လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။
ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ် ဖြစ်တယ်။ အရင်းရှင်စီးပွားရေးကပ် နာတာရှည်ဖြစ်ကာ ဆင်းရဲချမ်းသာ ကွာဟမှု နက်ရှုင်းလာတဲ့ ခေတ်ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး စည်းစနစ်ဟောင်းတို့ ဖရိုဖရဲဖြစ်ကာ ဧကဝန်ရိုးကမ္ဘာလည်းမဟုတ် ဗဟုဝန်ရိုးကမ္ဘာလည်း မပီပြင်သေးတဲ့ တောင်မရောက် မြောက်မရောက်ကမ္ဘာကြီး ဖြစ်နေတယ်။
အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်ရေးမင်းမဲ့လက္ခဏာဆောင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုမညီညာမှုတို့နှင့်အတူ နိုင်ငံကြီးများဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို တဖက်က ကျင့်သုံးရင်း စီးပွားရေးကပ်ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများပေါ် ပုံချနေကြတယ်။
ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု၊ နယ်ကျော်ဒုက္ခသည်များ ဖိတ်စင်လာမှု၊ သယံဇာတတွေပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ စစ်လက်နက် အပြိုင်အဆိုင်တပ်ဆင် စစ်အင်အားပြမှု၊ ဩဇာခံနယ်ပယ် ထူထောင်မှု၊ ကိုယ်စားပြုစစ်ပွဲ proxy war တို့ကို ပါးစပ်က ထိန်းချုပ်ဖို့ ပြောသော်လည်း လက်တွေ့မှာ ပြဿနာကြီးတွေ ဖြစ်လာနေတယ်။
ဒီလို စိန်ခေါ်မှုတွေများတဲ့ မရေမရာကမ္ဘာကြီးမှာ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်ပြည်အကြား အိန္ဒိယသမုဒ္ဒရာကို မေးတင်ထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗမာပြည်ဟာ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအရ နိုင်ငံကြီးများရဲ့ အာရုံကျစရာ ဖြစ်လာတယ်။
ဗမာပြည်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံ စတဲ့ အရှေ့အနောက် နိုင်ငံအသီးသီးက ကော်ပိုရိတ်ဘဏ္ဍာအရင်းတွေ လာပါလိမ့်မယ်။ ပိတ်ဆို့မှုတွေ ဖယ်ရှားပါလိမ့်မယ်။ ကမ္ဘာမှုအသိုင်းအဝိုင်းအတွင်း ဆွဲခေါ်ပါလိမ့်မယ်။ အကူအညီ၊ အထောက်အပံ့၊ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် သဏ္ဌာန်စုံနဲ့ ဝင်လာမယ့် ဘဏ္ဍာအရင်းဟာ နှစ်ခွလက္ခဏာ ရှိပါတယ်။ မီးလိုပဲ သုံးတတ်ရင်အကျိုးရှိပြီး မသုံးတတ်ရင် အကျိုးနည်းမယ်။ နှောင်ကြိုးပါတဲ့ အထောက်အပံ့နဲ့ချေးငွေတွေ ဆိုတာကတော့ တကယ့်အန္တရာယ်တွေပဲ ဖြစ်တယ်။ အန္တရာယ်နဲ့အခွင့်အလမ်း ရောပြွမ်းနေတဲ့ အနေအထားမှာ၊ စစ်ခရိုနီလူတန်းစားကို တရားဝင်အောင်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်တွင်းစစ်ဆိုတဲ့ နိုင်ငံရေးပြဿနာ နှစ်ရပ်ကို မဖြေရှင်းနိုင်သေးသ၍ အခွင့်အလမ်းကနည်းပြီး စိန်ခေါ်မှုက များနေပါလိမ့်မယ်။
ကြည့်ပါ – အချက်အချာကျတဲ့ လယ်ယာမြေအမြောက်အမြားကို စစ်ခရိုနီတွေ သိမ်းပိုက်ထားတယ်။ တပ်ပိုင်မြေဆိုတာတွေက တပြည်လုံး နေရာအနှံ့၊ စစ်တပ်ထိပ်သီးပိုင်မြေတွေကလည်း မနည်းမနော၊ ခရိုနီတွေ ပိုင်ဆိုတာတွေက အဓိကကျတဲ့ နေရာတွေနဲ့ ကျယ်ပြောလှတဲ့ မြေနေရာတွေ လက်ညှိုးထိုး မလွဲပဲ။
- ပြည်သူပိုင်စီးပွားရေးလုပ်ငန်း မှန်သမျှ စစ်ခရိုနီပိုင် ပြုထားတယ်
- စီမံကိန်းမှန်သမျှ စစ်ခရိုနီတွေ ကန်ထရိုက်ရထားတယ်
- ငွေမဲတွေ ခဝါချထားတယ်
- ပြည်တွင်းမှာ လက်ဝါးကြီးအုပ်ပြီး ပြည်ပမှာ လက်ဝေခံလုပ်ကြတယ်။
ကြည့်ပါ – သန်းနဲ့ချီတဲ့ အလုပ်လက်မဲ့တပ်ဖွဲ့ကြီးဟာ ပျံကျအလုပ်သမားများအဖြစ် နေရာအနှံ့အပြားသို့ ပြန့်နှံ့သွားတယ်။ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ နိုင်ငံခြားမှာ ကျွန်ခံနေရတယ်။
- ပေါ်ထွန်းလာတဲ့ စက်မှုဇုန်တွေမှာ သိန်းနဲ့ချီတဲ့အလုပ်သမားများဟာ သင့်တင့်လျောက်ပတ်တဲ့ အနိမ့်ဆုံးလုပ်ခလစာကိုတောင် မရကြသေးဘူး။
- ကလေးအလုပ်သမားတွေ သန်းချီရှိနေတယ်။ သက်ကြီးရွယ်အိုတွေ မသေမချင်း အလုပ်လုပ်နေကြရတယ်။ အမျိုးသမီးအလုပ်သမတွေ ဘဝလုံခြုံမှုမရှိဘူး။
- အလုပ်သမား လယ်သမား အခြေခံလူတန်းစား သားသမီးများဟာ ပညာဆုံးခန်းတိုင် မသင်နိုင်ကြဘူး။ ကျောင်းမနေနိုင်ကြဘူး။ အဟာရချို့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့ ဖြစ်ကြရတယ်။ သူတို့ဟာ စစ်ကျွန်ပြုခံထားရတဲ့ ပညာမဲ့ အလုပ်သမားမျိုးဆက်သစ်တွေ ဖြစ်ကြရတော့မယ်။
ကြည့်ပါ – တိုင်းရင်းသားဒေသတွေမှာ သေနတ်သံမတိတ်သေးဘူး။ စစ်ပြေးဒုက္ခသည် သိန်းချီရှိနေတယ်။
- ပြည်တွင်းစစ်ကို အမှီပြုပြီး လက်နက်ကိုင်ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့ ပေါ်လာတယ်။
- စစ်ဗိုလ်ချုပ်ကြီးတွေရယ်၊ သူတို့ဦးစီးတဲ့ လက်နက်ကိုင်တွေရယ်၊ စီးပွားရေးသမား (ပြည်တွင်းပြည်ပ) တွေရယ် ပေါင်းပြီး ဘိန်းစိုက်တယ်၊ သစ်ခိုးထုတ်တယ်၊ ကျောက်မျက် ခိုးထုတ်တယ်၊ ရွှေတူးတယ်၊ မှောင်ခိုကုန်ကူးတယ်၊ လက်နက်မှောင်ခိုရောင်းတယ်၊ မူးယစ်ကုန်ကူးတယ်၊ ဓားပြတိုက်တယ်၊ လူထုကိုဗိုလ်ကျတယ်။
- သူတို့က ဥပဒေအထက်မှာ ရှိနေကြပေမယ့် လူထုမှာ ဥပဒေအကာအကွယ် မရကြဘူး။
ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေးကို နင်းချေဖျက်ဆီးပြီး ပြည်တွင်းစစ်ကို တိုက်တယ်။ ပြည်တွင်းစစ်ကို ဗန်းပြပြီး စစ်ဗျူရိုကရက်တွေက အာဏာသိမ်းပြီး နိုင်ငံရေးအဆင့်နေရာလုတယ်။ တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုယ့်ကိုကိုယ် ဦးဆောင်မှုအာဏာ ရာသက်ပန်အပ်နှင်းတယ်။ ဒါ့ကြောင့် ၂၀၀၈ နဲ့ ပြည်တွင်းစစ်ပြဿနာဆိုတာ အရင်းစစ်လိုက်ရင် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်လူတန်းစား ဆိုတဲ့ စစ်သုံးစစ်ဖျက်သိမ်းရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုအစဉ်အဆက်ဟာ အာဏာမြဲဖို့ဆိုရင် အချုပ်အချာအာဏာကို ရောင်းစားဖို့ ဝန်မလေးသူတွေ ဖြစ်တယ်။ ပြည်တွင်းမှာ ဖိနှိပ်မှုပြင်းထန်သလောက် ပြည်ပမှာ မျက်နှာချိုသွေးတယ်။ ကော်ပိုရိတ်ဘဏ္ဍာအရင်းကို ဒူးထောက်ပြီး ဖိတ်ခေါ်တယ်။ သယံဇာတတွေ၊ မြေတွေ၊ ဆိပ်ကမ်းတွေ၊ စီမံကိန်းကြီးတွေကို လက်ညှိုးထိုးရောင်းစားပြီး နှစ် ၆၀၊ နှစ် ၇၅ စသဖြင့် အချုပ်အချာအာဏာကို ပေါင်နှံအသုံးချတယ်။ ရချင်တာသာရှိပြီး ကိုယ်စွမ်းကိုယ်စတုံး နေသူတွေဖြစ်တယ်။ သူတို့ဟာ ၂၀၀၈ ခံကတုတ်ကနေ အသေအလဲ ခုခံကာကွယ်ပါလိမ့်မယ်။
ဒီချုပ်အရပ်သားအစိုးရအနေနဲ့ စစ်ဗျူရိုကရက်တွေရဲ့ မတော်မတရားလုပ်ထားတဲ့ လူမှုအဆောက်အအုံကို ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ ၂၀၀၈ သံကွန်ချာက ခွင့်ပြုသလောက်သာ လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်နိုင်သလောက် လုပ်တာကို အသိအမှတ်ပြုရမှာဖြစ်သလို တားဆီးပိတ်ဆို့လာရင်လည်း လူထုနဲ့အတူ ဖောက်ထွက်ဖို့ ပြင်ထားသင့်ပါတယ်။
ဗမာပြည်လူမျိုးပေါင်းစုံ လူထုကြီးဟာ နိုးကြားနေပါပြီ၊ အလုပ်သမား၊ လယ်သမား အခြေခံလူတန်းစားရဲ့ ဘဝရပ်တည်ရေးနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားတဲ့ တောင်းပွဲတိုက်ပွဲ မှန်သမျှဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ၂၀၀၈ ဖျက်သိမ်းရေး ဒီမိုကရေစီတိုက်ပွဲနဲ့ ကြာလေဆက်စပ်လေ ဖြစ်လာပါလိမ့်မယ်။ လူတန်းစားလေးရပ်ရဲ့ စီးပွားရေးတိုက်ပွဲများဟာ ဒီမိုကရေစီဘောင်ချဲ့ယူတဲ့ နိုင်ငံရေးတိုက်ပွဲများ အဖြစ် ကြီးထွားလာပါလိမ့်မယ်။
ဗမာပြည်လူဦးရေရဲ့ အများစုကြီးလည်းဖြစ် အဓိကမောင်းနှင်အားလည်းဖြစ်တဲ့ အလုပ်သမား – လယ်သမားနဲ့ မြို့နေဆင်းရဲသားတွေ လွတ်မြောက်မှ၊ ပြည်ချစ်စိတ်ရှိတဲ့ အမျိုးသားဓနရှင်တွေ ရှင်သန်ကြီးထွားခွင့်ရှိမှ တိုင်းပြည်ဟာ အမှီခိုကင်းစွာ ဖွံ့®ဖးတိုးတက်မှုလမ်းကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ လူတန်းစားလေးရပ်ကို အခြေပြုတဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ကြရပါလိမ့်မယ်။ ဒါ့အပြင် အမြော်အမြင်ရှိတဲ့ လူလတ်တန်းစားတွေ များလာဖို့လည်း လိုပါတယ်။
၁၂၆ နှစ်ကြာလာပြီဖြစ်တဲ့ မေဒေးတိုက်ပွဲဟာ ခုအထိ မပြီးဆုံးသေးပါ။ ဗမာပြည်က အလုပ်သမားတွေဟာ ၂၁ ရာစု အခြေအနေနဲ့ ကိုက်ညီတဲ့ တိုက်ပွဲတွေ ဆင်နွှဲကြရပါဦးမယ်။
အလုပ်သမားတိုက်ပွဲများဟာ ဗမာပြည်လူ့အဖွဲ့အစည်းကို ရှေ့ကိုတွန်းဆော်တဲ့ သမိုင်းဘီးများဖြစ်ပါတယ်။
အဖိနှိပ်ခံ လူမျိုးစုံပြည်သူများ သွေးစည်းညီညွတ်ကြ။
