တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု

By | August 15, 2024

တော်လှန်တဲ့သဘောတရားနဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစု

နီအောင်ဝေ

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် ဆောင်းပါး)

အင်္ဂလိပ်-ဗမာ ပထမအကြိမ် စစ်ဖြစ်တော့ နှစ်နှစ်နီးပါး ကြာတယ်၊ ဒုတိယအကြိမ်ဖြစ်တော့ ကိုးလခွဲလောက် ကြာတယ်၊ တတိယအကြိမ်ဖြစ်တော့ သုံးပတ်လောက်ပဲ ကြာတယ်။ ဗမာကိုတိုက်ရတာ တဆင့်ပြီးတဆင့် ပိုလွယ်လာတယ်၊ ရေမြေထီးနန်းလည်း တစတစနဲ့ ပိုပြီးတော့ပဲ့ပါသွားတယ်။ ဒါပေမဲ့ တပြည်လုံးအင်္ဂလိပ်လက်အောက်ကျပြီးမှ ပေါ်လာတဲ့ အနယ်နယ်အရပ်ရပ်က ပြောက်ကျားစစ်က ၁၈၈၅ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ ဆယ်နှစ်ကြာတယ်။

ပြောက်ကျားစစ်ကိုနှိမ်နင်းရတာ ပိုခက်တယ်၊ ပိုကြာတယ်၊ အိန္ဒိယကနေ စစ်ကူ အမြောက်အမြားခေါ်ပြီး နှိမ်နင်းယူရတာပါ။ ဗမာဘက်က လက်နက်ခဲယမ်းအခြေအနေက သီပေါဘုရင် နန်းမကျခင်နဲ့ နန်းကျပြီးနောက်ပိုင်း ထူးပြီး မကွာခြားပါဘူး။ ပြောက်ကျားတော်လှန်ရေး ခေါင်းဆောင်တွေဟာလည်း အများစုက ပဒေသရာဇ် မင်းညီမင်းသားတွေပါပဲ။ ဒါပေမဲ့ ခေါင်းဆောင်မှုအရည်အချင်းနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ကွာခြားတယ်၊ နည်းပရိယာယ် ကွာခြားမှုတွေ ရှိတယ်။ အဆုံးသတ်မှာ ရန်သူက တပ်ကူခေါ်ပြီး သာလွန်အင်အားနဲ့အနိုင်ယူသွားပေမယ့် တော်လှန်ရေးဘက်က အခရာကျတဲ့ အားနည်းချက်တခုရှိပါတယ်။ တပြည်လုံးအသွင်ဆောင်တဲ့ တပ်ပေါင်းစု မရှိတာပါ။ တော်လှန်ရေး အစုတွေက ကိုယ့်အစုနဲ့ကိုယ်တိုက်၊ ကိုယ့်နယ်မှာကိုယ် ဗိုလ်လုပ်တာက များတယ်။

လက်နက်အားကိုးပြီး နယ်ချဲ့ဖိနှိပ်လာတဲ့ရန်သူကို လက်နက်နဲ့အင်အားသုံးပြီး တုံ့ပြန်ရမယ်ဆိုတဲ့ မှန်ကန်တဲ့ အတွေးအခေါ်ကို ဆရာစံရဲ့ လယ်သမားသူပုန်ထမှုမှာ ပြန်တွေ့ရတယ်။ သူ့နည်းသူ့ဟန်နဲ့ သူတတ်သလို စည်းရုံး၊ တပ်ဖွဲ့ပြီး ရရာလက်နက်နဲ့တိုက်တယ်။ အုပ်စိုးသူနယ်ချဲ့အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်၊ ရက်ရက်စက်စက် ချေမှုန်းသတ်ဖြတ်တယ်။ ခေါင်းပြတ်တွေ တန်းစီပြတာပဲကြည့်ပါ။ အဲဒါက တော်လှန်ရေးနဲ့ အကြမ်းဖက်ခြိမ်းခြောက်ရေးမတူတဲ့အချက်ကို ခွဲပြလိုက်တာပဲ။ ဗြိတိသျှ အကြမ်းဖက်အစိုးရက ဆရာစံရဲ့ လယ်သမားသူပုန်လို လက်နက်ကိုင်တော်လှန်တဲ့သူပုန်တွေ ထပ်ပေါ်လာမှာကို မလိုလားဘူး။ ဒါကြောင့် လူထုအကြားမှာ ကြောက်စိတ်ကြီးထွားလာအောင် လုပ်တာပဲ။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့လို မျိုးဆက်သစ် ပြည်ချစ်ခေါင်းဆောင်တွေ နိုင်ငံရေးစင်မြင့်ပေါ် တက်မလာခင်အချိန်မှာရော နောက်ပိုင်းမှာပါ နယ်ချဲ့သမားနဲ့ ပြေပြေလည်လည်ဆက်ဆံပြီး ဥပဒေတွင်းကနေရသလောက်လေးလွတ်လပ်ရေး ကြိုးပမ်းတဲ့ ပုဂ္ဂိုလ်တချို့၊ လှုပ်ရှားမှုတချို့ ရှိတယ်။ သူတို့က ရက်ဒီကယ် နိုင်ငံရေးသမားတွေ မဟုတ်ဘူး။ ရက်ဒီကယ် အတွေးအခေါ်ဖြစ်တဲ့ မာ့က်စ်ဝါဒ ဗမာပြည်ရောက်လာတော့မှ အဲဒီခေတ်က မျိုးဆက်သစ် သခင်ခေါင်းဆောင်တွေ ဒီဝါဒကိုဆုပ်ကိုင်မိပြီး လွတ်လပ်ရေးကြိုးပမ်းတဲ့ ခေါင်းဆောင်မှုက ရက်ဒီကယ်ဖြစ်သွားသလို လူထုအကြားမှာပါ ရက်ဒီကယ် အတွေးအခေါ်၊ တော်လှန်တဲ့အတွေးအခေါ်က တစတစနဲ့ ပြန့်ပွား ကြီးထွားလာတာ ဖြစ်တယ်။

တို့ဗမာအစည်းအရုံးရဲ့အလံမှာ “ကဒေါင်း” ကနေ “တူတံစဉ်” ပြောင်းသွားတယ်။ သုံးရောင်ခြယ် သီချင်းမှာ အလံပြောင်းတဲ့အလိုက် အသံပါလိုက်ပြောင်းတယ်။ တူတံစဉ်အကြောင်း ထည့်သွင်း စပ်ဆိုတယ်။ နဂါးနီစာအုပ်တိုက် ပေါ်လာတာ၊ မာ့က်စ်ဝါဒ ဘာသာပြန်စာပေတွေပြန့်ပွားလာတာ စသဖြင့် တိုးတက်တဲ့အတွေးအခေါ်ဟာ လူထုခေါင်းဆောင်တွေကြားမှာရော လူထုအကြားမှာပါ အခိုင်အမာအမြစ်တွယ်လာတယ်။ ဗမာပြည်က မျိုးဆက်သစ် ခေါင်းဆောင်များဟာ အတွေးအခေါ် လွတ်လပ်တိုးတက်မှုရှိတယ်။ တကယ်တော့ အဲဒီတုန်းက ဗမာပြည်နိုင်ငံရေးနဲ့ အိန္ဒိယနိုင်ငံရေးက နှစ်အိမ့်တအိမ်လို အခြေအနေမျိုးပါ။ အတွေးအခေါ်၊ လမ်းစဉ်၊ ခေါင်းဆောင်မှုတွေမှာ အိန္ဒိယ နိုင်ငံကြီးက ဗမာပြည်အပေါ် လွယ်လွယ်လွှမ်းမိုးနိုင်တဲ့ ခေတ်ကာလပဲ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဂန္ဒီ တန်ခိုးထွားတဲ့အချိန် ဖြစ်ပါတယ်။ လူအများ ကြည်ညိုလေးစားတာခံရပြီး အိန္ဒိယ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ခေါင်းဆောင်ကြီး၊ ဖခင်ကြီး ဖြစ်နေတဲ့အချိန်ပါ။ သူ့ရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးတို့၊ ကိုလိုနီအစိုးရနဲ့ မပူးပေါင်းရေးတို့ဟာ အတော့်ကို အရှိန်အဝါကြီးတဲ့လှုပ်ရှားမှုတွေပါ။ (ဗမာပြည်မှာ ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို စာသင်ကျောင်းတွေမှာသင်ကြရသလိုပဲ အိန္ဒိယမှာလည်း သင်ကြရပါတယ်။ အိန္ဒိယက ကျောင်းသားလေးတွေက အကြမ်းမဖက်အာဏာဖီဆန်ရေးကို (CDM)၊ နယ်ချဲ့သမားနဲ့ မပူးပေါင်းရေး လှုပ်ရှားမှုကို (NCM) ဆိုပြီး လွယ်လွယ် မှတ်ကြတယ်။) ဂန္ဒီက ဗြိတိသျှအစိုးရယန္တရားမှာ အလုပ်အကျွေးပြုနေတဲ့ အိန္ဒိယလူမျိုးတွေသပိတ်မှောက်ရင် ကိုလိုနီအုပ်ချုပ်ရေးယန္တရား ပြိုသွားမယ်လို့ ယူဆတယ်။ လူသားချင်းဖြစ်တဲ့ ပဋိပက္ခမှာ မေတ္တာတရားလက်ကိုင်ထားပြီးဖြေရှင်းရင် ရနိုင်မယ်လို့ထင်တယ်။

လူတန်းစားရန်သူရဲ့ သဘောသဘာဝကို နားမလည်ဘူး။ အုပ်စိုးသူအစိုးရဆိုတာ အစုအဖွဲ့နဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ရန်သူဆိုတာကို သူမမြင်ဘူး။ ဒါ့အပြင် သူ့မှာ ဖောက်ပြန်တဲ့လူတန်းစားရပ်တည်ချက်လည်း ရှိနေတယ်။ ဒီလို အကြောင်းအချက်တွေကြောင့် သူ့ လှုပ်ရှားမှုတွေ ရလဒ်မကောင်းဘူး၊ အဖျားရှူးကုန်တယ်။ ဒါကို ဗမာပြည်က တိုးတက်တဲ့သခင်ခေါင်းဆောင်တွေ ကောင်းကောင်းသိပါတယ်။

သခင်ဗဟိန်းက ဂန္ဒီရဲ့ ဖောက်ပြန်တဲ့လူတန်းစား ရပ်တည်ချက်၊ နယ်ချဲ့သမားရဲ့ အင်အားသုံးဖိနှိပ်မှုကို ငုံ့ခံရေး၊ မတုံ့ပြန်ရေး အတွေးအခေါ်နဲ့ သူ့နောက်လိုက်လူထုရဲ့ ရက်ဒီကယ်ဆန်တဲ့ တုံ့ပြန်ဟန်တွေကြားက ပဋိပက္ခကို ချပြပါတယ်။ “ဂန္ဒီစစ်တမ်း” ဟာ အိန္ဒိယမှာ ဂန္ဒီက ဘယ်လောက်ပဲပေါ်ပြူလာ ဖြစ်နေပါစေ၊ ဩဇာကြီးနေပါစေ ဗမာပြည်က တိုးတက်တဲ့သခင်ခေါင်းဆောင်များရဲ့ အတွေးအခေါ် လွတ်လပ်မှု၊ လောင်းရိပ်ကင်းမှုကို ထင်ရှားတဲ့ ပြသချက်တခုပါပဲ။ ဂန္ဒီရဲ့ အာဏာဖီဆန်ရေးနည်းနာနဲ့ နယ်ချဲ့အစိုးရကို ဖြုတ်မချနိုင်ဘူးဆိုတာ သခင်ဗဟိန်းတို့ မျိုးဆက်က ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက် ဆန္ဒပြတာ၊ သပိတ်မှောက်တာတွေကို လုံးဝ မပစ်ပယ်ပါဘူး။ ဒါကြောင့် ကျောင်းသားသပိတ်၊ အလုပ်သမား၊ လယ်သမား သပိတ်တွေကို ဆင်နွှဲခဲ့ကြတာပါ။ ရန်သူရဲ့ ဖိနှိပ်တဲ့ပုံစံကိုလိုက်ပြီး တိုက်ပွဲသဏ္ဌာန် ပြောင်းရမယ်ဆိုတာကို သခင်ခေါင်းဆောင်တွေ နားလည်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံကာလ သခင်ဗဟိန်းရဲ့ သမိုင်းဝင်ကြွေးကြော်သံဟာ တိုက်ပွဲသဏ္ဌာန် အပြောင်းအလဲကို ဖော်ပြချက် ဖြစ်ပါတယ်။ “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့စကားကိုကြည့်ရင် ရန်သူက အကြမ်းဖက်ပြီး အင်အားသုံးဖိနှိပ်လာရင် အင်အားသုံးပြီးတုံ့ပြန်မယ်လို့ ရာဇသံ ပေးလိုက်တာပါ။ အဲဒီလို တော်လှန်တဲ့သဘောတရားကိုစိုက်ထူထားလို့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာ့ အခြေအနေနဲ့ ပြည်တွင်းအခြေအနေများကို အခိုင်အမာ ဆက်စပ် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ခေတ်မီ တပ်မတော် ဖွဲ့စည်းရေးနဲ့ နောက်ဆက်တွဲ ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ငန်းများကို အခိုင်အမာ လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ဗမာပြည် လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ အရေးပါတဲ့ခေါင်းဆောင်တွေကိုကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့သုံးယောက်ကို အမြဲတမ်း တပူးတွဲတွဲ တွေ့ရနိုင်တယ်။ ဒီခေါင်းဆောင်တွေက မှန်ကန်တဲ့ အတွေးအခေါ်ကိုဆုပ်ကိုင်နိုင်တဲ့အပြင် အဖိနှိပ်ခံလူမျိုးပေါင်းစုံတွေပါဝင်တဲ့ ကျယ်ပြန်တဲ့တပ်ပေါင်းစုကိုလည်း ထူထောင်နိုင်ခဲ့တယ်။ သီပေါမင်းပါတော်မူစ တော်လှန်ရေးနဲ့ လွတ်လပ်ရေးမရမီကာလတော်လှန်ရေးမှာ အဓိက ကွာခြားချက်က တပြည်လုံးအသွင်ဆောင်တဲ့ တပ်ပေါင်းစုတရပ် (ဖတပလ-ဖဆပလ) ကို ထူထောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ရဲ့လုပ်ဟန်တွေ၊ တာဝန်ခွဲဝေပုံတွေကိုကြည့်ရင် အင်မတန် အတုယူစရာကောင်းတဲ့၊ သူတို့ရဲ့ ပြည့်ဝတဲ့လုပ်ဟန်တွေကိုတွေ့ရမှာ ဖြစ်တယ်။ ပုဂ္ဂလိက မာန်မာနကင်းသူ၊ အတ္တကင်းသူတွေ ဖြစ်လို့ အရေးပါတဲ့ခေါင်းဆောင်မှုကို ဟန်ချက်ညီညီ တာဝန်ယူသွားနိုင်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *