ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့၂၁- စာစဉ်အညွှန်း

By | August 13, 2024

ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့ ၂၁- စာစဉ်အညွှန်း

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ် ၂၁ – စာစည်အညွှန်းစာတမ်းရဲ့ နိဒါန်းနဲ့ ၂၁-စာစဉ် နောက်ခံသမိုင်းအကျဉ်း ဖြစ်ပါတယ်။ ၂၁- စာစဉ်အညွှန်း စာတမ်းအပြည့်အစုံကိုတော့ ပါတီဝဘ်ဆိုက်မှာ တင်ပြမှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

အပိုင်း (၁)

၁။ နိဒါန်း

ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဝေခဲ့တဲ့၊ ထုတ်ဝေနေဆဲ စာစောင်ဂျာနယ် သုံးခုရှိပါတယ်။ ပြည်သူ့အာဏာဂျာနယ်၊ အရေးတော်ပုံဂျာနယ်နဲ့ ၂၁- စာစဉ်တို့ ဖြစ်ပါတယ်။ ပြည်သူ့အာဏာနဲ့ အရေးတော်ပုံဂျာနယ်တို့ကတော့ ထုတ်ဝေနေဆဲဂျာနယ်တွေ ဖြစ်ပါတယ်။ ၂၁- စာစဉ်ကတော့ ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ဝေမှု မရှိတော့ပါ။

ဂျာနယ်သုံးခုစလုံးဟာ သူ့ဟန်သူ့သဏ္ဌာန်နဲ့ ရပ်တည်နိုင်ကြပါတယ်။ ပြည်သူ့အာဏာဂျာနယ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏အာဘော်နဲ့အညီ မူဝါဒခိုင်ခိုင်မာမာ ရင့်ကျက်ပြည့်ဝတဲ့ဟန်နဲ့ ဣန္ဒြေရှိရှိရပ်တည်နေပါတယ်။ အရေးတော်ပုံဂျာနယ်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ကြွေးကြော်သံဆိုတဲ့အတိုင်း လှုပ်ရှားရုန်းကန်တော်လှန်တဲ့အသွင် ဆောင်ပါတယ်။ ၂၁- စာစဉ်ကတော့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့် အသိပညာဖြန့်ဖြူးပေးတဲ့ ပညာရပ်ဆိုင်ရာစာစောင်တခုနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဂျာနယ်တစောင်ချင်းစီအလိုက် ထုတ်ဝေထားတဲ့စာစောင်စာအုပ်တွေ များလာတာနဲ့အမျှ အညွှန်းစာအုပ်တအုပ်စီလည်း ရှိသင့်တယ်လို့ ယူဆပါတယ်။

အညွှန်းဆိုတာ စာတအုပ်၊ ကျမ်းတစောင် (ဒါမှမဟုတ်) စာအုပ်ပေါင်း ကျမ်းပေါင်းများစွာထဲမှာပါရှိတဲ့ အမည်၊ ဝေါဟာရ၊ ပညာရပ်၊ နေရာနဲ့ တခြားအကြောင်းအရာအချက်အတွေကို အက္ခရာစဉ်အတိုင်းစီစဉ်ပြီး စာမျက်နှာနံပါတ်နဲ့တကွ တိတိကျကျဖော်ညွှန်းထားတဲ့ အသေးစိတ်စာရင်း ဖြစ်ပါတယ်။ အညွှန်းကို ကျမ်းစာအုပ်ထဲမှာထည့်သွင်းပြီး တွဲလျက်လည်း ပြုစုတတ်ကြသလို သီးခြားခွဲထုတ်ပြီးလည်း ပြုစုထုတ်ဝေလေ့ရှိပါတယ်။ ကျမ်းတစောင်ပေတဖွဲ့ဟာ ဘယ်လောက်ပင်ကောင်းနေပါစေ အညွှန်းမပါရင် ပါဝင်တဲ့အကြောင်းအရာတွေကို အလွယ်တကူ တွေ့နိုင်ဖို့ရာ ခက်ခဲပါတယ်။ ပြည့်စုံမှုလည်းမရှိနိုင်ပါ။ အညွှန်းမပါရင် လေ့လာစာဖတ်သူတွေ ပင်ပန်းဆင်းရဲမှုနဲ့ ကြုံတွေ့ရတတ်ပါတယ်။ သုတေသနပြုရေးမှာလည်း နှောင့်နှေးကြန့်ကြာတတ်ပါတယ်။ အညွှန်းပါရင် အညွှန်းကောင်းရင် လိုရာကို အချိန်တိုတိုနဲ့သိရှိနိုင်ပြီး လေ့လာသူတွေအတွက် အချိန်ကုန်လူပန်း သက်သာစေပါတယ်။ တကယ်တော့ အညွှန်းဟာ လိုရာခရီးကို သက်သောင့်သက်သာ လျှင်မြန်ကောင်းမွန်စွာ ပို့ဆောင်ပေးနိုင်တဲ့ လမ်းညွှန်တခု ဖြစ်ပါတယ်။

ဒီနှစ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ခြင်း ၈၅ နှစ်မြောက်နှစ်ဖြစ်တဲ့တွက် အမှတ်တရအနေနဲ့ ပါတီကထုတ်ဝေတဲ့ ဂျာနယ်သုံးခုကို အညွှန်းပြုလုပ်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ အရေးတော်ပုံဂျာနယ်အညွှန်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြုစုပြီးခဲ့ပါပြီ။ ပါတီရဲ့မွေးနေ့ဖြစ်တဲ့ ၁၅ ဩဂုတ် ၂၀၂၄ မတိုင်မီ အချိန်နည်းနည်းရသေးတာနဲ့ နောက်ထပ်အညွှန်းတခုလုပ်ပေးဖို့ ဆန္ဒရှိလာပါတယ်။ ကျန်တဲ့စာစောင်နှစ်ခုထဲက ပြည်သူ့အာဏာဂျာနယ်အညွှန်း လုပ်ပေးဖို့တော့ အချိန်မလုံလောက်တော့ပါ။ ဒါ့ကြောင့် ရရှိတဲ့အချိန်အတွင်းမှာ ပြီးစီးနိုင်လောက်တဲ့ ၂၁-စာစဉ်အညွှန်းကို ပြုစုဖြစ်ခဲ့ပါတယ်။

၂၁- စာစဉ်ဟာ ထုတ်ဝေနေဆဲစာစောင်မဟုတ်တာက သူ့ရဲ့ ထူးခြားချက်ဖြစ်ပြီး အညွှန်းတရပ်အနေနဲ့ ထပ်ဖြည့်စရာမလိုဘဲ ပြီးစီးပြည့်စုံအောင်ဆောင်ရွက်ထားနိုင်တဲ့ အခွင့်ထူးရရှိစေပါတယ်။ စာအုပ်အရေအတွက်အရ သီးခြားအညွှန်းစာတအုပ်အနေနဲ့ ပြုစုဖို့အတွက်လည်း မနည်းလွန်း မများလွန်း အလိုက်သင့်အခြေအနေတရပ် ဖြစ်ပါတယ်။ သီးခြားစာတအုပ်အဖြစ် ပြုစုထားပေမယ့် ရှိနှင့်ပြီးဖြစ်တဲ့ အရေးတော်ပုံဂျာနယ်အညွှန်းနဲ့လည်း ကွဲပြားခြားမှုမရှိစေဖို့နဲ့ အဆက်အစပ်ရှိရှိလေ့လာနိုင်စေဖို့ရာ စီစဉ်ထားရှိပုံ၊ အသုံးပြုသည့် အတိုကောက်စာလုံးများ၊ အက္ခရာစဉ်စနစ် အစရှိတာတွေကို တူညီအောင်ဆောင်ရွက်ထားပါတယ်။

၂၁- စာစဉ်အညွှန်းဟာ သုတေသီ သောတုဇနတွေအတွက် ရှိသင့်ရှိထိုက်တဲ့ စာစောင်အညွှန်းတခုလို့ယူဆတဲ့အတွက် ပြုစုဖြစ်ပါတယ်။ အညွှန်းပြုစုသူ ကိုယ်တိုင်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီဝင် မဟုတ်တဲ့အပြင် ပါတီနဲ့ တစုံတရာ ပတ်သက်ဆက်နွယ်မှု မရှိခဲ့တာကလည်း ဒီအညွှန်းတွေ လုပ်ဖြစ်စေခဲ့တဲ့အကြောင်းရင်းတခုဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ လုပ်ငန်းတခုအနေနဲ့သာလုပ်ဖြစ်ခဲ့တာပါ။ ဘာအကျိုးအမြတ်မှလည်း မမျှော်ကိုးခဲ့သလို ရရှိမှုလည်း မရှိခဲ့ပါ။ ပါတီရဲ့ ဂျာနယ်မှာဖော်ပြပေးပြီး အသိအမှတ်ပြုခံရတာကိုသာ ဆုလာဘ်တခုလို့ ခံယူထားပါတယ်။ ဂျာနယ်မှာဖေါ်ပြပေးတာကို ကြိုးပမ်းအားထုတ်ထားတာအတွက် ထိုက်တန်တဲ့အသိအမှတ်ပြုမှုလို့သာ ခံယူထားပြီး တက္ကသိုလ်ကချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ထက် တန်ဖိုးထားပါတယ်။ ပြည်သူ့အာဏာဂျာနယ်ကိုလည်း အခါအခွင့်သင့်တဲ့အခါ အညွှန်းပြုစုပါဦးမယ်။ အချိန်ကာလနဲ့ တခြားအခက်အခဲ အကန့်အသတ်တွေကြားက ပြုစုခဲ့ရတာကြောင့် လိုအပ်ချက်တွေရှိနေမှာ သေချာပါတယ်။ တွေ့ရှိသူပညာရှင်များက ဖြည့်စွက်ပြင်ဆင်သွားကြပါရန်လည်း တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

၁၊ ၁။ ၂၁- စာစဉ် နောက်ခံသမိုင်းအကျဉ်း

ဗမာပြည်ကွန်မြူနစ်ပါတီကထုတ်ဝေတဲ့ ၂၁- စာစဉ် သမိုင်းကိုပြောရင် တခြားဂျာနယ်တွေဖြစ်တဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့အကြောင်းကိုလည်း အနည်းငယ်တွဲဖက်ပြောမှ ပြည့်စုံပြီးဇာတ်ရည်လည်ပါလိမ့်မယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၅ ဩဂုတ် ၁၉၃၉ မှာ စတင်တည်ထောင်ခဲ့လေတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်ပြီးစ ၁၉၃၉ ခုနှစ်အတွင်းမှာပဲ အရေးတော်ပုံဂျာနယ်ကို မရှေးမနှောင်း ထုတ်ဝေနိုင်ခဲ့တယ် (တာရာ ၂၀၂၄၊ ၉၆)။ အရေးတော်ပုံဂျာနယ်ကို ဖက်ဆစ်ဂျပန်တို့ ဗမာပြည်တွင်းရောက်မလာသေးခင်က ဗမာပြည်ကွန်မြူနစ်ပါတီက လျှို့ဝှက်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ များများထုတ်ခွင့်မရခဲ့ဘဲ ဂျပန်တွေဝင်ရောက်လာတဲ့အခါ ဂျာနယ်ထုတ်ဝေတာကို ရပ်ဆိုင်းလိုက်ရပါတယ် (ဗကပ ၂၀၁၀၊ ၂)။

ဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးခါနီး ၃ မေ ၁၉၄၅ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်လျှို့ဝှက်ပါတီအဖြစ်ကနေ ဗြောင်လှုပ်ရှားနိုင်တဲ့ပါတီအဖြစ် တရားဝင်ပေါ်ထွက်လာခဲ့တယ် (ဝင်းတင့်ထွန်း ၂၀၁၃၊ ၆၈-၇၀)။ တရားဝင်လှုပ်ရှားနိုင်လာခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြည်သူ့အာဏာဂျာနယ်ကို ပါတီရဲ့အာဘော်အနေနဲ့ ၂၉ စက်တင်ဘာ ၁၉၄၅ မှာ စတင်ထုတ်ဝေခဲ့တယ် (ဝင်းတင့်ထွန်း ၂၀၁၇၊ ၄၇)။

၁၉၄၈ ခုနှစ်ဆန်းပိုင်းမှာ ကွန်မြူနစ်ဆိုရှယ်လစ်ပဋိပက္ခဟာ ပိုမိုပြင်းထန်လာတယ်။ အာဏာလက်ရှိ ဆိုရှယ်လစ်တွေက သတင်းစာတိုက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အစီအစဉ်တကျဖျက်ဆီးခဲ့ကြတယ်။ အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နဲ့ စီးပွားရေးသတင်းစာတိုက်ကြီး ၃ တိုက်ကို ၁၂ မတ် ၁၉၄၈ မှာ ဆိုရှယ်လစ်ခေါင်းဆောင်တချို့ဦးစီးပြီး အတင်းဝင်ရောက် ရိုက်ချိုးဖျက်ဆီးခဲ့တယ်။ ၂၅ မတ် ၁၉၄၈ မှာ ပြည်သူ့အာဏာဂျာနယ်တိုက် ချိတ်ပိတ်ခံလိုက်ရတယ် (ဝင်းတင့်ထွန်း ၂၀၁၃၊ ၇၁-၇၃)။

ဖက်ဆစ်တော်လှန်ရေးနှစ်ပတ်လည်နေ့ (၂၇ မတ် ၁၉၄၈) ညသန်းခေါင်ကျော်မှာ ကွန်မြူနစ်ခေါင်းဆောင်တွေ လူစုံနေတုန်း ကွန်မြူနစ်ပါတီဌာနချုပ်ရုံးကိုဝိုင်းပြီး ဗ.က.ပ ခေါင်းဆောင်တွေအားလုံးကို ဖမ်းဆီးထောင်ချနှိမ်နင်းဖို့ ဆိုရှယ်လစ်ဝန်ကြီးဦးကျော်ငြိမ်းက အကွက်ချကြိုတင်ပြင်ဆင် လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ကွန်မြူနစ်ခေါင်းဆောင်တချို့သာ ဗိုလ်သက်ထွန်းရဲ့ အချိန်မီကြိုတင်သတိပေးချက်အရ လက်မတင်ကလေး ရှောင်တိမ်းနိုင်ခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အကြမ်းဖက်နှိပ်စက်လာတဲ့ အုပ်ချုပ်သူအစိုးရကို လက်နက်ကိုင်နည်းနဲ့ ပြန်လည်တွန်းလှန်တိုက်ခိုက်သွားဖို့ဆုံးဖြတ်ခဲ့ရပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးကို ၂၈ မတ် ၁၉၄၈ မှာ စတင်ကြောင်း ကြေညာတိုက်ပွဲဝင်ခဲ့ပါတယ် (ဝင်းတင့်ထွန်း ၂၀၁၇၊ ၉၀-၉၁)။

လက်နက်ကိုင်တော်လှန်ရေးရဲ့အစမှာတော့ ပြည်သူ့အာဏာဂျာနယ်ကို မထုတ်ဝေနိုင်ခဲ့ပါ။ ၁၉၅၀-၅၁ ခုနှစ်အတွင်းမှာ ပြည်သူ့အာဏာဂျာနယ်ကို လစဉ်ထုတ် သဘောတရားရေးဂျာနယ်အနေနဲ့ ထုတ်ဝေခဲ့တယ်။ ဒုတိယအကြိမ် ထုတ်ဝေခဲ့တဲ့ ဒီဂျာနယ်ရဲ့ သက်တမ်းဟာ တနှစ်လောက်ပဲခံခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ တတိယအကြိမ် ထပ်မံထုတ်ဝေခဲ့တယ်။ သက်တမ်းကာလ တပတ်လောက်ပါပဲ။ ၁၉၆၆ ခုနှစ် ဇန်နဝါရီလ မှာ စတုတ္ထအကြိမ်ထုတ်ဝေခဲ့သေးတယ်။ ၁၉၈၇ ခုနှစ်ရောက်မှ ပြည်သူ့အာဏာဂျာနယ်ကို ပဉ္စမအကြိမ်အနေနဲ့ ပြန်လည်ထုတ်ဝေနိုင်ခဲ့တော့တယ် (စာတည်းအဖွဲ့ ၂၀၁၄၊ ၂၇၇)။ ပဉ္စမအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ် အမှတ် ၁ ကို ၁၅ ဩဂုတ် ၁၉၈၇ ရက်စွဲနဲ့ စတင်ထုတ်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်အတွင်းမှာ ပြည်သူ့အာဏာဂျာနယ် အမှတ် ၁၇ နဲ့ ၁၈ ကိုထုတ်ဝေခြင်းနဲ့အတူ ၂၁ – စာစဉ်ကိုလည်း တပြိုင်နက်တည်း ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၂၁- စာစဉ် အမှတ် ၁ ကို ၁၉၉၉ ခု မေလမှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ၂၁- စာစဉ် ဆိုတဲ့ နာမည်နဲ့ စာစောင်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကို “၂၁-စာစဉ်ထုတ်ဝေခြင်းနှင့်ပတ်သက်သည့် အမှာ” ထဲမှာ တိတိပပဖော်ပြရေးသားထားခဲ့တယ်။

“၂၁-ရာစုကို ရည်စူးပြီး ဤအမည်ကို ယူပါသည်။ ၂၁- စာစဉ်၏ ရည်ရွယ်ချက်မှာ တိုင်းပြည်အတွက် ၂၁-ရာစု အမြော်အမြင်နှင့်ဦးတည်ချက်ရရှိရေးဖြစ်ပါသည်။ ကမ္ဘာကြီး၏အခြေအနေကိုမသိလျှင် မှန်ကန်သည့် အမြော်အမြင်နှင့်ဦးတည်ချက် ရမည်မဟုတ်ပါ။ ထို့ကြောင့် ၂၁- စာစဉ် သည် ကမ္ဘာကြီး၏ ပကတိအခြေအနေ မည်သို့ရှိနေသည်၊ နောင် မည်သို့ရှိလိမ့်မည်၊ ယခု မည်သည့်တွေးခေါ်မြော်မြင်မှုများရှိနေကြသည် စသည်တို့ကို ရှာဖွေကာ အရင်းအတိုင်းတင်ပြမည် ဖြစ်ပါသည်” (၂၁- စာစဉ် စာတည်းအဖွဲ့ ၁၉၉၉)။

၂၁- စာစဉ်ကို နှစ်စဉ်မပျက်ထုတ်ဝေခဲ့ရာ ၂၀၀၁ ခုနှစ် အမှတ် ၅ ထုတ်ဝေပြီးတဲ့နောက် ၃ နှစ်ခန့် ခေတ္တရပ်ဆိုင်းထားခဲ့တယ်။ ၂၀၀၅ ခုနှစ် မေလကျမှ ပြန်လည်ထုတ်ဝေနိုင်ခဲ့တယ်။ ၂၁- စာစဉ် အမှတ် ၅ အထိ နိုင်ငံတကာရေးရာ ကောင်းနိုးရာရာတွေကို ဘာသာပြန်တင်ဆက်ခဲ့ပေမယ့် စာစဉ် အမှတ် ၆ ကစပြီး မူဝါဒပြောင်းလာတာ တွေ့ရပါတယ်။ ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ပြောင်းလဲမှုလို့လည်း ဆိုနိုင်ပါတယ်။

၂၁- စာစဉ် အမှတ် ၁ မှ ၅ အထိ တင်ပြခဲ့ရာမှာ မာ့က်စ်ဝါဒီပညာရှင်တွေရဲ့အမြင်သာမက တခြားပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးသုခမိန်တွေရဲ့အမြင်တွေကို အရင်းအတိုင်း ဘာသာပြန်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ စာစဉ် အမှတ် ၆ ကနေစတင်ပြီး ပြောင်းလဲလာတဲ့မူကို အထွေထွေအတွင်းရေးမှူးရဲ့အမှာထဲမှာ အခုလို ရေးသားထားပါတယ်။

“၂၁- စာစဉ်က ဘာသာပြန်ဆောင်းပါး ထည့်မှာမဟုတ်ပါ။ နိုင်ငံတကာပညာရှင်တွေရဲ့ မူရင်းဆောင်းပါးတွေကို လေ့လာပြီး၊ မိမိရဲ့ရရှိချက်ကိုတင်ပြတဲ့ဆောင်းပါးကိုပဲ ထည့်ပါမယ်။ ဆောင်းပါးရှင်ကလောင်အမည်နဲ့ ဖော်ပြပါမယ်” (အထွေထွေအတွင်းရေးမှူး ၂၀၀၅၊ ၂)။

“နိုင်ငံတကာ့ရေးရာကို လေ့လာ၊ ဗမာပြည်လက်တွေ့နဲ့ ပေါင်းစပ်ကြရလိမ့်မယ်” လို့လည်း တပါတည်း လမ်းညွှန်ထားခဲ့ပါတယ် (အထွေထွေအတွင်းရေးမှူး ၂၀၀၅၊ ၂)။

နှစ်အနည်းငယ် ခေတ္တရပ်ဆိုင်းထားခဲ့ရတဲ့ ၂၁ – စာစဉ်ကို ၂၀၀၅ ခုနှစ်ကစပြီး ဆက်လက်ထုတ်ဝေခဲ့ရာ ၂၀၀၉ ခုနှစ်ကုန်မှာ ထုတ်ဝေမှု ထပ်မံရပ်ဆိုင်းသွားခဲ့တယ်။ စာစဉ် အမှတ် ၁၄ အထိ ထုတ်ဝေနိုင်ခဲ့တယ်။ ၂၁ – စာစဉ် ထုတ်ဝေမှုရပ်ဆိုင်းသွားပေမယ့် ၂၀၁၀ ခုနှစ်မှာ ပြန်လည်ထုတ်ဝေလာတဲ့ အရေးတော်ပုံဂျာနယ်ထဲမှာ “နိုင်ငံတကာ့ရေးရာ” ကဏ္ဍကို ဂရုတစိုက်ထည့်သွင်းဖော်ပြမြဲဖြစ်လို့ အသွင်သဏ္ဍန်သာ ပြောင်းလဲသွားပေမယ့် အနှစ်သာရကတော့ ကျန်ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် အရေးတော်ပုံဂျာနယ်ထဲမှာ ၂၁- စာစဉ်က ကဏ္ဍတရပ်အနေနဲ့ပါဝင်နေဆဲလို့ ဆိုနိုင်ပါတယ်။ ယခုလက်ရှိမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်သူ့အာဏာဂျာနယ် နဲ့ အရေးတော်ပုံဂျာနယ်တို့ကို အစဉ်မပြတ် ဆက်လက်ထုတ်ဝေလျှက် ရှိပါတယ်။

၂၁ – စာစဉ်ကို ၁၉၉၉ ခုနှစ်၊ မေလကနေ ၂၀၀၉ နှစ် နိုဝင်ဘာလအထိ စုစုပေါင်း ၁၄ အုပ် ထုတ်ဝေပြီးခဲ့ပါပြီ။ ၂၁ – စာစဉ်ရဲ့ နှစ်အလိုက် ထုတ်ဝေမှုကို ဖော်ပြပါ့မယ်။ ထုတ်ဝေတဲ့ခုနှစ်၊ အုပ်ရေ၊ အတွဲအမှတ်၊ ထုတ်ဝေတဲ့လ တို့ကိုပါ တပါတည်းတွဲဖက်ပြီး အောက်မှာ ဖော်ပြထားပါတယ်။

၁၉၉၉ [၂ အုပ်] – အမှတ် ၁ (မေ)။ အမှတ် ၂ (အောက်တိုဘာ)။

၂၀၀၀ [၂ အုပ်] – အမှတ် ၃ (မတ်)။ အမှတ် ၄ (ဩဂုတ်)။

၂၀၀၁ [၁ အုပ်] – အမှတ် ၅ (ဇွန်)။

၂၀၀၅ [၃ အုပ်] – အမှတ် ၆ (ဖေဖေါ်ဝါရီ)။ အမှတ် ၇ (ဇူလိုင်)။ အမှတ် ၈ (ဒီဇင်ဘာ)။

၂၀၀၆ [၂ အုပ်] – အမှတ် ၉ (ဧပြီ)။ အမှတ် ၁၀ (နိုဝင်ဘာ)။

၂၀၀၇ [၁ အုပ်] – အမှတ် ၁၁ (ဩဂုတ်)။

၂၀၀၉ [၃ အုပ်] – အမှတ် ၁၂ (ဇန်နဝါရီ)။ အမှတ် ၁၃ (မေ)။ အမှတ် ၁၄ (နိုဝင်ဘာ)။

(စာတမ်းအပြည့်အစုံကို ပါတီဝက်ဘ်ဆိုက်မှာ ဖော်ပြသွားပါမယ်)

Leave a Reply

Your email address will not be published. Required fields are marked *