(အပြောင်းအလဲဆိုရာ၌)

By | October 1, 2022

(အပြောင်းအလဲဆိုရာ၌)ရင်နှစ်

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ UNGA ၌ပြောသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏မိန့်ခွန်းတွင် “ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး”ကိစ္စပါပါသည်။ ရုရှမှာ UNSC ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဗီတိုအာဏာသုံးခွင့်ရှိကြောင်းကို လက်ညှိုးထိုးပြောဆိုခဲ့ပါသည်။

ယခုတင်လာသည် သူ့အဆိုပြုချက်မှာ ကုလလုံခြုံရေးကောင်စီ UNSC အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအရေအတွက် တိုးချဲ့ဖွဲ့စည်းရန်ဖြစ်ပါသည်။ လက်ရှိ UNSC အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သော အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်တို့မှာ UNSC ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခွင့်ရှိသော်လည်း အလှည့်ကျအဖွဲ့ဝင် နိုင်ငံများတွင်မရှိကြောင်း အများသိပြီးဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က အယ်ဘေးနီးယားနှင့် အမေရိကန်တို့က ရုရှ၏ ယူကရိန်းကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချကြောင်း UNSC တွင် အဆိုတင်ခဲ့သော်လည်း ရှုရှ၏ဗီတိုအာဏာသုံးပယ်ချခြင်း ခံခဲ့ရပါသည်။ ထို အနီးကပ်ကိစ္စကို အကြောင်းပြု၍ အမေရိကန်တို့ဘက်မှ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကို ဖိဖိစီးစီးပြောလာခြင်း ဖြစ်ပါသည်။

ဧပြီ ၁၉ ရက်နေ့က ကျင်းပသည့် UNSC အစည်းအဝေးတွင် UNSC ၏ ဗီတိုအာဏာသုံးမှုအား ကန့်သတ်ရန် အဆိုပြုချက်တခု ထွက်ပေါ်ခဲ့ဖူးပါသည်။ ထိုအဆိုကို ထောက်ခံသည့်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး ထိုအထဲတွင်ကျန်ဗီတိုပိုင် နိုင်ငံများမပါသော်လည်း အမေရိကန်ပါနေသည်မှာ ထူးခြားပါသည်။

ရုရှက ယူကရိန်းအားကျူးကျော်ခဲ့သည်ဟု ပြောခဲ့ကြသည်မှာ 24 February 2022 နေ့တွင်ဖြစ်ပါသည်။ ယခု ယူကရိန်းအရေးဖြစ်ပြီးချိန်မှစ၍ ကုလပြုပြင်ပြောင်းလဲရေးကို အမေရိကန်တို့ဘက်မှ အသံ ကျယ်ကျယ်လောင်လောင် ဘာ့ကြောင့် ထွက်လာရသနည်းနှင့် UNSC ဗီတိုပိုင်နိုင်ငံများအဖြစ် မည်သည့်နိုင်ငံတွေကို ထပ်ထည့်ချင်သနည်းကို တွေးစရာဖြစ်လာပါသည်။ တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး Naledi Pandor ကတော့ ရုရှ တနိုင်ငံတည်းကိုရည်ညွှန်းပြီး ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး တနည်းအားဖြင့် ဗီတိုအာဏာထားသည့်စနစ်အား ဝေဖန်လာခြင်းသည် မသူတော်ဆန်ခြင်းဖြစ်သည်ဟု ပြောပြီး ထိုလုပ်ရပ်မျိုးမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏ တခဲနက်ထောက်ခံမှုရရန်မဖြစ်နိုင်ပါဟုလည်း ဆိုပါသည်။

ဂျပန်၊ ဂျာမနီနှင့်အိန္ဒိယတို့မှာ UNSC ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လိုစိတ်များ တငြီးငြီးတောက်လောင် နေပါသည်။ ဂျပန်နှင့်ဂျာမနီမှာ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သလို အမေရိကန်နှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိသည့် နိုင်ငံများလည်းဖြစ်ပါသည်။ ထို နှစ်နိုင်ငံမှာ ဖက်ဆစ်နိုင်ငံဟောင်းများဖြစ်သလို ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးနိုင်ငံများဖြစ်သည်ကို သတိချပ်ရပါမည်။ ဆင်ရဲချမ်းသာကွာဟမှု၊ လူမျိုးရေးပြဿနာများနှင့် လုံးလည်ချာလည် လိုက်နေသည့်တိုင် စီးပွားရေးအင်အားကြီးထွားလာသည့်အိန္ဒိယမှာလည်း ကမ္ဘာ့ဇာတ်ခုံတွင် ပြောရေးဆိုခွင့်ဆုံးဖြတ်ပိုင်ခွင့်တို့ လိုချင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောနေပါသည်။ အမေရိကန်က ယင်း သုံးနိုင်ငံကို “အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်စေရန်” ဟူသည့် အစာဖြင့်မျှားခေါ်ကာ UNSC တွင် သူ့ ဗောင်းတော်ညိတ် စိတ်တော်သိများအဖြစ် အသုံးပြုရန်ရည်ရွယ်နေသလားမှာ သံသယ ဖြစ်စရာရှိပါသည်။

၁၉၉၀ နှစ်များ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဗီတိုအာဏာ (တချက်လွှတ်ပယ်ချခွင့်)ပိုင် အမြဲတမ်းအဖွဲ့ဝင် အရေအတွက်တိုးချဲ့ဖို့ ငြင်းခုံဆွေးနွေးဖူးပါသည်။ နောက်ပိုင်း အသံတိတ်သွားပြီး (ပိုနေမြဲကျားနေမြဲ) ပြန်ဖြစ်သွားပါသည်။ ယခုလည်း ယူကရိန်းစစ်ကိုအကြောင်းခံ၍ ကမ္ဘာ့စည်းစနစ် World order အပြောင်းအလဲများ ပေါ်ပေါက်လာနေပါသည်။

ဥရောပနိုင်ငံများတွင် လူထုမကျေနပ်မှုကို လှုံ့ဆော်ထိုးဆွပြီး မဲအနိုင်ရလာသည့် ဖက်ဆစ်တိမ်းညွတ်သောအစိုးရတချို့ တက်လာနေသည်ကို သတိပြုသင့်ပါသည်။ အမေရိကန်မှာလည်း ပေါ်ပြူလာအစွန်းရောက်တွေ အားကောင်းလာနေပါသည်။ ဒီလိုအခြေအနေမျိုးမှာ ဘိုင်ဒင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ဗီတိုအာဏာကိစ္စ ပြောလာတာဟာ ရိုးသားမှုရှိရဲ့လား ဖွနေဆွနေတာလား စဉ်းစားစရာဖြစ်ပါသည်။

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး’ ဟု အသံကောင်းဟစ်နေသည့်အမေရိကန်မှာ အခြားဗီတိုပိုင်နိုင်ငံများနည်းတူ လက်တွေ့တွင် သူရထားသည့် ဗီတိုအာဏာကိုစွန့်လွှတ်လိုစိတ် အလျှင်းမရှိပါ။ သူ မီးသေမည့်နိုင်ငံများကို UNSC တွင်တိုးချဲ့ဖွဲ့စည်းစေကာ ရုရှ၊ တရုတ်တို့၏ ဗီတိုအာဏာသုံးစွဲမှုကို လျှော့ချရန်၊ ကန့်သတ်ရန်၊ ဟန့်တားရန် ကြိုးပမ်းခြင်းဖြစ်မည်ဟု တွေး၍ရပါသည်။ ဤသို့လုပ်နိုင်ခဲ့မည်ဆိုလျှင် အမေရိကန်ဗဟိုပြုသော၊ အမေရိကန်က ထိန်းချုပ်သော၊ အမေရိကန်က လက်ဝါးကြီးအုပ်သောကုလသမဂ္ဂအဖွဲ့ကြီး ဖြစ်သွားစရာ အကြောင်းရှိပါသည်။

ထိုသို့ဖြစ်ခဲ့သော် လက်ရှိ ရှိနေသည့် World Order ဆိုသည့် ကမ္ဘာ့စနစ်တွင် အပြောင်းအလဲများ ဖြစ်လာနိုင်ပါသည်။ ထိုအပြောင်းအလဲတိုင်းမှာ အမေရိကန့်အလိုနှင့် မဆန့်ကျင်သော အပြောင်းအလဲများသာဖြစ်စရာရှိပါသည်။ အမေရိကန်လွှမ်းမိုးမှုကို အားဖြည့်ထောက်ကူသည့် အပြောင်းအလဲများသာ ဖြစ်လာပေလိမ့်မည်။

ကျွန်တော်တို့တွင် ဝင်ရိုးစုံကမ္ဘာ Multipolar နှင့် ဝင်ရိုးတခုတည်းသောကမ္ဘာ Unipolar တခုမဟုတ်တခုကို ရွေးချယ်ရမှာဖြစ်သလို တခြား ကမ္ဘာ့စနစ် World Order အသစ်တခုခုကိုလည်း မျှော်မှန်းကြံဆနိုင်ပါသေးသည်။ ကျွန်တော်တို့သည် တိုးတက်ကောင်းမွန်သည့်အပြောင်းအလဲများကို လက်ခံကြိုဆိုရမည့်နည်းတူ ဗိုလ်ကျလွမ်းမိုးမည့်အပြောင်းအလဲမျိုးကို ခုခံဆန့်ကျင်ရပါမည်။

ကျွန်တော့်သဘောမူကား ကမ္ဘာကြီးကို တနိုင်ငံတည်းဗဟိုပြုကာ ချုပ်ကိုင်ခြယ်လှယ်သည့်စနစ်ကို မနှစ်ခြိုက်ပါ။ ကမ္ဘာ့အရေးအရာများကို နိုင်ငံအများက ဆွေးဆွေးနွေးနွေး စုစုဖွဲ့ဖွဲ့နှင့် ဆုံးဖြတ်လုပ်ကိုင်သည့်ပုံစံအား သဘောကျပါသည်။ ကမ္ဘာကြီးသည် ဘုံဆိုင်ပစ္စည်းဖြစ်ပါသည်။ မည်သူတဦးတယောက်ကမျှ မောင်ပိုင်စီး၍မရပါ။ ရင်နှစ် စက်တင်ဘာ ၂၉ ၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *