အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

By | May 18, 2023

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

နီထွန်း

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နဲ့ မေလဆန်းအတွင်း အမေရိကန်နိုင်ငံမှာ ဘဏ်အကျပ်အတည်း (ဝါ) ဘဏ်ပြိုလဲ မှု (collapse) တွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ စီးပွားရေးဆိုင်ရာဝေါဟာရ တွေကို အဓိက ထားတင်ပြပါမယ်။

ဘဏ်တွေကို အမျိုးအစားခွဲရင် ကူးသန်းရောင်းဝယ်ရေးဘဏ်(commercial) ရင်းနှီးမြှုပ်နှံမှုဘဏ် (investment) ငွေစုဘဏ် (savings) အာမခံလုပ်ငန်းလုပ်ကိုင်သည့်ဘဏ် (insurance) နဲ့ အခြားသက် ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆောက်လုပ်ရေး၊ လယ်ယာ၊ စက်မှု၊ ရေလုပ်ငန်း၊ ထုတ်ကုန်သွင်းကုန် (Construction, Agricultural, Industrial, Fishery, Export Import) စသဖြင့်ရှိပါမယ်။

အခုပြိုလဲသွားတဲ့ SVB (Silicon Valley Bank) ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားမှာပါပါတယ်။ သူက အဓိက အားဖြင့် ကွန်ပျူတာနဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ထူထောင်စ လုပ်ငန်းငယ်လေး (Startups) တွေကို အရင်းအနှီးထုတ်ပေးတဲ့ဘဏ်ပါ။ အမေရိကန်မှာ အဆင့် ၁၆ ရှိတဲ့ဘဏ်ဖြစ်ပါတယ်။

အခုဘဏ်ပြိုလဲမှုဟာ ၂၀၀၇-၂၀၀၈ ဘဏ်အကျပ်အတည်းနဲ့မတူပါ။ SVB ပြိုလဲမှုဟာ Short seller တွေ ကြောင့်လို့ဆိုပါတယ်။ သူတို့က အရင်းအနှီးဈေးကွက်က ငွေချေးစာချုပ် (Securities) တွေကို ဒီဘဏ်က ဝယ်ပါတယ်။ ဒီဘဏ်ကလဲ သူ့ဆီက အပ်နှံငွေ (deposit) အတော်များများကို သေချာပေါက်မြတ်မယ့် ဒီငွေချေး စာချုပ် တွေ ဝယ်ပြီးရင်းနှီးမြှုပ်နှံထားပါတယ်။ ဖြစ်ချင်တော့ ကိုဗစ်အပြီး နဲ့ ယူကရိန်းစစ်ပွဲအဖြစ်မှာ ပြည်တွင်းငွေကြေး ဖောင်းပွမှုကိုထိန်းဖို့ဆိုပြီး အမေရိကန်ဗဟိုဘဏ် (Federal Reserve Bank) က အတိုး နှုန်းတွေဆက်တိုက်မြှင့်ပါတယ်။ ဒီမှာတင် အရင်အတိုးဟောင်းနဲ့ ငွေချေးစာချုပ်တွေ ဈေးထိုးကျပါတယ်။ Short seller တွေလုပ်တာက ဒီစာချုပ်တွေကိုဝယ်လိုက် ရောင်းလိုက်လုပ်တာပါ။ ဈေးကျတဲ့အချိန်မှာ ပြန်ဝယ်ပြီး ပြန်ထည့်တာ ပြန်ပေးတာကိုလုပ်ပါတယ်။ ဥပမာ ဒေါ်လာတစ်သန်းတန်ငွေချေးစာချုပ်ကို ခဏ ကိုင်ထားလိုက်တယ်။ ဒီကြားထဲမှာမြတ်ရင်သူကထုတ်ရောင်းလိုက်တယ်။ ပြီးရင်ငွေကိုကိုင်ထားပြီး ဈေး အကျမှာ ပြန်ဝယ်ပြီး မူလပိုင်ရှင်ကိုပြန်ပေးလိုက်တယ်။ ဒီလိုခဏကိုင်ထားခွင့်ရဖို့ မူလပိုင်ရှင်ကို ကော် မရှင်ခပေးရတယ်။ ဒီကာလအတွင်းရလာတဲ့ အတိုး ကိုလဲ ပိုင်ရှင်ကိုပြန်ပေးရတယ်။ ဒီတော့ သူက ကော် မရှင်ခပဲ စိုက်ရတယ်။ ဟန်ပုံမရရင် ဒီငွေချေးစာချုပ်ကို ပိုင်ရှင်ကိုပြန်ပေးလိုက်ရုံဘဲ။ ဒီတော့သူ့သဘောက ဈေးကျရင်သူမြတ်ပါတယ်။ ဒီလိုလုပ်ရာမှာလဲ အရင်းအနှီးမရှိဘဲ တကယ်ဒီစာချုပ်တွေကို (ယာယီ) ပိုင်ဆိုင် တာမဟုတ်ဘဲ ဈေးနှုန်း ခြားနားချက်ကိုပဲ အမြတ်အဖြစ်ယူသူတွေ ကို short seller without position လို့ခေါ်ပါတယ်။ position ဆိုတာမှာလဲ ငွေချေးစာချုပ်၊ ကုန်စည်၊ ငွေကြေး (security, commodity, currency) စသည်တခုခု ကိုင် ထားသူတွေကိုပြောတာပါ။ အခုဒီဘဏ်ပြိုလဲမှုကတော့ short seller without position တွေကြောင့်လို့ ဆိုပါ တယ်။ short seller နဲ့ ဆန့်ကျင်ဘက်က long seller ပါ။ သူက ဈေးတက်ရင် ရှုံးပါတယ်။

SVB ဟာ သူကိုင်ထားတဲ့ ငွေချေးစာချုပ်တွေ ဈေးတအိအိပြိုဆင်းလာတာကို ကြာကြာတောင့်မခံနိုင်တော့ လို့ ငွေအပ်နှံထားသူတွေကို ငွေပြန်ထုတ်ပေးဖို့ အခက်အခဲရှိလာပြီလို့ ကြေညာလိုက်ရပါတယ်။ ဒါကို ဘဏ် ဝေါဟာရ စီးပွားရေးဝေါဟာရအရ ငွေကြေးပြဿနာ (liquidity problem) လို့ခေါ်ပါတယ်။ ဒီအခါမှာ အပ်နှံ ထားသူတွေက သူတို့ငွေတွေဆုံးမှာစိုးရိမ်လို့ အစုလိုက်အပြုံလိုက်ငွေပြန်ထုတ်မှုတွေဖြစ်လာပါတယ်။ ဒါကို ဘဏ်ဝေါဟာရ မှာ (Bank run) လို့ခေါ်ပါတယ်။ ဒါကိုအစိုးရနဲ့ ဗဟိုဘဏ်က အမြန်ဝင်ထိန်းရပါတယ်။ ဘဏ်အပ်နှံငွေတွေနဲ့ပတ်သက်လို့ အစိုးရကတာဝန်ယူကြောင်းကြေညာပါတယ်။ ဒီနေရာမှာ အလားတူ ဖြစ်ရပ်မျိုးဖြစ်ခဲ့တဲ့ ၁၉၃၀ စီးပွားပျက်ကပ်ကြီး(Great Depression) ဖြစ်ခဲ့တုံးက အက်ဥပဒေပြန်ဌာန်းပြီး အပ်နှံငွေတွေကိုကာကွယ်တဲ့စနစ်တခုထူထောင်ထားခဲ့ပါတယ် (1933 Banking Act)။ အဲဒါက ပြည်ထောင်စုအပ်နှံငွေအာမခံ ကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI) ဖြစ်ပါတယ်။ သူ့အတွက်ရံပုံငွေကို ဘဏ် တွေက အာမခံကြေး အချိုးကျထည့်သွင်းပြီး ထူထောင်ထား တာပါ။ မူလက အပ်နှံငွေ ဒေါ်လာ ၂၅,၀၀၀ အထိဘဲအာမခံပါတယ်။ အပြည့်အဝပြန်ထုတ်ပေးပါတယ်။ နောက်ပိုင်း Dodd-Frank Watt Street Reform and Consumer Protection Act 2010 ပြဌာန်းပြီးမှ အပ်နှံငွေ ဒေါ်လာ ၂၅၀,၀၀၀ အထိအာမခံတာဖြစ်ပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက ဘဏ်တွေအနေနဲ့အခုလို ဆုံးရှုံးမှုတွေရှိလာလို့ တကယ်ပြန်မပေးနိုင်တာ မျိုး ဖြစ်နိုင်သလို ကောလဟလ တခုကြောင့် ဘဏ်တွေမှာစုပြုံငွေထုတ်တာမျိုးဖြစ်လာရင် လဲ Bank run ဖြစ်နိုင် ပါတယ်။ ဘဏ်တွေအားလုံးဟာ ငွေသားကို ရာခိုင်နှုန်းအနည်းငယ်သာချန်ထားပြီး ကျန်တာကို ရင်းနှီးမြှုပ်နှံ မှုတွေပြန်လုပ်ထားတာဖြစ်ပါတယ်။ တချိန်တည်းမှာ ဗဟိုဘဏ်ကို လဲ အပ်နှံငွေစုစုပေါင်းရဲ့ ရာနှုန်းတချို့ကို အာ မခံငွေအဖြစ်တင်ထားရပါတယ်။ ဘဏ်တွေကလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချေးငွေ၊ ချေးငွစာချုပ်တွေ၊ အိမ်ခြံမြေတွေ စသဖြင့်အမျိုးစုံဖြစ်နိုင်ပါတယ်။ ဒီအခါမျိုးမှာလဲ ဗဟိုဘဏ်တွေ က ဝင်ကယ်မှ သက်သာရာရနိုင်ပါတယ်။

၂၀၀၇-၀၈ ဘဏ်အကျပ်အတည်းကတော့ အိမ်ခြံမြေဈေးကွက်ပြိုကျရာကမြစ်ဖျားခံတာပါ။ အိမ်ဆိုတာ အတက်ပဲရှိတယ်၊ အကျမရှိဘူး လို့ရေရှည်ယုံကြည်မြှုပ်နှံထားကြရာကနေ အိမ်ခြံမြေပူပေါင်း (real estate bubble) ပေါက်တဲ့အခါပြိုကျတာပဲ။ Fennie Mae and Freddie Mac တို့ကအထိအနာဆုံးဖြစ်ပါတယ်။ အဲဒီအခါမှာ ဘဏ်တွေပြိုရတာက အခုလို short တွေကြောင့်မဟုတ်ဘဲ Subprime lending နဲ့ derivatives တွေကြောင့်ဖြစ်ပါတယ်။ ပထမတခုက ချေးငွေကိုလွယ်လွယ်ပေးတာကိုပြောတာပါ။ သူက Prime lending နဲ့ ဆန့်ကျင်ဘက်ပါ။ ဒီမှာကငွေချေးမယ့်သူကို နောက်ခံသေချာကြည့်ပါတယ်၊ ကြွေးဆပ်နိုင်မလား မဆပ်နိုင် ဘူးလားစစ်ဆေးတာပေါ့၊ ဝင်ငွေပုံမှန်ရှိသူဟုတ်မဟုတ် ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာတွေ စစ်ဆေးပြီး မှ ထုတ်ပေးတာပါ။ အထူးသဖြင့်အိမ်ခြံမြေ လို နှစ်ရှည်ချေးငွေတွေဖြစ်ပါတယ်။ ပထမတခုကတော့ လွယ် လွယ်ချေးတာပါ။ ဒီနည်းနဲ့ လူတော်တော်များများအိမ်ဝယ်နိုင်လာပါတယ်။ စန်းပွင့်ချိန် (boom) ကာလဖြစ် တော့ ဈေးကွက်ကိုမထိခိုက်သေးပါ။ ပူဖောင်းကွဲချိန် (bust) ရောက်မှပြဿနာတက်ကုန်တာပါ။

ဒုတိယတခု derivatives က တော့ သူ့စကားလုံးအတိုင်းဘဲ မူရင်းရရန်ပိုင်ခွင့်နဲ့ပိုင်ဆိုင်ခွင့် (Assests)၊ index, အတိုးနှုန်း (interest rate) တွေ ကိုပွားယူထားတာပါ။ index ဟာ mutual fund အမျိုးအစားတခုပါပဲ။ သူ့ သဘောက ရင်းနှီးမြှုပ်နှံသူအများကြီးက သူတို့ရင်းနှီးငွေတွေကို သူတို့ကိုယ်စားရင်းနှီးမြှုပ်နှံမှုတွေ ကို လုပ်ကိုင်ပေးမဲ့ fund manager လက်ထဲငွေတွေအပ်ထားပြီး သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ အမြတ် ငွေအချိုးကျခွဲဝေပေးတာဖြစ်ပါတယ်။

Assets ဆိုတာမှာ ကုန်စည်၊ ဘွန်းစာချုပ်၊ စတော့၊ အတိုးနှုန်း၊ ငွေကြေး(commodities, stock, bond, interest rate, currencies) တွေပါဝင်ပါတယ်။ဒါကြောင့် derivatives တွေဟာ equity derivatives, foreign exchange derivatives, interest rate derivatives, commodity derivatives, credit derivatives တွေ ဖြစ်နိုင်ပါတယ်။ Derivatives အတော်များများ က Mortgaged-backed securities (MBS) တွေနဲ့ချိတ် ဆက်ထားပြီး သူတို့တန်ဘိုးကျလာတာကနေ ဘဏ် တွေပြို၊ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်း (GFC) အထိ ဦးတည်သွားတာဖြစ်ပါတယ်။ အိမ်ခြံမြေဈေးနှုန်းအကျ နဲ့ အိမ်ခြံမြေပူပေါင်းအကွဲ က ဘဏ်တွေကို ဆွဲချ သွားတာဖြစ်ပါတယ်။

Derivatives တွေကိုရောင်းဝယ်ရာမှာ စတော့ဈေးကွက်မှာမဟုတ်ဘဲ ပြင်ပမှာ (over the counter-OTC) ရောင်းဝယ်တာမျိုးလဲရှိပါတယ်။ နောက်တမျိုးကတော့ စတော့ဈေးကွက်မှာရောင်းဝယ်တာဖြစ်ပါတယ်။ ပထမတမျိုးမှာ အတွေ့ရအများဆုံးက ကုန်စည်မှာဖြစ်ပြီး ကြိုရောင်းကြိုဝယ်ဈေးကွက် (Futures) ဖြစ် ပါတယ်။ ဆန် လိုကုန်စည်တွေက အစောဆုံး Futures ဈေးကွက်ဖြစ်ပါတယ်။

၂၀၀၇-၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဟာ အထက်မှာပြောခဲ့သလို subprime lending and derivatives တွေကြောင့်ဖြစ်ပါတယ်။

အခုနောက်ဆုံး ဘဏ်ပြိုလဲမှု နဲ့ ဘဏ်အကျပ်အတည်းကတော့ တရားခံက short seller နဲ့ ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်မှု (interest rate hike) တို့ပေါင်းပြီးဖြစ်တာလို့ ပြောကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *