လေ့လာရေး ပြဿနာများ
အပိုင်း(၂)
(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)
ဆွေးနွေးရာမှာ ဘယ်သူက တင်ပြပြောဆိုသလဲ၊ ဘယ်ဟန်ဘယ်လေသံနဲ့ပြောဆိုသလဲ စတာတွေကို အစွဲမထားဘဲ၊ ဘာအကြောင်းအရာ ဘာအတွင်းသဘောကို တင်ပြပြောဆိုသလဲဆိုတာကို အဓိက အလေးထားသင့်တယ်၊ တင်ပြပြောဆိုတာက ကျိုးကြောင်းဆီလျှော်မှု ရှိမရှိကို အလေးထားဆန်းစစ်သင့်တယ်။
မေးခွန်းထုတ်တာကို အားပေးသင့်တယ်၊ အမေးနွားကျောင်း အဖြေဘုရားလောင်းဆိုသလို ရိုးရိုးသာမန် မေးခွန်းတွေက(ဥပမာ စကြာဝဠာထဲရှိအရာဝတ္ထုတွေဟာ ဘာဖြစ်လို့ တခုနဲ့တခု အပြန်အလှန်ဆွဲနေတာလဲဆိုတဲ့ မေးခွန်းမျိုးတွေက) မမျှော်လင့်ပဲ အဖြေရခက်တာမျိုး ဆက်လက်စူးစမ်းလေ့လာစရာခေါင်းစဉ်မျိုး ဖြစ်နေတတ်တယ်။
အဲဒီအချက်များကို သတိထားလုပ်ကိုင်ပါက၊ ဆွေးနွေးကြသူများအတွင်း အထက်အောက် အဆင့်တာဝန်ကွဲပြားမှု၊ ပညာရေချိန် ကွာခြားမှု၊ အတွေ့အကြုံ ကွဲပြားမှုစတဲ့ ပကတိအခြေအနေများ ရှိနေတဲ့ကြားကပဲ၊ ဒီအခြေအနေတွေက လေ့လာရေးကိုအကျိုးရှိစေ နိုင်ပါတယ်။
ခံစားချက်ကိုအသာထား ပကတိဘာဝကို သိအောင်ကြိုးစား
ဘာကိုမုန်းသလဲ ဘာကိုချစ်သလဲ စတာနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရားကိစ္စကိုလည်း လူတန်းစားလက္ခဏာတံဆိပ် ခပ်နှိပ်ထားတဲ့အရာအဖြစ် နားလည်သင့်တယ်၊ တော်လှန်ရေးအတွက် စိတ်ဓါတ်အင်အား စိတ်ဓါတ်တွန်းအား ဖြစ်စေတဲ့ တော်လှန်ရေးဆန်တဲ့ကိုယ်ကျင့်တရားကို ရင်မှာပိုက်ရမှာဖြစ်တယ်၊ ဒါပေမဲ့ အရာကိစ္စတွေရဲ့ပြောင်းလဲမှုကို အဆုံးအဖြတ်ပေးတဲ့အရာက ပကတိဘာဝ အချက်အလက်သာဖြစ်ပါတယ်။ ရိုးရိုးဥပမာအဖြစ် စဉ်းစားကြည့်ပါ၊ ဆန်၊ ရေ၊ လောင်စာ၊ မီး၊ အိုး တခုခုယုတ်လျော့ရင် ဘယ်လောက် စိတ်အားထက်သန်သည်ဖြစ်ပါစေ ထမင်း မရရှိနိုင်ပါဘူး။ ဒါကြောင့် အရာကိစ္စတွေရဲ့အတွင်းပိုင်းသဘောသဘာဝကို သိအောင်ကြိုးစားရာမှာ ချစ်ခြင်းမုန်းခြင်း၊ တရားမျှတမှုရှိခြင်း မရှိခြင်း၊ မွန်မြတ်ခြင်း ယုတ်မာခြင်း၊ ဓမ္မဖြစ်ခြင်း အဓမ္မဖြစ်ခြင်း စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခံစားမှုများအမြင်များကို ခဏဘေးဖယ်ထားပြီး ပကတိဘာဝအခြေအနေ အချက်အလက်များ ဆက်စပ်မှုများကို ရှာဖွေဖော်ထုတ်သင့်တယ်။
ဥပမာ ကျေးကျွန်စနစ်ကို အလွန်စက်ဆုတ်စရာကောင်းတဲ့စနစ်အဖြစ်ကြည့်မြင်နေရင် သမိုင်းမှာ ဒီစနစ်ဖြစ်ပေါ်လာပုံ၊ ဒီစနစ်မှာ တိုးတက်တဲ့အခန်းကဏ္ဍလည်းရှိခဲ့ပုံတွေကို မမြင်နိုင်တော့တာ၊ နားလည်ရခက်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ရှေးခေတ်ဘုံအဖွဲ့စနစ်ဟာ အိန္ဒိယတို့ ရုရှားတို့လိုဒေသတွေမှာ အချိန်အတော်ကြာရှိနေခဲ့တာကြောင့် ရှေ့မတိုးတက်ဘဲ ခေတ်နောက်ကျခဲ့ကြောင်း၊ ဒီ ဘုံအဖွဲ့တွေပြိုကွဲသွားတဲ့နေရာတွေမှာသာပဲ လူ့အဖွဲအစည်းက ရှေ့သို့ ဆက်လက်တက်လှမ်းခဲ့ကြောင်းမြင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။ တခြား အခြင်းအရာများ ဥပမာ အရင်းရှစ်စနစ် နယ်ချဲ့စနစ် ဆိုရှယ်လစ်စနစ်အကြောင်း၊ သွေးစုတ်ခြင်း ဖိနှိပ်ခြင်း တော်လှန်ခြင်းအကြောင်းတို့ ကို သိရှိနားလည်အောင် လုပ်ရာမှာလည်း အလားတူပါပဲ။ ဒီအခြင်းအရာများရဲ့ ပကတိသဘောသဘာဝကို ဖော်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။
စစ်အုပ်စုရဲ့ ဖြစ်ပေါ်လာမှု ကြီးထွားလာမှု တည်ရှိနေမှုဆိုင်ရာ ပကတိဘာဝအခြေအနေအကြောင်းသိဖို့ဆိုရင် စက်ဆုတ်စရာ မုန်းစရာများ ကောက်ကျစ်မှုများဆိုင်ရာ ခံစားမှုများအမြင်များကို ခဏဘေးဖယ်ထားပြီး သူ့ရဲ့ အတွင်းပိုင်းဆိုင်ရာဆက်စပ်မှုများကို သိအောင်လုပ်သင့်တယ်။ ထိပ်ဆုံး စစ်အာဏာရှင်အဖြစ် တွေ့မြင်နေရသူ ( ဥပမာ မင်းအောင်လှိုင်) ဟာ သူ့အထက်ကကြိုးကိုင်သူ လူတယောက် သို့မဟုတ် လူတစုရဲ့စီမံချက်ကို နာခံနေရသူလား၊ သူ့အောက်က တိုင်းမှူးများအပါအဝင် စစ်အုပ်စုထိပ်သီးအားလုံး ဥမကွဲသိုက်မပျက်ရှိရေးအတွက် ရုပ်ပြ နတ်နေကိုင်း အာဏာရှင်အဖြစ် သရုပ်ဆောင်နေရသူလား စတာတွေကို သိရှိအောင်လုပ်သင့်တယ်။ စစ်အုပ်အတွင်း အာဏာခွဲဝေမှု ဥစ္စာဓနခွဲဝေမှုနဲ့ပတ်သက်တဲ့သဘောသဘာဝတွေကို သိအောင် လုပ်သင့်တယ်။ ဒါတွေကို ပိုပိုပြီး သိရှိနားလည်လာတာနဲ့အမျှ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်စွမ်း ပိုပိုပြီး ရှိလာပါလိမ့်မယ်။
အရင်းရှင်ဟာ အရင်းအနှီးကို ကိုယ်စားပြုတယ်။ အရင်းရှင်ရဲ့လောဘဟာ အစွန်းထွက်တန်ဖိုး (အမြတ်) ကို ကိုယ်စားပြုတယ်၊ သိမ်းပိုက်ခွင့်ရရှိထားသူက တကယ်လက်လှမ်းမှီနိုင်တဲ့အကျိုးအမြတ်ကိုမြင်ရလေ လောဘကြီးလေ ဖြစ်တယ်၊ ကိုယ်ရကိုယ်ယူခွင့်ရှိတဲ့အခြေအနေမှာ၊ တောထဲမှာ မှိုရှာသူဟာ မှိုများများတွေ့ရလေ မှိုရချင်တဲ့ လောဘကကြီးလေ ဖြစ်တယ်။ ဒီသဘောအရ ဆိုရရင်၊ ချစ်စိတ် မုန်းစိတ် သဒ္ဓါစိတ် လောဘစိတ် စတာတွေဟာ အရာကိစ္စအတွင်းအနှစ်သာရတွေရဲ့ ရောင်ပြန်ဟတ်ချက်များဖြစ်ပါတယ်။ သွေးစုတ်မှုစနစ်တခုခုဟာ နောက်ပြန်ဆွဲမှု သဘောဆောင်လာတဲ့ အဆင့်ရောက်မှသာ ဒီစနစ်ကို လူအများက မုန်းစရာအဖြစ်မြင်လာကြတာ ဖြစ်ပါတယ်။
သမိုင်းကိုပုံဖော်ရာမှာ သတိထားစရာ
ကျောင်းသားဘဝကတည်းက အကျင့်မကောင်းခဲ့တဲ့ အာဏာရမ္မက် လောဘကြီးလှတဲ့၊ ဉာဏ်နီဉာဏ်နက်များလှတဲ့ လူဆိုးကြီး ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ကျောင်းသားကောင်းများအား အညိုးအတေးကြီးစွာ အရက်မူးမူးဖြင့် ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်လိုက်တဲ့အခါ သမိုင်းတွင် ဇူလိုင် ၇ ရက် ဟူသော အရေးအခင်းတရပ် ပေါ်ပေါက်လာသတည်းဆိုပြီး သမိုင်းကိုပုံဖော်လို့ မဖြစ်ပါ၊ သမိုင်းကို ဓမ္မနဲ့အဓမ္မကြားက ပဋိပက္ခအဖြစ် ပုံမဖော်သင့်ပါ။ လူတန်းစားများ လူတန်းစားပါတီများအကန့်အသတ်ခံထားရတဲ့အခြေအနေမှာ ကျောင်းသားတွေရဲ့ ပုခုံးအပေါ် ကျရောက်လာတဲ့၊ (လူ့အဖွဲ့အစည်းပေး) သမိုင်းပေးတာဝန်အရ ကျောင်းသားထုက သမိုင်းပေးအသိ သမိုင်းပေးသတ္တိဖြင့် စစ်အာဏာရှင်စနစ်ကို အံတုခဲ့တဲ့ဖြစ်ရပ်အဖြစ်ပုံဖော်သင့်တယ် ထင်ပါတယ်။
ဒီနေရာမှာ ဆက်စပ်မိလို့ လူ့အဖွဲ့အစည်းအတွင်း ကျောင်းသားတွေရဲ့လူတန်းစားအသိ (လူ့အလွှာအသိ အသိုက်အဝန်းအသိ) အခြေအနေအကြောင်းမပြောခင် လူတန်းစားအသိအကြောင်း ဦးစွာပြောလိုပါတယ်။ လူတယောက်ဟာ လူ့အဖွဲ့ အစည်းအတွင်းဖြတ်သန်းရင်း တချိန်ချိန်မှာ ကိုယ်ဟာ ဘယ်လိုဘဝနဲ့အရိုးထုတ်သွားရတော့မှာပါကလားရယ်လို့ အသိဝင်လာပါတယ်။ ဒီလိုနဲ့ ငါဟာ လယ်သမားတယောက် ဖြစ်ပါကလား၊ သို့မဟုတ် အလုပ်သမားတယောက်ဖြစ်ပါကလား စသဖြင့် အသိရရှိလိုက်တာမျိုးကို လူတန်းစားအသိလို့ ခေါ်ကြပါတယ်။ ဒီကနေ ကိုယ်လို ဘဝတူကံကြမ္မာတူတွေကိုလည်း တွေ့မြင်လာခင်တွယ်လာပါတယ်။ အလားတူစွာပဲ၊ တော်လှန်ရေးသမားအသိစိတ်ဓါတ်၊ ပါတီအသိစိတ်ဓါတ်စတာတွေဟာလည်း ဘဝတူကံကြမ္မာတူ အသိုက်အဝန်းအသိမျိုး ဖြစ်ပါတယ်။ ဂိုဏ်းဂဏ စိတ်မဟုတ်ပါ။
တချို့ကျောင်းသားတွေကတော့ မူလကတည်းက ကျောင်းပြီးရင် စစ်ဗိုလ်လုပ်ဖို့ အရာရှိကြီးလုပ်ဖို့ သတ်မှတ်ထား ပြီးသားဖြစ်ပါတယ်၊ အများစုကတော့ ဉာဏလုပ်သားလုပ်ဖို့ ယေဘုယျမျှ ရည်မှန်းထားကြသူများ၊ အဖြူထည်သဘောရှိကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ဖို့ကြုံလာရင် အဖိနှိပ်ခံပြည်သူဖက်က ရပ်တည်လှုပ်ရှားနိုင်ကြပါတယ်။ အတွေးအခေါ်အရကတော့ အလုပ်သမားများသည်ပင်လျှင် လူ့အဖွဲ့အစည်းတခုလုံးအတွင်း ပြန့်နှံ့နေတဲ့ သွေးစုတ်သူလူတန်းစားအတွေးအခေါ်အောက် ကျရောက်နေတာမျိုးလည်း ရှိပါတယ်။ အများကြိုက် အတွေးအခေါ်မျိုးကို ဆိုလိုတာပါ။ အများစုကြီးက အရင်းရှင်လူ့အဖွဲ့အစည်းဆိုင်ရာ ထုံးတမ်းစည်းကမ်းဆန်တဲ့အမြင်များရဲ့ ချည်နှောင်မှုအောက်မှာ ရှိနေပါတယ်။ ဥပမာ နိုင်ငံတော်ကိုချစ်မြတ်နိုးရမည်၊ ဘာ နိုင်ငံတော်ဥပဒေကိုမှ မချိုးဖောက်ရ၊ အလုပ်လုပ်မှ ငွေရှိမည်၊ ကိုယ်ရကိုယ်စံ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်၊ ပြိုင်ဆိုင်နေကြသူများ အချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြရမည်၊ စတဲ့စတဲ့ အတွေးအခေါ်များအောက်မှာ ရှိနေပါတယ်။
ကျိုးကြောင်းဆီလျှော်တဲ့ ဆန္ဒမွန်များ
စိတ်ဆန္ဒကကောင်းမွန်ပေမဲ့ အကျိုးအကြောင်းမဆီလျှော်ရင် စိတ်ကူးယဉ်သဘောသာ ဖြစ်နေပါလိမ့်မယ်။ ကျိုးကြောင်းဆီလျှော်တဲ့ဆန္ဒမွန်များ ဖော်ထုတ်ဖို့ကလည်း မလွယ်ပါဘူး၊ ဘာဘဲဖြစ်ဖြစ် ဆန္ဒမွန်ဆိုတာလည်း ဆန္ဒမျှသာ ဖြစ်ပြီး၊ ပကတိ အကောင်အထည်မဟုတ်သေးပါဘူး။ ဆန္ဒကို အကောင်အထည်ဖြစ်လာအောင်ကြိုးစားရာမှာ အကောင်အထည်ပေါ်လာဖို့အတွက် ဖြစ်နိုင်ခြေများကို တွက်ဆဖို့၊ လူအရင်းအမြစ်အပါအဝင် ရုပ်ဝတ္ထု အရင်းအမြစ်ဆိုင်ရာအချက်အလက်များကို စူးစမ်းလေ့လာ ချင့်ချိန်ဖို့လိုအပ်ပါတယ်။
ဗမာပြည် လူ့အဖွဲ့အစည်း လှည်းဘီးအပေါ် တပြိုင်တည်းသက်ရောက်နေတဲ့ အင်အားများအကြောင်း ဥဒဟာရုံ အနေနဲ့ပြောရရင် စစ်အုပ်စုက သူလိုရာဖက်ဖို့ တစုံတရာအားနဲ့ ဆွဲနေတယ်။ သူ့အပေါင်းပါ ပါတီအဖွဲ့အစည်းများကလည်း စစ်အုပ်စုဆွဲတဲ့လားရာနဲ့ တထပ်တည်းကျလုနီးပါးဖက်သို့ ဆွဲနေတယ်။ ပထဝီနိုင်ငံရေးအရ ကမ္ဘာ့ အရှေ့ အနောက် အင်အားစုများကလည်း စစ်အုပ်စုနဲ့ထပ်တူမကျပေမဲ့ စစ်အုပ်စုဖက်ပင်းတဲ့ လားရာတမျိုးမျိုးနဲ့ အသီးသီး ဆွဲနေကြတယ်၊ အလုပ်သမားလူတန်းစားအပါအဝင် အဖိနှိပ်ခံလူတန်းစားများကလည်း အချင်းချင်း ထပ်တူမကျပေမဲ့ စစ်အုပ်စုကိုဆန့်ကျင်တဲ့လားရာ တမျိုးမျိုးဖက်သို့ မတူတဲ့အားပမာဏများနဲ့ အသီးသီးဆွဲနေကြတယ်။ အဲဒါ အားလုံးရဲ့အကျိုးဆက်လားရာ အကျိုးဆက်အင်အားသက်ရောက်မှုအရ လှည်းဘီးက ရွေ့လျှားနေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ လူတန်းစားအမျိုးမျိုးအကြားရှိ ဆက်စပ်မှု အားပြိုင်မှုအခြေအနေ ကို မျက်ခြေမပြတ် အကဲခတ် တွက်ဆ လေ့လာမှုဟာ ကျွန်တော်တို့ ရဲ့ လက်တွေ့လုပ်ငန်းများအတွက် အရေးကြီးပါတယ်။
ညီညွတ်ရေး ဆန္ဒမွန်
ဥပမာ လူအများပါဝင်တဲ့အလုပ်တိုင်းဟာ ညီညွတ်ဖို့လိုတာချည်းပါပဲ။ စည်းလုံးညီညာ အောင်ကြောင်းဖြာဆိုတာကို အထူးတွေ့ရှိလိုက်တဲ့သဘောတရား တခုအဖြစ်ပြောစရာမလိုပါ။ ညီညွတ်ရေးဆိုင်ရာ ပကတိအချက်အလက်တွေ ဘယ်လို တည်ရှိနေသလဲဆိုတာနဲ့ တွဲဖက်စဉ်းစားဖို့ အရေးကြီးပါတယ်၊ ဘယ်ပုံစံ ဘယ်အဆင့်နဲ့ ညီညွတ်နိုင်သလဲ ဆိုတာကို ဖော်ထုတ်ဖို့လိုပါတယ်။ ဒီနေရာမှာ သတိထားစရာအဖြစ် ပြောလိုတာတခုက၊ ဘုံလုပ်ဆောင်ချက် အစီအစဉ်တခုခုအရ အင်အားစုများ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ (တူတာတွဲလုပ်ရာမှာ)၊ မတူတာခွဲလုပ်ဆိုတဲ့ အပိုင်းအတွင်း အင်အားစုအသီသီး မတူတာ ခွဲ ယုံကြည်ကြတဲ့အချက်ကိုလည်း အသိရှိရှိ (သူသိ ကိုယ်သိ) နားလည်မှုရှိရှိ ဆုပ်ကိုင်ဖို့လိုပါတယ်။
ပါတီတည်ဆောက်ရေးဆန္ဒမွန်
ပါတီကို ပစ္စည်းမဲ့လူတန်းစားပါတီပီသအောင် တည်ဆောက်ရေးဆိုတဲ့ဆန္ဒမွန်ဟာလည်း ပကတိအခြေအနေ လေ့လာမှုနဲ့ ပေါင်းစပ်မှ အကောင်အထည်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ သမိုင်းအတွင်းရှိ ဘယ် လူမှုလှုပ်ရှား ပြောင်းလဲမှုမဆို သမိုင်းရဲ့ ဆိုးမွေကောင်းမွေမှန်သမျှလက်လွှဲဆက်ခံယူပြီး ဆက်လက် လှုပ်ရှားကြတာချည်းပါပဲ။ ဒါအပြင် ကိုယ့်ခေတ်မှာလည်း လူ့အဖွဲ့အစည်းအတွင်းရှိ လူတန်းစားပဋိပက္ခတွေက ကိုယ့် (အဖွဲ့အစည်း) အပေါ် တွန်းတင်တဲ့ဖက်ကရော ဆွဲချတဲ့ဖက်ကပါ နေ့စဉ်နဲ့ အမျှ ဂယက်ရိုက်နေတာဖြစ်ပါတယ်။ အတွေးအခေါ် ဂယက်သာမက ရုပ်ဘဝဂယက်ပါရိုက်ပါတယ်။ တောနဲ့မြို့ ကွာခြားမှုအခြေအနေ၊ ပညာရေချိန်ကွာခြားမှု အခြေအနေ၊ လူထုနဲ့ နီးစပ်မှု ဝေးကွာမှုအခြေအနေ စတာ စတာတွေက ပါတီရဲ့ရုပ်ဘဝကို ဂယက်ရိုက်ပါတယ်။ ပါတီတည်ဆောက်ရေးလုပ်ငန်းဟာ အလုပ်သမားလူတန်းစားနဲ့ ပါတီအကြား၊ တခြားသော အဖိနှိပ်ခံလူတန်းစားများနဲ့ ပါတီအကြား နီးကပ်စွာရှိမှုအပေါ် အခြေခံရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေပါလိမ့်မယ်။
လက်တွေ့ နဲ့ယှဉ်ပြီး တွက်ဆချင့်ချိန်ဖို့က ပါတီဟာ အလုပ်သမားလူတန်းစားနဲ့ ဘယ်လောက် နီးကပ်မှုရှိသလဲ။ အလုပ်သမားတွေက ပါတီကို ဘယ်လိုသဘောထားသလဲ စတဲ့ အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ အသေအချာ ပြောနိုင်တာကတော့ ပါတီဟာ ဘာပဲလုပ်လုပ် ဘာပဲပြောပြော၊ ဒီအလုပ်ဒီအပြောတွေကို လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေက ဘယ်လိုသဘောထားနိုင်သလဲ ထောက်ခံနိုင်သလားဆိုတာ ချိန်ထိုးကြည့်ဖို့လိုပါတယ်။ ဒါကြောင့် အလုပ်သမားလူတန်းစားနဲ့ ပါတီအကြား ရုပ်ဘဝအရပါ နီးကပ်မှုရှိလာအောင် ပြန်လည်ကြိုးစားသင့်တယ်၊ အရေအတွက်အရ ကြီးထွားလာရုံမက နိုင်ငံတကာအတွေ့အကြုံများပြားလာတဲ့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားကို ဖော်ထုတ်ဖို့ကြိုးစားသင့်တယ်။ တစိတ်တဒေသ ဥပမာအဖြစ်ပြောရရင် လေယဉ်ကွင်း လေယဉ်ပြင် အလုပ်သမားများ၊ ကုန်တင်ကုန်ချ၊ လမ်းဖောက် လမ်းပြင်၊ သယ်ပို့ အလုပ်သမားများရဲ့ အစိုးရ စစ်တပ်အပေါ် လည်မျိုညှစ်နိုင်တဲ့အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ ကြိုးစားသင့်တယ်။
တပ်တည်ဆောက်ရေး ဆန္ဒမွန်
တပ်တည်ဆောက်ရေးဆိုင်ရာဆန္ဒမွန်ဟာလည်း ပကတိအခြေအနေလေ့လာမှုနဲ့ပေါင်းစပ်မှ အကောင်အထည် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ တပ်တည်ဆောက်ရေးလုပ်ငန်းဟာ သက်ဆိုင်ရာ ရုပ်ဝတ္ထုအချက်အလက်များ၊ လူ(တပ်မှူးတပ်သား အရည်အတွက် အရည်အသွေး) အရင်းအမြစ်ဆိုင်ရာအချက်အလက်များ၊ ပြည်သူလူထုနဲ့နီးကပ်မှု တသားတည်းရှိမှုဆိုင်ရာ အခြေခံအချက်အလက်များအပေါ်မူတည် နေပါတယ်။
အောက်ခြေတပ်သားများကို ဂရုစိုက် “ဦးစားပေး” တယ်ဆိုရာမှာ အားနွဲ့သူအားနည်းသူ ဒုက္ခိတကို “ဦးစားပေး” သလိုမဖြစ်ဖို့ သတိထားသင့်တယ်။ အောက်ခြေထုဆိုတဲ့ စစ်ရေးဆိုင်ရာအဖွဲ့အစည်းအတွင်းရှိ လူထု (စစ်သားထု) ရဲ့ အခြေခံကျတဲ့အခန်းကဏ္ဍ၊ အမှုကိစ္စအဝဝကို တိုက်ရိုက် ဆောင်ရွက်သူများဖြစ်ခြင်းဆိုတဲ့အခန်းကဏ္ဍကို အလေးထားဖော်ထုတ်တာမျိုး ဖြစ်သင့်တယ်။ သတိပြုရန်အချက်များနဲ့ပတ်သက်တဲ့ ဖြေရှင်းမှု ပညာပေးမှု အရေးယူမှုတွေမှာလည်း ဘယ်လို/ဘယ်လောက် ထိခိုက်နစ်နာစေသလဲဆိုတာကို ထည့်သွင်းစဉ်းစားသင့်တယ်။
အရာရာအတွက် အခြေခံ
ပါတီနဲ့ ပြည်သူအကြား၊ တပ်နဲ့ပြည်သူအကြား အပြန်အလှန် နီးကပ်စွာဆက်ဆံရေးအတွက် ပြည်သူလူထု အခြေအနေကိုသိရှိအောင်လုပ်ရာမှာ နိုင်ငံရေးနိုးကြားမှု စိတ်ဓါတ်အခြေအနေသာမက လူမှုရေး စီးပွားရေး နေထိုင်ရေးဆိုင်ရာ ဘဝအခြေအနေများကိုလည်း စူးစမ်းသင့်တယ်။ ပြည်သူလူထုအနေနဲ့ သမိုင်းတလျှောက် ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့ဘဝကို ဖြတ်သန်းလာခဲ့ရတာကြောင့် မပြောရဲမဆိုရဲ မယုံရဲဖြစ်တာ ရှိနိုင်ပေမဲ့၊ ပြည်သူ့အုံကြွမှု တော်လှန်ရေးလေထုအတွင်းမှာ နဂိုကထက် ရဲရဲတင်းတင်းပြောဆိုလာတာလည်း ရှိပါတယ်၊ အပြန်အလှန်ရင်းနှီးမှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်လေ ဆန္ဒအစစ်အမှန်ကိုဖော်ပြလေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ အဖိနှိပ်ခံ ပြည်သူအကြားဆက်ဆံရေးရဲ့လက္ခဏာအဖြစ်ပြောဆိုတဲ့ ” နီးကပ်စွာ”၊ “တသားတည်း ဖြစ်စွာ” ၊ “နက်ရှိုင်းစွာ” စတဲ့ စကားများနဲ့ပတ်သက်လို့ အနက်ဖွင့်ဆိုမှုကို ဒီနေရာမှာ ပြုလုပ်မဲ့အစား လက်တွေ့အတွင်းမှာ ပြုလုပ်သွားကြဖို့ ဖြစ်ပါတယ်။
အရာကိစ္စတွေရဲ့ အတွင်းပိုင်းသဘောသဘာဝကို သိအောင်လုပ်ရာမှာ သတိထားသင့်တဲ့အရာများကို အခုလို တင်ပြတာ ကိုယ်တိုင်က ကျိုးကြောင်းဆီလျှော်တဲ့ဆန္ဒမွန်များကို တင်ပြတဲ့သဘော ဖြစ်ပါတယ်။ လက်တွေ့လုပ်ကိုင်တဲ့ နေရာမှာ ဒါတွေက အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။
(ပြီး)