အဓိပ္ပာယ်ရှိသောရှင်သန်ခြင်း (သို့မဟုတ်) ရဲဘော်လေးမောင်

By | December 28, 2024

ထွန်းမြတ်ကျော်

(၁)

သာမန် လူတယောက်အတွက် သက်တမ်းမည်မျှရှင်သန် နေထိုင်သွားကြရပါသနည်း။

သည့်အတွက် အဖြေကတော့ ရက်သတ္တပတ် ၄၀၀၀ (လေးထောင်) ပါ။ ကျန်းမာသောပုံမှန် လူတယောက် အသက်အရွယ် အပိုင်းအခြားအရဆိုပါမူ အသက် ၈၀ နှစ်။ အသက် ၄၀ နှစ် ရှိသောလူတယောက်အတွက်မူ

သူအသက်ရှင် နေထိုင်ရန် ကျန်ရှိမည့် ရက်မှာရက်သတ္တပတ် ၂၀၀၀ (နှစ်ထောင်) သာကျန်ရှိတော့မည်။

ကျနော်တို့ အသက်ရှင်နေထိုင်ခဲ့ပြီးသော အချိန်များ။ဆက်လက်ရှင်သန် နေထိုင်ရဦးမည့် နေ့ရက်များအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ။ ဘယ်သူ့အတွက် ဘာတွေဆက်လုပ်ပြီး ရှင်သန်ကြမှာလဲ။

အဓိပ္ပါယ်ရှိသောရှင်သန်ခြင်းဖြင့် နေထိုင်ခဲ့ကြပြီးပြီဆိုလျှင်လည်း ကျန်ရှိရက်သတ္တပတ်များအတွက် ဘယ်လိုအဓိပ္ပါယ်ရှိရှိရှင်သန်နေထိုင်ကြမည်နည်း။

တချို့လူများသည် သက်တန်းစေ့ မနေထိုင်လိုက်ရသော်လည်း ရှင်သန်နေစဉ် ကာလတိုလေးကို လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် မိမိအသက်ကိုပေးဆပ်သွားခဲ့ကြပြီး အာဇာနည်သူရဲကောင်းများအဖြစ် ကျဆုံးသွားခဲ့ကြသည်။ မပြည့်စုံသေးသော အာဇာနည်များ၏ သမိုင်းမော်ကွန်းရေးထိမှု အနေဖြင့် ဖော်ပြရပါက အသက်ငယ်ငယ်နှင့် ကျဆုံးသွားသူများ အများအပြား ရှိကြပါလိမ့်မည်။ ကျနော် မှတ်မိသမျှထဲမှ ဥပမာအဖြစ် အာဇာနည်တချို့ကို ဖော်ပြရမည်ဆိုပါက-

ဗိုလ်တင်အောင် (၁၂)နှစ် ၁၃၀၀ ပြည့် အရေးတော်ပုံ

(မန္တလေးအာဇာနည် ၁၇ဦိးတွင် အသက်အငယ်ဆုံး)

ဗိုလ်အောင်ကျော် (၂၀)နှစ် ၁၃၀၀ပြည့်အရေးတော်ပုံ

ဆလိုင်းတင်မောင်ဦး (၂၅)နှစ် ၁၉၇၆ အရေးတော်ပုံ

မောင်ဖုန်းမော် (၂၃)နှစ် ၁၉၈၈ အရေးတော်ပုံ

ကိုစိုးနိုင် (၂၂)နှစ် ၁၉၈၈ အရေးတော်ပုံ

မဝင်းမော်ဦး (၁၆)နှစ် ၁၉၈၈ အရေးတော်ပုံ

မြသွဲ့သွဲ့ခိုင် (၂၀)နှစ် နွေဦးတော်လှန်ရေး

ဝေယံဟိန်း (၁၆)နှစ် နွေဦးတော်လှန်ရေး

မကြယ်စင်(ခ)ကျားရှီး (၁၉နှစ်) နွေဦးတော်လှန်ရေး

လက်ရှိနွေဦးတော်လှန်ရေးတွင် နေရာဒေသပေါင်းစုံထောင့်ပေါင်းစုံမှ တိုက်ပွဲဝင်နေကြသောတော်လှန်ရေးရဲဘော်များသည် အဓိပ္ပါယ်ရှိသောရှင်သန်နေကြသောသူတွေပင် မဟုတ်ပါလော။

(၂)

ရဲဘော်စိုးဝင်း

ရန်ကုန်မိုးက အငြိုးတကြီးရွာနေသည်။ ထီးမလုံတာကြောင့် ကျနော့်အောက်ပိုင်းတခုလုံးစိုရွဲသွားသည်။ အပြင်တွင်အေးမြနေသော်လည်းတကိုယ်လုံးခြစ်ခြစ်တောက် ပူနေသည်။ သိလိုက်သည်။ကျနော့်ဖျားနေပါပြီ။ ရန်ကုန်ဘူတာကြီးမှတ်တိုင်တွင် လူအချို့ ကားစောင့်နေသော်လည်းကျနော်ကကားစောင့်သူမဟုတ်။ ရဲဘော် စိုးဝင်းနှင့်ချိန်းထားသဖြင့် စောင့်ဆိုင်းခြင်းသာ။

မကြာမီရဲဘော်စိုးဝင်းကိုခပ်လှမ်းလှမ်းကမြင်တွေ့ လိုက်သည်။

လူပုံကအရပ်ခပ်ပြတ်ပြတ် လည်ကတုံးအင်္ကျီအဖြူတိုက်ပုံအနက်ရောင်၊ချည်ချောလုံချည်အကွက်ကြဲကြဲ၊အင်းလေးလွယ်အိတ်ကိုညာဘက်တွင်လွယ်။လက်သုတ်ပဝါစည်းထားသောထမင်းချိုင့်နှင့် ထီးကိုဘယ်လက်တွင် ကိုင်လျှက်။

“ရဲဘော် ဘူတာထဲသွားရအောင်”

စင်္ကြန် ၁ ထိုင်ခုံနားရောက်တော့ ကျနော်မဟန်နိုင်တော့။ခေါင်းထဲမူးဝေဝေဖြစ်လာသည်။ ရဲဘော်စိုးဝင်းက ကျနော့်လက်ကိုဖမ်းဆွဲလိုက်ပြီး

“ ကိုယ်တွေပူနေတယ် နေမကောင်းဘူးထင်တယ်။ နောက် ၁၀ ရက်နေမှ ပြန်တွေ့မယ်။ ခုပဲအိမ်ပြန်တော့ ။”

ကျနော်ကခေါင်းညိတ်လိုက်ပြီးခုံပေါ်ထိုင်ကျန်ခဲ့သည်။သူကမီးရထားဂုံးကျော်တံတားဘက်ခပ်သွက်သွက်လျောက်လှမ်းနေသည်။

ယူဂျီအလုပ်ဆိုတော့ သည်အတိုင်းပင်။ သူ့နေရာကိုယ်နေရာသိ၍မရ။သူဘာကောင်ကိုယ်ဘာကောင် သိ၍မရ။ကျနော့် မျက်နှာမူရာအရပ် ကိုပင် မသိရကောင်းသဖြင့် လူခွဲလိုက်ကြရခြင်းဖြစ်သည်။

ကျနော်အပါအဝင် ရဲဘော် သုံးယောက် ဆဲလ်ကိုရဲဘော်စိုးဝင်းကတာဝန်ယူထားသည်။ အစုဆွေးနွေးပွဲရှိမှ သုံးယောက်သားဆုံကြသည်။ ထူးခြားမှုမရှိပါက တွေ့၊ခွဲ၊ချိန်းပါ။

မှတ်မှတ်ရရ ၁၉၇၈ဇူလိုင်လတရက် ညပိုင်းချိန်းထားသောနေရာအရောက် ရဲဘော်စိုးဝင်းကမျက်နှာသုံသုံမှုန်မှုန်ဖြင့် ပြောလိုက်သည်။

“ကိုအေးသောင် ကိုခွေးတွေဆွဲသွားပြီကျနော်တို့ ခပ်ခပ်ခွာခွာချိန်းကြရအောင်။”

သည်နောက် ၁၀ရက်-၁၅ရက်စသည်ဖြင့် တွေ့ကြသည်။ ထူးခြားမှုမရှိသေး။ သြဂုတ်လလည်လောက်တွင် ကျနော်နှင့် ရဲဘော်စိုးဝင်းတို့ တွေ့ကြရာသူကမကြာခင် ခရီးထွက်ရမည်ဖြစ်ကြောင်း၊ ကျန်ရဲဘော်များနှင့် အဆက်အသွယ်မပြတ် ဆက်သွယ်ရန် မှာကြားခဲ့သည်။ ကျနော်နှင့် သူရန်ကုန်မှာနောက်ဆုံးတွေ့ ဆုံရသောနေ့ရက်များပင်ဖြစ်တော့သည်။ ထို့ပြင် ကျန်ရဲဘော်များသည်ချိန်းသည့်ရက်တွင်ရောက်မလာတော့။စည်းကမ်းအတိုင်းနေရာရွေ့ တရက်ကျော် စောင့် ဆိုင်းသော်လည်းထူးခြားမှုမရှိသဖြင့် ထိုရဲဘော်များလည်းရန်သူလက် ကျရောက်သွားပြီဟုမှတ်ယူရပေသည်။ ထို့ပြင် ကျနော်နှင့် အနီးကပ် နေသောရဲဘော်တဦးလည်းရန်သူလက်ကျရောက် သွားပြန်သည်။

သို့နှင့် ကျနော်တဦးတည်းသာသတိနှင့် သွားလာလှုပ်ရှားရင်းပါတီနှင့်အဆက်အသွယ်ရရေးစောင့်မျှော် နေထိုင်ရတော့သည်။

သြဂုတ်လတလလုံးရန်ကုန်မိုးကအငြိုးတကြီးရွာနေဆဲပင်။

(၃)

ရဲဘော်လေးမောင်

ကျနော် ပန်ဆန်းရောက်ပြီးနောက်တရက်မှာပင် စစ်အင်္ကျီ ။ဘောင်းဘီဖားဖားလျားလျားရဲဘော်တယောက် ကျနော့်နားလာရောက် နုတ်ဆက်သည်။ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။သူကရဲဘော်စိုးဝင်း။

ကျနော်ရဲဘော်လေးမောင်ပါ။ရဲဘော်ရောက်နေတယ်ဆိုလို့လာနုတ်ဆက်တာလေ။ အော် ရဲဘော် စိုးဝင်းတဖြစ်လည်း ရဲဘော်လေးမောင် ။ ကျနော်သည် နောက်ပိုင်းရဲဘော်လေးမောင်နှင့် ကန−၃ တွင် အလုပ်အတူလုပ်ဖြစ်ကြသည်။

တပ်မ၄၈ အောက်မှ ဌာနတခုအဖြစ် ကျနော်၊ ရဲဘော်လေးမောင် ကျန် ရဲဘော် ၂ ဦးခန့်ဖြင့် လှုပ်ရှားဆောင်ရွက် ကြရသည်။ သူကတာဝန်ခံဖြစ်နေပါပြီ။ကျန်ရဲဘော်များနှင့် ကျနော်မှာပညာသင်အဆင့်ပါ။

ကန ၃ အလုပ်မှာပင်ပန်းသည်။မိမိကိုယ်ပိုင် အချိန်မရှိ။ အချိန်တိုင်းအလုပ်ပေါ်တွင် သာနှစ်ထားရသလိုပင်။သို့သော် ကျနော်တို့မှာပါတီလိုအပ်ချက် အလုပ်။စစ်ရေးအရထိရောက်သောလုပ်ငန်းဖြစ်သဖြင့် ဇွဲနပဲနှင့်လုပ်ကြသည်။

ကျနော်နှင့် ရဲဘော်လေးမောင် နှစ်ဦးသာလုပ်ငန်းတွင် စွဲမြဲစွာကျန်ရစ်ပြီးကျန်ရဲဘော်များထွက်သွားကြသည်။ ထို့ကြောင့် ဝရဲဘော်များကိုမြန်မာစာသင်ပေးပြီးလုပ်ငန်းအတွက် မွေးမြူကြရသည်။ လုံခြုံရေးအရစခန်းကို ပန်ပွဲတောင်ပေါ်သို့ ပြောင်းရွေ့ပြီးအခြေစိုက်လိုက်သည်။စခန်းသို့ မသက်ဆိုင်သူများမလာရဟု စည်းကမ်းထုတ်ထားသည်။ စခန်းတွင် ကျနော်တို့အပါအဝင် ရဲဘော် ၈ ယောက် ရှိသည်။ မနက် ထုတ်လုပ်ရေးလုပ်၊ နေ့လည်စာစားပြီးလုပ်ငန်းလေ့ကျင့်ရေး ၊ ညနေဘက် မြန်မာစာသင်ကြားရေး။ တခါတရံညဘက် ဆွေးနွေးပွဲထိုင်သည်။

ကျနော်တို့ နှစ်ယောက် ညဉ့်နက်၊ မိုးလင်းမှသာအိပ်ရသည့် ရက်တွေများသည်။

ဘယ်သောအခါမှ အိပ်ရေးမဝခဲ့ကြ။လုပ်ငန်းအရေးကြီး လျှင် ကျန်တာတွေရပ်ဆိုင်းထားလိုက်ရသည်။

ရဲဘော်လေးမောင် မှာပန်းနာရင်ကြပ် ရောဂါရှိသည်။ထို့ပြင်အမှောင်ထဲတွင် ညမအိပ်တတ်။ ကုတင်ဘေးတွင် ဖယောင်းတိုင်လေးထွန်းပြီး အိပ်တတ်သည်။နောင်တွင် ပါတီငွေဖြုန်းတီးသလိုပဲဆိုပြီး ထင်းလေးနှစ် ချောင်းဆိုင် ပြီးထွက်လာသော အလင်းရောင်ဖြင့်သာအိပ်တော့သည်။

အလုပ်လုပ်ပြီဆို မျက်နှာသုတ်ပဝါ ခေါင်းမှ လည်အထိပတ်ပြီးခေါင်းမဖော်အောင် လုပ်သည်။ ဘယ်အချိန် ရေးရေး သူ့လက်ရေးမှာဒင်္ဂါးလေးလိုဝိုင်းစက် လှပ လျှက်ရှိသည်။ မည်သို့ပင် အအိပ်နည်းလည်း မနက်ဆိုလန်းဆန်းနေတတ်သည်။ ထုတ်လုပ်ရေးလုပ် ၊စာသင်၊လုပ်ငန်းလည်ပတ်ရေး၊နေထိုင်စားသောက်ရေးပုံမှန်လည်ပတ်ရေးစသည်ဖြင့် ကျနော်တို့မှာအချိန်အားမရှိ။ ရတတ်သမျှ အချိန်လေးတွင် လေ့လာရေးဆွေးနွေးရေးတွေလုပ်လိုက်သေးသည်။ လုပ်ငန်းရေရှည် တည်တံ့ရေးအကျိုးရှိရှိအသုံးချရေးကိစ္စတွေကိုနေ့စဉ်မပြတ် ဆောင်ရွက် ရသည်မှာရင်မောစရာပင်။ သို့သော် ရဲဘော်လေးမောင် မှာဘယ်တော့မှ မောသည်ပန်းသည် ပျင်းသည် ဟုတခါမှမတွေ့ရ။ မြေလွှတ်မြေရိုင်းတွေဖော်သည်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်သည်။ထင်းခွေသည်။ရဲဘော်တွေနေဖို့တဲတန်းလျားဆောက်သည်။သက်ကယ်ရိတ်သည်။ တနှစ် (၃) လ ကိုယ့် ထူးကိုယ်ချွန် လုပ်မယ်လို့ တောင်းဆိုလိုက်တော့ ကျနော်တို့ နှစ်ယောက်ကိုအားပေးသူလဲရှိ ။ မကြိုက်သူလဲရှိ။ ကျနော်တို့ ကတော့ ဆက်လက်ချီတက်ဆဲ။

(၄)

“အဆင့်ဆင့် အထပ်ထပ်ကြင်မကွယ့်−− နောင်ခါမပြယ်−−− မြင့်မြင့်မြတ်မြတ် ခင် မယ့် မောင်ပါကွယ်”

ရဲဘော်လေးမောင်ကကိုမင်းနောင် သီချင်းကိုဆိုလိုက်သည်။ ပန်ပွဲ −ပန်ဆန်းသွားမြေလမ်းကလေးမှာဖြစ်သည်။ထိုနေ့ကလပြည့်နေ့ဖြစ်သဖြင့် မြေသားလမ်းပေါ်သို့ ဝင့်ဝင့်ဝါဝါ အရောင် စလေးများဟိုတစသည် တစစွန်းထင်းလျက်။ ကျနော်တို့ ပန်ပွဲစခန်းကိုဖျက်သိမ်းပြီး ပန်ဆန်းကိုပြောင်းသောနေ့ဖြစ်သည်။ ရဲဘော်လေးမောင် ဇနီးဒေါ်မြင့်မြင့်လည်းလိုက်ပါ သဖြင့် ကျီစယ် လိုက်သောသီချင်းသံသည် ရင် ကိုအေးမြပီတိဖြစ်စေသည်။ပစ္စည်းအပြည့်တင်လာသောအညိုရင့်ရင့် လားနှစ်ကောင်၊ညဉ့်ယံလေနှင့်အတူပါလာသောတောနေကြာရိုင်းပန်းရနံ့ ၊စိမ်းမြမြတောရိပ်တောင်ရိပ် ၊အစိမ်းရောင် စစ်ယူနီဖောင်းဝတ် ရဲဘော် တွေ ၊အိုအသက်ဝင် လှပလိုက်သည့် ပန်းချီကားတချပ် ။

ရဲဘော်လေးမောင် က သီချင်းနှစ်ပုဒ် ဆိုဖူးပြီးပြည်သူ့အသံက လွှင့် သည်။ခေါင်းမာသောလူစားနှင့် မငြိမ်းမချမ်းမစိမ်းမလန်းဖြစ်ပြီးဒုတိယသီချင်းသွင်းစဉ်ကကျနော် ရှိသည်။မြန်မာဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ အပီသီဆိုခြင်းပင်။ကျနော်ကသည်လောက် အလုပ်များသည့် ကြားကဘယ်အချိန် သီချင်းတိုက် သီချင်းကျက် လိုက်သနည်းမစဉ်းစားတတ်။ သူကမြို့တွင် သီချင်းကြီးနှစ် ပုဒ် တက်ဖူးသည်ဟုပြောဖူးသည်။

ပန်ဆန်းဗဟိုရုံးကန(၃) အဖွဲ့နှင့် ပူးပေါင်းလိုက်ရာကျနော်တို့ အင်အားတောင့်တင်းသွားသည် ။ အလုပ်များလဲပိုမိုသွက်လက်စွာလုပ်ကိုင် နိုင်လေသည်။

သည်နှစ်များအတွင်းရှေ့တန်းသို့ အကြိမ်များစွာထွက်ဖြစ်သည်။တိုက်ပွဲများစွာဆင်နွဲခဲ့သည်။ရန်သူအင်အားအများအပြားချေမှုန်း နိုင်ခဲ့သည်။မင်းရန်အောင်(၁)/(၂)၊လွယ်ပန်လုံ၊နောင်အန်၊နောင်အော်။ကောင်လင်းကောင်လန်း၊ပန်ယန်း၊လွယ်ဟိုလာ၊တပ်ဘိုစံ၊လွယ်ခေါက်၊နမ့်ပေါင်။တန့်ယန်းမိုင်းရယ်ကားလမ်း။

မိုင်းယန်းတိုက်ပွဲကြီး

ထိုတိုက်ပွဲအားလုံးတွင် ရဲဘော်လေးမောင် ပါဝင်ခဲ့သည်။ တချို့တိုက်ပွဲများတွင် သူကအဖွဲ့ခေါင်းဆောင် အဖြစ် ကျနော် တို့ကိုဦးဆောင်ခဲ့သည်။

တိုက်ပွဲနားချိန် တွင် ဗဟိုရုံးရိက္ခာရုံ ၊ထုတ်လုပ်ရေး၊ကြံစိုက်ပျိုးရေး ၊ငါးမွေးမြူရေးတို့ကိုဦးစီးဦးဆောင် အခန်း က တက်တက်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်ပေသည်။

သည်လိုနှင့် ၁၉၈၉ဝဒေသခွဲထွက် ပုန်ကန်မှုကြီးဖြစ်လာခဲ့တော့သည်။

ထိုနေ့ ညကတည်းက ဝ တပ်ဖွဲ့အများအပြားပန်ဆန်းသို့ ကားများဖြင့်ဆင်းလာကြောင်း သိရသဖြင့် ကျနော်တို့အားလုံးတပ်လှန့်ထားသည်။တညလုံးမအိပ်ရ။မနက်မိုးလင်းသည်နှင့် ကျနော်တို့ တပ်စုမှူးကဝတပ်များဗဟိုရုံးသို့ ချီတက်လာပြီဖြစ်ကြောင်းသတင်းရသဖြင့် ကျနော် ၊ ရဲဘော်လေးမောင်၊ ရဲဘော်ထွန်းမြတ်၊ ဝရဲဘော် တဦးကို ကာကင်းထုတ်ရန် အမိန့်ပေးသည်။ ကျနော်တို့ လေးဦး တောင်ကုန်းအပေါ်ဘက် ဝ တပ်ဖွဲ့များလာရာလမ်းကိုလူခွဲစောင့်ကြသည်။

အဝေးမှ ဝတပ်ဖွဲ့များ တက်လာပေပြီ။ ကျနော်တို့ ခုခံမည်လော ။ပစ်ခတ်မည်လော။ ပစ် မိန့်ပေးပါ။ခုခံပစ်မည်ဆိုပါကကျည် လူလက်နက် ထပ်ဆောင်းပေးပါ။ဆက်သွယ်ရေးစက် မရှိပါ။ ရဲဘော်လေးမောင်ကိုဆက်သားအဖြစ် ဗဟိုရုံးအတွင်းသို့ ပြန်လွှတ်ရန် ဆုံးဖြတ်ကြသည်။ရဲဘော် လေးမောင် အလျင်အမြန် ပြေးထွက်သွားသည်။ ကျနော့် သူ့ကိုနောက်ဆုံးတွေ့မြင်ရမည့် မြင်ကွင်းဟု ကျနော် မထင်မှတ်ခဲ့ပါ။ သူပေါ်မလာတော့ပါ။

ကျနော်တို့နှင့် အတူပါလာသော ဝရဲဘော်က ရှေ့တက်လာတဲ့ အဖွဲ့နဲ့ နောက်ကအဖွဲ့ ပူးပေါင်းသွားပြီ။ ကျနော်တို့ ညှပ်မိနေပြီ။အမြန် ဆုတ်မှ ဖြစ်မည် ဆိုသဖြင့် တောင်ကုန်းအောက်ဖက် လျှိုကလေးအတိုင်းသေနတ်လွယ် ၍ ဆင်းခဲ့ကြသည်။

(၅)

ရဲဘော်အေးကြိုင်

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်ရုံး။

‘ကျနော် ပါတီကိုထွက်လာတော့ ရုံးကစာရွက်စာတန်းအပြည့်အစုံနဲ့ဗျ လမ်းမှာဟိုကောင်တွေ (စစ်ခွေး) တွေစစ်တော့ အသာထုတ်ပြရုံပဲ ။ဘာမှ မပြောဘူး’

‘ကျနော့် ရုံးစားပွဲအံဆွဲထဲမှာသာယာဝတီစက်ရုံထုတ် ထမင်းစားပန်းကန် တစုံရှိထားခဲ့တယ်ဗျ။ ကျန်တဲ့သူတွေသုံးရအောင်လို့။’

ရဲဘော်လေးမောင် ရန်ကုန်ကထွက်ခွာလာခဲ့ပုံကိုစကားစပ်မိရင်ပြောပြတတ်သည်။ဇီးကုန်းမြို့ဇာတိ ကွန်းခြံကုန်းမှာကြီးပြင်း ရန်ကုန်မှာအလုပ်လုပ်သူဖြစ်သည်။ UG ရဲဘော်အဖြစ် ပါတီတာဝန်တွေကို သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့သူပါ။

ဝ တပ်ဖွဲ့များအာဏာသိမ်းပြီး တတိယမြောက်နေ့ တရုတ်ပြည်ဖက်ခြမ်း မုံအာမြို့လေးမှပန်ဆန်းတဖက်ကမ်းကိုကျနော်ကလှမ်းကြည့်နေမိသည်။

နမ့်ခချောင်းရေက ကြည်လင်စွာစီးဆင်းနေလျက်။မိုးမခပင်တောအုပ်ကလေအဝှေ့ မှာတရှဲရှဲအော်ကြသည်။ ရော်ဘာပင်တန်းကလေးက အစီအရီစီတန်းလျက်။ ငရုတ်ကောင်းအနွယ် တွေက တိုင်ကိုရစ်ပတ်နေပုံများကနုတ်ပန်းအလား သဏ္ဌာန် နန်းဆန်ဆန်။ပန်ဆန်းဖက်ကိုကျနော်လှမ်းမျော်ကြည်လိုက်သည်။ အမြင်အားလုံး ဝေဝါးနေသည်။ မျက်ရည်စတွေကအမြင် အာရုံကိုဖုံးကွယ် ထားသည်များလား။

ထိုစဉ် ရုတ်တရက် အနားရောက်လာသော ဆရာမနော်ဇိနာ (ကိုစောထိုဇနီး)က တအင်းအင်းငိုရင်းပြောသည်။

“ရဲဘော်လေးမောင် ရေနစ်ပြီးဆုံးသွားပြီ။ ကျမသားတူးတူးကိုကယ်ရင်းနဲ့လေ။”

ကျနော်သိပြီးပါပြီ။

ပန်ဆန်းဗဟိုရုံးလက်နက်ပြင်စက်ရုံအောက် နမ့်ခချောင်းဘက် ဆင်းသွားပါကကမ်းစပ်တွင် ဖျာတချပ်စာရှိကျောက်တုံးကြီးကိုတွေ့ရမည်။ ယင်းကျောက်တုံးကြီးသည်အပေါ်မျက်နှာပြင် ညီနေသော်လည်း အောက်ဖက်ရှူးသွားကာဇောက်နက်သည်။ ဝိုင်ခွက် မှောက်ထားသည့် ပုံသဏ္ဍန်။ ထို့ကြောင့် ရေအောက်ပိုင်းအတိမ်အနက် ကိုခန့်မှန်းမလွယ်။ ၄င်းနေရာမှတလံနှစ်လံအကွာတွင် ရေက ပေါင်ရင်းလောက်သာနက်သည်။ တခါကဝမြောက်ဒေသကအရပ်သားနှစ်ဦး ဗဟိုရုံးသို့ လာလည်ရင်းယင်းကျောက်ဖျာပေါ်မှ တဆင့်ရေဆင်းချိုးရာရေနစ်၍ ဆုံးပါးသွားဖူးသည်။ ရဲဘော်လေးမောင်နှင့် အဖွဲ့က ထိုနှစ်ဦး၏ အလောင်းအားဆယ်ယူ၍ စျာပနပြုလုပ်ပေးခဲ့သည်။

ကျနော်တို့ ကာကင်းမှ ပြန်လှည့်သွားခဲ့ပြီးဗဟိုရုံးမှ အမိန့်ယူလာသော ရဲဘော်လေးမောင် က ဝ တပ်ဖွဲ့ ဝင် တချို့နှင့်မျက်နှာချင်းဆိုင် တွေ့ သဖြင့် နမ့်ခချောင်းဘက်သို့ ဆင်းရှောင်လာသည်ဟုဆိုသည်။

နမ့်ခချောင်းကမ်းစပ်တွင် ရဲဘော်စောထိုမိသားစုနှင့်တွေ့ သည်။ သူတို့ မိသားစုချောင်းကိုအဖြတ် သူ့သားလေးတူးတူးရေနစ်နေသည်ကို တွေ့သောရဲဘော်လေးမောင်ကဆင်းကယ်သည်။ ပစ္စည်းအပြည့် ကျောပိုးအိတ် လွယ်ထားသော ရဲဘော်လေးမောင်ကကျောက် ဖျာပေါ်မှ အောက်သို့အဆင်းဇောက်နက်သောနေရာတွင် ရေနစ် ကျဆုံးသွားရှာသည်။

ကျနော်ကမနော်ဇီနာပြောပြနေသောစကားသံများကိုကြားတချက် မကြားတချက်ရင်ထဲဆို့နင့်နေသဖြင့်ဘာမှပြန်မပြောဖြစ်တော့။

အတွေးပလုံစီလျက်။

ရဲဘော်လေးမောင် ၏ပုပ္ပါးတောင် ကြီးလိုလေးလံသည့် သေခြင်းတရားနောက်ကွယ်ကကြီးမြတ်သောရှင်သန်ခြင်းတွေရှိနေသည် ကိုသတိပြုမိသည်။ ငှက်မွှေးလိုပေါ့ပါးရှင်သန်ခြင်းမျိုးမဟုတ်။သူကျဆုံးချိန်တွင် အသက် (၃၈ )နှစ်မျှ သာ။

သူရှင်သန်ခဲ့စဉ် က လုပ်ဆောင်ခဲ့သောအလုပ်များသည် သူ့အသက် နှစ်ပြန်စာမကရှိခဲ့မည်။ ပါတီ။ပြည်သူ။အနာဂတ် ယုံကြည်စိတ် ဖြင့် မဆုတ်မနစ် လုပ် ကိုင်ခဲ့သူဖြစ်သည်။

ကျနော်ကရှင်သန်ခြင်း ၏ အဓိပ္ပါယ်ကိုလက်တွေ့ အလုပ် ဖြင့် ညွှန်ပြ ပေးခဲ့သောရဲဘော်လေးမောင် ကိုအလေးနီအလီလီပြုလဲလုံလောက်မည် မဟုတ်ဟု ထင်မိလေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *