ကျေးရွာ စည်းရုံးရေးတာဝန်ခံ

By | August 6, 2016

စခန်းမှ နေ့ဝက် ခြေကျင်ခရီးလောက်ဝေးသော တဲစုတစုမှာ စပါးကူရိတ်ပေးရာမှ စခန်းသို့ ပြန်အရောက်တွင် ခရိုင်အတွင်း ရေးမှူးက ကျွန်တော့်ကို တာဝန်ပေးသည်။ ကျောက်တောင်ရွာ စည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။

“ကျွန်တော်တို့မှာ ခင်ဗျားသိတဲ့အတိုင်း ဒီရွာတရွာပဲ ရှိတော့တယ်။ အဲဒီရွာကို ကျွန်တော်တို့ စနစ်တကျ တည်ဆောက် ရ မယ်” ဟုလည်းပြောပါသည်။

(၁၉၉၁)ခုနှစ် မိုးဦးကျတွင် ရန်သူက ကျွန်တော်တို့ပါတီနယ်မြေတွင် ဖြတ်လေးဖြတ် စစ်ဆင်ရေးစခဲ့သည်။ စစ်ဆင်ရေးကို ရေပက်စစ်ဆင်ရေးဟု ခေါ်ကြောင်း သိရသည်။ ငါးနှင့်တူသော ကျွန်တော်တို့တပ် အသက်မရှင်နိုင်အောင် ရေနှင့်တူသော ကျွန်တော်တို့၏ အခြေခံဒေသ ပြည်သူများကို သူတို့ မျက်စိအောက် နေရာသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ခြင်းပင် ဖြစ်သည်။ နိုင်သလောက်ပစ္စည်းမျှသာ ယူဆောင်ပြီး၊ ချက်ချင်း ပြောင်းရွှေ့ခိုင်းခြင်း တနည်းအားဖြင့် ရွာများမှ နှင်ထုတ်၊ မောင်းထုတ်ခြင်းပင်။ အသုဘအိမ် ကိုပင် အလောင်း မြေမြှုပ် သင်္ဂြိုဟ်ခွင့်မပေးချေ။

ဆောင်းလယ်လောက်မှာ သည်နယ်သို့ ကျွန်တော် ရောက်လာခဲ့ခြင်းဖြစ်ရာ၊ လူသူကင်းမဲ့သော ရွာများကို ဖြတ်လာခဲ့စဉ်က စိတ်ထဲမှာ ကြေကြေကွဲွဲကွဲ နာနာကြည်းကြည်း ခံစားခဲ့ရသည်။ ပြုစုသူမဲ့ပြီး၊ တောထနေသော ဥယျာဉ်များ၊ ထိ်န်းကျောင်းသူမဲ့ ကျွဲနွား အုပ်များ၊ တောဝက်များ စားသောက် ဖျက်ဆီးထားသော တောင်ယာများ၊ ရန်သူ့တပ် မသိအောင် မိမိတို့၏ ဥယျာဉ်များထဲသို့ တိတ်တိတ်ခိုး ပြန်လာပြီး၊ သစ်သီး နှင့် ဟင်းသီးဟင်းရွက်များ ရှာဖွေခူးဆွတ်နေကြသော ရွာသားအချို့ကိုလည်း တွေ့ရသည်။ ရန်သူ့တိုက်ကင်း သို့မဟုတ် လှုပ်ရှားစစ်ကြောင်းနှင့် တိုးမိလျှင် ပစ်ခတ်၊ သတ်ဖြတ်ခံရမည့် အ န္တရာယ်ရှိမှန်း သိလျက်နှင့် စားစရာအတွက် အသက်စွန့် လှုပ်ရှားနေကြခြင်း ဖြစ်သည်။

ယခု ကျွန်တော်စည်းရုံးရေးတာဝန်ကျသည့် ကျောက်တောင်ရွာကိုတော့ ရန်သူက ပြောင်းရွှေ့မိန့်ထုတ်ခြင်းမရှိပါ။ အကြောင်းမှာ အစွန်အဖျားကျပြီး၊ တောနက်ကြီးထဲမှာ ရှိနေသောကြောင့်တကြောင်း၊ သူပုန်ရွာဟု သတ်မှတ်ထားပြီး၊ အမိန့်ပေးလျှင်လည်း နာခံမည် မဟုတ်မှန်း သိနေသောကြောင့် တကြောင်းဖြစ်သည်။ ရန်သူသည် တနှစ်လျှင် တခါ (စပါးရိတ်သိမ်းချိန်မှာ) စစ်ကြောင်းဖြင့် ရောက်လာတတ်ပြီး၊ တွေ့သမျှ အိမ်၊ စပါးကျီ၊ စပါးခင်းများကို ဖျက်ဆီးသည်။ ရွာသားများကို ယောက်ျား၊ မိန်းမ မဟူ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းသတ်ဖြတ်သည် (ပါတီ တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ကလည်း ဗုံးထောင်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့ရာတွင် လာသမျှ ရန်သူ့စစ်ကြောင်းသည် သေကြေဒဏ်ရာရသူများနှင့်သာ ပြန်သွားခဲ့ရသည်ဟု သိရသည်)။ သို့သော် ရွာသားများက သည်နေရာမှာပင် တောင်ယာလုပ်စားကာ နေမြဲ နေကြသည်။ ကျွန်တော်တို့ ပါတီကို အားထားနေကြခြင်းလည်းဖြစ်သည်။ ပါတီ ခရိုင်စခန်းက ရွာနှင့် ခြေလျင် (၄၅) မိနစ်် ခရီးသာဝေးပြီး၊ ရွာကမူ အနီးဆုံး အခြားရွာများနှင့် တညအိပ် ခရီးဝေးသည် (လမ်းမှာ တညအိပ်ရသည်ဟု ဆိုလိုပါသည်)။ ရွာသားများသည် ဗုဒ္ဓဘာသာဝင် ပိုးကရင် လူမျိုးများဖြစ်သည်။ ဗြိတိသျှ ကိုလိုနီခေတ် သူတို့၏ ဘိုးဘွားများလက်ထက်ကတည်းက သစ်တောဌာန အလုပ်သမားများအဖြစ် တောင်ယာ လုပ်ကိုင်စားသောက် လာခဲ့သူများဖြစ်သည်။ မိဘများနေထိုင်ခဲ့ရာနယ် မြေကို မစွန့်ခွာလိုကြဟုလည်း ဆိုကြသည်။

(၁၉၉၂)ခုနှစ် မိုးကျချိန်ကစ၍ တရွာလုံး ဝမ်းကိုက်ရောဂါ ဖြစ်ပွားခဲ့သည်။ ကျွန်တော်တို့ပါတီကလည်း သူတို့ကို မကူညီနိုင်ခဲ့ပါ။ ရန်သူ့ထိုးစစ်ကြောင့် ကျွန်တော်တို့မှာ ဆေးဆို၍ အကိုက်အခဲပျောက်ဆေး ပါရာစီတမောဆေးပင်မရှိ၊ အသက်(၁၆)နှစ်အ ရွယ် ရဲဘော်သစ်ကလေးတယောက် ကျွန်တော်နှင့်အတူ ဖျားရာ၊ ငှက်ဖျားပိုး ခေါင်းထဲဝင်ပြီး၊ ရူးသွပ်သွားခဲ့သည်။ (၄)လ လောက်အကြာတွင် ကျဆုံးသွားခဲ့သည်။ ကျွန်တော်ကတော့ တပိန်ပိန်တလိန်လိန်ဖြင့် ပြန်လည်နာလန်ထလာနိုင်ခဲ့သည်။ တိုက်ပွဲမှာ ဒဏ်ရာရခဲ့သော ရဲဘော် (၂)ယောက်ကိုလည်း ပင်နီစလင်ထိုးဆေး အလုံအလောက်မထိုးပေးနိုင်ခဲ့သဖြင့် တယောက်က ကျဆုံးသွားပြီး၊ ကျန်တယောက်က ဒဏ်ရာမှ ပိုးလိုက်ကာ၊ မစွမ်းမသန်ဘဝသို့ ရောက်သွားခဲ့သည်။ ဆောင်း ဦးပေါက်တွင် ကျွန်တော် ဝမ်းကိုက်ရောဂါ ရပြန်သည်။ ဘာဆေးမှမရှိ။ သီတင်းနှစ်ပတ်ခန့် ရောဂါဒဏ်ကို အပြင်းအထန်ခံစား ခဲ့ရပြီး၊ နောက်ဆုံးတွင် ဆင်တုံးမနွယ်ပင်(ဆင်သမနွယ်ပင်)ကို ကျွန်တော်ရှာတွေ့ရာမှ ထိုဆေးကြောင့် ရောဂါပျောက်သွားခဲ့သည်။ မြန်မာ့အသံ ရေဒီယိုမှာ ဒေါက်တာ အောင်နိုင် (ဆေးသုတေသန)၏ ဆင်တုံးမနွယ်အကြောင်းဟောပြောချက်တွင် ဆင်တုံးမနွယ်က ဝမ်းကိုက်၊ ဝမ်းလျှောရောဂါကို ပျောက်ကင်းစေသည်ဟူသော အချက်ကို ကျွန်တော်သတိရမိရာမှ၊ ဆင်တုံးမနွယ်ကို အစိမ်းလိုက် ဝါးစားခဲ့ခြင်း ဖြစ်ပါသည်။ ဆင်တုံးမနွယ်ပင်သည် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေကြောင်း ယခင်က ကျွန်တော်တို့ စခန်းထဲရှိ ရဲဘော်များ မသိခဲ့ကြ။ ရွာသားများ ဝမ်းကိုက်ရောဂါဖြစ်ပွားခဲ့စဉ်က ဆင်တုံးမနွယ်ပင်၏ အစွမ်းကို သိခဲ့လျှင် ဘယ် လောက်ကောင်းလိုက်လေမလဲဟု ကျွန်တော် စုတ်တသပ်သပ်ဖြစ်ခဲ့မိပါသည်။

စည်းရုံးရေးတာဝန်ဖြင့် ကျောက်တောင်ရွာသို့ ကျွန်တော် သွားရောက်ချိန်ကား တောင်ယာစပါးရိတ်ပြီးစ အချိန်ဖြစ်သည်။ ခရိုင်အတွင်းရေးမှူးက ရွာလုံးကျွတ် အစည်းအဝေးခေါ်ပြီး၊ ကျွန်တော်နှင့် မိတ်ဆက်ပေးသည်။ ရွာဟုဆိုသော်လည်း ကျောက်တောင်ရွာသည် အိမ်ခြေ တစ်ဆယ့်တစ်အိမ်သာရှိသော အိမ်စုလေးတစုဖြစ်သည်။ ထို့ပြင်၊ အိမ်စုဟု ဆိုရသော်လည်း တစုတည်း စနစ် တကျစုဖွဲ့ထားခြင်းမဟုတ်။ (၃) (၄)အိမ်ပါသော အစု (၃)စုကို သိမ်းကျုံးပြီး ကျောက်တောင်ရွာဟု ခေါ်ခြင်းဖြစ်သည်။ အိမ်စုတစုနှင့် တစုကလည်း (၁၅)မိနစ် လမ်းလျှောက်ခရီးလောက် ဝေးသည်။ အိမ်နှင့် တောင်ယာလည်း မဝေးရအောင်၊ အိမ်စု အချင်းချင်းလည်း သိပ်မဝေးရအောင် သင့်တော်သလို စုဝေးနေကြခြင်းဖြစ်သည်။ အိမ်စုတိုင်းမှာ ပြည်သူ့စစ် အဖွဲ့ဝင် တယောက် သို့မဟုတ် နှစ်ယောက်စီရှိသည်။ ပြည်သူ့စစ်အဖွဲ့ဝင်များသည် ကျွန်တော်တို့တပ်မှ အနားယူထားသော ရဲဘော်ဟောင်းများ ဖြစ်သည်။ ရန်သူ့ဆီမှ ကျွန်တော်တို့ သိမ်းယူရရှိထားသော ဂျီ (၃)နှင့် ဂျီ(၄) မောင်းပြန်ရိုင််ဖယ်သေနတ်များဖြင့် လက်နက်တပ်ဆင်ပေး ထားသည်။ ပြည်သူ့စစ် ရဲဘော်များသည် ကျေးရွာ ကာကွယ်ရေးတာဝန် ယူသည့်အပြင်၊ တခါတရံ လိုအပ်ပါက ရှေ့တန်း ချေမှုန်းရေးတိုက်ပွဲများတွင် အားဖြည့် ပါဝင်တိုက်ခိုက်ပေးခဲ့သည်ဟု သိရသည်။

တကယ်တော့ ကျွန်တော်သည် ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးနယ်မြေထဲ ရောက်ခါစဖြစ်ပါသည်။ ကျေးလက်အခြေခံဒေသ စည်းရုံးရေး အတွေ့အကြုံ မရှိခဲ့ဖူးပါ။ ယခု ဤနယ်မြေမှာ ရောက်နေသည်ကလည်း ယာယီသာဖြစ်သည်။ ကျွန်တော် တာဝန်ကျရာ နယ်မြေသို့သွားရာ ခရီးတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဤနယ်မြေမှာ ရှိတုန်းရှိခိုက် ဤတာဝန်ကို ယူရခြင်းဖြစ်ပါသည်။ သို့ရာတွင် တာဝန်ယူရခြင်းအတွက် ကျွန်တော် များစွာ ဝမ်းမြောက်မိပါသည်။ ပြည်သူထဲမှာ ပါတီကေဒါတယောက်အဖြစ် နေရတော့မည်ကို ဂုဏ်လည်း ယူပါသည်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမည်ဟု ကျွန်တော် ပိုင်း ဖြတ်ထားသည်။ အကူရဲဘော်လေး တယောက်နှင့်အတူ ရွာသို့ ကျွန်တော် ညတိုင်းသွားအိပ်သည်။ အိမ်စုတစုစီမှာ အလှည့်ကျ အိပ်ခြင်းဖြစ်သည်။ ကျွန်တော်တည်းခိုရာ အိမ်သို့ အိမ်နီးချင်းများ ရောက်လာတတ်ပြီး၊ ကျွန်တော်နှင့် စကားဝိုင်းဖွဲ့ ပြောကြသည်။ အလင်းရောင်အတွက် ကညင်ဆီမီးတိုင် တတိုင်၊ နှစ်တိုင် ထွန်းသည်(ရေနံဆီမတတ်နိုင်ကြသဖြင့်၊ မီးခွက် ထွန်းခဲသည်)။ ရှေးခေတ်ကို ပြန်ပြောင်းအောက်မေ့ဖွယ်ဖြစ်ပါသည်။ ကျွန်တော်တည်းခိုရာအိမ်တိုင်းသို့ လူငယ်လေးနှစ်ယောက်က မယ်ဒလင်တလက်စီနှင့် ရောက်လာတတ်ပြီး၊ မယ်ဒလင်တီး၊ သီချင်းဆိုကြသည်။ ကျွန်တော့်မှာပါလာသော ရေဒီယိုကလေးကိုလည်း ဖွင့်ကာ သတင်းနှင့် သီချင်းများကို ၀ိုင်းဖွဲ့၊ နားထောင်ကြသည်။ ကျွန်တော်က သတင်းများနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်ခြင်း၊ ရှင်းလင်းခြင်းပြုရသည်။ ထိုအကြောင်းများနှင့် စပ်လျဉ်း၍ ဗမာပြည်တော်လှန်ရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍကိုလည်း ရွာသူ၊ ရွာသားများ နားဝင်နိုင်လောက်အောင် ကျွန်တော်ပြောပြခဲ့ပါသည်။ ရွာသား အများစုသည် မြို့ကြီးမြို့ငယ်များ မဆိုထားဘိ၊ ရွာကြီးကြီးကိုပင် ရောက်ဖူးကြသည်မဟုတ်ချေ။ ရဲဘော်ဟောင်းများမှလွဲလျှင် မော်တော်ကားကို မြင်ပင် မမြင်ဖူးကြချေ။ မီးရထားတို့၊ သင်္ဘောတို့ကိုလည်း မကြားဖူး၊ မသိဖူးကြချေ။ ကောင်းကင်မှာ ပျံသန်းနေသော လေယာဉ်ပျံကိုတော့မူ မော့ကြည့်ပြီး၊ မြင်ဖူးကြသည်။

သူတို့သည် ဥစ္စာဓန ကြွယ်ဝချမ်းသာမှုဆိုသည်ကို နားလည်ပုံမရကြ။ ဝမ်းစာစပါးရဖို့ တောင်ယာလုပ်ကြသည်။ ကြိုက်ရာ နေရာမှာ တောင်ယာခုတ်နိုင်သည်။ မြေပိုင်ယာပိုင်ဆိုသည်မှာ သူတို့အဖို့ နားမလည်စရာဖြစ်နေသည်။ ကျွန်တော့်အဖို့မူ ရှေးဦး ဘုံစနစ်ကို အမှတ်ရစရာပင် ဖြစ်သည်။ တောင်ယာထဲမှာ ဗူး၊ ကျောက်ဖရုံ၊ ရွှေဖရုံ၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်၊ ပဲသီး၊ ကြံ၊ ပြောင်း၊ နှမ်း၊ ဆေးရွက်ကြီး၊ ငှက်ပျောစသည်တို့ကို ရောထည့်စိုက်ပျိုးကြသည်။ ကွမ်းစားရန်အတွက် ကွမ်းရွက်ကို အိမ်နားမှာ သစ်လုံးတိုင် တတိုင်၊ နှစ်တိုင်ဖြင့် စိုက်ထားသည်။ ကွမ်းသီးကို အနီးဆုံးရွာ သို့မဟုတ် အိမ်စုများသို့သွားပြီး၊ ရှိသမျှ ငွေကြေးလေးနှင့် ဝယ်ယူစုဆောင်းထားကြသည်။ သို့မဟုတ် တောထဲမှာ အလေ့ကျပေါက်နေသော ကွမ်းသီးနှင့် ကွမ်းရွက်တို့ကို ရှာစားနိုင်သည်။ ထုံးကိုတော့မူ ဝယ်စရာ လုံးဝမလိုပါ။ စမ်းချောင်းထဲက ခရုကလေးများကို ဝါးခြောက်မီး တောက်နှင့် ဖုတ်လျှင် ကွမ်းစားထုံးကို ရသည်။ ကွမ်းစားဆေးအတွက် တောင်ယာဖုန်းဆိုးထဲက ဆေးရွက်ကြီးများကို ခူးပြီး အစိမ်းလိုက် ထည့်စားကြသည်။ လက်ဖက်ခြောက်အစား ပိန္နဲရွက်သာသာခန့်ရှိသော အရွက်တမျိုးကို သုံးကြသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မဆလာ မသုံးနိုင်ကြ။ စပါးလင်၊ ပဒဲကော၊ တောင်ယာနံနံနှင့် အနံ့မွှေးသော တောသစ်သီးများကို ဟင်းထဲ ထည့်ခတ်ကြသည်။

သူတို့စီးပွားရေးမှာ အဓိက လိုအပ်ချက်ကား ဝမ်းစာစပါးရရေးပင်ဖြစ်သည်။ မိသားစုအလိုက် သတ်မှတ်ထားသော ဝင်ငွေမှာ ဖာလာပင် (ဟင်း ခတ်အမွှေးအကြိုင်တမျိုးဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်အရပ်က ပဒဲကောပင်နှင့်တူသည်။ ပဒဲကောပင်ကို ကျွန်တော်မြင်ဖူးသော်လည်း ဖာလာပင်နှင့် မခွဲခြားတတ်ပါ) ရိုင်းတောများမှ ရရှိသော ဖာလာစေ့ ရောင်းရငွေဖြစ်သည်။ ထိုကာလ ငွေကြေးအရ တနှစ်လျှင် အများဆုံး (၃၀၀၀) ကျပ်အထိသာ ရတတ်သည်။ ထိုဝင်ငွေဖြင့် တအိမ်ထောင်လျှင်၊ အဓိကအားဖြင့် ဆား အချိန် (၁၀) ( ၁၀ ပိဿာ)ခန့်၊ အဝတ် (၂)စုံခန့် ဝယ်သည်။ တောင်ယာခုတ်လျှင် အသုံးပြုသော ဓား၊ ကပ်ပါး စသည် တို့ကို ဝယ် သို့မဟုတ် ‘သ’ သည်။ မုန့်ပဲ သရေစာ ဝယ်စားစရာမလို၊ ကွမ်းသီးဖိုးတော့ လိုသည်။ ရွာသားများသည် ဆယ် ကျော်သက် အရွယ်ကအစ သက်ကြီးဝါကြီးပုဂ္ဂိုလ်များအထိ၊ ကွမ်းစားကြသည်။ ဆေးလိပ်သောက်ကြသည်။ ဆေးလိပ် သောက်ရာတွင် တောင်ယာထဲမှ ထွက်သော ဆေးရွက်ကြီးကို အခြောက်ခံထားပြီး၊ ဓားလှီးဆေးအဖြစ် သောက်ကြခြင်း ဖြစ်သည်။ နှမ်းရလျှင် အနီးဆုံးရွာ သို့မဟုတ် အိမ်စုမှာ ထောင်ထားသော ဆီဆုံမှာ ဆီကြိတ်သည်။ ရာသီ ဥတုမကောင်း၍ နှမ်းမရလျှင် သို့ မဟုတ် နှမ်းမလုံလောက် လျှင်လည်းကိစ္စမရှိ။ ဟင်းချက်ရာ၌ ဆီမပါလျှင်လည်း သူတို့အတွက် အစားဆင်း ရဲသည့်သဘော လုံးဝမသက်ရောက်ချေ။ အချို့အိမ်ထောင်စုများဆိုလျှင် နှမ်းဆီကို ခေါပြင်မုန့် ကြော်စားရာ၌သာ သုံးကြ ပြီး၊ ကုန်သွားလျှင်လည်း အေးရောဟု သဘောထားကြသည်။ ရန်သူ့ထိုးစစ်မှ ထွက်ပြေးလာသော အိမ်ထောင်စုမှလွဲလျှင် ကျန်အိမ် ထောင်စုများသည် စောင်၊ ခေါင်းအုံးတို့ကို မသုံးကြချေ။ မီးလင်းဖိုနားမှာ ၀ိုင်းပတ်ပြီး အိပ်ကြသည်။ တထည်စ၊ နှစ်ထည်စ ရှိတတ်ကြသော စောင်များမှာ ဖျားနာသူအတွက်သာ ဆောင်ထားကြခြင်းဖြစ်ဟန်တူပါသည်။

ရွာခံများသည် စာမတတ်ကြသည့်အပြင်၊ မိမိတို့ အသက် ဘယ်နှနှစ်ရှိပြီလဲ ဆိုသည်ကိုပင်မသိကြချေ။ အရွယ်မရောက်သေးသော ကလေးများ၏ အသက်ကို မေးလျှင်၊ ကလေးမွေးပြီးနောက်ပိုင်း တောင်ယာဖုန်းဆိုးများကို ရေတွက်ပြီး၊ အသက်ကိုတွက်ချက်ပြတတ်ကြသည်။ လူကြီးများ၏ အသက်ကိုတော့ မရေတွက်နိုင်တော့။ မြန်မာလဆန်း၊ လပြည့်ကျော် ဘယ်နှရက်ဆိုသည်ကိုတော့ စိတ်ထဲမှာ မှတ်ထားကြသည်။ မြို့မှာ လူတို့သည် မိမိတို့၏ မွေးနေ့အခမ်းအနားများ ကျင်းပခြင်း၊ မွေးနေ့မှာ ကုသိုလ်ကောင်းမှုပြုခြင်းများ ရှိတတ်ကြရာ၊ ဤရွာသားများ မိမိတို့၏ အသက်ကိုပင် မသိကြသည်မှာ လူသားများအနေနှင့် ဝမ်းနည်းဖွယ်ကောင်းသည်ဟု ကျွန်တော် မြင်မိသည်။ ထို့ကြောင့် အသက်နှစ်ဆယ် ပတ်ဝန်းကျင် အရွယ်၊ ယောက်ျားလေး၊ မိန်းကလေးများ၏ မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးနှစ်တို့ကို ကျွန်တော်ဖော်ထုတ်ပေးသည်။ သူတို့၏ အသက်ကိုလည်း ကိုယ်တိုင်မှတ်သားထားစေသည်။ ကျွန်တော်တို့ ညီအစ်ကိုများအတွက် နက္ခတ်ဆရာကြီး တဦးဆီမှာ ကျွန်တော့်အဖေ လုပ်ပေးထားခဲ့သော ဇာတာပေချပ်များကို ကျွန်တော် စဉ်းစားမိသဖြင့် မွေးစ ကလေးငယ်များမှအစ မွေးသက္ကရာဇ် ဖော်ထုတ်ရရှိနိုင်သူအားလုံးအတွက် ကျွန်တော် ဇာတာများ လုပ်ပေးသည်။ ကျွန်တော်လုပ်သော ဇာတာသည် ပေရွက်ဇာတာတော့မဟုတ်၊ ဝါးခြမ်းပြားဇာတာဖြစ်သည်။ အလျား (၁၀)လက်မ၊ ဗျက် (၂)လက်မခန့်ရှိသော ဝါးခြမ်းပြား ရင့်ရင့်များကို အခြောက်ခံပြီး၊ ဝါးကြောပေါ်မှာ သံကညစ်ဖြင့် ရေးခြင်းဖြစ်သည်။ မွေးသက္ကရာဇ်၊ လ၊ ရက်၊ နေ့တို့ကိုသာမက၊ အဖအမည်၊ အဖဘက်က (ကလေး၏) အဘိုး၊ အဘွားအမည်၊ အမိအမည်၊ အမိဘက်က (ကလေး၏) အဘိုး၊ အဘွားအမည်တို့ကိုပါ ထည့်သွင်းပေးသည်။ ဇာတာ၏ ထိပ်ဖျားမှာ အပေါက်ဖောက်ပြီး၊ ကြိုးကွင်းလေး တပ်ပေးထားသည်။ ရွာသားများက ဤဝါးခြမ်းပြားဇာတာများကို တန်ဖိုးထားကြသည်။ သူတို့၏ အသက်ဆက်ရေးအတွက် အရေးကြီးလှသော လျှို့ဝှက်စပါးကျီများတွင် ချိတ်ဆွဲထားသည်ဟု ပြောပြကြသည်။

ရွာသားများသည် မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး၊ အိမ်ခေါင်းရင်းခန်းတွင် ဘုရားပုံနှင့် ဘုရားစင်ထားကြသော်လည်း အများစုသည် ငါးပါးသီလပင် ခံဖူးကြမည်ဟု ကျွန်တော်မထင်ပါ။ သူတို့၏ ဘာသာရေးကိစ္စများအတွက် ဘုန်းကြီး ကျောင်းတကျောင်းနှင့် အနည်းဆုံး ဘုန်းကြီးတပါး လိုအပ်သည်။ သို့ရာတွင် ဘုန်းကြီးကျောင်း အဆောက်အဦးကို ရှိသမျှ သစ်၊ ဝါး၊ ဖက်များဖြင့် ဆောက်ပေးနိုင်သော်လည်း ရွာ၏ လက်ရှိ စီးပွားရေးအခြေအနေအရဆိုလျှင် ဘုန်းကြီးအတွက် ဆွမ်း၊ သင်္ကန်း၊ ဆေးဟူသော ကျန်ပစ္စည်း (၃)ပါးအတွက် တတ်နိုင်ခြေမရှိ။ ဤအတွက် သူတို့၏ စားဝတ်နေရေး အဆင့် အတန်းကို မြှင့်တင်ရန်လိုသည်။ အနိမ့်ဆုံး ရှိအပ်သော လူ့ယဉ်ကျေးမှု အဆင့်သို့ မြှင့်တင်ပေးရန် လိုပါသည်။ ဤအတွက် တောင်ယာလုပ်စားရုံသက်သက်ဖြင့် မလုံလောက်ချေ။ ဝင်ငွေရ သီးနှံများ စိုက်ပျိုးရန် လိုအပ်သည်။ ကြံစိုက်ပြီး၊ ကြံသကာ ချက်ရောင်းနိုင်သည်။ ဆေးရွက်ခင်း စိုက်နိုင်သည်။ နှမ်းစိုက်ပြီး ဆီကြိတ်ရောင်းနိုင် သည်။ တောင်ယာဖုံးဆိုးများတွင် ဥယျာဉ်တည်ကာ၊ သီဟိုဠ်ပင်၊ ကွမ်းသီးပင်၊ အုန်းပင်၊ ငရုတ်ကောင်းပင် စသည်တို့ကို စိုက်ပြီး၊ အခြားရွာများသို့ ရောင်း ချနိုင်သည်။ ပိန္နဲသီး၊ စုံပတတ်သီး၊ ဒူးရင်းသီး၊ သရက်သီး၊ ကျွဲကောသီး၊ ရှောက်သီး၊ သံပုရာသီး၊ နာနတ်သီး၊ သင်္ဘော သီးစသည့် သစ်သီးပင်များကိုမူ ရွာတွင်းစားသုံးမှုတွက် စိုက်ပျိုးနိုင်သည်။

ဟင်းလျာအတွက် မျောက်၊ တောဝက်၊ ချေ၊ ဆတ်စသည့် တောကောင်များကို ပစ်ခတ်စားနိုင်သော်လည်း၊ အရန်သင့်စားဖို့ဆိုလျှင် လက်ရှိမွေးထားသော ကြက်များကို ကောင်ရေများများတိုးပွားအောင် မွေးနိုင်သည်။ ကြက်ဥနှင့် ကြက်မများကို မစားဘဲ (၆)လခန့် နေလိုက်လျှင် အိမ်တိုင်းမှာ ကြက်အုပ်ကြီးများဖြစ်လာမည်။ ကြက်စာအတွက် မပူရ။ တောပိုးဟပ် ဟုခေါ်သော တလက္ခခန့်အရွယ် ပိုးဟပ်ကလေးများသည် တောထဲမှာ ပေါချင်တိုင်းပေါသည်။ ထမင်းဝိုင်းတွင် ချထားသော ထမင်းသည် အငွေ့တထောင်းထောင်း ထလောက်အောင် ပူနွေးမနေပါက ထမင်းစားနေစဉ်မှာပင် ပိုးဟပ်များ ၀ိုင်းအုံလာတတ်သည်။ အစေ့ခါပြီးသား နှမ်းရိုး တစည်းကို မြေတလင်းပေါ် ခါချလိုက်လျှင် ထွက်လာသော ပိုးဟပ်များသည် ကြက် သားအုပ်မ တအုပ် စလုတ်တင်းအောင် စားလောက်သည်။ ဤအစာကြောင့် ထင်သည် ဤရွာက ကြက်များသည် အခြားရွာက ကြက်များထက် အကောင်ပိုကြီးကြောင်း တွေ့ရသည်။ စပါးကြိတ်၊ ဆန်ဖွပ်ရာမှ ထွက်လာသော ဖွဲ၊ ဆန်ကွဲများ၊ တောငှက်ပျောပင်များကို အစာအဖြစ် အားထားကာ ဝက်မွေးနိုင်သည်။ ပါတီက တအိမ်ထောင်လျှင် ဝက်တကောင်ကျစီမွေးရန် ငွေထုတ်ပေးခဲ့ဖူးသည်ဟု သိရသည်။ ရွာမြေပတ်ဝန်းကျင်ရှိ စမ်းချောင်းကြီးငယ်များတွင် စုပေါင်း၍သော်လည်းကောင်း၊ တဦးချင်းအနေနှင့်သော်လည်းကောင်း ငါးထောင်ဆည်များဖြင့် ငါးဖမ်းနိုင်သည်။ ဤ သို့ ငါးဖမ်းနိုင်ကြောင်းကို ကျွန်တော်ကိုယ်တိုင် လက်တွေ့ သိပြီးဖြစ်သည်။ စခန်းအနီးမှာ ရဲဘော်ငယ်လေးတဦးနှင့် ကျွန်တော် ငါးထောင်ဆည်တခုကို မနိုင်မနင်း ကြိုစားဆောက်ပြီး ငါးထောင်ဖမ်းခဲ့ရာ နေ့တိုင်းပင် ငါးရံ့၊ ငါးခူများနှင့် ငါးကြင်းကြီးများကို ရခဲ့ဖူးသည်။

ရွာသားတို့၏ စီးပွားရေး တိုးတက်ရေးအတွက် လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ရွာသားများနှင့် ကျွန်တော် ညတိုင်း ဆွေးနွေးသည်။ တဖြည်းဖြည်း သူတို့စိတ်ဝင်စားလာကြောင်း တွေ့ရသည်။ အသက်ခပ်ငယ်ငယ်ရွာသားတဦးက သက်နုဖုန်းဆိုးမြေတကွက်ကို ခုတ်ထွင်ကာ ကြံခင်းစိုက်ရန်ပြင်ဆင်နေကြာင်း ပြောပြခဲ့သောကြောင့်ဖြစ်ပါသည်။ သူတို့၏ ကျန်းမာရေးကိစ္စအကြောင်းကိုလည်း ဆွေးနွေးဖြစ်သည်။ ငှက်ဖျားရောဂါသည် သူတို့အတွက် ရိုးနေသော ရောဂါဖြစ်သည်။ လုံးဝကင်းစင်သွားခြင်း မရှိသော်လည်း သူတို့အားလုံးသည် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိနေကြသည်။ အဖျားတက်လျှင် အပူကျဆေးအဖြစ် မြင်းခွာရွက်ကို ငရုတ်ကောင်း နိုင်နိုင်နှင့် ဟင်းချိုချက်သောက်ရန် ကျွန်တော်အကြံပေးသည်။ ဤဆေးနည်းသည်လည်း ကျွန်တော့်ကိုယ်တွေ့ဖြစ် သည်။ တနေ့ ကျွန်တော်ရွာထဲသို့အလည်လာရင်း အဖျားတက်ပြီး၊ အဖျား ပြင်းလွန်းသောကြောင့် မအန်စဖူး အန်ခဲ့ရာ၊ ရွာသားများက ကျွန်တော့်ကို စခန်းသို့ ပုခက်ဖြင့် ထမ်းပို့ခဲ့သည်။ စခန်းဆေးရုံတဲကြီးမှာ ကျွန်တော့်ကို ထားသော်လည်း တိုက်စရာ ဘာဆေးမှမရှိ။ သည်တွင် မြင်းခွာရွက်ကို ငရုတ်ကောင်းများများနှင့် ဟင်းချို ချက်ပေးရန် ဆေးအဖွဲ့ကို ကျွန်တော်ပြောပြီး၊ သူတို့ချက်ပေးသော မြင်းခွာရွက်ဟင်းချိုကို တအိုးလုံးကုန်သည်အထိ သောက်လိုက်ရာ၊ အပူကျသွားခဲ့သည်။ သည်လိုနှင့် ကျွန်တော် နေပြန်ကောင်းလာခဲ့သည်။ နောက်နောင်အခါများတွင် မြင်းခွာရွက် ငရုတ်ကောင်း ဟင်းချိုသည် အဖျားတက်သော ရဲဘော်များအတွက် အဖျားကျဆေးဖြစ်လာခဲ့သည်။ ကုန်ခန််းသွားသော ဂလူးကို့ဓာတ်အတွက် ကြံရည်သောက်ပြီး၊ ပြန်လည် ဖြည့်ပေးနိုင်သည်။ တောင်ယာစိုက်လျှင် ကြံများကို ထည့်သွင်း စိုက်ပျိုူခဲ့ရာ ဖုန်းဆိုးတောများတွင် ကြံကိုရနိုင်သည်။ အိမ်တိုင်းလိုလိုတွင် အိမ်တွင်းဖြစ် ကြံရည်ကြိတ်ကိရိယာများကို တွေ့ရသည်။

ရွာသားတို့ အကြောက်ဆုံးရောဂါကား ဝမ်းကိုက်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သည်။ မိုးဦးကျတုန်းက တရွာလုံး ဤရောဂါဒဏ်ကို ဆေးဝါးမရှိဘဲ ခံခဲ့ရသည်။ ယခုတော့ ကြောက်စရာမလိုတော့။ ကျွန်တော့်ဆင်တုံးမနွယ်မှုန့်သည် ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေကြောင်း သူတို့ လက်တွေ့ သိသွားခဲ့သည်။ ရွာထဲမှာ ကျွန်တော်ရှိနေစဉ်မှာ ဝမ်းကိုက်ရောဂါ ဖြစ်ပွားသူ နှစ်ဦး၊ သုံးဦးတို့အား ဆင်တုံးမနွယ်ဆေးဖြင့် ရောဂါပျောက်ကင်းစေခဲ့ပြီးဖြစ်သည်။ (ကျွန်တော်သည် ဤနယ်မြမှနေ၍ အခြားနယ်မြေတခုသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသော အခါတွင်လည်း ကျောပိုးအိတ်ထဲတွင် ဆင်တုံးမနွယ်အမှုန့်များကို ဆောင်ထားလေ့ရှိရာ၊ ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါ ဖြစ်ပွားသူများကို ဤနည်းအတိုင်း ရောဂါပျောက်ကင်းစေခဲ့သည်။)

စာမတတ်သောလူငယ်များနှင့် ကလေးသူငယ်များကို စာသင်ပေးရေးအတွက် စာသင်ကျောင်းတကျောင်း တည်ထောင်ရန်လည်း ရွာသားများနှင့် ဆွေးနွေးသည်။ မိဘများက စာမတတ်သူများဖြစ်ကြသော်လည်း သူတို့၏ သားသမီးများကို စာတတ်စေချင်ကြသည်။ ဤအတွက် ရွာမှာ စာသင်ကျောင်းရှိရေးကို စိတ်အားထက်သန်ကြသည်။ ကျောင်းဆရာနှင့် ကျောင်းဖတ်စာအုပ်၊ စာရေးကိရိယာဖြစ်သော ကျောက်သင်ပုန်း၊ ကျောက်တံ၊ သင်ကြားရေး ပစ္စည်းများအတွက် ပါတီက ထောက်ပံ့ရမည်ဖြစ်ပါသည်။

စည်းရုံးးရေးဆင်ပြီး၊ တလခန့်အကြာတွင် ရွာသားများ၏ အခြေအနေနှင့်ပတ်သက်၍ ခရုုိင်အတွင်းရေးမှူးအား ကျွန်တော် အစီရင်ခံတင်ပြခဲ့သည်။ တကယ်တော့ ခရိုင်အတွင်းရေးမှူးက ဤရွာအကြောင်းကို သိပြီးသားဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်က အသေးစိတ်အချက်အလက်များနှင့်တကွ၊ ကျွန်တော့်အကြံပြုချက်များကိုပါ တင်ပြခြင်းဖြစ်ပါသည်။ ခရိုင်အတွင်းရေးမှူးက ဤရွာသည် မြန်မာနိုင်ငံတွင် လူနေမှုအဆင့်အတန်း အနိမ့်ဆုံးရွာဟု ထင်ကြောင်း၊ ဤရွာကို စနစ်တကျ တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ ရန်သူ့ထိုးစစ်ကို ခုခံပြီးနောက်ပိုင်း၊ ပါတီ၏ အခြေခံဒေသကို ပြန်လည်တည်ဆောက်ရာတွင် ဤတည်ဆောက်မှု အတွေ့အကြုံကို စံနမူနာအဖြစ် အသုံးပြုရမည်ဖြစ်ကြောင်း ပြောပါသည်။ နောက် မကြာမီ၊ သီတင်းတပတ်လောက် အကြာတွင် ရွာလုံးကျွတ် အစည်းအဝေး တနည်းဆိုရလျှင် ရွာ ညီလာခံ ကျင်းပသည်။ ရွာရှိ အရွယ်ရောက်သူ ယောက်ျား၊ မိန်းမ လူစုံတက်ရောက်ကြသည်သာမက၊ လာမည့်နှစ်တွင် ပြောင်းရွေ့လာကြမည့် အနီးအနားတဝိုက်မှ အိမ်ထောင်စု (၃) (၄)စုပါ လာတက်ကြသည်။ အစည်းအဝေးကို ဝါးရုံ ရိပ်ကောင်းကောင်း တနေရာတွင် ဝါးဖျာများခင်းပြီး ကျင်းပသည်။ အစည်းအဝေးတက်သူများအားလုံးကို နေ့လည်စာ ထမင်းကျွေးသည်။ အတီးအမှုတ် တတ်သူများက မယ်ဒလင်၊ တယောများ ယူလာကြရာ၊ အစည်းအဝေးမစမီ အတီးအမှုတ်၊ အဆိုတို့ဖြင့် ဧည့်ခံသည်။ တယောထိုးသူကို ကျွန်တော်ကြည့်လိုက်ရာ တယောအိမ်သည် တောထဲက သစ်သားဖြင့် လုပ်ထား သော တယောဖြစ်ကြောင်း တွေ့ရသည်။ အရောင်တင်ဆေး သုတ်မထားသည်မှလွဲ၍ ရောင်းတမ်းတယောနှင့် တရွယ်တည်း၊ တပုံစံတည်းဖြစ်ကြောင်း တွေ့ရသည်။ တောကြီးမြိုင်လယ်က အိမ်ထောင်စု ၁၄-၅ စု ပါသော အခမ်းအနားလေးဖြစ်သော်လည်း ကိုယ့်ဘဝ ကိုယ်ပျော်ဆိုသကဲ့သို့ပင်၊ ကြုံတောင့်ကြုံခဲ အခမ်းအနားကြီးတခု ဖြစ်သည်။

အစည်းအဝေးတွင် ပါတီ ခရိုင်အတွေင်းရေးမှူးက ပါတီ၏ လမ်းစဉ်နှင့်တကွ၊ ပြည်တွင်းနှင့် နယ်မြေမှာ ဖြစ်ပွားနေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ အကြောင်းကို ဟောပြောသည်။ ရွာလူကြီးလည်းဖြစ်၊ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်သူက ရွာ၏ စီးပွားရေး၊ လုံခြုံရေး၊ ရွာ၏ တိုးတက်ရေးပြဿနာများကို တင်ပြသည်။ ပုံမှန် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျင်းပသော အခမ််းအနားမဟုတ်သဖြင့် တက်ရောက်သူ အသီးသီးက ထင်မြင်ချက်များနှင့် အကြံပြု ချက်များကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းနှင့် ရင်းရင်းနှီးနှီး ပေးကြသည်။ (တကယ်တော့ ပါတီနယ်မြေမှာ လူတိုင်းလိုလိုပင် အဆင့်ဆင့် ပါတီခေါင်းဆောင်များနှင့် ကေဒါများကို ပြောရဲဆိုရဲ ရှိကြသည်သာ ဖြစ်သည်။ ကျွန်တော်တို့ပါတီ၏ ခေါင်းဆောင်များသည် ကိန်းကြီးခန်းကြီးမရှိကြဘဲ တရွာတည်းသားချင်း၊ ဆွေမျိုးသားချင်းကဲ့သို့ ဆက်ဆံသောကြောင့်ဖြစ် မည်ထင်ပါသည်။ ပါတီရဲဘော်၊ ယောက်ျားလေး၊ မိန်းကလေးများဆိုလျှင် အိမ်ရှင် စပါးရိတ််နေခိုက်ကြုံလျှင်၊ စပါးကူရိတ်ပေးသည်။ စပါးထိုးခိုက်ကြုံနေလျှင် စပါးကူထိုးပေသည်။ စပါးကြိတ်၊ ဆန်ဖွပ်၊ ထင်းခွေ၊ ရေခပ်အလုပ်အထိ စကားတပြောပြောနှင့် ကူလုပ်ပေး ကြသည်။ “ပါတီရဲဘော်တွေ မလာတာကြာရင် ပျင်းတယ်”ဟုဆိုကာ၊ မျှော်နေကြသော ရွာသားများကို ကျွန်တော်တွေ့ဖူးခဲ့ပါသည်။)

စည်းရုံးရေးလုပ်ငန်းအဖြစ်၊ ကျေးရွာကော်မတီ၊ တောင်သူလယ်သမားသမဂ္ဂ၊ အမျိုးသမီးသမဂ္ဂ၊ လူငယ်သမဂ္ဂများပြန် လည်ဖွဲ့စည်းသည်။ ထို့ုပြင်၊ ပြည်သူ့စစ်အဖွဲ့ကိုလည်း အင်အားတိုးပြီးဖွဲ့စည်းသည်။ အိမ်ထောင်စုတိုင်း၏ ဖုန်းဆိုးတောများမှာ ဥယျာဉ်များတည်ရန်၊ ဝင်ငွေရသီးနှံများစိုက်ပျိုးရန် မြေပြန့်နေရာများတွင် တောင်ယာတနှစ် စိုက်ပြီးပါက ဖြစ်နိုင်လျှင် (ကျွဲနွားများရနိုင်လျှင်)လယ်မြေများတီရန်။ ဝင်ငွေတိုးတက်လာလျှင် ဘုန်းကြီး တပါးပင့်ပြီး၊ ဘုန်းကြီးကျောင်း ဆောက်လုပ် ကို်းကွယ်ရန် ရပ်ရွာ တူရိယာအဖွဲ့ဖွဲ့ပြီး၊ ပါတီက တူရိယာပစ္စည်း (အိုးစည်၊ ဒိုးပတ် အပါအဝင်)များ ထောက်ပံ့ရန်၊ ရပ်ရွာ သာရေးနာရေးနှင့် အခမ်းအနားများအတွက် အများပိုင် အိုးခွက်၊ ပန်းကန်ခွက်ယောက်များ ဝယ်ယူစုဆောင်းထားရန်၊ သက်သာချောင်ချိရေးအတွက် စပါးဘဏ်၊ ငွေဘဏ်များ ထားရှိရန်၊
ရပ်ရွာပိုင် ဆေးစတို(store)ထားရှိရန် (အရေးပေါ်လိုအပ်သူက လိုအပ်သောဆေးကို သုံးပြီးလျှင် အစားပြန်ဝယ် ထည့်ပေးရန်၊ စာတတ်သူများကို ပါတီက ဆေးသင်တန်းပေးရန်) သီတင်းပတ် (၂) ပတ်အတွင်း စာသင်ကျောင်းဆောက်ပြီး၊ လူငယ်များနှင့် ကလေးများအတွက် ကျောင်းဖွင့်ရန်၊ ကျောင်းသုံး ဖတ်စာအုပ်၊ ကျောက်သင်ပုန်း၊ ကျောက်တံတို့ကို ပါတီက ထောက်ပံ့ရန်၊ ပါတီသို့ ပေးဆောင်ရန် စပါးအခွန်နှုန်းကို တောင်သူလယ်သမား သမဂ္ဂက သတ်မှတ်ရန်၊ ရွာသားများ၏ ဝမ်းစာ စပါးမှအပ ပိုသောစပါးများကို ပါတီရိက္ခာအတွက် ပါတီသို့ ရောင်းရန်၊ စပါးစျေးနှုန်းကို တောင်သူလယ်သမားသမဂ္ဂက သတ်မှတ်ရန်၊ ရွာမှာ ပန်းပဲဖိုတဖို တည်ထောင်နိုင်ရေးအတွက် ပန်းပဲဆရာအား ပါတီက ပန်းပဲသုံးပစ္စည်းကိရိယာများကို ရှာဖွေ ထောက်ပံ့ပေးရန်တို့ ဖြစ်ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်များ ချအပြီးတွင် စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် မိဘဆရာ အသင်းကို ဖွဲ့စည်းပြီး၊ ကျောင်းဖြစ်မြောက်ရေးအတွက် ဆွေးနွေးကြသည်။ ကျောင်းဆောက်လုပ်ရေး၊ ကျောင်းဆရာ၊ ဆရာမများခန့်ထားရေး၊ ကျောင်းဖွင့်ပွဲ အခန်းအနားကျင်းပရေးတို့အတွက် အစီအစဉ်များ ချမှတ်ကြသည်။ စာသင်ရန်အတွက် လောလောဆယ် မရှိမဖြစ်လိုအပ်သော ဖတ်စာအုပ်၊ ကျောက်သင်ပုန်းနှင့် ကျောက်တံတို့ကို ပါတီက ရှာပေးနိုင်သော်လည်း ကျောင်းသင်ပုန်းကြီးများနှင့် မြေဖြူတို့ကို ရရှိရန်အခက်အခဲရှိနေပါသည်။ သို့ရာတွင် ကျောင်းကို မဖြစ်မနေ ဖွင့်ရတော့မည်ဖြစ်ရာ၊ လိုအပ်သည်များကို ရသည့်နည်းဖြင့် ဖြည့်ဆည်းရပေတော့မည်။ ကျောက်သင်ပုန်းကြီးအစား၊ သစ်မြစ်ပျဉ်းကြီးများကို ဓါးဖြင့်ခုတ်ချောလိုက်လျှင် ၃ ပေ ပတ်လည်ခန့် သစ်ပြားကြီးများ ရနိုင်သည်။ ထို့ပြင် အသားပွသော လျှော်ပင်ကို ဓားဖြင့် ခွဲစိတ်ပြီး ခုတ်ချောလိုက်လျှင်လည်း ပျဉ်ပြားဖြူဖြူများ ရနိုင်သည်ဟု ရွာသားများက အကြံပေးကြသည်။ မြေဖြူမရသေးလျှင်၊ ထိုပျဉ်ချပ်များပေါ်တွင် မီးသွေးခဲဖြင့် ရေးနိုင်သည်။

ဤသို့ဖြင့် ကျောင်းကို ဖွင့်ဖြစ်အောင် ဖွင့်လိုက်ကြသည်။ ကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ကျေးရွာပညာရေးနှင့် ပတ်သက်၍ ခရိုင်အတွင်းရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ မိဘဆရာအသင်းအတွင်းရေးမှူး-ကျောင်းအုပ် (ကျွန်တော်)တို့ ဟောပြောကြသည်။ အခမ််းအနားတက်ရောက်လာသူများကို အကျွေးအမွေး (မုန့်ဟင်းခါး)ဖြင့်ဧည့်ခံသည်။ ရွာတွင် ဤအခမ်းအနားသည် ပထမဦးဆုံး ပေါ်ပေါက်လာသော ကျောင်းအတွက် အခမ်းအနားလည်းဖြစ်သောကြောင့် ရွာသူ၊ ရွာသားအားလုံး ပျော်လည်းပျော်၊ ဂုဏ်လည်းယူကြသည်။

ကျောင်းမှာ ရွာထဲက ကလေးများ၊ အပျို လူပျိုပေါက်အရွယ်များအပြင် ကျွန်တော်တို့ပါတီစခန်းမှ အသက် ဆယ်နှစ်အထက် ကလေးများ အားလုံးပေါင်း ကျောင်းသား (၂၀)ကျော်ခန့် ကျောင်းတက်ကြသည်။ ကျောင်းဆရာအဖြစ် ကျွန်တော်အပြင် အမျိုးသမီးတပ်ဖွဲ့ထဲက အလယ်တန်းအဆင့်အထိ ကျောင်းနေခဲ့ဖူးသူ မိန်းကလေးတယောက်ကပါ သင်ပေးသည်။ သင်္ကြန်နား နီးချိန်အထိ (၂) လခန့် စာသင်ချိန်ရခဲ့သည်။ သင်္ကြန်မိုးမကျမီတွင် မီးရှို့ထားသော တောင်ယာကွက်များမှာ မီးမလောင်ဘဲ ကျန်နေသေးသော သစ်ကိုင်း၊ ၀ါးကိုင်းများကို ရှင်းလင်းခြင်း၊ မီးရှို့ခြင်း ပြုရမည်ဖြစ်သည်။ သင်္ကြန်မိုးကျလျှင် စပါးထိုး (မြေကြီးကို စူးဖြင့်ထိုးပြီး၊ အစေ့ချ) ရမည်။ စပါးထိုးပြီးမှသာ ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ပါသည်။ ကျွန်တော် စာသင်ခဲ့သော ကာလအတွင်းမှာ ကျောင်းသားများ စာကို စာလုံးပေါင်းပြီး ဖတ်နိုင်လာခဲ့သည်။ အပေါင်း၊ အနုတ်ကို ဆယ်ဂဏန်းအထိ ပေါင်းတတ်၊ နုတ်တတ်လာခဲ့သည်။ အမြှောက်အစား မသင်ရသေးသော်လည်း (၁၂) အလီအထိ အလွတ်ရနေကြပြီ။ အလုပ်အားသော ရာသီများတွင် စာသင်ရင်းဖြင့်ပင် ကျောင်းသား၊ ကျောင်းသူများ စာတတ်လာကြပေလိမ့်မည်။

သို့ရာတွင် သင်္ကြန်အပြီးမှာ တာဝန်ကျရာ တခြားနယ်မြေသို့ ကျွန်တော် ပြောင်းခဲ့ရပါသည်။ ရွာသူရွာသားများကိုလည်း ကျွန်တော်နှုတ်မဆက်ခဲ့ရပါ။ ပြောင်းရွေ့ရမည့်နယ်သို့ သွားရာခရီးသည် ကုန်းတတန် ရေတတန်ဖြင့် ဝေးလွန်းပြီး အန္တရာယ်ကလည်း ထူပြောလွန်းသည်ဖြစ်ရာ အခွင့်အလမ်း ရတုန်းရခိုက် ထွက်လာခဲ့ရခြင်းဖြစ်သည်။

တော်လှန်ရေးနယ်မြေသစ် ရောက်တော့၊ ကျွန်တော့် မှာ လက်နက်ကိုင်တော်လှန်ရေး သမားတို့ကြုံတွေ့ရမြဲဖြစ်သော အခက်အခဲများ၊ အ န္တရာယ်များ၊ စိတ်ဓာတ်ကျစရာများ၊ စိတ်ဓာတ်တက်ကြွစရာများ၊ လက်နက်ကိုင်တော်လှန်ရေးထဲ မရောက်ခင်က မစဉ်းစားမိခဲ့သော ပါတီတွင်းပြဿနာများကို လက်တွေ့ကြုံတွေ့ရင်း ပင်ပန်းခက်ခဲစွာ ဖြတ်သန်းခဲ့ရရာ၊ ကျောက်တောင်ရွာကို တချက် တချက်သာ သတိရမိပါတော့သည်။ ရွာသူရွာသားတွေ တိုးတက်မှုမှ ရှိပါလေစ။ ကျန်းမာလို့ ဘေးအ န္တရာယ်များ ကင်းရှင်းပါလေစဟု။ အထူးသဖြင့် ကျွန်တော်ရောက်နေသော နယ်မြေသစ်မှာ ကျွန်တော်တို့ ရဲဘော်များ၏ တောင်ယာမှာ စပါးရိတ်သိမ်းချိန်ရောက်တိုင်း ကျောက်တောင်ရွာသားများ ရန်သူ့ဘေးကြောင့် ဝမ်းစာစပါးပင် မရလိုက်မှာကို ကျွန်တော်စိုးရိမ်မိပါသည်။ ကျောင်းကို ဘယ်သူတာဝန်ယူမလဲ၊ ကျောင်း ဆက်ဖွင့်သေးရဲ့လား ဆိုသည်ကိုလည်း တွေးပူမိပါသည်။

နောက် (၂)နှစ်ခန့်အကြာတွင် ကျောက်တောင်ရွာရှိရာနယ်မြေမှ ခရိုင်အတွင်းရေးမှူးနှင့် ကျွန်တော် ၀ိုင်ယာလက် (wireless) စက် အဆက်အသွယ်ရပါသည်။ “ခင်ဗျားတည်ဆောက်ခဲ့တဲ့ရွာ အခြေအနေကောင်းတယ်ဗျာ။ အိမ်ခြေတွေလည်း တိုးလာတယ်။ ဥယျာဉ်တွေလည်း တည်ထားတယ်။ ပြည်သူ့စစ်ကလည်း ရန်သူ့စစ်ကြောင်းကို ပြောက်ကျားကောင်းကောင်း တိုက်နိုင်ခဲ့တယ်။ ကျောင်းလည်း ဆက်ဖွင့်ထားတယ်” ဟု ပြောပြပါသည်။ တကယ်တော့ ကျောက်တောင်ရွာကို တည်ဆောက် သူသည် ကျွန်တော်မဟုတ်ပါ။ ကျွန်တော်က ရွာသားများနှင့် နီးနီးကပ်ကပ်၊ ရင်ရင်းနှီးနှီးနေခဲ့ပြီး၊ ပြည်သူကို အလုပ်အကျွေးပြု ရေး ရပ်တည်ချက်ဖြင့် သူတို့ အကျိုးရှိရာရှိကြောင်းအတွက် လှုံ့ဆော်စည်းရုံးခဲ့ခြင်းသာ ဖြစ်ပါသည်။ တကယ် တည်ဆောက်ပေးသူသည် ခရိုင်အတွင်းရေးမှူး ဦးဆောင်သော ခရိုင်ပါတီအဖွဲ့အစည်းသာ ဖြစ်ပါသည်။ ပါတီ၏ တည်ဆောက်ပေးမှူကြောင့် အလွန်ဆင်းရဲပြီး၊ ခေတ်နောက်ကျသော ရွာသူ၊ ရွာသားများ၏ဘဝ သိသိသာသာတိုးတက်လာသည်ဟု ကြားရခြင်းကြောင့်ပင် ကျွန်တော့်မှာ ဝမ်းသာပီတိဖြစ်မိပါသည်။ ကျေးရွာ စည်းရုံးရေးတာဝန်ခံအဖြစ် ပါတီတာဝန် ထမ်းဆောင်ခဲ့ရသည်ကိုလည်း ကျွန်တော် ယနေ့အထိ ဂုုဏ်ယူနေဆဲ ဖြစ်ပါသည်။

ရဲဘော် မောင်မောင်လတ်
၃၁-၇-၂၀၁၆

(အရေးတော်ပုံဂျာနယ် အတွဲ(၂) အမှတ် ၆ မှဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *