အလုပ်သမားသပိတ်ကို ဖြိုခွဲနှိမ်နင်းမှု အဆင့်ဆင့်
ဆွေးနွေးညှိနှိုင်းမှုများ
အလုပ်သမားများသည် စစ်ကိုင်းစက်ရုံရှေ့တွင် ရက်ပေါင်း ၆၀ ကြာ သပိတ်မှောက်ခဲ့ကြသည်။ ဆင်းရဲ ဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ကြရသည်။ မီးဖွားကာစ ကလေးများ သေဆုံးခဲ့ရသည်။ မိုးသီးဒဏ်ကြောင့် မိန်းကလေးတယောက် ဆေးရုံပို့ခဲ့ရသည်။ သို့သော် အလုပ်သမားများ၏ ဒုက္ခကို မည်သူမျှ အရေးလုပ်ဖြေရှင်းပေးခြင်း မရှိခဲ့။
ထို့ကြောင့် အခြားရွေးစရာမရှိတော့သော အလုပ်သမားများသည် ဧပြီလကုန်ပိုင်းတွင် နေပြည်တော်သို့ ကားဖြင့် ထွက်ခွာခဲ့ကြသည်။ ဝမ်းတွင်းမြို့အရောက် မြတ်ညီနောင် ဘုရားအနီးတွင် အာဏာပိုင်တို့က တားဆီးခဲ့ကြသည်။ ထိုနေ့သည် ဧပြီလ ၂၆ ရက်နေ့ ဖြစ်သည်။ မြတ်ညီနောင် ဘုရားဝင်းအတွင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့ကြရာ အာဏာပိုင်တို့က နှစ်ရက်အတွင်း ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးပါမည်။ ဧပြီ ၂၇၊ ဧပြီ ၂၈ နှစ်ရက်စောင့်ဆိုင်းပါဟုပြောပြီး အလုပ်သမားများကို နောက်ပြန်ဆုတ်ခိုင်းခဲ့သည်။ စစ်ကိုင်း အလုပ်သမားများ အလွန်သဘောထားကြီးကြသည်။ ရက် ၆၀ ကာလတွင် မည်သူကမျှ အရေးမလုပ်ခဲ့သော် လည်း ယခု ၂ ရက်စောင့်ပါဆိုသောအခါ ညှိနှိုင်းချက်ကို လက်ခံပြီး ပြန်ဆုတ်ခဲ့ကြသည်။ သို့သော် စစ်ကိုင်းပြန် စောင့်ခဲ့သော ထိုနှစ်ရက်အတွင်း မည်သူတဦးတယောက်မျှပင် ရောက်မလာခဲ့။ ဖုန်းလေးတချက်ပင် ဆက်မည့်သူမရှိခဲ့။ စာလေးတကြောင်းပင် ပေးပို့သူ မရှိခဲ့။
အာဏာပိုင်တို့က သူတို့ကတိပေးသည့် နှစ်ရက်အတွင်း အကြောင်းမပြန်ခဲ့သည့်အတွက် အလုပ်သမားများသည် နေပြည်တော်အထိ ချီတက်လမ်းလျှောက်ခဲ့ကြသည်။ အာဏာပိုင်များသည် စစ်ကိုင်းတံတားမှ စတင်တားမြစ်သည်။ ဆွေးနွေးသည်။ ထို့နောက် လမ်းတလျှောက်တွင်လည်း အကြိမ်ကြိမ်တားဆီးပိတ်ဆို့သည်။ ဆွေးနွေးကြပြန်သည်။ သို့သော် မည်သည့် ဆွေးနွေးချက်မျှ အရေးမပါ အရာမရောက်ခဲ့။
ဝမ်းတွင်းမြို့အရောက်တွင် နောက်တကြိမ် ဆွေးနွေးကြပြန်သည်။ အလုပ်သမားများဘက်က သူတို့လိုလားချက်များကို တောင်းဆိုခဲ့ကြသည်။ တောင်းဆိုချက်များမှာ အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၁၆၁ ယောက်အနက် အလုပ်သမား ၆၀ ဦးကို အလုပ်ပြန်ခန့်ပေးရန်၊ ကျန်အလုပ်သမားများကို အနီးအနား ပတ်ဝန်းကျင်ရှိစက်ရုံများတွင် နေရာပြန်လည် ချထားပေးရန်၊ ကြားကာလ နစ်နာကြေးပေးရန်၊ အလုပ်ရှင်၏ ဥပဒေချိုးဖောက်မှုများကို အရေးယူပေးရန်၊ အလုပ်သမားသပိတ်စစ်ကြောင်းမှ အလုပ်သမားများအား အရေးမယူရန် တို့ဖြစ်သည်။
အာဏာပိုင်များဘက်မှ ၅ ရက် စောင့်ပါ။ ပြေလည်အောင် ဖြေရှင်းပေးပါမည်ဟု ကတိပေးသောကြောင့် အလုပ်သမားများက လိုက်လျောကာ သပိတ်စစ်ကြောင်းကို ၅ ရက် ရပ်နားပေးခဲ့သည်။ ၅ ရက်အကြာတွင် စစ်ကိုင်းတိုင်းဝန်ကြီး ဦးဆောင်သောအဖွဲ့ ရောက်လာသည်။ အလုပ်သမား ၅၆ ယောက်ကို ရပ်နီးရပ်ဝေးစက်ရုံတချို့တွင် အလုပ်ပြန်ရအောင် လုပ်ပေးမည်။ ထိုအထဲတွင် ဖောင်းပြင်၊ မုဒုံ၊ ကလေး၊ တမူးလို ရပ်ဝေးနေရာမျိုးတွေလည်း ပါဝင်သည်။ အလုပ်ရှင်ကို အရေးယူသင့် မယူသင့်မှာ ၅ ရက်နှင့် မဆုံးဖြတ်နိုင်ဟုဆိုသည်။ ရက်ဘယ်လောက်ကြာအောင် စောင့်ဆိုင်းရမည်နည်းဟုမေးရာ မဖြေနိုင်။ သပိတ်မှောက်အလုပ်သမားများကို အရေးမယူရန် ကတိမပေး။ ထူးခြားချက်ကား ထိုအကြောင်းပြန်ကြားချက်ကို ရေးထားသည့် စာကို ဖတ်ရုံဖတ်ပြသည်။ မိတ္တူပေးဖို့ တောင်းဆိုရာ ငြင်းဆန်သည်။ မိတ္တူအဘယ်ကြောင့် မပေးနိုင်သနည်းဆိုသော အချက်မှာ မရှင်းလင်းပါ။ နှုတ်ကတိမျှသာ ပေးနိုင်သောကြောင့် တရားဝင်မိတ္တူ မပေးခြင်းလား။ ၎င်းတို့၏ ဆောင်ရွက်ချက်ကို အများပြည်သူသိမှာ စိုးသောကြောင့်လား။ အဘယ်ကြောင့် သိမှာ စိုးရိမ်သနည်း။ ပွင့်လင်းမြင်သာမှု နည်းပါးလွန်းသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။
ထို့ထက်ပို၍ စိတ်ပျက်ဖွယ်ကောင်းသောအချက်မှာ အလုပ်သမားများကို တည်းခိုစရာနေရာမရအောင် ဘုန်းကြီးကျောင်းများကိုပင် သံဃမဟာနာယက အဖွဲ့ကိုု အသုံးပြု၍ ဖိအားပေးသောအချက်ပင် ဖြစ်သည်။ အလုပ်သမားများ လမ်းဘေးတွင် အိပ်ကြရသည်မှာ အလွန်စိတ်မချမ်းသာစရာ ကောင်းလှသည်။ ရက်စက်လွန်းပါသည်။ ရာသီဥတုပူပြင်းသည့်အပြင် ကောင်းစွာအနားယူခွင့် မရသောကြောင့် ရမည်းသင်းသို့ ချီတက်သည့်နေ့တွင် အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတယောက် သတိလစ်မေ့မျောကာ ဆေးရုံတင်လိုက်ရသည်။
လွှတ်တော်အမတ်များ လာရောက်တွေ့ဆုံခဲ့သည်။ ထိရောက်သော အကူအညီ မပေးနိုင်ခဲ့။ လွှတ်တော်ဥက္ကဋ္ဌကို ပြောပေးပါမည်ဟု ဆိုသည်။ နှုတ်ကတိမျှသာ။ အမှန်တကယ်လုပ်ပိုင်ခွင့် ဘာမျှရှိပုံမရ။ နောက်တနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက အလုပ်သမားများ စာတင်ပါဟု ပြောသည်။ မြင်နေ၊ သိနေ၊ ကြားနေရုံမက အချိန်မရွေးလာတွေ့လို့ ရပါလျက်နှင့် စာတင်ခိုင်းနေသည်မှာ ဗျူရိုကရေစီဆန်လွန်းလှသည်။ လက်တွေ့ဘာမှ ဖြစ်မလာခဲ့။ အလုပ်သမားသပိတ်အား သမ္မတဦးထင်ကျော်က လေးစားပါသည်။ သမ္မတကိုယ်စားလှယ် လာရောက်တွေ့ဆုံပါမည်ဟု သတင်းစကားကြားသောကြောင့် အလုပ်သမားများ ဝမ်းသာခဲ့သည်။ သို့သော် တကယ်ဖြစ်မလာခဲ့သည်မှာ အားလုံးသိကြသည့်အတိုင်းပင်ဖြစ်ပါသည်။
သပိတ်ဖြိုခွဲဖမ်းဆီးခြင်း
နောက်ဆုံးတွင်မူ ယခင်အစိုးရလက်ထက်ကကဲ့သို့ပင် ဖြိုခွဲဖမ်းဆီးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
ကိုင်တွယ်ပုံကိုင်တွယ်နည်း၊ ဖြိုခွဲပုံဖြိုခွဲနည်းသည် ဦးသိန်းစိန်အစိုးရလုပ်ပုံကိုင်ပုံနှင့် များစွာမကွာ။ တပုံစံတည်း တထပ်တည်း ဖြစ်နေသည်။ အပျော့အပြင်း အနည်းငယ်သာ ကွာသည်။ ဦးသိန်းစိန်အစိုးရက ကျောင်းသားများကို ဖြိုခွဲနှိမ်နင်းလိုသောအခါ သတင်းစာများမှတဆင့် ကျောင်းသားများကို နည်းမျိုးစုံဖြင့် အပြစ်တင်ဝေဖန်ခဲ့သည်။ လူထုက ကျောင်းသားကို အထင်မှားအောင် ဝါဒဖြန့်ချိသည်။ ယခုလည်း အလားတူ လုပ်ရပ်များကို လုပ်ခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်သည် သတင်းစာရှင်းလင်းပွဲဖြင့် အလုပ်သမားများကို တိုက်ခိုက်ဝေဖန်ခဲ့သည်။ သတင်းစာများကလည်း အလုပ်သမားများကို အပြစ်တင်ရေးသားခဲ့သည်။ မေလ ၁၇ ရက်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင်က လက်ကမ်းစာစောင်များ လမ်းပေါ်ထွက် ဖြန့်ဝေပြီး အလုပ်သမားများကို တိုက်ခိုက်ခဲ့သည်။ ကိုယ်ကျင့်တရား ကင်းမဲ့လှပါပေသည်။ လုပ်နည်းလုပ်ဟန် ငါးမင်းဆွေဆန်လှသည်။ မည်သူညွှန်ကြားခဲ့ပါသနည်း။
မတ်လ ၁၈ ရက်တွင် တပ်ကုန်းမြို့နယ် ညောင်လွန့်ရွာအနီးတွင် ရဲက ပိတ်ဆို့တားဆီးထားခဲ့သည်။ ခရိုင် အုပ်ချုပ်ရေးမှူး ရောက်လာပြီး “ရှေ့ဆက်မတိုးပါနှင့်။ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လာရောက်ဆွေးနွေးပါမည်”ဟုဆိုသည်။ အကြိမ်ကြိမ် ပျက်ကွက်သည်ကိုကြုံခဲ့ဖူးပြီမို့ အလုပ်သမားများ မယုံကြ။ ဘယ်အချိန် လာမလဲ၊ အချိန်အတိအကျပြော ပါဟု ဆိုသောအခါ နောက်တနာရီခွဲအတွင်း လာဖို့ အာမခံသည်ဟု ဆိုသည်။ အလုပ်သမားများသည် စိတ်ရှည်သည်းခံစောင့်ဆိုင်းခဲ့ပြန်သည်။ သို့သော် တနာရီခွဲကြာသောအခါ ဒေါက်တာမျိုးအောင် ပေါ်မလာပါ။ ဒေါက်တာမျိုးအောင်နှင့် လာရောက်တွေ့ရန် အလုပ်သမားခေါင်းဆောင် ၅ ဦး လိုက်ခဲ့ပါဟု တမျိုးပြောင်းပြီးခေါ်ပြန်သည်။ အွန်လိုင်းတွင် တက်လာသည့် ဗီဒီယိုထဲ၌“ရှင်တို့လူကြီးတွေဖြစ်ပြီး အမျိုးမျိုးပြောတယ်နော်” ဟု အမျိုးသမီးအလုပ်သမား တယောက်က အပြစ်တင်ပြောဆိုသောအခါ ခရိုင်အုပ်ချုပ်ရေးမှူးတွင် ဖြေစရာစကား မရှိချေ။ “ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့” ပါဟုသာ ပြောသည်။ အလုပ်သမားများ ယုံကြည်မှုပျက်ပြားလေပြီ။ ခေါင်းဆောင် ၅ ဦးကို ခွဲထုတ်ခေါ်ဆောင်ခြင်းသည် ဖမ်းဆီးလိုသောကြောင့်သာဟု အလုပ်သမားများက ယူဆသည်။ ထို့ကြောင့် အလုပ်သမားများ အားလုံးသွားရောက်တွေ့ဆုံမည်ဟုဆိုကာ ရှေ့ဆက်ရန် ခြေလှမ်းပြင်လိုက်ကြသည်။ ရဲများက အလိုက်သင့် လမ်းဖွင့်ပေးလိုက်ကြသည်။ အတားအဆီး သံဆူးကြိုးများကိုပင် ဖယ်ရှားပေးလိုက်သေးသည်။
အလုပ်သမားများ သံဆူးကြိုးအဆီးအတားကို ကျော်သွားတော့မှ ရှေ့နောက်ပိတ်ကာ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးလိုက်ကြလေသည်။ အတင်းအဓမ္မ အကြမ်းပတမ်း ချုပ်နှောင် ဖမ်းဆီးကြသည်။ အမျိုးသမီးများကိုပင် လက်ကောက်ဝတ်များတွင် ဖမ်းသူများ၏ လက်ရာများ အချောင်းလိုက်ပေါ်အောင် အတင်းချုပ်နှောင် ဖမ်းဆီးကြသည်။ ကိုနှင်းအောင်ကို အရပ်ဝတ်တယောက်က အချုပ်ကားထဲအရောက်တွင် လက်သီးနှင့်ထိုးသည်။ ထူးခြားသောအချက်မှာကား ရဲအရာရှိရှေ့မှောက်မှာပင် ပြောင်ပြောင်တင်းတင်း ထိုးခဲ့ခြင်းဖြစ်သည်။ အရပ်ဝတ်များ၏ သြဇာအာဏာကား မသေးလှ။ ထိုအရပ်ဝတ်များကို အသုံးပြုခြင်းသည်လည်း ဗိုလ်သန်းရွှေလက်ထက် ဦးသိန်းစိန်လက်ထက်က စွမ်းအားရှင်များကို အသုံးပြုပုံနှင့် အတူတူပင် ဖြစ်သည်။ ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ပြီ ဆိုသော်ငြားလည်း ဘာမှန်းမသိသော အရပ်ဝတ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုမှာ ရှိနေဆဲသာတည်း။
အကြမ်းဖက်ခြင်း လုံးဝမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော အလုပ်သမားများကို အကြမ်းဖက်ဖမ်းဆီးခဲ့လေသည်။
နိဂုံးချုပ် သင်ခန်းစာ
ယခုအခါ ဗမာနိုင်ငံကို နိုင်ငံပေါင်းစုံက မျက်စိကျနေကြသည်။ ဗမာနိုင်ငံထွက် သယံဇာတ၊ ကုန်ကြမ်းများကို မျက်စိကျသကဲ့သို့ စျေးချို လုပ်သားစျေးကွက်ကြီးမှာလည်း နိုင်ငံတကာ အရင်းရှင်များအတွက် သွားရည်ကျလောက်စရာ ဖြစ်နေသည်။ ၎င်းတို့နေထိုင်သော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် အလုပ်သမားလုပ်ခ စျေးကြီးလှသည်။ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေများကလည်း အများအပြားရှိသည်။ လူ့အခွင့်အရေးသမားများကလည်း မျက်စိဒေါက်ထောက် ကြည့်နေပြန်သေးသည်။ ထို့ကြောင့် နိုင်ငံတကာ အရင်းရှင်များသည် စျေးနှုန်းချိုသာပြီး ဥပဒေအကာအကွယ်မဲ့သည့် ဗမာအလုပ်သမား စျေးကွက်ကို စိတ်ဝင်စားကြသည်။ တိုင်းပြည်ကို အုပ်ချုပ်သူများကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာရေး၊ စီးပွားရေတိုးတက်ရေးကိုသာ အဓိကစိတ်ဝင်စားကြသည်။
အလုပ်သမားစျေးကွက်သည် ဗမာနှင့်အပြိုင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားတို့တွင်လည်း အပြိုင်အဆိုင်ရှိကြသည်။
ထို့ကြောင့် အုပ်ချုပ်သူလူတန်းစားသည် ကိုယ့်အလုပ်သမားများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးကို ကာကွယ်ရန်ထက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘာမျှစိုးရိမ်ပူပန်စရာမရှိဘဲ ဗမာအလုပ်သမားများကို စိတ်ကြိုက်ခိုင်းစေနိုင်ကြောင်းကိုသာ ပြသချင်ကြသည်။ အလုပ်သမားများကို နိုင်ငံတကာအရင်းရှင်များက ညှင်းပန်းနှိပ်စက်မှာထက် အလုပ်သမားများ တောင်းဆိုဆန္ဒပြကြသောကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ကြောက်သွားကြမှာကို ပို၍စိုးရိမ်ကြသည်။
ဤသို့သော အခြေအနေမျိုးအောက်တွင် အလုပ်သမားလူတန်းစားသည် မိမိအကျိုးကို မိမိဘာသာ ကာကွယ်ကြရလိမ့်မည်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ့်ဘာသာတိုက်ပွဲဆင်ကြရလိမ့်မည်။ ယနေ့ခေတ်တွင် အလုပ်သမားအရေး ဆောင်ရွက်သူ ပညာတတ်များသည်လည်း အားလုံးလိုလိုက နိုင်ငံတကာက ပေးစာကမ်းစာနှင့် မကင်းကြသူများ ဖြစ်နေကြသည်။ သူတို့ကိုယ်တိုင်ပင်လျှင် နှောင်ကြိုးနှင့် မကင်းသူများဖြစ်ရာ အားကိုးလောက်စရာမရှိပေ။
ယခု စစ်ကိုင်းအလုပ်သမားသပိတ် ဖြစ်စဉ်ကို ပြန်လည်သုံးသပ်လျှင် ဥပဒေများမှာ အလုပ်သမားများကို အကာအကွယ် မပေးနိုင်ကြောင်း ထင်ထင်ရှားရှားတွေ့ရသည်။ အလုပ်ရှင်နှင့်ဗျူရိုကရက်ကြီးများသည် ဥပဒေကို အသုံးပြုကာ အလုပ်သမားများကို နှိပ်စက်ကလူပြုမူသွားကြကြောင်းလည်း တွေ့ရသည်။ အစိုးရဖန်တီးပေးထားသော ယန္တရားများမှာလည်း အားကိုအားထားပြု၍မရ။ အရေးကြီးသော အလုပ်သမား ကိစ္စရပ်များစွာ အတွက် သူတို့တွင် လုပ်ပိုင်ခွင့်မရှိကြောင်း သူတို့ကိုယ်တိုင်ဝန်ခံခဲ့ရလေပြီ။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် မတရားသောဥပဒေများကို တိုက်ဖျက်ရေးမှာ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ် တရပ်ပင် ဖြစ်သည်။ ဥပဒေကို မတိုက်နိုင်သမျှ အလုပ်သမားများအတွက် တရားမျှတမှုကို မရနိုင်ပေ။
အလုပ်သမားလူတန်းစား၏ အခြေအနေမှာ စီးပွားရေးဖိနှိပ်မှုအောက် ကျရောက်နေရုံသာမက ဥပဒေနှောင်ကြိုးအမျိုးမျိုးနှင့် တင်းတင်းကြပ်ကြပ် တုပ်နှောင်ထားခြင်းကိုလည်း ခံစားနေကြရသည်။ ဤကဲ့သို့သော အခြေအနေဆိုးအောက်မှ လွတ်မြောက်ရန်မှာ ဗမာတနိုင်ငံလုံးရှိ လူမျိုးပေါင်းစုံအလုပ်သမားများ သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်သည့်နည်းမှတပါး တခြားနည်းလမ်း မရှိပေ။ အလုပ်သမားလူတန်းစား၏ လွတ်မြောက်မှုကို အလုပ်သမားလူတန်းစားကိုယ်တိုင်၏ ဆောင်ရွက်ချက်ဖြင့်သာရရှိနိုင်မည်ဆိုသော ကားလ်မာ့စ်၏ ပြောစကားသည် ယနေ့ ဗမာအလုပ်သမားများအတွက် ရည်ရွယ်ပြောကြားထားသကဲ့သို့ ရှိလေသည်။
(ပြီးပါပြီ။)
(အရေးတော်ပုံဂျာနယ် အတွဲ ၂ အမှတ် ၅ တွင် ဖော်ပြမည့် ရဲဘော်တဦး၏ အစီရင်ခံစာ ဖြစ်ပါသည်။)
