှုများ၊ လူတန်းစားအသီးသီး ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြတိုက်ပွဲများ၊ အမေရိကန်ဗဟိုပြုကမ္ဘာစနစ်ထူထောင်ရေးနှင့် နိုင်ငံအများဗဟိုပြုကမ္ဘာ့စနစ်ထူထောင်ရေးအားပြိုင်မှုများ၊ အရင်းရှင်စနစ်အကျပ်အတည်းများကြီးထွားလာခြင်း၊ ကမ္ဘာ့ပြည်သူများ၏ စီးပွားရေးအကျပ်အတည်းများနှင့်အတူ မငြိမ်မသက်ဖြစ်နေသော ကမ္ဘာကြီးအဖြစ် တွေ့မြင်လာနေရသည်။ အထူးသတိပြုမိရသည်မှာ အမေရိကန်ထရမ့်အစိုးရက သူ၏ သာလွန်သောစစ်အင်အားကို အားကိုးအားထားပြုကာ ထင်ရာစိုင်းပြီး အခြားတိုင်းပြည်များကို အကြောင်းအမျိုးမျိုးပြ နေရာမရွေး စစ်ရေးအရတိုက်ခိုက်ခြင်းနှင့် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းတို့ လုပ်လာနေခြင်း ဖြစ်သည်။ ထို့အတူ အရှေ့ကမ္ဘာခြမ်းတွင်လည်း အမေရိကန်ဗဟိုပြုကမ္ဘာ့စနစ်ထူထောင်ရေးနှင့် အမေရိကန်ဩဇာအာဏာချဲ့ထွင်လွမ်းမိုးထားရေးနှင့်အတူ တရုတ်ပြည်ဝိုင်းပတ်ပေးဆို့ရေးကို အဆက်မပြတ်လုပ်လာခဲ့သည်။ တချိန်တည်းတွင် ဗမာပြည်မင်းအောင်လှိုင်စစ်အုပ်စုနှင့် အမေရိကန်အစိုးရတို့ ချိတ်ဆက်ရေးအတွက် ကြိုးပမ်းနေသော ခြေလှမ်းများကိုလည်း မျက်မှောက်ကာလမှာ တွေ့ရှိလာနေကြရသည်။ လတ်တလောတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကအမေရိကန်နဲ့အေဆီယံ အဖွဲ့အကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မူဘောင်တခုစတင်ဖို့နှင့်၂၀၂၇ စင်္ကာပူ ဥက္ကဋ္ဌ အလှည့်မှာ စမည်ဟု မနေ့တနေ့က အာဆီယံနိုင်ငံခြေားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောသွားတာ ကို တွေ့ရသည်။ အမေရိကန်အစိုးရက မင်းအောင်လှိုင်အစိုးရအား တောင်းဆိုချက် ၅ ချက် တောင်းဆိုလာသော အသံကိုလည် ကြားရသည်။
အမေရိကန်အစိုးရနှင့် မင်းအောင်လှိုင် အာဏာသိမ်းအစိုးရတို့ ချိတ်ဖက်ဖို့ ကြိုးပမ်းနေမှုကို ဗမာပြည်နိုင်ငံရေးလောကမှ ယခုအချိန် ပိုမိုသတိပြုမိလာကြသည်ဖြစ်သော်လည်း အမှန်တကယ်က ဗမာပြည်နိုင်ငံရေးအဖွဲ့အစည်းတချို့နှင့် လက်နက်ကိုင်အဖွဲ့အစည်းတချို့တို့အား အမေရိကန်၏ လမ်းကြောင်းအသီးသီးမှ ချဉ်းကပ်မှုသည် စောစွာကတည်းက ရှိနေခဲ့ပြီး ၂၀၂၀ လွန် နှစ်များတွင် ပိုမို သိသာလာခဲ့သည်။ အမေရိကန်အစိုးရအနေနှင့် သူတို့ ကြိုးကိုင်ချယ်လှယ်နိုင်သည့် လက်နက်ကိုင်လှုပ်ရှားမှုမျိုးကို နောက်ကွယ်မှ ဖြစ်စေ၊ ပြောင်ပြောင်တင်းတင်းဖြစ်စေ ထောက်ပံ့ကိုင်တွယ်ခြင်းနှင့် သူတို့ ကြိုးဆွဲရာ ကနိုင်မည့် အင်အားစုကိုသာ မင်းပြောင်းမင်းလွှဲ နန်းတင်ပေးခြင်းတို့ ပြုလေ့ရှိသည်။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအစစ်အမှန်ကို အားပေးကူညီတာမျိုး ဖြစ်နိုင်ခြေနည်းပါးလွန်းရုံမက လက်နက်ကိုင်အင်အားစုများအား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ ရင်ကြားစေ့ရေးလမ်းကြောင်းသို့ နည်းအမျိုးမျိုးနှင့် ပြောင်းလဲစေအောင် လုပ်ဆောင်တတ်သည်ကို ဗမာပြည်အတွေ့အကြုံ ရှိခဲ့ဖူးသည်။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော ရဲဘော်များ လက်နက်ကိုင်တော်လှန်ရေးစိတ်ဓာတ်နှင့် အင်အားများ ပြိုကွဲချည့်နဲ့သွားသည်ကိုလည်း ကြုံခဲ့ရဖူးသည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံကြီးများ၊ အေဆီယံအဖွဲ့အစည်းနှင့် အခြားနိုင်ငံတချို့တို့ကလည်း မင်းအောင်လှိုင်အစိုးရနှင့် ရင်ကြားစေ့ဖို့နှင့် တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းမှုများလည်း တလျှောက်လုံး ရှိလာခဲ့သည်။ မျက်မှောက်တွင်မူ အင်အားကြီးနိုင်ငံကြီးများ၏ အားပြိုင်မှု၊ မင်းအောင်လှိုင်အာဏာသိမ်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖြစ်မြောက်အောင် အာဆီယံနှင့် နိုင်ငံတချို့တို့၏ တိုက်တွန်းမှုတို့သည် ဗမာပြည်နိုင်ငံရေးအဖွဲ့အစည်းများအတွင်း အတွေးအခေါ် အမျိုးမျိုး ဖြစ်ပေါ်လာအောင် ရိုက်ခတ်လာသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးတော့မလားဆိုသည့် အမြင်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာအောင် မင်းအောင်လှိုင်အာဏာသိမ်းအစိုးရက အချိန်ကိုက် ရှေ့တိုးနောက်ငင် ကစားနေမှုတို့သည်လည်း ဗမာပြည် နိုင်ငံရေးအင်အားစုများ အတွေးအခေါ်နှင့် စဉ်းစားချက် အမျိုးမျိုး ဖြစ်ပေါ်စေသည်။
ယခုလို လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေသော ကိစ္စများသည် မင်းအောင်လှိုင်စစ်အစိုးရဆိုသည့် ချည်တိုင်ပတ်လည်တွင် ဟိုဘက်က အသံထွက်လာလိုက်၊ ဒီဘက်က ကြိုးစငြိလိုက် ဖြစ်နေခြင်း ဖြစ်သည်။ အားလုံးသည် မင်းအောင်လှိုင်အာဏာသိမ်းစစ်အုပ်စု၏ အကျပ်အတည်းမှ ထွက်လမ်းရှာဖို့ ရုန်းကန်နေခြင်းမှ ထွက်ပေါ်လာသော ဆက်စပ်ကိစ္စရပ်များသာ ဖြစ်သည်။ ကိစ္စကောင်းများ မဖြစ်နိုင်။ တိုင်းပြည်၊ ပြည်သူနှင့် တော်လှန်ရေးကို အနည်းနဲ့ အ များ တစုံတရာ ထိခိုက်နိုင်သည့် ကိစ္စများသာ ဖြစ်လိမ့်မည်။ အားလုံးကိစ္စများကို ခြုံငုံကြည့်လျှင် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးကို ဆုံးခန်းတိုင် ကြံ့ကြံ့ခိုင်ခိုင်ဆင်နွှဲရေးကို အားနည်းပျော့ညံ့သွားစေသော အတွေးအခေါ်များ၊ မင်းအောင်လှိုင်စစ်အုပ်စုနှင့် ရင်ကြားစေ့ရေးလမ်းကြောင်းအပေါ် တိမ်းညွတ်မှုများ၊ ပြည်သူက ယတိပြတ်ပယ်ချ ဖယ်ရှားခဲ့ပြီးဖြစ်သော၂၀၀၈ ခြေဥကျားသေကို ပြန်လည်အသက်သွင်းပေးစေမည့်ကိစ္စများ၊ ၂၀၀၈ စစ်ခြေဥနှင့် စစ်လွှတ်တော်အောက် ခေါင်းလျှိုးပြန်ဝင်မည့်ခြေလှမ်းများ နှင့် မင်းအောင်လှိုင်စစ်အုပ်စုရကို အသက်ရှူချောင်စေပြီး သူအာဏာတည်မြဲစေမည့် အခွင့်အလမ်းဖြစ်စေမှုများ၊ဖောက်ပြန်ရေးစစ်ကို သဲသဲမဲမဲ အစွမ်းကုန်ရုန်းကန်တိုက်ခိုက်မည့် အလားအလာများ…စသည့် ကိစ္စဆိုးများကို ကြိုတင်တွက်ဆနိုင်ပါသည်။
အရွေ့များ မည်သို့ ဖြစ်ပေါ်လာမည်ကို ဆက်လက်ပြီး သတိပြုစောင့်ကြည့်သည်နှင့်တချိန်တည်း ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများဘက်မှ မျက်မှောက်ကာလသည် အတွေးအခေါ်အရ ပြင်ဆင်ရေးအပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု ကြည့်မြင်ယူဆမိပါသည်။
မျက်မှောက် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးအတွက် အောက်ပါ သဘောထားအမြင်များကို အကြံပြုလိုပါသည်။
၁။ ပစ္စုပ္ပန်အခြေအနေနှင့် ရှေ့အလားအလာများ မည်သို့ရှိနေပါစေ တိုင်းပြည်နှင့် ပြည်သူ့အကျိုးစီးပွားဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံးနှင့် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရေးသဘောထားအခြေခံပေါ်မှ ရှေ့လုပ်ငန်းများ စဉ်းစားဆောင်ရွက်သင့်သည်။ နိုင်ငံကြီးများ၏ အားပြိုင်မှု ဗမာပြည်သို့ တစုံတရာ သက်ရောက်လာချိန်တွင် တိုင်းပြည်နှင့်ပြည်သူ ကြားညပ်ပြီး ထိခိုက်နစ်နာမှုများ မဖြစ်စေအောင် ပါးနပ်လိမ္မာပါးနပ်စွာ ပျော့ပျောင်းသည့်နည်းပရိယာယ်များ ကြံဆလုပ်ဆောင်သွားကြဖို့ လိုသည်။ ကိုယ့်ပြည်တွင်းအင်အားများနှင့် ကိုယ်ပြည်သူကို အဓိက မှီခိုအားထားပြီး အခက်အခဲများကို ကျော်လွှားသွားဖို့ လိုသည်။
၂။ မျက်မှောက်ဆင်နွှဲနေသော ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို အားနည်းပျော့ညံ့စေသော အတွေးအခေါ်များ၊ လက်နက်ကိုင်တော်လှန်ရေးကို ပျက်စီးအောင် ဖြိုခွဲနေသောအတွေးအခေါ်များ၊ ၂၀၀၈ စစ်ခြေဥကျားသေကို ပြန်လည်အသက်ဝင်စေမည့် ခြေလှမ်းများ၊ မင်းအောင်လှိုင်စစ်အုပ်စု အကျပ်အတည်းမှ ရုန်းထွက်ရေးကြိုးပမ်းမှုကို အသက်ရှူချောင်သွားစေမည့် မည်သည့်လုပ်ဆောင်ချက်များကို မဆို ဆန့်ကျင်သွားကြဖို့ လိုသည်။
၃။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ကြံ့ခိုင်ခိုင် အောင်ပွဲရသည်အထိ ဆက်လက်ဆင်နွှဲသွားရေး(စစ်နိုင်ရေး)ကို အဓိကထားပြီး ကိုယ့်ရည်မှန်းချက်များအတိုင်း တည်တည်ငြိမ်ငြိမ် တည့်တည့်မတ်မတ် လျှောက်လှမ်းသွားရေး၊ လက်နက်ကိုင်တော်လှန်ရေးကို ကြံ့ကြံ့ခိုင်ခိုင် ဆက်လက်လျှောက်လှမ်းသွားမည့် အင်အားစုများများ ညီညွတ်သွေးစည်းရေးကို အလေးထားပြီး ရှေ့မှာ ရောက်ရှိလာမည့်အန္တရာယ်များကို ရင်ဆိုင်ဖို့ ကျောချင်းကပ်ပြီး တွဲလက်များ မြဲမြဲခိုင်ခိုင် ဆက်ထားရေး။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနည်းနှင့်အများ ပြိုကွဲသွားခြင်းဖြစ်စေနိုင်သည့်အခြေအနေတွင် မိတ်ဖက်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခအဖြစ် ဖြေရှင်းသည့် မည်သည့်ဆောင်ရွက်မှုမျိုးမဆို ရှောင်ရှားသွားရေးသည် ယခင်ကထက် မျက်မှောက်ကာလမှာ ပိုမိုအရေးကြီး ပိုမိုလိုအပ်လာသည်ဟု ထင်မြင်ယူဆပါသည်။
၄။ ဘုံရန်သူမင်းအောင်လှိုင်အာဏာသိမ်းစစ်အစိုးရကို ဦးတည်တိုက်သွားရေးသည်သာ အချက်အချာ ဘုံလုပ်ငန်းဖြစ်သည်ဟု ယူဆပါသည်။ တိုင်းပြည်နှင့် ပြည်သူများ၏ ဘေးဒုက္ခများ၊ ပြည်တွင်းပြည်ပ အန္တရာယ်များသည် မင်းအောင်လှိုင်စစ်အုပ်စုကို ဗဟိုပြုပေါ်ပေါက်နေခြင်း ဖြစ်ပါသည်။ မင်းအောင်လှိုင်စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပစ်နိုင်မှ အဖိနှိပ်ခံ ပြည်သူအပေါင်းဖိနှိပ်သွေးစုပ်ခံရခြင်း၊ စစ်မက်ပြု သတ်ဖြတ်ခံရခြင်း ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်ကာ အစစ်အမှန် ငြိမ်းချမ်းပြီး သာယာဝပြောသည့် တိုင်းပြည်သစ်တရပ်ကို စတင်ထူထောင်နိုင်လိမ့်မည်ဟု ယုံကြည်ယူဆပါသည်။ ။




