သမိုင်းဝင်ကျမ်းနဲ့ သမိုင်းဝင် လမ်းညွှန်ချက်

ရဲဘော်များ ခင်ဗျာ …

ဗမာပြည်ကွန်မြူနစ်ပါတီ မြောက်ပိုင်းဌာနချုပ်က ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ ရဲဘော်သခင်သန်းထွန်းရဲ့ လေ့လာရေးလမ်းညွှန်ချက်တခု ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ရဲဘော်စတာလင်ရဲ့ အထင်ကရ ကျမ်းတစောင်ဖြစ်တဲ့ “ဆိုဗီယက်ယူနီယံ ဆိုရှယ်လစ်စနစ်၏ စီးပွားရေး ပြဿနာများ” ဆိုတဲ့ကျမ်းကို လေ့လာကြဖို့ သခင်သန်းထွန်းက မိတ်ဆက်သဘော ရှင်းလင်းတင်ပြကာ လမ်းညွှန်ထားတာပါ။

စတာလင်ရဲ့ ဒီကျမ်းက သမိုင်းဝင် သဘောတရားရေး ကျမ်းတစောင် ဖြစ်သလို သခင်သန်းထွန်းရဲ့ လေ့လာရေး လမ်းညွှန်ကလဲ သမိုင်းတန်ဖိုးကြီးမားတဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။

မျက်မှောက်ကာလ ပါတီရဲဘော်များက သခင်သန်းထွန်းရဲ့ လမ်းညွှန်ချက်မူရင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရဲဘော်များနဲ့ ဝါဒရေးရာ စိတ်ပါဝင်စားသူ ပြည်သူများ လေ့လာနိုင်ဖို့ ၁၉၅၃ ခုနှစ်ထုတ် မူရင်းသတ်ပုံအတိုင်း ပြန်လည် စာစီကာ ပီဒီအက်ဖ် ဖိုင်တခု ဖန်တီးထားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဝက်ဘ်ဆိုက်မှာ မူရင်းလမ်းညွှန်ချက်နဲ့ ပီဒီအက်ဖ်ဖိုင် နှစ်ခုလုံး တင်ပြထားပါတယ်။

သခင်သန်းထွန်း အကြံပြုလမ်းညွှန်ထားတဲ့ကျမ်းက စတာလင် မကွယ်လွန်မီ ငါးလအလိုမှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးကျမ်းပါ။

နိုင်ငံရေးဘောဂဗေဒ ကျမ်းအသစ်တစောင် ပြုစုနိုင်ဖို့ ဆိုဗီယက် ဘောဂဗေဒ ပညာရှင်များ ပါဝင်ဆွေးနွေးကြတဲ့ ကွန်ဖရင့်ကြီးတခုကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပါတယ်။

နိုဝင်ဘာကွန်ဖရင့် မှတ်စုများကို သုံးသပ်ပြီး ရဲဘော်စတာလင်က “၁၉၅၁ ခုနှစ် နိုဝင်ဘာ ဆွေးနွေးပွဲနှင့် သက်ဆိုင်သော စီးပွားရေး ပြဿနာများအ‌ပေါ်  မှတ်ချက်များ” ကို ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီမှာ ရေးသားတင်ပြတယ်။  

၁၉၅၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အတွင်းမှာ ရဲဘော်စတာလင်နဲ့ ဆိုဗီယက် ဘောဂဗေဒ ပညာရှင်များက စတာလင်ရဲ့ မှတ်ချက်များနဲ့ စပ်လျဉ်းပြီး အပြန်အလှန် ပေးစာများနဲ့ ဆွေးနွေးဖလှယ်ကြပါတယ်။

၁၉၅၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၁၉ ကြိမ်မြောက်ပါတီကွန်ဂရက် မတိုင်ခင်မှာ ရဲဘော် စတာလင်ရဲ့ ကနဦး မှတ်ချက်များနဲ့ နောက်ဆက်တွဲ ဆွေးနွေးချက်များကို စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေတယ်။

ရဲဘော်စတာလင်ရဲ့ ကျမ်းကို အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့ထုတ် ပရာဗဒါသတင်းစာမှာ အပြည့်အစုံ ဖော်ပြတဲ့အပြင် သီးခြားစာအုပ်အဖြစ်လဲ ပုံနှိပ်ထုတ်ဝေကာ ကွန်ဂရက်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်များကို ဖြန့်ဝေပါတယ်။

“ဆိုရှယ်လစ်စနစ်ရဲ့ စီးပွားရေး ပြဿနာများ” ကျမ်းဟာ ဆိုရှယ်လစ်စနစ်မှ ကွန်မြူနစ်စနစ်သို့ တက်လှမ်းရေးဆိုင်ရာ လမ်းပြမြေပုံတချပ် ဆိုဗီယက်ယူနီယံမှာ ရှိနေတာကို ကမ္ဘာကို အသိပေးလိုက်တာပဲ ဖြစ်တယ်လို့ လေ့လာသူများက ဆိုကြတယ်။

ရဲဘော်စတာလင်ရဲ့ ၁၉၅၂ ခုနှစ်ထုတ် ဒီကျမ်းကို လေ့လာဖို့ လမ်းညွှန်တဲ့ သခင်သန်းထွန်းရဲ့ လမ်းညွှန်ချက်ကို ၁၉၅၃ ခုနှစ်မှာ ထုတ်ဝေဖြန့်ချိတာ ဖြစ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာ့ ကွန်မြူနစ်လှုပ်ရှားမှုမှာ အချိန်နဲ့ တပြေးညီ ရင်ဘောင်တန်းပြီး လိုက်ပါ ချီတက်နိုင်တာကို တွေ့ရတယ်။

ရဲဘော်သခင်သန်းထွန်း လမ်းညွှန်မှာကြားခဲ့သလိုပဲ မျက်မှောက်ကာလ ၂၁ ရာစုနှစ် ‌ရောက်သည့်တိုင် စတာလင်ရဲ့ ဒီကျမ်းကို လေ့လာခြင်းဖြင့် မာ့က်စ်ဝါဒ ဘောဂဗေဒဆိုင်ရာ အသိအမြင်များ တိုးပွားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁၉၅၃ ခုနှစ်ထုတ် လမ်းညွှန်ချက်မူရင်းကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

လေ့လာသူများ ဖတ်ရလွယ်ကူအောင် ရဲဘော်များ ပြန်လည်စာစီ ပြင်ဆင်ထားတဲ့ ပီဒီအက်ဖ်ဖိုင်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *