တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ

By | December 8, 2022

တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ

ညိုစိန်ဝင်း

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အ မှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)

လူတွေကို ကြိုးနဲ့တုပ်ပြီး အစုလိုက်အပြုံလိုက် သတ်တယ်။ ကြိုးနဲ့တုပ်ပြီး အစုလိုက်မီးရှို့တယ်။ မြို့တွေပေါ်မှာဆိုရင် အစုလိုက် ကြိုးပေးသတ်တယ်။ ကျေးလက်တွေမှာ ရွာလုံးကျွတ်မီးရှို့တယ်။ အညာမြေတခွင်လုံး မီးလောင်ပြင်နဲ့ စစ်တလင်း ဖြစ်အောင်လုပ်တယ်။ (စကစ အာဏာသိမ်းပြီးကတည်းက လူထုအိမ် မီးရှို့တာ ၃ သောင်းကျော်ပြီ။ စစ်ကိုင်းတိုင်းမှာ,ကို ၂ သောင်းကျော်ရှိပြီ။) ကြွက်မနိုင်လို့ ကျီမီးရှို့ပေါ်လစီလား။ တော်လှန်ရေးသမားတွေကို မနိုင်လို့ လူထုကို မဲတာလား။) မဟုတ်သေးဘူး။ ဒါ့ထက် ပိုတယ်။ ပြည်သူလူထုကို စစ်ကောင်စီက ရန်သူအဖြစ် သဘောထားတာ ဖြစ်တယ်။

လူတွေအရှင်လတ်လတ် မီးရှို့တာတင် မကဘူး။ စပါးကျီတွေပါ မီးရှို့တယ်။ စစ်ရှောင်ပြည်သူ အသောင်းအသိန်းကို စပါးမရိတ်နိုင်အောင် လက်နက်ကြီးတွေနဲ့ ထုပြီး သတ်တယ်။ လူထုစိုက်တဲ့စပါးခင်းတွေကို စစ်ကောင်စီရဲ့ မိစ္ဆာတပ်နဲ့ ပျူစောထီးတွေက အတင်းဝင်ရိတ်တယ်။ လူထုကို ငတ်သေအောင် လုပ်တာပဲ။ (အညာဒေသရဲ့ စိုက်ခင်း ၇၀ ရာခိုင်နှုန်းကျော် လူထု မရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးရတယ်။) ယုတ်မာမှု ကမ်းကုန်တယ်။ လူထုကို ပြေးစရာ မြေမရှိ။ နေစရာ အိမ်နဲ့ရွာ မရှိ၊ စားစရာ စပါးမရှိအောင် လုပ်ပြီး ဒူးထောက်ခိုင်းတာပဲ။ မိဘကို ကြိုးတုပ် ညှဉ်းဆဲပြပြီး သားသမီးတွေ လက်နက်ချ အဖမ်းခံခိုင်းတာပဲ။ လူထုပြိုရင် တော်လှန်ရေးပြိုပြီး သူတို့နိုင်မယ်လို့ တွက်ပုံရတယ်။

ရလဒ်က သူတို့ မျှော်လင့်တာနဲ့ ဆန့်ကျင်ဘက်ပဲ။ အညာတခွင်လုံး စစ်ကောင်စီနဲ့ ဖက်ဆစ်တပ်ကို မုန်းတီးနာကြည်းစိတ်တွေ ခွင်လုံးပြည့် ဖုံးလွှမ်းပြည့်လျှံသွားတယ်။ အညာသူတယောက် မီးလောင်မြေ ရွာထဲကနေ တပြည်လုံးကို ရုပ်သံလွှင့် ပြောပြတယ်။ “အကုန်ပြာကျပြီ။ ဘာမျှ မကျန်တော့ဘူး။ ဒါပေမဲ့ လက်သုံးချောင်းထောင်နိုင်သေးတယ်။ စစ်တပ်ကို မုန်းတီးလိုက်တာတော့ ပြောမနေနဲ့တော့ သေနတ်ရှိရင် ဝင်ပစ်လိုက်ချင်တယ်။” လို့ ပြောပြတယ်။ ဒါအပြောမဟုတ်ဘူးဆိုတာ လက်တွေ့က အထင်အရှား ဖော်ပြလာတယ်။

လူထုဟာ စစ်ဘေးကို ရှောင်ပြေးတော့လည်း လိုက်သတ်တာ ခံနေရတာပဲ။ လူထုဟာ စစ်ဘေးရှောင်နေရုံနဲ့ မရတော့ဘူး။ စစ်ဘေးရှောင်လူထုကနေ တော်လှန်လူထုအဖြစ် ပြောင်းပစ်ရတော့မယ်။ နိုင်ငံခြားအစိုးရတွေရဲ့ လက်နက်ရိက္ခာ အကူအညီကို မျှော်တဲ့ အာရုံကို ဖယ်ရှားပြီး ကိုယ့်အားကိုယ်ကိုးရမယ် ဆိုတဲ့ စိတ်ဓါတ်ကို ထူထောင်မှ ရတော့မယ်။ ကလေးလူကြီး ကျားမမရွေး တော်လှန်ရေးတာဝန်တွေ နိုင်ရာထမ်းပြီး စစ်ကောင်စီကို အားလုံးဝိုင်းတိုက်မှ ရတော့မယ့်အခြေအနေ ဖြစ်တယ်။ ရန်သူက လူထုကို ရန်သူလို့ သဘောထားနေတယ်။ ကိုယ်ကလည်း သူဟာ ရန်သူလို့ ပြတ်ပြတ်သားသား သဘောထားပြီး တိုက်ရတော့မယ်။ ဒီပွဲဟာ စစ်အာဏာရှင်စနစ်ကို သည်မြေယံကနေ သုတ်သင်ရှင်းလင်းနိုင်မှ ပွဲပြတ်မှာ ဖြစ်တယ်။

ကျွန်တော် ဒီလိုစာမျိုးရေးဖို့ တွေးတောနေတာ နောက်ကျသွားတယ်။ လက်တွေ့ရင်ဆိုင်နေရတဲ့ လူထုက ကျွန်တော့်ထက် ပိုမြန်ဆန်တယ်။ ပိုပြတ်သားတယ်။ ဗမာပြည် ပြည်သူလူထုဟာ တော်လှန်ရေးအစဉ်အလာရှိတဲ့ ပြည်သူလူထုဖြစ်ကြောင်း အထင်အရှား သက်သေပြလိုက်တယ်။

လူထုက တုတ်တွေ၊ ဓားတွေ၊ ရဲတင်းတွေ၊ ယုတ်စွအဆုံး ထမ်းပိုးတွေကို လက်နက်အဖြစ် ကိုင်စွဲပြီး စစ်ကောင်စီရဲ့ မိစ္ဆာတပ်ကို ပြန်ချကုန်ကြပြီ။ ဒါတွေဟာ တနေရာ တရွာထဲမှာတင် ဖြစ်နေတာ မဟုတ်ဘူး။

လတ်တလော ဖြစ်ခဲ့တဲ့ တိုက်ပွဲတခုမှာ စစ်ကောင်စီတပ်က သူတို့ကို ပြန်ချတဲ့လူထုကို ကျည်ကုန်သုံးပြီး ကြောက်လန့်တကြား ပစ်တယ်။ သူတို့ ကျည်ကုန်သွားတယ်။ ကျည်ကုန်သွားတော့ စစ်ရှောင်ပြည်သူကနေ တော်လှန်ပြည်သူဖြစ်လာတဲ့လူထုကို သူတို့ ဘယ်နိုင်အောင် တိုက်နိုင်မလဲ။ သူတို့အများအပြားသေကြတော့ လေယာဉ်လှမ်းခေါ်တယ်။ လေယာဉ်ခေါ်ပြီး ကြောက်လန့်တကြား ပြန်ပြေးပြီးတဲ့နောက်မှာမှ တညလုံး အငြိုးတကြီးနဲ့ ရွာတွေပေါ် ဗုံးကြဲလက်စားချေတာ လုပ်တယ်။

ရန်သူ စစ်ကောင်စီကို ရရာလက်နက်နဲ့ ပြန်တိုက်တယ်ဆိုတာ ဒါက ပိုပီပြင်ထင်ရှားတယ်။ ရရာလက်နက်ဆိုတာ တူမီးလို သေနတ်မျိုးတွေတောင် ရှိတာမဟုတ်ဘူး။ ဓားတွေ တုတ်တွေ ထမ်းပိုးလက်နက်တွေတောင် ကိုင်ပြီး ပြန်ချတဲ့ ပွဲဖြစ်တယ်။ ဒါပေမဲ့ လူထုညီတော့ နိုင်တယ်။

လူထုရဲ့ တော်လှန်ရေး မိုးသက်မုန်တိုင်းကြီး တိုက်ခိုက်နေပြီ ဖြစ်တယ်။ ဒါက အစပဲ ရှိသေးတယ်။ တစက်က တမျက်နှာ ဖြစ်အောင် လုပ်ကြရဦးမယ်။ တကွက်ကနေ တခွင်တပြင်လုံး ကူးစက်သွားအောင် လုပ်ကြရဦးမယ်။ မီးပွားကလေးက တောမီးကြီးအဖြစ် တောက်လောင်စေရဦးမယ်။ ထမ်းပိုးရဲတင်းတွေထက် ပိုကောင်းတဲ့လက်နက်တွေကို တီထွင််ကြံဆပြီး လူထုကြီး ကိုယ်တိုင် လက်နက်ကိုင် ကြရတော့မယ်။ ရန်သူကို တိုက်ခိုက်ရေးအတွက် ပြည်သူတွေကိုယ်တိုင် နည်းလမ်းသစ်တွေ တီထွင်ကြံဆပြီး တိုက်ကြရတော့မယ်။ အာဏာသိမ်းစကစ -၂၀၀၈ ခြေဥ နဲ့ – စကစလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုကြီးက ဘယ်လိုသဘောထားသလဲဆိုတာကို ခုလို ရရာလက်နက်ကိုင်ပြီး အသက်စွန့်တိုက်ပွဲဆင်တဲ့ လူထုတိုက်ပွဲများက လက်တွေ့ဖော်ပြနေတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ သည်မိုးသက်မုန်တိုင်းဟာ ဖောက်ပြန်ရေးမှန်သမျှ အကုန်အစင် ရှင်းလင်းပြီး သည်မြေယံကို သန့်စင်ဆေးကြောပေးလိမ့်မယ်။ လူတိုင်းကို ဘယ်ဘက်ပါမလဲ ဆိုတဲ့ မေးခွန်းတွေ မေးနေပြီ။ စစ်ကောင်စီ ဖောက်ပြန်ရေးဘက် ရပ်မလား။ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်တဲ့ တော်လှန်ပြည်သူတွေဘက်က ရပ်မလား။ မကြာခင်အချိန်အတွင်း ဒီမေးခွန်းကို ပြတ်ပြတ်သားသား အဖြေပေးရတော့မယ့် အခြေအနေ ဖြစ်လာတော့မယ်။ ခွေးရူးလမ်းထွက် လူတိုင်းဝိုင်းနှက်ရမယ့် အခြေအနေ ဖြစ်လာတော့မယ်။

တော်လှန်ရေးမီးပွားကလေးတွေကနေ မီးတောက်မီးလျှံတွေ ဖြစ်အောင် ကြိုးပမ်းကြစို့။

ပြည်သူ့စစ်ပွဲ မီးပင်လယ်ကြီးအတွင်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို စုံးစုံးမြုပ်အောင် ဆွဲနှစ်ပစ်ကြစို့။

၂- ၁၂- ၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *