ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။

By | December 8, 2022

ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။

လှကျော်ဇော

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး။

၂၀၂၂-အောက်တိုဘာ(၁၀)ရက်နေ့ဖေဖေကွယ်လွန်တာ (၁၀)နှစ်ရှိသွားပါပြီ။

ဖေဖေရဲ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိ–ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့—ဆိုတဲ့စာအုပ်ကိုလည်း ပြည်ပမှာ (၂၀၀၇)ကတကြိမ်၊ပြည်တွင်းမှာ(၂၀၁၂-၂၀၁၆) နှစ်ကြိမ် ထုတ်ဝေပြီးပါပြီ။

အဲဒီစာအုပ်အကြောင်းအရာတွေထဲမှာမပါဖြစ်ခဲ့တဲ့အကြောင်းတွေကို ကျွန်မက–

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။–ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးဆက်များကိုဖေဖေရှိစဉ်ကတည်းကရော၊ကွယ်လွန်ပြီးမှရော၊ရေးလာတာဆောင်းပါးအမှတ်(၅၅)ထိရောက်နေပါပြီ။အရေးတော်ပုံဂျာနယ်မှာတောက်လျှောက်ထည့်ခဲ့ပြီး၊ပြည်တွင်းမှာလည်းထုတ်ဝေပေးသူများရှိတဲ့အတွက် စာအုပ်အတွဲတွေလည်းထုတ်ပြီးပါပြီ။

ပြည်တွင်းနိုင်ငံရေးအခြေအနေအတက်အကျအလိုက် အခွင့်အရေးရရင်ရသလို ဖေဖေအရင်ကရေးသားထုတ်ဝေဖူးတဲ့ စာအုပ်စာတမ်းများ၊ခေတ်အဆက်ဆက် အခမ်းအနားများမှာပြောခဲ့တဲ့ မိန့်ခွန်းပေါင်းချုပ်များ၊သတင်းမီဒီယာအမျိုးမျိုးနဲ့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းများ၊စတာတွေလည်းပြည်တွင်းမှာထုတ်ဝေပြီးပါပြီ။

ဖေဖေကွယ်လွန်ပြီးမှ ဖေဖေအတွက် ရည်စူးတဲ့ ဆောင်းပါးများကဗျာများ စုစည်းပြီး၊စာအုပ်တွေလည်းအတော်များများထုတ်ပြီးပါပြီ။

အခုနောက်ဆုံး၊ ၂၀၁၉-ဒီဇင်ဘာမှာ ဖေဖေရာပြည့်အတွက် အမှတ်တရ စာအုပ်များ

၁။ဗိုလ်ကျော်ဇော၏စစ်ရေးအမြင်များ။အတွဲ(၁)။

၂။ဗိုလ်ကျော်ဇောရာပြည့်။မောင်စွမ်းရည်နှင့်။

(၂)အုပ်ထုတ်ခဲ့ပါတယ်။

အဲဒီကာလက ဗမာပြည်တွင်းနိုင်ငံရေးအခြေအနေအရ တစုံတရာ အခွင့်သာနေလို့ရာပြည့် အထိမ်းအမှတ်ပွဲလေးလည်းရန်ကုန်မှာ ကျင်းပနိုင်ခဲ့ပါတယ်။

ကျွန်မဒါတွေရေးပြနေတာအကြောင်းရှိပါတယ်။

၁၉၈၉ခုနှစ် ကျွန်မတို့ပါတီ အကွဲကွဲအပြဲပြဲဖြစ်သွားပြီးနောက် ပါတီရဲ့ အသက်အရွယ်ကြီးတဲ့ ဗဟိုခေါင်းဆောင်များအနားယူဖို့ ပါတီ ဗဟိုက ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ကျွန်မက တဖက်နိုင်ငံသွားအနားယူရမယ့် (အသက်(၇၀)ရွယ်) မိဖနှစ်ပါးကိုလိုက်စောင့်ရှောက်ရဖို့ဖြစ်လာပါတယ်။ ၁၉၉၀ခုနှစ်မေလ(၁၆)ရက်နေ့ ခရီးစထွက်ရတော့မယ့် ကျွန်မတို့သားအမိသားအဖ(၃)ယောက်ကိုလာနှုတ်ဆက်တဲ့(ပါတီကို ဆက်ခေါင်းဆောင်ဖို့ကျန်ခဲ့တဲ့)ရဲဘော်ထွန်းက ကျွန်မကိုဒီလိုမှာလွှတ်ပါတယ်။

—–ရဲဘော်ဦးတင်(ဖေဖေပါတီတွင်းအမည်)ရဲ့နိုင်ငံရေးသေ မသွားအောင် ခင်ဗျားကြိုး စားပါ။—တဲ့။

ဒီတော့ ကျွန်မအနေနဲ့ ကျွန်မတာဝန်ကိုသင့်တော်စွာဆောင်ရွက်ပြီးပါပြီ။-လို့ ပြောပြချင် တဲ့အတွက် ဒါတွေရေးပြနေတာပါ။

တကယ်တော့ဖေဖေဟာရဲဘော်သုံးကျိပ်ဝင်များထဲမှာရော၊ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အဆက်ဆက်သောခေါင်းဆောင်များအပါ၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး မျိုးစုံအတွင်းပါဝင်ခဲ့တဲ့ဗမာ့သူရဲကောင်းအပေါင်းအကြားမှာရော၊(ရှားရှားပါးပါး)အလွန်ကုသိုလ်ကောင်းသူ တဦးလို့ဆိုနိုင်ပါတယ်။

ဖေဖေဟာ(၁၉)နှစ်သားကျောင်းသားဘ၀ (၁၃၀၀)ပြည့်အရေးတော်ပုံကစလို့ ဗမာပြည်ကြီးရဲ့လွတ်လပ်ရေးတိုက်ပွဲနဲ့ ဗမာပြည်သူတရပ်လုံးရဲ့လွတ်မြောက်ရေးတိုက်ပွဲများဖြစ်တဲ့ ဒီမိုကရေစီရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတပ်မတော်ပြုပြင်ပြောင်းလဲရေး စတဲ့ တိုက်ပွဲအဆက်ဆက်တွေမှာ လုပ်စွမ်းနိုင်သမျှ၊တသက်တာလုံး၊ပြည်သူလူထုအကျိုးစီးပွားပေါ်ကရပ်တည်ပြီး ရာသက်ပန်ပြည်သူ့ဘက်တော်သားကြီးအဖြစ်အသက်(၉၃)နှစ် ကွယ်လွန်ချိန်အထိ မရပ်မနားလုပ်ဆောင်သွားခဲ့တာပါ။ ဖေဖေဟာ လူသားတယောက်အနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝင်တဦးအဖြစ်နဲ့ပါ တာဝန်ကျေအောင် သူစွမ်းသမျှ ကြိုးပမ်းထမ်းရွက်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖေဖေရဲ့စ-လယ်-ဆုံး ဘ၀တသက်တာဟာ အစွန်းအထင်းမရှိ ပြည်သူလူထုအကျိုးဆောင်သွားတဲ့ အလွန်လှပတဲ့ သမိုင်းကြောင်းကြီးတရပ်ဖြစ်နေပြီး ဒီအဖြစ်အပျက်အားလုံးနီးပါးကိုလည်းမှတ်တမ်းမှတ်ရာ တင်ထားပြီးဖြစ်ပါတယ်။ဒါ့ကြောင့်ကုသိုလ်ကောင်းတယ် လို့ပြောတာပါ။

ဖေဖေကိုယ်တိုင်ကလည်း(အသက်(၉၀)ပြည့်၂၀၀၉-ဒီဇင်ဘာ-၃ရက်နေ့က)-

ဖေဖေတော့ ဖေဖေ့ဘ၀ ကိုကျေနပ်ပြီ-လို့ပြောဖူးပါတယ်။

တဖက်နိုင်ငံမှာနေထိုင်ရင်း တခါတရံ အကြောင်းတိုက်ဆိုင်လာရင်–ဗမာပြည်သူတွေ အခုထိဆင်းရဲတွင်းနက်နေရတဲ့အပေါ်နည်းနည်းမှစိတ်မကောင်းဘူး။ဖေဖေတို့တာဝန်မကျေဘူး။–လို့လည်း ဆိုတတ်ပါသေးတယ်။တခါတော့ ဒီလိုပြောလာပါတယ်။

—ဖေဖေလေ အခုမှ ဆရာစံကို နားလည်လာတယ်။—တဲ့။

– ဆရာစံကိုသေဒဏ်ချလိုက်တော့သူ့ရှေ့နေကအယူခံတင်ဖို့စီစဉ်တယ်။ဒီတော့

– ဆရာစံက-ကျွန်တော်မတင်ချင်တော့ဘူး။ကျွန်တော်ရဲဘော်တွေအတော်များများ သေကုန်ပြီပဲ။ကျွန်တော်အခုလောက်အသက်ရှင်နေရတာကိုပဲရှက်လှပါပြီ။-လို့ဆိုတယ်တဲ့။

– ဒါ့အပြင် ဖေဖေဟာ တွေ့ဆုံမေးမြန်းခန်းတခုမှာလည်း သူရဲ့နိဂုံးချုပ်ချက်တခုကို အခုလိုပြောသွားခဲ့ဖူးပါတယ်။

– —-ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ဘယ်တော့ မှ ပြည်သူတွေကို ဒီမိုကရေစီပေးမှာ မဟုတ်ပါဘူး။—-တဲ့။

– တကယ်လို့ ဒီနွေဦးတော်လှန်ရေးကြီးအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ်ရက်စက်မှုတွေကို ဖေဖေ တွေ့ရ၊ ကြားရရင်လည်း—ဒီလိုပဲပြောဦးမှာပါ။

– ဟုတ်လည်း ဟုတ်ပါတယ်။အခု ဘာမဆိုလုပ်ရဲတယ် လို့လူမိုက်စကားပြောတက်လာတဲ့ စကစ ဗိုလ်ချုပ်များ ပြည်သူတွေကို သတ်ရဲ၊ဖြတ်ရဲ၊မုဒိမ်းကျင့်ရဲ၊ရွာစဉ်လိုက်မီးရှို့ရဲပေမယ့် သူတို့ကိုယ်ပိုင်ပစ္စည်းတွေတော့ မကြေညာရဲဘူး၊ သူတို့အာဏာကိုတော့ အထိပါးမခံရဲဘူး မဟုတ်လား။ဒီလိုလူမျိုးတွေက ဘယ်ဒီမိုကရေစီပေးရဲမှာလဲ။

– —-ကျွန်တော်တို့ပြည်သူတွေ မတရားမှု၊ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ ၊ တဗိုလ်ကျတဗိုလ်တက်၊တမျိုးဆက်ပြီး တမျိုးဆက်၊ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလိုပြည်သူမျိုးအတွက်တော့ ကျွန်တော်အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်းရှိပါတယ်။ဆက်လက်ပြီးတော့လည်း မလျှော့တမ်းဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့အားပေးမှာကြားချင်ပါတယ်။မိမိတို့အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။သဘောထားကြီးကြပါ လို့ပြောပါရစေ။—–

– —-တပ်မတော်သားများကိုလည်း ပြည်သူသာအမိ၊ပြည်သူသာ အဖပါ။ပြည်သူ့မျက်နှာပဲကြည့်ပါ။ပြည်သူကိုရန်သူလိုသဘောမထားပါနဲ့ လို့မှာကြားလိုပါတယ်။——-

– ဒါကတော့ ဖေဖေရဲ့ နောက်ဆုံးသူ့(၉၀)ပြည့်မွေးနေ့မှာတိုင်းပြည်သို့အမှာစကား ထဲက ကောင်နုတ်ချက်ကလေးပါ။

သမိုင်းအကြောင်းအရာနဲ့ ပတ်သက်ရင် စာရင်းပိတ်လို့ မရနိုင်ပါဘူး၊ ဗမာပြည်သမိုင်းထဲက ဖေဖေ့အကြောင်းတွေဆိုရင်လည်း အစိုးရရဲ့ လျှို့ဝှက် မော်ကွန်းတွေမှာ ရှိတဲ့ မဖော်ထုတ်ရသေးတဲ့အကြောင်းတွေ၊ တခြားသူ တခြားပုဂ္ဂိုလ်တွေရဲ့ လက်လှမ်းမီချက်တွေ စသဖြင့် ရှိနေဦးမှာပါ။

– ကျွန်မလက်လှမ်းမီသမျှကတော့ နောက်ထပ်ရေးစရာမှတ်တမ်းတင်စရာတောင်သိပ်မရှိတော့ပါဘူး။

ကျမ ဆက်၍ ရေးချင်တဲ့ ဖေဖေ့ဘဝဇာတ်ကြောင်းတွေကတော့ ပြည့်စုံသလောက် ဖြစ်သွားပါပြီ။

– ဒီလောက်နဲ့ပဲ ကျေနပ်ကြပါတော့။

– လှကျော်ဇော။၃-၁၂-၂၀၂၂။

– (ဖေဖေရဲ့(၁၀၃)နှစ်ပြည့်မွေးနေ့။)

Leave a Reply

Your email address will not be published. Required fields are marked *