စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့
ရဲဘော်အောင်သော်
(အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)
စစ်အုပ်စုဟာ သူတို့အကျပ်အတည်းကြီးကြီးမားမားကြုံတိုင်း ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုထွက်ပေါက်ပိတ် အကျပ်ဆိုက်တယ်။ လူထုက စစ်အုပ်စုကို အသေရရ အရှင်ရရ အမိဖမ်းဖို့ တိုက်ပွဲဆင်နေတယ်။ စစ်အုပ်စုက ၈၈ စက်တင်ဘာမှာ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတယ်။ လူထုရဲ့ မကျေနပ်မှုအစိုင်အခဲဟာ ပိုပြီးကြိတ်ခဲကြီးထွားလာတယ်။ နောက်တကြိမ်ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ယမ်းပုံကြီးပဲ။ အဲဒီအချိန်မှာ လူထုရဲ့ဒေါသကို ဖြေလျှော့ပြီး အတုအယောင်မျှော်လင့်ချက်ပေးဖို့ ရွေးကောက်ပွဲဖန်တီးခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပေါ်လာတယ်။ အာဏာလုံးဝမလွှဲခဲ့ဘူး။
၂၀၀၇ ခုနှစ်မှာ သံဃာ၊ ကျောင်းသားနဲ့တကွ ပြည်သူလူထုကြီးတရပ်လုံးနိုးထလာတယ်။ သံဃာတွေကို စစ်အုပ်စုကသတ်တယ်။ ကျောင်းသားတွေကို စစ်အုပ်စုကသတ်တယ်။ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းပြီးနောက်မှာ စစ်အုပ်စုထဲတောင် အက်ကြောင်းထင်လာတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကို မျှော်လင့်ချက်အမှားပေးဖြေလျှော့ဖို့ ရွေးကောက်ပွဲဟာ သူတို့တွက် ကယ်ပေါက် (ဂယ်ပေါက်) အဖြစ်လိုလာပြန်တယ်။ ဒါပေမဲ့ ၁၉၉၀ သင်ခန်းစာကိုပြန်ဆန်းစစ်ထားတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ကြုံတွေ့လာရမယ့် ပြဿနာတွေကို ရင်ဆိုင်ဖို့ ရာသက်ပန်စစ်အာဏာအဆောက်အအုံတရပ်ကို တက်သုတ်ရိုက်ဖန်တီးတယ်။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေဟာ နာဂစ်မုန်တိုင်းကြားထဲမှာ အလောင်းကောင်တွေပေါ် အလံထူထွက်ပေါ်လာတယ်။
အခုတခါ လာပြန်ပြီ။ ၂၀၂၃ ခုနှစ်သြဂုတ်လရွေးကောက်ပွဲဆိုပဲ။ ပြည်သူလူထုက ဒီရွေးကောက်ပွဲအပေါ်မှာ မြူတမှုန်ဆံတချည်မျှတောင် ယုံကြည်မှုမရှိတာ အထင်အရှားပဲ။ ဒါပေမဲ့ စစ်ကောင်စီ၊ စစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကို အပူတပြင်းကြိုးစားအားထုတ်နေတယ်။ ဘာ့ကြောင့်လဲ။ ပထမအချက်က နိုင်ငံတကာမှာ နည်းနည်းပဲဖြစ်ပစေ၊ မျက်နှာပန်းလှဖို့။ အခုအချိန်မှာ သူ့ဘက်ပါချင်သူတွေကတောင် ပါစရာ အကြောင်းပြချက်ရှာမတွေ့ဘူး။ ဒီလောက်ပြောင်ပြောင်တင်းတင်း ရက်စက်နေတဲ့အစိုးရတရပ်ကို ထောက်ခံကူညီဖို့ဆိုတာ သူတို့မှာလည်း သူတို့ပြည်သူကိုရှင်းပြဖို့ အကြောင်းပြချက်လိုတယ်။ အဲသလိုအကြောင်းပြချက်မျိုးတောင် သူ့မဟာမိတ်တွေမှာ ပေးစရာမရှိဖြစ်နေတယ်။ အဲဒီအတွက် အကြောင်းပြချက်ကလေး နည်းနည်းပဲ ပြစရာရရ ရွေးကောက်ပွဲကျင်းပလိုက်ချင်တယ်။ ဒုတိယအချက်က စစ်အုပ်စုဟာ အာဏာကို မက်မောတမ်းတပြီး ကိုယ့်ပြည်သူကိုယ်ပြန်သတ်တာ သိပ်များလွန်းနေပြီ။ ဘယ်လောက်များသလဲဆိုရင် သမို်ငးတလျှောက်မှာ ကိုယ့်ပြည်သူကိုယ် သူ့လောက်ရက်ရက်စက်စက်များများပြားပြား သတ်ဖြတ်ဖူးတဲ့ အစိုးရဆိုတာ အရင်က တခါမှမရှိခဲ့ဖူးဘူး။ အင်မတန်ဆိုးဝါးရက်စက်လွန်းလှပါတယ်ဆိုတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့တောင်မှ မင်းအောင်လှိုင်ရဲ့ ရက်စက်မှုကို လက်ဖျားခါဆလံသရတယ်။ ကိုယ့်ပြည်သူကိုယ် ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်ရတာဟာ သူ့စစ်တပ်ထဲက စစ်သားတွေရဲ့ ယုံကြည်စိတ်ကိုလည်း ပျက်ပြားစေတယ်။ ကြာလေပျက်လေ တအိအိပြိုကျလာနေပြီ။ ဒီတော့ သူ့စစ်သားကို ပြန်ဖြေသိမ့်ဖို့ရာ ဒီရွေးကောက်ပွဲလိုအပ်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ရွေးကောက်ပွဲလေးလုပ်ပေးလိုက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ပြောစရာတော့ရမယ်။ ဒီရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲကို ကယ်ပေါက်အဖြစ်ဖန်တီးတာပဲ။
စစ်အုပ်စုဟာ သူ့တသက်မှာ ဒီလောက်အထီးကျန်တာ တခါမှမကြုံဖူးဘူး။ ဘယ်နိုင်ငံတကာကမှ သူ့ကိုမထောက်ခံဘူး။ သူနဲ့အကျိုးတူဆက်စပ်တဲ့နိုင်ငံတွေကတောင် သူ့ကိုမျက်စိမှိတ်ထောက်ခံဖို့ရာ လိပ်ပြာမသန့်ကြဘူး။ ပြည်တွင်းမှာလည်း သူ့ကိုထောက်ခံသူမရှိဘူး။ ပြည်တွင်းက အချောင်သမားတချို့ဟာ သူ့ကိုထောက်ခံချင်တာတောင် ပြောင်ပြောင်တင်းတင်းမထောက်ခံရဲဘူး။ လူထုငြိုငြင်မှာကြောက်လို့ မဝံ့မရဲဖြစ်နေကြတယ်။ အဲသလိုလူတွေ သူ့ဘက်မှာ ရဲရဲလိုက်ပါလာနိုင်အောင် စစ်အုပ်စုက အချောင်သမားလမ်းကြောင်းကို ချဲ့ပေးချင်တယ်။
နောက်တချက်က စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ အာဏာသိမ်းတယ်။ သူတို့ကိုယ်တိုင် ၂၀၀၈ ခြေဥကို ချိုးဖျက်ပြီး အာဏာသိမ်းတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိနဲ့ အာဏာသိမ်းတယ်။ ဒါတွေအားလုံးဟာ မတရားမှုတွေချည့်ပဲ။ လိမ်ညာမှုတွေချည့်ပဲ။ ဒါတွေအားလုံးနဲ့ သူတို့ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာတွေအားလုံး စစ်အုပ်စု အာဏာတည်တံ့ထိန်းသိမ်းရေးအတွက် လိမ်ညာလှည့်ဖြားမှုနဲ့ အဓမ္မမှုတွေချည့်ပဲ။
သူတို့ကျင်းပပေးမယ့်ရွေးကောက်ပွဲဟာ ပြည်သူတရပ်လုံး ကို ၂၀၀၈ ခြေဥအောက် ကျွန်ဇာတ်ပြန်သွင်းဖို့ ကျုံးသွင်းတာပဲ။ ပြည်သူတွေက အမြစ်ဖြတ်ချေမှုန်းချင်တဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်မယ့်ပွဲလည်း ဖြစ်တယ်။
အဲဒါဟာရွေးကောက်ပွဲပဲ။
ပြည်သူလူထုက ရွေးကောက်ပွဲကို နည်းနည်းမှ အယုံအကြည်မရှိတာ ထင်ရှားတယ်။ သူတို့မနိုင်မချင်း အာဏာသိမ်းလိုက်၊ ပြန်ရွေးလိုက်လုပ်နေတဲ့ ရွေးကောက်ပွဲကို ဘယ်ပြည်သူကမှ မယုံတာ အံ့သြစရာမဟုတ်ဘူး။ ယုံတဲ့သူကိုသာ အံ့သြဖို့ရှိတယ်။ တကယ်တော့ ဘယ်သူမှမယုံဘူး။ ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းပြင်နေတဲ့လူတွေလည်း ယုံလို့ဝင်ကြမှာ မဟုတ်ဘူး။ အသားမရတောင် အရိုးပဲကိုက်ရကိုက်ရ ရသမျှယူမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝင်ကြမယ့်သူတွေသာ ဖြစ်တယ်။ စစ်အုပ်စုကလည်း အဲသလိုလူတွေကို လိုချင်တယ်။ သူတို့ဘက်ကို စိတ်ပါလက်ပါမထောက်ခံရင်တောင် အိမ်ဖြည့်ပေးဖော်ရရ ရသမျှအမြတ်ပဲလို့ သဘောထားတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အသံဟာ ကျယ်သင့်သလောက်မကျယ်သေးဘူး။ ပြင်းထန်သင့်သလောက် မပြင်းထန်သေးဘူး။ ဘာ့ကြောင့်အဲသလို ဖြစ်ရသလဲဆိုတော့ သူတို့အပိုင်ချည်ပြီးတုတ်ပြီးရိုက်မယ့် ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားကြလို့ အဖက်မလုပ်ကြတာပဲ။ ဒါပေမဲ့ အဲသလို အဖက်မလုပ်ဘဲ လစ်လျူရှုထားတာဟာ အချောင်သမားတွေအတွက် အခွင့်ကောင်းဖြစ်လာတယ်။ စစ်အုပ်စုကို တိတ်တခိုးလေး ကြိတ်ပိုးပြီး လူမသိသူမသိသွားပေါင်းဖို့ရာ အခွင့်ကောင်းပေါ်လာသလိုဖြစ်နေတယ်။ ဘယ်သူမှမတားလို့ ရွေးကောက်ပွဲဝင်ပါတယ်ဆိုပြီး ဆင်ခြေပေးဖို့ချောင်းနေကြတယ်။ စစ်အုပ်စုအတွက် အင်အားတိုးစေမယ့် အဲဒီလုပ်ရပ်ကို ခွင့်ပြုလို့ မဖြစ်ဘူး။ စစ်အုပ်စုအတွက် ကယ်ပေါက်ဖြစ်နေတဲ့ ရွေးကောက်ပွဲကို အေးအေးဆေးဆေး ဖန်တီးခွင့်ပေးလို့ မဖြစ်ဘူး။ ပိတ်ဆို့ရမယ်။ ဟန့်တားရမယ်။ အစွမ်းကုန် ရိုက်ချိုးပစ်ရမယ်။
အခုတော့ ဘယ်သူမှဂရုမစိုက်လို့ လျစ်လျူရှုထားတာကို အခွင့်ကောင်းယူပြီး စစ်အုပ်စုဟာ သူ့ခြေလှမ်းတွေကို လွတ်လွတ်လပ်လပ်ကြီး လှမ်းနေတယ်။ ဘယ်လောက်များအတင့်ရဲလိုက်သလဲဆိုရင် ဒီချုပ်ပါတီထဲအထိဝင်ပြီး နှစ်ခြမ်းခွဲဖို့ ကြိုးစားတဲ့အထိ အတင့်ရဲနေတယ်။ ဒီချုပ်ထဲက အားပျော့တဲ့ အချောင်သမားတချို့ကို ဒေါ်အောင်ဆန်းစုကြည်ဆီလွှတ်ပြီး အချောင်သမားတွေကို လမ်းဖွင့်ပေးဖို့ နားချခိုင်းတယ်။ ဒီအလုပ်တွေကို စစ်အုပ်စုက ရဲရဲဝံ့ဝံ့ကြီး အခွင့်ကောင်းယူပြီးလုပ်နေတယ်။ အချောင်သမားတချို့က စစ်အုပ်စုကို လက်ခံတွေ့ဆုံကြတယ်။ ဒီလိုတွေ့ရဲတာဟာ ပြည်သူလူထုက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အချောင်သမားလမ်းစဉ်ကို ခွင့်လွှတ်သည်းခံမှာ မဟုတ်ကြောင်း အသံထုတ်ဖော်ဟန့်တားမှုတွေနည်းနေသေးလို့ပဲ။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးနဲ့ တိုက်ခိုက်ချေမှုန်းတာကို အဓိကထားလုပ်ရင်း (အာဏာသိမ်း အကြမ်းဖက်အုပ်စိုးမှုကို ဆန့်ကျင်၊ ၂၀၀၈ စစ်ခြေဥအသက်ပြန်သွင်းတာကို ဆန့်ကျင်၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်) သုံးမျိုးဆန့်ကျင်တိုက်ခိုက်ရေးနဲ့ ပေါင်းစပ်တိုက်ပွဲဝင်သွားကြရပါလိမ့်မယ်။