၁။ နိုင်ငံတော် သမိုင်းကော်မရှင်ကို ပြန်လည် ဖွဲ့စည်းမည်
သူရအောင်ကို
(၁) လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစ၍ ယနေ့အထိ သမိုင်းဖြစ်စဉ်အမှန်များကို အမှန်အတိုင်း ပြုစုရေးသားရန် တာဝန်ပေးမည်။
(၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းများ လုံးဝ မဖြစ်စေရန် ကြပ်မတ်သွားမည်။
(၃) ရဲရဲဝံ့ဝံ့ရေးသားကြလို့ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို တာဝန်ယူသည်။
လိုရင်းကတော့ အဲဒီလောက်ပါပဲ။
(၁) နိုင်ငံတော်အဆင့်နဲ့ ရေးခဲ့တာတွေဟာ အခြေခံသဘောထားကစပြီး မမှန်လို့ ထွက်ခဲ့သမျှတွေဟာ အမှန်ကနည်းနည်း အမှားက ‘ဗြွစ်သိပ်’(ပြွတ်သိပ်) ဖြစ်နေတယ်။ ခု တကယ်ရေးနိုင်ကြမယ်ဆိုရင် ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။
(၂) ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်ချန်ခြင်းတွေ လုံးဝ(လုံးဝ) ဖြစ်ခဲ့လို့ ကြပ်မတ် မကြပ်မတ်နိုင် စောင့်ကြည့်ပါ့မယ်။ တပ်မတော် သမိုင်းတို့ ဗိုလ်ခင်ညွန့်နဲ့ ဒေါ်နီနီမြင့်တို့ လမ်းညွှန်မှုနဲ့ ရေးသားတဲ့ သမိုင်းစာအုပ်တို့လို မဖြစ်ဖို့ အရေးကြီးတယ်။ ဒါတွေကို ဆန့်ကျင် ဘက်ရေးလာရင် သူတို့ငြိမ်နေပါ့မလား။
(၃) တာဝန်ခံတာ အာမခံချက်ပေးတာကိုတော့ ကြိုက်ပါပြီ။ ခက်နေတာကတော့ သမိုင်းပညာရှင်တွေ ချွေးပြန်မယ့်ကိစ္စ၊ ဒုက္ခပေး သလို ဖြစ်သွားမယ့်ကိစ္စဆိုတော့ စိုးရိမ်မ်ိပါတယ်။ သူတို့အနေနဲ့ ပဒကုသလဇာတ်ထဲကလို “ဓား ကုပ်ပေါ်ဝဲ”ဖြစ်မှာကိုတော့ ကျွန်တော်တို့လည်း တွေးပူမိပါတယ်။
၂။ တနှစ်ပြည့် NCA အခမ်းအနားက ထူးခြားချက်များ
(၁) ကာချုပ်ဖြစ်သူက ‘တပ်မတော် မူ ၆ ချက်ကသာ ပြည်ထောင်စုကြီးတခုလုံး ငြိမ်းချမ်းရေးအတွက် ထွက်ပေါက်တခုဖြစ်တယ်’ လို့ ပြောခဲ့တယ်၊ (အံ့ဖွယ်သုတပါပဲ….လို့ အံ့သြတကြီး ဖြစ်တာနဲ့ တချိန်တည်း ခြိမ်းခြောက်သံပါနေတယ်လို့ ခံစားမိတယ်။)
(၂) NCA ရဲ့ ဗိသုကာကြီး၊ ဂုဏ်ပြုခံသမ္မတကြီး(ဟောင်း) ဦးသိန်းစိန်ကို ဖိတ်ကြားသော်လည်း တက်တာမတွေ့ရ။ အလားတူ ရှမ်းပြည်နယ်နဲ့ ဗမာ့နိုင်ငံရေးမှာ သြဇာရှိလှတဲ့ ဦးခွန်ထွန်းဦးလည်း တက်ရောက်လာခြင်းမရှိ။ အဖွဲ့အစည်းအနေနဲ့ UNFC တပ်ပေါင်းစု ကြီးလည်း မတက်။
(ဘာ့ကြောင့်မတက်တယ်ဆိုတာ ဦးခွန်ထွန်းဦးနဲ့ UNFC က ရှင်းရှင်းလင်းလင်းပြောဆိုပေမယ့် ဦးသိန်းစိန်ဘက်က မရေမရာ ဟိုလိုလို ဒီလိုလို ပြောတာပဲ ကြားခဲ့ရလို့ ပဟေဠိ ့ဖြစ်ကြရတယ်။)
(၃) UWSA – ဝအဖွဲ့ကို ကိုယ်စားလည် ကတ်အစား လေ့လာသူကတ် လွဲပေးလို့ တပ်ခေါက်ပြန်ရတဲ့ သတင်းလည်းရှိတယ်။
(နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးထဲက နိုင်ငံလုံးဆိုင်ရာ လွဲမှားမှုကြီးလို့ပဲ အောက်မေ့ပါတယ်။)
၃။ လူ့အခွင့်အရေး ကော်မရှင်ကိစ္စ
ရွေးကောက်ပွဲ ကော်မရှင်ဟောင်းနာမည်ပျက်ပြီးတဲ့နောက် လူ့အခွင့်အရေးကော်မရှင် ကိစ္စပေါ်လာတယ်။ အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူ မိန်းကလေး ၂ ယောက်ကို မြင်မကောင်း ရှုမကောင်းဖြစ်အောင် (ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျိုးကြေကုန်တဲ့အထိ ) နှစ်ရှည်လများ နှိပ်စက်ခဲ့တဲ့အမှု ပေါ်ပေါက်ခဲ့တယ်။ ကော်မရှင်က မျက်နှာကြီးရာ ဟင်းဖတ်ပါလုပ်ပြီး ငွေပေးကြေအေးစေလို့ တနိုင်ငံ လုံး ပွက်လောရိုက်သွားပါတော့တယ်။ (လူဟောင်း အဖွဲ့ဟောင်းတွေကို အတွေးအခေါ် ပြောင်းလဲပေးနိုင်ခြင်း မရှိဘဲ ဆက်သုံးခဲ့လို့ ပေါ်လာတဲ့ဒုက္ခပဲ။ ရင်ကြားစေ့ ရေးပေါ်လစီနဲ့ လုပ်ခဲ့ကြလို့ အောက်ခြေနင်းပြားများ ဒီလိုခံကြရတာပါ။ နောင်လည်း လာပါလိမ့်ဦးမယ်။ လွှတ်တော်ထဲက ကော်မရှင် ကော်မတီတွေ၊ အစိုးရအဖွဲ့ထဲက ကော်မရှင် ကော်မတီတွေ တသီကြီး (စစ်တပ်ကလွဲလို့ပေါ့လေ) မျက်စိထဲမှာ မြင်မိပါရဲ့။ လက်ရှိက လက်မဲ့ ဖြစ်သွားမှာ။)
၄။ မြန်မာလူထုက အာဏာရှင်စနစ်ကို ခွင့်မပြုတော့
(NLD ၂၈ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်)
“မြန်မာပြည်သူလူထုကြီးဟာ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အကြောက်တရားနဲ့ သိမ်ငယ်မှုမှ သွေဖီလျက် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့နဲ့ တစိုက်မတ်မတ် ရုန်းကန်ခဲ့ရတဲ့ အတွေ့အကြုံတွေက အာဏာရှင်စနစ်အား ခွင့်မပြုတော့ကြောင်းကို ၈၈ ဒီမိုကရေစီ အရေး တော်ပုံကြီးနဲ့ အဖြေပေးခဲ့တယ်။
(ဒါက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အတွေ့အကြုံ နိဂုံးချုပ်ချက်ဖြစ်တယ်။ ဒါကို လက်ရှိ အစိုးရထဲ ပါတီထဲအထိ လမ်းညွှန်ချက်အဖြစ် သတ်မှတ်ပေးဖို့ လိုတယ်။)
၅။ ခြစားမှုများ
“ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ခြစားမှုများကိုသာ ဖယ်ရှားနိုင်ပါက လူတို့၏ တဦးချင်း ဝင်ငွေသည် ၄ ဆအထိ တိုးတက်များလာဖွယ် ရှိ၏”။ (ကမ္ဘာ့ဘဏ်)
(ဗမာတပြည်တည်း ကွက်ပြီးပြောရမယ်ဆိုရင် တဦးချင်းဝင်ငွေဟာ ၄ ဆ ကျော်သွားမှာ သေချာတယ်။ အဂတိ လိုက်စားဖို့ဆို တာ အာဏာရှိသူတွေသာ တတ်နိုင်တဲ့ကိစ္စဖြစ်တယ်၊ ခုလည်း အနံ့အသက်တွေ ထွက်လာလို့လားမသိ။ တိုင်ချင်တောချင်ကြတယ် ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရုံးကို တိုက်ရို်က်တိုင်တမ်းနိုင်ကြောင်း ထုတ်ပြန်လာတာ တွေ့ရတယ်။)
(၆) ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်တွင် ရဲစခန်းနှင့် ဌာနချုပ် စီးနင်းခံခြင်း အရေးအခင်း။
ဒီအရေးအခင်းအပြီး အထင်အရှားတွေ့လာရတာကတော့ တိုင်းပြည်၏ နယ်နိမိတ်ကို အခိုင်အခံ ကာကွယ်စောင့်ရှောက်မှု ပေးရမယ့် အာဏာပိုင်အဖွဲ့အစည်းများရဲ့တာဝန်မဲ့မှုပါပဲ ။ သူတို့ကိုယ်တိုင်လည်း မလွှဲမရှောင်သာ ဝန်ခံနေကြရပြီ။
နယ်စပ်လုံခြုံရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့အတွက် ရန်သူကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ဖို့ ထုတ်ပေးထားတဲ့ လက်နက်တွေဆိုတာက ရှေးဟောင်းပြတိုက်တွင်း ပြသထားရှိရတော့မည့် ခေတ်ဟောင်းရိုင်ဖယ်တွေပါကလား။ ကျည်ဆန်ခဲယမ်းတွေကို အရေးကိစ္စရှိမှ ထုတ်ပေးတယ်ဆိုပါလား။
ခေတ်မမီ ညံ့ဖျင်းတဲ့ လက်နက်တွေ ထုတ်ပေးထားခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့အရိုးများနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်နိမိတ်တွင် ရှေးဦးစွာ စည်းရိုးထိုးလိုက်ကြပြီပဲ။ ဒီဖြစ်ရပ်မှာ ပြည်ထဲရေးနှင့်ကာကွယ်ရေးဌာနရဲ့ တာဝန်မဲ့မှုပါ ကပ်ပါနေပါတယ်။
(၇) မြင်းခြံထောင် ဆူပူမှုသတင်း
မြင်းခြံထောင်တွင်း အောက်တိုဘာ ၁၀ ရက်နေ့ ဆန္ဒပြမှုတခု ဖြစ်ခဲ့တယ်။ ရန်ဖြစ်တာကို တားဆီးရင်း ဆူပူမှုတခုဖြစ်တာပါလို့ အစက ဖုံးဖိထားတယ်။ နောက်ပိုင်းမှာ ဆန္ဒပြမှုဖြစ်ကြောင်း ပေါ်လွင်လာတယ်။
အကျဉ်းဦးစီးဌာနက အထက်အရာရှိများလည်း ရောက်လာကြတယ်။ စောင်လုံလောက်အောင် ပေးရေးနဲ့ ထောင်ပိုင်ကို ပြောင်းရွှေ့ပေးရေးတို့ကို အထက်သို့ တင်ပြပေးပါမယ်လို့ ကတိပေးရတဲ့အဆင့်သို့ပင် ရောက်လာတယ်။
ရဲအရာရှိတဦး ပြောသွားတဲ့ စကားကတော့ (ရဲအရာရှိဆိုသူက ထုတ်ပြောတာမို့) ထူးထူးခြားခြား ရှိတယ်လို့ဆိုရမယ်။
“ဖိနှိပ်တာကို တုံ့ပြန်တတ်သွားရင် နောင်လည်း အဲဒီလို လုပ်ကြတော့မှာပဲ။ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးအောင် ဖိနှိပ်လွန်းရင် ထကြွ တုံ့ပြန်ကြမှာပဲ၊ တုံ့ပြန်တဲ့ နည်းကို သိသွားတဲ့အတွက် ထောင်ဆိုတာ တခါဆူပြီးရင် နောင်လည်း ဆက်ဆူမှာပဲ”တဲ့။
ဖိနှိပ်လွန်းရင် ထောင်သာမက တပြည်လုံးက ပြည်သူတွေက တုံ့ပြန်ထကြွမှာပဲ။ တပြည်လုံးဆူလာမှာပဲ။ ဒါက တရားပဲ။
(၈) စစ်တက္ကသိုလ်တွင် စီနီယာကျောင်းသားက ဆုံးမလို့ ဂျူနီယာကျောင်းသား သေဆုံးရတဲ့ သတင်း
စစ်တက္ကသိုလ် ကျောင်းသားအချင်းချင်း ကြမ်းတမ်းစွာ အပြစ်ပေး၊ အနိုင်ကျင့်မှု ရုပ်သံဗီဒီယို ဖိုင်တခု ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက လူမှုကွန်ရက် စာမျက်နှာများမှာ ပြန့်နှံ့ခဲ့တာ သတိရမိပါတယ်။
ယခုလည်း အောက်တိုဘာလ ၇ ရက်နေ့ညက ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ နောက်ဆုံးနှစ်ကျောင်းသား ဗိုလ်လောင်းရဲမာန်အောင်က ဒုတိယနှစ်ကျောင်းသား ဗိုလ်လောင်း အောင်ညီညီဇော်ကို ထိုးကြိတ်ဆုံးမရာမှ လက်လွန်သေဆုံးသွားခဲ့ပါတယ်။
ကြီးနိုင်ငယ်ညှဉ်း အလေ့အကျင့်ကို ဗိုလ်သင်တန်းက မွေးမြူသင်ကြားပေးသလား။ စီနီယာက ဂျူနီယာကို ဆုံးမအနိုင်ကျင့်ခွင့်ကို ဒေါ်စိန်အေးကျောင်းမှာ တရားဝင်တည်ဆောက်ထားတာလား။ ဒီလို အလေ့အကျင့်တွေနဲ့ ဗိုလ်လောင်းတွေကို ပုံသွင်းထားတာ ဖြစ်ကြောင်း တချို့က ထောက်ပြနေကြတယ်။ ဗိုလ်လောင်းအချင်းချင်း ဒီလို လုပ်နေမှတော ပြည်သူ့အပေါ် လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်၊ မုဒိမ်းကျင့် သတ်ဖြတ်၊ ထင်သလို ရမ်းကားမှုတွေကို အ့့ံသြစရာ မရှိတော့ပါ။
စစ်တက္ကသိုလ်တွေမှာ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အခွင့်ထူးခံ၊ ဗိုလ်ကျလာခဲ့ရာမှ တစတစ ဗိုလ်ကျအနိုင်ကျင့်မှု အကျင့်စရိုက် ပိုမိုကြီးထွားလာခဲ့တယ်၊ ပြည်သူလူထုအကျိုးစီးပွား ဦးထိပ်ပန်မယ့်စိတ်ဓာတ်ရှိလာအောင် စစ်တပ်ကို မတည်ဆောက်ဘဲ စစ်အုပ်စု လက်ကိုင်တုတ်တပ်၊ အမိန့်နာခံရေးတပ်အဖြစ် တည်ဆောက်ထားတာပဲ။
ပြည်သူ့အကျိုးစီးပွား ဦးထိပ်ပန်ဆင်တဲ့ ပြည်သူ့တပ်မတော်မဟုတ်ဘဲ စစ်အုပ်စုတလက်ကိုင်တပ် ဖြစ်နေသမျှ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ခိုးဆိုးလုယက်ရမ်းကားမှု၊ ကိုယ်ကျိုးစီးပွားရှာမှု၊ လူထုအပေါ် ဗိုလ်ကျမှုတို့ စစ်မြေပြင်မှာရော စစ်တပ်ရောက်လေရာ နေရာအနှံ့မှာရော ဆက်တိုက်ဆိုသလို မြင်တွေ့ကြားသိနေရပေလိမ့်ဦးမယ်။
(၉) အမေရိကန်ခရီးစဉ်အပြီး
ဒေါ်အောင်ဆန်းစုကြည် ရွှေအိုး စိန်အိုးတွေ ထမ်းပြီး ပြန်လာစေဖို့ ဗိုလ်ရွှေမန်းက အမှာတော်ပါးလိုက်ပါတယ်။
တကယ်ပဲ “သမီး-ရွှေအိုးထမ်းလာတယ်လို့ ပြောရမလား” “အမေ ရွှေအိုးထမ်းလာတယ်လို့”လို့ ပြောရမလားမသိ။
ဒေါ်အောင်ဆန်းစုကြည် တကယ်ပဲ ရွှေအိုးထမ်းပြန်လာနိုင်ခဲ့ပါတယ်။ အမေရိကန်က စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးလိုက်တယ်။ ဒီရွှေအိုးက ပြည်သူများအတွက်တော့ မဟုတ်ပါ။ ဒီချုပ်အစိုးရမတက်မီကတည်းက စီးပွားရေးပိတ်ဆို့အရေးယူမှု ဖယ်ရှားပစ်လိုက်ရင်လည်း ငတ်ပြတ်ဆင်းရဲနေသော ပြည်သူများအတွက် ဘာမျှထူးလာမည်မဟုတ်ဘဲ စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများသာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ပိုမိုကြီးထွားလာနိုင်ကြောင်း တတ်သိနားလည်သူများက တွက်ချက်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထမ်းလာတဲ့ ရွှေအိုးက ဦးသန်းရွှေအပါအဝင် ဗိုလ်ချုပ်များနှင့် ခရိုနီများရဲ့ အနာဂတ်ကို ကယ်တင်ပေးလိုက်သလို ဖြစ်သွားပါတယ်။
ဒီကိစ္စမှာ နိုင်ငံရေးစောင့်ကြည့်လေ့လာနေသူများက ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်များအကြားက အချိတ်အဆက်ကို လက်ညှိုးထိုးပြီး ဝေဖန်လာနေကြတယ်။ အချိတ်အဆက်က ဒါလောက်သာ မကသေးပါ။
အမေရိကန်က အာရှ-ပစိဖိတ်ဒေသကို သူ့မဟာဗျူဟာရဲ့ပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်လာကတည်းက ဒီကိစ္စ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်အုပ်စုနှင့် ဗမာစစ်တပ်အပေါ် အမေရိကန်ရဲ့သဘောထားက စစ်အုပ်စုကို ချော့မော့ဖျောင်းဖျပြီး စစ်ဘက်ဆိုင်ရာ မြင်းကြီးရဲ့ ဇက်ကြိုးကို အမိဆွဲယူနိုင်ရေးဖြစ်ပါတယ်။ အမေရိကန် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ စီအိုင်အေအရာရှိကြီး များ ဗမာပြည်ကို လာပြီး အချိတ်အဆက်တွေ လုပ်သွားခဲ့တယ်။ ဗမာပြည်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိတ်အဆက်တွေ လုပ်သလို စစ်အာဏာပိုင်တွေနဲ့လည်း လုပ်ထားခဲ့တာပါ။
ဒေါ်စု တရုတ်ပြည်သို့ အရင်သွားပြလိုက်တယ်။
စောင့်ကြည့်ကြပါဦး၊ အမေရိကန်ကို သွားရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်ဦးမလဲလို့ ထောက်ပြသူတွေ ရှိခဲ့တယ်။ ဒေါ်စု တရုတ်ပြည်သွားသည့်အပေါ် စစ်ဗိုလ်ချုပ်များဘက်က ဘာမျှော်လင့်ချက်မှ ထားခဲ့ပုံမရပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အပေါ်မှာမူတော့ စစ်ဗိုလ်ချုပ်နဲ့ ခရိုနီတွေ မျှော်လင့်ချက် ပုံအောလိုက်ပုံရပါတယ်။ သည်အချက်ကို ဗိုလ်ရွှေမန်းရဲ့ အမှာတော်ပုံစကားက အတိအလင်း ဖော်ပြနေပါတယ်။
ဒေါ်စု အမေရိကန် မသွားမီကတည်းက အမေရိကန် စစ်တပ်နဲ့ ဗမာစစ်တပ်အကြားမှာလည်း နှစ်နိုင်ငံတပ်အချင်းချင်း ဆက်ဆံရေးအတွက် ချိတ်ဆက်ထားပြီး ဖြစ်တယ်။ ကေအိုင်အေ ကို မင်းအောင်လှိုင်တပ် ယခုအကြိမ် ထိုးစစ်ဆင်နေစဉ်မှာ အမေရိကန်သံအမတ်က မြစ်ကြီးနားသွားပြီး ကချင်တိုင်းရင်းသားတွေအပေါ် စာနာမှု ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအရင်ကတည်းက အနောက်အင်အားကြီးနိုင်ငံတချို့မှ အရာရှိများ စစ်ပွဲဖြစ်ပွားရာ တရုတ်နယ်စပ် အနီး ရောက်သွားခဲ့ပြီးပြီ။ ယခု အမေရိကန်ရဲ့ ခြေလှမ်းက တရုတ်ပြည်နား ကပ်သွားပြီ။
သူ ဘာဆက်လုပ်မလဲ။
တရုတ်ကြီး ဘာဆက်လုပ်မလဲ။
စစ်မြင်းကြီး ဇက်ကြိုးကို ဘယ်သူကိုင်နိုင်မလဲ။
ဘယ်သူ့ဇက်ကြိုးကို ဘယ်သူက ကိုင်ထားသလဲ။
(၁၀) ဗမာပြည်မှ အစွမ်းထက်သော မျက်လှည့်ဆရာကြီးများ
ပင်းဒယ မြို့နယ်မှာ ဆောက်လုပ်မယ်ဆိုတဲ့ ပေ ၂၃၈၀ ရှိ စီမံကိန်း တံတားကြီး ပျောက်ထွက်သွားတယ်။ တချိန်တည်းမှာ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၂၃၈၀ လည်း ပျောက်သွားတယ်။ ဒါသာမက ဦးသိန်းစိန် အစိုးရလက်ထက်က တပြည်လုံးမှာ ဆောက်လုပ်မယ်လို့ စီမံကိန်းတင်ပြီး တကယ်မဆောက်ဘဲ နာမည်တင်ထားတဲ့ တံတားတွေရော၊ တံတားဆောက်ဖို့အတွက် စာရင်းပြထားတဲ့ ပြည်သူ့ဘဏ္ဍာငွေများပါ အတော်များများ ပျောက်ချင်းမလှ ပျောက်နေတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မျက်လှည့်ဆရာ ဒေးဗစ်ကော့ပါးဖီး ဗမာပြည်လာပြီး တံတားတွေ ဖျောက်ပြလိုက်ဟန်တူတယ်လို့ သရော်လှောင်ပြောင်တဲ့ စကားတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပေါ်ထွက်လာတယ်။
အမှန်က ဒေးဗစ်ကော့ပါးဇီးလ်ကို ဗမာပြည် ဖိတ်ခေါ်ပြီး ဗမာပြည်က တံတားတွေ ဖျောက်ပြလှည့်ပါဆိုရင်တောင် ဒေးဗစ်ကော့ပါးဖီးလ် လာရဲမယ် မထင်ပါဘူး။ ဗမာပြည်မှာ သူ့ထက်အစွမ်းထက်တဲ့ မျက်လှည့် ဆရာကြီးတွေ ရှိနေကြလို့ပါ။ တောင်ကြီးတွေ အလုံးလိုက် ပျောက်သွားကြတယ်။ တောကြီးတွေ နေ့ချင်းညချင်း မျက်စိအောက်က ပျောက်ထွက်သွားကြတယ်။ သယံဇာတတွေ ပျောက်သွားတယ်။ လူ့အသက်ပေါင်းများစွာ ဇီဝိန်နုတ်သည့်ဘက်မှာလည်း ဗမာပြည်က မျက်လှည့်ဆရာကြီးတွေက အတော်အစွမ်းထက်ကြတယ်။
တခုတော့ ရှိတယ်။ ဗမာပြည်က မျက်လှည့်ဆရာကြီးတွေဆိုတာက အပျက်ဘက်သာ စွမ်းကြတာကိုး၊ ပြည်သူကို မျက်ရည်ကျအောင်သာ လုပ်တတ်ပြီး မျက်ရည်တိတ်အောင် မလုပ်တတ်ကြ။ အသက်ဇီဝိန်ကို ပြန်လည်အသက်သွင်း ကုသနိုင်စွမ်းမရှိကြ။ ပျောက်သွားသော တောတွေ တောင်တွေကို ပြန်လည်ရယူပေးနိုင်စွမ်းမရှိကြ။
ဗမာပြည်က မျက်လှည့်ဆရာများ တိုင်းပြည်ကြီးပါ ပျောက်သွားအောင် လုပ်ဖို့ ကြိုးစားလာရင်တော့ ဗမာပြည် ပြည်သူများက ခေါင်းငုံ့သည်းခံကြလိမ့်မယ် မဟုတ်ပါ။
(၁၁) သမိုင်းတရားခံ
ယခင်အစိုးရလက်ထက် ဘင်္ဂါလီများကို မိမိပါတီရဲ့မဲရရှိရေးအတွက်ရည်စူးပြီး ဝှိုက်ကဒ်များ ထုတ်ပေးခဲ့လို့ သမိုင်းတရားခံ ဖြစ်ခဲ့ရပါပြီ- တဲ့။
လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်က တရားဝင် ထုတ်ဖော်ဝန်ခံလိုက်တဲ့စကားပါ။
ပြည်ခိုင်ဖြိုးပါတီကိုတော့ သည်တကွက်မှာ စစ်တပ်ဘက်က ထိုးကျွေးလိုက်ပြီ။
ဒါပေမဲ့ စစ်အာဏာရှင်စနစ် ဗမာပြည် နိုင်ငံရေးဇာတ်ခုံပေါ် တက်လာကတည်းက သမိုင်းတရားခံအဖြစ် အမည်းကွက် စွန်းထင်းခဲ့ရတဲ့ ကိစ္စရပ်ကြီးများဆိုတာတွေက အများကြီးပါ။ ၇- ရက် ဇူလိုင်အရေးအခင်း ကျောင်းသားတွေကို ပစ်သတ်၊ ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့တာက အစ၊ လွတ်လပ်ရေး ရယူခဲ့သည့်နှစ်မှ စလို့ ယနေ့ထိ မီးကုန်ယမ်းကုန် အတောမသတ် ပစ်ခတ်တိုက်ခိုက်နေဆဲ ပြည်တွင်းစစ်။ ရှစ်လေးလုံးအရေးအခင်းများ ပြည်သူတွေကို သတ်ခဲ့တာတွေ၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေ ပစ်သတ်ခဲ့တာတွေ၊ ဒီပဲရင်းအရေးအခင်းမှာ သတ်ပစ်ခဲ့တာတွေ၊ လက်ပံတောင်းတောင်မှာ သံဃာတော်တွေကို မီးသင်္ကန်းကပ်ခဲ့တာတွေ…ပြောမယ်ဆိုရင် သမိုင်းတရားခံ အဖြစ် စစ်အစိုးရအဆက်ဆက် ပြေးမလွတ်နိုင်တဲ့ကိစ္စတွေ ဖြစ်ရပ်တွေ အများအပြား ရှိခဲ့ပါတယ်။
သူတို့စစ်တပ်ကိုယ်စားလည်တွေ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာကို အခန့်သား ဝင်ထိုင်နေကြတာကိုက နောင်တချိန် သမိုင်းစွဲချက်အတင်ခံရမယ့် ကိစ္စရပ် ဖြစ်တယ်ဆိုတာကိုရော ဒီ စစ်တပ်ကိုယ်စားလှယ် လွှတ်တော်အမတ် သိပါရဲ့လား။
(၁၂) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့စကားတခွန်း
မျက်မှောက် လွှတ်တော်တွင်း နိုင်ငံရေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ပြောဆိုလိုက်တဲ့ စကားတခွန်းက ပြင်ပ နိုင်ငံရေးအဝန်းအဝိုင်းအထိ လှုပ်ခတ် ဂယက်ရိုက်သွားခဲ့တယ်။
သူက “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း” ပြောလိုက်တာပါ။ သူက ပူးပေါင်းဆောင်ရွက်ရေးကို အလေးတင်းပြောဟန်ရှိပါတယ်။ ဒါပေမဲ့ လွတ်တော်အခက်အခဲဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂၅ ရာခိုင်နှုန်း တပ်မတော်သားကိုယ်စားလှယ်တို့ နေရာယူထားမှုဖြစ်ပြီး ဒါဟာ အခရာကျတဲ့ အဟန့်အတားဖြစ်တယ််ဆိုတာကို လျစ်လျူရှု မှေးမှိန်စေလိုက်သလို ဖြစ်သွားတယ်။ ခုခေတ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်နေတာပါလို့လည်း ရှင်းလိုက်ပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၁ ရာစုပင်လုံတို့ကို လွှတ်တော်နှင့် အစိုးရတို့က လွတ်လပ်စွာ ဆောင်ကြဉ်းပုံဖော်လို့ ရနေတယ်လို့ ယူဆပါသလား။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို နည်းနည်းမှ မစဉ်းစားကြတော့ဘူးလား။ စဉ်းစားတယ််ဆိုရင်၂၀၀၈ ဖွဲံ့စည်းပုံဥပဒေပြင်ဆင်ရေးကို စစ်တပ်ကိုယ်စားလှယ်တွေက အဟန့်အတား ပြုထားတာကို ဘာလို့ မေ့ဖျောက်ထားလိုက်ရပါသလဲ။ ဒီမိုကရေစီကျင့်စဉ်အကြောင်း ဦးဝင်းမြင့် ထည့်ပြောတဲ့အခါ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းဆိုတဲ့ အချက်ကိုက ဒီမိုကရေစီနှင့် မကိုက်ညီဘူးဆိုတာကို ဦးဝင်းမြင့် ဘာကြောင့် မေ့ထားရပါသလဲ။
လက်ရှိအစိုးရ လွတ်လပ်စွာ အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိဘဲ အကျဉ်းအကျပ်ထဲ ရောက်နေသလို ဖြစ်နေရတာမှာ ၂၀၀၈ အခြေခံဥပဒေအဟန့်အတားကြောင့်၊ အရေးကြီးပြီး အခရာကျသည့် ဝန်ကြီးဌာနသုံးခုကို စစ်တပ်က အပိုင်စီးထားတာကြောင့်၊ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် ဆိုတာတွေကို နိုင်ငံရေးစိတ်ဝင်စားသူအတော်များများက ထောက်ပြနေတဲ့အချိန်မှကျမှ ဦးဝင်းမြင့်က သည်သို့သည်နှယ် ပြောထွက်လိုက်ခြင်း ဖြစ်ပါတယ်။
မျက်မှောက် ဗမာပြည်ပြဿနာဟာ စစ်တပ်ကို စစ်အုပ်စုက တလက်ကိုင် လုပ်ထားသော ပြဿနာ ဖြစ်မြဲ ဖြစ်နေပါသေးတယ်။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပယ်ဖျက်နို်င်ဦးတောင်မှ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် စစ်ဗျူရိုကရေစီယန္တရားကို အကုန်အစင် မပယ်ဖျက်နိုင်သေးဘူးဆိုရင် စစ်တပ်က အချိန်မရွေး အာဏာပြန်ယူနိုင်မယ့် အခြေအနေ ရှိမြဲ ရှိနေလိမ့်ဦးမယ်။
စစ်မှန်သော ဒီမိုကရေစီ အောင်ပွဲရရေးခရီးကို ကျွန်တော်တို့ ပြည်သူများ ရှည်ကြာနာကျင်စွာ ဆက်လက်လျှောက်လှမ်းကြရဦးမယ်ဆိုတာ သေချာနေပါတယ်။
