Monthly Archives: October 2016

လူ့အခွင့်အရေးဆိုတာ

လူ့အခွင့်အရေးဆိုတာ

ညီေဋ္ဌးကျော်

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)

သူရဦးရွှေမန်း ဆုမွန်ကောင်းတောင်းသလို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးမှ ရွှေအိုးရွက်ပြန်လာခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်းနဲ့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်းဆိုတဲ့ ဆုလာဘ်ကို သယ်ဆောင်လာရုံတင်မက၊ အပိုဆုအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တွင် မြန်မာပြည်လူ့အခွင့်အရေးကိစ္စ နှစ်စဉ်ထည့်သွင်းဆွေးနွေးရာမှ ယခုနှစ်အဖို့ ကင်းလွတ်ခွင့်ကိုလည်း သယ်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာပြည်မိတ်ဆွေနိုင်ငံများအဖွဲ့ဆိုတဲ့ မြန်မာ့အရေး စောင့် ကြည့်အဖွဲ့ကိုလည်း ဖျက်သိမ်းနိုင်ခဲ့တယ်။ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးများ မမြင်တွေ့ရသေးဘဲ စစ်ခရိုနီတွေကို ဒီလောက်ထိ လွတ်ငြိမ်းခွင့် မပေးသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW လိုအဖွဲ့များက ထောက်ပြနေတဲ့ကြားက လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်တယ်။

သက်တမ်းကုန်ဆုံးခါနီး သမ္မတအိုဘားမားအစိုးရက အမေရိကန်နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုပြယုဂ်အဖြစ် ဗမာပြည် ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေး တိုးတက်မှုရှိကြောင်း ဗန်းတင်ချင်နေတာ ထင်ရှားပါတယ်။

တကယ်ပဲ ဗမာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားပြီလား။ သတင်းသမားတဦးရဲ့ အမေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူအခွင့်အရေးပြဿနာ မရှိတဲ့နိုင်ငံ ဘယ်နိုင်ငံများရှိသလဲလို့ အမေးကိုအမေးနဲ့ ပြန်ဖြေတယ်။ အခိုင်အမာပြဿနာကို ယေဘုယျပြုပြီး ဘယ်သူ့ကိုများ အကာအကွယ်ပေးချင်နေတာလဲ။

ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ဆွမ်လွတ်ရွယ်ဂျာ၊ ကောင်းခါးရွာကချင်ဆရာမလေးနှစ်ဦး စသည် အစိုးရဟောင်းတုန်းက စွန်းခဲ့တဲ့သွေးတွေ မခြောက်သေးဘူး။ အသတ်ခံရတဲ့ရွာသား၊ မုဒိမ်းကျင့်ခံရတဲ့တိုင်းရင်းသူ၊ ဗုံးဆံမှန် သေဆုံးတဲ့ကလေး အနှိပ်စက်ခံရတဲ့အိမ်စေ၊ ပန်ဒိုရာ၊ အင်းဝ လူကုန်ကူးရောင်းစား၊ စစ်ဘေးသင့် ဒုက္ခသည် စသည်စသည် အစိုးရသစ်လက်ထက်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖာထေးဖုန်းဖိ ပေးနေတဲ့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်၊ ဆင်တကောင်လုံးမြင်နေမှ ဆင်ခြေရာရှာနေရဦးမှာလား။

ဘူးသီးတောင်မောင်းတော နယ်ခြားစောင့်ရဲကင်းသုံးခု အတိုက်ခံရတဲ့အပေါ် နိုင်ငံတော်ပုန်ကန် အကြမ်းဖက်မှုအဖြစ် ပုဒ်မ ၁၄၄ ထုတ်၊ အရေးပေါ်အခြေအနေကြေညာ၊ စစ်တပ်တိုးချဲ့၊ ကာလုံအစည်းအဝေးခေါ်၊ သမ္မတရုံးမှကြေညာချက်ထုတ်ပြီး RSO လို ပြည်ပ အဖွဲ့ အစည်းများနဲ့ ဆက်စပ်ပြီး အယ်ခိုင်ဒါ လို ISIS လို အကြမ်းဖက်အဖွဲ့များရဲ့ လုပ်ပုံကိုင်ပုံမျိုးလို့ ပြောတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးနေတဲ့ ဥရောပသမဂ္ဂ EU က လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲတုန်းက မျက်နှာပျက်ခဲ့တာကို အဖတ်ဆယ်ချင်တာလား၊ မီးစိမ်းပြချင်တာလား၊ မြန်မာအစိုးရနဲ့ တသားတည်းရပ်တည်ကြောင်း ပြောတယ်။ အမေရိကန် ပြောရေးဆိုခွင့်ရှိသူကလည်း ထောက်ခံ ကူညီမယ့်အကြောင်း ပြောတယ်။ ကြီးတဲ့အမှုသေးအောင် လုပ်တာလား၊ သေးတဲ့အမှု ကြီးအောင် လုပ်တာလား။ တရုတ်နဲ့ခြောက်တာ အလုပ်သိပ်မဖြစ်လို့ ကုလားနဲ့ခြောက်ပြီး ရခိုင်ဒေသ လူ့အဖွဲ့အစည်းအတွင်း အစွန်းနှစ်ဖက် ကွဲပြားအောင် ထိုမှတဆင့် တပြည်လုံး မတည် မငြိမ်ဖြစ်အောင် တမင်လုပ်နေတာလား။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အနောက်နိုင်ငံကြီးများရဲ့ သဘောတရားအခြေခံ ဆိုတာထက် နိုင်ငံခြားရေးပေါ်လစီ ဆိုတာက ပိုမှန်ပါတယ်။ စံ- နှစ်မျိုးထား ကျင့်သုံးပါတယ်။ ကိုယ်က မောင်းသူမဲ့လေယာဉ်မှ ဒုံးနဲ့ခွင်းရင် အကြမ်းဖက်သမားကိုတိုက်တာ၊ တဖက်က ပြန်တိုက်ရင် လူ့အခွင့်အရေးချိုးဖောက်တာ။ ရဲကပစ်သတ်ရင် တရားဥပဒေစိုးမိုးရေး ဖြစ်ပြီး၊ အလုပ်လက်မဲ့ လူမဲတယောက်က ပြန်ခုခံရင် အကြမ်းဖက်တာ၊ အရပ်သားအိမ်ရာတွေကို ဒုံးနဲ့ခွင်းတာက လူ့အခွင့်အရေးကို ကာကွယ်တာဖြစ်ပြီး၊ ရဲစခန်းကိုဗုံးခွဲတာက အကြမ်း ဖက်တာဖြစ်ပါတယ်။ အာဏာရှင်တို့ ဒီမိုကရေစီတို့၊ အကြမ်းဖက်မှုတို့၊ လူ့အခွင့်အရေးတို့၊ ဆိုတာတွေဟာ လိုသလိုသုံးတဲ့ တံဆိပ်တုံးတွေပါပဲ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆုံးဖြတ်ချက် မှတ်တမ်းများမှာတော့ အကြမ်းဖက်မှုဆိုတာ အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဖွင့်ဆိုပါတယ်။

ပေါ်လစီဆိုတာ ရပ်တည်ချက်နဲ့ အကျိုးစီးပွားပေါ်ကြည့်ပြီး ချမှတ်ကြတာပါ။ ပေါ်လစီပြောင်းတော့ လေသံလည်းပြောင်းပြီပေါ့။
(၁၇ အောက်တိုဘာ ၂၀၁၆)

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ

ဇော်လတ်

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)

ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေရဲ့ ပြောစကားတွေကြားလိုက်ရပါတယ်။
“ ရဲဆေးတင်တယ်”ဆိုတဲ့ စကားက ဒီတခါတော့ အသုံးအနှုန်းနဲ့ ဖြစ်ရပ်က ကွက်တိပဲလို့ ဆိုရမယ်။

ဘာလို့လဲဆိုတော့ “ကျီးကန်းပြင် – ကိုးတန်ကောက် – ငါးခူရအရေး ” မှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားရတဲ့ သူ့လက်အောက်က ရဲတပ်ဖွဲ့အတွက် ရဲဆေးတင်ပေးဖို့ အဓိကသွားရတဲ့ ခရီးစဉ်မို့ပဲ။ သူက ဘိုလိုလည်းပြောပါတယ်။ “ moral courage ရအောင် ငါပြန်လုပ်ပေးမယ်” တဲ့။

ရဲဆေးတင်ပုံ တင်နည်းကတော့ သင်းတယ်။

(ဗကပ)နဲ့ တိုက်ခဲ့ဖူးသူကို ပွဲထုတ်ပြီး ရဲဆေးတင်ရတာဖြစ်တယ်။ စစ်ဗိုလ်စစ်သားထဲမှာတော့ (ဗကပ)နဲ့ စစ်တိုက်ရတာက သူတို့အကြား မှာ ကြွားစရာ၊ ဂုဏ်ယူစရာတစ်ခုပဲ ထင်ပါတယ်။ ဒီအချက်နဲ့ သူတို့စစ်ဗိုလ်တွေ အချင်းချင်းအကြားမှာလည်း အပြန်အလှန် ကျောကြပုံပေါ်တယ်။ ပြည်ထဲရေးဝန်ကြီးတင် (ဗကပ)နဲ့ ရဲဆေးတင်နေတာ မဟုတ်ပါ။ စစ်တပ်ပိုင် “မြဝတီသတင်းစာ” အာဘော်ကနေ ၃ ရက် ဆက်တိုက် (အောက်တိုဘာ ၁၂၊ ၁၃၊ ၁၄ ရက် ) (ဗကပ) နဲ့ရဲဆေးတင်တဲ့ အရေးအသားတွေကို သတိပြုမိပါတယ်။

ဒါတွေဟာ (ဗကပ)ကို သူတို့နည်းသူတို့ဟန်နဲ့ အသိအမှတ်ပြုတဲ့ နည်းတစ်ခုဖြစ်ပါလိမ့်မယ်။ ထားပါတော့။

ပြည်ထဲရေးဝန်ကြီးက ရခိုင်ခရီးစဉ်ကို တစ်ယောက်တည်း မလာဘူး။ အနီးကပ် စစ်ကူအဖြစ် ဇနီးမယားကို အဖော်ခေါ်ခဲ့တာဖြစ်တယ်။ “ ငါ့ ရဲမေတွေတောင် နေရဲသေးတာ၊ ငါ့မိန်းမက ဘာလို့မလိုက်ရဲရမှာလဲ၊ ဒီလိုမှ ဒို့က နေမပြရင် အားငယ်မှာပေါ့ကွ ” လို့လည်း ဆိုလိုက်သေးတယ်။ ပြည်ထဲရေးဝန်ကြီး ဒီစတန့်ထွင်မှုကို ကာချုပ်ကတော်၊ တိုင်းမှူးကတော်တွေ၊ ရဲချုပ်ကတော်တွေ လိုက်လုပ်ကြပါ့မလား။

“တစ်လက်မမှ အဆုံးရှုံး မခံနိုင်ဘူး” တဲ့။ ဒီစကားက “သူခိုးပြေးမှ ထိုးကွင်းထ” တာဖြစ်ပါတယ်။
လူပြိန်းကြိုက်ပြောနည်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဗိုလ်သန်းေဋ္ဌးပြောတာနဲ့ ပြည်ထဲရေးဝန်ကြီး ပြောတာဟာ တလေသံတည်းပဲ မဟုတ်လား။ “ မယား လေးယောက်၊ ကလေး ၄၀” ဆိုတဲ့ တွက်နည်းနဲ့ လူဦးရေပေါက်ပွားမှုကို သုံးသပ်တဲ့ နာမည် ကျော်ဘုန်းကြီးတစ်ပါးပြောတာနဲ့ တလေသံတည်းဖြစ်နေတာကို သတိပြုမိပါတယ်။

ပြည်ထဲရေးဝန်ကြီးပြောစကားတွေက ထိလွယ်ရှလွယ်လူ့အဖွဲ့အစည်းနှစ်ခုအကြား လွယ်လွယ်နဲ့သွေးမတိတ်နိုင်မယ့်အနာကို လှံနဲ့ ထိုးဆွပေးနေတာတွေပဲဖြစ်တယ်။

ရဟတ်ယာဉ်နဲ့ ဝန်ထမ်းတွေသယ်ထုတ်ပြနေတာကို ကြံဖန် ဂုဏ်လုပ်နေတယ်။ တကယ်တော့ ဒါဟာ တနပ်စား ဖြေရှင်းနည်းပဲ။ လူအဖွဲ့အစည်းနှစ်ခုကို ပိုမိုဝေးကွာစေဖို့နဲ့ နာကြည်းမုန်းတီးမှုတွေကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေဖို့ကိုသာ ဦးတည်စေပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်တို့ အဖွဲ့က သုံးသပ်ပြနေတဲ့ ( ပြဿနာမတည်မငြိမ်ဖြစ်လာတဲ့အခါ အနည်းနဲ့အများ ဘေးလွတ်ရာ ကိုရွှေ့ပြောင်းကြပါတယ်။ ပြဿနာဖြေရှင်း တည်ငြိမ်သွားတဲ့အခါမှာ မတည်ငြိမ်မှုကြောင့် ရွေ့ပြောင်းသွားသူ လူ ၁၀၀ မှာ လူ ၁၀၀ လုံးပြန်လာဖို့ မသေချာဘူး) ဆိုတဲ့အချက်ကို ပြည်ထဲရေးဝန်ကြီး နဖူးပေါ်လက်တင် စဉ်းစားကြည့်သင့်တယ်။

“ဝှိုက်ကဒ်” တွေ ထုတ်ပေးပြီး၊ ကြံ့ဖံ့ွပါတီအတွက် မဲတွေ သယ့်ယူခဲ့တာ ဘယ်သူတွေလဲ။ အခုတော့ အနောက်ဖက်က “အဝင် – အလာ တွေ”ရဲ့ လည်ချောင်းသွေးနဲ့ခြေဆေးပြီး “တစ်လက်မမှ အဆုံးမခံနိုင်ဘူး” ပြောနေတဲ့ “မျိုးချစ်စိတ်”လောက် ကောက်ကျစ် ယုတ်မာတာရှိနိုင်ပါဦး မလား။

ရခိုင်တိုင်းရင်းသားတွေကို နဘန်ကျင်းပြီး မျိုးချစ်စိတ်သွင်းပေးတဲ့စကားကလည်း ကြည့်ပါဦး။ “ ဖားကန့်မှာ သွားပြီး လုပ်စားနေမယ့်အစား ဒီနယ်မြေမှာ လာပြီးတော့ ကိုယ့်နယ်မြေကို နေပါလားကွာ၊ လက်ကြောတင်းတင်းနဲ့ လုပ်ပါလားကွာ” တဲ့။ ဘယ်လောက် စော်ကားလိုက်သလဲ။ ရခိုင်တွေ၊ ချင်းတွေ၊ ကရင်တွေ၊ ရှမ်းတွေ၊ ဗမာတွေ၊ မွန်တွေ၊ ဖားကန့်ထက်ဝေးတဲ့ အိမ်နီးချင်းနဲ့ အခြားနိုင်ငံတွေဆီ ထွက်ခွာသွားရပြီး ရရာအလုပ် မျိုးစုံ လုပ်ကိုင်နေကြရတာကို ပြည်ထဲရေးဝန်ကြီး မသိဟန်ဆောင်နေတယ်။ ချင်းပြည်နယ်မှာ “နို့သောက်နဲ့ တုတ်ထောက်” ပဲ ကျန်တော့တာကို ပြည်ထဲရေးဝန်ကြီးသိပုံမရဘူး။

ဒါ့အပြင် ဝန်ကြီးရဲ့“လူကို လူနဲ့ပြန်ကာရမယ်” ဆိုတဲ့ ဖြေရှင်းနည်းကလည်း တကယ့်အံ့ဖွယ်သုတပဲ။ ဒီအပြောမှာ တစ်ဖက်လူမှု အသိုင်းအဝိုင်းကို ချိုးနှိမ်လိုက်ပြီး။ အခြားတစ်ဖက်ကို မြှောက်ဆွပေးလိုက်ပါတယ်။ ကချင်ပြည်နယ်သွားနေတဲ့ ရခိုင်တွေကို လက်ကြော မတင်းဘူးတဲ့။
“ဖားကန့်မှာသွားပြီးလုပ်စားနေမယ့်အစား ဒီနယ်မြေမှာ လာပြီးတော့ ကိုယ့်နယ်မြေကို နေပါလားကွာ၊ လက်ကြောတင်းတင်းနဲ့ လုပ်ပါလားကွာ။ ဟိုမှာခဏတဖြုတ် ကျောက်သွားတူးမယ့်အစား ဒီမှာ ဝိုင်းကူပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ။ ဒို့ရခိုင်တွေက ကိုယ့်နယ်မြေမနေဘဲနဲ့ ကချင် ပြည်နယ်ကို သွားပြီးနေမယ်ဆိုရင် ငါတို့ ဘယ်လိုသွားလုပ်မလဲ၊ ငါတို့လူမျိုး၊ ဒို့တိုင်းရင်းသားတွေက ကိုယ့် နယ်မြေကို ပစ်ခွာသွားရင် လွတ်တဲ့နေရာကို ဝင်လာမှာကွ၊ ဒီလိုဝင်လာမှာကို မဖြစ်စေချင်ဘူး” တဲ့။

ဒင်းတို့မှာ “ တရားဥပဒေနဲ့အညီ” ဆိုတဲ့စကားကလည်း ပြောလိုက်ရတာ အမြှုပ်ကို ထွက်လို့ပါပဲ။

အောက်တိုဘာ ၉ ရက်နေ့ကတည်းက (ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေများကို)သမ္မတထံက စစ်တပ်က စိတ်ကြိုက်လုပ်ခွင့်လိုင်စင် ရထားပြီးပြီပဲ။ တကယ်တော့ “၂၀၀၈ အခြေခံ ဥပဒေ” ၊ ပုဒ်မ ၂၀ ၊ ပုဒ်မခွဲ (က မှ စ အထိ) ဘာမဆို စစ်တပ်က လုပ်နိုင်တာပဲ။ ဒီပုဒ်မတွေအရ လုပ်နေတာကို အစိုးရက ဘယ်လို ဝင်ရောက်စွက်ဖက်နိုင်မှာလဲ။ တကယ့်လက်တွေ့မှာ စစ်တပ်က ကချင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ်မှာ ထိုးစစ်ဆင်နေတာတွေကို အစိုးရ ဟန့်တားနိုင်ခြင်းမရှိပါဘူး။ တကယ်တော့ “ စစ်ဆင်ရေးနယ်မြေ အဖြစ်သတ်မှတ်တယ်” ဆိုတာ တပ်ပိုင်နယ် လုပ်လိုက်တာပဲဖြစ်တယ်။

လက်ရှိဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ် ပြန်ကြားရေးဝန်ကြီးနဲ့အဖွဲ့ရဲ့ သုံးသပ်ချက်ကတော့“အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတရားများကို အခြေပြု၍ ယခုဖြစ်စဉ် ပေါ်ပေါက်လာသည်” လို့ သုံးသပ်ပါတယ်။ ပြဿနာဇာစ်မြစ်ကို ဖော်ထုတ် သုံးသပ်ပုံ မတူလေတော့ ပြဿနာကို အဖြရှာ၊ ဖြေရှင်းပုံကလည်း ခြားနားပေတော့မယ်။

စစ်အုပ်စုကတော့ ရခိုင်ပြည်နယ်ကို သွေးနဲ့ယမ်းငွေ့တွေ အဆက်မပြတ်ထုတ်လုပ်ပေးတဲ့ အရှေ့အလယ်ပိုင်းက “ဂါဇာကမ်း မြောင်ဒေသ” လို ကျင့်သုံးချင်နေပုံရတယ်။

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ )

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

(စောအယ်ထူး)

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)

ခေတ်သစ်ဗမာပြည်သမိုင်းမှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ကိုလိုနီနယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်တဲ့ အချိန်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်တတ်ပြီး ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ တွေဝေယိမ်းယိုင်မှုတွေ ပေါ်ပေါက်တဲ့ အခါမှာ အမျိူးသားစည်းလုံးရေး စိတ်ဓာတ်ဟာလည်း လျော့ရဲလာကာ အမျိုးသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတတ်ကြပါတယ်။

ဒီလိုအမျိုးသားစည်းလုံးညီညွတ်ရေးကို အဆင့်ဆင့်၊ အကွေ့အကောက်၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာကြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးကာလကို ရောက်လာလာတဲ့အခါ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ လုံးပန်းကြရင်းနဲ့ တည်ဆောက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးဟာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိလိုက်ကြပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တွန်းလှန်အောင်ပွဲခံလိုက်ပါတယ်။ ဒီအောင်ပွဲအရှိန်ဟာ ဗမာပြည်ကို လွတ်လပ်ရေးပန်းတိုင်အထိ တွန်းပို့နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာတော်လှန်အပြီး လွတ်လပ်ရေးတိုက်ပွဲမှာ ရင်ဆိုင်ရတာက ဖက်ဆစ်ဂျပန် မဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဖြစ်နေပြန်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အောင်နိုင်သူဖြစ်ပေမယ့် သေကောင် ပေါင်းလဲဖြစ်သွားပါတယ်။ သူ့ရဲ့ကိုလိုနီနယ်ပယ်အတော်များများကို လက်လွှတ်ရတဲ့အခြေအနေ ဖြစ်သွားတယ်။ အင်္ဂလိပ် ကိုလိုနီ နယ်ပယ် ဆိုင်ရာ လုပ်ငန်းအတော်များများကို အမေရိကန်ကို လွှဲပေးလိုက်ရပါတယ်။ အတော်များများကိုလည်း လွတ်လပ်ရေးပေးရပါတယ်။ တချို့ကို ဒိုမီနီယံအဆင့်နဲ့ အုပ်ချုပ်တာ လုပ်လိုက် ရပါတယ်။

ဒီလိုလုပ်တဲ့အခါမှာအင်္ဂလိပ်နယ်ချဲ့သမားဟာ နေမဝင်အင်ပါယာပိုင်ရှင်ကြီးပီပီ သွေးခွဲအုပ်ချုပ်ရာမှာ အလွန်ပါးနပ် လိမ္မာတာကြောင့် မစားရတဲ့အမဲ သဲနဲ့ပက်တာမျိုးမှာတော့ အလွန်ကျွမ်းကျင်ပါတယ်။ ဒါကြောင့် ဖဆပလ အဖွဲ့ချုပ်ကို နည်းအမျိုးမျိုးနဲ့ သွေးခွဲပါတယ်။ ဖဆပလ အဖွဲ့ချုပ်ကလည်း ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တော်လှန်နိုင်ပြီးတဲ့အခါမှာ လွတ်လပ်ရေးတိုက်ပွဲအတွက် အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရာမှာ အလိုတော်ရိတွေကိုပါ….ပါဝင်စေလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ အင်္ဂလိပ်နယ်ချဲ့သမားအတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲဖို့ အချက်အလက်ရသွားစေခဲ့ပါတယ်။ တဆက်တည်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေးပါ သွတ်သွင်းပေး လိုက်နိုင်ပါတယ်။ ဒီလိုနဲ့ ဗမာပြည်နိုင်ငံရေးလောကမှာ လုံးဝလွတ်လပ်ရေးယူရေးနဲ့ ဒိုမီနီယံအဆင့်နဲ့နေရေးကိစ္စ ပေါ်လာပါတယ်။ မြေပြန့်ဒေသနဲ့ တောင်တန်းဒေသကိစ္စ (ပြည်မနဲ့တောင်တန်းဒေသ။ နယ်ခြားဒေသကိစ္စ) တွေ ပေါ်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်ကိုသွားပြီး လွတ်လပ်ရေးအတွက်အရေးဆိုပြီး အောင်ဆန်း-အက်တလီ စာချုပ်ချုပ်တော့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာပါတဲ့ ဂဠုန်ဦးစောနဲ့သခင်ဗစိန်တို့နှစ်ဦးဟာ စာချုပ်မှာ လက်မှတ် မထိုးကြပါဘူး။ ဒီဟာလည်း အင်္ဂလိပ်နယ်ချဲ့ သမားအတွက် အချက်အလက်ဖြစ်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ် အောက်တိုဘာလမှာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဗမာပြည်ကွန်မြူနစ်ကို ဖဆပလ အဖွဲ့ထဲကနေ ထုတ်ပယ်ပစ်လိုက်တာဟာလည်း အင်္ဂလိပ်နယ်ချဲ့သမားအတွက် အချက်အလက်ကောင်းတခု ရသွားစေရုံမက ဖဆပလ အဖွဲ့ချုပ်ထဲက ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကို အားပေးအားမြှောက်ပြုသွားခဲ့သလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်ကို ရန်သူလို သဘောမထားဘဲ ဖဆပလ-ကွန်မြူနစ် ညီညွတ်ရေးကို စိုက်လိုက်မတ်တတ် လုပ်ဆောင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗမာပြည် ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီကို ရန်သူလို့ သဘောမထားခဲ့ပါဘူး။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြိုကွဲမှုကတော့ စတင်ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်္ဂလိပ်နယ်ချဲ့ သမားဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတာ၊ နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကို လွတ်လပ်ရေးပေးတာတွေ လုပ်လိုက်တယ်။ နန်းရင်းဝန်ဟောင်း ချာချီကတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးရင် ပြည်တွင်းစစ်ဖြစ်လိမ့်မယ်ဆိုပြီး နှပ်ကြောင်းပေးလိုက်ခဲ့ပါသေးတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာပြည်လွတ်လပ်ရေးကို အသိအမှတ်ပြုတယ်။ ဒါကြောင့် လွတ်လပ်ရေး အခမ်းအနားလည်း တက်ခဲ့တယ်၊ ရွေးကောက်ပွဲလည်း ဝင်တယ်။ လွှတ်တော်လည်း တက်ခဲ့တယ်။ လွတ်တော်မှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထားနဲ့ ရှေ့လုပ်သင့်တဲ့အလုပ်တွေကို ပွင့်ပွင့်လင်းလင်းပဲ တင်ပြပါတယ်။ ဖြူးအမတ် သခင်သန်းဖေက တင်ပြခဲ့ တာဖြစ်ပါတယ်။ ဗမာပြည်လွတ်လပ်ရေးဟာ နိုင်ငံရေးအရလွတ်လပ်ပြီး စီးပွားရေး၊ စစ်ရေးတွေမှာ အချုပ်အနှောင်တွေနဲ့ ရှိနေသေးတာကို ရှင်းပြသွားခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အတိုက်အခံပါတီတခုအနေနဲ့ လွှတ်တော် (ပါလီမန်)မှာ ပြောသင့်ပြောထိုက်တာတွေကို တာဝန်ကျေစွာ တင်ပြပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဖဆပလ အစိုးရဖြုတ်ချရေး တခွန်းမှ မပါပါဘူး။ ဖဆပလ အစိုးရအနေနဲ့ အဲဒီ အနှောင် အဖွဲ့တွေကို ဘယ်လိုကျော်လွှားသင့်တယ်။ ဘယ်လို သဘောထားသင့်တယ်ဆိုတာတွေ ပြောတာဖြစ်ပါတယ်။ တနည်းအားဖြင့် တာဝန်ယူ စိတ်နဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်တာတွေကို ဝေဖန်သွားတာပဲဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရည်မှန်းထားတာက ဗမာပြည်ဟာ အမှီခိုကင်းတဲ့ လုံးဝလွတ်လပ်ရေးနဲ့အတူဗမာပြည်လူမျိုးစုံပြည်သူတရပ်လုံး လွတ်မြောက် သွားဖို့ ဖြစ်လို့ပါပဲ၊ ဝမ်းနည်းဖို့ကောင်းတာက ဗမာပြည်ကွန်မြူနစ်ပါတီမျှော်မှန်းသလို မဖြစ်လာဘဲ ဗမာပြည်ဟာ ကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်း နိုင်ငံဖြစ်သွားပါတယ်။

ဖဆပလ အစိုးရနဲ့ နိုင်ငံရေးအင်အားစုတချို့ဟာ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းနိုင်ငံအတိုင်း ဆက်ပြီးသွားလိုပါတယ်။ တနည်းအားဖြင့် ဓနရှင်ဒီမိုကရေစီလမ်းကြောင်းအတိုင်း တိုင်းပြည်ကို တည်ဆောက်သွားချင်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတချို့က ဒီမိုကရေစီသစ်(ဝါ)ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းနဲ့ တိုင်းပြည်ကိုတည်ဆောက်ချင်တယ်။ ဗမာပြည် နိုင်ငံရေးလောကမှာ အမြင်အမျိုးမျိုး အရှုပ် အထွေး အမျိုးမျိုးရှိတယ်ဆိုပေမယ့် အရင်းခံကတော့ အဲ့ဒီလမ်းကြောင်းနှစ်ကြောင်းရဲ့ ပဋိပက္ခက လာတာပဲ ဖြစ်တယ်။ ဒီပဋိပက္ခဟာ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲစေတဲ့ အက်ကြောင်းတွေပါပဲ။ ဒါပေမဲ့ ဒီပဋိပက္ခတွေကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းမယ်ဆိုရင် အမျိုးသားစည်းလုံး ညီညွတ် မှုကို ထိန်းသိမ်းနိုင်ပြီး တိုင်းပြည်ဟာလည်း ဖွံ့ဖြိုးတိုးတက်သွားမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဖဆပလ အစိုးရဟာ ဒီမိုကရေစီနည်းကျကျ မဖြေရှင်းဘဲ အကြမ်းဖက်ဖမ်းဆီးနှိပ်ကွပ်တာတွေ လုပ်တယ်။ အထူးသဖြင့် ၁၉၄၈ ခုနှစ်။ မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလစ်အငိုက်ယူပြီး ဖမ်းဆီးနှိပ်ကွပ်တာလုပ်ပါတယ်။ ဗမာပြည် ကွန်မြူနစ် ပါတီကို ရန်သူအဖြစ် သတ်မှတ်ပြီး အပြတ်ဖြိုခွင်းဖို့ လုပ်တာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အတော်များများ တကွဲ တပြား ထွက်ပြေးလွတ်မြောက် သွားကြတယ်။ တချို့ အဖမ်းခံရပါတယ်။ တကွဲတပြား ထွက်ပြေးလွတ်မြောက်သွားတဲ့ ခေါင်းဆောင် အင်အားစုတွေဟာ ပြန်လည်စုစည်းကြပြီး လက်နက်ကိုင်တိုင်ပွဲ ဆင်နွှဲလိုက်ရပါတယ်။ အဲဒါဟာ ဗမာပြည်မှာ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်စေ လိုက်တာပါ။ ပြည်တွင်းစစ်ဟာ ဗမာပြည် အမျိုးသား ပြိုကွဲမှုရဲ့ အမြင့်ဆုံးအဆင့်ပါပဲ။ ပြည်တွင်းစစ် စဖြစ်ဖြစ်ချင်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုံးပန်းပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လုံးပန်းပါတယ်။ ဖဆပလ အစိုးရက ငါနဲ့ မတူ ငါ့ရန်သူလို့ သဘောထားပြီး သဘောထားကွဲလွဲသူတွေကို အပြုတ်တိုက်ရေးပဲလုပ်ပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းစစ်ဟာ နက်ရှိုင်းကျယ်ပြန့် သွားပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကတော့ တစစီပြိုကွဲသွားပါတယ်။ ဖဆပလအစိုးရရဲ့ လက်နက်နဲ့ဒီမိုကရေစီလဲပြီး ငြိမ်းချမ်းရေးတည် ဆောက်မယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုအရ ၁၉၅၈ ခုနှစ် လက်နက်ချပွဲကြီးတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးတော့ မရခဲ့ပါဘူး။

ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်ထဲကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ ဆိုရှယ်လစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်မှာ တွင်ကျယ်လာပါတယ်။ အဲဒီလို ဆိုရှယ်လစ်ပါတီ တွင်ကျယ်လာတာနဲ့အမျှ ဖဆပလအဖွဲ့ဝင် နိုင်ငံရေးပါတီ အဖွဲ့အစည်း တွေဟာလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတဲ့နောက်မှာ ဆိုရှယ်လစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်ကို လုံး၀ အုပ်စီးမိသွားတယ်။ ဆိုရှယ်လစ်ပါတီဟာ ဆိုရှယ်လစ်ပါတီအမည်တောင် မဖော်တော့ဘဲ ဖဆပလအဖွဲ့ချုပ်နာမည်ပဲ ဆက်သုံးပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖဆပလ အဖွဲ့ချုပ်တပ်ပေါင်းစုကြီးဟာ လုံးဝပြိုကွဲသွားပါတယ်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရဖွဲ့တဲ့အခါမှာ သတင်းစာတွေမှာ ဖဆဆိုရှယ်အစိုးရလို့ပဲ ဖော်ပြလေ့ရှိပါတယ်။ ဖဆပလ အစိုးရဟာ ဆိုရှယ်လစ်တပ်မှူးတွေအားကိုးနဲ့ ပြည်တွင်းစစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး တွင်ကျယ်လာတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တစုဟာ စစ်အုပ်စုဖွဲ့တည်လာတယ်။ ၁၉၅၈-၅၉ မှာ ဖဆပလ နှစ်ခြမ်းကွဲသွားတာကိုအကြောင်းပြုပြီး ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တစုက အာဏာသိမ်းပါတယ်။ ဒါပေမဲ့ အိမ်စောင့်အစိုးရဆိုပြီး မလိမ့်တပတ်နဲ့ ပြည်သူလူထုကြီးကို လိမ်ညာခဲ့တယ်။ ပြည်တွင်းစစ်ရှိန်ကို ပိုမြှင့်လိုက်ပါတယ်။ ၁၉၆၀ မှာ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးပါတယ်။ သန့်ရှင်း ဖဆပလ အနိုင်ရပြီး ပထစ အစိုးရဖွဲ့ပါတယ်။ တည်မြဲဖဆပလ ရှုံးပါတယ်။ တည်မြဲဖဆပလကို ပင်းတဲ့ စစ်ဗိုလ်တသိုက်ကို ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့က ဓားစာခံတွေအဖြစ် တပ်က ထုတ်ပယ်ပစ်လိုက်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ဟာ သူတို့ရဲ့စစ်အုပ်စုကို တောင့်တင်းအောင်လုပ်ပြီး တပ်မတော်တခုလုံးကို သူတို့ ရဲ့လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းပါတယ်။ အဲဒီနေ့ကစပြီး တော်လှန်ရေးအစိုးရ နာမည်နဲ့ ဗိုလ်နေဝင်းစစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို ထူထောင်ပါ တော့တယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းတာကို အဲဒီတုန်းက မြေပေါ်လက်ဝဲ နိုင်ငံရေး အင်အားစုတချို့က ထောက်ခံပါတယ်။ ကျောင်းသားလူငယ်တွေက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းပေါ်နဲ့ ကျောင်းဝင်းအတွင်းမှာ ဗိုလ်နေဝင်းစစ်အုပ်စုက ကျောင်းသားရာကျော်ကို သွေးချောင်းစီး ပစ်သတ်ခဲ့တဲ့အပြင် ဇူလိုင် ၈ ရက်နေ့လင်းအားကြီးအချိန်မှာ တကသ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် ပွဲဦးထွက် လက်စွမ်းပြတာပါပဲ။

စစ်အုပ်စုက ပြည်သူတရပ်လုံး၊ နိုင်ငံရေးအင်အားစုအားလုံး၊ ကျောင်းသားလူငယ် အားလုံးကို ရန်သူအဖြစ်သဘောထားပြီး စစ်ကြေညာတာပဲ ဖြစ်ပါ တယ်။ ဗိုလ်နေဝင်းကိုယ်တိုင် ဓား-ဓားချင်း၊ လှံ-လှံချင်း ရင်ဆိုင်မယ်ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းက ိုကြေညာသွားတာပါ။

၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရက ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းပါတယ်။ တောတွင်လက်နက်ကိုင် အင်အားစု အားလုံး လာရောက်ဆွေးနွေးပါတယ်။ တော်လှန်ရေးကောင်စီအစိုးရကို ဆွေးနွေးဘက်အဖြစ် သဘောထားဆွေးနွေးပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ရန်သူအဖြစ်သဘောထားပြီး လက်နက်ချရေးကိုပဲ ဆွေးနွေးပါတယ်။ မရတဲ့အခါမှာ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းပစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မသေခင် ငြိမ်းချမ်းရေး မြင်တွေ့သွားချင်တယ် ဆိုတဲ့ဆန္ဒ မပြည့်ဝခဲ့တော့ပါ။

ဗိုလ်နေဝင်းစစ်အုပ်စုက မဆလ ပါတီ၊ ကောင်စီ၊ လွှတ်တော် ဆိုတာတွေနဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေစဉ် ၁၉၈၀ ခုနှစ်အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရန်လိုတဲ့သဘောထားတွေ မထားကြတော့ ဘဲ အပြန်အလှန် အသိအမှတ်ပြုကြပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အဆိုပြုပါတယ်။ ဗိုလ်နေဝင်းက ကွန်မြူနစ်ပါတီကို ဖျက်ပြီး မဆလထဲဝင်ဖို့၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့တပ်တော်ကိုလည်း ဖျက်ပြီး မဆလတပ်ထဲ ပေါင်းထည့်ဖို့၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အခြေခံဒေသကိုလည်း ဖျက်သိမ်းပစ်ဖို့ပဲ တောင်းဆိုပါတယ်။ အဓိပ္ပာယ်က ချွင်းချက်မရှိ လက်နက်ချရေးပါပဲ။ မရတဲ့ အခါမှာ ဗိုလ်နေဝင်းကိုယ်တိုင်ပဲ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံလူထုအုံကြွမှုကြီးက စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မတိုက်ဖျက် လိုက်နိုင် ဘဲ မဆလပါတီနဲ့ ၁၉၇၄ အခြေခံဥပဒေကိုသာ ဖျက်သိမ်းလိုက်နိုင်ခဲ့တယ်။ ဒါကြောင့် စစ်အုပ်စုက ထပ်ဆင့်အာဏာ သိမ်းတာ လုပ်နိုင်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတဲ့ကတိနဲ့ နဝတ စစ်အစိုးရကို စစ်အုပ်စုက ဖွဲ့စည်းလိုက်နိုင်တယ်။ ဒါပေမဲ့ ၉၀ ခုနှစ်မှာ ရွေးကောက် ပွဲလုပ်ပြီး ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဘဲ မျက်နှာပြောင်တိုက်ပြီး အမျိုးသားညီလာခံကို ကျင်းပတာလုပ်ခဲ့တယ်။ ၈၉ ခုနှစ်ကစပြီး နဝတအစိုးရဟာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို တဖွဲ့ချင်းစီခွဲပြီး အပစ် အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုတာ လုပ်တယ်။ အပစ် အခတ်ရပ်စဲရေး လုပ်လိုက်တဲ့အဖွဲ့အစည်းတွေမှာ တပ်ဖွဲ့တွေ တိုးချဲ့ခွင့်မရှိ၊ လူထုစည်းရုံးရေးလုပ်ခွင့်မရှိ၊ ဘဏ္ဍာရေးကောက်ခံခွင့်မရှိဘဲ စီးပွားရေး လမ်းကို ဖွင့်ပေးတယ်။ ဒီလိုနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဟာ ခေတ်ပေါ်စီးပွားရေးသမားတွေ ဖြစ်ကုန်တယ်။ အဖွဲ့အစည်း တွေဟာ ဥပဒေအတွင်းလိုလို၊ ဥပဒေပအဖွဲ့အစည်းလိုလို ဖားတပိုင်း၊ ငါးတပိုင်းအဖွဲ့အစည်တွေ ဖြစ်ကုန်ပါတယ်။ တနည်းအားဖြင့် လက် နက်ကိုင်တိုက်ပွဲလုပ်စဉ်က အဖွဲ့အစည်းတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ချေမှုန်းသလို အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ဖြတ်လေးဖြတ်စနစ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို သင်းကွပ်ပစ်ပါတယ်။ ဒါဟာ နဝတ၊ နအဖ စစ်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေကို ရန်သူလို သဘောထားပြီး တဖက်လှည့် ချေမှုန်းပစ်နေတာပဲဖြစ်ပါတယ်။

မာရသွန်အမျိုးသားညီလာခံကြီးကျင်းပပြီး ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုလုပ်နိုင်လာတဲ့အခါမှာ စစ်အုပ်စုဟာ ပိုပြီးမောက်မာလာ ပါတယ်။ ကိစ္စအဝဝကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာသာ ဖြေရှင်းရမယ်ဆိုတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး ဘောင်းဘီချွတ်တွေက ကြံ့ဖွံ့အစိုးရဖွဲ့တာဟာ စစ်အုပ်စုအနေအထားကို ခိုင်မြဲဖို့နဲ့ စစ်အာဏာရှင်စနစ် အသားကျအောင် လုပ်တာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူလူထုတွေ ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် စစ်အစိုးရ တဖြစ်လဲ ဘောင်းဘီချွတ် အစိုးရက ဂရုမစိုက်ခဲ့ပါ။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတယ်။ ဒီချုပ် အနိုင်ရတယ်။ ဒါကြောင့် ဒီချုပ်ဦးဆောင်တဲ့ အစိုးရ ပေါ်လာတယ်။ ဒီချုပ်ကတင်တဲ့ သမ္မတနဲ့ ဝန်ကြီးတွေရယ်၊ ကာချုပ်ကတင်တဲ့ ဒုသမ္မတနဲ့ဝန်ကြီးတွေရယ်ပါတဲ့ အစိုးရနှစ်ဖွဲ့လို ဖြစ်သွား ပါတယ်။ ကမ္ဘာမှာ ညွန့်ပေါင်းအစိုးရတွေ ဖွဲ့စည်းလေ့ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ပါတီကတင်တဲ့ သမ္မတနဲ့ဝန်ကြီး၊ ကာချုပ်ကတင်တဲ့ ဒုသမ္မတနဲ့ဝန်ကြီး ဆိုတဲ့ အစိုးရအဖွဲ့မျိုးကတော့ ဗမာပြည်တပြည်တည်းသာ ရှိပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရကစပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေကို ပြည်နယ်အဆင့် အပစ် အခတ်ရပ်စဲရေးတို့၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုပြီး မလိမ့်မပတ်လုပ်ပြီး NCA ဆိုတဲ့စာချုပ် လက်မှတ်ထိုးတဲ့အဆင့်အထိ ရောက် ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီချုပ်အစိုးရက ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ကျင်းပပါတယ်။ ကြံ့ဖွံ့ ဘောင်းဘီချွတ်အစိုးရ လုပ်ခဲ့တာကို ဆက်ခံပြီးလုပ်ရကြောင်း၊ ဘောင်းဘီချွတ်အစိုးရကို ကျေးဇူးတင်ကြောင်းတောင် ဒီချုပ်အစိုးရက လူသိရှင်ကြား ချီးမွမ်းခန်း လုပ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ ယုံကြည်မှုတည်ဆောက်နေကြတာကလည်း မပြီးနိုင်၊မစီးနိုင် ဖြစ်နေပါတယ်။ အကြောင်းကတော့ ကာချုပ်ရဲ့မူ ၆ ချက်ဟာ ဒီချုပ်အစိုးရက လက်နဲ့ရေးတာကို ကာချုပ်က ခြေနဲ့ဖျက်တာလုပ်ဖို့ပဲ ဖြစ်နေပါတယ်။ လက်တွေ့မှာလည်း ၂၁ ရာစုပင်လုံညီလာခံမှာ ပွင့်ပွင့်လင်းလင်း တွေ တင်ပြကြတယ်။ စိတ်ရှည်၊လက်ရှည်လည်း ဆက်လက်ဆွေးနွေးဖို့ ညှိနှိုင်းကြပါတယ်။ ညီလာခံမှာ တက်ဆွေးနွေးရတဲ့ အဖွဲ့ရော၊ ဆွေးနွေးပွဲ တက်ခွင့်မရတဲ့ အဖွဲ့တွေကိုပါ ကာချုပ်က ထိုးစစ် ဆင်တိုက်နေတယ်။ လေယာဉ်တောင် အသုံးပြုတယ်။ ကာချုပ်ကိုယ်တိုင်ကလည်း ဒီအဖွဲ့အစည်းတွေဟာ သောင်းကျန်းသူ အဖွဲ့ အစည်းတွေဖြစ်တယ်ဆိုပြီး ပြောဆိုထားတာ ဖြစ်တယ်။ ဆိုလိုတာက ရန်သူအဖြစ် သတ်မှတ်တာပဲ။

တကယ်တော့စေ့စပ်ဆွေးနွေးပွဲလုပ်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် အပြန်အလှန် ရန်သူလိုသဘောမထားဘဲ အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန်လေးစားပြီး မိတ်ဆွေသဖွယ် ဆွေးနွေးမှ စေ့စပ်ဆွေးနွေးပွဲတွေ အောင်မြင်မှာဖြစ်တယ်။ ဒါဟာ ဆရာ ဒဂုန်တာရာပြောတဲ့ ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီသဘောထားသာထားနိုင်တယ်ဆိုရင် ယုံကြည်မှု တည်ဆောက် တယ်ဆိုတာ အောင်မြင်ပြီးမြောက်တာ ကြာလှပါပြီ။

ဗမာပြည်ပြည်တွင်းစစ်တလျှောက်မှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အုပ်စိုးသူက ရန်သူလိုသဘောထားတဲ့အောက်မှာ ဆွေးနွေးခဲ့ ရတာချည်းပဲဖြစ်တယ်။ ဒါကြောင့် အုပ်စိုးသူဘက်က ရန်လိုတဲ့သဘောထားကို ပြောင်းပစ်ဖို့ လိုပါတယ်။ လက်ရှိလုပ်နေတဲ့ အပစ်အခတ်ရပ်စဲ ရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ် အုပ်စိုးသူအဆက်ဆက်လုပ်ခဲ့သလိုပဲ တနည်း မဟုတ်တနည်း လက်နက်ချ ရေးသာ ဖြစ်နေတယ်။

ဗမာပြည်မှာ စစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသရွေ့၊ ကာချုပ်ရဲ့ မူ ၆ ချက်ရှိနေသရွေ့၊ စစ်အုပ်စုက စစ်တပ်ကို လက်ကိုင်တုတ်အဖြစ်လုပ်နေနိုင်သရွေ့ ဗမာပြည်မှာ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးဟာ အလှမ်းဝေး နေဦးမှာပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကတော့ စဉ်းစားခန်းထဲတောင် ထည့်မှာမဟုတ်ပါ။

စစ်အုပ်စု၊စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကို ဖျက်သိမ်းရေး၊ စစ်တပ်ကို စစ်အုပ်စုလက်ကိုင်တုတ်အဖြစ် ကနေ လွတ်မြောက်ဖို့ ဆိုရင် ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးက အစပြုရမှာသာဖြစ်ပါတယ်။

(ပြီး)

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

ကျော်ဇင်မင်း

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇

အညာကိုမရောက်တာကြာပြီဖြစ်သော ကျွန်တော့်အတွက် ညောင်ပြာသာဒ်ကြီးကို တွေ့လိုက်ရသည်နှင့် ခံစားချက်တို့ ထက်မြက်နိုးကြား လာလေသည်။
ညောင်ပြာသာဒ်ပင်ကြီးကား ခန်းနားကြီးကျယ်လှသည်။ အုံ့အုံ့ဆိုင်းဆိုင်းရှိလှသည်။ အံ့ဘနန်း ထူးခြားဆန်းကြယ်လှသည်။ ညောင် ပင်ကြီးမှသည် ကြီးမားထယ်ဝါသော အကိုင်းကြီးတွေ အဖက်ဖက်သို့ ဖြာထွက်နေသည်။ ထိုဖြာထွက်နေသောအကိုင်းကြီးတွေမှသည် ညောင်မုတ်ဆိတ်တွေ မြေသို့ တွဲရရွဲကျဆင်းနေကြသည်။ ညောင်မုတ်ဆိတ်တို့သည် အမြစ်မှသည် ပင်စည်အဖြစ်သို့ ကြီးထွား သန်မာ လာပြန်သောအခါ ညောင်ပင်ကြီး အောက်တွင် ညောင်ပင်တွေ အများကြီးပေါက်နေသလို ဖြစ်နေသည်။ ညောင်မုတ်ဆိတ်တွေက ဘယ်တပင်ညာတပင် ပေါက်နေရာ တံခါးပေါက်တွေလို ဖြစ်နေကြသဖြင့် ထိုအပေါက်တွေကို ညောင်တံခါးတွေဟုလည်း ခေါ်ကြသည်။ ညောင်ပြာသာဒ်ပင်ကြီးသည် နန်းတော်ကြီးနှင့်ပင်တူနေသေး တော့သည်။

ညောင်တံခါးပေါက်တခု၏ အလည်တွင် ကျောက်ရေအိုးစင်တခုကို တွေ့ရသည်။ ရေအိုးအသစ်လေးတွေက ရေတွေ စိမ့်ဖြာ စိုရွှဲနေသည်။ ရေအိုးဘေးခင်းထားသောသဲပေါ်တွင် မြက်ပင်လေးတွေနှင့် စိမ်းစိမ်းစိုစိုဖြစ်နေသည်။ ရေကုသိုလ်ပြုသူ၏စေတနာကို စိမ်းစို နေသော မြက်ပင်ကလေး များပေါ်တွင် တွေ့မြင်နေရသည်။ ငယ်ငယ်က အလယ်တန်းစကားပြေတွင် သင်ခဲ့ရဖူးသော ဆရာဇော်ဂျီ၏ ဆောင်း ပါးကို သတိရမိသည်။ ရေချမ်းစင်ကလေးများသည် နွေဦးပေါက်တွင် ပုန်းနေရာမှာ ထွက်ပေါ်လာကြသော နွေဦးကျက်သရေပင်ဖြစ်သည်ဟု ဆရာဇော်ဂျီကဆိုသည်။

သို့သော် ထိုနွေဦးကျက်သရေသည် တနေ့ထက်တနေ့ ပိုမိုခက်ခဲကြမ်းတမ်းလာသော ကျွန်တော်တို့ ခေတ်ကြီးနှင့် ဆီလျော်ပါသေး၏လောဟု ကျွန်တော် တွေးတောမိလေသည်။ ရေကို ခွက်ဖြင့်ခပ်သောက်ပြီးး ခပ်သောက်ထားသောခွက်ကို ရေထဲပြန်နှစ်ခပ်ကာ နောက်တယောက်က သောက်သောစနစ်သည် ရောဂါဘယ ထူပြောလှသော ဒီနေ့ခေတ်ကြီးတွင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုများ ဖြစ်နေ လေမည်လားဟု တွေးမိလေသည်။ ယနေ့ခေတ် ဆင်းရဲသားလူတန်းစားအကြားတွင် ရောဂါဘယများသည် လွန်စွာထူပြော များပြားလာ သောကြောင့် ထိုသို့တွေးမိခြင်းဖြစ်သည်။ ရောဂါတွေပေါများလိုက်ပုံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်များ ထိုရောဂါတွေကို ဖြန့်ထား သလားဟု ထင်ရလောက်သည်။

မတွေ့ရတာကြာပြီ ဖြစ်သော အညာက မိတ်ဆွေတယောက်သည် ကူးစက်တတ်သော အသည်းရောင် အသားဝါရောဂါကြောင့် ဆေးရုံ တက်နေရသည်ကို မနေ့ကပဲ ကျွန်တော်သိခဲ့ရသည်။ ကျွန်တော့်ထက် အသက်ငယ်သော နှမဝမ်းကွဲတယောက်သည်လည်း တီဘီရောဂါကြောင့် ကွယ်လွန်ခဲ့လေပြီ။ ဘီပိုး၊ စီပိုး၊ တီဘီပိုးတွေသည် ဆင်းရဲသားတွေကို ရက်ရက်စက်စက် နှိပ်စက်ကလူမင်းမူနေလေသည်။ ကျွန်တော် မေးမြန်းစုံစမ်းကြည့်သောအခါ ဟိုတယောက်လည်း ဘီပိုးကြောင့်၊ ဒီတယောက်လည်း စီပိုးကြောင့်၊ နောက်တယောက်လည်း တီဘီကြောင့် ဟုဆိုကာ အသက်ဆုံးပါးကွယ်လွန်သွားကြသူ တော်တော်များများအကြောင်းကို ကြားလာရသည်။ ဆင်းရဲသားများအတွက်တော့ ထိုရောဂါများ သည် အေအိုင်ဒီအက်စ် ထက် ပိုဆိုးသည်ဟု ကျွန်တော် ထင်သည်။ ဘီပိုး၊ စီပိုး၊ တီဘီပိုးတို့သည် ဆင်းရဲသားတို့၏ သေမင်းတမန်များ ဖြစ်နေကြလေပြီ။

ဆေးဝါးကုသစရိတ်တို့မှာ မျက်လုံးပြူးစရာ ထိတ်လန့်ချောက်ချားစရာကောင်းလောက်အောင် ခေါင်ခိုက်နေလေသည်။ ဆင်းရဲ သားများ အတွက်ဆိုလျှင် ဘီပိုး၊စီပိုး၊ တီဘီပိုးတို့မှာ ကုမရနိုင်သော ရောဂါများပင် ဖြစ်သည်။ ချမ်းသာသူတွေက ဘန်ကောက်သွားကုကြပြီး ရောဂါပျောက် ကင်းသူတွေ ရှိကြသည်။ ဆင်းရဲသားများမှာ အိပ်မက်ပင် မမက်နိုင်ကြ။ ဘန်ကောက်သွားပြီး ဆေးကုသရသည့် ကုန်ကျစရိတ်မှာ ဆင်းရဲသားတွေ ဘာမှမစားဘဲ တသက်လုံး ရသမျှဝင်ငွေကို စုထားလျှင်ပင် လုံလောက်နိုင်လိမ့်မည် မထင်။ အထူးကုဆေးရုံကြီးများ၏ ကုန်ကျ စရိတ်မှာလည်း ဆင်းရဲသားတွေအတွက်တော့ အိမ်တွေခြံတွေချရောင်းမှ တတ်နိုင်လောက်ကြမည့် ကုန်ကျစရိတ်မျိုးဖြစ်သည်။ လူအချို့ ကျိကျိတက်ချမ်းသာနေချိန်တွင် လူအချို့ စုတ်ပြတ်သတ်နေအောင် ဆင်းရဲမွဲတေနေကြလေပြီ။ ဆင်းရဲချမ်းသာကွာဟမှုသည် မိုးနှင့်မြေလို အလှမ်းကွာနေလေပြီ။ လူအချင်းချင်း အဆင့်အတန်း ကွဲပြားကွာဟခြားနားမှုမှာ စိတ်နာစရာကောင်းသည်။ စက်ဆုပ် ရွံရှာစရာလည်း ကောင်း လှသည်။

အဆိုးချင်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မဆလခေတ်ကမှ အခမဲ့ဆေးကုသခွင့် ရှိခဲ့သေးသည်။ ခုတော့ ပြည်သူ့ဆေးရုံမှာလည်း အား လုံးကိုယ်တိုင်ဝယ်ရသည်။ အားလုံးကိုယ်တိုင် ကျခံကြရသည်။ ဒီနေ့ခေတ်ကြီးတွင် ဘာကိုမှ အလကားမရတော့ပေ။ ပိုက်ဆံဆင်းရဲသူများမှာ ဆေးရုံပေါ်တွင် အလွန်မျက်နှာငယ်ကြရသည်။ ပိုက်ဆံမပေးနိုင်လျှင် အစောင့်ကလည်း ငေါက်သည်။ အလုပ်သမားကလည်း ငေါက်သည်။ သူနာပြုနှင့် ဆရာဝန်များကား ဆိုဖွယ်မရှိတော့။ ဆရာဝန်များကား မိုးပေါ်က ကျလာသော လူတန်းစားတရပ်နှင့်တူသည်။ ဆရာဝန်ထဲက ၉၀ ရာနှုန်းသည် သူတို့ကိုယ်သူတို့ အထူးပုဂ္ဂိုလ်များ၊ သူတပါးထက် အစစအရာရာသာလွန်သူများဟု အထင်ရှိတတ်ကြသည်။ ဆင်းရဲသားများကို ကျန်းမာရေး နားမလည်ရကောင်းလား၊ ပညာဗဟုသုတနည်းရကောင်းလားဟု အထင်အမြင်သေးကြသည်။ လူမြင်လျှင် ငေါက်ချင်နေသော ဆရာဝန်တွေက ခပ်များများဖြစ်သည်။ ဆင်းရဲသားများကလည်း ဆရာဝန်များ သူနာပြုများကို ကယ်တင်ရှင်များဟု သဘောထားကာ ဘာပြောပြော ဆရာ၊ ဆရာ ခေါ်ပြီး မျက်နှာငယ်လေးတွေနှင့် ငုံ့ခံကြရသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံဝန်ထမ်းများ အကောင်းဘက်သို့ ပြုပြင်လာသည်ကြားလိုက်ရ သော်လည်း တခုလုံးလက္ခဏာနှင့် ရေရှည်လက္ခဏာ မဆောင်သေးပါ။

ဆေးမကုနိုင်၍သေသောသူများမှာ ဒီနေ့ခေတ်တွင် အလွန်ပင်များပြားလာနေသည်။ ဘယ်သူမှ သေသေချာချာ စာရင်းကောက်ယူ လေ့ လာထားတာမျိုး မတွေ့ရ။ အကယ်၍များ လက်တွေ့ကျကျ စာရင်းကောက်ယူ သုတေသနပြုကြည့်လျှင် အလွန်ကြောက်စရာကောင်းသည့် ရလဒ်မျိုးထွက်ပေါ်လာမည်မှာ သေချာလှပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးကား ဆိုးဆိုးဝါးဝါး ပျက်စီးနေလေပြီ။

အထူးကုဆရာဝန်များမှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှာသာ ပေါပေါများများ ရှိကြသည်။ အထူးကုဆရာဝန် နည်းနည်းပါးပါး ရှိသော မြို့မှာလည်း တနိုင်ငံလုံးတွင် ဆယ်မြို့ထက်ပိုလိမ့်မည်မထင်။ ကျန်မြို့များမှာ သာမန် ဆရာဝန်များလောက်သာ ရှိကြသည်။ သာမန်ဆရာဝန် တော်တော်များများမှာလည်း အားမကိုးရ။ သာမန်ဆရာဝန်များထဲတွင် အလွန်ပင် မယုံကြည်ထိုက်သော ဆရာဝန်များစွာကို ယနေ့ခေတ်တွင် တွေ့မြင်နေရလေသည်။ ရံဖန်ရံခါတွင် ကျန်းမာရေးလိုက်စားသော သာမန်ပညာတတ်တယောက်ပင် နားလည်နိုင်လောက်သော အရာမျိုးကို ရိုးရိုးဘွဲ့ရဆရာဝန်များက နားမလည်ကြသည်ကို စိတ်ပျက်လောက်စရာကြုံတွေ့ကြရသည်။ ဆရာဝန်အဆုံးဖြတ်မှားပြီး သေဆုံးကြသော လူနာများကို ယနေ့ခေတ်တွင် တွေ့မြင်နေရသည်မှာလည်း မနည်းလှတော့လေပြီ။ ဤကား ပညာရေးစနစ်ပျက်စီးလာခြင်း၏ နောက်ဆက်တွဲ အကျိုးရလဒ် ဖြစ်သည်။ ၈၈ အရေးအခင်းမတိုင်ခင်က ဘွဲ့ရသော ဆရာဝန်များမှာ သိပ်မဆိုးလှသေး။ ၈၈ နောက်ပိုင်းဘွဲ့ရသော ဆရာဝန်များမှာ မယုံကြည်ထိုက်သောသူများ အများအပြားပေါ်ပေါက်လာသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင် ဆက်လက်ပညာသင်မည်ဆိုလျှင်လည်း ထို ၈၈ နောက်ပိုင်း ဘွဲ့ရဆရာဝန်များကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခြင်း မရှိကြတော့။ ဆက်လက်ပညာသင်လိုလျှင် အနိမ့်ဆုံးအဆင့် စာမေးပွဲ တခုခု ထပ်မံဖြေဆိုပြီးမှသာ ဆက်လက်ပညာသင်ခွင့်ရကြသည်။

ဆင်းရဲသားတို့သည် ရောဂါတခုခုကျရောက်မှာကို စိုးရိမ်ပူပန်နေကြရသည်။ ရောဂါကြီး တခုခု ကျရောက်သည်နှင့် မွဲလျှင်မွဲ၊ မမွဲလျှင်သေ ဖို့သာ ရှိတော့သည်။ တခါတရံမွဲလည်းမွဲ သေလည်းသေကြရသည်။

ဆင်းရဲသားများသည် ဆင်းရဲလွန်းသောကြောင့် သူတို့ပတ်ဝန်းကျင်သည်လည်း အန္တရာယ်ထူပြောသော ပတ်ဝန်းကျင်များ ဖြစ်နေလေသည်။ သူတို့ကို အန္တရာယ်ရှိသော အရာများစွာက ဝန်းရံစုပြုံနေကြလေသည်။ သူတို့နေထိုင်သော ပတ်ဝန်းကျင်သည်လည်း အန္တရာယ် ဖြစ်သည်။ သူတို့စားသော အစားအသောက်သည်လည်း အန္တရာယ်ဖြစ်သည်။

သူတို့ရပ်ကွက်များတွင် အများဆုံးတွေ့ရလေ့ရှိသော ရေချမ်းစင်များသည်လည်း အခုအခါ နွေဦးကျက်သရေ ဟုတ်နိုင်ပါဦးတော့ မည်လားဟု ကျွန်တော် အတွေးပေါ်မိသည်။

စင်စစ်တွင်ကား ဆင်းရဲခြင်းကိုယ်၌သည်ပင်လည်း ရောဂါတခုဖြစ်နေလေသည်တကား။

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

ရဲဘော်ဖိုးသံချောင်း

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇

ကျွန်တော်တို့နိုင်ငံမှာဒီနေ့ဖြစ်ပျက်နေတာတွေ တော်တော်များများဟာ မျက်စိလည်စရာလို ဖြစ်နေပါတယ်။ ဒီမိုကရေစီစကားတွေ တဖောင်ဖောင် ပြောနေတဲ့အကြားက နိုင်ငံရေးအကြောင်းပြုတဲ့ အပြောအဆို-အရေးအသား အကြောင်းပြုပြီး အဖမ်းခံနေရတာတွေ ဆက်လက် တွေ့မြင်နေရတာ၊ ငွေကုန်ကြေးကျ အမြောက်အမြားခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ၂၁ပင်လုံညီလာခံကြီးတွေ တခြိမ်းခြိမ်း ကျင်းပနေတဲ့အကြားက တိုက်ပွဲတွေ တရံ မလပ်၊ စစ်ပြေးဒုက္ခသည်တွေ အပြေးမရပ်ဖြစ်နေရတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နေတယ်ဆိုတဲ့အချိန်မှာ အလုပ်သမားပြဿနာတွေ တိုးသထက် တိုး၊ ကျွန်ပြုခံရ တယ်ဆိုတာမျိုးအထိဖြစ်၊ လယ်သမားမြေ ဆုံးရှုံးမှုတွေ များသထက်များဖြစ်နေရတာ၊ တရားဥပဒေစိုးမိုးရေးစကားတွေ စီစီညံ အောင်ကြားနေရတဲ့အကြားကပဲ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲဖောက်ကားမှုပြဿနာဟာ ဆိုးသထက်ဆိုးလာနေတာ- ဒါတွေ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို ဗမာ နိုင်ငံသားတိုင်းက သိချင်နေကြပါတယ်။

နောက်ပြီး တယ်လီဖုန်းကိုင်တဲ့လူတွေ များသထက်များလာ၊ အင်တာနက်တက်သူတွေ များသထက်များလာ၊ အနေရာရာမှာ ပြည်ပက သင်တန်းတွေပေးတာတွေ များသထက်များလာနေတဲ့အကြားက ဒီနိုင်ငံမှာကျောင်းသားလူငယ်တွေနဲ့ မိဘတွေရဲ့မကျေနပ်မှုတွေဟာ လျော့သွား တယ်မရှိဘဲ ဘာကြောင့်တိုးသထက်တိုး များလာနေရတာလဲ။ ပြည်ပက အကူအညီမျိုးစုံ ဒေါ်လာသန်းပေါင်းများစွာ ဝင်လာနေ လျက်နဲ့ ဒေါ်လာ ဈေးနှုန်း၊ ကုန်ဈေးနှုန်းတွေ ဘာဖြစ်လို့ တောက်လျှောက်တက်နေရတာလဲ။

ကမ္ဘာကြီးကို တချက်ငဲ့ကြည့်လိုက်ပါ။

စစ်ပွဲတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ အလုပ်လက်မဲ့တွေ၊ အငတ်ဘေးပြဿနာတွေ ရက်သတ္တတပတ် မမြင်ရ၊ မကြားရဘူးလို့ ရှိလို့လား။ မရှိပါဘူး။ ကမ္ဘာပေါ်မှာ အနိဋ္ဌာရုံမြင်ကွင်းတွေကို မတူတဲ့အတိုင်းအတာ၊ မတူတဲ့အသွင်သဏ္ဌာန်တွေနဲ့ တွေ့မြဲတွေ့နေရတာကို ဆန်းစစ်ကြည့်နိုင်ရင် ဗမာပြည်ကပြဿနာကိုလည်း အဖြေထုတ်နိုင်မှာပါ၊

အင်မတန် ကြွယ်ဝထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာကိုပဲ ရဲက လူထုအပေါ် မတရားနှိပ်စက်တာ၊ တယူသန် ဖောက်ခွဲရေး သမားတွေကြောင့် အပြစ်မဲ့လူထုတွေ သေကြေကြရတာ၊ သူတို့ရဲ့အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းစတဲ့ဒေသတွေမှာ ဆင်နွှဲနေတဲ့ နယ်ချဲ့စစ်ပွဲတွေကြောင့် နှစ်ဖက်စစ်သားနဲ့လူထုတွေ သေနေကြတာ၊ ဒါတွေဟာ လျော့သွားတယ်မရှိ၊ တိုးပြီးရင်းသာ တိုးလာနေတာ တွေ့နေ ကြရပါတယ်။ လူမျိုးရေး၊ ဘာသာရေးပြဿနာ-အဓိကရုဏ်းဆိုတာတွေကလည်း အတောမသတ်။ ပြောရရင် ပထမကမ္ဘာစစ်နောက်ပိုင်း၊ ဒုတိယကမ္ဘာစစ် နောက် ပိုင်းကာလတွေနဲ့ တပုံတည်းပဲ ဖြစ်ပါတယ်။

အရှင်းဆုံး တွေ့နိုင်၊ ပြောနိုင်တဲ့အချက်တချို့ကိုပြောရရင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီး အရှိန်ရကြီးထွားလာလို့ ဥစ္စာဓနတွေ၊ ပိုင်ဆိုင်မှုတွေ ကမ္ဘာအနှံ့ ပျံ့စီးသွားတာမဟုတ်ပါဘူး။ သွေးစုပ်မှုတွေသာ ပျံ့စီးသွားတာဖြစ်ပါတယ်။ တဆက်တည်း ပျံ့ပွားတာက ကျူးကျော်မှုစစ်ပွဲ၊ အရင်းအမြစ်လုတဲ့စစ်ပွဲတွေသာ ဖြစ်ပါတယ်၊ အိုင်တီစနစ် ထွန်းကား၊ သတင်းစနစ် မြန်ဆန်လာလို့ လူတန်းစား ကွာဟမှုကို ဆွဲမညှိနိုင်ပါဘူး၊ ပိုသာ ကွာဟဆိုးဝါး စေပါတယ်။ စမ်းသပ်ခန်းတွေ၊ သုတေသနခန်းတွေထဲကနေ အရင်းအမြစ်သစ်တွေ၊ ပစ္စည်းသစ်တွေ ထုတ်လုပ်နိုင်တယ် ဆိုပေမယ့် အဲဒီအကျိုးကို ခံစားရတာဟာ ကမ္ဘာ့ထိပ်ဆုံးကသူကြွယ်တွေသာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စစ်နဲ့လက်နက်ကို လက်ရုံးပြုထားတဲ့ အရင်းရှင်စနစ်ကြီး ရှိနေသရွေ့ စစ်ပွဲတွေ၊ ဒီမိုကရေစီကိုအညီအမျှမခံစားရတာတွေ ရှိမြဲရှိနေမှာသာ ဖြစ်ပါတယ်။

အလားတူ ဗမာပြည်မှာလည်း စစ်နဲ့လက်နက်ကို လက်ရုံးပြုပြီး တိုင်းပြည်ရဲ့ဥစ္စာဓနနဲ့ အခွင့်အရေးတွေကို မောင်ပိုင်စီးထားတဲ့ စစ်ဗျူရိုကရက်ကြီးတွေရဲ့ အာဏာစက်ကို မဖယ်ရှားနိုင်သေးသရွေ့ ပြည်သူတွေ ဒုက္ခမျိုးစုံခံစားနေကြရမှာသာဖြစ်ပါတယ်၊၊ ဒီနိုင်ငံမှာ စစ်အုပ်စုရယ်လို့ ပေါ်ပေါက်လာတာကိုက ပြည်တွင်းစစ်ကြီးကိုအမှီပြုပြီး ဖဆပလလက်ယာဂိုဏ်းသားတွေနဲ့ ပူးပေါင်းပေါ်ပေါက်ခဲ့တာပါ။ အာဏာအဆက်ဆက် သိမ်းပြီးတဲ့နောက်မှာ စစ်ဗျူရိုကရက်လူတန်းစားရယ်လို့ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။ လူထုကို ပြည်တွင်းစစ်နဲ့ ခြိမ်း ခြောက်၊ အာဏာသိမ်းပွဲတွေနဲ့ အနိုင်ကျင့်ပြီး ကိုယ်ပိုင်ဓနဥစ္စာတွေ ခိုးဝှက်စုဆောင်းခဲ့ရာကနေ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာတော့ ဦးပိုင်အပါအဝင် သူတို့ရဲ့ဓနအဆောက်အအုံတွေကို တရားဝင် ကြေညာထူထောင်ခဲ့ပါတယ်။ တပါတည်းမှာ သူတို့ရဲ့ခရိုနီပေါင်းစုံဟာလည်း အမှောင်ရိပ်ထဲကနေ တရားဝင်ခုန်ထွက်လာကြပါတယ်။ ဒီလို တိုင်းပြည်ကို ရာစုနှစ်တဝက်ကျော်အုပ်စိုးပြီး တည်ဆောက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဓနအဆောက် အအုံနဲ့ အာဏာအသိုက်အအုံကို ကနေ့အခါမှာ ဖယ်ရှားပစ်လိုက်နိုင်ပြီလို့ ဘယ်သူ ပြောနိုင်ပါသလဲ။ အဲဒီစစ်အုပ်စုဟာ သူတို့ရဲ့ရှုံးနိမ့်မှုကို သဘောထားကြီးစွာနဲ့ ဝန်ခံအသိအမှတ်ပြုလိုက်ပြီလို့ ဘယ်သူပြောနိုင်ပါသလဲ။ အသိသာဆုံး သာဓကတခုကတော့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေနဲ့ အဲဒါကြီးကို ဒီနေ့ သူတို့ အသေအလဲ ကာကွယ်နေကြတယ် ဆိုတဲ့အချက်ပါပဲ။ ဒီတော့ ဒီနေ့မှာ တွေ့နေရတဲ့ နားမလည်နိုင်စရာတွေကို သုံးသပ်ရာမှာ ဒီအချက်ကို ထည့်မစဉ်းစားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘီလူးစည်း လူစည်း ခွဲနိုင်ဖို့လိုပါတယ်။ တည့်တည့်ပြောရရင် လူတန်း စား စည်းခွဲခြားဖို့ပါ။ ဒီနေ့ ဒီတိုင်းပြည်မှာ ဘယ်သူတွေ ကောင်းစားပြီး ဘယ်သူတွေ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို ပြန်စဉ်းစားလိုက်ရင် အခြေအနေကို အရှင်းသားနားလည်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်းကနဲ့ ဘာများ ခြားနားပါသလဲ။ မတူခြားနားတဲ့နေရာ၊ မတူခြားနားတဲ့ရာသီဥတုမှာ မြင်တွေ့ရတဲ့ ရောဂါဟောင်းလို့ပဲ ဆို ချင်ပါတယ်။ နာတာရှည်ရောဂါပါ။

ဒီနေ့ ဗမာပြည်အကြောင်းပြောတိုင်း ထိပ်တန်းကပါနေတဲ့ ပြည်တွင်းစစ်ကိစ္စကိုပဲ ပြန်ကြည့်ပါ။ ဒီပြည်တွင်းစစ်ဖြစ်ပေါ်ရတာဟာ ဒီမိုကရေစီကို အညီအမျှ ခံစားခွင့်မပေးတာကနေ ၁၉၄၈ ခုနှစ်မှာ စတင်ပေါ်ပေါက်တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ တိုင်းရင်းသား ဒေသတွေကို အစိုးရစစ်တပ်တွေ ချထားရာကနေ အဲဒီစစ်တပ်တွေက ပြည်သူလူထုအပေါ် မတရားအနိုင်ကျင့်တာတွေ များလွန်းလာလို့ တိုင်းရင်းသားတွေက လက်နက်ကိုင် တိုက်ကြတာဖြစ်ပါတယ်။ အခုလည်း ဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင် လူတိုင်း- ဆင်းရဲချမ်းသာ၊ သူ့လူကိုယ့်လူမရွေး- ကို ဒီမိုကရေစီ အညီအမျှ ခံစားခွင့်ပေးတာ၊ အစိုးရစစ်တပ်တွေကို စည်းကမ်းတကျ ပြန်ထိန်းချုပ်တာတွေက စရပါ လိမ့်မယ်။ လူတန်းစားပြဿနာ၊ လူတန်းစားစစ်ပြဿနာဖြစ်ပါတယ်။

အိုးအိမ်ဖျက်သိမ်းတာ၊ မြေယာလုယက်တာ၊ မူးယစ်ဆေးဝါးကုန်ကူးတာ စတဲ့ကိစ္စတွေကျတော့ပိုလို့တောင်ရှင်းပါတယ်။ စစ် ခရိုနီကြီး တွေနဲ့ပြည်ပအရင်းရှင်ကြီးတွေ ကောင်းစားဖို့အတွက် ဗမာပြည်ကဆင်းရဲသားပြည်သူလူထုကို အနိုင်ကျင့်တာဆိုတာ ဘယ်သူမဆို သိပါတယ်။

စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့ခရိုနီတွေ၊ ကပ်ပါးရပ်ပါးတွေကို အထီးကျန်ထားပြီး ကျန်လူတန်းစားများ၊ အင်အားစုများ သွေးစည်းကြဖို့အလွန်အရေးကြီးပါတယ်။

ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာ

သို့-
ဗဟိုကော်မတီ
ဗြိတိန်ကွန်မြူနစ်ပါတီ

မှ
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

အကြောင်းအရာ။ ။ ဗြိတိန်ကွန်မြူနစ်ပါတီ၏ (၅၄) ကြိမ်မြောက်ကွန်ဂရက်သို့ သဝဏ်လွှာပေးပို့ခြင်း။

ချစ်လှစွာသော ရဲဘော်များခင်ဗျား-

ကမ္ဘာ့လုပ်သားပြည်သူများအနေဖြင့် နယ်ချဲ့သမားများက အရင်းရှင်စနစ်ကျဆုံးမှုကို ကာကွယ်ရေး အတွက် အရူးအမူးလုံးပန်းမှုကို ရင်ဆိုင်နေရသောအချိန်တွင် အရှေ့တောင်အာရှတိုက်နိုင်ငံတခုမှ မိမိတို့က ကမ္ဘာပေါ်ရှိအရင်းရှင်နိုင်ငံအများစုတည်ရှိရာ ဥရောပတိုက်တွင် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြ သောရဲဘော်များ၏ ကွန်ဂရက်ကို ဂုဏ်ပြုနှုတ်ဆက်လိုက်ပါသည်။

အင်အားကြီးနိုင်ငံကြီးများအကြား စစ်အေးခေတ်လွန်ကာလ နယ်မြေလုယက်မှုနှင့်ခွဲဝေမှုမှာ အဆုံး သတ်ဖို့နေနေသာသာ လက်တွေ့တွင် ပို၍ပြင်းထန်၊ ပို၍ကောက်ကျစ်လာသည်ကိုတွေ့နေရသည်။ သူတို့၏ နယ်ချဲ့အားပြိုင်မှုကြောင့်ဖြစ်ပေါ်လာသော စစ်ပြေးဒုက္ခသည်နှင့်ပြန်လည်နေရာချထားရေးပြဿနာသစ်များ သည်သမိုင်းတွင်မကြုံဖူးလောက်အောင် များပြားလာသည်။ ယခုလိုအမေရိကန်နယ်ချဲ့သမားက တရုတ်ပင် လယ်တွင်စစ်အင်အားစုပြုံရန် လုံးပန်းမှုကြောင့် တရုတ်ပြည်အတွက်အနောက်ဖက်တံခါးပေါက်များရှိရာ ဗမာ ပြည်မှာလည်း ဤဝဲဂယက်အတွင်းသို့ ဆွဲသွင်းခြင်းခံရပါတော့သည်။ ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးနိုင်ငံ ကြီးနှစ်ခုအကြားတွင်တည်ရှိကာ ကမ္ဘာ့အရေးအပါဆုံးပင်လယ်ရေကြောင်းများပေါ်တွင် တည်ရှိနေသည့် ကျွန်တော်တို့၏မြန်မာနိုင်ငံ၏နိုင်ငံရေးကို အင်အားကြီးနိုင်ငံများက အမြဲပင် မျက်ခြည်ပြတ်မခံစောင့်ကြည့်နေ ကြပါသည်။ ယခုအခါတွင် အနောက်နိုင်ငံများ၏ ဗမာပြည်နိုင်ငံရေးကို စွက်ဖက်ရန် အကြံအစည်များကို မြန်မာနိုင်ငံအတွင်းတွင် အစွမ်းကုန် အကောင်အထည်ဖော်နေကြပါသည်။

ဤကဲ့သို့သောအခြေအနေအောက်တွင် ဥရောပတိုက်ပြည်သူများ၏နယ်ချဲသမားများကို ထိန်းချုပ်ရန် တိုက်ပွဲဝင်လှုပ်ရှားကြသည်များမှာ ကမ္ဘာ့ပြည်သူများအတွက် အကျိုးကြီးလှပါသည်။ ဗီယက်နမ်စစ်ပွဲတုန်းက လိုပင် ကျွန်တော်တို့အားလုံး စည်းလုံးကာ နယ်ချဲ့အင်အားစုများ၏ တကမ္ဘာလုံးအား မီးလောင်တိုက်သွင်းရန် ကြံစည်မှုများကို တွန်းလှန်ကြရပါမည်။

ကျွန်တော်တို့နိုင်ငံတွင် အသစ်တင်မြှောက်လိုက်သောအစိုးရ၏ အကန့်အသတ်များကိုမြင်တွေ့လာကြ သည့်ပြည်သူများ၏ မာ့က်စ်ဝါဒကိုစိတ်ဝင်စားမှုနှင့်တိမ်းညွှတ်မှုတိုးပွားလာနေပါသည်။ ကျွန်တော်တို့အနေ ဖြင့် ဤအခွင့်ကောင်းကိုအသုံးပြုကာ ကျွန်တော်တို့နိုင်ငံမှပြည်သူများနှင့်အတူ ပါတီလုပ်ငန်းများကို အားသစ် လောင်းသွားကြပါမည်။

ဗြိတိန်ကွန်မြူနစ်ပါတီ၏ငါးဆယ့်လေးကြိမ်မြောက်ကွန်ဂရက်အောင်မြင်ပါစေ။

ဗြိတိန်ကွန်မြူနစ်ပါတီနှင့်ဗမာပြည်ကွန်မြူနစ်ပါတီတို့အကြားမှ ညီနောင်ပါတီဆက်သွယ်ရေးအဓွန့်ရှည်ပါစေ။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ

Felicitation to the Fifty-fourth Congress of the Communist Party of Britain


download_tocbr