Monthly Archives: October 2016

ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။

ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။

ကျွန်မသား–ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ

ရဲဘော်ရှုယဉ်

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

(၁)

ဒီနှစ်(၂၀၁၆)ထဲ တရုတ်ပြည်တဝန်းမှာကျင်းပတဲ့–အနှစ်(၈၀)ပြည့် ခရီးရှည်ချီတက်ပွဲ(Long March) အခမ်းအနားတွေမှာ အသက်(၉၀) ပတ်လည် တပ်နီတော်သား (Red Army)ဟောင်းတွေ တက်ရောက်လာကြပါတယ်။ (၁၀၄)နှစ်ရွယ် ရဲဘော်ဟောင်းကြီးတဦးတောင် ပါသေး။ ခရီးရှည်ချီတက်ပွဲဆိုတာက-တရုတ်ကွန်မြူနစ်တွေ ဦးစီးတဲ့ တပ်နီတော်က အဲဒီကာလ တရုတ်ပြည်ကို အုပ်ချုပ်နေတဲ့ ချန်ကေရှိတ်-ကူမင်တန် တပ်များရဲ့ ပြင်းထန်လှတဲ့ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ချေမှုန်းမှုများကို မခံနိုင်တော့တဲ့အဆုံး ဒီတိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် သူတို့ တတွေ တည်ဆောက်ထားတဲ့ တရုတ်ပြည်တောင်ပိုင်းမှာ ရှိတဲ့ အခြေခံဒေသတွေ (ကျင်ကန်းစန်း အပါအဝင်) ကို စွန့်ပစ်ပြီး ဟိုးအရှေ့မြောက် ဘက်ဒေသ (ယင်အန်း)ကို တတပ်လုံး သေနင်္ဂဗျူဟာ ရွှေ့ပြောင်းချီတက်မှုပါ။ ၁၉၃၄-အောက်တိုဘာလက စလို့ ၁၉၃၅-အောက်တိုဘာလ ကုန်အထိ-တနှစ် ကျော်ကြာတဲ့ ခရီးရှည်ကြီးပါ။ မိုင်ပေါင်း(၅၀၀၀)ကျော်ရှည်လျားပြီး အလွန်ခက်-အလွန်ခေါင်တဲ့အရပ်တွေကို ခက်ခက်ခဲခဲ ဖြတ်ရရုံမက လိုက်လံတိုက်ခိုက်တာ-အမျိုးမျိုးကိုလည်း တွန်းလှန်တိုက်ခိုက်ရတာလည်းဖြစ်တာကြောင့် စထွက်တုန်းက လူပေါင်း(၁၃၀၀၀၀) တသိန်းသုံးသောင်းကျော် ဟာ-ယင်အန်းရောက်တော့ တသောင်းသာသာလေးပဲ ကျန်ပါတော့တယ်။

အဲဒီ-ခရီးရှည်လမ်းတလျှောက်မှာ ပါခဲ့ပြီး ယနေ့အထိ အသက်ရှင်ကျန်ရစ်သူ တပ်နီတော်သားဟောင်းကြီးများက အခါကြီးရက်ကြီးတွေ (နိုင်ငံ တော်နေ့၊ တပ်မတော်နေ့စသဖြင့်)မှာ သူတို့ အတွေ့အကြုံတွေကို ကျောင်းတွေမှာ လိုက်လံဟောပြောကြပါတယ်။ ရုပ်မြင်သံကြား သတင်းဌာန များက ပြုလုပ်တဲ့ တိုက်ရိုက်လွှင့်ပေးတဲ့ပွဲများမှာလည်း-သူတို့တက်ရောက် ဟောပြောကြပါတယ်။

အခုခေတ် လူငယ်တွေကို-သူတို့တတွေ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ဘယ်သူတွေဘယ်လို စွန့်လွှတ်အနစ်နာခံသွားကြတယ်။ ဒါ့ကြောင့် ဒါတွေကို တန်ဖိုးထားဖို့၊ ဒီအာဇာနည်တွေကိုလည်း မမေ့ဖို့၊ နိုင်ငံရေးအရ ပညာပေးကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ပွဲတွေမှာလည်း သူတို့ချည်းပါပဲ။ အဲဒီတပ်နီ တော်သားကြီးများဟာ ခရီးရှည် ချီတက်ပွဲတုန်းက ကလေးစစ်သားများပါ။ သူတို့ဘဝတွေကို ပြန်ပြောပြရာမှာ တချို့က မိဘမဲ့တွေ(တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌ မော်စီတုန်းနဲ့ ပထမဇနီး ယန်ခိုက်ဟွေနဲ့ရတဲ့ သားလေး ၃ ယောက်ဟာလည်း မိခင်ကို ဂျပန်ဖက်ဆစ် တွေက ခေါင်းဖြတ်သတ်ပစ်လိုက်ပြီးနောက် ရှန်ဟဲရောက်သွားပြီး မိဘမဲ့လေးတွေအဖြစ် လမ်းတကာ လှည့်လည်တောင်းစားရတဲ့ ဘဝ ရောက်ခဲ့ရဖူးတယ်) တချို့က မိဘက ဆင်းရဲလွန်းလို့ မကျွေးနိုင်လို့ ရပ်တကာ လှည့်တောင်းစားနေကြရသူတွေ-သူတို့ လှည့်ပတ် သွားလာ နေကြရင်း တပ်နီတော်နဲ့တွေ့ပြီး ထမင်းကျန် ဟင်းကျန် တောင်းစားကြရင်း တပ်နဲ့ ပါလာကြသူတွေ။ သူတို့ရဲ့ အသက် အတိအကျ လည်း မသိကြဘူး။ တပ်ထဲရောက် တော့ မှန်းပေးထားတဲ့ အသက်တွေ။ တချို့က ၁၀နှစ်-၁၁နှစ်သားတွေပဲတဲ့။

အခုတော့ သူတို့တတွေက နောင်မျိုးဆက်တွေကို တော်လှန်ရေးအမွေ နိုင်ငံရေးအမွေတွေ လက်ဆင့်ကမ်းပေးနေရတဲ့-နိုင်ငံရေးမှူး တွေဖြစ် နေကြပါပြီ။ ဒါ့အပြင်- တရုတ်ပြည်မှာ- ကလေးများနေ့(ဇွန်လ-၁-ရက်နေ့)ဆိုရင် ကလေးပညာပေးကားတွေ ပြတတ်ပါတယ်။ မပါမပြီး-ကားလေးတကားကတော့ –“တပ်သားငယ်လေး–ကျန်းကဲ” ဆိုတဲ့ကားပါ။ ဂျပန်ခုခံရေးစစ်ပွဲအတွင်း-ဂျပန်က အဘွားဖြစ်သူကို သတ်ပစ် လိုက်လို့- အစကတည်းက မိဘမဲ့ကလေး-ကျန်းကဲဟာ သူတို့ရွာနားပတ်လည်မှာ လှည့်လည်လှုပ်ရှားနေတဲ့ ပြောက်ကျားတပ်ကို ရအောင်ရှာပြီး-ဆက်သားအဖြစ် တာဝန်ယူ လုပ်ကိုင်ရတာတွေ-ဂျပန်စခန်းတွေအကြားသွားပြီး ထောက်လှမ်းရတာတွေ-စတဲ့အကြောင်းအရာတွေပါ။

ဒါတွေကတော့-တရုတ်တော်လှန်ရေးတပ်ဖွဲ့များအတွင်း မလွှဲမရှောင်သာ ရောက်ရှိလာကြရတဲ့ ကလေးစစ်သားများရှိခဲ့တယ် ဆိုတာကို နိဒါန်းချီ တာပါ။

(၂)

ထို့အတူပဲ-ကျွန်မတို့ရဲ့ ဗမာပြည်တလွှားရှိခဲ့တဲ့-ရှိဆဲလည်းဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များအတွင်းမှာလည်း ကလေးအရွယ် (မိဘလူကြီးသူမများ အုပ်ထိမ်းမှုအောက်မှာ အပူအပင်မဲ့စွာ-စာသင်ကြားနေရမယ့် အရွယ်လေးများ)-အများအပြား ရှိခဲ့ပါတယ်။ ဒါတွေဟာ-ကျွန်မတို့ရဲ့ စိတ်ဆန္ဒ တွေနဲ့ ကင်းစွာဖြစ်ပေါ်လာခဲ့တဲ့-လက်တွေ့ဖြစ်ရပ်တွေပါ။ လူမျိူးပေါင်းစုံ ပြည်သူတွေအပေါ် ရန်သူလိုသဘောထားပြီး မပြီးနိုင်မစီးနိုင်-စစ်ဆင် တိုက်ခိုက်ပြီး ပြည်တွင်းစစ်ကြီးအတွင်း-စီးပွားရေးအရလည်း မတန်မဆ ချမ်းသာလာ-အင်အားအရလည်း-ဘယ်သူမှမယှဉ်နိုင်အောင်-ကြီးထွား လာနေပြီး ဩဇာအာဏာ ကြီးမားလာလို့-ပြည်တွင်းစစ်ကို ‘ပိုးမွေးသလို-မွေးနေတဲ့’ ဗမာ့တပ်မတော်တွင်းက-ကလေးစစ်သားများ အကြောင်း ကတော့ မကြာခဏ သတင်းတွေမှာ ပါလာပြီးဖြစ်ပါတယ်။

ဒီကလေးစစ်သားပြဿနာဟာ ပြည်တွင်းစစ်ကြီး ရှိနေသရွေ့ ဆက်လက်ရှိနေမှာပါ။ ဒီပြဿနာကို အရင်းအမြစ်ကနေ တကယ်ပဲ ဖြေရှင်း ချင်ရင်တော့-ဒီပြည်တွင်းစစ်ကြီးကို ရပ်စဲပြီး လူမျိုးပေါင်းစုံ-အဖွဲ့အစည်းပေါင်းစုံ-လူတန်းစားအလွှာပေါင်းစုံ-တန်းတူအခွင့်အရေးရရှိနိုင်တဲ့-ဘက်စုံ က ပြည့်စုံတဲ့-ပြည်တွင်းငြိမ်းချမ်းရေးတရပ်-ရအောင်ဝိုင်းဝန်းကြိုးစားကြရမှာပါ။
(၃)
ဒီနေရာမှာ-ကျွန်မကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားလေးများအကြောင်း ပြောပြပါဦးမယ်။

ကျွန်မတို့-ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့-ပြည်သူ့တပ်မတော်က ၁၉၆၈ခုနှစ် ဇန်နဝါရီမှာ ဗမာပြည်အရှေ့မြောက်ဒေသ ‘နယ်စိမ်း’ ကို တိုးဝင်ပြီး အဲဒီဒေသကပြည်သူတွေ ဝ၊ ရှမ်း၊ လားဟူ၊ အခါ (အများစုက-ဝ-လူမျိူး)စတာတွေကို လွတ်မြောက်စေခဲ့ပါတယ်။ ဒေသခံ-အုပ်ချုပ်သူများ ဖြစ်တဲ့ စော်ဘွားများ နယ်စားပယ်စားများလက်အောက်မှာ ကျေးကျွန်များသဖွယ် အလွန်ပင်ပန်းဆင်းရဲကြီးစွာနေထိုင်ခဲ့ရတဲ့-လူအများအပြား လွတ်မြောက်လာခဲ့ကြပြီး-ကျွန်မတို့တပ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။ အဲဒီအုပ်တွေထဲမှာ-ကလေး အုပ်တအုပ် လည်း ပါလာပါတယ်။
အဲဒီဒေသတွေမှာ စော်ဘွားတွေက-ပဒေသရာဇ်တပိုင်း-ကျေးကျွန်တပိုင်းစနစ်နဲ့ အုပ်ချုပ်နေတာပါ။ သူတို့က သူတို့ဒေသရဲ့ ခေတ်နောက်ကျတဲ့ ကျေးကျွန်စနစ်နဲ့ ပဒေသရာဇ်စနစ်ရဲ့ အစဉ်အလာဟောင်း၊ ဓလေ့ထုံးစံဟောင်းဖြစ်တဲ့ ‘ခေါင်းဖြတ်ယဇ်ပူဇော်’တဲ့ အစဉ်အလာကို ထိန်းသိမ်း ထားခဲ့တာပါ။ ဒီလို ယဇ်ပူဇော်ဖို့ ကလေးငယ်လေးတွေကို ဝယ်ထားတတ်ပါတယ်။ တချို့ကတော့ ကြွေးနဲ့သိမ်းခံထားရတာဖြစ်ပြီး-တချို့ ကတော့-အုပ်စုတိုက်ပွဲတွေမှာ ရှုံးတဲ့အုပ်စုမှ ကလေးများကို ဖမ်းခေါ်လာတာပါ။ အဲဒီကလေးတွေ အရွယ်ရောက်ရင်(၁၅-၁၆နှစ်) သူတို့ရဲ ထုတ်လုပ်ရေး တောင်ယာ စိုက်ခင်းများ ကောင်းဖို့ (ဆန်ရေစပါးတိုးများဖို့ဆိုပြီး) ခေါင်းဖြတ်ပြီး ယဇ်ပူဇော်တာခံရပါတယ်။ သူတို့လေးတွေရဲ့ပါးမှာ ပါးရဲထိုးထားပြီး အမှတ်အသားပြုထားပါတယ်။ ရွာတိုင်းမှာအဲသလိုကလေးမျိုး-ဆယ်ဂဏန်းထိ ရှိတတ်ပါတယ်။ ကျွန်မတို့တပ်တွေက အဲဒီဒေ သရှိ စစ်အစိုးရ ဖောက်ပြန်ရေးတပ်တွေ၊ ကူမင်တန်တပ်ကြွင်းတပ်ကျန်တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေစတဲ့ ဖောက်ပြန်ရေးတပ်တွေကို တိုက်ခိုက်ချေမှုန်းပြီး အဲဒီဒေသကို လွတ်မြောက်စေလိုက်တဲ့အခါ စော်ဘွားဆိုများ ထွက်ပြေးသွားပြီး အဲဒီကလေးအုပ်ကြီး ကျန်ခဲ့ပါတယ်။ စားရမဲ့မဲ့-သောက်ရမဲ့မဲ့နဲ့(တချို့ဆို အဝတ်တောင်မပါဘူး။) ကလေးတွေကို ပါတီခေါင်းဆောင်တဲ့ ပြည်သူတပ်မတော်က တပ်သားကလေးအဖြစ် မွေးမြူစောင့်ရှောက် မိဘမဲ့ ကျောင်းထောင်ကာ ပြုစုပျိုးထောင်ပေးခဲ့ဖူးပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆိုတာ ပါတီခေါင်းဆောင်တဲ့ လယ်သမားစစ်ပွဲပါ။ လယ်သမားတွေက စစ်ဝတ် ဝတ်ပြီး ဖောက်ပြန်တဲ့ အုပ်စိုးသူလူတန်းစားကို တိုက်ပွဲဝင်နေတာပါ။ ပါတီခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်ဟာ အဖိနှိပ်ခံလူမျိုးပေါင်းစုံနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံရဲ့ ‘အိမ်ထောင်စုကြီး’ ဖြစ်သလို ‘ပညာသင်ကြားပေးတဲ့ ကျောင်းတော်ကြီး’ တခု ဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံ ကလေးလူကြီး စသဖြင့် ပျိုပျိုအိုအို ပါဝင်နေတာ မဆန်းပါဘူး။ ဒီလိုတပ်မတော်သားတွေကို လူသားတွေပီပီ၊ လူ့အခွင့်အရေး ခံစားခွင့်ရှိအောင်၊ တန်းတူ ဆက်ဆံခွင့် ရှိရှိမဆိုတာကသာ အဓိကပါ။ ဒါတွေနဲ့ ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော် လှန်ရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်နဲ့ အရှေ့မြောက်နယ်စပ်ဒေသ ဖွင့်လှစ်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၁၉၇၈ ခုနှစ်က) ရိုက်ကူးခဲ့တဲ့ “ငြှိမ်းမရတဲ့ မီးတောက်မီးလျှံ” မှတ်တမ်းတင် ရုပ်ရှင်ကားမှာ ထည့်သွင်းရိုက်ကူးခဲ့ဖူးပါတယ်။

ဒါ့အပြင် တော်လှန်ရေးဆိုတာ ဘယ်တော်လှန်ရေးမှ တနေ့တရက် စသဖြင့် အချိန်တိုနဲ့ ပြီးမြောက်အောင်မြင်ခဲ့တာရယ်လို့ မရှိခဲ့ဖူးပါဘူး။ ရေရှည် ဆင်နွှဲရစမြဲပါ။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဟာ တော်လှန်ရေးလမ်းခရီးမှာ အရွယ်ရောက်ကြတော့ တော်လှန်ရေးအိမ်ထောင်တွေ ထူ ထောင်ကြရတာပါ။ မိမိတို့ တော်လှန်ရေးဇနီးမောင်နှံက ပွားစည်းလာတဲ့ သားသမီးရတနာတွေကို တော်လှန်ရေးထဲမှာ ပြုစုပျိုးထောင် လူလား မြောက်အောင် စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီလိုနဲ့ အရွယ်လေးတွေရလာတော့ တော်လှန်ရေးထဲက စာသင်ကျောင်းမှာ စာသင်ပေး၊ တော်လှန် ရေးလက်တွေ့ အတွင်းမှာ တော်လှန်ရေးလုပ်ငန်းတချို့မှာ ပါဝင်လုပ်ကိုင်ခိုင်းရင်း ဥပမာ- မိမိဘေးမှာ ကိုယ်ရံ၊ မြင်းထိန်းစသဖြင့် လုပ်ကိုင် ခိုင်းရင်း တော်လှန်ရေး တပ်သားလေးတွေ ဖြစ်လာတာပါ။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့အတွင်းမှာ တော်လှန်ရေးတပ်သားကလေးတွေ ရှိနေတာ ရှောင်လွှဲမရနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တခုပါ။

ကျွန်မတို့ နည်းတူ ဗမာပြည် အဖိနှိပ်ခံ တိုင်းရင်းသားတွေကလည်း အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး အတွက် ကိုယ်တိုင်နိုင်ငံရေးပါတီ၊ ကိုယ်တိုင်တပ်မတော်တွေနဲ့ တိုက်ပွဲဝင်နေကြတာပါ။ ဒါကြောင့် သူ့အမျိုးသားတပ်မတော်ထဲ သူ့လူမျိုးတွေ အသက် အရွယ် ကြီးကြီးငယ်ငယ် ပျိုပျိုအိုအိုကလေးကစ ပေါင်းစုံပါဝင်နေတာ မထူးဆန်းပါဘူး။

တော်လှန်ရေးဆိုတာ စနစ်ဟောင်း ဓလေ့ထုံးစံဟောင်းတွေကို တိုက်ဖျက်ပစ်ပြီး လူမှုစနစ်သစ်တရပ် ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ လူသားလူ့အဖွဲ့အစည်းအတွင်းမှာ ဆင်းရဲဒုက္ခ အနိဋ္ဌာရုံတွေကို မမြင်ချင် မတွေ့ချင်ကြလို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်တယ်။ သဘာဝရဲ့ အလှတရားတွေကို မြတ်နိုးတန်ဖိုးထားသူတွေဖြစ်တယ်။ နှလုံးသား နူးညံ့သူတွေဖြစ်တယ်။ တော်လှန်ရေးသမားပီပီ တော်လှန်ရေး လုပ်ငန်းတွေကို လူထုအကြား လှည့်လည်လုပ်ကိုင်နေရင်းက ဒုက္ခအဝဝ ရင်ဆိုင်နေရတဲ့ မိဘမဲ့ ကလေးသူငယ်တွေ တွေ့ရရင် မကြည့်ရက် မရှုရက်ဖြစ်ပြီး ကောက်ယူ မွေးစားမိကြတာပါပဲ။

(၄)

ဒီလိုနဲ့ကျွန်မမှာလည်း သားလေးတယောက်ရခဲ့ပါတယ်။ (ကျွန်မလိုပဲ ကျန်တဲ့ရဲဘော်တွေလည်း ကောက်ယူ မွေးစားမိခဲ့ကြတာပါပဲ။) သူ့နံမည်က-ညီရှင်း-တဲ့။ တကယ်တော့ ရတုန်းက (၃)ယောက်ပါ။ ဒါလေးက လက်ကျန်ပေါ့။ ရှေ့တန်းကပြန်လာတဲ့ တပ်ဖွဲ့တဖွဲ့က သူတို့ ကောက်ရလာတဲ့ ကလေးတွေထဲက အငယ်ဆုံးလေး(၃)ယောက်ကို ကျွန်မတို့ ဆေးကျောင်း ဝင်အပ်သွားပါတယ်။ ကျန်(၂)ယောက်က ဆေးကျောင်းမှာ မပျော်ဘူး။ သူတို့ရွာသားချင်းတွေရှိတဲ့-တပ်ကိုပဲ ပြန်ချင်တယ်ဆိုပြီး တငိုငိုတရီရီ ဖြစ်လာလို့ ပြန်ပို့ပေးလိုက်ရလို့-သူ တယောက်တည်း ကျန်ခဲ့တာပါ။

လူပုံလေးကတုတ်တုတ်ခိုင်ခိုင်-အသားလေးက ညိုညိုစိုစို-မျက်လုံးကြီးက ပြူးပြူး မျက်တောင်ကော့ကြီးနဲ့-ပါးစုန့်ကြီးတွေထွက်နေတဲ့ မျက်နှာ ဝိုင်းဝိုင်းကြီးနဲ့သူလေးကို ကျွန်မမှာ မြင်မြင်ချင်း-ဘယ့်နှယ်ဖြစ်မှန်း မသိပါဘူး။ မေတ္တာတွေရော-အသနား-အကြင်နာတွေရော-စုပုံပေးလိုက် မိပါတော့တယ်။ ‘သား-သား’ဆိုတာ-ပါးစပ်က မချမိတော့ပါဘူး။ နံမည်တောင် မခေါ်မိပါဘူး။ သားမောင်ကောက်ရ လက်ဆွဲပြီး-ကျောင်းလာ အပ်တဲ့ ကျွန်မကို ခပ်ပြုံးပြုံးမျက်နှာပေးနဲ့(သဲရန်ကော-လို့)ကြည့်နေတဲ့ ဆရာရန်လင်း(ပန်းဆန်းကျောင်း-ကျောင်းအုပ်-ကွယ်လွန်) ကို အခု တောင် ပြန်မြင်ယောင် နေသေးတယ်။

ညီရှင်းလေး-ကျောင်းပြီးတော့-ဆေးရုံကသူနာပြုသင်တန်းတက်ခိုင်းပြီး-ဆေးရုံမှာပဲ အလုပ်လုပ်ခိုင်းထားပြီး နယ်လှည့်ဆေးအဖွဲ့တွေနဲ့လည်း ပါပါ သွားတတ် ပါတယ်။ သူနာပြု-၁နှစ်တန်သည် ၂ နှစ်တန်သည် လုပ်ပြီးမှ ဖော်ပြချက်ကောင်းမှ-အဆင့်မြင့် ဆရာဝန်သင်တန်း တက်နိုင်တာပါ။ ဒါ့ကြောင့် ကျွန်မက သူ့ကို သိပ်မျက်ခြည်ပြတ်မခံဘဲ-နောက်တကြိမ်ဖွင့်မယ့်-ဆရာဝန်သင်တန်းကိုတက်ခိုင်းမယ်လို့ လျာထား ထားပါတယ်။

ဒီမှာတင်-မောင်မင်းကြီးသားလေးက ဗွေဖောက်လာပါတယ်။ ဆေးရုံရိက္ခာရုံက-ကလေးမလေးတဦးနဲ့ လက်ထပ်ခွင့်ပြုဖို့ စာတင်လာတာပါ။ ကလေးမလေးက ရုပ်ရည်လေးက သားနားပေမယ့် အစွန်းအထင်း ရှိနေသူကလေးလို့ ဆိုကြပါတယ်။ ကျွန်မတို့အခြေခံဒေသထဲကို တဖက်နိုင်ငံ က-ကုန်သည်လိုလို-ပွဲစားလိုလိုလူနဲ့ လိုက်ပြေးသွားပြီး-လအချို့ကြာမှပြန်ရောက်လာသူလေးပါ။ ကျွန်မမှာ-ကိုယ့်သားလူပျိုလေးကို-ဒီကလေး မလေးနဲ့ သဘောမတူနိုင် ဖြစ်လာတော့ ကျွန်မတို့ဆေးရုံက-စည်းရုံးရေးအရ-သူတို့-၂-ယောက်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ရဲဘော်က-ကဲ-ဆရာမသားကို ကိုယ်တိုင်ပဲ ဆွေးနွေးတော့ ကျွန်တော်တို့တော့-လက်မြှောက်ပြီဆိုပြီး ပြောလာလို့-တနေ့-နေ့လည် ကျွန်မကို လာတွေ့ဖို့ ချိန်းလိုက်ပါတယ်။

ကျွန်မအိမ်ထဲ မရဲတရဲဝင်လာပြီး ကျွန်မရှေ့ ထိုင်ခုံမှာထိုင်-မဝံ့မရဲနဲ့ ကျွန်မကို လှမ်းကြည့်လိုက်တဲ့-သူ့မျက်လုံးလေးတွေကိုမြင်လိုက်ရတဲ့အခါ-ကျွန်မတို့ငယ်ငယ်က အဖွားပြောပြ ဆုံးမထားတဲ့ စကားတွေ ခေါင်းထဲပေါ်လာပါတယ်။ “သမီးတို့ မိစုံဖစုံနေရတာ အလွန်ကံကောင်းတာ။ ရှေးကုသိုလ်-အကျိုးပေးကောင်းလို့ပေါ့။ မိမစုံဖမစုံကြီးရတဲ့ ကလေးတွေကို-ကြည့်လိုက်စမ်း။ မျက်နှာလေးတွေက ညှိုးနေတာ။ သမီးတို့လို လက် လက်ထ မနေနိုင်ဘူး။ ကိုယ်လောက် ကံမကောင်းရှာတဲ့ သူလေးတွေအပေါ်ညှာရတယ်-မြေးရဲ့”—တဲ့။

ဟုတ်ပ။ ကျွန်မသားက မျက်နှာလေးညှိုးရုံမက- မျက်လုံးလေးတွေကရီဝေပြီး-ဆွေးရိပ်တွေတောင် သန်းနေသလိုပါလား။ မပျက်ပျက်အောင် ဖျက်မယ်ဆိုပြီး ဒေါင်းတင်ထားတဲ့ကျွန်မ-နာရီဝက်လောက် စကားအခြေအတင် ပြောပြီးတဲ့ နောက်-နောက်ဆုံး အရှုံးပေးလိုက်ရပါတယ်။

ကဲ-သူကကျွန်မကိုရှင်းပြတဲ့ စကားတွေကိုလည်း ကြည့်ပါဦး။ “ဒေါ်ဒေါ်(သူကကျွန်မကို-ဒေါ်ဒေါ်-လို့ခေါ်တယ်) တို့က သူ့ကို ဆတ်ကော့ လတ်ကော့-ပျံတံတံကောင်မလေးလို့ မြင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ (ကျွန်မ သားသမီးချင်း မစာမနာ စိတ်လိုက်မာန်ပါ သုံးလိုက်မိတဲ့ စကားလုံး အတိ အကျပါပဲ။ သူက ဘယ်က ပြန်ကြားထားမှန်း မသိ။) တကယ်တော့-သူက သိပ်ရိုးတာ။ စိတ်လည်း သိပ်ကောင်းတာ။ ဒါ့ကြောင့် သူအညာခံလိုက်ရတာ။ အဲဒါကို ကျွန်တော်ကသနားမိတာပါ” တဲ့။ ပြီး ဆက်ပြောလိုက်ပုံက… “ဒါပေမဲ့-ဒေါ်ဒေါ်သဘောမတူရင်-ကျွန်တော် မယူပါဘူး”….တဲ့လေ။ ဘယ်မိဘများ ဒီလို အပျော့ဆွဲ-ဆွဲတတ်တဲ့ သားသမီးအပေါ်တင်း ခံနိုင်ပါ့မလဲ။

ဪ-ခုနေကာ- သားတွေ-သမီးတွေနဲ့ စည်ပင်ချမ်းသာနေရော့မယ်။

ဝတောင်တန်းပေါ်မှာ ကျွန်မ ချန်ထားရစ်ခဲ့ရတဲ့-သားတယောက်အကြောင်းပါ။

ဗမာပြည်တဝန်းရှိ ကလေးသူငယ်များ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပညာသင်ကြားနိုင်ကြ ပါစေ။

ကလေးစစ်သားဘဝမျိုးက ကင်းဝေးကြပါစေ။
၄-၁၀-၂၀၁၆။

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ

သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ ဒါကြောင့် (NLD) ဟာ အစိုးရအဖွဲ့ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေဥကြောင့် ဒေါ်အောင်ဆန်းစုကြည် (DASSK) ကတော့ သမ္မတလုပ်ခွင့်မရပါဘူး။ သမ္မအထက်မှာနေမယ်လို့ ကြွေးကြော်ခဲ့တဲ့ (DASSK) ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို တီထွင်ရယူခဲ့တယ်။

(NLD) အစိုးရဖြစ်လာပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို အဓိကဦးစားပေး ဆောင်ရွက်လာတာကို တွေ့ရတယ်။ ဦးသိန်းစိန်တို့ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီးအမွေခံ လုပ်ကိုင်ရတာဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မာရသွန်ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီး ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဆိုတာ ပေါ်ထွက်လာတယ်။ ဒါပေမဲ့ တကယ်လက်မှတ်ထိုးတဲ့အခါမှာတော့ (၈) ဖွဲ့ပဲ လက်မှတ်ထိုးတာ ဖြစ်တယ်။ အဖွဲ့တချို့ (KIA, NMSP) က အဖွဲ့အားလုံး မပါဝင်တဲ့အတွက်ဆိုပြီး လက်မှတ်မထိုးကြဘူး။ သူတို့ပြောတဲ့ ပါဝင်ခွင့်မရတဲ့ အဖွဲ့တွေဆိုတာက ရခိုင်တပ်မတော်၊ တအာင်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့ (TNLA/MNDAA/AA ) တို့ ဖြစ်တယ်။ ဒီ (၃) ဖွဲ့လက်မှတ်ထိုးဖို့ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပါတယ်လို့ ကြေညာချက်ကို အရင်ထုတ်ရမယ်လို့ စစ်တပ်က ရပ်ခံထားတယ်။ ဝနဲ့မိုင်းလား (UWSA, MNDAA) အဖွဲ့တွေကတော့ သူတို့ဟာအစိုးရနဲ့ အပစ်ရပ်စာချုပ်တွေ ချုပ်ထားပြီးဖြစ်လို့ ထပ်လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောပါတယ်။ (NLD) အစိုးရက ဒီအခြေအနေကို ဆက်ခံရတာ ဖြစ်တယ်။

(NLD) အစိုးရက ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ်ဆိုပြီး စတင်စိုင်းပြင်းပါတယ်။ အားလုံးပါဝင်ခွင့်ရှိရမယ်လို့လည်း ဆိုတယ်။ ဒီအတွက် ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့တယ်။ အဖွဲ့အစည်းအသီးသီးဆီကို ကိုယ်စားလှယ်တွေလွှတ်ပြီး ဆွေးနွေးတယ်။ အတော်များများကတော့ အဆင်ပြေတယ်။ တက်ကြမယ်ဆိုတဲ့ အဖြေရတယ်။ ရခိုင်၊ ပလောင်နဲ့ကိုးကန့်အဖွဲ့တွေနဲ့လည်း ဆွေးနွေးတယ်။ အဲဒီ (၃) ဖွဲ့ကလည်း တက်ချင်တဲ့ဆန္ဒရှိကြောင်း ပြောတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ (၃) ဖွဲ့အပေါ် စစ်တပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ လက်နက်ကိုင်နည်းလမ်းကို စွန့်လွှတ်ကြောင်း ကြေညာချက်အရင်ထုတ်ရမယ်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက်ပါတယ်။ အဲဒီ (၃) ဖွဲ့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်သွားမယ်ဆိုတာနဲ့အစားထိုးဖို့ ညှိသေးပေမယ့် စစ်တပ်က လက်မခံလို့ အဆင်မပြေတော့ဘူး။ တက်ချင်တိုင်းတက်ရအောင် တောင်ပြုံးပွဲမဟုတ်ဘူးလို့တောင် ဦး(ဗခ) ခင်ဇော်ဦးက ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ (NLD) အစိုးရပြောတဲ့ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံလည်း အားလုံးမပါဝင်နိုင် ဖြစ်ခဲ့ရတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လထဲ နေပြည်တော်မှာ ကျင်းပခဲ့တယ်။ တက်ရောက်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေ နာမည်ကို ရာထူးအမည် ဒါမှမဟုတ် ဦး စသဖြင့် အရှေ့မှာမတပ်ဘဲ ဒီအတိုင်းပဲ ရေးခဲ့တာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ မကျေမနပ်ဖြစ်ကြတယ်။ ဒီနေရာမှာလည်း ‘တပ်မတော်ရဲ့သဘောထားအမှန်’ ကို တွေ့ကြရပြန်ပါတယ်။ ဝအဖွဲ့ကလည်း ကိုယ်စားလှယ်ကတ်ပြားထုတ်ပေးရာမှာ လေ့လာသူကတ်ပြားတွေထုတ်ပေးတာကြောင့် အဆင့်အတန်းခွဲခြားခံရတယ်ဆိုပြီး ညီလာခံမှာတင်မယ့် သူတို့စာတမ်းပေးခဲ့ပြီး ညီလာခံဆက်မတက်ဘဲ ပြန်သွားကြတယ်။

၂၁ ရာစုညီလာခံပြီးတော့ နောက် ၆ လ အကြာမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ်လို့ ဒီချုပ်အစိုးရက စီစဉ်ထားတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတက်မယ်ဆိုရင် (NCA) ကိုလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပဲ တက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ချမှတ်ထားတာတွေ့ရတယ်။ ဒါဟာ စောစွာကတည်းက စစ်တပ်က ပြောနေတာ ဖြစ်တယ်။ ဒီအချက်ကို (NLD) ကလည်း လက်ခံထားရပုံရတယ်။

ပိုဆိုးတာက ၂၁ ရာစုပင်လုံညီလာခံအပြီးမှာ ဗမာပြည်မြောက်ပိုင်းမှာ သေနတ်သံတွေ ပြန်ညံလာတာပဲ ဖြစ်တယ်။ အဓိက ကေအိုင်အိုကို ထိုးစစ်တွေ ဆင်တာဖြစ်တယ်။ ဒီနောက် တောင်ပိုင်းရှမ်းနဲ့လည်း ဖြစ်တယ်။ ကရင်ပြည်နယ်မှာလည်း ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ဘေးဒဏ်ကို မခံနိုင်တော့တဲ့ ပြည်သူတွေရဲ့ ထိုးစစ်တွေရပ်ဖို့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ (NLD) အစိုးရဘက်ကတော့ ရေငုံနှုတ်ပိတ်နေတာ တွေ့ရတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်မောင်းတောမှာ ဘင်္ဂါလီတွေက အုပ်စုဖွဲ့ပြီး ရဲကင်းစခန်းတွေ ဝင်စီးတဲ့ ဖြစ်ရပ်တွေပေါ်လာတယ်။ ရဲ ၉ ဦးကျပြီး လက်နက်တွေလည်း ၅၀ ဝန်းကျင် ပါသွားတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုင်ငံတောကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး လုပ်တယ်။ ရခိုင်အရေး၊ ကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲတွေကိစ္စ ဆွေးနွေးကြတယ်လို့ ဆိုတယ်။ အသေးစိတ်တော့ မထုတ်ပြန်ဘူး။

အောက်တိုဘာ ၁၅ ရက်နေ့မှာ (NCA) လက်မှတ်ထိုးတာ တနှစ်ပြည့်တဲ့အခမ်းအနားလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ မိန့်ခွန်းပြောကြတယ်။ ဗိုလ်မင်းအောင်လှိုင်က (NCA) လက်မှတ်ထိုးမှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတက်ခွင့်ရမယ်ဆိုတာကို ထပ်ပြီးအတည်ပြုပြောတယ်။ (NCA) ဟာ တပ်မတော်တခုတည်းက ချမှတ်ထားတာ မဟုတ်ဘူး။ ကျန်လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူထွက်ပေါ်လာတာ ဖြစ်တယ်လို့လည်း ဆိုတယ်။ ဒီမတိုင်ခင်မှာ ထွက်လာတဲ့ (UWSA) မှ ကျောက်ကော်အမ်းနဲ့ မီဒီယာတွေတွေ့ဆုံမေးမြန်းရာမှာတော့ (NCA) ကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ထပ်ပြောထားတယ်။
တဆက်တည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းပြမြေပုံ ၇ ဆင့်ဆိုတာကို ထုတ်လာတယ်။ အဲဒါတွေကတော့

(၁) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ခြင်း၊
(၂) နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊
(၃) ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ကျင်းပခြင်း၊
(၄) ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement)လက်မှတ်ထိုးခြင်း၊
(၅) ပြည်ထောင်စု သဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊
(၆) ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊
(၇) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း။
တို့ပဲ ဖြစ်တယ်။ ဒါကို စစ်တပ်ကလည်း သဘောတူထားပုံ ရပါတယ်။

အဲဒီ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ရေးအဆင့်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာနိုင်အောင် ပြင်ဆင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ (NCA) လက်မှတ်ထိုးမှ ညီလာခံတက်လို့ရမယ်လို့ ပြောနေတာ ဖြစ်တယ်။ အထက်မှာ ပြောသလို ရခိုင်၊ ပလောင်နဲ့ ကိုးကန့် အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါမယ်ဆိုပြီး အရင်ကြေညာရမှာ ဖြစ်ပါတယ်။

ဖြစ်စဉ်တွေကို ကြည့်ရင် စစ်တပ်က သဘောတူမှ (NLD) က လုပ်နိုင်တာတွေ့ရမယ်။ (NLD) က အစိုးရဖြစ်ပေမယ့် ၂၀၀၈ ခြေဥရဲ့ ခြေမန်းကွင်း အစွပ်ခံထားတာဖြစ်လို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းပြမြေပုံ (၇) ဆင့်မှာလည်း စစ်တပ် (စစ်အုပ်စု) က အမျိုးမျိုး ပညာပြတာကို တွေ့ကြရပါဦးမယ်။

၂၀၀၈ ခြေဥအရ အာဏာပိုင်အစစ်ဟာ ကာချုပ်ပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် (DASSK) အနေနဲ့ သမ္မတအထက်မှာ နေနိုင်ပေမယ့် ကာချုပ်အထက်မှာတော့ မနေနိုင်ဘူး။ နိုင်ငံတော်တန်းစီဇယားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာချုပ်အထက် နံပါတ် ၂ နေရာမှာ ရှိပေမယ့် ဒါဟာ စာရွက်ပေါ်မှာပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၀၈ ခြေဥပြင်ရေးကိစ္စမှာ လူထုကရွေးချယ်တင်မြှောက်တဲ့ အစိုးရလက်အောက်မှာ စစ်တပ်ကို ထားရှိဖို့ ပြင်ဆင်ရမယ်လို့ အဓိကထား ပြောနေကြတာပဲ။ စစ်တပ်က အစိုးရကို အမိန့်ပေးတာ မဟုတ်ဘဲ အစိုးရက စစ်တပ်ကို အမိန့်ပေးတာ ဖြစ်ရမယ်လို့ ဆိုလိုတာ ဖြစ်တယ်။ ဥက္ကဋ္ဌမော်ကတော့ “ပါတီက သေနတ်ကို အမိန့်ပေးရမယ်။ ပါတီကို သေနတ်က အမိန့်ပေးတာ မဖြစ်စေရဘူး” လို့ ပြောခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ဗမာပြည်ရဲ့ ပြဿနာအဝဝကို ဖြေရှင်းရေးရဲ့ သော့ချက်ဟာ စစ် (၃) စစ် (စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား) ကို အပြီးအပိုင် ဖျက်သိမ်းနိုင် မဖျက်သိမ်းနိုင်ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ခေတ်အဆက်ဆက် လူထုရဲ့သွေးမြေကျ တိုက်ပွဲဝင်ခဲ့တာတွေကြောင့် စစ်အုပ်စုဟာ တပါတီအာဏာရှင်စနစ်နဲ့ ဆက်မအုပ်ချုပ်နိုင်တော့ဘူး။ ဒါကြောင့် ပါတီစုံဆိုတာကို ဟန်ပြလုပ်လာရတယ်။ စစ် (၃) စစ်ကို ၂၀၀၈ ခြေဥနဲ့ အကာအကွယ်ယူထားတာ ဖြစ်တယ်။

စစ် (၃) စစ်ကို ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေး (RAM) လုပ်ရမယ်။ စစ်အုပ်စုရဲ့ တလက်ကိုင်စစ်တပ်အဖြစ်ကနေ အခြေခံလူထုကြီးအပေါ် သစ္စာခံတဲ့ တပ်မတော်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရမယ်။ ပြောင်းလဲလို့လည်း ရနိုင်တယ်။ စစ်တပ်ထဲမှာ ထိပ်သီးတစုကလွဲလို့ အောက်ခြေအများစုကြီးက အခြေခံပြည်သူလူထုရဲ့ သားသမီးတွေ ဖြစ်ကြတယ်။ သူတို့ဘတွေဟာလည်း အများပြည်သူတွေလိုပဲ ဆင်းရဲနုံချာနေကြတာပဲ။ အခါအခွင့်သင့်တိုင်းလည်း စစ်အုပ်စုကို မလိုလားဘူးဆိုတာ ပြခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့ကို ကြည့်ပါ။

(DASSK) အနေနဲ့လည်း စစ်တပ်ကို ပြောင်းလဲနိုင်မှ ဖြစ်မယ်ဆိုတာကို သဘောပေါက်ပုံ ရပါတယ်။ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေပုံပါပဲ။ တွေ့မြင်နေရသလောက်ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမှုယူ၊ ဖြည်းဖြည်းချင်းဆွေးနွေးနားချနေတယ်လို့ ဆိုရမလားပဲ။ ပြောရရင်တော့ ချော့မြှူရေး (appeasement) ဆန်တယ်။ (အခု အမေရိကန်ခရီးမှာ ဆန်ရှင်ပြုတ်အောင် လုပ်လာနိုင်ခဲ့တယ်။ အမေရိကန်ကလည်း ဖြုတ်ချင်နေတာမို့ ထီးလိုမင်းလို လို့ပြောရမှာပဲ။)

(DASSK) ကိုယ်တိုင်က ထိပ်တိုက်တွေ့ရေးလမ်း မလိုက်ဘူး၊ လူထုအနာမခံတော့ဘူး၊ တွေ့ဆုံဆွေးနွေးရေးလမ်းပဲ သွားမယ်လို့ ပြောထားတယ်။ ဒါကြောင့်လည်း ရွှေဂုံတိုင်ရပ်တည်ချက်ကနေ ဂငယ်ကွေ့ ကွေ့ပြီး ၂၀၀၈ ခြေဥလက်ခံ၊ ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ ဒီလမ်းလိုက်ဖို့ အခါတော်ပေးနေသူတွေလည်း မနည်းပါဘူး။ ‘ထိပ်တိုက်တွေ့ရေးလမ်းလိုက်လို့ တိုင်းပြည်နဲ့လူထုနာလှပြီ။ အကျိုးမရှိဘူး။ သမ္မတဒေါက်တာမောင်မောင်လက်ထက်ကလည်း တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ ထိပ်တိုက်တွေ့လို့ အကျိုးနည်းခဲ့တယ်။ စစ်တပ်ကို အတိုက်အခံမလုပ်နဲ့။ စစ်တပ်က ပေးထားချက်ကိုပဲယူ၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုလုပ်တာ (အခု ကာချုပ်ကလည်း ဒါကို ထည့်ပြောသွား)’ စတဲ့စတဲ့ သြဝါဒလမ်းညွှန်တွေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က အတော်များများ တွေ့ခဲ့ရတယ်။

မိမိကတော့ တပ်ပြုပြင်ရေးဟာ လူထုအားပါမှသာ အောင်မြင်နိုင်မယ်လို့ ယုံတယ်။ ထိပ်တိုက်တွေ့တာ၊ လူထုနာတာ စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောချင်ပါတယ်။

(၁) ထိပ်တိုက်တွေ့ရေးတို့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးတို့ ဆိုတာတွေဟာ လူထုကြီးက ရွေးချယ်နိုင်တာ မဟုတ်ဘူး။ ဖိနှိပ်အုပ်စိုးသူတွေကသာ ရွေးချယ်တာ ဖြစ်တယ်။ လူထုကြီးကတော့ အခြေခံအားဖြင် ငြိမ်းချမ်းတဲ့လမ်းကိုပဲ ရွေးချယ်ချင်ကြတာပါ။ အဲဒီလမ်းကို အုပ်စိုးသူတွေက ပိတ်ထားလို့သာ တခြားလမ်းရွေးရတာ ဖြစ်တယ်။

(၂) လူထုကြီးကို လမ်းပေါ်ထွက်ကြပါလို့ ပြောတိုင်းလည်း လမ်းပေါ်ထွက်လာမှာ မဟုတ်သလို မထွက်ကြပါနဲ့လို့ ပြောတိုင်းလည်း မထွက်ဘဲ နေကြမှာ မဟုတ်ပါ။ ထွက်တာ မထွက်တာဟာ သူတို့ရဲ့ လက်တွေ့ရုပ်ဘဝက ပြဋ္ဌာန်းတာ ဖြစ်တယ်။ အခုလည်း အလုပ်သမားတွေ လုပ်ခတိုးရဖို့ လမ်းပေါ်ထွက်နေကြသလို လယ်သမားတွေလည်း သိမ်းဆည်းလယ်ပြန်ရရေး ထွန်တုံးတိုက်ပွဲတွေ နွှဲနေကြရတယ် မဟုတ်လား။
လူထုတိုက်ပွဲသဏ္ဌာန်ဟာ လမ်းပေါ်ဆန္ဒပြတာ တခုတည်းရှိတာ မဟုတ်ပါ။ ပုံစံမျိုးစုံ ရှိပါတယ်။ အခြေအနေအချိန်အခါလိုက်ပြီး အမျိုးမျိုးပြောင်းလဲကျင့်သုံးရမှာ ဖြစ်ပါတယ်။

(၃) ထိပ်တိုက်တွေ့လို့ အကျိုးမရှိဘူးလို့ ပြောနေသူတွေအနေနဲ့ မိမိတို့ဟာ ခေတ်အဆက်ဆက် အသက်ပေးတိုက်ပွဲဝင်သွားသူတွေရဲ့ အရိုးပုံပေါ်မှာ ထိုင်နေကြတယ်ဆိုတာ မမေ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဒီကနေ့ အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်၊ ပြောဆိုရေးသားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့် စသဖြင့် ရနေတာတွေဟာ ပြည်သူတွေ သွေးမြေကျခံပြီး တိုက်ပွဲဝင်ခဲ့လို့ ရခဲ့တဲ့ အသီးအပွင့်တွေပါ။ စစ်အုပ်စုက သဘောကောင်းပြီး ပေးခဲ့တာ မဟုတ်ပါဘူး။ ဒီအသီးအပွင့်တွေကို ဆက်ခံကာကွယ်ထိန်းသိမ်းရမှာ ဖြစ်သလို ဆက်လည်းတိုးချဲ့ရပါမယ်။

(၄) လူထုနာမှာစိုးတယ် ဆိုကြတယ်။ လမ်းပေါ်ထွက်ဆန္ဒပြလို့ အကြမ်းဖက်ဖြိုခွဲခံရပြီး လူထုတွေ အသက်ဆုံးရှုံးသွေးမြေကျမှာကို မဖြစ်စေချင်ဘူးလို့ ဆိုလိုဟန် တူပါတယ်။ စစ် (၃) စစ် အောက်မှာ လူထုကြီးဟာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခခံနေကြရတာပါ။ စစ်ဖြစ်နေတဲ့နေရာတွေမှာ အသက်ဆုံးရှုံးရတာ၊ ကျီးလန့်စာစားနေရတာ၊ နေရပ်ဒေသမပြန်နိုင်ဘဲ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ဆယ်စုနှစ်များစွာ နေနေကြရတာ စတာစတာတွေဟာ ပြောမကုန်ရေးမကုန်ပါ။

ဒါ့အပြင် စစ်အုပ်စုထိပ်သီးနဲ့အပေါင်းအပါတသိုက်က တိုင်းပြည်ရဲ့သယံဇာတတွေကို စည်းမရှိကမ်းမရှိ ထုတ်ယူရောင်းချလို့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးကုန်တယ်။ ရာသီဥတုတွေ ဖောက်ပြန်ပြီး ကပ်ဘေးတွေ ကျတယ်။ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိပေးတာ၊ လုံခြုံရာရွှေ့ပေးတာ စတဲ့ လုပ်ရမယ့် အစိုးရတာဝန်တွေ ပျက်ကွက်လို့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် မပျက်စီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းမှာဆိုရင် သိန်းနဲ့ချီ အသက်ဆုံးရှုံးရတယ် မဟုတ်လား။

လတ်တလောထုတ်ပြန်တဲ့ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျော့ကျရေး UNISDR ရဲ့ အစီရင်ခံစာအရ သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းတွင် ဟေတီကထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံကတတိယနေရာမှာရှိနေတယ်။ အဲဒီအစီရင်ခံစာမှာပဲ သဘာဝဘေးအန္တရာယ်ဆုံးရှုံးမှုတွေဟာ လူမှုစီးပွားဘဝတွေနဲ့ ဆက်စပ်တယ်လို့လည်း ဖော်ပြထားတယ်။ လူမှုစီးပွားဘဝနိမ့်ကျလေ ဆုံးရှုံးမှုကြီးလေလို့ ပြောတာပါ။

လူထုကြီးအနေနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် သွားရေးလာရေးမှာလည်း ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ အားကိုးကြရတယ်။ အိုဟောင်းရုံမက ယာဉ်စီးရေမလောက်ငတော့ စပြုံတိုးဝှေ့စီးကြ သွားကြရတယ်။ ဒါကြောင့် သဘောၤမှောက်ကားမှောက် သေရတာတွေလည်း မကြမကြာကြားနေရတယ်။

လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ချုံကျနေတယ်။ လူထုကြီးဟာ နေ့စဉ်နဲ့အမျှနာကျင်ခံစားနေကြရတာ ဖြစ်ပါတယ်။ လူထုကြီးခံစားနေရတဲ့ ဒုက္ခအပေါင်းဟာ ရေးလို့ကုန်နိုင်ဖွယ် မရှိပါဘူး။ အခုအခြေအနေက တိုင်းပြည်ဖြစ်ရှုံး တိုင်းပြည်ရာမဝင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ စစ် (၃) စစ် တရက် အသက်ပိုရှည်လေ လူထုကြီးက တရက် ပိုဒုက္ခရောက်လေပါ။

ချုပ်ရရင်တော့ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတဲ့ ပြည်ထောင်စုကို ထူထောင်ဖို့အတွက် အဓိကအဟန့်အတားက စစ် (၃) စစ်ပဲ ဖြစ်ပါတယ်။ စစ် (၃) စစ် ဖျက်သိမ်းဖို့ဆိုရင် စစ်တပ်ကို အရင်ဆုံးပြုပြင်ပြောင်းလဲရမယ်။ လူထုအားနဲ့သာ ပြောင်းလဲနိုင်မယ်။ သေနတ်က လူထုကို အမိန့်ပေးတာ မဟုတ်ဘဲ လူထုက သေနတ်ကို အမိန့်ပေးတာဖြစ်အောင် ပြောင်းလဲရမှာ ဖြစ်ပါကြောင်း။

ကြည်ဝင်း
(အောက်တိုဘာ ၁၇၊ ၂၀၁၆)

အများသောက်တဲ့မိုးခါးရေ

အများသောက်တဲ့မိုးခါးရေ

မောင်ရွှေအိုး

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

ဗမာပြည်ကြီးပြောင်းလဲလာနေပြီဆိုတာ ဘာမှငြင်းကွယ်နေစရာအကြောင်းမရှိ။ အရင်ကနဲ့ မတူတော့တာအမှန်။ အသိသာဆုံးက သတင်းမီဒီယာ လွတ်လပ်မှု၊ ဆိုရှယ်မီဒီယာပါမကျန် ဒီမိုကရေစီအရသာကို တစုံတရာသော အတိုင်းအတာအထိ ခံစားနေကြရပြီဆိုနိုင်ပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင် ဆိုချင်ကချင် ဖော်ချင်ပြချင်တာတွေလည်း ကမ်းကုန်ယမ်းကုန်နီးပါး လုပ်နိုင်ကြပါ၏။ လမ်းမကြီးအလယ်ခေါင် သေးတက် မပန်းရုံပါပဲ။

ဒီ့ထက်လွတ်လပ်တာဘာလဲ။ ပြည်တွင်းအုပ်စိုးသူလူတန်းစားရော ပြည်ပနိုင်ငံကြီးများပါ နဖားကြိုးဖြုတ် ဇက်ကုန်လွှတ်ပေးလုနီး ကြိုးပမ်းအား ထုတ်နေကြတာဘာလဲ။ “လွတ်လပ်စွာရောင်းဝယ်ဖောက်ကားရေး” free trade ဖြစ်ပါတယ်။ “လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားရေး”ဟာ ကိုလိုနီနယ်ချဲ့သမားတွေ ထာဝစဉ်ကိုင်စွဲခဲ့တဲ့ အောင်လံတော်၊ တဖွဖွရွတ်ဖတ်သရဇ္ဈယ်လာတဲ့ ဂါထာတော် တစာစာဟစ်အော်လာခဲ့တဲ့ ကြွေးကြော်သံကြီး၊ ကိုလိုနီနယ်ချဲ့စံနစ်ရဲ့ ရေသောက်မြစ်၊ ကမ္ဘာ့ပြည်သူလူထုနဲ့အစိုးရများကိုပါ ဈေးကွက်စီးပွားရေးစံနစ်ရဲ့ လက်အောက်ခံ အဖြစ် ထားလာတဲ့ ခေတ်သစ်လွန်ခေတ်ရဲ့ပင်မရေစီးပါ။

ကမ္ဘာမှာ စက်မှုတော်လှန်ရေးဆိုတာ အနောက်တိုင်းမှာပေါ်ပေါက်လာတဲ့ ၁၇ ရာစုခေတ် ဒီဘက်ပိုင်းသမိုင်းဟာ “လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားရေး”ဝါဒကပဲ မြစ်ဖျားခံပါတယ်။ နိုင်ငံတကာ အရင်းရှင်စံနစ်ရဲ့ မဏ္ဍိုင်ပါ။ စက်မှုတော်လှန်ရေးကြောင့် ကြောင်အတောင်ပံ တပ်ပေး လိုက်သလို အနောက်တိုင်းက လက်နက်နိုင်ငံကြီးများ အသီးသီး အပြိုင်အဆိုင်ပေါ်ပေါက်ထွန်းကား၊ တန်ခိုးကြီးအားထွားလာကြပြီး စင်စစ် မတော့ ၂၀ရာစု နောက်ပိုင်းကျမှ တကမ္ဘာလုံးကို သိုင်းခြုံလွှမ်းမိုးလာကြတာ မဟုတ်ပါဘူး။ ပေါ်တူဂီလူမျိုး ဗာစကို ဒဂါးမားVasco da Gama အာဖရိက တောင်ဘက်ဆုံး အငူစွန်းကိုပတ်ပြီး အိနိ္ဒယသမုဒ္ဒရာကို လမ်းပွင့်ရွက်လွှင့်နိုင်ခဲ့တဲ့ ခေတ်ကစလို့ နာရီမလပ် မပြတ်တမ်း လုံးပန်း ခဲ့ကြရာမှာ ရေနွေးငွေ့ အမဲဆီပင်နယန် စက်ပတ်ကြိုးခေတ်ကနေ လောင်စာဆီ အီလက်ထရွန်းနစ်ခေတ်ကတဆင့် ကွန်ပျူတာသိပ္ပံ နည်းပညာ တိုးတက်ထွန်းကားလာပြီး အင်တာနက်ကွန်ရက်ကြီး ဖြန့်ကြက်နိုင်လာတော့ ရေကြောမြေကြောတွေ တရကြမ်းရှုံ့သွားတာကြောင့် တကမ္ဘာလုံး သိုင်းခြုံမှု globalisation လို့ သမုတ်လာကြခြင်းပါ။

သို့ပေမဲ့ သူတို့နဂိုစရိုက်လောဘဇော မလျော့တဲ့အပြင် ရှိန်းဆာယာပိုမောက် လျှမ်းလျှမ်းတောက်ပညာခန်းတွေတက်ပြီး လူတူစက်ရုပ် ပိုးမွှား ပမာဏ စက်ရုပ်တွေနဲ့ အံ့မခန်း မျက်လှည့်စွမ်းတွေပြလို့မို့ ကမ္ဘာတဝန်း အံ့ချီးဖွယ်ရာ ငရဲပန်းကို ရွှေပန်းမှတ်ပြီး အတိမ်အနက်ခွဲခြားဆန်းဆစ်ဖို့ မဖြစ်နိုင် လောက်အောင်ဘဲ တဟုန်ထိုးအရှိန်မြင့်လာတဲ့ ကမ္ဘာ့အခင်းအကျင်းသစ် New World Order ဆိုတဲ့ နိုင်ငံတကာ အရင်းရှင်ကြီးများ စံနစ် မိုးခါးရေကို ပုလင်းသစ်သွပ် တံဆိပ်ပတ်လှလှလေးကပ်ပြီး ရောင်းလာ မေတ္တာလက်ဆောင်ပေး ဝေမျှလာတဲ့အခြေအနေပါ။

ရှေးကလိုပေါ်ပေါ်ထင်ထင် ပြောင်ပြောင်ထင်းထင်း ကိုလိုနီနယ်ချဲ့စံနစ် မဟုတ်တော့ပေမယ့် သူ့သဘာဝ အရင်းခံ ပြောင်းလဲလာသလားဆိုတော့ ကျားငစဉ်းလဲ သက်သတ်လွတ်မစားတာလို သယံဇာတကြွယ်ကြွယ် လုပ်အားခချိုချို နိုင်ငံတွေကိုမျက်စေ့ကျဆဲ ဈေးကွက်လုဆဲ စားခွက် ခုတ်ဆဲပါ။ သူတို့ ဥရောပ အမေရိကန်မှာ သူတို့ချင်းနယ်မြေလုစစ်ပွဲ ကမ္ဘာစစ်ဆိုတာ မဖြစ်တော့တာ ကြာလှပြီဆိုပေမယ့် သူတို့အကွက် သူတို့ စနက်နဲ့ ကျန်တတိယကမ္ဘာတဝန်းမှာဖြင့် ဝင်တုန်းစွက်တုန်း လုတုန်းယက်တုန်း စစ်ပွဲတွေ တခြိမ်းခြိမ်းဖြစ်တုန်းပါ။ အမြောက်တင် သငေ်္ဘာ ဒီပလိုမေစီဆိုတဲ့ နိုင်ငံခြားဆက်ဆံရေးပေါ်လစီနေရာမှာ ခေတ်သစ်လွန်ခေတ်မှာတော့ ဝေဟင်က ရက်ရက်ရောရော ပြောင်တလင်းခါအောင် ဗုံးနဲ့ရှင်း တရွာလုံးတမြို့လုံး ပြုတ်ပြုတ်ပြုန်းအောင် ဒုံးနဲ့ခွင်း ပစ်ခတ်ချေမှုန်း သတ်ဖြတ်နေတဲ့ သူတို့အဖို့မတော့ မရိုးနိုင်တဲ့ ဇာတ်လမ်းဟောင်း ကြီး ပြန်လည်ဆန်းသစ် ရိုက်ကူးနေကြတုန်းပါ။

သူတို့စက်ကွင်း သူတို့ဈေးကွက် မဝင်မချင်း အများသောက်တဲ့ မိုးခါးရေကို အနုနည်း အကြမ်းနည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် သောက်ခိုင်းနေတဲ့ ကာလကြီးပါ။ သူတို့လို အင်အားကြီးကြေးရတတ် လက်နက်နိုင်ငံအချင်းချင်းတောင် နိုင်ငံစုံစီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးတွေရဲ့ လွတ် လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် အမြတ်အစွန်း ထုတ်ယူခွင့်များကို ဦးစားပေးနေရလို့ ကိုယ့်တိုင်းသူပြည်သားများအကျိုး တကယ့်ဖွံ့ဖြိုးရေးကို လူထုဆန္ဒအတိုင်း ဆောင်ရွက်ဖို့ပိုလို့တောင် ခက်ခဲလာနေတဲ့ ကာလပါ။ သူတို့အမြတ်အစွန်းကို လူထုအကျိုးပြုမယ့် ဥပဒေများပြဋ္ဌာန်း ထိပါး လာရင် အစိုးရတွေကို တနိုင်ငံချင်း အာဏာစက်အပြင်ဘက်က ကမ်းလွန်အထူးတရားရုံးတွေမှာ တရားစွဲနိုင်ခွင့်ပေးဖို့ စာချုပ်တွေကမ္ဘာအနှံ့ ချုပ်ဆိုနေတယ်။ [၁] [၂]

ဒီတော့ အခြားနိုင်ငံကြီးငယ် အများစုကြီးလိုပဲ ဗမာပြည်ရဲ့အနာဂတ်ကို ဗမာပြည်သူလူထုက မဆုံးဖြတ်နိုင်ဘဲ နိင်ငံစုံအရင်းရှင်ကြီးများ စိတ် တိုင်းကျ ရင်းနှီးမြှုပ်နှံ အမြတ်ထုတ်နိုင်ဖို့ ရှေ့တန်းတင်အဓိကထား ကြိုးပမ်းနေရတဲ့ နိုင်ငံအစိုးရအသိုင်းအဝိုင်းများ ကျင်လည်နေတဲ့ ဝဲဂယက် သံသရာထဲကို ဆွဲသွင်းဖို့ တွန်းအားပေးဆောင်ရွက်မှုများကို အများနည်းတူ မလွန်ဆန်သာအောင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချွင်းချက် မကျန်သလောက် ရုပ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်များဘက်ကပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံကျားကွက်ဆင်လာတဲ့အချိန်မှာ လိပ်ကန်ဥရောပအုပ်စုက ဆွဲကိုင်ရင်းစွဲ မီးစတဖက် ရေမှုတ်တဖက်ပေါ်လစီနဲ့ အကြမ်းနည်းလိုရင်လိုသလို သုံးပြီး ဖြုတ်ချနိုင်ရေး regime change အတွက် စိတ်ရှည်ရှည် စီမံစိုင်းပြင်းလာခဲ့တဲ့ နည်း ဗျူဟာကနေ ရင်ကြားစေ့ positive engagement နည်းဗျူဟာကိုချက်ချင်းပြောင်းလဲ အသုံးချလာတာ ဖြစ်ပါတယ်။ အစိုးရပိုင်းနဲ့ အင်ဂျီအိုများ ဟာ ကုမ္ပဏီကြီးများနဲ့အလားတူ ပျားပန်းခတ် လှုပ်ရှားလာကြတာ မြင်ကြတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီအနံ့အသက်ကလေး ထွက်လာတာနဲ့ ဗမာ ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံများအပြင် ရုရှား ဂျပန် ကိုရီးယား အားလုံးခေါင်းမဖော်အောင် ဝိုင်းနှိုက်နေကြတဲ့ စားခွက်ကျင်းကို ဝင်ချင်လွန်းလို့ လမ်း ပေါ်တာနဲ့ အင်မတန်အရှိန်ပြင်းတဲ့ ကျည်ဖူးရထားကြီးလို မဆိုင်းနိုင်မတန့်နိုင် ဝင်ချလာကြတဲ့ ဆွမ်းကြီးလောင်းပွဲတော်အခါ ရောက်နေပါပြီ။ [၃]

စီးပွားရေးမှာရွှေကြို ပွဲစားလုပ်တာ သူတို့အစိုးရများရဲ့ အဓိကကျတဲ့ အစဉ်အဆက်လုပ်ငန်း တခုပါ။ ကိုလိုနီခေတ်ဦးက လန်ဒန်အခြေစိုက် ဗြိတိ သျှ အရှေ့အိန္ဒိယကုမ္ပဏီဟာ ကာလကတ္တားမှာ ရုံးစိုက်ရုံမက အစိုးရတစင်ထောင်ခဲ့၊ စစ်တပ်ရေတပ်ထောင်ခဲ့တဲ့ သမိုင်းရှိခဲ့ပြီး၊ မြန်မာမင်းများကို ဝိတိုရိယဘုရင်မနဲ့ ထီးဆောင်းမင်းအချင်းချင်း တိုက်ရိုက်ဆက်ဆံခွင့် မပေးခဲ့လို့ ကုမ္ပဏီ အစိုးရနဲ့သာ တောက်လျှောက် ဆက်ဆံခဲ့ရပါတယ်။ အမ်သုံးလုံး (3 Ms – Merchants, Missionaries, Military) သမိုင်းကိုမှတ်မိကြရင် ကနေ့ခေတ်မှာ နံပါတ်တစ် ကုန်သည် ဒါမပြောင်းပါ၊ နံပါတ်နှစ် သာသနာပြုတွေနေရာမှာ အင်ဂျီအိုတွေ ဝင်လာပါတယ်၊ ကယ်ဆယ်ရေး လူမှုရေး ဘာသာရေးကိုးကွယ်မှု တန်းတူညီမျှရေး ကျားမတန်းတူညီမျှရေး လိင်တူလိင်ကွဲတန်းတူညီမျှရေး ဆိုတာတွေနဲ့ဝင်လာကြတယ်။[၄] နံပါတ်သုံး စစ်တပ်က အရန်သင့် ကာကွယ်ရေး ဋ္ဌာန ချင်း “ချစ်ကြည်ရေးတံတားဖောက်” ဖို့ဆိုတာကို အစပျိုး သင်တန်းတွေပေးရင်း သူတို့ဩဇာညောင်းလာဖို့ လက်နက်ကြီးငယ်ယန္တရားတွေ ရောင်း အမြတ်ထုတ်ဖို့ ချဉ်းကပ်လာကြပါတယ်။ [၅][၆]

စီးပွားရေးကဏ္ဍသာမက နိုင်ငံရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘက်ပေါင်းစုံပါဝင်လာကြတယ်။ အဓိက ပန်းတိုင်ကတော့ တနိုင်ငံလုံး စစ်ပြေ ငြိမ်းရေးဆိုတာမှာလည်း စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးထက် နိုင်ငံတကာအရင်းရှင်ကြီးများ တတိုင်းတပြည်လုံး တမိုးလုံးဖျောက်ဆိပ် လသာ တုန်းဗိုင်းငင်ဖို့ သွားရည်မသိမ်းနိုင်အောင် စီးပွားရေးစားကွက်တွေ စားကျက်တွေ မြင်လာကြလို့ပါ။ [၇] ဗမာပြည်သူလူထုကြီးကို အင်မတန် စေတ နာ မေတ္တာထားကြ သဒ္ဓါတရားတွေပွားကြလှလို့တော့ မဟုတ်ပါ။

တောနေလူထုကို လယ်ထဲယာထဲက တွင်တွင်မောင်းထုတ်နေပြီး နိုင်ငံခြားငွေရဖို့ ဧကပေါင်းထောင်သောင်းချီပြီး ပြည်တွင်းပြည်ပ အရင်း ရှင်ကြီးတွေ လက်ထဲထိုးအပ်၊ ဧရာမစက်ကြီးတွေနဲ့ ထွန်မှစိုက်မှ အိတ်စပို့ လုပ်နိုင်မှ ခေတ်မီ စိုက်ပျိုးရေးကဏ္ဍ ထူထောင်ရာကျမယ်လို့ ယုံကြည် ရင်ဖြင့် ၆၀% သော ပြည်သူလူထုကို တမင်သက်သက် ပေယျာလကန် ပြုတာပါပဲ။[၈] ဆင်းရဲတွင်း နစ်သထက်နစ်ပြီး တောရပ်မှာ မနေနိုင် မြို့ကြီးတွေတက် အထူးစက်မှုဇုံတွေမှာ မသဒ္ဓါရေစာလုပ်ခကို မြို့နေဆင်းရဲသား လူတန်းစားနဲ့ ထမင်းလုပ်လုစားခိုင်းတာဟာ စက်မှုအရင်းရှင် ကြီးတွေအကြိုက် လစာလုပ်ခ ပေါသထက်ပေါအောင်၊ အလုပ်ကလေးရှိနေတာပဲ ထိုင်ရှိခိုးချင်နေရအောင်၊ ခေါင်းပုံဖြတ်ချင်တိုင်း ဖြတ်လို့ရ အောင် အခြေအနေတွေကို ဖန်တီးပေးတာလို့ပဲ ကောက်ချက်ချနိုင်ပါတယ်။

ကမ္ဘာ့ဈေးကွက် နိုင်ငံစုံစီးပွားရေးသမားများနဲ့ မလွှဲမသွေ ကူးလူးဆက်ဆံ ရောင်းဝယ်ရမှာမှန်သည်၊ နိုင်ငံခြားငွေရဖို့ ပြည်ပထုတ်ကုန် တိုးတက် မြင့်မားရေး အခရာဆိုတာလည်း ဟုတ်သည်။ မိမိတို့ပြည်တွင်းမှာတွင်လယ်ယာချောင်းမြောင်းက စားသောက်ကုန်အထွက်တိုးရေး တောရပ် အိမ်ထောင်စုများ မိသားစုဝင်ငွေတိုးရေးကို ဦးစားပေးဇောက်ချ ဆောင်ရွက်ဖို့၊ ပြည်တွင်းအနှံ့ ကူးသန်းရောင်းဝယ်ဖောက်ကားမှု ကျယ်ပြန့် အောင်ချဲ့ထွင်နိုင်ရန် အခြေခံအဆောက်အအုံ လမ်းပန်းဆက်သွယ်ရေး တွင်ကျယ်ချောမွေ့လုံခြုံ မြန်ဆန်သေချာဖို့ လိုအပ်မယ့် ဆောက်လုပ် ရေးကုန်ကြမ်းပစ္စည်း စက်ယန္တရားကိရိယာတွေ အစဉ်မပြတ်ထုတ်လုပ်သွားနိုင်မယ့် စက်ရုံကြီးတွေ ဖြစ်ထွန်းလာဖို့ နိုင်ငံခြားငွေကို သုံးမှသာ ရေရှည်တိုင်းပြည် ကြီးပွားတိုးတက်ရေး၊ သူတပါးကိုစားစရာကအစ မှီခိုအားထားရမှု နည်းပါးရေးကိစ္စများ အထမြောက်အောင်မြင်မှာဆိုတာ သဘောမပေါက်ဘူးဆို ရင်တော့လည်း ကြွေးတင်ကျွန်ဖြစ် ဇာတ်လမ်းဟောင်းကြီးထဲမှာပဲ တဝဲလည်လည် သံသရာရှည်နေကြရဦးမှာပါ။ [၈]

တောရပ်ကိုဥပေက္ခာပြု မြို့ကြီးတွေတအားကြီးလာပြီး အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ လူဆင်းရဲတွေရဲ့ ကျူးကျော်ရပ်ကွက်တွေ ပတ်ချာလည် ဝန်းရံ နေတဲ့ အလယ်မှာမှ တာဝါကြီးတွေ ရှော်ပင်မောလ်ကုန်တိုက်ကြီးတွေ ဟိုတယ်ကြီးတွေ နိုင်ငံစုံယမကာနဲ့ စားသောက်ဆိုင်ကြီးတွေ ဟီးထ လာတာကို တစိမ့်စိမ့်ကြည့်ပြီး ဖွံ့ဖြိုးတိုးတက်လှချည်ရဲ့လို့ မြင်နေကြရင်တော့ အများသောက်တဲ့ မိုးခါးရေ စထော်ဘယ်ရီ ဗနီလာနံ့ မွှေးမွှေး လေးနဲ့ မြိုချကြရုံပဲလို့ ဆိုရပါလိမ့်မယ်။

၁။ http://www.globalresearch.ca/ttp-ttip-tisa-and-ceta-u-n-legal-expert-calls-proposed-trade-deals-illegal/5532672
TTP, TTIP, TISA and CETA: U.N. Legal Expert Calls Proposed Trade Deals “Illegal”
www.globalresearch.ca
Alfred de Zayas, the U.N.’s Independent Expert on the Promotion of a Democratic and Equitable International Order, is assigned the task to apply the standards of international law to proposed treat…
Hide original message
TTP, TTIP, TISA and CETA: U.N. Legal Expert Calls Proposed Trade Deals “Illegal”
www.globalresearch.ca
Alfred de Zayas, the U.N.’s Independent Expert on the Promotion of a Democratic and Equitable International Order, is assigned the task to apply the standards of international law to proposed treat…

၂။ https://www.transnational-dispute-management.com/news.asp?key=522
News – News & Events – TDM Journal (Transnational Dispute Management) – The Network for International Arbitration, Mediation and ADR, International Investment Law and Transnational Dispute Management
www.transnational-dispute-management.com

၃။ http://www.sciencedirect.com/science/article/pii/S0305750X14002939
NGOs, States, and Donors Revisited: Still Too Close for …
www.sciencedirect.com
Serious questions remain about the ability of NGOs to meet long-term transformative goals in their work for development and social justice. We investigate how,

၄။ http://www.irrawaddy.com/feature/girl-power-rises-burma.html
၅။ http://www.usip.org/publications/2016/05/12/us-eyes-military-ties-myanmar-official-says
U.S. Eyes Military Ties With Myanmar, Official Says …
www.usip.org
The U.S. is formulating its next steps in Myanmar, including gradual re-engagement with the country’s military, with the aim of broadening cooperation after several …

၆။ http://www.irrawaddy.com/interview/there-is-a-new-cold-war-in-asia-bertil-lintner.html
၇။ http://fpif.org/playing-with-peace-in-myanmar/
၈။ http://www.irrawaddy.com/interview/the-rocky-road-to-recovery.html

ကားလ်မာ့က်စ်

ကားလ်မာ့က်စ်
အတ္ထုပ္ပတ္တိအကျဉ်းနှင့်မာ့က်စ်ဝါဒကိုရှင်းပြချက်တခု
(ဗလာဒီမာအီလျစ်ခ်ျလီနင်)

ရဲဘော်အောင်ထက်

ပစ္စည်းမဲ့လူတန်းစား၏လူတန်းစားဆိုင်ရာနည်းပရိယာယ်

အင်မတန်စောတဲ့ ၁၈၄၄-၄၅ ခုနှစ် ကာလများကတည်းကပဲ မာ့က်စ်ဟာ အစောပိုင်းရုပ်ဝါဒရဲ့အားနည်းချက်တွေ- ဆိုလိုတာ လက်တွေ့တော်လှန်ရေးလုပ်ငန်းဖြစ်ပေါ်ဖို့အခြေအနေတွေ၊ ဒါမှမဟုတ်အရေးပါမှုကိုနားမလည်မှုတွေ-ကို စူးစမ်းလေ့လာပြီးနောက် သူဟာ သူ့တသက်တာမှာ သူ့ရဲ့သဘောတရားရေးလုပ်ငန်းနဲ့အတူ ပစ္စည်းမဲ့လူတန်းစားရဲ့နည်းပရိယာယ်ပြဿနာတွေကို တရံမလပ် သတိပြုအာရုံစိုက်ခဲ့ပါတယ်။ သူ အာရုံစိုက်ပြုစုခဲ့တာတွေကို ပမာဏကြီးမားလှတဲ့ မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့်၁၉၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူနဲ့ အိန်ဂယ်တို့ရဲ့ အပြန်အလှန်ပေးစာလေးတွဲထဲမှာ ဖြစ်ပါတယ်။ သူ့ရေးသားချက်တွေကို အားလုံးစုစည်းတာ၊ စစ်ဆေးတာ၊ လေ့လာသုံးသပ်တာ မလုပ်ရသေးပါဘူး။ ဒီတော့ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာမာ့က်စ်က ဒီနယ်ပယ်အကြောင်းမပါရင် ရုပ်ဝါဒဟာမပြည့်စုံ၊ တဖက်သတ်ကျ၊ အသက်မဲ့နေ လိမ့်မယ်လို့ သဘောထားခဲ့ကြောင်း သူ့ရဲ့ ယေဘုယျ အကျဆုံးနဲ့ တိုးတောင်းလှတဲ့ မှတ်ချက်တွေကနေ ကောက်ယူလို့ရကြောင်း ပြောတာနဲ့ပဲ ကျေနပ်ရပါတယ်။ မာ့က်စ်က ပစ္စည်းမဲ့ လူတန်းစား နည်းပရိယာယ်ရဲ့ အခြေခံလုပ်ငန်းကို သူ့ရဲ့ အနုပဋိလောမရုပ်ဝါဒ ကမ္ဘာ့အမြင်နဲ့ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေနဲ့အညီ တိတိကျကျ ဖော်ပြခဲ့ ပါတယ်။ ရှေ့တန်းရောက်လူတန်းစားရဲ့ မှန်ကန်တဲ့နည်းပရိယာယ်ဆိုတာဟာ လူ့အဖွဲ့အစည်း တရပ်မှာရှိတဲ့ လူတန်းစား အားလုံးအကြားက ဆက်စပ်ရေးကို ပေါင်းရုံးထည့်သွင်းစဉ်းစားပြီး အဲဒီလူ့အဖွဲ့အစည်းရောက်ရှိနေတဲ့အဆင့်၊ ဒီလူအဖွဲ့အစည်းနဲ့ တခြား လူ့အဖွဲ့အစည်းတွေရဲ့ဆက်စပ်မှုတို့ကိုပါ စဉ်းစားတွက်ချက်မှ ရရှိနိုင်ပါတယ်။ တချိန်တည်းမှာ လူတန်းစားအားလုံး၊ နိုင်ငံအားလုံးကို မလှုပ် မရှားတဲ့အသေအဖြစ် မကြည့်မြင်ဘဲ လှုပ်ရှားပြောင်းလဲမှုရှိတဲ့အရှင် (လှုပ်ရှားပြောင်းလဲမှုတရားတွေကို လူတန်းစားအသီးသီးရဲ့ စီးပွားရေးအခြေ အနေက ပိုင်းဖြတ်တယ်) အဖြစ် သဘောထားကြည့်မြင်ရပါတယ်။ လှုပ်ရှားပြောင်းလဲမှုကိုလည်း အတိတ်သဘောနဲ့သာမက၊ အနာဂတ်သဘောအရပါ ကြည့်မြင်ရပြီး နှေးကွေးတဲ့အပြောင်းအလဲတွေကိုသာမြင်တဲ့ “ဖြစ်ပေါ်ပြောင်းလဲမှုသမား evolutionists” တွေရဲ့အလွယ်တကူနားလည်မှုမျိုးမဟုတ်ဘဲ မာ့က်စ်က အိန်ဂယ်ဆီကိုရေးသလို အနုပဋိလောမ နည်းကျစွာ နားလည် ယူရပါမယ်။ သူရေးတာက “အဲဒီလိုအတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အနှစ်၂၀ဆိုတာ တရက်ထက် မပိုဘူး၊ ဒါပေမဲ့ နောင်မှာတော့ အနှစ်၂၀ ကို လွှမ်းခြုံထားတဲ့နေ့ရက်တွေ ရောက်လာပါလိမ့်မယ်။ (အတွဲသုံး၊ နှာ ၁၂၇)

ဖြစ်ပေါ်တိုးတက်မှုအဆင့်တိုင်း၊ အချိန်တိုင်းမှာ ပစ္စည်းမဲ့နည်းပရိယာယ်ဟာ ဒီလူ့သမိုင်းရဲ့ မုချဖြစ်ပေါ်လာမယ့် အနုပဋိလောမ တရားကို ထည့်သွင်းစဉ်းစားရပါမယ်။ တဖက်မှာတော့ ရှေ့တန်းရောက်လူတန်းစားမှာ လူတန်းစားအသိနဲ့ အင်အား-တက်ကြွထက်သန်မှုတို့ ဖြစ်ပေါ် တိုးတက်ဖို့အတွက် နိုင်ငံရေးအရထိုင်းမှိုင်းခြင်း၊ ဒါမှမဟုတ် လေးကန်ပျင်းတွဲ့ခြင်းဆိုတဲ့ကာလတွေကို အသုံးချရပါမယ်။ နောက် တဖက်မှာတော့ ဒီအသုံးချတာရဲ့ရည်ရွယ်ချက်ဟာ “အမြင့်ဆုံးရည်မှန်းချက်”ဖြစ်တဲ့ “အနှစ်နှစ်ဆယ်ကို လွှမ်းခြုံတဲ့” နေ့ထူးနေ့မြတ်များရဲ့ လုပ်ငန်းထူးလုပ်ငန်းမြတ်တွေအတွက် လက်တွေ့အဖြေတွေ ရှာဖွေရေးဖြစ်ရပါမယ်။ ဒီဟာနဲ့ဆက်စပ်ပြီး မာ့က်စ်ရဲ့ အကြောင်းပြချက်နှစ်ချက်ဟာ အလွန်အရေးပါလှပါတယ်။ တချက်က သူ့ရဲ့ “အဘိဓမ္မာချွတ်ခြုံကျမှု(Poverty of Philosophy)ကျမ်း”ထဲမှာ ပါပြီး ဒါဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့စီးပွားရေးတိုက်ပွဲ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင် ပါတယ်။ နောက်တချက်ကတော့ ကွန်မြူနစ်ပါတီကြေညာစာတမ်းထဲမှာ ပါဝင်ပြီး ပစ္စည်းမဲ့လူတန်းစားရဲ့ တာဝန်လုပ်ငန်းတွေနဲ့ ပတ်သက်ပါတယ်။ ပထမတချက်ကတော့ ဒီလိုပါ-

“အကြီးစားစက်မှုလုပ်ငန်းက တဦးနဲ့တဦးမသိကြတဲ့လူတွေကို နေရာတခုမှာ စုပေးလိုက်တယ်။ သူတို့ရဲ့ အကျိုးစီးပွား တွေကို ပြိုင်ဆိုင်မှုက ခွဲခြားပစ်လိုက်တယ်။ ဒါပေမဲ့ လုပ်ခတွေကို ထိန်းသိမ်းရေးဆိုတဲ့ သူတို့ရဲ့အလုပ်ရှင်ကို ဆန့်ကျင်တဲ့ ဘုံအကျိုး စီးပွားဟာ သူတို့ကို တွန်းလှန်ရေးဆိုတဲ့ တူညီတဲ့စဉ်းစားမှုမှာ စုစည်းပေးလိုက်တယ်။ စုစည်းမှု- အစမတော့ သီးခြားစီ၊ ကိုယ့်အစုလေးတွေနဲ့ကိုယ်ဖြစ်နေတယ်။ ရင်ဆိုင်နေရတာက အမြဲတမ်းပဲ စုစည်းမှုရှိတဲ့အရင်း။ သူတို့ (အလုပ်သမားတွေ)အဖို့ အသင်းအပင်းရှိရေးဟာ လုပ်ခထက် အရေးကြီးလာပါတယ်။ ဒီတိုက်ပွဲမှာ-တကယ့် ပြည်တွင်း စစ်မှာ- လာတော့မယ့်တိုက်ပွဲအတွက် လိုအပ်တဲ့အင်အားစုတွေဟာ စုစည်းညီညွတ်ကြ၊ ကြီးထွားလာကြပါတယ်။ ဒီအဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်အဖွဲ့ အစည်းတွေဟာ နိုင်ငံရေးလက္ခဏာဆောင်လာကြပါတော့တယ်။ (မာ့က်စ်- အဘိဓမ္မာချွတ်ခြုံကျမှု။ ၁၈၄၇)

ကျွန်တော်တို့အဖို့ ဒီမှာပဲ နောင်လာမယ့် ဆယ်စုနှစ်တော်တော်များများအတွက် စီးပွားရေးတိုက်ပွဲတွေအတွက် လုပ်ငန်းစဉ်နဲ့ နည်းပရိ ယာယ်လမ်းစဉ်ကိုရပြီ၊ ဒီကြာရှည်တဲ့ကာလကြီးအတွင်းမှာ ပစ္စည်းမဲ့လူတန်းစားဟာ “ရောက်လာမယ့်”တိုက်ပွဲကြီးအတွက် ပြင်ဆင်ပါလိမ့်မယ်။ ဒီဟာကို မာ့က်စ်နဲ့အိန်ဂယ်တို့က ညွှန်းဆိုခဲ့တဲ့ ဗြိတိသျှအလုပ်သမားလှုပ်ရှားမှုဥပမာတွေနဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ သူတို့ရဲ့ ဥပမာတွေထဲမှာ စက်မှု“ဥစ္စာပစ္စည်း”က “ပစ္စည်းမဲ့လူတန်းစားကိုဝယ်ယူဖို့” ကြိုးစားတာ (အပြန်အလှန်ပေးစာ အတွဲ၁၊ နှာ၁၃၆)၊ သူတို့ကို တိုက်ပွဲတွေကနေ အာရုံ လွှဲ ပစ်တာ၊ “အလုပ်သမားတွေကို ဘယ်လိုစိတ်ဓာတ်ကျအောင်လုပ်တာ”၊ (အတွဲ ၂၊ နှာ၂၁၈)၊ ဗြိတိသျှအလုပ်သမားတွေ ဘယ်လို ဓနရှင်စိတ် ပေါက်ကုန်တယ်ဆိုတာတွေ- “ဒီအားလုံးထဲမှာ ဓနရှင်အပီသဆုံးနိုင်ငံက ဓနရှင်”တွေဟာ ဓနရှင်လူတန်းစားနဲ့အတူ ဓနရှင်မင်းဆိုးရာဇာတွေ (ချားတစ်စ် Chartists )၊ ဓနရှင်ပစ္စည်းမဲ့တွေ ရှိနေစေချင်ဟန် တူတယ်လို့ ဆိုတာ (၁၈၆၆၊ အတွဲ၃၊ နှာ ၃၀၅)၊ နောက်ပြီး ဗြိတိသျှ အလုပ်သမားခေါင်းဆောင်တွေ ဘယ်ကနေဘယ်လိုဖြစ်ပြီး “ပြတ်သားတဲ့ဓနရှင်လည်းမဟုတ်၊ အလုပ်သမားလည်း မဟုတ်တဲ့လူတွေ” ဖြစ်ကုန်ရတယ်ဆိုတာ (ဟိုးရုတ်ခ် ကို ရည်ညွှန်းချက်၊ အတွဲ ၄၊ နှာ၂၀၉)၊ ဗြိတိသျှရဲ့ လက်ဝါးကြီးအုပ်ထားနိုင်မှုကြောင့် အဲဒီ လက်ဝါးကြီးအုပ်မှု တည်ရှိနေသရွေ့ “ဗြိတိသျှလုပ်သားတွေဟာတုတ် တုတ်မှလှုပ်မှာ မဟုတ်ဘူး” (အတွဲ၄၊ နှာ ၄၃၃) ဆိုတာတွေကို ရေးသားဖော်ပြခဲ့ပါတယ်။ အလုပ်သမားလှုပ်ရှားမှုကြီးရဲ့ တခုလုံးဆိုင်ရာလမ်းကြောင်း (နောက်ပြီးရလာဒ်)နဲ့ ပတ်သက်တဲ့ စီးပွားရေးတိုက်ပွဲတွေရဲ့နည်းပရိယာယ်ကို ဒီနေရာမှာအလွန်ကျယ်ပြန့်၊ ခြုံငုံမိ၊ အနုပဋိလောမနည်းကျနဲ့ တကယ် တော်လှန်တဲ့ ရပ်တည်ချက်ကနေ နားလည်ယူထားတာဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီကြေညာစာတမ်းဟာ နိုင်ငံရေးတိုက်ပွဲနည်းပရိယာယ်လမ်းစဉ်အတွက် အခြေခံကျတဲ့မာ့က်စ်ဝါဒမူတွေကို တင်ပြထားပါ တယ်။

“ကွန်မြူနစ်တွေဟာ လတ်တလောရည်မှန်းချက်တွေရရှိရေးအတွက်နဲ့ အလုပ်သမားလူတန်းစားရဲ့ ကာလအလိုက် အကျိုးစီးပွားတွေ ရရှိရေးအတွက် တိုက်ပွဲဝင်ကြပါတယ်။ ဒါပေမဲ့ လက်ရှိလှုပ်ရှားမှုမှာတော့ သူတို့ဟာ ဒီလှုပ်ရှားမှုရဲ့ လက်ရှိနဲ့ အနာဂတ်တို့ကိုလည်း အာရုံပြုပါတယ်။ ဒါကြောင့်လည်း ၁၈၄၈ခုနှစ်တုန်းက မာ့က်စ်က ပိုလန်နိုင်ငံက“လယ်ယာတော်လှန်ရေး”ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။ “၁၈၄၆ ခုနှစ်မှာ ကရာကို (Krakow) ပုန်ကုန်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ပါတီဖြစ်ပါတယ်။ ” ၁
ဂျာမနီမှာတော့ မာ့က်စ်က ၁၈၄၈ ခုနှစ်နဲ့ ၁၈၄၉ ခုနှစ်တို့မှာ အလွန်အကျွံတော်လှန်တဲ့ ဒီမိုကရက်တွေကိုထောက်ခံခဲ့ပြီး နည်း ပရိယာယ်လမ်းစဉ်နဲ့ပတ်သက်ပြီး သူပြောခဲ့တာကို ပြန်မရုပ်သိမ်းခဲ့ပါဘူး။ သူက ဂျာမန်ဓနရှင်လူတန်းစားကို “အစကတည်းက ပြည်သူတွေ အပေါ် သစ္စာဖောက်ရေးကို တိမ်းညွှတ်တဲ့အင်အား (ဓနရှင်လူတန်းစားဟာ လယ်သမားနဲ့ပူးပေါင်းမှသာ သူ့ရည်ရွယ်ချက် အောင်မြင်နိုင် ပါတယ်)ဖြစ်ပြီး သူတို့ဟာ လူ့အဖွဲ့အစည်းဟောင်းက အာဏာရကိုယ်စားလှယ်များနဲ့စေ့စပ်တယ်”လို့သဘောထားထားပါတယ်။ ဒါဟာ ဂျာမနီဓနရှင်ဒီမိုကရေစီ တော်လှန်ရေးကို မာ့က်စ်ရဲ့သုံးသပ်ပုံဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ဒါဟာလှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းကို ရုပ်ဝါဒအရခွဲခြမ်းစိပ်ဖြာတဲ့၊ ဒါ့အပြင် နောက်ပြန်ဆွဲတာမဟုတ်တဲ့ လှုပ်ရှားမှုအဖြစ် ခွဲခြမ်းစိတ်ဖြာတဲ့ ရုပ်ဝါဒဖြစ်ပါတယ်။

“ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ၊ ပြည်သူလူထုအပေါ် ယုံကြည်မှုမရှိဘဲ အထက်ကို မြည်တွန်တောက်တီး၊ အောက်ကိုတော့ ကြောက်လန့် …. ကမ္ဘာ့မုန်တိုင်းရဲ့ခြောက်လှန့်မှုခံရ…. ဘယ်လိုအင်အားမှမရှိ၊ အရာရာကိုကူးချ…. ကိုယ်ပိုင်တီထွင်လုပ်ကိုင်နိုင်စွမ်းမရှိ…. ကိုယ်ကျိုးစီးပွားအတွက် သန်စွမ်းတဲ့လူတွေရဲ့ လူငယ်ပီပီလှုပ်ရှားမှုတွေကို ပယ်ချရမယ်လို့ အသေသတ်မှတ်ထားတဲ့ ဦးနှောက် မလှုပ်ရှား နိုင်တော့တဲ့ အမြင်ကပ်စရာလူအိုကြီး ….”။ (အတွဲ၃၊ နှာ ၂၁၂)

နောက် အနှစ်၂၀လောက်အကြာမှာ မာ့က်စ်က အိန်ဂယ်ဆီကိုရေးတဲ့စာတစောင်မှာ (အပြန်အလှန်ပေးစာ အတွဲ၃။ နှာ၂၂၄) ၁၈၄၈ ခုနှစ် တော်လှန်ရေးရှုံးနိမ့်ရတာဟာ ဓနရှင်လူတန်းစားဟာ လွတ်လပ်စွာတိုက်ခိုက်ခွင့်ရမယ်ဆိုတဲ့ မျှော်မှန်းချက်လေးတခုအတွက် ငြိမ်းချမ်းမှုနဲ့ ကျွန်သဘောက်ပြုမှုကို လက်ခံလိုက်လို့ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ၁၈၄၈-၄၉ ခုနှစ် တော်လှန်ရေးကာလ ပြီးဆုံးသွားတဲ့အခါမှာ မာ့က်စ်ဟာ တော်လှန်ရေးနဲ့ ကစားဖို့ ကြိုးစားတာမှန်သမျှကို ဆန့်ကျင်ပါတယ် (သူ့က ရှက်ပါနဲ့ဝီလစ်ခ် တို့ကို ပြန်တိုက်ခဲ့တာကို ကြည့်ပါ)။ ကာလသစ်နဲ့အညီ လုပ်ကိုင်ရေးကို တင်ခဲ့ပါတယ်။ ဒါဟာ အမည်ခံ“ငြိမ်းချမ်းတဲ့” နည်းတွေနဲ့ တော်လှန်ရေးအသစ်တွေအတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ချင်တဲ့ မာ့က်စ်ရဲ့ သဘောထားကို သူ့ရဲ့ အမှောင်ဆုံးကာလဖြစ်တဲ့ ဖောက်ပြန်လှတဲ့ ၁၈၅၆ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ အခြေအနေကို သုံးသပ်မှုမှာ တွေ့နိုင်ပါတယ်- “ဂျာမနီနိုင်ငံရဲ့ အရေးတခုလုံးဟာ ဒုတိယအကြိမ် လယ်သမားစစ်ပွဲရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ပေါ်ပေါက်တဲ့ ပစ္စည်းမဲ့လူ တန်းစားတော်လှန်ရေးပဲ ဖြစ်မယ် (အပြန်အလှန်ပေးစာ- အတွဲ၂၊ နှာ၁၀၈)။ ဂျာမနီက ဒီမိုကရေစီ(ဓနရှင်)တော်လှန်ရေး မပြီးဆုံးသေးချိန်မှာ မာ့က်စ်ဟာ ပစ္စည်းမဲ့ ဆိုရှယ်လစ်တွေ အတွက် နည်းပရိယာယ်တွေနဲ့ လယ်သမားတွေရဲ့ ဒီမိုကရေစီအင်အားတို့အပေါ် အာရုံစိုက်ခဲ့တယ်။ သူက လာဆားလ် (Lasalle) ရဲ့သဘောထားဟာ “ပကတိဘာဝကျစွာပြောရရင် ပရပ်ရှားနိုင်ငံအလုပ်သမားလှုပ်ရှားမှုကို သစ္စာဖောက်တာဖြစ်တယ် (အတွဲ၃၊ နှာ ၂၁၀)။ အကြောင်းက လာဆားလ်ဟာ ဂျန်ကာတွေနဲ့ ပရပ်ရှားအမျိုးသားရေးဝါဒတို့ကို လက်ခံခဲ့လို့ ဖြစ်တယ်လို့ယူဆပါတယ်။

၁၈၆၅ ခုနှစ်မှာ အိန်ဂယ်က“လယ်ယာအဓိကလုပ်တဲ့နိုင်ငံတခုမှာ စက်မှုပစ္စည်းမဲ့အမည်ခံပြီး ဓနရှင်တွေကိုတိုက်တာ၊ ပဒေသ ရာဇ်မင်းစိုး ရာဇာကြီးတွေရဲ့အောက်မှာ ဘာသာရေးနည်းနဲ့ပါ သွေးစုပ်ခံနေရတဲ့ ကျေးလက်ပစ္စည်းမဲ့တွေအကြောင်း တခွန်းမှမပြောရင် ဒါဟာ သူရဲဘောကြောင်တာပဲ”လို့ မာ့က်စ်နဲ့ သူရဲ့သတင်းစာကို ကြေညာချက်မထုတ်ပြန်မီမှာ ရေးခဲ့ပါတယ်။ (အတွဲ၃၊ နှာ ၂၁၇)

၁၈၆၄ ခုနှစ်နဲ့ ၁၈၇၀ ခုနှစ်အကြား ဓနရှင်ဒီမိုကရက်တစ်တော်လှန်ရေးရဲ့ အကျိုးကျေးဇူးတွေကို ခံစားတဲ့ကာလပြီးဆုံးတဲ့အချိန်၊ ပရပ်ရှားနဲ့ ဩစတြီးယားက သွေးစုပ်သူလူတန်းစားတွေက အထက်စီးကနေ အဲဒီတော်လှန်ရေးကို တနည်းမဟုတ်တနည်းနဲ့ အပြီး သတ်အောင် လုံးပန်းနေကြ ချိန်မှာ မာ့က်စ်ဟာ ဘစ္စမတ်နဲ့ ပလူးနေတဲ့ လာဆားလ်ကို ထိုးနှက်ရုံမက “ဩစတြီးယားဘက်လိုက်ဝါဒထဲကိုလျှောကျနဲ့ သီးခြားလက္ခဏာ ဝါဒကို ကာ ကွယ်တဲ့ လစ်ဘ်နက်ကိုလည်း ပြုပြင်ပေးခဲ့ပါတယ်။ မာ့က်စ်က ဘစ္စမတ်ကိုရော ဩစတြီးယားဘက်လိုက်ဝါဒကိုပါ မညှာမတာတိုက်ခိုက်တဲ့၊ “အောင်ပွဲရ”ပရပ်ရှားဂျန်ကာတွေကိုသာမက ပရပ်ရှားတွေရဲ့ စစ်ရေးအောင်မြင်မှုတွေက ဖန်တီးပေးလိုက်တဲ့ အခြေအနေတွေကိုပါ ဆန့်ကျင်တိုက်ခိုက်ဖို့ တော်လှန်တဲ့ နည်းပရိယာယ်တွေ တောင်းဆိုခဲ့ပါတယ် (အပြန်အလှန်ပေးစာ- အတွဲ၃၊ နှာ ၁၃၄။ ၁၃၆၊ ၁၄၇၊ ၁၇၉၊၂၀၄၊ ၂၁၀၊ ၂၁၅၊ ၄၁၈၊ ၄၃၇၊ ၄၄၀-၄၄၁)။

၁၈၇၀ခုနှစ်။ စက်တင်ဘာလ ၉ရက်နေ့က မာ့က်စ်ရဲ့နာမည်ကျော် အင်တာနေရှင်နယ်အတွက်ပြောတဲ့ မိန့်ခွန်းမှာ သူက ပြင်သစ် ပစ္စည်းမဲ့ လူတန်းစားကို အချိန်မတိုင်ဘဲ အုံကြွမှုမလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အုံကြွမှုကြီးပေါ်ပေါက်လာတဲ့ အခါမှာတော့ မာ့က်စ်ဟာ “မိုးကောင်းကင်”ကို တဟုန်ထိုး ထိုးစစ်ဆင်ကြတဲ့ လူထုတွေရဲ့ တော်လှန်တဲ့လုပ်ရပ်ကို တက်ကြွစွာ ထောမနာပြုခဲ့ပါတယ် (မာ့က်စ်ရဲ့ ကူဂဲလ်မန်းဆီ ပေးစာ)။

အနုဋိလောမရုပ်ဝါဒရှုထောင့်ကကြည့်ရင် အဲဒီအနေအထားမှာ တော်လှန်ရေးလုပ်ရပ် ရှုံးနိမ့်သွားတာဟာ တခြားကိစ္စ အများအပြား မှာလိုပဲ တော်သေးတယ်လို့ ဆိုရမှာပါ။ ပစ္စည်းမဲ့လူတန်းစားတိုက်ပွဲရဲ့ အထွေထွေလမ်းကြောင်းနဲ့ ရလဒ်မှာ ရရှိပြီးသားအနေအထားကို စွန့်လွှတ်လိုက်တာ၊ တိုက်ပွဲမတိုက်ဘဲ လက်နက်ချလိုက်တာတို့နဲ့စာရင် တော်သေးတယ်လို့ပြောရမှာပါ။ အဲဒီလို လက်နက်ချမှုဟာ ပစ္စည်းမဲ့လူတန်းစားကို စိတ်ဓာတ် ကျစေပြီး တက်ကြွမှုကို အားလျော့စေမှာပါ။ နိုင်ငံရေးထိုင်းမှိုင်းပြီး ဓနရှင်လူတန်းစားရဲ့ တရားဝင်တည်ရှိမှု လွှမ်းမိုးနေချိန်မှာ ဥပဒေတွင်း နည်းနာတွေ အသုံးပြုရေးကို ကောင်းစွာ သဘောပေါက်တဲ့မာ့က်စ်က ၁၈၇၇နဲ့၁၈၇၈ ခုနှစ်တို့မှာ ဆိုရှယ်လစ် ဆန့်ကျင်ရေးဥပဒေနဲ့ပတ်သက်ပြီး မို့စ်ရဲ့ “တော်လှန်ရေးစကားတွေ”ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ နောက်ပြီး ပြတ်သားခိုင်မာမှုနဲ့ တော်လှန်ရေးစိတ်ဓတ်မရှိတဲ့၊ ဆိုရှယ်လစ် ဆန့်ကျင်ရေး ဥပဒေ ပေါ်ထွက်လာရာမှာ ဥပဒေပြင်ပ တိုက်ပွဲဆင်နွှဲဖို့အသင့်မဖြစ်တဲ့ ဆိုရှယ် ဒီမိုကရက်တစ်ပါတီကိုလည်း ပိုချင်သာ ပိုမယ်၊ အဲဒီထက် မလျော့တဲ့ ပြင်းထန် မှုနဲ့ ရှုတ်ချခဲ့ပါတယ်။

မှတ်ချက်
၁။ ။ ဒီနေရာမှာ ဆိုလိုတာက ၁၈၁၅ခုနှစ်ဆီတုန်းက ဩစတြီးယား၊ ပရပ်ရှားနဲ့ ရုရှားနိုင်ငံတို့ရဲ့ ပူးတွဲချုပ်ကိုင်မှုအောက်မှာနေရတဲ့ ကရာကိုသမ္မတနိုင်ငံက အမျိုးသားလွတ်မြောက်ရေးအုံကြွမှုကို ဆိုလိုတာပါ။ ပုန်ကန်သူတွေဟာ အမျိုးသားအစိုးရတည်ထောင်တဲ့ အကြောင်း ကြေညာပြီး ပဒေသရာဇ်ဝန်ဆောင်မှုတွေကို ဖျက်သိမ်းကြောင်းနဲ့ လယ်သမားတွေကို အခမဲ့လယ်တွေပေးမယ့်အကြောင်းတို့ကိုလည်း ကြေညာ ခဲ့ပါတယ်။ တခြားကြေညာချက်တွေမှာတော့ လစာမြင့်တဲ့ အမျိုးသားစက်ရုံများ တည်ထောင်ကြောင်းနဲ့ နိုင်ငံသားတွေအားလုံး တန်းတူမှုကို ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒီအုံကြွမှုဟာ ချေမှုန်းခြင်းခံခဲ့ရပါတယ်။

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်
(မင်းဝေ)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇

“ ရာနှုန်းပြည့်သာ အနိုင်ရအောင်မဲပေးပါ၊ ကျန်တာ ကျွန်မတို့ ကြည့်လုပ်ပါ့မယ်” ဆိုတဲ့ ဒီချုပ်အစိုးရ ကြည့်လုပ်နေရတဲ့ပုံပါပဲ။

လတ်တလော ပေါ်ပေါက်ဖြစ်ပွားလာနေတဲ့ အခြေအနေတွေရဲ့ဖိအားမျိုးစုံက ဒီချုပ်အစိုးရအဖို့ (ကာလုံ) အစည်းအဝေး မဟုတ်သော်လည်း ကာလုံကိစ္စတွေကို အဆုံးအဖြတ်ပေးကြတဲ့ အထူးအစည်းအဝေးခေါ်ကြရတဲ့ အနေအထားကို ဆိုက်ရောက်သွားစေပါတယ်။

အစည်းအဝေးအစီအစဉ်ကို ကြည့်ပြန်တော့လည်း စစ်တပ်နဲ့သက်ဆိုင်တာတွေချည်းအဓိက ဖြစ်နေတယ်။

ကြည့်ရတာ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အထူးအစည်းအဝေး”ဆိုတဲ့ ဒီအစီအမံကို ဒီချုပ် အစိုးရဘက်က အရေးပေါ် ထွင်လိုက်ရတာပဲလို့ယူဆပါတယ်။

ဒါဟာ လက်တွေ့အားဖြင့် ၁၁ ဦးပါ(ကာလုံ)ကို ရှောင်လွှဲလိုက်တဲ့ သဘောလို့ မြင်တယ်။ (ကာလုံ) အစည်းအဝေးသာခေါ်ရင် ဒီချုပ် အစိုးရရဲ့အဆုံးအဖြတ်အခန်းက အားနည်းလှတယ်မဟုတ်လား။ ၁၁ ဦး(ကာလုံ)မှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ ဒီချုပ်အစိုးရဘက်က ပီပီပြင်ပြင် ရပ်တည်မယ့်သူရှိတာ မဟုတ်လား။

အကယ်၍ ၁၁ ဦးပါ (ကာလုံ) အစည်းအဝေးသာခေါ်လိုက်ရင် အစည်းအဝေးရလဒ်ဖြစ်တဲ့ “ သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၆)” ထဲက ဝေါဟာရတွေ၊ အသုံးအနှုန်းတွေ၊ လေသံတွေက အခုလိုမဟုတ်ဘဲ၊ တမျိုးတမည်ပြောင်းလဲသွားနိုင်တယ်လေ။

စစ်တပ်ဘက်က“အကြမ်းဖက်တိုက်ခိုက်မှု”ကို မီးကုန်ယမ်းကုန်လုပ်ချင်ပုံရတယ်။ ဒါမျိုးတွေကို ဒီချုပ်အစိုးရက ပါးချပ်တပ်ပေး ရတာလား၊ အမြီးဆွဲရတာလား တစ်ခုခုပဲ။ ဒါတွေကို ညှိပြီးမှ ဒီသတင်းထုတ်ပြန်ချက် ထွက်လာတာပါ။ ဒီလိုညှိကြရတယ်ဆိုတာကို အစိုးရပြောခွင့်ရက ဖုံးကွယ်မထားပါဘူး။ “အစိုးရနဲ့ တပ်မတော် ကြေကြေလည် ဖြစ်အောင် ဆွေးနွေးပြီးမှ ထွက်လာတာ” လို့ဆိုပါတယ်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌသစ် (ဗိုလ်) ဦးသန်းေဋ္ဌးရဲ့သဘောထား၊ အရေးအသားနဲ့ သုံးနှုန်းထားတဲ့စကားလုံးတွေကိုပဲ သာဓက ဆောင်ပါရစေ။

– “ပဒေသရာဇ်ခေတ်ပြည်ထောင်စုတပ်မတော်က ရာမူးပန်းဝါဒေသထိ အောင်မြေချဲ့ကာ ကုလားဖြူကုလားနက်တို့၏ခန့်ညား လေးစားမှုရ ယူခဲ့သည် ”— တဲ့။

– “မြန်မာအင်္ဂလိပ်တတိယစစ်ပွဲကာလ၊ ကျူးးကျော်သူကို ခုခံချေမှုန်းရန် စနစ်တကျ စုဖွဲ့စစ်ပြင်နေသည့် မြန်မာ့တပ်မတော် ရှေ့တန်း တပ်မှူးတပ်သားများထံ ရွှေနန်းတော်က အမိန့်စာတစ်စောင် ရောက်ရှိခဲ့သည်၊ ‘အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခြင်း မပြုရ ၊ ခုခံသူကို သူပုန်ဟုသတ်မှတ်မည်’ နယ်ချဲ့ပရိယာယ်စစ်ပရိယာယ်များကို နားမလည်သော နိုင်ငံရေးသမား၏ မိုက်မဲ မှားယွင်းသော အဆုံးအဖြတ်နှင့်ညွှန်ကြားမှုက တစ်မျိုးသားလုံးကို အလွယ်တကူ ကျွန်ဖြစ်စေခဲ့သည်” တဲ့။

ဗိုလ်သန်းေဋ္ဌး ဒီသဘောထားနဲ့ အသုံးအနှုန်းတွေက ဗိုလ်သန်းေဋ္ဌး တစ်ဦးချင်းရဲ့ သဘောထားသာမကဘူး၊ စစ်အုပ်စုဝင် အားလုံးရဲ့ သဘောထားကိုပါ တိုက်ရိုက်ထင်ဟပ်ပြနေတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ အခြေခံသဘောထားပါပဲ။ ကြံ့ဖွံ့ပါတီဟာ ဒီသဘောထားကို ကိုင်စွဲပြီး လှုပ်ရှားနေမှာလည်း သေချာပါတယ်။

ကြံ့ဖွံ့ပါတီသာ အာဏာရထားချိန်ဆိုရင် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရဲ့ဒီသဘောထားတွေဟာ ကြံ့ဖွံ့အစိုးရသဘောထားနဲ့ လက်တွေ့ ကျင့်သုံးမယ့် ပေါ်လစီတွေ ဖြစ်လာမှာ သေချာပါတယ်။ ဒီသဘောထားနဲ့ ပေါ်လစီတွေကို စစ်တပ်ဘက်ကလည်း နှစ်ကိုယ့်တစ်စိတ် ပစ် ထောက်ခံမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်ထားရတဲ့အနေအထားမို့သာ ဆိုရှယ်မီဒီယာပေါ်ကနေ အခုလိုမဖြစ်ညစ်ကျယ် ရေးသားနေတာပါ။ စစ်အုပ်စု ချင်းဆိုတော့ ဘယ်စကားလုံး သုံးရမယ်ဆိုတာ သိတယ်။ သူရေးတာထဲမှာ ဖုံးကွယ်မထားနိုင်တဲ့အချက်တစ်ခုကတော့ နိုင်ငံရေးသမားတွေကို မုန်းတီးတဲ့ အာဃာတကို ဖုံးကွယ်မထားဘူးဆိုတဲ့အချက်ပါပဲ။
ဗိုလ်သန်းေဋ္ဌးတို့ အာဃတထားတဲ့ နိုင်ငံရေးသမားဆိုတာတွေထဲမှာတော့ “ဂျီဟတ်စစ်ပွဲ”လို့ သဘောထားထုတ်ပြန်ချက်ထဲ ထည့်ရေးတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေတော့ မပါဘူးထင်ပါတယ်။ ဒီပါတီက ကြံ့ဖွံပါတီနဲ့ ညီနောင်မဟာမိတ်တွေမဟုတ်လား။

သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ အချက် ၁၂ ချက်ပါသော်လည်း တိတိကျကျ ကိန်းဂဏန်းနဲ့ဖော်ပြတာဆိုလို့ သေကျေ ဒဏ်ရာစာရင်း၊ လက်နက်ဆုံးရှုံးစာရင်း၊ ဖမ်းမိသူ၊ သိမ်းဆည်းရတဲ့ လုပ်သေနတ်ပစ္စတို (သုံးမရ) တစ်လက်ဆိုတာမျိုးတွေလောက်သာ ပါရှိတာပါ။ ကျန်တာတွေ ကတော့ ဝေဝေဝါးဝါးပဲ။

အရှေ့ အလယ်ပိုင်း နိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှုအလုံးအရင်း ယူခဲ့တယ်လို့ ဆိုသော်လည်း ဘယ်နိုင်ငံ၊ ဘယ်သူလို့ တိတိကျကျမဖော်ပြပါဘူး။ ငွေကြေးထောက်ပံ့မှု ဆိုတာမှာလည်း လူတဦးဆက်သွယ်မှုဖြင့် လျို့ဝှက် ဆောင်ရွက် ခဲ့တယ်လို့ လုံးထားပြန်တယ်။ သိမ်းဆည်းရမိတဲ့လက်နက်တွေဆိုလို့ ကြည့်ပြန်တော့လည်း ဓားတွေပဲ တွေ့ရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကနေ ငွေကြေးထောက်ပံ့မှု အလုံးအရင်းနဲ့ယူထားတယ် ဆိုတဲ့ “(RSO) အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်သော အကာလ်မူလ် မူဂျာဟီဒင်န် (Aqa Mul Mujahidin ) အဖွဲ့” ဟာ ဒီလို ဓားလွတ်တွေပဲ ကိုင်နိုင်သလား လို့မေးခွန်း ထုတ်စရာနဲ့ ရယ်ပွဲ ဖွဲ့စရာဖြစ်လို့ နေပါတယ်။

ဓားလွတ်ကိုင်ပြီး စခန်းဝင်စီး၊ လူသတ်၊ သေနတ်သိမ်းသွားတယ်ဆိုတဲ့ အဖြစ်ကလည်း ဗိုလ်သန်းေဋ္ဌး၊ ဗိုလ်ခင်ရီ၊ တက္ကသိုလ်မြတ်သူ တု့ိရဲ့ ရာမူးပန်းဝါဇာတိမာန်ကို အိုးမဲသုတ်ခံရတာမို့ အလွန်ကိုပဲ မချိမခံသာဖြစ်ကြမှာပါ။

ဒီချုပ်အစိုးရနဲ့စစ်တပ် အကြားမှာ အမြင်မတူတာတွေ၊ ပွတ်တိုက်မှုတွေက ပြဿနာတိုင်း၊ ဖြစ်ရပ်တိုင်းမှာ ရှောင်လွှဲမရနိုင်ဘဲ ထိပ်တိုက်ကို ကြုံနေရတာပါ။ ဆက်ပြီးတော့လည်း ကြုံနေကြရဦးမှာပါ။

ဒီချုပ်အစိုးရဘက်က “သင့်မြတ်ရေး/သဟဇာတဖြစ်ရေးမူ” ဆိုတာနဲ့ လျှော့လျှော့ ပေါ့ပေါ့လုပ်ပြီး ကိုင်တွယ်နေတာကိုလည်း သတိပြု မိပါတယ်။ လွှတ်တော်ထဲမှာလည်း အလားတူပါပဲ။ “ တပ်မတော်သားတွေ ပါဝင်နေမှုကြောင့် လွှတ်တော်လုပ်ငန်းတွေ အခက်အခဲမရှိပါဘူး” ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ရဲ့လေပြေထိုးသံကိုလားကြားလိုက်ကြရမှာပါ။

အစိုးရနဲ့လွှတ်တော်ဟာ “ ကာချုပ်နဲ့ စစ်တပ်” ရဲ့ မျက်နှာကို ကြည့်ပြီးလုပ်နေရတယ်ဆိုတာကလည်း စည်းကမ်းပြည့်ဝသော ဒီမို ကရေစီ စည်းဝိုင်းထဲမှာ လွှဲရှောင်လို့မရတဲ့ ပကတိအခြေအနေတစ်ရပ်ပဲ မဟုတ်ပါလား။

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး
မောင်သန်းမြရွှေ

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

ဒီချုပ်အစိုးရသစ် တက်လာပြီး ပျားရည်ဆမ်း ၆ လ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခြားဆက်ဆံရေး ရလဒ်သစ်တွေ ရရှိလာတယ်လို့ ဆိုနိုင်သော်လည်း ပြည်တွင်းရေးပြဿနာ ကိုင်တွယ်ရာမှာ မထိရက်မတို့ရက် ဖြစ်နေတုန်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်းကြိုဆိုတဲ့ တရုတ်ပြည်ခရီးမှာ သမ္မတရှီကျင့်ဖျင်က နယ်စပ်တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မိတ်ဆွေကောင်းပီသစွာ ကူညီမယ်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ်လို့ ပြောတယ်။ အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ သွားရောက်တဲ့ အမေရိကန်ခရီးမှာ နိုင်ငံတော်ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အဆောင်အယောင်များနဲ့ ဧည့်ဝတ်ပြု ခံရကာ သမ္မတအိုဘားမားက ရသင့်တဲ့ဆုလာဘ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းဖို့ရှိကြောင်း ကြေညာတယ်။

တကယ်တော့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရကာ အရပ်သားတပိုင်းအစိုးရအဖြစ် ပေါ်ထွက်လာတဲ့ ဒီချုပ်အစိုးရအဖို့ အခြေအနေသစ်မှာ ပြဿနာသစ်များက စောင့်ကြိုနေတာ ဖြစ်ပါတယ်။

ပြည်ပဆက်ဆံရေးမှာ အပြင်ကအပူ အတွင်းမကူးအောင်၊ အတွင်းကအပူ အပြင်ကိုမကူးအောင် ရွဲ့စောင်းနေတဲ့ နိုင်ငံခြားဆက်ဆံရေးကို ပုံမှန်အခြေအနေတရပ် ရောက်အောင် ထိန်းညှိဖို့လိုပါတယ်။ အမှီအခိုကင်းတဲ့၊ ကိုယ့်အားကိုယ်ကိုးတဲ့၊ လွတ်လပ်တဲ့ ဘက်မလိုက်မူကြီး ၅ ချက် ပေါ်မှာ ခိုင်ခိုင်မာမာရပ်နိုင်ဖို့ လိုပါတယ်။ အာဏာမြဲဖို့ တဖက်ဖက်ကို ပြေးကပ်နေရတဲ့ဘဝမျိုး၊ စီးပွားရေးနဲ့ အချုပ်အခြာ အလဲအထပ်လုပ်ရတဲ့ဘဝမျိုး၊ ကိုယ့်ပြည်သူကိုဖိနှိပ်ဖို့ ပြည်ပကို မျက်နှာချိုသွေးရ လာဘ်ထိုးရတဲ့ ဘဝမျိုးမှ လွတ်ဖို့လိုပါတယ်။

တက်သမျှ အာဏာရအစိုးရတိုင်းနဲ့ တဖက်သတ် ဆက်ဆံတဲ့ နိုင်ငံခြားရေးပေါ်လစီဖြစ်စေ၊ ဒဏ်ခတ်ပိတ်ဆို့တဲ့ နိုင်ငံခြားရေး ပေါ်လစီဖြစ်စေ သက်ဆိုင်ရာနိုင်ငံကြီးများရဲ့ အကျိုးစီးပွားအရ ကျင့်သုံးကြတာပါ။ စီးပွားရေးအကျိုးစီးပွား နိုင်ငံရေးအကျိုးစီးပွား တခုမဟုတ်တခု ပါပါတယ်။ အကာအကွယ်ပေးတာဖြစ်ဖြစ၊် ပိတ်တာဖွင့်တာဖြစ်ဖြစ် သူတို့အကျိုးစီးပွားပါပါတယ်။ နှစ်နိုင်ငံတန်းတူ အပြန်အလှန် အကျိုးရှိဖို့ ဆိုတာ ပြဿနာပေါင်းစုံ သပွတ်အူလိုက်နေတဲ့ နာတာရှည် လူမမာဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်အောက်က ဗမာပြည်အဖို့ မလွယ်ပါဘူး။

– စစ်အေးလွန်ကာလ တလျှောက်လုံး (၁၉၈၈-၂၀၁၀) မာရှယ်လောနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ

– လူထုအပေါ် ဗိုလ်ကျအနိုင်ကျင့် ဖိနှိပ်ကျွန်ပြုခဲ့တဲ့ စစ်အစိုးရ

– အပြစ်မဲ့ပြည်သူ ထောင်သောင်းချီ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရ -တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေ ဖြူခါပြာခါကျအောင် လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ စစ်အစိုးရ – သဘာဝပတ်ဝန်းကျင် ပျက်သုဉ်း၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်ဆီး၊ နောက်မျိုးဆက်တွေကို ဆိုးမွေတွေတပုံကြီး ချန်ထားခဲ့တဲ့ စစ်အစိုးရ

– ဒီမိုကရေစီလည်းကင်းမဲ့ အမျိုးသားတန်းတူမှုလည်းမရှိတဲ့ ပြည်တွင်းစစ်နဲ့ အဆင့်နေရာရ အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရ

– စစ်ဗျူရိုကရက်များနဲ့ အပေါင်းပါခရိုနီတစုက တိုင်းပြည်ရဲ့ အတွင်းပစ္စည်းမှန်သမျှ လုယက်ဓားပြတိုက်ထားသမျှကို အကာအကွယ်ပေး နေတဲ့ စစ်အစိုးရ

– လက်ဝါးကြီးအုပ်ထားတဲ့ မြေယာ၊ အိုးအိမ်နဲ့ ဘဏ္ဍာအရင်းမှန်သမျှ တရားဝင်အောင်ပြုထားတဲ့ ၂၀၀၈ (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ ဒေ)အရ ရာသက်ပန် ကိုယ့်ကိုယ်ကိုယ် အာဏာအပ်နှင်းထားတဲ့ စစ်အစိုးရ…ထံမှ
၂၀၁၆ ဧပြီ ၁ မှာ ၂၀၀၈ ကို ကာကွယ်ထိန်းသိမ်းဖို့ ကတိသစ္စာပြုပြီး အာဏာလွှဲပြောင်း ရရှိခဲ့တဲ့ ဒီချုပ် အရပ်သားတပိုင်းအစိုးရအဖို့ စိန်ခေါ်မှုကြီးပါတယ်။

ဒီချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဖြစ်ပြီး နောက်ဆုံး မှ၂၀၀၈ပြင်ရေး ဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။ ဦးစားပေးလုပ်ငန်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ၂၁ရာစုပင်လုံနဲ့ ရခိုင်ဒေသ သဟဇာတဖြစ်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံပါလီမန်ညီလာခံမှာ ပြောတယ်။

ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်၊ လမ်းပေါ်မထွက်ဘဲ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး လမ်းစဉ်ကိုလည်း ကြေညာထားတယ်။ ယခင်အစိုးရ လက်ထက် အမှုကိစ္စများကို လွှတ်တော်မှာ မမေးမြန်းဖို့ အမတ်တွေကို ပြောတယ်။ အစိုးရကို အကျပ်ရိုက်စေမယ့် မေးခွန်းများ မမေးဖို့ ဒီချုပ်ဗဟိုက ညွှန်ကြားတယ်။ တမတ်သားပါလို့ အခက်အခဲမရှိကြောင်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောတယ်။

ပေါ်လစီကိုမဝေဖန်ခင် မူအရကြံ့ခိုင်ပြီး နည်းပရိယာယ်အရ ပျော့ပြောင်းတာလား၊ မူမဲ့အလျှော့ပေးရေးလား ဆိုတာကို အကျိုးသက် ရောက်မှုကို ကြည့်ဖို့လိုပါတယ်။
အာဏာလွှဲပြောင်းရေး ချောမွေ့ဖို့ စေ့စပ်ရပါတယ်။ တပ်ချုပ်ကလေးနဲ့တင် မပြီးလို့ အငြိမ်းစားဆိုတဲ့ တပ်ချုပ်ကြီးအထိ စေ့စပ်ရတယ်။ ကြံ့ဖွံ့သမ္မတဗိုလ်ချုပ်ကြီးဟောင်းက ခတ်မာမာ ဆင်းသွားတာဖြစ်တယ်။ ဗြောင်လုပ်သွားတယ်။ ကျောက်စိမ်း၊ သစ်၊ ရွှေ လက်ကုန်နှိုက်တူးသွားတယ်။ စီမံကိန်းသစ်တွေ သူ့ခရိုနီတွေကို ချပေးသွားတယ်။ ကျောက်မျက်အသင်း ကော်မရှင်ရငွေတွေ ဒေါ်လာသန်း၈၀ စာရင်းပျောက်သွားတယ်။ ဗျူရိုကရေစီ ယန္တရားတွေထဲမှာ မိုးကျရွှေကိုယ်တွေ ထိုးထည့်သွားတယ်။ ချိပ်ပိတ်ထားတဲ့ သူ့ပိုင်ဆိုင်မှုစာရင်းကို ပြန်ယူသွားတယ်။ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေထုတ်သွားတယ်။

၂၀၀၈ ပြင်ရေးကို (အနည်းဆုံး ၂ နှစ်) နောက်တန်းပို့ပြီး စေ့စပ်ရတာဖြစ်တယ်။ ၄၃၆ အသာထားလို့ ၅၉(စ)တောင် ပြင်မရတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဆိုတာကို ထွင်ရတယ်။ အစိုးရသစ်မှာ ကြံ့ဖွံ့ဟောင်းတွေကိုလည်း နေရာပေးရတယ်။ ဝန်ထမ်း အသက်၆၀ပြည့် အငြိမ်းစားယူရမယ့် ဥပဒေနဲ့ ငြိနေတဲ့ တပ်ချုပ်ကလေးက ကိုယ့်ဥပဒေ ကိုယ်ထုတ်ပြီး ၆၅ နှစ်လို့ ပြင်တာကို ငြိမ်ငြိမ်သက်သက် သဘောတူပေးရတယ်။ စွမ်းအားရှင်တွေ မဘသတွေရဲ့ ဗြောင်ကျတဲ့ မာဖီးယားဂိုဏ်း လုပ်ရပ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကျေအေးပေးခဲ့တယ်။ ရာဇဝတ်မှုမကင်းတဲ့ စီးပွားရေးသောင်းကျန်းမှုကြီးတွေ (မူးယစ်ဆေး သစ် ကျောက်စိမ်း စသည်) လက်သည်မပေါ်ဘူး။

ဒီချုပ်အရပ်သားတပိုင်းအစိုးရသစ် တက်လာပြီး ရက် ၁၀၀ စီမံကိန်းက ကြော်ငြာဝင်တာပဲ ဖြစ်ပါတယ်။ ပွဲစည်သလိုတော့ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း ပွဲထုတ်လာတဲ့ ၂၁ ပင်လုံကျတော့ ပွဲက စပျက်တော့မလို ဖြစ်လာတယ်။ ကိုယ်စားပြု အမျိုးသားအဖွဲ့အစည်း အသီးသီးက မိမိတို့ အနှစ်နှစ်အလလ ကြိတ်ခံခဲ့ရတာတွေ ညီလာခံမှာ အခွင့်အရေးရတုန်း ပွင့်အန်လာတော့ စစ်ဗျူရိုကရက်တွေ အရှိုက်အထိုးခံရသလိုဖြစ်ကာ မခံမရပ် နိုင်ဖြစ်လာတယ်။ အမျိုးသားညီညွတ်ရေး ဘယ်လိုတည်ဆောက်မလဲ၊ စစ်အုပ်စုမှာ စေတနာကောင်းမရှိပါဘူး။ ပြည်တွင်းစစ် ဘယ်လိုရပ်မလဲ၊ စစ်အုပ်စုက နောက်ဆုတ်လိုစိတ် မရှိပါဘူး။

စစ်တပိုင်းအစိုးရဟောင်း အထိုင်ချထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်ခံတိုးချဲ့ထားတယ်ဆိုတဲ့ ‘၂၁ ရာစုပင်လုံ’ဟာ ကာချုပ်မူ ၆ ချက်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ကိုးကန့်၊ တအောဝ်း၊ ရခိုင် ၃ ဖွဲ့က ‘လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ကြောင်း’ (လက်နက် ချဖို့သဘောတူကြောင်း) မကြေညာလို့ တက်ခွင့်မရဘူး။ ‘ဝ’ က ခွဲခြားဆက်ဆံတာ မကျေနပ်လို့ ပြန်တယ်။ ညီလာခံပြီးတာနဲ့ ကချင်မှာ ကြည်းကြောင်းလေကြောင်းနဲ့ ထိုးစစ်ပြန်စတယ်။ ရှမ်း နဲ့ ကရင်မှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။
ရခိုင်ဒေသ ဘူးသီးတောင်-မောင်းတော ဘက်မှာလည်း နိုင်ငံတော်ပုန်ကန်သူများက နယ်ခြားစောင့်ရဲစခန်း ၃ ခုကို ဝင်စီးသွားလို့ (၉ အောက်တိုဘာ ၂၀၁၆) ပုဒ်မ ၁၄၄ နဲ့ အရေးပေါ်အမိန့်ထုတ်ပြီး စစ်တပ်က ဝင်ရှင်းနေရကြောင်း၊ စစ်တွေမှာ ရှင်းလင်းပွဲလုပ်သော်လည်း သတင်းသမားတွေ မေးမြန်းခွင့်ရခဲ့ဘူး။

စစ်ဗိုလ်ချုပ်ကြီးများက ဂျောက်(ချောက်)ထဲကျဖို့ တည်းတည်းလိုတော့တဲ့ တိုင်းပြည်ကို ကယ်ဖို့ ပြင်လာကြပြန်ပါပြီ။ သူတို့မရှိရင် မဖြစ်ကြောင်း ပြသလာပြန်ပါပြီ။ သူတို့ဟာ အရေးပါအရာရောက်ကြောင်း သိအောင် ထုတ်ဖော်လာကြ ပြန်ပါပြီ။ ပြည်တွင်းစစ်နဲ့ မိမိအဆင့်နေရာကို မြှင့်လာတဲ့ စစ်အုပ်စုဟာ (ခေတ်မစားတော့တဲ့) စစ်အုပ်ချုပ်ရေးအစား အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရာမှာ သူတို့အနှစ်နှစ်အလလ တည်ဆောက်ခဲ့တဲ့ စစ်ဗျူရိုကရက်ယန္တရားကို အရပ်သားအစိုးရတရပ်လက်ထဲ အလွယ်တကူ ထိုးအပ်လိမ့်မယ်လို့ ထင်ပါသလား။

ဦးနုလည်း ဒီလိုပဲထင်ခဲ့ဖူးတယ်။ ဂျပန်ခေတ်အဓိပတိ ဒေါက်တာဗမော်လည်း ဒီလိုပဲထင်ခဲ့ဖူးတယ်။ ဗမာပဒေဿရာဇ် နောက်ဆုံး မင်းဆက် သီပေါမင်းလည်း ဒီလိုပဲ ထင်ယောင်မှားရောဂါ စွဲကပ်ရာက ပါတော်မူဇာတ်ခင်းသွားရတယ်။

နိုင်ငံရေးအရ ဖိနှိပ်မှုဥပဒေတချို့ ဖျက်သိမ်းနိုင်ခဲ့တယ် (ဧည့်စာရင်း နဲ့ ပုဒ်မ ၅ ၊ တချို့ကို နောက်ကလိုက်ပြီး နငယ်နကွင်း ပိတ်လုပ်တာ ခံရတယ် (ငြိမ်းစုစီ)၊ ဖိနှိပ်ရေးယန္တရားသစ် ဖွဲ့ဖို့ပြင်တာလည်းရှိတယ် (အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း)၊ လူ့အခွင့်အရေး ကာကွယ်ဖို့ ဥပဒေပြုတာလည်းရှိတယ် (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း)။ ရှေ့ကလက်နဲ့ရေး နောက်ကခြေနဲ့ဖျက် ဖြစ်စဉ်ကို ဒီချုပ်အစိုးရအနေနဲ့ တလျှောက်လုံး ရင်ဆိုင်နေရ ပါလိမ့်မယ်။

လက်သန်း မင််ဆွတ်ပြီး လူထုကတင်မြှောက်လိုက်တဲ့ လွှတ်တော်မှာ မြေသိမ်းယာသိမ်းကိစ္စတွေ၊ လုပ်ခွင်လုပ်ခ မမျှတတဲ့ကိစ္စတွေ၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးကိစ္စတွေ ကျယ်ကျယ်လောင်လောင် တင်ပြတောင်းဆိုတာ မကြားရဘူး။ ပြည်တွင်းစစ် ဒဏ်ချက်အောက်မှာ မုဒိမ်းကျင့်ခံရတဲ့ တိုင်းရင်းသူတွေ၊ အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေ လုံခြုံမှုကင်းမဲ့ ဆာ လောင်နေတဲ့ ကလေးငယ်တွေအကြောင်းနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုအင်ဆန္ဒကို လူသိထင်ရှား တောင်းဆိုပေးတာ မရှိဘူး။ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဥပဒေကိုမျက်ကွယ်ပြု၊ ငွေမျက်နှာလိုက်ပြီး လူထုကို အကာအကွယ် မပေး နိုင်ရုံတင်မက လည်မျို တက်နင်းနေတဲ့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ တိုင်းပြည်။ ယခင်ကအတိုင်း ခိုးမြဲ-လုမြဲ-ဗိုလ်ကျမြဲ ကိစ္စတွေကို နိုင်ငံတော်က ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းပေးမလဲ အမေးတောင်မခံရဲဘူး။

ပိုဆိုးတာက အစိုးရသစ်ကို အထိုင်မကျခင် မထိခိုက်စေချင်တဲ့အတွက် လူထုက ကိုယ်ပိုင်အသိနဲ့ ချုပ်တည်းထားတဲ့ လူထု တိုက်ပွဲတွေကို မထီလေးစားလုပ် ဟန့်တားနှိပ်ကွပ်ဖို့ ကြိုးစားလာခြင်းပါပဲ။ အစိုးရသစ်ကို ပညာပြနေတာ ယန္တရားဟောင်းထဲက ဗျူရိုကရက်တွေ ဖြစ်တယ်။ ဒါကို မြင်အောင်မကြည့်နိုင်လောက်အောင် အစိုးရသစ်ဟာ အောက်ခြေလွတ်နေပြီလား။ စစ်ဘက်အရပ်ဘက် နှစ်ပါးကြည်ရေးကို ဦးစားပေးရတဲ့အတွက် လူထုဟာ အဖျက်သမားဖြစ်သွားပြီလား။

နိုင်ငံရေးအကျဉ်းသားလွှတ်တာ ကာလုံသဘောထားမပါဘဲ ဥပဒေနည်းနာရှာ လွှတ်ရတာဖြစ်တယ် (မလွှတ်ချင်တဲ့သူတွေကို ဆက်ဖမ်းထားတုန်းပဲ)။ ပြည်ပရောက် အတိုက်အခံတွေ ပြည်တော်ပြန်ဖို့အရေး အတိုင်ပင်ခံပုဂ္ဂိုလ်/နိုင်ငံခြားရေးဝန်ကြီးရဲ့ နံမည်ပျက် စာရင်း ပယ်ဖျက်ဖို့၊ နိုင်ငံရေးခံဝန်ချက်ပယ်ဖျက်ဖို့ သံရုံးတခုချင်းကို ညွှန်ကြားချက်ပေးပြီးမှ ပြန်ရတာဖြစ်တယ်။ (အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတာ မဟုတ်ဘူး)

ပြည်ထဲရေးအောက်က ဌာန ၅ ခု (ထွေအုပ်၊ ရဲ၊ မီးသတ်၊ စသုံးလုံး၊ အကျဉ်းဦးစီး) ပြည်နယ်-တိုင်းဒေသ အစိုးရအောက် လွှဲပေးထားတာကို ၂၀၀၈ ပါ ပုဒ်မများအရ ဟုဆိုကာ ပြန်ရုပ်သိမ်းသွားပြန်တယ်။

မြင်နေရတာက အဆင်ပြေချင်ရင် (အုပ်ချုပ်ရေးယန္တရား ချောမွေ့စေချင်ရင်) ပါဝါမာကိုကိုင်ထားတဲ့ ကာချုပ်ကို ကြည်အောင် လုပ်ထားရမယ် ဆိုတဲ့ ခရိုနီခေတ်ပျက်သူဌေး အတွေးမျိုး အတိုက်အခံတွေထဲ ကူးစက်လာတာပါပဲ။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ မဟုတ်ပါဘူး။ ဒါဟာ ရွတ်လို့ကောင်းတဲ့ စကားသက်သက်ပါပဲ။ တရားဥပဒေအထက်မှာ တင်မက တရားဥပဒေအပမှာပါ စစ်အုပ်စုရှိနေပါတယ်။ ၂၀၀၈ ကို သူတို့ရေးဆွဲခဲ့တာပါ။

ဗမာပြည်စီးပွားရေးဟာ အုံဖွဆိုပြီး နေ့ချင်းညချင်း ထိုးတက်လာမှာ မဟုတ်ဘူး။ စစ်ခရိုနီတွေ ဝါဒဖြန့်သလို နိုင်ငံခြားအရင်းအနှီးတွေ ဒလဟောဝင်လာ ရွှေမိုးငွေမိုးတွေ ရွာလာမှာမဟုတ်ဘူး။ ကမ္ဘာ့စီးပွားရေးဟာ အရေးကြီးတဲ့လမ်းဆုံမှာ ရောက်နေတယ်။ ၂၀၀၈ က စခဲ့တဲ့ စီးပွားရေးထိုင်းမှိုင်းမှုမှ မလွတ်မြောက်သေးဘူး။ ကမ္ဘာနဲ့အဝှမ်း ဝယ်လိုအားကျ၊ ကုန်သွယ်ရေးချည့်နဲ့၊ ရင်းနှီးမြှုပ်နှံမှု ထိုင်းမှိုင်း၊ ဘဏ္ဍာရေး ဈေးကွက် အပြောင်းအလဲမြန်၊ ငွေတန်ဖိုး အပြိုင်ချ၊ ကိုယ်ကျိုးစီးပွားကာကွယ်၊ နည်းပညာလှိုင်းသစ်တရပ်အတွက် ပြိုင်ဆိုင် ဆိုတဲ့ အနေအထား အောက်မှာ လာမယ့် နှစ်အချို့အတွင်း ကမ္ဘာ့စီးပွားရေး တက်ရိပ်မရှိဘူးလို့ အများက သုံးသပ်ကြတယ်။
ဗမာပြည်စီးပွားရေးက ပေါ်လစီတောင် တာမစူနိုင်သေးဘူး။

လူထုဟာ မျှော်လင့်ချက်ကြီးတယ်။ လူမှုဒုက္ခအပေါင်းကိုလည်း ခံနိုင်ရည်ရှိတယ်။ နိုင်ငံရေးအသိလည်း နိုးကြားတယ်။ တိုင်းပြည် ဘာဖြစ်နေတယ် ဆိုတာ မသိနိုင်လောက်အောင် ထုံထိုင်းနေတာ မဟုတ်ဘူး။ တိုက်ပွဲသဏ္ဌာန်ကို လူထုက သူ့ကိုယ်ပိုင်အသိနဲ့ ရွေးချယ် ပါလိမ့်မယ်။ ၂၀၀၈ အောက်မှာ ဒူးတုတ်သင့်မြတ်ရေးကိုတော့ ရွေးမှာမဟုတ်တာ သေချာပါတယ်။
(၁၄ အောက်တိုဘာ ၂၀၁၆)

ကာတွန်း

14717216_1146243905470607_3223119062046774046_n