Monthly Archives: October 2016

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ

(၁)

သြဇာနဲ့အာဏာ

ပြည်တွင်းပြည်ပ နှစ်နေရာလုံးမှာ ဒေါ်အောင်ဆန်းကြည် သြဇာရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါ။ ရွေးကောက်ပွဲကလည်း နိုင်ထားပြီးဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သူအာဏာရပြီ….ပေါ့၊ ဒါပေမဲ့ ဗမာပြည်မှာ ဒါမျိုး ဖြစ်မလာခဲ့ဘူး။

သြဇာရှိလို့ အာဏာ ရှိတာလား၊ အာဏာရှိလို့ သြဇာရှိတာလား၊ ဗမာပြည် စစ်အုပ်စုကတော့ အာဏာရှိခဲ့လို့ သြဇာရှိခဲ့ကြတာ အထင်အရှားပဲ။ ဒေါ်အောင်ဆန်းစုကြည် အဖို့တော့ သြဇာရှိတာနဲ့ အာဏာရှိတာ တခြားစီဖြစ်နေတယ်၊ သူကိုယ်တိုင် သူ့ပါတီ NLD မှာ သြဇာလည်းရှိတယ်၊ အာဏာ လည်း ရှိတယ်၊ ဒါပေမဲ့ တိုင်းပြည် နိုင်ငံရေးမှာကျတော့ သြဇာက အာဏာကို လက်ညှိုး မညွှန်နိုင်ဘူး၊ ၂၀၀၈ ခြေဥက ဒါကို ခွင့်မပြုဘူး။

ဒါကို ဆုပ်မိကိုင်မိ ရှိကြတဲ့ ပြည်ပ နိုင်ငံတွေက (နိုင်ငံချင်းဆက်ဆံရေးမှာ) သတိထား ဆက်ဆံလာကြတာ တွေ့ရတယ်၊ ကာချုပ်ကို သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ထပ်တူ ဦးတိုက်ခံစာရင်းထဲ ထည့်ထားကြရတယ်။ ကာချုပ်ကလည်း ၂၀၀၈ ခြေဥထဲက အနှစ်အသားဖြစ်တဲ့ တို့တာဝန် အရေးသုံးပါး၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းအပြင် တပ်မတော်ရဲ့ မူ ၆ ချက်ဆိုတာတွေကို အလျဉ်းသင့်သလို ပြောလွှတ်တတ် တယ်။ သူတို့ကလည်း အစိုးရနဲ့ စစ်တပ်ကို အတွဲလိုက် လိုချင်နေကြတာဆိုတော့ အိနြေ္ဒရရ နားထောင်ပေးခဲ့ကြတယ်။

အာဏာဟာ ပြည်သူ့ဆီက ဆင်းလာတာ မဟုတ်။ ၂၀၀၈ ခြေဥက စီးဆင်းလာတာ ဖြစ်လို့ ဒီပြဿနာဟာ သောင်မတင်ရေမကျ ဖြစ်မြဲဖြစ်နေပါတယ်။
(၂)

လွှတ်တော်နဲ့ အစိုးရ

လွှတ်တော်ပိုင်းမှာ ကိုယ်စားလှယ်တချို့ ဥပဒေအသစ်ပြဋ္ဌာန်းတာ၊ ဥပဒေဟောင်း အချို့ ပယ်ဖျက်တာ။ ပြင်တာ ဖြည့်စွက်တာတွေ အားသွန်ခွန်စိုက် လုပ်ကြပါတယ်။ အကျိုးရှိတန်သလောက်လည်း ရှိပါတယ်၊ ဒါပေမဲ့ မလုံလောက်ပါဘူး။ ဆင့်ပါးစပ် နှမ်းပက်ပဲ။ အခြေအနေကြည့်ရတာက လွှတ်တော် လမ်းကြောင်းပေါ်က အာဏာကို တိုးချဲ့ယူလို့ရတယ်လို့ တရားသေသတ်မှတ်ထားပုံပဲ။ စန္ဒဂုတ် စစ်တိုက်ထုံး ပုံပြုပြီး ၂၀၀၈ ခြေဥကို မုန့်ပျားသလက် စားသလို အဖျားအနားသားက လှည့်ပတ်ဝါးနေလို့ကတော့ စစ်အာဏာရှင်စနစ်က ဒူးနှန့်နေပါလိမ့်မယ်။

ကြာရင် ရ’ထားပါတယ်ဆိုတဲ့ ပရုပ်လုံး လေသလပ်တာနဲ့ လုံးပါးပါးတော့မှာပါ။

အစိုးရယန္တရားမှာလည်း ဘာမှ လုပ်မရတဲ့ အခြေအနေပဲ။ NLD ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က အမြဲတမ်း အတွင်းဝန်တွေ တရွတ်ဆွဲ ကန့်လန့် တိုက်နေတာကို နတ်သံနှောပြောထွက်လာတယ်။ ဖြုတ်လည်း မပစ်ရဲဘူး။ အများစုက စစ်ဗိုလ်လူထွက်တွေဖြစ်လို့ ဓာတ်လိုက်ခံရမှာ စိုးရိမ်ပုံ ရတယ်။

ဒါ့အပြင် အချိန်မရွေးနဲ့ အချိန်ကိုက် ပေါက်ကွဲလာနိုင်တဲ့ ဗုံးတွေက အစီအရီ ရှိနေသေးတယ်။ မြစ်ဆုံကိစ္စ၊ အနောက်ခြမ်းမှာ ရိုဟင်ဂျာ/ ဘင်္ဂါလီ/ အကြမ်းဖက်ဆိုတဲ့ အရေး။ တောင်၊ အရှေ့၊ မြောက်ခြမ်းက တိုက်ပွဲတွေ စိပ်လာတဲ့ အရေး၊ NCA လက်မှတ်ထိုးကြရေးနဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိစ္စတွေ တန်းစီနေပါတယ်၊ ဒါတွေဟာ စစ်တပ်ဘက်က သူတို့ဖြစ်စေချင်သလို ဖွထားလိုက်တဲ့ပြဿနာတွေပဲ။ NLD က ဖြေရှင်း နိုင်ရင် ဖြေရှင်းပေတော့ပဲ၊ မဖြေရှင်းနိုင်ရင်တော့ တပ်မတော်ကပဲ တိုင်းပြည်ကို ငြိမ်အောင် ထိန်းပြပါလိမ့်မယ်။ စစ်အုပ်ချုပ်ရေး နယ်မြေတွေ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်တာတွေ များသထက် များလာမှာပါ၊ ခု ဝ-မိုင်းလားကိစ္စ ရာဇသံပေးပြီး အကဲစမ်းထားတာ ရှိတယ်၊ စောစောပိုင်းကတည်းက ‘ဘော့စနီး ယားလို ဖြစ်သွားမယ်’၊ ‘ဘော်လကန်လို ဖြစ်သွားမယ်’ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေလည်း မမေ့ဖို့လိုတယ်။

အခုလည်း အစိုးရ နာမည်ခံထားတဲ့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ခြေတိုအောင် နိုင်ငံတကာထွက် ချေးငှားတောင်းရမ်း လက်ခံ နေကြချိန်မှာ သူတို့က အိမ်မှာနေရင်း ဖြုန်းမလောက် စစ်ကို တိုက်နေကြတယ်၊ ရလာသမျှ ဘဏ္ဍာငွေကြေးနဲ့ အထောက်အပံ့မှန်သမျှဟာ စစ် တပ်ထိုင်ဖြုန်းနေတာနဲ့တင် သဲထဲရေသွန်ဖြစ်နေပါပြီ။
(၃)

တနိုင်ငံလုံး အပစ်ရပ်ရေးကိစ္စ

ဒေါ်အောင်ဆန်းစုကြည် ခုနောက်ပိုင်း ပြောတဲ့စကားတွေအပေါ် တိုင်းရင်းသားတွေ အာရုံစိုက်နေကြတယ်။ လက်တွေ့ကျ မကျကြည့်ကြတယ်။ စစ်တပ်အပေါ် သူဘယ်လောက် တာဝန်ခံနိုင်မလဲ သိချင်ကြတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် သဘောထားနဲ့ ဆန့်ကျင်ပြီး တိုက်ပွဲတွေ တိုးချဲ့နေတာလို့ ထင်သူက အများစုဖြစ်တယ်။ စစ်တပ်ကိုတော့ မယုံကြဘူး။ စစ်အုပ်စုဟောင်း/ သစ်တွေနဲ့ ခရိုနီတွေအပေါ် ချမှတ်ထားတဲ့ ဆိုင်ရှင် တွေ ရုပ်သိမ်းပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီးက လက်လွှတ်ထားပြီးသား အုပ်ချုပ်ရေးအာဏာတွေ ပြန်တောင်းယူတဲ့ကိစ္စ ကြည့်တာနဲ့ ဗလောင်းဗလဲစစ်တပ်ဆိုတာ ရှင်းနေပြီပဲ။

တကယ်က စစ်တပ်နဲ့ အစိုးရရဲ့ အကျိုးစီးပွားဟာ တခါတရံ တထပ်တည်းကျတယ်။ တခါတရံ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်တယ်။ ဒီအခါ စစ်တပ်အလိုကျ လိုက်လုပ်ပေးရတာတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အရာရာကို အေးအေးချမ်းချမ်း ဖြစ်စေချင်တဲ့သဘောထား ဖော်ပြတယ်။ စစ်တပ်က မလိုက်နာဘူး။ ပြဿနာရဲ့ ဆုံချက်က အဲဒီမှာ ရှိတယ်။ ဘာလုပ်နိုင်သလဲ။ ဘာမှ လုပ် မပြနိုင်ဘူး။

ပြောချင်တာက-

နိုင်ငံအနေနဲ့ တလုံးတစည်းတည်း ဆက်လက်တည်ရှိရေးမှာ ခုလို သွားနေလို့ကတော့ အလုပ်မဖြစ်ဘူး။ စစ်တပ်က နောက်ဆုတ်ချင်ဆုတ်- NLD က ရှေ့တိုးချင်တိုး၊ ဒါပဲရှိတော့တယ်။

လက်ရှိအနေအထားကြီးကိုဖြင့် စစ်တပ်ကလွဲပြီး ဘယ်သူမှ မကြိုက်ပါကြောင်း တင်ပြလိုက်ပါတယ်။
စာတည်းအဖွဲ့
(၂၈၊ ၁၀၊ ၂၀၁၆)

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ

ရဲဘော် ထွန်းလှ

ဦး(ဗိုလ်)သိန်းစိန် အစိုးရလက်ထက်ကစလို့ပဲ ဒေါ်အောင်ဆန်းစုကြည် တယောက် ပြည်တွင်း
ပြည်ပ ခရီးတွေ မကြာခဏ သွားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက ကမ္ဘာအနှံ့ခြေဆန့်ပါ
တယ်။ အခုလို အသက်အရွယ်နဲ့မလိုက် ကျန်းမာရေး အထိခိုက်ခံပြီး အားကြိုးမာန်တက် လုပ်ကိုင်သွားလာနေတာ ကရုဏာသက်စရာပါ။ အိုပေမယ့် စွမ်းသလောက် လုပ်ကိုင်ရှာတယ်။ သူကျန်းမာသန်စွမ်းတုန်း သူလုပ်နိုင်သရွေ့လုပ်သွားမယ်လို့ ပိုင်းဖြတ်ထားပုံရပါတယ်။ ဒါပေ မဲ့ သူလုပ်နေတာတွေက ဘယ်သူတွေအတွက် ဖြစ်နေလဲ။ သူ့ကြိုးစားအားထုတ်မှုတွေကနေ ဘယ်သူတွေ ဘယ်လောက် အမြတ်ရနေသလဲ။ သူ့ကြိုးစား အားထုတ်မှုတွေ အပေါ်မှာ ဘယ်သူတွေ ဘယ်လို သွေးစုပ် အမြတ်ထုတ်နေကြပါသလဲ။

“လူထုအတွက် အနစ်နာခံဖို့လိုရင် အနစ်နာခံမယ်”လို့သူဆိုခဲ့တဲ့အတိုင်း လုပ်ကိုင်နေပုံ ရပါ
တယ်။ သို့ပေမဲ့ အခုအချိန်ထိတော့ သူ့အနစ်နာခံမှုတွေ၊ သူ့အားထုတ်မှုတွေရဲ့အသီးအပွင့် တွေကို လူထုက မရရှိမခံစားနိုင်သေးပါဘူး။ နောင်အခါမှာလည်း ရရှိခံစားနိုင်မယ့် အလားအ လာသိပ်မရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတဲ့ စစ်အုပ် စု တည်မြဲနေသရွေ့၊ သူတို့အချိန်ယူပြင်ဆင် ဖန်တီးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ခုတ်မောင်းတဲ့ စစ်ဗျူရိုကရေစီယန္တရား လည်ပတ်နေသရွေ့ဖိနှိပ်သွေးစုပ်မှုတွေကိုသာ လူထုက ခါးစည်းခံ နေရမှာပါ၊ တိုင်းပြည်လည်း ချွတ်ခြုံကျနေဦးမှာပဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့အာဏာလက်ဝါးကြီးအုပ်မှုကို မတိုက်ဖျက်နိုင်ဘဲ စီးပွားရေး၊ လူမှုရေး တရားမျှတမှု တွေ ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖိနှိပ်အုပ်စိုးတဲ့ ယန္တရားဟောင်းကို အလုံးစုံ ဖြိုချ ဖျက်ဆီးမှု မပြုဘဲ ပိုကောင်းအောင် ပြုပြင်မွမ်းမံမယ်ဆိုတာ စိတ်ကူးယဉ်တာပါ။ ပြုပြင်ပြောင်း လဲရေး နဖူးစည်းအောက်မှာ စစ်ဗျူရိုကရေစီ ယန္တရားဟောင်းက ပိုမိုခိုင်မာလာတာပဲ ရှိပါလိမ့် မယ်။ လက်ရှိအခြေအနေနဲ့ အခင်းအကျင်းကို စစ်အုပ်စုဝင်တွေနဲ့သူတို့အပေါင်းအပါ ခရိုနီ ဓနရှင်ကြီးတွေ အင်မတန် သဘောကျပါတယ်။ အခြေမပျက် အနေမပျက်တဲ့အပြင် အာဏာ၊ ဥစ္စာနဲ့အခွင့်ထူးတွေ၊ အခွင့်အလမ်းတွေ တိုးပွားသထက် တိုးပွားလာနေတာကြောင့် ပျော်မ ဆုံး မော်မဆုံး ဖြစ်နေကြတာပါ။

ဖင်တကြွကြွ ဟန်တပြင်ပြင်နဲ့ရှေ့ဆက်ရလာမယ့် အကျိုးအမြတ်တွေကိုလည်း သွားရည်တ မြားမြား ဖြစ်နေကြတယ်။ လက်ရှိဒီအခြေအနေ ပျက်ဆီးသွားမှာ၊ ဆုံးရှုံးသွားမှာကို သူတို့သိပ် ကြောက်ပါတယ်။ ဒါကြောင့်လည်း အစွယ်တဖွေးဖွေးနဲ့စားမာန်ခုတ်ကြ မာန်ဖီကြတယ်။ ဟို ရမ်းသည်ရမ်း ရမ်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုးအဖုံဖုံ ချီးကျူးဂုဏ်ပြုကြ တယ်။ ဒါပေမဲ့ သူတို့က လူခွဲပြီး ကစားတာပါ။ ဆဲဆိုအပုပ်ချ၊ အပြစ် ရှာ၊ အမှား စောင့်ဖမ်းပြီး ဘယ်အချိန် ကန်ထုတ်ရမလဲ ဆိုတာကိုလည်း ချောင်းနေတာပါ။

တယောက်တလှည့် ပင့်လိုက် မြှောက်လိုက် သွားဖြဲပြလိုက်နဲ့ချော့ခိုင်းတဲ့အခါခိုင်း၊ တဖက် လှည့်နဲ့ဆဲလိုက်ဆိုလိုက်၊ ခြိမ်းခြောက်လိုက်နဲ့ခိုင်းလို့ခိုင်း လုပ်နေတာပါ။ တကယ်တော့ သူ တို့ဘယ် လောက်ပဲ အကျိုးအမြတ်ထွက်ထွက် မကျေနပ်ဘူး၊ အကောင်းမမြင်ပါဘူး။ ရန်သူ လို့ပဲ မြင်တယ်၊ ရန်ငြိုးဖွဲ့ကလဲ့စားချေသလို သဘောထားတယ်။ ကနေ့စစ်အုပ်စုရဲ့လုပ်ရပ်က ခိုင်း လည်းစားသေး၊ ခေါင်းပုံလည်းဖြတ်သေး၊ ဆဲဆိုရိုက်ပုတ်လည်း လုပ်သေးတဲ့ လူရမ်းကား တွေရဲ့လုပ်ရပ်နဲ့အလားတူပါတယ်။

လူထုခေါင်းဆောင်ကို ငွေကြေးတောင့်တင်းပြီး မကောင်းမှု ဒုစရိုက်မျိုးစုံလုပ်တဲ့၊ သတ်ရဲ ဖြတ်
ရဲ ဘာမဆိုလုပ်ရဲတဲ့ ကမ္ဘာ့လူမိုက် လမ်းသရဲတွေဆီ လှည့်လည်ဖြားယောင်းခိုင်းတဲ့ အလုပ်ကို လုပ်စေတယ်။ သူတို့နှစ်ပေါင်းများစွာ လုပ်လာတဲ့ ဖောက်ပြန်တဲ နိုင်ငံရေး လုပ်ငန်းထဲကို ဆွဲသွင်း လိုက်တာလို့ပဲ အားနာနာနဲ့ရှင်းရှင်းပဲ ပြောပါ့မယ်။ အားနာတာက သူတို့ကို အလုပ်အကျွေး ပြုသလို ဖြစ်နေရှာတဲ့ လူထု ခေါင်းဆောင်ကိုပါ။ နိုင်ငံရေး အမြတ်ထုတ်ပြီး ကိုယ်ကျိုးစီးပွားအတွက် သွေးစုပ်နေတဲ့ သူတို့ ကိုတော့ အားနာစရာ ဘာအကြောင်းမှ မရှိပါ။

လက်ရှိအခြေအနေဟာ တိုင်းပြည်နဲ့လူထုအတွက်တော့ အခြေအနေကောင်း မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်နေတာလည်း မဟုတ်ပါဘူး။ စစ်တိုက်စားပြီး ကြီးပွား
ချမ်းသာလာတဲ့ စစ်အာဏာရှင် အဟောင်းအသစ်တွေက ဘယ်တုန်းကမှ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကို လိုလားခဲ့တာ မဟုတ်ပါဘူး။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါ။ ပြည်တွင်းစစ်ကို ရှည်သထက်ရှည်အောင် ဆွဲဆန့်မယ်၊ တိုင်းပြည်အနံှ့မှာလည်း လူထု ကျီးလန့်စာစား ဖြစ်နေ
အောင် နည်းမျိုးစုံသုံးပြီး ပြဿနာ ပဋိပက္ခမျိုးစုံကို ဖန်တီးမယ်။ အခုလို အတိုက်အခံပါတီက အာဏာတချို့တဝက် ရယူထားချိန်မှာ ပိုလို့တောင် ကသောင်းကနင်းဖြစ်အောင် လုပ်ပါလိမ့်
ဦးမယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗန်းပြ၊ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ ကို ခုတုံး လုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် ရင်ကြားစေ့ချင်သူတွေ၊ သွေးစုပ် အမြတ်ထုတ်လိုသူတွေမှာ ပြည်တွင်းက စစ်ဗိုလ်ချုပ် အဟောင်းအသစ်တွေ၊ သူတို့ရောင်းရင်း ခရိုနီတွေ၊ သူတို့သားသ မီး၊ မြေးမြစ်တွေ၊ မကပါဘူး။ နိုင်ငံခြားသားအရင်းရှင်၊ ဓနရှင်ကြီးတွေ၊ ကမ္ဘာ့လူမိုက်ဗိုလ် လုပ်နေတဲ့ အနောက်အုပ်စု ဂိုဏ်းဆရာကြီးတွေ နဲ့သူတို့လက်ဝေခံ နိုင်ငံရေးလုပ်စားနေတဲ့ ကြေးစား တွေလည်း ပါပါတယ်။

ပြည်တွင်းပြည်ပ အချောင်သမားပေါင်းစုံရဲ့နိုင်ငံရေး လုပ်ငန်းကြီး အင်အား ကောင်း ကြီးထွားလာနေတဲ့ အချိန်လို့ဆိုရမှာပါ။ ဒီလုပ်ငန်းကြီး ပိုမိုကြီးထွား ခိုင်မာလာအောင် နည်းမျိုးစုံသုံးကြတယ်။ လူတော်လူကောင်းတွေ၊ လူမှန်တွေကို နည်းမျိုးစုံသုံးပြီး မြူဆွယ်ဖြား ယောင်းတယ်၊ ဖျက်ဆီးတယ်။ ရပ်တည်ချက် ခိုင်မာသူတွေကို ဘက်ပေါင်းစုံကနေ ထိုးနှက် တိုက်ခိုက်တယ်။ အနောက်အုပ်စုနဲ့စစ်အုပ်စုက သူတို့ရဲ့ ဘုံရန်သူဖြစ်နေတဲ့၊ သူတို့သွေးစုပ် အမြတ်ထုတ်မယ့် လမ်းခရီးမှာ အတားအဆီး၊ အနှောင့်အယှက် ဖြစ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ အစည်းတွေကို ပူးပေါင်း ထိုးစစ်ဆင်တယ်။

လူမှန်တွေ၊ လူကောင်းတွေ နည်းလာမှ လူမှားတွေ၊ လူဆိုးတွေ နေရာရမယ် မဟုတ်ပါလား။ အခုအခါမှာ လူထုအများစုကြီးရဲ့ဘဝက ကျီးလန့်စာစားနဲ့ငိုရခက် ရယ်ရခက် ဖြစ်နေတယ်။ အရင်က အုပ်စိုးသူကို ကြောက်လို့ငုံ့ခံရ၊ အခုတော့ ချစ်လို့ငုံ့ခံရမလို ဖြစ်နေတယ်။ သည်းခံ တယ်ဆိုတာ အတိုင်းအတာတခု အထိသာ ဖြစ်ပါတယ်။ သည်းမခံနိုင်တဲ့ အဆုံးမှာ ဘာတွေ ဖြစ်လာမလဲ။ ဖြစ်သမျှ ပြဿနာတွေကိုလည်း လူထုအခွင့်အရေးကို ဦးတည်တဲ့၊ လူ့အဖွဲ့အ စည်း တခုလုံး တရားမျှတရေးကို ဦးတည်တဲ့ ဖြေရှင်းမှု မပြုနိုင်ဘဲ ‘လူ့အခွင့်အရေး’ ဆိုတဲ့ တသီးပုဂ္ဂလ အခြေပြု ဖြေရှင်းဖို့သာ အားသန်တာ တွေ့ရတယ်။ တစတစ အားကောင်းလာ နေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်းလူတန်းစား စိုမိုးအုပ်ချုပ်မှု လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းမှာ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစား အလိုကျ တရားမျှတမှုပဲ ရမှာပါ။ ဒီအုပ်စိုးသူ အလိုကျ တန်းတူမှုပဲ ရမှာပါ။

နိုင်ငံရေး အာဏာမညီမျှမှု၊ ဓနအင်အား မညီမျှမှုတွေနဲ့တိုင်းပြည်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
ရေး၊ တန်းတူရေးတွေ ဘယ်နည်းနဲ့မှ မထွန်းကားနိုင်ပါ။ မတရားမှုမျိုးစုံ တင်းကျမ်းပြည့်နေဦး မှာပဲ ဖြစ်ပါတယ်။ အာဏာပိုင်ရှင်အစစ်တွေက ထင်တိုင်းကြဲနေဦးမယ့်အပြင် ဆထက်ထမ်းပိုး တိုးပြီး သွေးစုပ်ခြယ်လှယ်ကြဦးမယ်၊ အမြတ်ထုတ်ကြပါဦးမယ်။ ဗျူရိုကရက် လက်ဝေခံ အရင်းရှင်တွေနဲ့ နိုင်ငံခြား သား ဓနရှင်ကြီးတွေပေါင်းပြီး တိုင်းပြည်မှာ ကုန်းကောက်စရာ ဘာတခုမှ မကျန်တဲ့အထိ သွေး စုပ်ကြပါလိမ့်ဦးမယ်။ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသူ တွေကို မောင်းထုတ်ရပါလိမ့်မယ်။ ၂၀၀၈ အုတ်မြစ်ကို မြေလှန်ဖြိုဖျက်ပြီး စစ်ဗျူရိုကရေစီ ယန္တရားကို ရိုက်ချိုးရပါလိမ့်မယ်။ လူထုအားနဲ့ ဖြိုဖျက်ရမှာပါ။ အုတ်မြစ်ချ တည်ဆောက်ခဲ့သူ တွေကို စည်းရုံးပြီး သူတို့ကိုယ်တိုင် ဖျက်သိမ်းတာကို စောင့်မယ်ဆိုရင်တော့ ‘ဒီဘဝအတွက်တော့ နှမလက်လျှော့ နေလေတော့’ လို့သာ။

သွေးစုပ်ကောင်တွေကို လူထုအားနဲ့မောင်းထုတ်ကြပါစို့။

၃ အောက်တိုဘာ ၂၀၁၆။

ကာတွန်း

cartoon-3

ဗမာပြည်က ခရိုနီတောဝါ

ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေးလောက၊ နောက်ပြီး မီဒီယာလောကမှာ ခရိုနီဆိုတဲ့အသုံးအနှုန်းကို ပေါပေါများများ သုံးတာဟာ ၁၉၉ဝ စုနှစ် အစပိုင်းက စခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အထွတ်အထိပ်ရောက်တဲ့ အာရှတိုက် ငွေကြေးအကျပ်အတည်းက စတယ်လို့ ပြောကြပါတယ်။ တကယ်က အဲဒီလိုခရိုနီလို့ ခေါ်ရမယ့်လူတွေက စောစောကတည်းက ပေါ်နေတာပါ။ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ၊ စစ်အာဏာရှင်နိုင်ငံတွေမှာ အများဆုံးနဲ့အဆိုးဆုံး ဖြစ်ပါတယ်။

ဗမာပြည်မှာကတော့ ဗမာပြည်ရဲ့ စစ်အုပ်စုပထမမျိုးဆက်လို့ ခေါ်ရမယ့် ဗိုလ်နေဝင်း-ဗိုလ်အောင်ကြီးတို့ရဲ့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲလောက်ကစပြီး သန္ဓေတည်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကူမင်တန် တရုတ်ဖြူနဲ့တိုက်တဲ့ စစ်တပ်တွေထဲက ထိပ်သီးတချို့ဟာ ဘိန်းရာဇာတွေနဲ့ ချိတ်ဆက်မိကြ၊ ယိုးဒယားနဲ့ ဆက်တဲ့ မှောင်ခိုလမ်းကြောင်းတွေ အကာအကွယ်ပေးကြနဲ့ ခရိုနီမွေးပြီး စားရသောက်ရတဲ့အရသာကို စပြီးခံတွင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ တပြိုင်နက်တည်းလိုမှာလည်း ဂျပန်စစ်လျော်ကြေးထဲက စားပေါက်တွေကို ကြုံရပြန်တော့ စစ်တပ်ထိပ်သီးတွေရဲ့ ခရိုနီတွေ စပေါ်လာပါတော့တယ်။ ဒီနေ့ ဗမာပြည်က ခရိုနီတွေထဲမှာ နာမည်ကြီးတဦးဖြစ်တဲ့ ဦးတေဇရဲ့ယောက်ခမ ဒေါ်ထူးတို့ဟာ အဲဒီတုန်းက စစ်အုပ်စုရဲ့ခရိုနီတွေလို့ သတင်းကြီးခဲ့ပါတယ်။ သည့်အရင်တုန်းက ဖဆပလ၊ ပထစ လက်ထက်တွေမှာ အာဏာရသူတို့ကို ထောက်ခံတဲ့၊ သူတို့နဲ့ရင်းနှီးတဲ့ တိုင်းရင်းသားဓနရှင်တွေ မရှိမဟုတ်၊ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အခုခေတ် ခရိုနီတွေလောက် ကြီးပွားချမ်းသာ၊ အခွင့်ထူးတွေရကြတာ မဟုတ်ပါဘူး။ နောက်ပြီး လွတ်လပ်ရေးရပြီးနောက်ကနေ ပထမအကြိမ်အာဏာသိမ်းတဲ့အထိ ဆိုတဲ့ကာလဟာ အင်မတန်မှ တိုတောင်းလွန်းပါတယ်။ ဒါ့အပြင် သူတို့ရဲ့စီးပွားရေးတွေက တစ်ကနေ စတည်ထောင်ရသလိုလည်း ဖြစ်နေခဲ့တောင် အရှိန်ရကာစမှာ ဗိုလ်နေဝင်းရဲ့မဆလ“ပြည်သူပိုင်”ထိသွားကြပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်သန်းရွှေတို့ကျတော့ ဗိုလ်နေဝင်းရဲ့ မဆလ စနစ်ကြီးက“ပြည်သူပိုင်သိမ်း”ပြီး စုဆောင်းပေးခဲ့တဲ့ အဆောက်အအုံကြီး ရှိပြီးသားဆိုတော့ စစ်အာဏာက ကျောထောက်နောက်ခံပြုထားတဲ့ ဦးပိုင်ဟာ အရှင်မွေးနေ့ချင်းကြီး အချမ်းသာကြီးချမ်းသာခဲ့ပါတယ်။ ဒီဗမာပြည်ရဲ့ ဒုတိယမျိုးဆက် စစ်အုပ်စုလို့ ဆိုရမယ့် ဗိုလ်သန်းရွှေတို့က ခရိုနီစနစ်ကို စတင်ပျိုးထောင်ပေးလိုက်တဲ့ ၁၉၈၈ – ၈၉ ကာလကနေ ဒီနေ့အထိဆိုရင် နှစ်ပေါင်းသုံးဆယ်နီးပါး ရှိပြီမို့ ဒီနေ့အခါမှာ ဒီခရိုနီတွေဟာ အမွေးအတောင် သာမက၊ အတက်တွေ၊ ချိုတွေ၊ ဆူးတောင်တွေ အကုန်ပေါက်ပြီး အဆီယစ်ဝဖီးနေကြသူတွေ ဖြစ်ပါတယ်။

ဒီနေ့ဗမာပြည်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေကို ကြည့်လိုက်ပါ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တု၊ သစ်၊ ကျောက်မျက်ရတနာ အားလုံး ခရိုနီတွေရဲ့ လက်ထဲမှာပဲ မဟုတ်လား။ အရပ်သားပြော ပြောရရင် ကောင်းတာဆို ဘာတခုမှ မချန်ဘူးဆိုတဲ့ လူမျိုးတွေပါ။ ဒါသာမက မူးယစ်ဆေးဝါးတောင် မကျန်ဘူးလို့လည်း ဖြည့်နိုင်ပါသေးတယ်။

ဒီနိုင်ငံမှာက ခရိုနီဆိုတာဟာ စစ်အာဏာရှင်စနစ်နဲ့အတူ ပေါ်လာတာဖြစ်လို့ အများစုဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုးသားချင်း၊ ထောက်လှမ်းရေးနဲ့ပတ်သက်သူ၊ ဘိန်းဘုရင်၊ မူးယစ်ဆေးဝါးရာဇဝတ်သားတွေသာ ဖစ်တယ်။ သဘာဝသယံဇာတတွေကို အဖြုံးတီးဆုံး၊ သဘာဝပတ်ဝန်းကျင်ကို အဖျက်ဆီးဆုံး၊ လူ့မျိုးဆက်တွေကို အပျက်စီးစေဆုံး (မူးယစ်ဆေးဝါးစတာနဲ့) ဟာလည်း သူတို့တတွေပဲ ဖြစ်ပါတယ်။
ဒီနေ့ ဗမာပြည်ရဲ့စီးပွားရေးလောကမှာ ဆက်တည်ရှိနေတဲ့ ခရိုနီတွေဟာ စစ်အစိုးရ၊ စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်တွေ ဖြစ်မြဲဖြစ်နေပါတယ်။

နှစ်လတာရှည်ဖြစ်နေတဲ့ (မွေးထားတဲ့) ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့ ဒေသတွေက ခရိုနီလောင်းတွေဟာ အဲဒီက စစ်မျက်နှာပြင်တွေက စစ်အရာရှိကြီးတွေကို ပဏ္ဍာဆက်၊ ဆရာမွေးရာကနေ သူတို့ရဲ့ အမည်းရောင်ငွေတွေကို ခဝါချ၊ မြို့တွေမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ရင်းကနေ စစ်တပ်ထိပ်ပိုင်းတွေနဲ့ ဆက်မိသွားကြပါတယ်။ ထောက်ပြသင့်တာက အခုလို ဆရာမွေး၊ တပည့်မွေးလောကမှာ ဆရာလုပ်သူကရော၊ တပည့်လုပ်သူကပါ တဖက်သားကို ကိုယ့်အိတ်ထဲထည့်ထားနိုင်တယ်လို့ တွက်ထားကြတယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ကွယ်လွန်သူ ဦးဝင်းတင်က ဒီခရိုနီတွေကို အာဏာကပ်ပါးဓားပြများလို့ တင်စားပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည်မှာသာမက တခြားနိုင်ငံတွေမှာရော ခရိုနီစနစ် ဆိုတာဟာ အကျင့်ပျက်ခြစားမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ အာဏာရှိသူတွေက ရိုးသားတည်ကြည်ရင် ဒီလိုဖြစ်မလာပါဘူး။

ကမ္ဘာမှာ ခရိုနီဆိုတာ နိုင်ငံတိုင်းလို့ ဆိုရမလောက် ရှိတာပါ။ ဒါပေမဲ့ ဗမာပြည်က ခရိုနီအများတကာ့ အများစုဟာ ဗမာပြည်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ နှိပ်စက်နေတဲ့ စစ်အုပ်စုနဲ့ ပတ်သက်နေတာ၊ စစ်အုပ်စုကို အထောက်အကူပြုနေတာမို့ ပြဿနာက ပိုကြီးနေတာပါ။

ခရိုနီတွေကလည်း အာဏာရှိသူတွေကို အိတ်ထဲမှာ ထည့်ထားနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယူဆကြောင်း အထက်မှာရေးခဲ့ပါတယ်။ တစ္ဆေမွေးထားမိတဲ့ မှော်ဆရာဟာ တစ္ဆေရဲ့အမိန့်ကို နာခံရတာလည်း ရှိတတ်တယ် မဟုတ်ပါလား။ ဗိုလ်သိန်းစိန်တို့တတွေ ဗိုလ်သန်းရွှေမြေးတွေကို ကြောက်ရတယ်ဆိုတာ ဘာမှမဆန်းပါဘူး။ ဒီလိုနဲ့ ဒီတစ္ဆေတွေ သက်တမ်းရှည်လာ၊ ခိုင်မာလာ၊ ဆွေမျိုးအရ-နောက်ကြောင်းအရ- လူမျိုးအရ- ဘာသာရေးအရ စသဖြင့် သူတို့ချင်း ပေါင်းမိလာကြတဲ့အခါမှာ တိုင်းပြည်မှာ ဧရာမအင်အားကြီးတရပ် ဖြစ်လာပါတယ်။ အစတော့ စီးပွားရေးလောကမှာပါ။ နောက်တော့ နိုင်ငံရေးလောကကိုပါ သြဇာပေးလာပါတယ်။

ခရိုနီစနစ်ထွန်းကားပြီး ဖြစ်နေတဲ့ နိုင်ငံတခုမှာ အသစ်တက်လာတဲ့ အစိုးရတရပ်ဟာ တိုင်းပြည်နဲ့ပြည်သူတွေအတွက် ဆိုးကျိုးပေးနေတဲ့ ခရိုနီစနစ်ကို ဖျက်သိမ်းမလား။ ခရိုနီတွေကို တည့်အောင်ပေါင်းပြီး ရှေးရိုးအတိုင်းသွားမလား၊ ကိုယ့်ခရိုနီကိုယ်မွေးပြီး ခရိုနီဟောင်းတွေကို ပြန်ရင်ဆိုင်မလားဆိုတဲ့ ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ဗမာပြည်က ခရိုနီတွေက အထက်မှာ ပြောခဲ့သလို စစ်အာဏာရှင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတော့ တော်ရုံတန်ရုံပြတ်သားမှုနဲ့တော့ လုပ်မရပါဘူး။

ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ

ပူးဝင်နေတဲ့ သရဲ တစ္ဆေ ဆိုတာ

(စိုးထွန်းအောင်)

မယမင်း – အသက် ( ၈ လ ) (သေဆုံး)
မလှနှင်းရွှေ – အသက် (၂) နှစ် (သေဆုံး)
မောင်နေလလင်း (ခ) တစ်တို – အသက် (၃ ) နှစ် (သေဆုံး)
မသင်းသင်းစိုး – အသက် (၄) နှစ်

ဖော်ပြပါ ကလေးငယ် ၄ ယောက်ဟာ ပိန်းကြာဖက်ပေါ်က ရေစင်ရေပေါက်ကလေးတွေလို ပီဘိ ကလေးငယ်လေးများ သာ ဖြစ်ပါတယ်။ အဲဒီကလေး ၄ ယောက်အနက် မယမင်း၊ မလှနှင်းရွှေ၊ မောင်နေလလင်း (ခ) တစ်တိုတို့ကတော့ ကြေကွဲဖွယ် သေဆုံးသွား ခဲ့ကြရရှာပါပြီ။

(၄)နှစ်အရွယ် သမီးလေး သင်းသင်းစိုးတစ်ယောက်ပဲ မသေကောင်းမပျောက်ကောင်း အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ အခုချိန်မှာ တော့ သမီးလေး သင်းသင်းစိုးဟာ တွံတေးမြို့နယ်ဆေးကနေတဆင့် ရန်ကုန်ဆေးရုံကြီးသို့ပြောင်းပြီး အတွင်းလူနာအဖြစ် ဆေးကုသခံ နေရပါတယ်။
အပြစ်ကင်းစင်တဲ့၊ ဖြူစင်လှတဲ့ သူတို့လေးတွေအပေါ် ဘယ်လို အငြိုးအတေးကြောင့်များ ဒီလိုကံဆိုးမိုးမှောင်ကျမှုက ဆိုက် ဆိုက်မြိုက်မြိုက်ကြီးကျရောက်လာခဲ့ရတာလဲ။
မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေးအန္တရာယ်ကျရောက်လို့လား၊ မဟုတ်ပါဘူး။ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲလို့လား၊ မဟုတ်ပါဘူး။ မြွေကိုက်ခံရတာလား၊ လျှပ်စစ်ဓာတ်လိုက်တာလား၊ မဟုတ်ပါဘူး။ လူမှန်းသူမှန်းမသိ တော့တဲ့ ဖခင်အရက်သမား/ဖခင်ဆေးသမားက အရက်ကြောင်/ဆေးကြောင်ပြီး သတ်ဖြတ်ပစ်လိုက်တာလား၊ ဒါမျိုးလည်း လုံးဝ မဟုတ် ပါဘူး။ ဒါဆို ဘာဖြစ်တာလဲ။

“သရဲတစ္ဆေဝင်ပူးတယ်” ဆိုတဲ့ သွေးဆာနေတဲ့ အစွဲအလမ်းဟောင်းရဲ့သားကောင်တွေအဖြစ် လည်စင်းပေးလိုက်ကြရတဲ့ အဖြစ် ဆိုးနဲ့ တည့်တည့်တိုးခဲ့ကြရတာပါ။

(၄)နှစ်နဲ့ (၈ လ) ဆိုတဲ့ လူမမယ်အအရွယ်လေးတွေကို ခြေထောက်နဲ့ကန်၊ တက်နင်း၊ လက်သီးနဲ့ထိုး၊ ပုဆိန်နဲ့ ထုခဲ့သတဲ့။
ဘယ်လောက်မိုက်မဲပြီးအသိဉာဏ်မွဲတေလှတဲ့လုပ်ရပ်ဖြစ်ပါသလဲ။ အခုတော့အဲဒီ ရက်စက်မိုက်မဲမှုကို ကျူးလွန်ခဲ့တဲ့ ထွန်းနိုင် ဆိုသူကို သက်ဆိုင်ရာက ဖမ်းဆီးထားပါပြီ။

ဒါဟာ ဒီပြစ်မှုကို ကျူးလွန်ခဲ့သူ “ထွန်းနိုင်” တဦးတယောက်ချင်းရဲ့ မိုက်မဲမှု၊ အသိဉာဏ်မရှိမှု သက်သက်ပဲလား။ မဟုတ် ပါဘူး။ တကယ်တော့ ထွန်းနိုင်ကျူးလွန်ခဲ့တဲ့ပြစ်မှုကနေ ကျွန်တော်တို့ ဗမာပြည်လူ့အဖွဲ့အစည်းဟာ အသိဉာဏ်မိုးမှောင်ကျမှု အောက်မှာ ကျ ရောက်နေပြီဖြစ်တယ်ဆိုတာကို အကျယ်လောင်ဆုံး ခေါင်းလောင်းထိုးဖော်ပြလိုက်တာသာဖြစ်ပါတယ်။

ကလေး (၄)ယောက်နဲ့ ထွန်းနိုင်တို့သာ ဒီမိုးမှောင်ကျမှုကြီးထဲ ကျရောက်နေတာမဟုတ်ပါဘူး။ ကလေးတွေရဲ့မိဘ၊ ကလေး မိဘတွေနေထိုင်တဲ့ ကျေးလက်တောရွာကလူတွေ အားလုံးမှာ ဒီမိုးမှောင်ကျမှုကြီး စိုးမိုးကျရောက်နေတာပါ။ ဒါဟာ တွံတေးမြို့ နယ်တစ်ခုတည်းရဲ့သီးခြားလက္ခဏာမဟုတ်ပါဘူး။

တကယ်တော့ ဗမာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့် မကျန် ကျရောက်နေတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကနေ ပေါက်ဖွား လာတဲ့ မိုးမှောင်ကျမှုကြီးဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ ဆင်းရဲမွဲတေမှုနဲ့အသိပညာမဲ့မှုက အဆက်မပြတ်မွေးထုတ်ပေးနေတဲ့ ကြေကွဲဖြစ်ရပ်တွေထဲက အချို့မျှသာဖြစ်ပါတယ်။ ဒီလိုမျိုး တုန်လှုပ်ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဗမာပြည်အနှံ့ တောင်ပေါ်မြေပြန့် မတူတဲ့အတိုင်းအတာနဲ့ ဖြစ်ပွားနေတာပါ။ လူအများ သိရှိလိုက်ကြတာနဲ့ လူအများမသိလိုက်ကြတာပဲခြားနားပါတယ်။ (ခုတလောမှာကိုပဲ နဂါးပူးတယ်ဆိုပြီး ဘုရားရင်ပြင်မှာ မြင်မကောင်းရှုမကောင်း လူးလှိမ့်နေတဲ့ မိန်းမကြီးငယ်တွေကို ရေဖျန်းလောင်းပေးနေရတဲ့ ဖြစ်ရပ်တွေကလည်း တချိန်တည်း ထွက်ပေါ်လာနေတာ သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်။ ရှမ်းရေကျော်ကျေးရွာမှာ သူရဲစီးတယ်ဆိုတဲ့ အထက(ခွဲ)မှာ တာဝန်ရှိသူ အာဏာပိုင်တွေ လာရောက်၊ အမိန့်ပြန်တမ်းထုတ်၊ ရဲအဖွဲ့ သေနတ် ၁၈ ချက် ပစ်ဖောက်ပြီး ပရလောကသားတွေကို နှင်ထုတ်တဲ့ သတင်းကလည်း ဆက်တိုက် အကျယ်အပြန့် ပေါ်ထွွက် လာနေတယ်။ ဒါသာမက လောက်ကိုက်မြို့မှာ “သေသော် ငရဲမလား”ဆိုတဲ့ ကျဆုံးစစ်သည်တွေရော၊ ကျန် အရပ်သားတွေပါ မကျွတ်လွတ်သေးတဲ့သဘော ဖော်ပြတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပြန်ပါတယ်။ )

“သရဲ၊ တစ္ဆေ” ဆိုတာ တကယ်တော့ မရှိပါဘူး။ ရှိတယ်လို့ ပြောနေတာဟာ ရိုးအပြီး အညှာလွယ်သူတွေထံကနေ လှည့်ဖြား လုယက်ဖို့ အကြံအစည်ရှိနေသူတွေ၊ လက်တွေ့လုပ်ကိုင်တွေသူတွေရဲ့ ဖြီးလုံးဖြန်းလုံး၊ ခြောက်လုံးလှန့်လုံးတွေသာဖြစ်ပါတယ်။

အုပ်စိုးသူအစိုးရအဆက်ဆက်၊ စစ်အုပ်စုနဲ့ချမ်းသာကြွယ်ဝသူတွေမှာ ကိုယ်ပိုင်ဆရာဝန်/မိသားစုဆရာဝန်သာ မရှိချင်နေမယ်။ ကိုယ်ပိုင်ဗေဒင်ဆရာ၊ ယတြာဆရာ၊ နတ်ဆရာ၊ ဂိုဏ်းဆရာတော့ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါတော့ အာဏာရမ္မက်ကြီးနဲ့ အစွဲအလမ်း ဟောင်းတို့ရဲ့ မိုက်ဖော်ဆိုးဖက် မဟာမိတ်ပြုမူ လက္ခဏာချက်ပါပဲ။ အဆက်ဆက်သော အုပ်စိုးသူများရဲ့ တူညီတဲ့ ဘုံလက္ခဏာလို့ ပြောရမှာပါ။

တကယ်တော့ “သရဲ၊ တစ္ဆေတွေရှိနေတယ်၊ သရဲဝင်ပူးနေတယ်” ဆိုတာ ဆင်းရဲမွဲတေမှု၊ အသိပညာမဲ့မှု ဆိုတဲ့ သရဲတစ္ဆေတွေ ပဲဖြစ်ပါတယ်။
အဲဒီ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုဆိုတဲ့ သရဲတစ္ဆေတွေဟာ သေဆုံးသွားကြရတဲ့ ကလေးငယ်တွေကိုပူးဝင်နေ တာမဟုတ် ဘဲ။ ကလေးသူငယ်တွေရဲ့မိဘများနဲ့ ပယောဂကုပေးမယ်ဆိုတဲ့ (တကယ်တော့ လူသတ်သမား)ထွန်းနိုင် ဆိုသူရဲ့အသိဉာဏ်နဲ့ ဦးနှောက်ထဲမှာပါ ပူးဝင်စွဲကပ်နေတာပါ။ ဆင်းရဲမွဲတေလှတဲ့ ဗမာပြည်လူ့အဖွဲ့အစည်းတစ်ခုလုံးကို မတူတဲ့အတိုင်းအတာနဲ့ကို ပူးဝင်စွဲ နေတာလည်း ဖြစ်ပါတယ်။

ဒီလို ပူးဝင်စွဲကပ်ခံရမှုဟာ တွံတေးက လူတချို့မှာတင်မဟုတ်ဘူး၊ ဗမာပြည်အနှံ့ကျေးလက်မြေပြန်တောင်ပေါ်အားလုံးမှာ ပုံစံ မျိုးစုံနဲ့ပူးဝင်စွဲကပ်နေတာပါ။

ဒါကြောင့် ဒီဖြစ်ရပ်မှာ ထွန်းနိုင် တစ်ဦးချင်းကို အပြစ်ပေးအရေးယူလိုက်တာမှာတင် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ ရပ်နား နေလို့မရပါဘူး။ ဒီလိုမသိနားမလည်မှုကို အခွင့်ကောင်းယူအမြတ်ထုတ်နေမှုတွေရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကို ဘက်ပေါင်းစုံကနေ တွန်းလှန်တိုက်ဖျက်ပစ်ဖို့လိုပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အသိပညာမဲ့မှုကို ရေလောင်းပေါင်းသင်ပေးနေတာဟာ ပြည်တွင်း စစ်ပါပဲ။ ပြည်တွင်းစစ်နဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝလာသူတွေဟာ အဓိကအားဖြင့်အုပ်စိုးသူအစိုးရအဆက်ဆက်နဲ့စစ်အုပ်စု မျိုး ဆက် သားစဉ်မြေးဆက်ပါပဲ။ ဒီဇာစ်မြစ်ကို အကုန်အစင် တူးထုတ်ရှင်းလင်းပစ်ရပါလိမ့်မယ်။

စစ်အုပ်စုနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ဒီပယောဂ၊ ဒီသရဲတစ္ဆေကို မရှင်းနိုင်သရွေ့၊ မောင်းထုတ်မပြစ်နိုင်သရွေ့၊ ဒီသရဲတစ္ဆေတွေရဲ့ ပူးဝင်စွဲကပ်မှု၊ သွေးစုပ်လုယက်မှု၊ သတ်ဖြတ်မှုတွေကို လည်စင်းခံနေကြဦးမှာပဲဖြစ်ပါတယ်။ ဒါကို “တရားဥပဒေစိုးမိုးမှု” တစ်ခုတည်းနဲ့ မတိုက်ဖျက်နိုင်သလို၊ “ပြန်လည်သင်မြတ်ရေး ရေစင်ရေမန်း” နဲ့လည်း မောင်းထုတ်ဖယ်ရှားပစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။

အစွဲအလမ်းဟောင်းဖြစ်တဲ့ သရဲတစ္ဆေလုပ်ကြံဇာတ်လမ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ဘာသာရေး လူမျိုးရေး သွေးခွဲ ရန်တိုက်ပေးမှု တွေဟာစစ်အုပ်စုနဲ့ပြည်တွင်းစစ်ဆိုတဲ့ သရဲ တစ္ဆေသွေးစုပ်ဖုတ်ကောင်ကြီးတွေရဲ့ ဆိုးဖော်မိုက်ဖက် အပေါင်းအဖော်တွေပဲဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း လူမျိုးပေါင်းစုံပြည်သူများ နိုးနိုးကြားသတိရှိကြဖို့နဲ့ တညီတညွတ်တည်း ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြဖို့ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းတိုထွာ

စိတ်ဝင်စားစရာ သတင်းတိုထွာ

မြစမ်းအေး

အိုင်ယာလန်ဘိုးဘိုးအောင် Apple

၂၀၁၅ အိုင်ယာလန် GDP ၂၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးကြောင်း အိုင်ယာလန်ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်က စီးပွားရေးပညာရှင်များအကြား ရယ်စရာဟာသတပုဒ် ဖြစ်နေတယ်။ စီးပွားရေးနိုဘယ်ဆုရှင် ပေါလ်ခရုမန် က ‘ဘိုးဘိုးအောင်စီးပွားရေး’ Leprechaun economics လို့လှောင်တယ်။ ကုန်စည် တိုးထုတ်လို့လား။ လူထုဝင်ငွေ တိုးလာလို့လား။ နိုင်ငံတော်ထုတ်ကုန် တိုးလာလို့လား။ တခုမှမဟုတ်ပါ။ တကယ်တော့ EU အဖွဲ့ဝင် အိုင်ယာလန်ဟာ ကြွေးဝန်ပိနေတဲ့ စီးပွားရေးကပ်ဒဏ်သင့် PIIGS (ပေါ်တူကီ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂရိ ၊ စပိန်) စာရင်းဝင် နိုင်ငံတနိုင်ငံဖြစ်တယ်။ လူဦးရေ ၅ သန်းခန့်သာရှိပြီး ကျွန်းငယ်လေးသာဖြစ်တဲ့ အိုင်ယာလန်ဟာ ဗြုန်းစားကြီး GDP တနှစ်တာဝင်ငွေ တိုးလာကာ $၂၅၇ ဒဿမ ၄ ဘီလီယံ (၂၀၁၅ ခန့်မှန်း) ဖြစ်လာတယ်။ အကြောင်းက အိုင်ယာလန်ဟာ အမေရိကန်ကော်ပိုရိတ်များရဲ့ ဗလောင်းဗလဲလုပ်ရာ (စာရင်းဖျောက်ရာ) အရပ် ဖြစ်နေလို့ပဲ။ ဥပမာဆိုပါစို့ အမေရိကန်ကုမ္ပဏီ Maltronic နဲ့ အိုင်ယာလန်ကုမ္ဂဏီ Coridien ပေါင်းကာ အိုင်ယာလန်မြို့တော် ဒပ်ဗလင်မှာ ရုံးစိုက်တယ်။ Maltronic ရဲ့ ပုံသေပိုင်ပစ္စည်းတန်ဖိုး assets $ ၄၃ ဘီလီယံကို အိုင်ယာလန်သို့ပြောင်းတယ်။ တကယ်ပြောင်းတာ မဟုတ်ဘူး။ စာရင်းအရသာ ပြောင်းတာဖြစ်တယ်။ ရုံးချုပ် အလုပ်သမား ပရိဘောဂ လှုပ်ရှားမှု ဘာမှမရှိဘူး။ ဒီလိုနဲ့ အိုင်ယာလန် GDP ဟာ ရုတ်ချည်းမြင့်သွားပါတော့တယ်။

မကြာခင်ကပဲ ဥရောပသမဂ္ဂ EU က အမေရိကန် နည်းပညာ Apple ကုမ္ပဏီကို ၁၀ နှစ်စာ အခွန်ရှောင်မှုနဲ့ ယူရို ၁၃ ဘီလီယံ (ဒေါ်လာ ၁၄ ဒဿမ ၅ ဘီလီယံ) နှင့် အတိုးငွေကို ပေးလျော်ဖို့ တရားစွဲတယ်။ ၂၀၁၄ မှာ Apple က အမြတ်ငွေ ယူရိုတသန်းတိုင်းအတွက် အိုင်ယာလန်အစိုးရသို့ (စာရင်းပြောင်းခ) အခွန် ယူရို ၅၀ သာပေးခဲ့ကြောင်း ဖော်ပြတယ်။ အမေရိကန် ကုမ္ပဏီ ၇၀၀ လောက်ဟာ အင်္ဂလိပ်စကားပြော အိုင်ယာလန်နိုင်ငံကို အိမ်လုပ်ကာ အိုင်ရစ်အလုပ်သမား ၁၄၀၀၀၀ ကို အလုပ်ပေးထားကြောင်း အိုင်းရစ် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး Charles Flanagan က ထုတ်ဖော်ပြောကြားပါတယ်။ (၂၀ -၉-၂၀၁၆)

ဒူတာတေး အပြောကြမ်းတယ်

ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ (၆ မေ ၂၀၁၆) မှာ အနီးဆုံးပြိုင်ဘက်ထက် မဲနှစ်ဆလောက်အသာနဲ့ တောင်ပြိုကမ်းပြို အနိုင်ရလာတဲ့ သမ္မတသစ် ဒူတာတေး(၇၁ နှစ်) Rodrigo Duterte ဟာ အပြောကြမ်းသော်လည်း ပြည်တွင်းမှာ လူကြိုက်များလှတယ်။ အကျင့်ပျက်ခြစားပြီး မာဖီးယားဂိုဏ်းများဖြင့် အမြီးချင်းလိမ်နေတဲ့ အစိုးရဟောင်းများကို ငြီးငွေ့လှပြီဖြစ်တဲ့ ဖိလစ်ပိုင်ပြည်သူများအဖို့ ဒူတာတေးဟာ အသစ်အဆန်းဖြစ်နေတယ်။ သူဟာ ဖီလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း ဒါဗိုမြို့ရဲ့ မြို့တော်ဝန်အဖြစ် ၂၂ နှစ် လုပ်ခဲ့တဲ့ကာလအတွင်း ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့မှုနဲ့ ဒဲ့ဒိုး(တဲ့တိုး)အပြောကြောင့် လူကြိုက်များတယ်။ သူတက်လာပြီးနောက် ၂၀၁၆ ဒုတိယလေးလပတ် GDP ဟာ ၇ ရာခိုင်နှုန်း ဖြစ်လာတယ်။

မူးယစ်ဆေးသမားတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်။ အဖမ်းမခံသူတွေကို အသေပစ်သတ်ဖို့အထိ အမိန့်ပေးထားတယ်လို့ ပြောတယ်။ မူးယစ်ဆေးဆွဲသူ ၃၀၀၀ ကျော် အသတ်ခံရပြီး၊ သိန်းနဲ့ချီလာရောက်အဖမ်းခံတယ်လို့ သတင်းများကဆိုတယ်။ သူ့လုပ်ရပ်ကို လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ ဝေဖန်မှုအပေါ် ခတ်ကြမ်းကြမ်းပဲတုံ့ပြန်တယ်။ လူ့အခွင့်အရေးကိစ္စ စုံစမ်းရေးမှူးတထောင်မကလို့ ဘန်ကီမွန်းလာပြောလည်း ဂရုမစိုက်ဘူး။ နောက်ဆုံးဆေးသမားကို သုတ်သင်မပြီးမချင်း ရပ်မှာမဟုတ်ဘူး လို့ပြောတယ်။ (မူးယစ်ဆေးဝါး ပြဿနာဟာ လူတွေ သတ်ပြရုံနဲ့ ပြီးပြတ်သွားမှာ မဟုတ်ဘူး။ လူမှုရေးပြဿနာဖြစ်လို့ ရေရှည်ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်။)

ဒါတင်မကဘူး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံတကာဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ဝေဖန်တာကို ကုလသမဂ္ဂကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်တယ် (နောက်တာပါလို့ ပြန်ပြောတယ်)။ ငတ်မွတ်မှုနဲ့ အကြမ်းဖက်မှုကို နိုင်အောင်မနှိမ်နင်းနိုင်ဘူး။ အီရတ် ဆီးရီးယားမှာ အရပ်သားတွေသေနေတာကို အဆုံးမသတ်နိုင်ဘူး လို့ ကုလသမဂ္ဂကို ဝေဖန်တယ်။

လာအို အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ (စက်တင်ဘာ ၆ – ၈) အိုဘားမားအပေါ် အပြောကြမ်းတဲ့မှတ်ချက်စကားကြောင့် သမ္မတနှစ်ဦးတွေ့ဆုံပွဲကို အမေရိကန်ဘက်က ဖျက်သိမ်းခဲ့တယ်။ တရားရေးနဲ့မညီတဲ့ သတ်ဖြတ်မှုများအဖြစ် မေးခွန်းမထုတ်ဖို့နဲ့၊ ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ ရုပ်သေးမဟုတ်၊ မိမိဟာ အချုပ်အခြာပိုင် နိုင်ငံတခုရဲ့သမ္မတဖြစ်ကြောင်း၊ ဖိလစ်ပိုင်ပြည်သူမှအပ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး စသဖြင့်ပြောတယ်။ ‘မိန်းမရွှင်ရဲ့သား’ဆိုပြီး အိုဘားမားကို ဒေသိယစကားနဲ့ ဆဲတယ်။ (နောက်မှ ပြန်တောင်းပန်တယ်)။ အမေရိကန်ကို စိတ်ခုကာ လွတ်လပ်တဲ့ နိုင်ငံခြားရေး ပေါ်လစီ ကျင့်သုံးမယ်၊ နိုင်ငံတိုင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်မယ်၊ စစ်လက်နက်များကို တရုတ်နဲ့ရုရှားထံမှ ဝယ်တော့မယ် စသဖြင့်ပြောတယ်။ (သူနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ကိုလိုနီတပိုင်းလို ဖြစ်နေတဲ့ နိုင်ငံအဖြစ်က ရုန်းထွက်ဖို့ ကြိုးစားနေတာတွေကိုတော့ အသိအမှတ်ပြုရပါမယ်။)

သူဟာ မြို့တော်ဝန်ဘဝမှာကတည်းက အပြောကြမ်းခဲ့တယ်လို့ ဆိုတယ်။ ပုပ်ရဟန်းမင်းကြီး ဖိလစ်ပိုင်ကို အလည်လာစဉ်တုန်းက လမ်းပေါ်မှာ ၅ နာရီကြာ ကားရပ်ထားရတာကို ခွေးမသားပုတ် အိမ်ပြန် နောက်မလာနဲ့တော့လို့ ဆဲမိတဲ့အပေါ် စာရေးတောင်းပန်ခဲ့တယ်လို့ ဆိုတယ်။

အငြင်းပွားဖွယ် အာဏာရှင်သမ္မတဟောင်း မားကို့စ်ရဲ့ ရုပ်အလောင်းကို ဖိလစ်ပိုင်မှာ မြှုပ်နှံခွင့်ပြုမယ်လို့လည်း ဆိုတယ်။

တရုတ်နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က ကျွန်းများကိစ္စ ပြင်းပြင်းထန်ထန်ပြောသံ မကြားရဘူး။ အဲဒီကျွန်းတွေအပေါ် ငါလေယာဉ်စီးပြီး ဖြတ်ပျံပြမယ်လို့ပြောတယ်။

အပြောကြမ်းသော်လည်း သူ့ရဲ့ လက်တွေ့ကျတဲ့လုပ်ရပ်ကတော့ ၁၉၆၀ စုနှစ်များကတည်းက ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ကြိုးစားခြင်းပဲ ဖြစ်တယ်။ ဇူလိုင် ၂၅ မှာ သမ္မတဒူတာတေးက တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာတယ်။ ဖိလစ်ပိုင်ရှိ လက်နက်ကိုင်သူပုန် ၄ ဖွဲ့အနက် ၃ ဖွဲ့နဲ့ (ဖီလစ်ပိုင်ကွန်မြူနစ်ပါတီ ၊ မိုရိုအစ္စလမ်မစ် လွတ်မြောက်ရေးတပ်ဦး MILF ၊ မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး MNLF) နော်ဝေး-အော်စလို မှာ အပစ်ရပ်လက်မှတ်ရေးထိုးပြီး၊ ၉လ မှ ၁၂လ အတွင်း အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီမှုရဖို့ ပူးတွဲကြေညာချက်ထုတ် အတည်ပြုကြတယ် (၂၆ ဩဂုတ် ၂၀၁၆)။ ဖီလစ်ပိုင်ကွန်မြူနစ်ပါတီ ခေါင်းဆောင်လည်းဖြစ် ဒူတာတေးရဲ့ ဆရာလည်းဖြစ်ခဲ့ဖူးတဲ့ Joes Maria Sison က ‘သမိုင်းဝင် မကြုံစဖူးဖြစ်ရပ်’ လို့ပြောတယ်။ စီးပွားရေးမညီမျှမှုနဲ့ အမေရိကန်စစ်စခန်းတွေဖျက်သိမ်းရေးကို ဦးတည်ဆွေးနွေးမယ်လို့ ပြောတယ်။ လူပြန်ပေးဆွဲပြီး အကြမ်းဖက်လေ့ရှိတဲ့ Abu Sayaf အဖွဲ့နဲ့တော့ မဆွေးနွေးဘူး။ MNLF ရဲ့ကြားဝင်ဖြေရှင်းပေးမှုနဲ့ ပြန်ပေးဆွဲထားတဲ့ နော်ဝေးအမျိုးသားတဦးကို အဘူရှာရဖ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တယ်။

ဖိလစ်ပိုင် ဆီးနိတ်(အထက်လွှတ်တော်) တရားရေးကော်မတီဥက္ကဋ္ဌ Mrs. De Lina ဦးဆောင်ပြီး ဥပဒေကျော်လွန်လူသတ်မှုဖြင့် သမ္မတဒူတာတေးကို စွဲချက်တင်ကြားနာပွဲ ၃ ရက်လုပ်ပြီးနောက် မဲခွဲရာမှာ (၁၆-၄-၂)မဲဖြင့် ရှုံးနိမ့်သဖြင့် De Lina နှင့် ၈ ဦး နှုတ်ထွက်သွားရတယ်။ ဒူတာတေးက မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ အချိန် ၆ လ ထပ်တိုးကြောင်း ကြေညာတယ်။ ရာဇဝတ်သား တသိန်းအထိ သတ်ပစ်မယ်။ မင်းတို့အားလုံးကို မနီလာပင်လယ်အော်ထဲ ပစ်ချပြီး ငါးစာကြွေးပစ်မယ်။ ၆လအတွင်း မူးယစ်ဆေးပြဿနာကို မဖြေရှင်းနိုင်ရင် ငါနှုတ်ထွက်မယ်လို့ ပြောတယ်။
အပြောကတော့ကြမ်းတယ်။ သတင်းသမားတယောက်က ‘ခင်ဗျားဟာ ဒေါ်နယ်ထရမ့်လိုပဲ ထင်ရာမြင်ရာ စွတ်ပြောတတ်တာပဲ’လို့ ဆွပေးတော့၊ ဒူတာတေးက ‘သူက ထင်ရာမြင်ရာပြောတဲ့ကောင်၊ ငါကမဟုတ်ဘူး’လို့ ချက်ချင်းတုံ့ပြန်တယ်။ နောက်တော့ ထရမ့်ကိုထိခိုက်အောင် ပြောမိတဲ့အတွက် တောင်းပန်ပြန်တယ်။
(၂၀-၉-၂၀၁၆)

ကျူးဘား ဂျပန် နှင့် မြောက်ကိုရီးယား

စက်တင်ဘာ ၂၄ ၊ ၂၀၁၆ ။ ရိုမီယူရီ ရှင်ဘွန်း Yomiuri Shimbun သတင်းစာ အယ်ဒီတာ့အာဘော်မှ အရေးအသားကို လိုရင်းဖော်ပြလိုက်ပါတယ်။

ဂျပန်နှင့်ကျူးဘားအကြား အများဆိုင်ရာနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံး၌ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက မြောက်ကိုရီးယားအရေး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း လမ်းပွင့်စေပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကျူးဘားကို အလည်အပတ်သွားရောက်တဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်လာတယ်။ ကျူးဘားသမ္မတ ရောလ်ကက်စရိုနဲ့ တွေ့စုံဆွေးနွေးပြီး နှစ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ သဘောတူကြတယ်။

အာဘေးက ဆေးဝါးပစ္စည်းနဲ့ ကင်ဆာကုသရေးအတွက် ယန်း ၁ ဒဿမ၂၇၃ ဘီလီယံ ထောက်ပံ့မယ့်အကြောင်း ကြေညာတယ်။ ‘စီးပွားရေးနဲ့လူမှုဖွံ့ဖြိုးရေးအတွက် ကျူးဘားနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်။ ကျူးဘားဟာ ရင်နှီးမြှုပ်နှံဖို့ အလားအလာကောင်းတဲ့ ဒေသဖြစ်တယ်’ လို့ဆိုတယ်။

မနှစ်က ဇူလိုင်လအတွင်း ကျူးဘား-အမေရိကန် ၅၄ နှစ်ကြာ ပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်တယ်။ ထိုအချိန်ကစလို့ တခြားနိုင်ငံများကလည်း ဟားဗနားနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားလာကြတယ်။ ကျူးဘားဟာ နစ်ကယ်နှင့် တခြားတွင်းထွက်များ ပေါများပြီး ခရီးသွားလုပ်ငန်း ဂုဏ်သတင်း ကျော်ကြားတယ်။

ကြွေးမြီ ယန်း ၁၈၀ ဘီလီယံအနက် ယန်း ၁၂၀ ဘီလီယံကို လျှော်ပစ်ဖို့ ဂျပန်ဘက်က ကတိပြုတယ်။ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီရုံးကို ကျူးဘားမှာ ဖွင့်ဖို့ အစီအစဉ်ရှိတယ်။ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ကဲ့သို့ နယ်ပယ်များမှာ အလေးထားကူညီဖို့ ဖြစ်တယ်။

မကြာခင်နှစ်များက ကျူးဘားဟာ ဆိုရှယ်လစ်စနစ်ကို ထိန်းသိမ်းထားသော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ နဲ့ အထူးစီးပွားရေးဇုန်များ ဖွင့်လှစ်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက နည်းသေးတယ်။

ရောလ်ကက်စထရိုနဲ့ စကားပြောရာမှာ အာဘေးက မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးလက်နက် ပြဿနာကို ‘မတူညီတဲ့အဆင့်အလျောက် အတိတ်ရဲ့အန္တရာယ်’ အဖြစ် ဖော်ပြပြီး အတူတကွဖြေရှင်းဖို့ ပြောတယ်။ မြောက်ကိုရီးယားက ဖျားယောင်းခေါ်ဆောင်သွားတဲ့ ဂျပန်အမျိုးသားများအရေး ကျူးဘားရဲ့ ပူးပေါင်းကူညီမှုကို ဆွေးနွေးတယ်။ ဒါပေမဲ့ ကျူးဘားခေါင်းဆောင်က ငြိမ်းချမ်းစွာဖြေရှင်းဖို့ အရေးကြီးကြောင်းပဲ ပြောတယ်။

နျူကလီးယားနဲ့ ဒုံးလက်နက် ကိစ္စဟာ မြောက်ကိုရီးယား စီးပွားရေးကို ဘေးသင့်စေပြီး ဒေသတွင်းတည်ငြိမ်မှုကိုလည်း ပျက်ပြားစေတယ်။ ဒီအချက်ကို ပြုံယန်း သဘောပေါက်အောင် လုပ်ဖို့အရေးကြီးတယ်။ ကျူးဘားအနေနဲ့ သက်ဆိုင်ရာနိုင်ငံများမှ မြောက်ကိုရီးယားကို ဖျောင်းဖျဖို့ နည်းပေါင်းစုံနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စရို နဲ့လည်း အာဘေး တွေ့တယ်။ ၂၀၀၃ က ဟီးရိုရှီးမားကို အလည်ရောက်ခဲ့ဖူးတဲ့ ဖီဒယ်က ယခုလိုပြောပါတယ်။ ‘နျူကလီးယားလက်နက်မဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ ရည်ရွယ်ချက်ရှိကြောင်း နှစ်နိုင်ငံသဘောတူတယ်’။

ကိုလံဘီယာ စစ်အေးလွန် ငြိမ်းချမ်းရေး

၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ် အဆုံးသတ်ရေး သဘောတူညီချက်ကို ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ် ဆန်းတို့စ် နှင့် လက်ဝဲသူပုန်တပ်ဖွဲ့FARC (Revolution Armed Force of Colombia) ခေါင်းဆောင် တင်မိုချန်ကိုတို့ ၂၆ စက်တင်ဘာ ၂၀၁၆ တွင် ဟားဗားနားမြို့၌ လက်မှတ်ရေးထိုးတယ်။ လက်မှတ်ရေးထိုးပွဲသို့ ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ကျူးဘားသမ္မတ ရောလ်ကက်စထရိုနဲ့ လက်တင်အမေရိကနိုင်ငံ ခေါင်းဆောင်အများအပြား တက်ရောက်တယ်။ ၁၉၉၀ နှစ်များက အယ်လ်ဆာဖေဒိုးနှင့် ဂွာတီမာလာ စစ်ပွဲများ အဆုံးသတ်ခဲ့သည့်အတိုင်း ဖြစ်တယ်လို့ဆိုတယ်။ FARC သူပုန်တပ်သား ၇၀၀၀ နဲ့ နောက်လိုက် ၁၇၀၀၀ ပါဝင်တယ်။

သဘောတူညီချက်တွင် စစ်ကာလအတွင်း နှစ်ဖက်ကျူးလွန်ခဲ့တဲ့ပြစ်မှုများကို နှစ်ဖက်ရွေးချယ် တင်မြှောက်ထားတဲ့ တရားခုံရုံးက စစ်ဆေးရန်၊ FARC ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ဖို့ အစိုးရမှကူညီရန်တို့ ပါဝင်တယ်။ ယခုသဘောတူညီချက်ကို အောက်တိုဘာ ၂ တွင် သဘောတူမတူ လူထုဆန္ဒခံယူပွဲ လုပ်မယ်။

ဂျွန်ကယ်ရီက သမိုင်းဝင်နေ့၊ ခက်ခက်ခဲခဲစေ့စပ်ရ၊ ရှေ့မှာလုပ်စရာအခက်အခဲတွေ အများကြီးရှိသေးကြောင်း ပြောတယ်။ ကျူးဘားနဲ့ ပြန်လည်သင့်မြတ်ပြီးနောက် အမေရိကတိုက်မှ စစ်အေးတိုက်ပွဲ လက်ကျန်ပဋိပက္ခ အဆုံးသတ်နိုင်ခဲ့မှုအတွက် အိုဘားမားက အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုတရပ်အဖြစ် ချီးကျူးပြောကြားတယ်။

ဒါပေမဲ့ (အောက်တိုဘာ ၃၊ ၂၀၁၆) လူထုဆန္ဒခံယူပွဲ ၉၉ ရာခိုင်နှုန်း မဲရုံများ ရေတွက်ပြီး စာရင်းအရ ၅၀ဒဿမ၂ ရာခိုင်နှုန်း ဆန့်ကျင်၊ ၄၉ ရာခိုင်နှုန်း ထောက်ခံကြောင်း ဖော်ပြတယ်။ အစိုးရနဲ့သူပုန် နှစ်ဖက်စလုံးက လေးနှစ်ကြာစေ့စပ်ခဲ့ရတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားတယ်။ (၄ အောက်တိုဘာ ၂၀၁၆)

ကမ္ဘာ့စည်းစနစ်သစ်နဲ့ ပတ်သက်၍ တရုတ်-အမေရိကန် ကွဲလွဲချက်

(နိုင်ငံတကာ့နယ်ပယ်မှာ တရုတ်-အမေရိကန်တို့ဟာ ပူးပေါင်းဆောင်ရွက် နေကြသော်လည်း ပုံမှန်ဆက်ဆံရေးသစ် new normal အတွက် မူဝါဒနှင့်စည်းမျဉ်းပိုင်းတွင် ရည်ရွယ်ချက်ခြင်း ကွဲပြားနေတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ တရုတ်ပညာရှင် Wang Jisi (ပီကင်းတက္ကသိုလ် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန ဥက္ကဋ္ဌ) နှင့် Kenneth Lieberthal(ဘရုတ်ကလင်းတက္ကသိုလ် တရုတ်-အမေရိကန် ရေးရာ ပညာရှင်)တို့ ပူးတွဲရေးသားတဲ့ တရုတ်-အမေရိကန် မဟာဗျူဟာပိုင်းဆိုင်ရာ သံသယ China-US Strategic Distrust စာတမ်းမှ လိုရင်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။)

နိုင်ငံရေးအားဖြင့် တရုတ်က ‘ဒီမိုကရေစီကျတဲ့ နိုင်ငံတကာဆက်ဆံရေး’ကို ရပ်ခံတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများစုဖြစ်တဲ့အတွက် နိုင်ငံကိုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ နိုင်ငံတကာစနစ်ကို ကျင့်သုံးတယ်။ အမေရီကန်က ‘လစ်ဘရယ်နိုင်ငံတကာစည်းစနစ်’ကို ဆော်ဩပြီး ပုဂ္ဂလိကလွတ်လပ်မှုနဲ့ ပုဂ္ဂလိကအခွင့်အရေးရှိတဲ့ ‘ဒီမိုကရေစီကမ္ဘာကြီး’ကို လှုံ့ဆော်တယ်။ အထက်ပါအယူအဆ နှစ်ရပ်ကွဲလွဲမှုက မကျော်လွှားနိုင်တဲ့ အတားအဆီးကို ဖြစ်စေတယ်။

စီးပွားရေးအားဖြင့် အမေရိကန်ဟာ နိုင်ငံတကာစည်းမျဉ်း တပုံကြီးကိုပြဋ္ဌာန်းပြီး နိုင်ငံပိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်တယ်၊ အလုပ်သမားစံနှုန်းကိုမြှင့်တယ်၊ သတင်းလွတ်လပ်စွာစီးဆင်းစေတယ်၊ သဘာဝဝန်းကျင် ဂေဟစနစ်ကို ကာကွယ်ဖို့ပြောတယ်၊ နိုင်ငံတကာမူပိုင်ခွင့်ကို ကာကွယ်ဖို့ပြောတယ်။ ပစိဖိတ်ကျော် ပူးပေါင်းဆောင်ရွက်မှု (ကုန်သွယ်ဝန်ဆောင် သဘောတူညီချက်)TPP ၊ အတ္တလန်တိတ်ကျော် ပူပေါင်းဆောင်ရွက်မှု (ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုကူးသန်းရောင်းဝယ်ရေး သဘောတူချက်) TAP အတွက် စေ့စပ်ဆွေးနွေးတယ်။

အဲဒီထဲက တချို့စည်းမျဉ်းတွေကို (ဥပမာ၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံတာ) တရုတ်က လက်မခံနိုင်ဘူး။ တရုတ်က လုပ်ဆောင်နေတဲ့ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB မှာ အမေရိကန်က မပါဘူး။ တရုတ်က ဆော်ဩနေတဲ့ ခါးပတ်လမ်းကြောင်း One Belt One Road ကိုလည်း စောင့်ကြည့် အနေအထားပဲရှိတယ်။ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ် ညှိနှိုင်းဆွေးနွေးနေတာ မချောမွေ့သေးဘူး။ နည်းပညာမြင့် ပို့ကုန်တွေ တရုတ်ကို တင်ပို့ရာမှာလည်း အတားအဆီးတွေ ရှိနေသေးတယ်။ အမေရိကန်ဒေါ်လာရဲ့ စိုးမိုးမှုအနေအထားကို ထိန်းသိမ်းထားဖို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ အတွင်း တရုတ်ရဲ့မဲပေးခွင့် တိုပွားလာမှာနဲ့ တရုတ်ယွမ်ငွေ နိုင်ငံတကာသုံး ဖြစ်လာမှာကို အမေရိကန်က အပြုသဘော မတုန့်ပြန်ဘူး။ အမေရိကန် နိုင်ငံအတွင်း တရုတ်စီးပွားရေး (ပုဂ္ဂလိကအပါ) လှုပ်ရှားလာမှုအပေါ် အမျိုးသားလုံခြုံရေး ရှုထောင့်နဲ့ ကန့်သတ်မှုတွေလုပ်တယ်။

ဒါတွေက အမေရိကန်အနေနဲ့ တရုတ်ရဲ့ပြည်တွင်းပြည်ပ စီးပွားရေးပေါ်လစီကို ဘောင်ခတ်ပြီး အမေရိကန်အတွက်သာ အကျိုးရှိမည့် စည်းမျဉ်းများ ချမှတ်ဖို့ ကြိုးစားခြင်းပဲဖြစ်တယ်။ နိုင်ငံနှစ်ခုရဲ့ စီးပွားရေးပုံစံ သဟာဇာတမဖြစ်မှုဟာ အတားအဆီးတွေ ပိုများလာတယ်။

နိုင်ငံတကာ လုံခြုံရေးနယ်ပယ်တွင် တရုတ်က တောင်တရုတ်ပင်လယ်ကို မိရိုးဖလာပင်လယ်ပြင်အဖြစ် မြင်ပြီး တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ မူဝါဒ အခွင့်အရေး နဲ့ အကျိုးစီးပွားကို အမျိုးသားအချုပ်အခြာနဲ့ ပိုင်နက်နယ်မြေတည်တန့်မှုအဖြစ် သဘောထားတယ်။ ဒါပေမဲ့ အမေရိကန်က တောင်တရုတ်ပင်လယ် အများပိုင်းကို နိုင်ငံတကာရေပြင်အဖြစ် ‘နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်’ကို ကိုင်ဆွဲတယ်။

ဒီလိုမူဝါဒအငြင်းပွားမှုတွေရဲ့ နောက်ကွယ်မှာ ပထဝီနိုင်ငံရေး အကြောင်းအချက်တွေ ရှိတယ်။

အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံစလုံးက ဆိုက်ဘာလုံခြုံရေးကို မြင့်မြင့်မားမား အလေးထားပြီး တဦးရဲ့ ဆိုက်ဘာလုံခြုံရေးကို တဦးက အန္တရာယ်ပြုနေတယ်လို့ မြင်ကြသော်လည်း သူတို့တဦးချင်းရဲ့ အလေးထားမှုခြင်း ကွာခြားပြန်တယ်။ တရုတ်က ပြည်တွင်းကွန်ရက်အတွင်း နိုင်ငံရေးအရ ထိုးဖောက်ပြီး ခေါင်းဆောင်မှုအာဏာကို တိုက်ခိုက်လာမှာကို စိုးရိမ်တယ်။ အမေရိကန်က online hackers တွေရဲ့ စီးပွားရေးအချက်အလက်တွေ ခိုးယူမှုနဲ့ လုံခြုံရေးအေဂျင်စီကွန်ရက်ကို တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်။

ပုံမှန်ဆက်ဆံရေးသစ် ဘာလဲ

နှစ်ဖက်အစိုးရ ပညာရှင် အရပ်ဖက်အဖွဲ့အစည်းတွေ ပုံမှန်တွေ့စုံဆွေးနွေး လာခဲ့သော်လည်း သံသယနဲ့ မယုံကြည်မှုကို မချေဖျက်နိုင်ရုံတင်မက ပိုလို့တောင် တိုးပွားလာတယ်။

၂၀၁၇ မှာ အိမ်ဖြူတော်ကို ဘယ်သူရောက်လာမလဲ ဆိုတာထက် အမေရိကန်က ဖိအားပိုပေးလာမှာကိုပဲ တရုတ်ကစိုးရိမ်တယ်။ အမေရိကန်ဘက်ကလည်း တရုတ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် ရှုတ်ထွေးတဲ့ ပူပန်မှုရှိတယ်။ တိန့်ရှောင်ဖင် ရဲ့ ‘သိုသိုသိပ်သိပ်နေ မလောနဲ့’ ဆိုတဲ့ မဟာဗျူဟာအယူအဆအစား ပိုစွာတဲ့ သဘောထားနဲ့ အစားထိုးလာမှာကို စိုးရိမ်တယ်။ မဟာဗျူဟာသံသယ တိုးပွားမှုဟာ တရုတ်-အမေရိကန် ပုံမှန်ဆက်ဆံရေးသစ်ကို ထိခိုက်စေတယ်။

ပုံမှန်ဆက်ဆံရေးသစ် ထူထောင်ဖို့အတွက် နှစ်ဖက်စလုံးက ပဋိပက္ခ နဲ့ ထိပ်တိုက်တိုးမှုကို ရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်ရေးကို လိုလားတဲ့ မဟာဗျူဟာ ရည်မှန်းချက်ရှိကြောင်း မိမိတို့ပြည်သူများကို ရှင်းပြရုံတင်မက၊ နှစ်ဖက်အစိုးရများအကြား မကြာခဏဆက်သွယ် ညှိနှုင်းခြင်းဖြင့် အထင်အမြင်ရှုပ်ထွေးမှုကို လျော့နည်းစေပြီး ကျယ်ပြန့်တဲ့ သဘောထားညီညွတ်မှုကို ရရှိစေပါတယ်။

ဟင်နရီကစ်ဆင်းဂျားက ‘တရုတ်ပြည်’ ON China ဆိုတဲ့စာအုပ်မှာ ယခုလိုတင်ပြခဲ့တယ်။ အမေရိကန်- တရုတ် ‘ပူးပေါင်းဆောင်ရွက်တဲ့ တစတစပြောင်းလဲရေး ’ co-evolution ဆိုတဲ့ ဆက်ဆံရေးကို ထူထောင်ရမယ်။ နှစ်နိုင်ငံစလုံးက ပြည်တွင်းရေးကို ကောင်းအောင်လုပ်၊ ဖြစ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်၊ ပဋိပက္ခကို နည်းအောင်လုပ်ရမယ်။

ကစ်ဆင်းဂျားပြောတဲ့ co_evolution ဆိုတာ ငြိမ်းချမ်းစွာယှဉ်ပြိုင်ခြင်း peaceful competation ကိုပြောတာလို့ထင်တယ်။ ဘယ်နိုင်ငံက မိမိရဲ့ပြည်တွင်းရေးကို ကောင်းအောင်လုပ်နိုင်သလဲ မိမိပြည်သူတွေကို ကျေနပ်မှုပေးနိုင်သလဲ ဆိုတဲ့အပေါ် ပြိုင်ဆိုင်ခြင်းသည်သာ အမေရိကန်နဲ့တရုတ် အကြား အဓိပ္ပာယ်ရှိတဲ့ ပြိင်ဆိုင်မှုဖြစ်ပါလိမ့်မယ်။

ရည်ညွှန်း။ As Distrust Mounts, U. S and China Battle Over New Rules of Global Order.

(၁၀ အောက်တိုဘာ ၂၀၁၆)

ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ဆောင်းပါးအမှတ်(၄၁)

ဖေဖေရဲ့ ငြိမ်းချမ်းရေးခရီးစဉ်များ

လှကျော်ဇော

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

ဖေဖေရဲ့ပြည်တွင်းမြေပေါ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်မှုတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းကတော့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းပါပဲ။ ဖေဖေကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကာလတွေအတွင်း လူရောစိတ်ပါအတော်ပင်ပန်းရပေမယ့် ပျော်တော့ပျော်တယ်လို့ ပြောခဲ့ဖူး ပါတယ်။

ဖေဖေက ၁၉၅၈ ခုနှစ်လောက်က စပြီး ဆရာကြီးမှိုင်းရဲ့-ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီနဲ့ပူးပေါင်းပြီး စတင်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ၁၉၅၈-အောက်တိုဘာမှာ ဗိုလ်နေဝင်းရဲ့(စစ်အာဏာသိမ်း)အိမ်စောင့်အစိုးရပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေခက်ခဲလာတဲ့အတွက် အဲဒီ ရှစ်ဦး ကော်မတီကိုဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၆ဝခုနှစ်-ရွေးကောက်ပွဲများအပြီး ဦးနုရဲ့သန့်ရှင်းအစိုးရတက်လာပြီးမှ ဖေဖေတို့ပြန်ပြီး လှုပ်ရှားနိုင် ပါတော့တယ်။ အဲဒီကာလမှာ ဆရာကြီးမှိုင်း မျက်စိတိမ်ခွဲဖို့ အရှေ့ဂျာမနီကိုသွားခဲ့ရပြီး ပြန်လာတော့လည်း အသက်အရွယ်အရ သိပ်မလှုပ်ရှား နိုင်တော့လို့ ဖေဖေနဲ့ တခြားပုဂ္ဂိုလ်များပဲဒိုင်ခံလုပ်ဆောင်ကြရပါတော့တယ်။

ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လည်း ပြည်တွင်းစစ်ရှည်ကြာလေ-စစ်တပ်ဩဇာကြီးလေ ဖြစ်မှန်းသိလို့ ငြိမ်းချမ်းရေးလုပ်ငန်းဘက် လှည့်လာပါတယ်။ ဦးနုက ပါလီမန်မှာပေးတဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်အသစ်တွေ ပါလာလို့ ဖေဖေတို့က ဒါကိုအခွင့်ကောင်းယူပြီး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဒုတိယအကြိမ်အဖြစ်ဖွဲ့ဖို့ ပြင်ဆင်လှုပ်ရှားပါတော့တယ်။

အဲသလိုပြင်ဆင်နေစဉ်မှာပဲ တခြားအမျိုးသားရေးပြဿနာတရပ် ပေါ်လာပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့နောက်တကြိမ် တရုတ်ဖြူ ကျူးကျော်မှုကို တိုက်တဲ့ မဲခေါင်စစ်ဆင်ရေးအတွင်း အမေရိကန်အကူအညီ အထောက်အပံ့များကို သိမ်းဆည်းမိတဲ့ကိစ္စ၊ လေတပ်က လေသူရဲ ဗိုလ်ပီတာကျဆုံးတဲ့ကိစ္စ စတာတွေကြောင့် ပြည်သူလူထုအကြား-အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုများလည်း ပေါ်လာပါတယ်။

အဲဒီလူထုလှုပ်ရှားမှုကို အခြေခံပြီး ရန်ကုန်မြို့တွင်းရှိ နိုင်ငံရေးပါတီများ ကျောင်းသား အဖွဲ့အစည်းများဟာ ၁၉၆၁- ဖေဖော်ဝါရီ(၂၇)ရက်နေ့မှာ စုရုံးတိုင်ပင်ဆွေးနွေးကြပြီး “ဗမာပြည်တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိူးသားကော်မတီကြီး” ကိုဖွဲ့စည်းကြပြီး ဖေဖေကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်လိုက်ကြပါတယ်။ အဲဒီအဖွဲ့မှာအလွှာစုံက ပုဂ္ဂိလ်စုံပါဝင်တာဖြစ်လို့ စာရေးဆရာ၊ ဂီတစာဆို၊ သတင်းစာဆရာ၊ အမျိူးသမီး ခေါင်းဆောင်၊ ရှေ့နေ၊ ရဟန်းသံဃာ …. စသဖြင့် အတော့်ကို စုံလင်ပါတယ်။ ဒီလုပ်ငန်းဟာ နယ်ချဲ့ဆန့်ကျင်ရေးအခြေခံဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်နေပါတယ်။ အဲဒီအဖွဲ့ရဲ့ရုံးကို ကျွန်မတို့ရဲ့ စမ်းချောင်း ဆီဆုံလမ်း(၃၆)မှာ ထားလိုက်ပါတယ်။

တခါ ၁၉၆၁-မတ်လ(၉)ရက်နေ့မှာ-ပြည်တွင်းငြိမ်းချမ်းရေး-ဒုတိယအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဆရာကြီးမှိုင်းကဥက္ကဋ္ဌ-ဖေဖေက ဒုဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့ကြပါတယ်။ ဆရာကြီးမှိုင်းဟာ အဲဒီအချိန် အသက်(၈၀) ကျော်ပြီး၊ ကျန်းမာရေးကလည်း အတော်ချူချာလာပြီဖြစ်လို့ အဲဒီပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ရဲ့ရုံးကိုလည်း ကျွန်မတို့ ဆီဆုံလမ်းအိမ်မှာပဲ ထားလိုက်ပါတော့တယ်။

တကယ်တော့-အဲဒီအဖွဲ့(၂)ဖွဲ့လုံးရဲ့လုပ်ငန်းရပ်ဆိုင်ရာအခြေခံများမှာရော၊ ပါဝင်လုပ်ဆောင်နေကြသူများရော-အတူတူနီးပါးလောက်ရှိနေလို့ နောက်ပိုင်းလှုပ်ရှားမှုများမှာ တဖွဲ့တည်းလိုပဲ သဘောထားပြီးလှုပ်ရှားလာခဲ့ကြတယ်လို့ ဖေဖေကသူရဲ့ စာအုပ်မှာရေးထားပါတယ်။

၁၉၆၁-နှစ်ဆန်းပိုင်း(ဖေဖော်ဝါရီ)ကစလို့ ဖေဖေတို့တတွေ ရန်ကုန်မြို့ရပ်ကွက် အသီးသီး ကိုရော နယ်အသီးသီးကိုရော မရပ်မနား သွားလာပြီး စည်းရုံးဟောပြောကြ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ခွဲတွေ ဖွဲ့ပေးကြနဲ့ လှုပ်ရှားကြတာ ၁၉၆၂ မတ်လ ၁ ရက်နေ့ည အထိပါပဲ။ (နောက်တနေ့ မတ်လ ၂ ရက်ညနေ့ည အရုဏ်တက်မှာတော့ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့ပါတယ်။)
နယ်မြို့တွေကဖိတ်ရာမှာ ပထမဆုံးကတော့ မြစ်ကျွန်းပေါ်ဒေသ(ပုသိမ်ခရိုင်)ကပါ။ ပုသိမ်၊ မအူပင်၊ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန်စတဲ့မြို့များ၊ ပဲခူးတိုင်းအတွင်းက ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ စတဲ့မြို့များ၊ မန္တလေးတိုင်း အတွင်းက မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း- စတဲ့မြို့များ၊၊ တနင်္သာရီဘက်မှ မော်လမြိုင်၊ ထားဝယ်၊ မြိတ် စတဲ့မြို့များ ဗမာပြည်အနှံ့ ဖေဖေတို့ သွားခဲ့ကြရပါတယ်။

ဖေဖေတို့ရဲ့ည လူထုတရားဟောပွဲတွေဟာ တခါတရံ လူထုဆန္ဒပြပွဲကြီးတွေလို ဖြစ်သွားတတ်ပြီး ဟောပြောပွဲတွေအပြီး ကြွေးကြော်သံတွေတိုင်ကြ သီချင်းတွေဆိုကြနဲ့ အတော်စည်ကားပါတယ်။ အထူးသဖြင့်ရန်ကုန်မှာပြုလုပ်တဲ့ပွဲတွေမှာပါ။ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာနဲ့ စာရေးဆရာ လည်းဖြစ်တဲ့ (ဦး)မြတ်လေးဦးစီးပြီး တီးဝိုင်းအဖွဲ့တွေပါ-ပါတတ်ပါတယ်။ နယ်မြို့တွေကလည်း ကမ်းလုံးညွှတ် မြို့လုံးကျွတ်ကြိုဆိုကြပြီး ဖေဖေတို့ကို မြို့လယ် လမ်းမတလျှောက် လမ်းလျှောက်ခိုင်းပြီး အုန်းအုန်းကျွက်ကျွက် နှုတ်ဆက်ကြပါတယ်။

ဖေဖေကအဲသလို ခရီးမျိုးတွေမှာ-အနှစ်သက်ဆုံး အလုပ်တခု(ဝါ)အချိန်တချိန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အဲဒါကတော့ ….ဖေဖေတို့ ညပိုင်း ဟောပြောပွဲများ ပြီးသွာရင် တချို့ရွာတွေက လာကြရတဲ့သူများဟာ မပြန်ကြဘဲ ဖေဖေတို့နဲ့ တွေ့ဆုံခွင့်တောင်းပြီး သူတို့ရဲ့ အခက်အခဲပြဿနာများကို တင်ပြ ပြောဆိုတတ်ကြပါတယ်။ တခါတရံ မိုးတောင်လင်းသွားတတ်တယ် ….တဲ့။ အိမ်စောင့်အစိုးရလက်ထက် မတော်မတဲ့ ဖြစ်ရပ်တွေ လည်း ပါသတဲ့။

အဲဒီလို ဆွေးနွေးပွဲလေးတွေအကြောင်းဖေဖေကသူစာအုပ်ထဲမှာရေးထားပုံလေးကြည့်ပါဦး။

“ကျွန်တော်သည် ဤညပိုင်း ဆွေးနွေးပွဲများကို အလွန်ပင် သဘောကျခဲ့ပါသည်။ နယ်ပြည်သူလူထု နှင့် ကျွန်တော် ပထမဆုံးအကြိမ် ရင်းနှီးစွာ နီးကပ်စွာ တွေ့ဆုံထိတွေ့ခဲ့ရပါသည်။ ဤလိုမျိုး ပြည်သူလူထု၏ ယုံကြည်ရင်းနှီးမှုအပြည့်ဖြင့် မိမိအား သူတို့စိတ်ဆန္ဒခံစားချက်များကို ဖွင့်ဟပြော ဆိုခြင်း ခံရသော မည်သည့် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်မဆို ထိုပြည်သူလူထုကြီးကို မေ့ပျောက်နိုင်ခြင်းလည်း မရှိ၊ သူတို့၏ဆင်းရဲဒုက္ခကိုဖြေရှင်းပေးလိုစိတ် စာနာစိတ်ကိုလည်း မေ့ပျောက်နိုင်ခြင်းမရှိဘဲ ထိုပြည်သူများ အတွက် ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ချင်သည့် သန္နိဋ္ဌာန်မှာ ပိုမိုခိုင်မာလာပါ တော့သည်။ ပြည်သူလူထုသည် ဤမျှပင် အစွမ်းထက်ပါသည်” ….တဲ့။(ဗိုလ်မှူးချုပ်ကျော်ဇော “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” (ဖြိုးမောက်သာ စာပေ)၂၀၁၂၊ နှာ ၂၄၅)။

ဒါ့အပြင် ဖေဖေက သူတို့ကို ပြည်သူလူထုက ဘာကြောင့် ဒီလောက်ထောက်ခံရတာလဲ-ဆိုတာကိုလည်း ဆက်ရေးထားပါသေးတယ်။

“ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည်သူတို့၏ အဓိကပြဿနာဖြစ်နေသည် ဆိုသည်ကိုလည်း သဘောပေါက်ကြသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် သူတို့၏ ကိုယ်ရေးကိုယ်တာ ပြဿနာအားလုံးသည် ဤငြိမ်းချမ်းရေး ပြဿနာ အပေါ်တွင် တည်ရှိနေကြောင်း ပြောဆိုကြပါသည်။ မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့်လည်း တွေ့ခဲ့ရာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သူတို့က လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ကြီးအနေနှင့် ဆက်တိုက်အောင်မြင်အောင် ဆောင်ရွက်ဖို့ နှင့် သူတို့အဖို့ ပြည်တွင်းစစ်ကြောင့် ရွာပျက်လျှင် မြို့ကိုကပ်နိုင်သူများ မဟုတ်၍ အလွန်ဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ရအောင် ကြိုးစားကြပါလို့ အလွန်လှိုက်လှဲစွာ ပြောဆိုခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်ဒေသများမှ ပြည်သူလူထု၏ ဆင်းရဲကျပ်တည်းမှုများသည် ကျွန်တော်တို့ ထင်တာထက် အများကြီးပိုမိုဆိုးဝါးတာ တွေ့ရပါသည်။ ပြည်သူလူထုသည် ထို ၁၃ နှစ်ကျော်ကာလအတွင်း ‘သူပုန်’အမည်တပ်ပြီး ဖြစ်ပွားခဲ့သော အဖိအနှိပ်အထုအထောင်း အခက်အခဲများကြားတွင် ကြီးစွာသောဇွဲနှင့် ရပ်တည်ခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်လူထုသည် အပြုတ်တိုက်ရေး ဆိုတာကို အလွန်ရွံမုန်းပြီး မနှစ်သက်တာကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး ကြွေးကြော်သံကို ထောက်ခံကြခြင်း ဖြစ်ပါသည်”… တဲ့။

ဒီလိုထောက်ခံမှုတွေကြောင့်ပဲ-ဖေဖေကဒီခရီးတွေဟာ လူရောစိတ်ရော-ပင်ပန်းပေမယ့် ပျော်တယ်လို့ ပြောခဲ့ဟန်တူပါရဲ့။ ပင်ပန်းတာလည်း မပြောနဲ့လေ။ အဲဒီခရီးစဉ်တွေတလျှောက် တွေ့ရတဲ့ အနှောင့်အယှက်၊ အဖျက်အဆီးတွေကလည်း နည်းတာမှ မဟုတ်တာ။ ဖေဖေတို့ကို လာဖိတ်တဲ့ အဖွဲ့ထဲမှာရော၊ ဧည့်ခံတဲ့အဖွဲ့ထဲမှာရော၊ လူထုကြားမှာရော၊ လမ်းတလျှောက်မှာရော နေရာမလပ် ထောင့်စေ့အောင် ထောက် လှမ်းရေး တွေ သတင်းပေးတွေ ပြည့်နေတာပါ။ သူတို့က အဖျက်လုပ်ငန်း အမျိုးမျိုး တွေ လုပ်ကြပါတယ်။ ဥပမာ-စကား ပြောခွက်(မိုက်ကရိုဖုန်း) အသံမထွက်အောင်လုပ်တာ၊ လူတွေ မလာရဲအောင် မပြောရဲအောင် နှောင့်ယှက်တာ၊ တရား ဟောပွဲနားလာ အငြိမ့်ကတာစသဖြင့်ပေါ့။ (အရင်စစ်အစိုးရများလက်ထက်က နယ်လှည့်စည်းရုံးရေးဆင်းခဲ့တဲ့ ဒီချုပ်ပါတီဝင်များ ကြုံဆုံခဲ့ရတဲ့- အခြေအနေများနဲ့ သိပ်မကွာလှပါဘူး။)

ဒါပေမဲ့-ဒါတွေအားလုံးကို ဖေဖေတို့က ပြည်သူလူထုရဲ့အကူအညီနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။ ဖေဖေတို့နားကပ်ပြီး ပြည်သူတွေက ဘယ်သူကတော့ မယုံရဘူး။ ဘယ်သူကတော့ ထောက်လှမ်းရေး။ ဘယ်သူကတော့ ဘယ်တုန်းက သစ္စာဖောက်ဖူးတယ်။ သတင်းပေး လုပ်ဖူးတယ်စသဖြင့် သတိပေး ခဲ့ကြပါတယ်။

ဖေဖေခမျာ-အဲဒီခရီးတွေသွားမှ စိတ်ပင်ပန်းရတာ မဟုတ်ပါဘူး။ ဒီပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖွဲ့စည်းမယ်လို့ ပြင်ဆင်ကတည်းကစ’ စိတ်ညစ်ရ တာပါ။ အဲဒီကာလက နံမည်ကြီး အင်အားအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတရပ်က မထောက်ခံလို့ပါ။ ဖေဖေက သူ့စာအုပ်ရေးစဉ်မှာ အဲဒီအဖွဲ့အစည်းကို နံမည်မဖော်ခဲ့ပါဘူး။ အဲဒီအဖွဲ့အစည်းထဲက တချို့ပုဂွိုလ်များက နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများမှာ ပြန်ပါဝင်လာကြနေလို့ပါ။ အခုတော့ အတော်များများကွယ်လွန်ကုန်ပါပြီ။ ဖေဖေပြောတဲ့ အဲဒီအဖွဲ့အစည်းဟာ ပမညတ(ပြည်သူအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)ပါ။

ဖေဖေကတပ်ကထွက်ရပြီးနောက် ပထမဆုံး နိုင်ငံရေးနယ်ပယ်ထဲ ဝင်တာဖြစ်လေတော့-သူ့ဟာသူသိပ်စိတ်မရဲပါဘူး။ ဒါကြောင့် လက်ဝဲ သမားကြီးများကို သူက အားကိုးတကြီးချဉ်းကပ်တာပါ။ ဆရာကြီးမှိုင်းနဲ့သားမက်ဖြစ်သူဆရာကြီးဦးယောတို့က-ဖေဖေကို အားပေးခဲ့လို့သာ ဖေဖေက ရသမျှအင်အားနဲ့ မဖြစ်မနေ ဖွဲ့စည်းလိုက်ရတာပါ။ ဖေဖေမှာ အဲသလို အားမလိုအားမရနဲ့ ဖွဲ့စည်းလိုက်ရပေမယ့် မကြာခင်မှာပဲ ဒီအဖွဲ့အစည်းကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အင်အားကြီးထွား လာခဲ့ပါတော့တယ်။
ဒီမှာတင်ဖေဖေက နိုင်ငံရေးသင်ခန်းစာတခု ရရှိလိုက်ပါတော့တယ်။ ဒါကတော့…. ပြည်သူတွေ လိုလားတောင့်တတဲ့ လမ်းစဉ်အကြောင်းပါပဲ။ တရားမှန်ကန်ရင် လူထုကြီးဟာ အလျင်အမြန် လှုပ်ရှားတက်ကြွလာနိုင်ပြီး ထောက်ခံလာတတ်တယ်။ အထူးသဖြင့် လူထုက မိမိတို့ အကျိုးစီးပွား ကို ကိုယ်စားပြုသူများလို့ ယုံကြည်သတ်မှတ်ခံရသူများက ဦးဆောင်ရင်-ထောက်ခံမှု ပိုမြန်မြန် ရတတ်တယ် ဆိုတာပါပဲ။

ဖေဖေက ဒီခရီးစဉ်များအကြောင်း သူရဲ့ငြိမ်းချမ်းရေး ခရီးသွားဖော်ကြီးများအကြောင်းတွေကို သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ“ဆိုင်းစုမှာသည်-မန်ဟိုင်းဆီသို့”မှာ ပြည့်ပြည်စုံစုံရေး၊ မှတ်တမ်းတင်ထားပါတယ်။

၁၉၆၁ခုနှစ်-တနှစ်လုံးနီးပါး တနိုင်ငံလုံးအနှံ့ လှည့်လည်သွားလာ ဟောပြောလှုံ့ဆော်ခဲ့တဲ့-ဖေဖေရဲ့ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းအဖြစ် သတင်းစာဟောင်းများထဲကသတင်းများ-ဓာတ်ပုံများကိုစုဆောင်းပြီး-ဖေဖေကွယ်လွန်ခြင်း ၂-နှစ်ပြည့်(၁၀-၁၀-၂၀၁၄) အထိမ်းအမှတ်အဖြစ်ထုတ် ဝေခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့“ကမ္ဘစစ်နှင့်ငြိမ်းချမ်းရေး”(နေရီရီစာအုပ်တိုက်)စာအုပ်မှာ-အခန်းတခန်း ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

အခုလည်းဒီဆောင်းပါးကိုဖေဖေကွယ်လွန်ခြင်း-၄-နှစ်မြောက်အထိမ်းအမှတ်အဖြစ်ရေးဖွဲ့လိုက်ပါတယ်။
၁၀-၁၀-၂၀၁၆