အမြင့်ဆုံးကြွေးမြီကန့်သတ်ချက်နောက်ကွယ်က ကြောင်သူတော်လုပ်ရပ်
မြစမ်းအေး
အမေရိကန်အစိုးရရဲ့ ကြွေးမြီဟာ ၂၀၂၃ နှစ်ဦးမှာ ကန့်သတ်ထားတဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံကို ရောက်ရှိနေပြီဖြစ်တယ်။ အမျိုးသားကြွေးမြီ အမြင့်ဆုံးကန့်သတ်ချက် Debt ceiling (အကြွေးမျက်နှာကြက်) နဲ့ပတ်သက်လို့ ပင်မသတင်းဌာနကြီးများမှာ ငြင်းခုံနေကြတယ်။ ဒါပေမဲ့ ဝါရှင်တန်အစိုးရကတော့ အလေးအနက်ထားတာ မဟုတ်ပါဘူး။ မေလနှောင်းပိုင်းမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရီပါပလစ်ကန် အောက်လွတ်တော်ဥက္ကဋ္ဌကေဗင်မက်ကာသီတို့ ညှိနှိုင်းဆွေးနွေးပြီး၊ ကြွေးမြီကန့်သတ်ချက်ကို မလျှော့ချတဲ့အပြင် တိုးမြှင့်ဖို့နဲ့ စစ်ရေးဘတ်ဂျက်ကို လက်ရှိ ဒေါ်လာ ၈၀၀ ဘီလီယံမှ ဒေါ်လာ ၈၈၅ ဘီလီယံသို့ အကြမ်းဖျင်း တိုးမြှင့်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဘိုင်ဒင် – မက်ကာသီ သဘောတူညီမှုဟာ အမေရိကန်ဆင်းရဲသားများအဖို့ အစားအသောက် ထောက်ပံ့မှုနဲ့ လူမှုဖူလုံရေး အထောက်အပံ့ရရှိဖို့ ပိုမိုခက်ခဲစေလိမ့်မယ်။
အမေရိကန်ကြွေးမြီဟာ ဒေါ်လာနဲ့တင်ရှိတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရက ဒေါ်လာငွေစက္ကူများ ရိုက်နှိပ်ပြီး ပေးချေလို့်ရပါတယ်။ အဲဒီလိုလုပ်ရင် ငွေဖောင်းပွမှု သေချာပေါက်ဖြစ်မှာပဲ။ (ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေကြေး ဖြစ်တဲ့အလျောက် တခြားနိုင်ငံများသို့လည်း ငွေဖောင်းပွမှုကို တင်ပို့သလို ဖြစ်မှာပါပဲ)။
အမေရိကန်ဗဟိုဘဏ်ဟာ ၂၀၀၈ မှ ၂၀၂၂ အတွင်း အမေရိကန်ဒေါ်လာ ၈ ထရီလီယံ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ အရေအတွက်ဖြေလျော့ခြင်း quantitative easing ဆိုတဲ့ ဒေါ်လာငွေကြေး ဗုံးပေါလအော ရိုက်ထုတ်ခြင်းကြောင့် အက်ဆက်ပူဖောင်း asset bubble အကြီးအကျယ်ဖောင်းပွကာ လူချမ်းသာများ ပိုမိုကြွယ်ဝချမ်းသာ လာကြပါတယ်။ နိုင်ငံအများအပြားဟာ အထူးသဖြင့် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ(ဖွံ့ဖြိုးဆဲ)ဟာ အမေရိကန်နဲ့မတူဘဲ ကြွေးဆပ်ဖို့ရာ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေဖို့ မလွယ်ပါဘူး။ နိုင်ငံခြားကြွေးမြီကို ဒေါ်လာနဲ့သတ်မှတ်တာ ဖြစ်တဲ့အတွက် သူတို့ဟာ အမေရိကန်လို ဒေါ်လာငွေကြေး ရိုက်နှိပ်ထုတ်ဝေလို့ မရပါဘူး။ ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေကြေး ဖြစ်တဲ့အလျောက် နိုင်ငံအများအပြားဟာ အမျိုးသားကြွေးမြီကို ဒေါ်လာနဲ့ပဲထားရှိကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ ဧရာမလိုငွေပြနေတာကို ထိန်းသိမ်းထားတယ်။ နိုင်ငံခြားအလုပ်သမားများရဲ့ အစွန်းထွက်ထုတ်လုပ်မှု(တန်ဖိုး)ကို စုပ်ယူတယ်။ ကြွေးမြီထရီလီယံချီ တင်ရှိနေတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ (ဒေါ်လာ) ဝယ်လိုအား ရှိတဲ့အတွက် ဒေါ်လာတန်ဖိုး ထူးထူးခြားခြား ချစရာမလိုဘူး။ ကမ္ဘာတစ်ဝန်း လူချမ်းသာများဟာ သူတို့ရဲ့ကြွယ်ဝမှု အာမခံစာချုပ်များကို အမျိုးသားကြွေးမြီလိုပဲ အဓိကအက်ဆက်ဖြစ်တဲ့ ဒေါ်လာနဲ့ထားရှိတာဖြစ်တယ်။
ဝါရှင်တန်(အစိုးရ)ထဲမှာ အမျိုးသားကြွေးမြီ အမြင့်ဆုံးကန့်သတ်ချက် debt ceiling နဲ့ပတ်သက်လို့ ဘယ်သူကမှ စိုးရိမ်နေတာ မရှိပါဘူး။ နှစ်စဉ်စစ်ဘက်ဂျက်ကို တိုးမြှင့်လာခဲ့ပြီး ၂၀၃၀ လောက်ကျရင် ဒေါ်လာ ၁ ထရီလီယံ ရောက်တော့မှာပါ။ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် စစ်သုံးစရိတ် ဒေါ်လာ ၈၈၆.၃ ဘီလီယံသို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဟာ ငြိမ်းချမ်းနေတဲ့ကာလ ငွေဖောင်းပွမှုထိန်းညှိပြီး အမြင့်ဆုံးလျာထားချက်ဖြစ်ပါတယ်။ ဒါဟာ သူ့နောက်က တခြားနိုင်ငံ ၁၀ နိုင်ငံပေါင်း စစ်သုံးစရိတ်ထက် (တရုတ် ၊ရုရှား ၊အိန္ဒိယ ၊ ဆော်ဒီအာရေဗျ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျပန် နှင့် ယူကရိန်း) ပိုများပါတယ်။
စစ်သုံးစရိတ် တိုးမြှင့်လိုက်တဲ့အတွက် အမေရိကန်ဆင်းရဲသားများအဖို့ အစားအစာထောက်ပံ့မှုနဲ့ လူမှုဖူလုံရေးအထောက်အပံ့တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ပြင်ဆင်ချက်အရ အသက် ၅၄ နှစ်နှင့်အောက် တလအနည်းဆုံး အလုပ်ချိန် ၈၀ နာရီရှိသူဖြစ်မှသာ အစားအစာထောက်ပံ့မှု ရတော့မှာဖြစ်တဲ့အတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေ အစားအစာနှင့် လူမှုဖူလုံရေး ခံစားခွင့်မရ ဖြစ်တော့မှာပါ။
အမေရိကန်မှာ ငတ်မွတ်ခေါင်းပါးမှုဟာ အရေးကြီးပြဿနာ ဖြစ်ပါတယ်။ Brookings Institution ၂၀၂၀ အစီရင်ခံစာအရ ကလေးရှိတဲ့မိသားစု ၁၆% ကျော်ဟာ ရိက္ခာမလောက်ငကြဘူး။ ဒါဟာ ကလေး ၆ယောက်မှာတစ်ယောက် မလောက်ငတာဖြစ်တယ်။ ရိက္ခာထောက်ပံ့မှုအစီအစဉ်ရဲ့ တရားဝင်အခေါ်အဝေါ်မှာ SNAP , the Supplemental Nutrition Assistance Program (အာဟာရထောက်ပံ့မှုစီမံကိန်း) ဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးဌာန စာရင်းဇယားများအရ ထောက်ပံ့မှုရရှိတဲ့ အမေရိကန်မိသားစု လေးပုံသုံးပုံ (၈၁%) ဟာ ကလေးတွေ မိသားစုမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။ ၂၀၂၂ မှာ မိသားစုရှိတဲ့ကလေး ငါးပုံတပုံ ရိက္ခာထောက်ပံ့မှုရတယ်။
၂၀၂၃ ဖေဖော်ဝါရီမှာ အမေရိကန်ပြည်သူ ၄၂.၅ သန်း ရိက္ခာထောက်ပံ့မှုရတယ်။ ဒါဟာ အမေရိကန်လူဦးရေရဲ့ ၁၃% ဖြစ်ပြီး၊ လူဆယ်ဦးမှာ တစ်ဦးနှုန်းဖြစ်ပါတယ်။ အမေရိကန်မှာ ဆင်းရဲမွဲတေမှုဟာ အရေးကြီးပြဿနာဖြစ်ပြီး ရိက္ခာထောက်ပံ့မှုဟာ အခရာကျတဲ့ စီမံကိန်းဖြစ်ပါတယ်။ မြို့ကြီးတွေမှာ အိုးမဲ့အိမ်မဲ့တွေ ဆိုးဆိုးဝါးဝါး တိုးပွားလာတော့မှာဖြစ်တယ်။
မညီမျှမှုတိုးပွားလာပြီး ဘီလီယံကြွယ်သူဌေးတွေ သန်းကြွယ်သူဌေးတွေ ပိုမိုကြွယ်ဝလာကာ ချမ်းသာသူပိုချမ်းသာ ဆင်းရဲသူပိုဆင်းရဲ ဖြစ်တော့မှာပါ။ The Guardian သတင်းစာဖော်ပြမှုအရ လူချမ်းသာများရဲ့ အခွန်ထမ်းဆောင်မှုဟာ ဆယ်စုနှစ်များစွာ လျော့ကျလာပြီး၊ ၁၉၆၀ မှာ အချမ်းသာဆုံးမိသားစု ၄၀၀ ရဲ့ အခွန်ပေးဆောင်မှုဟာ ၅၆% အထိရှိခဲ့ရာမှ ၁၉၈၀ မှာ ၄၀% သို့ကျဆင်းသွားပါတယ်။ ၂၀၁၈ မှာတော့ အချမ်းသာဆုံး မိသားစု ၄၀၀ ရဲ့ ပျမ်းမျှအခွန်ပေးဆောင်မှုက ၂၃% ဖြစ်ပြီး၊ အောက်ခြေ အမေရိကန်မိသားစုထက်ဝက်ရဲ့ အခွန်ပေးဆောင်မှုက ၂၄.၂% ဖြစ်တယ်။
အမေရိကန်အမျိုးသားကြွေးမြီ ဘာကြောင့် ဒီလောက်များနေသလဲဆိုတာ အလွယ်တကူ ရှင်းပြနိုင်ပါတယ်။ လူချမ်းသာတွေ အခွန်ထမ်းဆောင်မှု နည်းသည်ထက်နည်းလာပြီး (အခွန်ဝန်ထုပ်ဝန်ပိုးဟာ ဆင်းရဲသား လုပ်သားပြည်သူများပေါ် ပိသထက်ပိလာ) လို့ပါပဲ။ အမေရိကန်အစိုးရဟာ ဒေါ်လာထရီလီယံနဲ့ချီသုံးစွဲပြီး ကမ္ဘာတလွှား စစ်ပွဲတွေ ဖန်တီးနေလို့ပါပဲ။
၂၀၀၈ ဘဏ္ဍာရေးကပ်နောက်ပိုင်း ၁၄ နှစ်ကြာ ငွေကြေးဗုံးပေါလအောလုပ်ခြင်း quantitative easing နှင့်အတူ အမေရိကန်ဗဟိုဘဏ်မှ ဒေါ်လာထရီလီယံပေါင်းများစွာ (အနိမ့်ဆုံးဒစ်ဂျစ်တယ်ငွေကြေးအဖြစ်) ရိုက်နှိပ်ထုတ်ဝေပြီး ငွေတိုက်စာချုပ်တွေ အပေါင်ခံအာမခံစာချုပ်တွေ treasuries and mortgage – backed securities နဲ့ ဘယ်သူမှမလိုချင်တဲ့ အဆိပ်သင့်အက်ဆက်တွေ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ ဘယ်သူတွေ အကျိုးခံစားရသလဲ။ လူချမ်းသာတွေပဲ အကျိုးခံစားရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်လူချမ်းသာ ၁၀% ဟာ စတော့ ၉၀% ကို ပိုင်ဆိုင်ထားကြလို့ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့မြောက်ခြမ်း (ဖွံ့ဖြိုးဆဲ) နိုင်ငံများအဖို့ ရေနံ ဓာတ်ငွေ့လို အရေးပါတဲ့ကုန်စည်တွေ စက်ပစ္စည်းအစိတ်အပိုင်းတွေ ယာဉ်တွေ နည်းပညာတွေ လိုအပ်တဲ့အခါ ဝယ်ယူရာမှာ ပေးချေဖို့ ဒေါ်လာငွေလိုအပ်ပါတယ်။ ဒေါ်လာငွေရဖို့အတွက် ပြည်တွင်းသုံးစွဲငွေကို တန်ဖိုးချရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါတယ်။
အမေရိကန်စီးပွားရေးက ဘာတန်ဖိုး(ကုန်စည်)မှ ထုတ်လုပ်တာမရှိသော်လည်း ကြွေးဆပ်ဖို့နဲ့ ပြည်ပမှ ကုန်စည်နဲ့ဝန်ဆောင်မှုကို တင်ပို့ဖို့အတွက် လိုအပ်တဲ့ ဒေါ်လာငွေကြေးကို ရိုက်ထုတ်လို့ရနေပါတယ်။ ဒီအကြောင်းတရားတွေကြောင့် အမေရိကန်ဟာ ကမ္ဘာမှာ အကြီးမားဆုံး အသုံးစရိတ်လိုငွေပြနိုင်ငံအဖြစ် ဆယ်စုနှစ်များစွာ ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ ဖော်ပြပါ အကြောင်းတရားတွေကြောင့် အမေရိကန်နိုင်ငံရဲ့ သွင်းကုန်က ပို့ကုန်ထက် တလျှောက်လုံး ပိုများနေတာဖြစ်ပြီး ဘယ်နိုင်ငံကမှ လိုက်တုလို့မရနိုင်ပါဘူး။
နောက်ဆုံးအနေနဲ့ သတိပြုရမဲ့အချက်က ထင်ရှားသိသာတဲ့ အမေရိကန်စစ်အင်အားပါပဲ။ နှစ်စဉ်စစ်ဘတ်ဂျက် ၁ ထရီလီယံဒေါ်လာနီးပါးနဲ့ ကမ္ဘာတဝန်း စစ်စခန်းပေါင်း ၈၀၀ လောက် ဖြန့်ကြက်ထားပါတယ်။
အကယ်၍ အမေရိကန်က ကြွေးမဆပ်နိုင်တော့ဘဲ နိုင်ငံခြားကြွေးမြီ ပေးဆပ်ဖို့ ငြင်းပယ်ခဲ့ရင် ဘယ်နိုင်ငံခြားတပ်ကမှ အမေရိကန်ကို သိမ်းပိုက်ပြီး အတင်းအကြပ် ပေးဆပ်ခိုင်းလို့ မရပါဘူး။ သူလုပ်သလို နိုင်ငံငယ်ကလေးတွေ လိုက်မလုပ်နိုင်ပါဘူး။ မြစမ်းအေး (၁၇ ဇွန် ၂၀၂၃)
(ရည်ညွှန်း/Debt ceiling hypocrisy: US boosts military budget while restricting food stamp for poor by Ban Norton. Originally posted on Geopolitical Economy Report, June 3, 2023. )