လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

By | January 31, 2021

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

ရက်စွဲ။ ။ ၃၁- ၁- ၂၀၂၁

တပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားလိုက်တာနဲ့ တဆက်တည်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံး၏ Mother law ဖြစ်ပြီး မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဗြောင်ပြောလာပြန်ပါတယ်။ အဲဒီနောက်၊ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော်မှာ စစ်တပ်ကိုယ်စားလှယ်များနဲ့ ဒီချုပ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ သဘောထားဖော်ပြမှုနဲ့ အတူ လွှတ်တော်ရွှေ့ဆိုင်းဖို့ ကာလုံခေါ်ပေးဖို့တင်းတင်းမာမာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်တွေဟာ ၁၉၅၈ ပထမအကြိမ် စစ်တပ်က တရားဝင်အာဏာသိမ်းလို့ရအောင် တာတေစနေသား ဦးနုကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းသလို ဒီချုပ်ကို အကျပ်ကိုင်တဲ့သဘောပါပဲ။ ဒါဟာ သမိုင်းတပတ် လည်လာပြန်တာလား။ ၂၀၀၈ အောက်မှာ ဝင်မိသမျှ အစိုးရတွေဟာ ဒီလို စစ်အာဏာခြိမ်းခြောက်မှု၊ ၂၀၀၈ ခြေဥကို ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျမှု၊အကျပ်ကိုင်မှုတွေ၊ စစ်ကိုယ်စားလှယ် တမတ်သားနဲ့ ထိန်းချုပ်မှုတွေ တောက်လျှောက် ရင်ဆိုင်နေရဦးမှာပါ။ ရင်ကြားစေ့ပေါ်လစီ မအောင်မြင်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါပြီ။ ဒီအပေါ် ဘယ်လို ရပ်တည်တုံ့ပြန်မလဲဆိုတာ အရေးကြီးတဲ့ ပြဿနာပါ။

ဒါလောက်အရေးကြီးတဲ့ အာဏာပြဿနာကို လူထုကြီးကို ချမပြဘဲ ဒီချုပ်တာဝန်ရှိသူတွေ ကိုယ်တိုင်က မမေးနဲ့ မမေးနဲ့လုပ်ပြီး ကြိတ်ဖြေရှင်းနေလို့ကတော့ ရေရှည်တောင့်ခံနိုင်ဖို့ လွယ်မှာ မဟုတ်ပါဘူး။ ပြည်သူကို အားကိုးရုံသာမက ပြည်သူနဲ့ လက်တွဲ ရဲရဲတိုက်ပွဲဝင်ဖို့ လိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီဟာ ဂန္ဒီခန်းမအစည်းအဝေးမှာ လွှတ်တော်မခေါ်ရဲ အာဏာမယူရဲတော့ နဝတစစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို ကျိုက္ကဆံ – ညောင်နှစ်ပင် ညီလာခံအဖြစ် ပြောင်းပစ်တာခံလိုက်ရတယ်ဆိုတဲ့အချက်ကို ထောက်ပြလိုပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ ၂၀၀၈ ခြေဥကို လက်မခံသော်လည်း လူထုကြီးက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ဖြစ်တဲ့ ဒီချုပ်အစိုးရရဲ့ တရားဝင်မှုကို ရွေးကောက်ခံမဟုတ်တဲ့ အစိတ်သားစစ်တပ်က အာဏာသိမ်းဖို့ခြိမ်းခြောက်ခြင်းနဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ တဆက်တည်းမှာပဲ ၂၀၀၈ ခြေဥ ပေးထားချက်အောက်မှာ ဘယ်အရပ်သားအစိုးရဖြစ်ဖြစ် နယ်ရုပ်ဖြစ်နေမှာဖြစ်ကြောင်း သတိပေးလိုပါတယ်။

ခုဖြစ်နေပုံက အစပိုင်းမှာ ၂၀၀၈ ခြေဥကို တပ်မတော်က ကာကွယ်မယ်ပြောထားတယ်။ နောက် ဖျက်သိမ်းပစ်မယ် ဖြစ်လာတော့ ဒီချုပ် က ကာကွယ်သူ ဖြစ်လာတယ်။ ခုတခါ တပ်မတော်က ကာကွယ်သူ့နေရာ ပြန်ယူလာပြန်တယ်။ ဒါက ဘာကို ဖော်ပြသလဲ။ ဥက္ကဋ္ဌသခင်ဗသိန်းတင်က ခြေဥဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ လူလုပ်တာပဲလို့ ဗိုလ်နေဝင်းကို ပြောခဲ့ဖူးပါတယ်။ ခြေဥဆိုတာ ပြဋ္ဌာန်းတော့လည်း လူတန်းစားအကျိုးစီးပွား ပါသလို၊ ဖျက်သိမ်းတော့လည်း လူတန်းစားအကျိုးစီးပွား ပါတာကို သတိထားသင့်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်တို့လုပ်ပေါက်က ဟောက်စား မြှောက်စား ခြောက်စား လုပ်နေတာပဲ။ စစ်အုပ်စုဆောင်ပုဒ် “နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်သည်”ဆိုတာ ဒါကို ပြောနေတာလား- မေးခွန်းထုတ်ရတော့မယ်။ ဒီလို ပြောင်းလဲလာရတာကလည်း ကုလသမဂ္ဂမှအစ နိုင်ငံတကာ လူရိုသေရှင်ရိုသေ အဖွဲ့အစည်းကြီးတွေ နိုင်ငံတွေနဲ့ ပြည်တွင်းက နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကြီးကအစ လေးစားလောက်တဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအဆုံး အားလုံးက ဒီလုပ်ရပ်ကို လက်မခံ၊ ဝိုင်းဝန်းဆန့်ကျင်ကြလို့ ဖြစ်တယ်။

ပြည်သူလူထုကြီးတရပ်လုံးရဲ့ ထောက်ခံအားပေးမှု ခုခံကာကွယ်ပေးမှုကို ရယူနိုင်မှသာ နယ်ချဲ့ရန် ဖက်ဆစ်ရန်နဲ့ ဖောက်ပြန်တဲ့အစိုးရတွေရဲ့ ရန်ပြုမှု ဖိနှိပ်မှုတွေကို ခုခံတွန်းလှန်နိုင်ခဲ့တာဖြစ်ကြောင်း လွတ်လပ်ရေးတိုက်ပွဲ အတွေ့အကြုံများနဲ့ ၈လေးလုံး ပြည်သူ့အရေးတော်ပုံ အတွေ့အကြံုများရဲ့ သင်ခန်းစာလည်း ရှိခဲ့ပါတယ်။

ဗိုလ်မင်းအောင်လှိုင် ကိုယ်စားပြု စစ်အုပ်စုရဲ့ အာဏာသိမ်းရေးခြိမ်းခြောက်မှု၊ စစ်အင်အားနဲ့ အနိုင်ကျင့်ဗိုလ်ကျလိုမှု၊ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်လိုမှု အကြံယုတ်တွေကိုလည်း နိုင်ငံရေးအရ နိုးကြားတက်ကြွပြီး တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးနဲ့ အတူ ရပ်တည်ဆန့်ကျင်သွားခြင်းဖြင့်သာ ခုခံတွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စစ်အုပ်စုမျိုးဆက်များရဲ့ အာဏာသိမ်းမှုအန္တရာယ် အမြဲရှိနေတဲ့ မျက်မှောက်ဗမာပြည်မှာ ဒီတရားကို စွဲစွဲမြဲမြဲ ကိုင်စွဲထားဖို့ လိုပါတယ်။

ပြည်သူလူထုကြီးကတော့ ၂၀၀၈ ခြေဥကို လူထုကိုယ်တိုင်ဖျက်သိမ်းရေးမှတဆင့် အသွင်သဏ္ဌာန် အမျိုးမျိုးသော တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲကာ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေး နိုင်ငံရေးဒီရေမြင့်လမ်းကြောင်းပေါ် တက်လှမ်းလာကြမှာ မုချပါ။

တရားရှိရင် ကူသူများပါတယ်။ လူထုသာ သမိုင်းဖန်တီးသူပါ။

နိုးနိုးကြားကြားရှိကြလော့။

၃၁၊ ဇန်နဝါရီ ၂၀၂၁ ခုနှစ်။

(၁၃၈၂ ခု၊ ပြာသိုလဆုတ် ၄ ရက်)

Leave a Reply

Your email address will not be published. Required fields are marked *