မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

By | June 23, 2024

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့

မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅

ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က

တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ

ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ် ကမ္ဘာ့ပြည်သူအပေါင်းက အောင်ပွဲဆင်ခဲ့တာ (၇၉)နှစ်တိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနဲ့အတူ ကိုလိုနီထမ်းပိုးအောက်က အမျိုးသားပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေ အုံကြွပြင်းထန်လာပြီး နိုင်ငံတွေလွတ်လပ်လာကြတယ်။ ဗမာပြည်မှာလည်း  ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုကြီး (ဖဆပလ)ရဲ့ ဦးဆောင်မှုနဲ့အတူလွတ်လပ်

ရေးရလာတယ်။ ဒါကြောင့် ဒီတော်လှန်တဲ့သမိုင်းအတွေ့အကြုံကိုမှန်မှန်ကန်ကန်သိမြင်မှ အနာဂတ်မှာ     ပိုမိုကြီးမားတဲ့အောင်ပွဲတွေ ရရိုနိုင်ဖို့ သမိုင်းသင်ခန်းစာ  ထုတ်ယူနိုင်မှာဖြစ်ပါတယ်။              

ဖက်ဆစ်ဝါဒ ပေါ်ထွန်းလာခြင်း

“ဖက်ဆီ “(Fasci) ဆိုတဲ့ အီတလီစကားဟာ သစ်ကိုင်းသစ်ခက်အစည်းဆိုတဲ့အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးကို အသုံးပြုပြီး ဘီနီတို မူဆိုလိုနီ (Benito Mussolini)က အီတလီ အမျိုးသားရေးဝါဒကိုကြွေးကြော်ပြီး ဖက်ဆစ်ပါတီ (Fascist Party)ကိုထူထောင်ခဲ့တယ်။

၁၉၂၆ ကစလို့ မူဆိုလိုနီဟာ ဒီမိုကရေစီမှန်သမျှဖျက်သိမ်းပြီး နိုင်ငံတဝန်း ဖက်ဆစ်တပ်ဖွဲ့များဖွဲ့စည်းတယ်။ ၁၉၃၀ နောက်ပိုင်း ဂျပန်မှာ စစ်ဝါဒခေါင်းထောင်လာပြီး ဂျပန်နိုင်ငံရေးတွင် စစ်တပ်ဩဇာလွှမ်းမိုးမှု ထိပ်ရောက်လာတယ်။  ဒါထက်ပိုအရေးကြီးတဲ့အချက်က ဂျာမနီမှာလည်း ဖက်ဆစ်ဝါဒပေါက်လာတာဖြစ်တယ်။                          

ဒုတိယကမ္ဘာစစ်အတွက် အစို့အညှောင့်တွေဟာ အစောပိုင်းအတည်းကရှိနေခဲ့တယ်။ ပထမကမ္ဘာစစ်တွင်ရှုံးနိမ့်မှု ဗာဆေးစာချုပ်(၁၉၁၉)၊စီးပွားပျက်ကပ်(၁၉၂၉)၊နယ်ချဲ့နိုင်ငံများအတွင်း အထွေထွေအကျပ်အတည်းများနှင့်အတူ ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာတယ်။ အားပျော့တဲ့ ဂျာမန်ဆိုရှယ်ဒီမိုကရက် ဓနရှင်အစိုးရများဟာ  ပြိုကျပျက်စီးနေတဲ့     ဂျာမန်စီးပွားရေးကို မကယ်တင်နိုင်ရုံမက အကျပ်အတည်းဟာ ဆိုးသထက်ဆိုးလာတယ်။ ဒီအခြေအနေကို

ချက်ကောင်းယူပြီး ဂျာမနီတွင် အကွက်ချစီစဉ်ထားပြီး ကောင်းစွာစည်းရုံးဖွဲ့စည်းထားတဲ့ ဖက်ဆစ်ပါတီ ဖက်ဆစ်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဖက်ဆစ်လှုပ်ရှားမှုတို့ ပေါ်ပေါက်လာပါတယ်။

နာဇီပါတီထူထောင်ခြင်း

အဒေါ့ဖ်ဟစ်တလာ က နာဇီပါတီကို ၁၉၂၄ မှာထူထောင်တယ်။ နာမည်အပြည့်အစုံက ဂျာမန်အမျိုးသားဆိုရှယ်လစ် အလုပ်သမားပါတီ National Socialist Workers’ Party of Germany ဖြစ်တယ်။ Nazi သို့မဟုတ် Nasti ဆိုတာ စာလုံးများရဲ့ အတိုကောက်အက္ခရာများကို စုစည်းထားတာဖြစ်ပြီး၊ ( ကံမကောင်းအကြောင်းမလှစွာ သရုပ်ဖျက်ခြင်း ခံရတဲ့) အမျိူးသားဆိုရှယ်လစ်ဝါဒ လူသိများလာတာဖြစ်တယ်။(မဆလ ပါတီကိုသတိရစရာပါ) နာဇီပါတီဟာ အခြေခံအားဖြင့် လူဆိုးဂိုဏ်းခေါင်းဆောင်များ ကလေကချေများနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး၊ စီးပွားပျက်ကပ်နဲ့  အထွေထွေအကျပ်အတည်းနောက်ပိုင်း   မကြုံစဖူးတိုးပွားလာတဲ့၊ အလုပ်လက်မဲ့လူငယ်တွေ ဒုက္ခရောက်နေတဲ့ လူလတ်တန်းစား ဈေးဆိုင်ပိုင်ရှင်ကလေးတွေနဲ့ မကျေမချမ်းဖြစ်နေတဲ့ဓနရှင်ပေါက်စတွေ ပါဝင်လာတယ်။ အများစုဟာ နာဇီပါတီရဲ့ ဓနရှင်အမျိုးသားရေးရှော်ဗင်ဝါဒ ကြွေးကြော်သံအောက်မှာဖမ်းစားခံရပြီး ပါဝင်

လာတာဖြစ်တယ်။(ရှော်ဗင်ဝါဒ Chauvinism ဆိုတာ၊ ၁၈၃၁ တွင် နပိုလီယံတပ်မှ တပ်မှူးတဦးဖြစ်တဲ့  N. Chauvin ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်ပြီး၊ မိမိအမျိုးသားသာအမွန်မြတ်ဆုံးလို့ယူဆပြီး ကျန်အမျိုးသားများအပေါ် ရန်လိုမုန်းတီးသော ဖေါက်ပြန်တဲ့ဓနရှင်အမျိုးသားရေးဝါဒဖြစ်တယ်) 

ဟစ်တလာက သည်းခြေကြိုက်ကြွေးကြော်သံနှစ်ရပ်ဖြင့် လှုံ့ဆော်စည်းရုံးတယ်။ တခုက အမျိုးသားရေးရှော်ဗင် ဝါဒဖြစ်ပြီး၊ နောက်တခုက ဆိုရှယ်လစ်ဝါဒဖြစ်တယ်။ ဟစ်တလာကဂျာမန်လူမျိုးဟာ အာရိယန်မျိုးနွယ်အစစ်ဆုံး လူမျိုးဖြစ်ပြီး တခြားလူမျိုးများကို ဖယ်ကြဉ်ရမယ်၊ တိုက်ခိုက်ရမယ်၊ သုတ်သင်ရမယ်၊ နိုင်ငံမှနှင်ထုတ်ပစ်ရမယ်ဆိုတဲ့   လွဲမှားတဲ့အလွန်အကျွံ သဘောတရားများကို ထုတ်ဖော်လာတယ်။ ဒါဟာအဓိကအားဖြင့် ဂျူးများနဲ့  ကွန်မြူနစ်များကို ရည်ရွယ်တယ်။ ဒါ့အပြင် နာဇီပါတီရဲ့ အတုအယောင် အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးကို ဖြစ်နိုင်သမျှနည်းနဲ့ကြွေးကြော်ပြီး ဂျာမန်အရင်းရှင်အုပ်ချုပ်ရေးရဲ့ညံ့ဖျင်းမှုများကိုတိုက်ခိုက်ပြပြီး အခွင့်အရေး ရယူတယ်။ ပထမကမ္ဘာစစ်ရှုံးနိမ့်မှု နဲ့  ဗာဆိုင်းစာချုပ်တို့ကိုအပြစ်တင်ပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများ( အင်ဂလန်၊ ပြင်သစ်၊ အမေရိကန် စသည် )ကို တိုက်ခိုက်တယ်။ နာဇီပါတီဟာဓနရှင်ပေါက်စများ၊ အသေးစား ကုန်သွယ်လုပ်ငန်းရှင်များ၊အလုပ်လက်မဲ့များ၊ လူငယ်များနဲ့ ကလေချေများအပေါ် အခြေခံထားသော်လည်း၊ ဒီပါတီရဲ့   လူတန်းစားလက္ခဏာဟာ  လက်ယာစွန်းရောက်  လက်ဝါးကြီးအုပ်နယ်ချဲ့အရင်းရှင်လက္ခဏာဆောင်ပါတယ်။

ဖက်ဆစ်နာဇီပါတီရဲ့ လှုပ်ရှားမှုဟာကျယ်ပြန့်လာပြီး  လူထုလှုပ်ရှားမှုအသွင်ဆောင်လာတယ်။ ဟစ်တလာဟာလည်း လူထုခေါင်းဆောင်ဖြစ်လာတယ်။ သူက နာဇီပါတီရဲ့လက်နက်ကိုင်အဖွဲ့အစည်းနှစ်ရပ်ကို ဖွဲ့စည်းတယ်။ နာဇီအထူးရဲတပ်ဖွဲ့( S.S) နဲ့ နာဇီအရံစစ်တပ်ဖွဲ့ (S.A) တို့ဖြစ်တယ်။ ဒီအဖွဲ့အစည်းနှစ်ရပ်ဟာ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်ဂိုဏ်းကြီးများဖြစ်ကြပြီး လူငယ်လူလတ်သန်းပောင်းများစွာ ပါဝင်တယ်။ သူတို့ဟာ ဂျူးဆန့်ကျင်ရေး၊ အလုပ်သမားလူတန်းစားဆန့်ကျင်ရေး ၊ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဆိုရှယ်ဒီမိုကရက် (အစိုးရဟောင်း)ဆန့်ကျင်ရေးအတွက် ဂျာမန်နိုင်ငံတဝန်း အစုလိုက်အပြုံလိုက်သုတ်သင်တာ

ဂိုဏ်းဖွဲ့သတ်ဖြတ်တာ တိုက်ခိုက်လုယက်ဖျက်စီးတာတွေ လုပ်ကြတယ်။

ကွန်မြူနစ် နဲ့ ဆိုရှယ်ဒီမိုကရက် 

ဟစ်တလာရဲ့ဖက်ဆစ်ဝါဒက ဂျာမန်ပြည်သူတရပ်လုံးကို ဆွဲဆောင်စည်းရုံးထားနိုင်တာမဟုတ်ဘူး။ ဟစ်တလာ အာဏာရလာတဲ့ ရွေးကောက်ပွဲကာလအထိ  ရွေးကောက်ပွဲတိုင်းမှာ ဂျာမန်ကွန်မြူနစ်ပါတီ(CPG)နဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ (SDP)တို့ရရှိတဲ့စုစုပေါင်းမဲဟာနာဇီပါတီထက် များပါတယ်။ သမ္မတက ဟစ်တလာကို   အစိုးရဖွဲ့ဖို့ဖိတ်ခေါ်တဲ့   ၁၉၃၂ ရွေးကောက်ပွဲမှာပင်လျှင် ကွန်မြူနစ်နဲ့ဆိုရှယ်ဒီမိုကရက်များရဲ့ အားဟာ ဟစ်တလာပါတီထက်များပါတယ်။ ဒါပေမဲ့သူတို့ဟာ တသီးတခြားစီ တိုက်နေကြတာဖြစ်တဲ့အတွက် ဟစ်တလာ 

အာဏာရလာတယ်။

ကွန်မြူနစ်များက ပြင်းပြင်းထန်ထန်တိုက်တယ်။ ကွန်မြူနစ်တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုဟာ ပေးဆပ်ရမှုကြီးမားပါတယ်။ ဆိုရှယ်ဒီမိုကရက်တွေကလည်း တိုက်ပါတယ်။ ဒါပေမဲ့ တကွဲတပြားစီ ဖြစ်နေတယ်။ ဖက်ဆစ်ဝါဒ ကြီးထွား လာခြင်းဟာ တော်လှန်ရေးမဆင်နွှဲခြင်းကြောင့် ဒဏ်ခတ်ခံရခြင်းပဲဖြစ်တယ်လို့ သမိုင်းဆရာများက နီဂုံးချုပ်ထားတာရှိပါတယ်။

ဒီမီထရော့ အစီရင်ခံစာ

ဂျော်ဂျီ ဒီမီထရော့ Georgi Dimitrov ဟာဘူဂေးရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၃၀ စုနှစ်အစောပိုင်းကာလမှာ ကွန်မြူနစ်အင်တာနေရှင်နယ် (Comintern)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာတယ်။ ၁၉၃၅ ကိုမင်တန် သတ္တမအကြိမ်မြောက် ကမ္ဘာ့ကွန်ဂရက်တွင် ဖက်ဆစ်ဝါဒနှင့် ဖက်ဆစ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေးတပ်ပေါင်းစုဆိုတဲ့ ထင်ရှားကြော်ကြားတဲ့ အစီရင်ခံစာတစောင်တင်သွင်းတယ်။ (အလွယ်တကူပဲ ဖက်ဆစ်ဝါဒ သို့မဟုတ် တပ်ပေါင်းစုအစီရင်ခံစာလို့ခေါ်တယ်) ဒါဟာကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုအတွက် သမိုင်းဝင် စာတမ်းတစောင်ဖြစ်ပြီး ကွန်မြူနစ်တိုင်းလေ့လာကြရတယ်။ ဖက်ဆစ်ဝါဒရဲ့အတွင်းသဘောကိုနားလည်ပြီး ဘယ်လိုတိုက်ရမယ်ဆိုတာကို ရှင်းပြတယ်။

ဖက်ဆစ်ဝါဒဆိုတာ နယ်ချဲ့စနစ်အကျပ်ဆိုက်မှုမှ ပေါက်ဖွားလာတာဖြစ်ပြီး၊ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲ့ ဗြောင်အကျဆုံး အတိအလင်းအဖြစ်ဆုံး၊ လက်ယာစွန်းအရောက်ဆုံး၊ အဖောက်ပြန်ဆုံးအာဏာရှင်စနစ်ဖြစ်တယ်။ သူ့မှာ မကျေမချမ်းမနှစ်မမြို့ဖြစ်နေတဲ့ ဓနရှင်ပေါက်စတွေ ကုန်သည်တွေ လူလတ်တန်းစားတွေ အလုပ်လက်မဲ့တွေ အသေးစားပိုင်ဆိုင်သူလေးတွေ လူငယ်တွေ စသဖြင့် လူမှုအခြေခံရှိတယ်။ သူတို့ဟာ ယဉ်ကျေးမှုအတုအယောင်အ

မျိုးသားရေးဝါဒရှော်ဗင်ဝါဒ၊ လူမျိုးရေးဝါဒ၊  ဘုံဝါဒ စတာတွေကိုအကာအကွယ်ယူပြီး သူတို့ရဲ့အတွင်းသရုပ်ကို ဖုံးကွယ်ထားကြတယ်။

ဒီမီထရော့ က ဆက်လက်တင်ပြရာမှာ ဖက်ဆစ်ဝါဒကိုခုခံကာကွယ်ဖို့ တိုက်ခိုက်ဖို့နဲ့သုတ်သင်ချေမှုန်းဖို့ တခုတည်းသောနည်းလမ်းကတော့၊ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများ၊ ဖက်ဆစ်မဟုတ်သောအင်အားစုများ အားလုံးနဲ့ အဖြစ်နိုင်ဆုံး အကျယ်ပြန့်ဆုံးတပ်ပေါင်းစုကြီးဖွဲ့စည်းရမယ်။ ဘာဒွိဟသံသယမှ ဖြစ်စရာမလိုဘူး။ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစု နည်းပရိယာယ်လမ်းစဉ်ကျင့်သုံးတဲ့နိုင်ငံတွေ ကွန်မြူနစ်ပါတီတွေဟာ ဖက်ဆစ်ဝါဒကိုတားဆီးနိုင်တယ်(ပြင်သစ် စသည်)၊မကျင့်သုံးတဲ့နိုင်ငံတွေ ကွန်မြူနစ်ပါတီတွေဟာ မတားဆီးနိုင်ဘူး

(ဂျာမနီစသည်)။ ဒါကြောင့် ဖက်ဆစ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲအတွက် အကျယ်ပြန့်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ပေါင်းစုဖွဲ့ကြရမယ်။

ဖက်ဆစ်ဝါဒအကြောင်းရှင်းပြတဲ့ နောက်ထပ်ထင်ရှားတဲ့စာတမ်းကတော့ အီတလီကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ပာလ်မီရို တိုဂလီယာတီ Palmiro Toglatti ရဲ့ စာတမ်းပဲဖြစ်ပါတယ်။ အတွင်းသဘောကတော့ ဒီမီထရော့အစီရင်ခံစာအတိုင်းပါပဲ။ (ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလမ်းစဉ်ဆိုင်ရာ စစ်တမ်းတွေဖြစ်တဲ့ အင်းစိန်စစ်တမ်း  မြင်းခြံစစ်တမ်းတို့ဟာ ဒီမီထရော့အစီရင်ခံစာပေါ် အခြေခံပြီး ဗမာပြည်လက်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပာတယ်။ ဒီလမ်းစဉ်ပော်ကနေ ” ဖဆပလ ” တပ်ပေါင်းစုအဖွဲ့ကြီး 

ပေါ်ပေါက်လာတာ ဖြစ်ပါတယ်)

ဒုတိယကမ္ဘာစစ်

ဟစ်တလာ ဂျာမနီ၊ မူဆိုလိုနီ အီတလီ နဲ့ တိုဂျို ဂျပန်တို့ပေါင်း၍ ကမ္ဘာ့ဖက်ဆစ်ဝင်ရိုးတန်းအင်အားစုကို ဖွဲ့စည်းတယ်။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊  အင်္ဂလန်၊ပြင်သစ် စသည်တို့က မဟာမိတ်အင်အားစုကိုဖွဲ့စည်းတယ်။

ဖက်ဆစ်အင်အားစုက တကမ္ဘာလုံးကိုသိမ်းပိုက်ပြီးနောက် သူတို့အတွင်းခွဲဝေယူကာ ကမ္ဘာကြီးကို ဧရာမ အကျဉ်းစခန်းကြီးအဖြစ် ပြောင်းလဲပစ်မှာဖြစ်တယ်။ နှစ်စဉ် လူသန်းနဲ့ချီပြီး အသုတ်သင်ခံကြရမှာဖြစ်တယ်။ အကယ်၍ဖက်ဆစ်ဝါဒသာအနိုင်ရခဲ့ရင် ယနေ့ကမ္ဘာကြီးဟာ မျက်မှောက်အခြေအနေနဲ့ လုံးလုံးလျားလျားခြားနားတဲ့   အခြေအနေဆိုးနဲ့ကြုံကြရမှာဖြစ်တယ်။

နာဇီဂျာမနီရဲ့နည်းပရိယာယ်က ဦးစွာအားဖြင့် ဥရောပတတိုက်လုံး သို့မဟုတ် တတိုက်လုံးနီးပါးကိုသိမ်းပိုက်ဖို့ ရည်ရွယ်တယ်။ ၁၉၃၄ မှာ နယ်မြေတိုးချဲ့ရေးရည်ရွယ်ချက်နဲ့ ဩစထြီးယားကို တဖက်သတ်ဝင်တိုက်တယ်။ အီတလီက အာဖရိက အဘီဆီးနီးယားကို ဝင်သိမ်းတယ်(၁၉၃၅)။ ဂျပန်က တရုတ်ကို ဝင်တိုက်တယ်(၁၉၃၆)။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြူးနစ်စာချုပ် Munich pack (ဂျာမနီက ဩစထြီးယားကို သိမ်းပိုက်တာကို အလျှော့ပေး ကျေအေးတဲ့ စာချုပ်) နောက်ပိုင်း၊ ချက်ကိုစလိုဗက်၊ ပိုလန်နဲ့ အရှေ့ဥရောပနိုင်ငံအများအပြားကို နာဇီတပ်များက ဝင်ရောက်သိမ်းပိုက်တယ်။ ပြင်သစ်ကို(၁၉၄၀)သိမ်းတယ်။ ဗြတိသျှတပ်များကို ဘယ်လ်ဂျီယန်မှ မောင်းထုတ်ပြီး ဖင်လန်နဲ့ ဘောလ်တစ်နိုင်ငံများကို ဆက်လက်သိမ်းတယ်။

၁၉၃၉ စက်တင်ဘာ ၁ ပိုလန်ကိုသိမ်းပိုက်တဲ့နေ့ဟာ ဒုတိယကမ္ဘာစစ် စတင်တဲ့နေ့ဖြစ်တယ်။ နာဇီဂျာမနီ ပိုလန်ကိုသိမ်းပြီးမှ အနောက်နိုင်ငံတွေနဲ့ အပြန်အလှန်စစ်ကြေညာကြလို့ဖြစ်တယ်။ ဟစ်တလာဟာ နှိုင်းယှဉ်ခြင်းအားဖြင့် ဥရောပကို အလွယ်တကူသိမ်းပိုက်ရရှိသွားတယ်။ ဆိုဗီယက်-ဂျာမန် မကျူးကျော်ရေးစာချုပ်ကို ၁၉၃၉ မှာချုပ်ဆိုတယ်။ ဒီစာချုပ်ဟာ ဆိုဗီယက်ပြည်ထောင်စုအဖို့ အသက်ရှူပေါက်ရစေတယ်။ လန်ဒန်ကိုဗုံးကြဲ (၁၉၄၀)ခြင်းဖြင့် ဗြိတိသျှကို ငြိမ်သွားစေတယ်။

ဆိုဗီယက်ယူနီယံကိုဝင်တိုက်ခြင်း

ဥရောပတိုက်လုံးနီးပါးကိုသိမ်းပိုက်ပြီး အရင်းအမြစ် လူ လက်နက် ရိက္ခာ တပ်အင်အား အလုံးစုံဖြည့်ဆည်းပြီးနောက် ၊ ၁၉၄၁ ဂျွန် ၂၂ မှာ ဆိုဗီယက်ယူနီယံကို အလုံးအရင်းနဲ့ထိုးစစ်ကြီးစတင်တယ်။ စစ်ပွဲရဲ့အဆုံးအဖြတ်တိုက်ပွဲတွေဟာ အဲဒီမှာတိုက်ခဲ့ကြတယ်။ ထိုနေ့ညမှာ ငါးသန်းနီးပါးရှိတဲ့ ဂျာမန်နဲ့သူ့မဟာမိတ်တပ်များ (အီတလီ  ဟန်ဂေရီ စတဲ့) ဟာ

ကီလိုမီတာ ၄၅၀၀ ရှည်လျားတဲ့ နယ်နိမိတ်တလျှောက် ထိုးစစ်ကြီးစတင်တယ်။ ဒါဟာသမိုင်းမှာ အကြီးမားဆုံးသော ထိုးစစ်ကြီးဖြစ်တယ်။

ဒီအချိန်ကစလို့ စစ်ပွဲရဲ့အသွင်အပြင်နဲ့ လက္ခဏာဟာပြောင်းလဲသွားတယ်။ နယ်ချဲ့အချင်းချင်းတိုက်နေတဲ့စစ်ပွဲမှ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့စစ်ပွဲအဖြစ် ပြောင်းလဲသွားတယ်။ ဥရောပနဲ့ကမ္ဘာတခုလုံးရဲ့ကံကြမ္မာဟာ ဖက်ဆစ်ဂျာမနီနဲ့ဆိုဗီယက်ယူနီယံ ဘယ်သူနိုင်မလဲဆိုတဲ့အပေါ်တည်လာတယ်။ ကမ္ဘာတဝန်းရှိ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများနဲ့ ပြည်သူများဟာ ကူညီထောက်ခံ လက်တွဲလုပ်ဆောင်လာကြတယ်။

၁၉၄၂ ထဲရောက်တော့ စစ်ပွဲရဲ့ရှေ့တန်းမျဉ်းကြောင်းဟာ လီနင်ဂရက်၊ မော်စကို၊ စတာလင်ဂရက် စည်းကြောင်း တလျှောက် ရောက်ရှိလာတယ်။ ပြင်းထန်တဲ့တိုက်ပွဲများ ဒီမျဉ်းကြောင်းတလျှောက်ဖြစ်ပွားတယ်။ ဂျာမန်ထိုးစစ်ဟာ ဒီနေရာမှာရပ်တန့်သွားတယ်။ သူတို့ဟာ စတာလင်ဂရက်တဝိုက်မှဖောက်ထွက်ပြီး အာရှသို့ထိုးဖောက်ဖို့ အစီအစဉ်ရှိတယ်။ အာရှကိုသိမ်းပိုက်ထားတဲ့ဂျပန်တပ်များနဲ့ အိန္ဒိယတနေရာမှာပူးပေါင်းဖို့ဖြစ်တယ်။ အာရှကိုလည်း ဝန်ရိုးတန်းဖက်ဆစ်များက ခွဲဝေယူကြဦးမယ်။

အဆုံးအဖြတ်တိုက်ပွဲများ

ရက်ပေါင်း ၉၀၀ ကြာ လီနင်ဂရက်ကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်တယ်။ မော်စကိုမြို့ပြင် ဆင်ခြေဖုံးဒေသတွေမှာ ဂျာမန်ထိုးစစ်တန့်သွားအောင် ထိန်းထားနိုင်ခဲ့တယ်။ စစ်ပွဲဟာစတာလင်ဂရက်ရဲ့ အိမ်တိုင်းလမ်းတိုင်းမှာ ဖြစ်ပွားတယ်။ စတာလင်ဂရက်တိုက်ပွဲဟာ ၁၉၄၂ နှစ်လည်မှ ၁၉၄၃ ဖေဖေါ်ဝါရီ အထိ ကြာတယ်။ ဒီတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အဆုံးအဖြတ်တိုက်ပွဲကြီးပဲဖြစ်ပါတယ်။ လူသားတွေရဲ့ကံကြမ္မာဟာ ဒီတိုက်ပွဲပေါ်မှာတည်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှုံးနိမ့်ခဲ့ရင် ဂျာမန်တပ်တွေကို လမ်းပေါက်အသွယ်သွယ်ဖွင့်ပေးလိုက်သလို ဖြစ်မှာမို့ပဲ။

၁၉၄၃ ဖေဖေါ်ဝါရီနဲ့ မတ်မှာ နာဇီဂျာမန်များဟာ ဒုတိယကမ္ဘာစစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်မှုအဖြစ် စတာလင်ဂရက်တိုက်ပွဲမှာ အချေမှုန်းခံကြရတယ်။ ၁၉၄၃ မှစ၍ စစ်မျက်နှာအနှံ့ ဆိုဗီယက်တပ်များက ထိုးစစ်၊   နာဇီတပ်များက ခံစစ်ဖြစ်လာတယ်။ ကာရပ်စ်တိုက်ပွဲ The Battle of Kursh ဟာ နောက်ထပ်  အဓိကတိုက်ပွဲကြီး တပွဲဖြစ်တယ်။       

ဒါပေမဲ့ အချေမှုန်းခံလိုက်ရတဲ့ဂျာမန်တပ်များဟာ အကြီးအကျယ်လုယက်ရမ်းကား ဖျက်စီးခဲ့ကြတယ်။ ဂျာမန် အထူးရဲတပ်ဖွဲ့ SS နဲ့ လျှို့ဝှက်ပုလိပ်တပ်ဖွဲ့(Gestapo ဂက်စတာပို) တို့  ဦးဆောင်ပြီး ဥရောပနဲ့ဆိုဗီယက်ယူနီယံအနှံ့ ဘူချန်ဝောလ် Buchenwald အော့စဝတ်စ် Auschwitz ကဲ့သို့သော လူမဆန်တဲ့နှိပ်စက်ညှဉ်းပန်းရေးအကျဉ်းစခန်းများ အနှံ့အပြားထူထောင်တယ်။

၁၉၄၄ မှာတပ်နီတော်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဥရောပနိုင်ငံများထဲသို့ အဓိက စစ်ကြောင်းကြီးသုံးကြောင်းခွဲ၍ ဝင်ရောက်တယ်။ တချိန်တည်းမှာဒေသခံပြောက်ကျားတပ်ဖွဲ့များက ဂျာမန်စစ်တပ်ရဲ့နောက်ပိုင်းမှာ အရှိန်မြှင့် တိုက်ခိုက်တယ်။

ဒုတိယစစ်မျက်နှာ

ဗြိတိသျှ ပြင်သစ်နဲ့ အမေရိကန်တပ်များကို ဒုတိယစစ်မျက်နှာဖွင့်ပြီး ဂျာမန်များကို တပြိုင်တည်း နှစ်ဖက်ညှပ်တိုက်ကာ အလျင်အမြန်ချေမှုန်းဖို့ တကမ္ဘာလုံးကတောင်းဆိုမှုရှိသော်လည်း၊ အနောက်အင်အားစုများဟာ နှောင့်နှေးနေကြတယ်။ သူတို့ကဆိုဗီယက်ပြည်ထောင်စုအထိနာပြီး အားပျော့သထက်ပျော့လာတာကိုမြင်တွေ့လိုကြတယ်။ ဒါပေမဲ့ တပ်နီတော်ဟာသူတို့ဖာသာ နာဇီတပ်များကိုချေမှုန်းသုတ်သင်ပြီး ဥရောပသို့ တိုးဝင်လာနိုင်တာကို မြင်တွေ့

လာတဲ့အခါ၊ သူတို့ဟာ ဒုတိယစစ်မျက်နှာဖွင့်ဖို့ ဆုံးဖြတ်တယ်။

၁၉၄၄ ဂျွန် ၆ အနောက်နိုင်ငံတပ်ဖွဲ့များ ပြင်သစ် နော်မန်ဒီကမ်းခြေသို့ ကမ်းတက်ဝင်ရောက်ပြီး ဒုတိယစစ်မျက်နှာ ဖွင့်လိုက်တယ်။ အနောက်တပ်ဖွဲ့များ ဟာဂျာမန်တပ်များကိုတိုက်ပြီး ဘာလင်ကိုသိမ်းဖို့ အမြန်ချီတက်တယ်။ ဆိုဗီယက်တပ်နီတော်ဟာ ၁၉၄၄-၄၅ မှာ အရှေ့ဥရောပနိုင်ငံ တသီတတန်းကြီးကို လွတ်မြောက်စေခဲ့ပြီး ဩစထြီးယားကိုရောက်လာတယ်။ သူတို့ဟာ ပိုလန် ဟန်ဂေရီ ချက်ကိုစလိုဗေးကီးယား ရိုမေးနီးယား ဘူဂေးရီးယား စတဲ့နိုင်ငံတွေကို လွတ်မြောက်စေခဲ့တယ်။ ဖက်ဆစ်အကျဉ်းစခန်းများမှ အသက်မသေဘဲ ကျန်ရစ်သူများကို ကယ်တင်နိုင်ခဲ့တယ်။

ဟစ်တလာက သူရှုံးနိမ့်လိမ့်မယ်လို့ လုံးဝမျှော်လင့်မထားဘူး။ ကမ္ဘာကိုစိုးမိုးဖို့ဆိုတဲ့  ဖက်ဆစ်ဝါဒအိပ်မက်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ ဟစ်တလာဟာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တယ်။ နာဇီတပ်မှူးများဟာ ဘာလင်ကို ဝင်ရောက်လာတဲ့ ဆိုဗီယက်တပ်နီတော်ထံ လက်နက်ချတယ်။ ဂျာမန် ရိုင်း(ချ်)လွှတ်တော်ခန်းမ Reich’s Building ထက် အောင်လံနီလွှင့်ထူနိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဝါဒ နိဂုံးချုပ်သွားပါပြီ။

သမိုင်းသင်ခန်းစာ

ဖက်ဆစ်တပ်ဖွဲ့များနဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ဒီတိုက်ပွဲများဟာ သန္နိဋ္ဌာန်ပြင်းပြပြီး သူရဲကောင်းပီသစွာ သူသေကိုယ်ရှင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအဖြစ် သမိုင်းတင်ခဲ့တဲ့ တိုက်ပွဲများဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူသားသန်းပေါင်း ၅၀ သေဆုံးခဲ့တဲ့အနက် ဆိုဗီယက်ပြည်သူ သန်း ၂၀ သေဆုံးခဲ့ကြပါတယ်။ ထောင်သောင်းချီတဲ့ မြို့ ရွာ စက်ရုံ စိုက်ခင်း လုပ်ခင်းကိုင်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်။ ယဉ်ကျေးမှု အနုပညာတွေ အဖျက်ဆီးခံရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေထိခိုက်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေဟာ ယခုထက်တိုင် ကျန်ရှိနေပာသေးတယ်။

ဖက်ဆစ်ရဲ့ ပင်ကိုယ်လက္ခဏာကိုစောစောသိမြင်ပြီး ဆန့်ကျင်နိုင်ခဲ့ရင် ဖက်ဆစ်စနစ်ကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဆိုရှယ်ဒီမိုကရက်နဲ့လစ်ဘရယ်တွေ၊ အမျိုးသားရေးပါတီတွေဟာ ဖက်ဆစ်စနစ်ကိုသိမြင်ဖို့ အချိန်အများကြီး ယူခဲ့ရတယ်။ ကွန်မြူနစ်တွေမှာလည်း အမှားရှိတာပဲ။ တညီတညွတ်တည်းလှုပ်ရှားမှ ဖက်ဆစ်ဆန့်ကျင်သူများ ဖက်ဆစ်မဟုတ်သူများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တပ်ပေါင်းစုဖွဲ့နိုင်မှ ဥရောပနဲ့တကမ္ဘာလုံးကို ဖက်ဆစ်တွေရဲ့ မကြုံစဖူးအောင်ဖျက်ဆီးမှုမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။         

ဖက်ဆစ်ဝါဒအပေါ်အောင်ပွဲဆင်မှုဟာ အာရှနဲ့ကမ္ဘာတလွှား အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် လမ်းပွင့်စေခဲ့ပါတယ်။

ကိုးကား။ Source: May 9: Anniversary of Victory over Fascism  by Anil Rajimwale. New Age, May 10 – 16, 2009.                                                                            

Leave a Reply

Your email address will not be published. Required fields are marked *