ငါးနှစ်ပြည့်ခဲ့ပြီ

By | February 1, 2026

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်)

၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။
ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။


သည်ငါးနှစ်မှာ တော်လှန်ရေးဟာ မရှိရာက ရှိလာတယ်။ တော်လှန်ရေးအင်အားတွေ တိုးလာတယ်။ လက်နက်ကျည်ဆန်တွေ လက်မဲ့ကနေ လက်ရှိ ဖြစ်လာတယ်။ ပြောက်ကျားနယ်မြေတွေ၊ တော်လှန်ရေးဒေသနဲ့ အခြေခံစခန်းတွေ၊ စိုးမိုးနယ်မြေတွေ တိုးလာတယ်။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတွင်းမှာလည်း သာမန်ကာလတွေမှာထက် တော်လှန်‌ရေးကာလ အတွင်းမှာသာ အလျင်အမြန် ရှင်းရှင်းလင်းလင်း ရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို လည်း ရရှိလာတယ်။ သို့သော် တော်လှန်ရေးကား မအောင်သေး။ ရန်သူ စစ် ၃ စစ်ကို အမြစ်ပြတ်သည်အထိ မချေမှုန်းနိုင်သေး။ ဒါ့အပြင် ရန်သူစစ်အုပ်စုက သူ့စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးအတွက် တစုံလုံးမသမာမှုဖြစ်တဲ့ စစ်ရွေးကောက်ပွဲလုပ်ပြီး စစ်အစိုးရသစ်တရပ်ကို ကြေညာဖို့ ပြင်တာတောင် လုပ်နေတယ်။


သည်ငါးနှစ်တာဟာ ၂၀၂၁ ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့် ဖြစ်သလို မင်းအောင်လှိုင်စစ်အုပ်စု အာဏာသိမ်းသက်တမ်း ငါးနှစ်ပြည့်လဲ ဖြစ်တယ်။


နိုင်ငံတကာ့ခုံရုံးမှာ လူမျိုးတုံး သတ်ဖြတ်မှုတရားခံအဖြစ် အရှက်မဲ့ မျက်နှာပြောင်ပြောင် ရင်ဆိုင်နေရချိန်၊ ပြည်တွင်းမှာလဲ အဓမ္မ ဇွတ်လုပ်ဆောင်တဲ့ (နသားဘာရား) ရွေးကောက်ပွဲနဲ့ အာဏာသိမ်းစစ်အုပ်စုက အာဏာပလ္လင်တက်ပွဲလုပ်တော့မယ်။ အကြိုအောင်ပွဲအဖြစ် မင်းအောင်လှိုင်က လူတွေ့မျက်နှာပြ အင်တာဗျူးဖြေပြီး ဘီလူးအူမြူး အသံပေးတာတောင် လုပ်နေတယ်။ မအလ စစ်အုပ်စုဟာ အဆင့် ၁။ ၁၀၂၇ မှာ နွေဦးတော်လှန်ရေးအင်အားစုများက သိမ်းမိထားတဲ့ အရေးပါတဲ့မြို့များကိုသူတပါးရဲ့အကူအညီ နဲ့ ပေါင်းစပ်ကာပြန်လည် ရယူပြီး၊စစ်ရေးအရ အရေးနိမ့်နေမှုကနေ အသက်ရှူပေါက် ရှာခဲ့တယ်။ အဆင့် ၂။ တဖက်က ရွေးကောက်ပွဲကို ကိုယ့်ဘာသာ ချိုမိုင်မိုင်က- ကိုယ့်ဖာသာ လက်ခုပ်တီးပြီး ကိုယ့်ထီးကိုယ်မိုး ကိုယ့်နန်းကိုယ်တင်လုပ်တယ်။ အဆင့် ၃။ ရွေးကောက်ပွဲလွန်မှာ သူဘာလုပ်မလဲ။ နိုင်ငံတကာက သူ့ရွေးကောက်ပွဲဟာ အလိမ်အညာအဖြစ် သိသူတွေများပေမယ့် အသိအမှတ် ပြုတဲ့ တိုင်းပြည်လဲ ရှိမှာပဲ။ တရုတ်ပြည်အစိုးရက ရွေးကောက်ပွဲပြီးတဲ့နောက် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဖော်ဆောင်လာမှာကို မျှော်လင့်ကြိုဆိုတဲ့ သဘော ပြောနေတယ်။ ဒါပေမဲ့ အာဆီယံနဲ့ ကုလသမဂ္ဂက လုံလောက်တဲ့ ထောက်ခံမှုမရရင် တိုးလိုးတန်းလန်း ဖြစ်နိုင်တာလဲ ရှိတယ်။ အာဆီယံကတော့ အသိအမှတ်မပြုကြောင်း စပြောလာနေပြီ။ ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်က နိုင်ငံတကာ ထောက်ခံမှု ရရ- မရရ ပြည်တွင်းလူထု( ကိုယ့်အုပ်စု) ထောက်ခံရင် ပြီးတာပဲ လို့ ငါတကောကောတဲ့သဘောထားကို ကြိုကာပြီး ပြောနေရတယ်။ တက်လာတဲ့ စစ်အစိုးရဟာ ဟန်ပြဖြစ်ဖြစ် တရုတ်အစိုးရအလိုကျ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် သူတို့လုပ်နေပါတယ်ဆိုတာတော့ မုချပြရမှာပဲ။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မလုပ်သေးခင် သူ့ဗီဇအတိုင်း ပလ္လင်တက်ခါစမှာ စစ်ရေးနဲ့ ဖိနှိပ်မှု အကြမ်းပတမ်းတွေကို ဘီလူးပွဲဦးထွက် လုပ်လာနိုင်တာမို့ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က အကဲခတ် သတိပြုနေသင့်တယ်။ စစ်အစိုးရသစ်အနေနဲ့ စစ်အစိုးရတွေ လုပ်နေကျအတိုင်း နိုင်ကျဉ်းတွေလွှတ်တာ၊ တော်လှန်နေသူတွေကို အလင်းဝင်ဖို့ကမ်းလှမ်းတာတွေနဲ့ ဖြေလျှော့မှုတချို့ လုပ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်း သပ်လျှိုသွေးခွဲတာတွေ၊ လိမ်ညာလှည့်ဖြားမှု၊ မက်လုံးပေးမှုတွေ(အရင်ကထက် ပိုမက်စရာ မက်လုံးတွေ) နဲ့ Eros တွေရော လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူတွေကိုရော ချော့မြှူလှည့်ဖြားတာတွေကတော့ မုချ လုပ်မှာပဲ။


ဒီတော့ သည်ငါးနှစ်တာအ လွန်၂၀၂၆ မှာ ဘာဆက်လုပ်ကြမလဲ ။ စစ်အုပ်စုကတော့ စစ်အာဏာရှင်စနစ် ဆက်လက်ကျင့်သုံးမှာပဲ။ ပြည်သူတွေ စွန့်ပယ်ထားတဲ့ ၂၀၀၈ စစ်ခြေဥနဲ့ NCA လမ်းကြောင်း ဆက်လုပ်မှာပဲ။ တော်လှန်ရေးဘက်က ပြင်ဆင်သင့်တာတွေအနက် အဓိကအကျဆုံးကတော့ လက်နက်ကိုင် တော်လှန်ရေးကို ကြံ့ကြံ့ခိုင်ခိုင် တည်တည်ငြိမ်ငြိမ် ဆက်လက်ဆင်နွှဲသွားရေးပဲ။ တဆက်တည်း တော်လှန်ရေးအင်အားစုအချင်းချင်း ပိုမိုစည်းလုံးရေး၊ သေဖော်သေဖက် တိုက်ဖော်တိုက်ဖက် စိတ်ဓာတ်မွေးမြူပြီး ဦးစွာအားဖြင့် စစ်ရေးမဟာမိတ်များအဖြစ် လက်တွဲပူးပေါင်းတိုက်ရေးဆိုတဲ့ လုပ်နိုင်တဲ့အချက်က အစပြုပြီး လုပ်ရေးကို အကြံပေးတိုက်တွန်းလိုတယ်။ ရန်သူရဲ့ မက်လုံးပေးချော့မြှူလှည့်စားမှုအောက်မှာ ယိမ်းယိုင်ပြီး ရန်သူနဲ့ စေ့စပ်သွားတာ တဦးချင်းလဲ ရှိနိုင်သလို အဖွဲ့လိုက်လဲ ရှိနိုင်တာပဲ။ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်တဲ့ အညံ့ခံရေးအတွေးအခေါ်၊ တွေဝေယိမ်းယိုင်တဲ့အတွေးအခေါ် ကို တိုက်ဖျက်ကျော်နင်းပြီး အမျိုးမျိုးသော ဖိအားကို ရှောင်၊ လိမ္မာပါးနပ်စွာ ကွေ့တန်ကွေ့၊ ဖြောင့်တန်ဖြောင့်နဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးခရီးကိုတော့ ရည်မှန်းချက်မပျက် ဖြောင့်ဖြောင့်ချီတက် လုပ်ကြရလိမ့်မယ်။

လက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ စစ်အနိုင်တိုက်ရေးဟာ အဓိက ဖြစ်တယ်ဆိုတဲ့အချက်ကိုလဲ ထပ်လောင်းပြောချင်ပါတယ်။ ရန်သူတိုက်ရေးနဲ့စစ်မှုရေးရာမဟုတ်တဲ့ အမှုပေါင်းစုံနဲ့ ဇာတ်ရှုပ်ပြီး ဖောင်းပွနေတဲ့ တော်လှန်ရေးအင်အားစုများမဖြစ်စေဘဲ တော်လှန်ရေးအားတွေဟာ ရန်သူ့နှလုံးအိမ် စိုက်ထိုးမယ့် ထက်မြက်ချွန်မြတဲ့ လှံသွားပမာ ဖြစ်နေအောင် တည်ဆောက်သွားကြရပါလိမ့်မယ်။ အဖိနှိပ်ခံ ပြည်သူလူထုအပေါ် ယုံကြည် အားထားစိတ်အပြည့်အဝနဲ့ မှီခိုအားထားသ၍ တော်လှန်ရေးအတွင်း ပေါ်ပေါက်လာတဲ့ အခက်အခဲ မှန်သမျှကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စစ်အစိုးရပဲ ထောင်ထောင် ဘာအစိုးရပဲထောင်ထောင် ရာထူးအာဏာ နေရာထိုင်ခုံတွေဘယ်လိုတွေခွဲဝေနေကြစေကာမူ တော်လှန်ရေးဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်အနိုင်တိုက်ပြီး ပြည်သူ့နှလုံးစိတ်ဝမ်း သိမ်းသွင်းနိုင်သူကသာ လက်တွေ့မှာ အာဏာ ကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။
၁-၂-၂၀၂၆

Leave a Reply

Your email address will not be published. Required fields are marked *