မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ

By | October 1, 2022

မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ

အာဆီယံအထူးသံကော ကုလသမဂ္ဂသံပါ ဗမာပြည်ခရီးစဉ်မှာ လက်ဗလာနဲ့ပြန်သွားရရုံတင်မက အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရကောင်းလားလို့ မင်းအောင် လှိုင်(ဝန်ကြီးချုပ်ဆိုသူ)က ကြေညာချက်ထုတ်ပြီး ရန်ထောင်တာ ခံခဲ့ရပါတယ်။

လာမယ့်လတွေမှာ ကုလသမဂ္ဂအထွေထွေညီလာခံ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဟာ နိုင်ငံခြားဆက်ဆံရေး သံတမန်အကျပ်အတည်းက လွတ်ရာလွတ်ကြောင်းအားကိုးရှာရင်း မင်းအောင် လှိုင်ရဲ့ ရုရှားခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ရုရှားကို အကြောင်းရှာပြီး အခေါက်ခေါက်အခါခါ (၈ ကြိမ်) သွားခဲ့ပေမယ့် သာမန်နိုင်ငံခြားဧည့်သည်အနေနဲ့ သွားခဲ့တာဖြစ်ပါတယ်။ ယခုခရီးစဉ်မှာ ဗလာဒီဗော့စတော့ အရှေ့ ဖျားစီးပွားရေးဖိုရမ် EFF တက်ရောက်ဖို့ ဖိတ်ကြားချက်ကြောင့် သွားရောက်တာဖြစ်ပြီး သမ္မတ ပူတင်နဲ့လည်း သီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။

ပူတင်နဲ့တွေ့ရာမှာ မင်းအောင်လှိုင်က (သမ္မတပူတင်ရဲ့ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ ယခုလို ထိပ်တန်းနိုင်ငံ ဖြစ်လာကြောင်း၊ ပူတင်ဟာ ရုရှားနိုင်ငံခေါင်းဆောင်တဦးသာမက ကမ္ဘာ့ခေါင်းဆောင် တယောက်ဖြစ်ပြီး ကမ္ဘာ့ရေးရာမှာ သမာသမတ်ကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်နေသဖြင့် များစွာချီးကျူးဂုဏ်ပြုပါကြောင်း) စသဖြင့်ပြောပါတယ်။ မစ္စတာပူတင်တော့ ဘယ်လိုနေမလဲမသိ၊ ဗမာပြည်သူတွေကတော့ မင်းအောင်လှိုင်ရဲ့ “မြင်းထိန်း ငတာချီးမွမ်းခန်း”ကို ကောင်းကောင်းသဘောပေါက်နေကြပါတယ်။

စစ်အစိုးရအဆက်ဆက် ပြည်တွင်းမှာ လူထုဆန့်ကျင်မှုကြီးထွားလာပြီး အကျပ်အတည်းတွေ့တိုင်း ပြည်ပမှာအားကိုးရှာ ထွက် ပေါက်ရှာတတ်တာဖြစ်လို့ မင်းအောင်လှိုင်ရုရှားခရီးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အင်္ဂလိပ် အမေရိကန် ဂျပန် ဂျာမနီ တရုတ် စသဖြင့် စစ်အုပ်စု အားကိုးမရှာဖူးတဲ့ နိုင်ငံကြီးဆိုတာ ခပ်ရှားရှားပါ။ အနောက်ကဆန့်ကျင်တာခံရရင် အရှေ့ကိုကပ်၊ အရှေ့ကဆန့်ကျင်တာခံရရင် အနောက်ကိုကပ် ဆိုတာ စစ်အေးခေတ်တလျှောက်လုံး စစ်အုပ်စုအဆက်ဆက် ကျင့်သုံးလာတဲ့ လက်သုံး နည်းပဲဖြစ်ပါတယ်။

ပူတင်ကို မြှောက်ပြောနေတာတွေနဲ့ ဗမာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေက ပြောင်းပြန်ပါ။ စီးပွားရေးဆုတ်ယုတ် ငွေစက္ကူတွေဒလဟောရိုက်ထုတ်နေလို့ ကျပ်ငွေတအားဖောင်းပွနေပါတယ်။ စစ်ကောင်စီဟာ ဒေါ်လာငမ်းငမ်းတက်ဖြစ်နေတာပါ။ လူထုလက်ထဲက နိုင်ငံခြားငွေကို အဆမ တန်ဈေးနှိမ် ဓားပြတိုက် သိမ်းပိုက် နေတာပါ။ ဒေါ်လာသန်း ၂၀၀ ထုတ်ရောင်းပေးမှာတို့၊ ရွှေဒင်္ဂါး ထုတ်ရောင်းတာတို့၊ You Tube ကို အစားထိုးဖို့ Mtube တီထွင်နေပြီတို့ စတဲ့ စတဲ့ ဟန်ပြ အရူးချေးပန်း ဝါဒဖြန့်စကားတွေလဲ သူတို့မို့လို့ မရှက်မကြောက် ပြောထွက်တာပါ။ ဆင်ဖြူတော်ပေါ်လို့ တိုင်းပြည်ကြွယ်ဝတော့မယ်ဆိုတဲ့ လောဂျစ်မျိုးနဲ့ ဘုရင်ရူးရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဖိုရမ်မှာ တောသူဌေးဂိုက်နဲ့ မိန့်ခွန်းပြောရာမှာတော့ (စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ လောင်စာဆီ ဓာတ်မြေဩဇာ အပါအဝင် အထောက်အကူပစ္စည်းများ ရောင်းဝယ်ရာမှာ ဒေါ်လာကိုလက်နက်သဖွယ် အသုံးချပြီး ဒေါ်လာအနိုင်ကျင့်မှုခံနေရကြောင်း၊ ဒါကြောင့် ဒေါ်လာအစား ရူဘယ် ယွမ် ရူးပီး ငွေကြေးအစားထိုး ရောင်းဝယ်ကြဖို့လိုကြောင်း) (မြန်မာနိုင်ငံမှာ ဓာတ်ငွေ့သိုက်ကြီးတခု တွေ့ထားကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ ကြေးနီ သံ ခဲမဖြူ လုပ်ငန်းများမှာလည်း လာရောက်ရင်နှီး မြှုပ်နှံစေလိုကြောင်း) စသဖြင့်ပြောသွားပါတယ်။ လက်တွေ့မှာ ရှိရင်းစွဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေတောင် အလုပ်တွေရပ်နားတာ ထွက်ခွာတာ ထွက်ခွာဖို့ပြင်တာတွေ ဖြစ်နေတာပါ။ အာဆီယံနိုင်ငံတွေပင်လျှင် စစ်ကောင်စီကို စိတ်ပျက်လက်ပျက် ဖြစ်နေတာပါ။

စစ်ကောင်စီက စစ်ရေးအဓိကထားပြီး လု-သတ်-ရှို့ ကို ပေါ်လစီချ လုပ်နေတာဖြစ်တဲ့အတွက်၊ တည်ငြိမ်မှုပျက်ပြားပြီး စီးပွားရေး အကြီးအကျယ်ဆုတ်ယုတ်ကျဆင်းနေပါတယ်။ ဖက်ဆစ်စစ်တပ်ကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားကာ မပုန်ကန်ရင်ပြီးရော လူထုဖိနှိပ်ရေး ကြိုက်သလောက်လုပ်ခွင့်ပြုပြီး အာဏာကိုဆုပ်ကိုင်ထားပါတယ်။ လူထုရဲ့အခြေအနေက (ဆုံးရှုံးစရာဆိုလို့ နှောင်ကြိုးမှအပ ဘာမှမရှိ) ဆိုတဲ့အခြေအနေ ဆိုက်ရောက်နေပါပြီ။စစ်အုပ်စုဟာ အာဏာလက်မလွှတ်တော့ဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒေါ်စုနဲ့ဒီချုပ်ကို နဂိုအနေအထားအတိုင်း နဂိုအခွင့်အရေးမျိုးအတိုင်းတော့ နောက်တကြိမ် အခွင့်အရေးပေးတော့မှာ မဟုတ်ပါဘူး။ ဗမာပြည်နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်က မြေပြန့်မှာ (ဧရာဝတီ ချင်းတွင်း စစ်တောင်း မြစ်ဝှမ်း)မှာ သေနတ်သံပေါ်လာတာ ဖြစ်ပါတယ်။ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်လို့ ဖြစ်တယ်။ စစ်ရေးတိုက်ပွဲတွေဟာ ဒါတင်မက နယ်စပ်တွေမှာသာ ကြဲကွဲနေတာမဟုတ်ဘဲ ဆက်စပ်လာ နေပါတယ်။ အပြန်အလှန် အားပြုနိုင်လာပါတယ်။ ဗမာပြည်လူထုရဲ့ နိုင်ငံရေးနိုးကြားမှုဟာလည်း သန္နိဋ္ဌာန်ပြင်းပြပြီး အလွန်မြင့်ပါတယ်။ ဖက်ဆစ်စစ်ကောင်စီရဲ့ လူမဆန်တဲ့ဖိနှိပ်မှုကို ကိုယ့်အားကိုယ်ကိုး ကြံ့ကြံ့ခိုင် အန်တု ရပ်တည်နေကြပါတယ်။ ဗမာပြည်တော်လှန်ရေး ဖြစ်ပေါ်တိုးပွားမှုကို ဘယ်အရာကမှ ဟန့်တားနိုင်လိမ့်မယ် မဟုတ်ပါဘူး။

ကမ္ဘာကြီးဟာ သေနင်္ဂဗျူဟာအပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ လစ်ဘရယ် ကမ္ဘာမှု ဝင်ရိုးတခုတည်းပုံစံ ကမ္ဘာ့စည်းစနစ်ဟောင်း စတင်ယိုင်နဲ့လာပြီး ဝင်ရိုးအများပုံစံ ဖွဲ့တည်လာနေတာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ NATO နေတိုးစစ်အုပ်စုရဲ့ ကိုယ်စားပြုစစ်ပွဲဖြစ်တဲ့ ယူကရိန်းစစ်ကြောင့် ဘက်မလိုက်လှုပ်ရှားမှုအမြင် non-alliance movement ပြန်ရှင်သန် အားကောင်းလာတယ်။ ဘက်မလိုက်ဆိုတာ အင်အားလွန်နိုင်ငံကြီး နှစ်ခုအကြား (ခြံစည်းရိုးခွ ထိုင်တယ်လို့ ဆိုကြတဲ့) ကြားနေတာ neutrality မဟုတ်ဘူး။ တတိယကမ္ဘာရဲ့ အမြင်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် ရည်ရွယ်တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ဘန်ဒေါင်းမူ၅ချက်ကို အခြေခံထားတာဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ စစ်နဲ့ငြိမ်းချမ်းရေး ဒွန်တွဲလွန်ဆွဲနေပြီး အပြောင်းအလဲများတဲ့ ခေတ်ကြီးကို ဖြတ်သန်းနေတာပါ။ မင်းအောင်လှိုင်ရဲ့ အာဏာမြဲရေး ရုရှားခရီးစဉ်နဲ့ ဗရချာစကားများက စစ်မင်းဆက်ရဲ့ ကျဆုံးခန်းကို ဟန့်တားနိုင်လိမ့်မယ် မဟုတ်ပါဘူး။ မောင်သန်းမြရွှေ (၈ စက်တင်ဘာ ၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *