ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက်ပါတီနေ့ကို အထိမ်းအမှတ်ပြုခြင်း
ရဲဘော်ဗလူ
အခုလာမယ့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ပါတီရဲ့ အရှေ့မြောက်လွတ်မြောက်ရေး အခြေခံဒေသကို ရောက်တဲ့အခါမှာတော့ အဲဒီနေ့ ကို သြဂုတ်လ ၁၅ ရက်ကို သင်္ကေတပြုပြီး (၈၁၅)နေ့ လို့ခေါ်တယ်လို့ သိရှိနားလည်ခဲ့ရပါတယ်။ ပါတီရဲဘော်များဟာ တော်လှန်ရေးတရပ်ရဲ့ အကွေ့အကောက်၊ အတက်အဆင်းများကိုဖြတ်သန်းရင်း ကိုယ့်ပါတီရဲ့ပါတီနေ့နဲ့ တော်လှန်ရေး နေ့များကိုတော့ ရောက်တဲ့နေရာ၊ ရတဲ့အနေအထားနဲ့ အထိမ်းအမှတ်ပြုလိုကြပြီး အထိမ်းအမှတ်လည်း ပြုကြ စမြဲပါပဲ။ အခုလည်း ကျရောက်လာတော့မယ့် မိခင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် မင်္ဂလာအခါသမယကို ဒီဆောင်းပါးနဲ့ အထိမ်းအမှတ်ပြုလိုက်ပါတယ်။
(၁)
ပါတီနေ့ အထိမ်းအမှတ်ပြုမှုအကြောင်းများကို မပြောမီ ကွန်မြူနစ်ပါတီဆိုတာဘာလဲဆိုတဲ့ပြဿနာကို အရင်ပြောဖို့ လိုပါတယ်။
ကွန်မြူနစ်ပါတီဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ မြေကြီးထဲက ပေါ်ပေါက်လာတာလည်း မဟုတ်ဘူး။ ကွန်မြူနစ်ပါတီဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှ သမိုင်းလိုအပ်မူအရ ပေါ်ပေါက်လာတာပါ။ အားလုံးသိကြတဲ့အတိုင်း လူ့အဖွဲ့အစည်းဆိုတာ ရှေးပဒေသာပင်ခေတ်၊ ကျေးကျွန်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်-ကွန်မြူနစ်ခေတ် တခေတ်ပြီးတခေတ် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လာခဲ့တာပါ။ ဒီစနစ်ဒီခေတ်တွေဟာ လူသားများရဲ့ တိုက်ပွဲဝင်ရုန်းကန်မှုများ၊ တော်လှန်တိုက်ပွဲဝင်မှု များအရ ပေါ်ထွန်းလာတာဖြစ်ပါတယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို နောက်ဆုံးမှာ လူတန်းစားကွဲပြားမှုမရှိတဲ့၊ ပုဂ္ဂလိကပိုင်ဆိုင်မှု(Private property)မရှိတဲ့၊ ချမ်းသာဆင်းရဲ ကွဲပြားမှုမရှိတဲ့၊ လူလူချင်းဖိနှိပ်သွေးစုပ်မှု၊ အထင်သေးမှုမရှိတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းကို တက်လှမ်းသွားမှာပါ။
ပထမကမ္ဘာစစ်အပြီး ရုရှားအောက်တိုဘာတော်လှန်ရေးနဲ့အတူ ဆိုဗီယက်ရုရှား ဆိုရှယ်လစ်ပြည်ထောင်စု ပေါ်ထွန်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်။ ၁၉၉၀-၉၁ စစ်အေးခေတ် အဆုံးမသတ်မီထိ ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်စနစ်နိုင်ငံ ၁၃ နိုင်ငံ ပေါ်ထွန်းခဲ့တာပါ။ လူ့သမိုင်းဖြစ်ထွန်းမှုရဲ့ အကွေ့အကောက်အတက်အဆင်းများရဲ့ သဘာဝကြောင့် အရင်းရှင်လူတန်းစားမီဒီယာတွေက ဆိုရှယ်လစ်စနစ်ကို မွေးလာကတည်းက သူ့ရဲ့ရန်သူဖြစ်တာမို့ မကောင်းသတင်းဝါဒဖြန့်ခဲ့ပေမယ့် တကယ်တမ်း အသေအချာ အလေးအနက်လေ့လာကြည့်မယ်ဆိုရင် ဒီဆိုရှယ်လစ်နိုင်ငံတွေမှာ တစုံတရာတိုးတက် လူ့ဘဝအာမခံချက်ရှိမှုကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါလိမ့်မယ်။
အရင်းရှင်စီးပွားရေး ဘက်စုံဆုတ်ကပ်ကြုံနေတဲ့ ယနေ့ခေတ်မှာ ဆိုရှယ်လစ်နိုင်ငံများဟာ ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့အတူ ဝန်ရိုးစုံကမ္ဘာ့စည်းစနစ်သစ်တရပ်ကို ပုံဖော်လာနေပြီဖြစ်တယ်။ လူ့အဖွဲ့အစည်းဟာ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်တက်လှမ်းဖို့ ကွန်မြူနစ်ပါတီတွေ ပေါ်ပေါက်လာခဲ့တာပါ။
ဒီနေ့ကမ္ဘာပေါ်မှာ နိုင်ငံ ၁၀၀ ကျော်မှာ ကွန်မြူနစ်ပါတီနဲ့ မာ့က်စ်ဝါဒကျင့်သုံးတဲ့ပါတီ ၁၂၇ ပါတီရှိနေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က ၁၈၀ ပါတီရှိခဲ့ရာက ဆိုဗီယက်ပြည် ထောင်စုပြိုကွဲသွားပြီး နောက်ပိုင်း မှာတောင်မှ ကမ္ဘာပေါ်မှာ ကွန်မြူနစ်ပါတီနဲ့ မာ့က်စ်ဝါဒပါတီ သို့မဟုတ် အလုပ်သမားပါတီ ၁၂၀ အထိ ရှိနေပါသေးတယ်။ အခု မျက်မှောက်အချိန်မှာ ၁၂၇ ပါတီ ရှိနေတာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဒီလိုကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှ အကွေ့အကောက် အတက်အဆင်းများကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ကာ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဗမာပြည်မှာ ဆိုရှယ်လစ်စနစ်လူအဖွဲ့အစည်း အကောင်အထည်ဖော်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တာ၊ ၂၀၂၂ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ဆိုရင် ပါတီသက်တမ်း ၈၃ နှစ် ပြည့်ပါတော့မယ်။ အဲဒီလို ပါတီသက်တမ်း ၈၃ နှစ်ရှိခဲ့ပေမယ့် ဥပဒေတွင်းပါတီအဖြစ် ၃ နှစ်သာ ရပ်တည်ခွင့်ရခဲ့ဖူးတာပါ။
အထက်တနေရာမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာပြည်တော်လှန်ရေးလက်တွေ့အတွင်းက ပေါ်ထွက်လာတာလို့ ပြောခဲ့ပါတယ်။ အခု လက်တွေ့ကြည့်ကြရအောင်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြင်းထန်လှတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုင်းပြည်လွတ်လပ်ရေး လှုပ်ရှားမှု တိုက်ပွဲများအတွင်းမှ ခက်ခက်ခဲခဲပေါ်ထွက်လာခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဟာ ဗမာပြည်ကို ၁၈၂၄၊ ၁၈၅၂နဲ့ ၁၈၈၅ ခုနှစ်များမှာ ၃ကြိမ်တိုင်စစ်ခင်း သိမ်းပိုက်ဖို့ကြိုးစားခဲ့ရာ ၁၈၈၅ ခုနှစ်မှာ ဗမာပြည်ဟာ တနိုင်ငံလုံး အင်္ဂလိပ် ကိုလိုနီလက်အောက်ကျသွားပေမယ့် တိုင်းရင်းသားပြည်သူလူထုဟာ ငြိမ်သက်မသွားပါဘူး။ ခေတ်မီလက်နက်များ ကိုင်ဆောင်ထားတဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားများကို ရရာလက်နက်စွဲကိုင် ဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်။ ၁၀ နှစ် ၁၅ နှစ်ကြာမှ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ သမားဟာ နယ်ချဲ့အုပ်ချုပ်ရေးယန္တရားကို စတင်ထူထောင်နိုင်ခဲ့တာပါ။ အဲဒီလို ထူထောင်ပြီးပေမယ့်လည်း ဗမာပြည်တိုင်းရင်းသားပြည်သူများဟာ ငြိမ်သက်သွားတာမဟုတ်ပါဘူး။ နည်းသဏ္ဌာန် မျိုးစုံနဲ့ တိုက်ပွဲဝင်နေတာပါ။
၁၉၀၆ ခုနှစ်မှာ YMBA ဗုဒ္ဓကလျာဏယုဝအသင်း ပေါ်ပါတယ်။ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုဖြစ်တယ်။ လူလတ်တန်းစားပညာတတ်များ အမျိုးသားဓနရှင်များက ဦးဆောင်ခဲ့ပါတယ်။ ၁၉၂၀ စက်တင်ဘာမှာ GCBA ဝံသာနုအသင်းအဖွဲ့ကြီးပေါ်ပေါက်တယ်။ ၎င်းအသင်းရဲ့ခေါင်းဆောင်မှုနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ယုဒသန်ကောလိပ် ကျောင်းသားများရဲ့ ကျောင်းသားသပိတ် ပေါ်ပေါက်လာတယ်။ ပထမကျောင်းသားသပိတ်လို့ သမိုင်းကမ္ပည်းထိုးတယ်။
၁၉၂၀-၂၂ အကြားအမျိုးသားရေးလှုပ်ရှားမှုအဖြစ် “ဟုမ္မရူး” ကိုယ်ပိုင်အုပ်ချုပ်ရေးရရေးလှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ဒိုင်အာခီ” နဲ့တွေ့ပြီး ဝံသာနုအသင်းချုပ်ကြီး ၂ ဖွဲ့ကွဲသွားတယ်။
၁၉၂၉ -၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်ဗမာပြည်မှာ ဆန်စပါးဈေး ဒလဟောကျဆင်းခဲ့တယ်။ တောင်သူလယ်သမားများဟာ ကုန်းခံနိုင်တဲ့အခြေအနေမရှိတော့ဘူး။ ဆရာစံခေါင်းဆောင်တဲ့ လယ်သမားဂဠုန်အဖွဲ့များရဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးဟာ ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်မှာပေါ်လာတယ်။ ၂ နှစ်ခန့်အကြာမှာ ဆရာစံနဲ့ တောင်သူလယ်သမားခေါင်းဆောင်အမြားအပြား ဖမ်းဆီးခံရပြီး ကြိုးပေးကွပ်မျက်ခံရတယ်။ ဆရာစံလယ်သမားသူပုန်ရှုံးနိမ့်သွားခြင်းဟာ ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုမှာ ဝံသာနုအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်မှု အဆုံးသတ်သွားသလို အမျိုးသားအရင်းရှင်လူတန်းစားရဲ့ခေါင်းဆောင်မှု အဆုံးသတ်သွားခြင်းဖြစ်တယ်။
၁၉၃၀ ခုနှစ် မေလ ၃၀ ရက်နေ့မှာ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာပြီး ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင်အခန်းဟာ တို့ဗမာအစည်းအရုံး လက်ထဲရောက်ရှိသွားတယ်။ အမျိုးသားလှုပ်ရှားမှုဟာ ဂျီစီဘီအေလက်ထက်ကထက် တဆင့်တက်လာတယ်။ ဒီလှုပ်ရှားမှုကိုခေါင်းဆောင်တဲ့ အဓိကလူတန်းစားမှာ တော်လှန်တဲ့ဓနရှင်ပေါက်စလူတန်းစားနဲ့ ဓနရှင်ပေါက်စပညာတတ်များဖြစ်လာတယ်။
၁၉၃၁ ခုနှစ်ထဲမှာပဲ ဗမာပြည်သမိုင်းမှာ အရေးပါတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ RUSU ဟာ သမဂ္ဂအ ဆောက်အအုံနဲ့တကွ ခန့်ညားထယ်ဝါစွာပေါ်ထွက်လာပါတယ်။
၁၉၃၅ – ၁၉၃၆ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်ကြီးဟာ တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုအရှိန်အဝါအောက်မှာ ကိုလိုနီပညာရေးစနစ်ကို ထိုးနှက်တိုက်ခိုက်လိုက်တဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ပေါ်ပေါက် လာပါတယ်။ နောင်သမိုင်းမှာ ဒုတိယအကြိမ် ကျောင်းသားသပိတ်လို့ ကမ္ပည်းထိုးခဲ့ပါတယ်။ သပိတ် ၃ လကြာတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) ပေါ်လာတယ်။ ဒါကြောင့် ဗကသဆိုတာ ဗမာပြည်မှာ ဝါအရင့်ဆုံး လူထုအဖွဲ့အစည်းတရပ်ပါ။
တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးလှုံ့ဆော် ခေါင်းဆောင်မှုအောက်မှာ ၁၉၃၈ ခုနှစ်မှာ ရေနံမြေ ဘီအိုစီအလုပ်သမားများရဲ့ သပိတ်မှစတင်ကာ သံလျင်ရေနံချက်အလုပ်သမား၊ ဆိပ်ကမ်းအလုပ်သမား၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးဌာန အလုပ်သမားသပိတ်များကို ကျောင်းသားများက တနိုင်ငံလုံးဆင်နွှဲတဲ့ ကျောင်းသားသပိတ်များဖြင့် ပူးပေါင်းပါဝင် ကြတယ်။ တောင်သူလယ်သမားတပ်ဖွဲ့များက ရန်ကုန်သို့ချီတက်မှုဖြင့် ရေနံမြေအလုပ်သမားများရဲ့ ရန်ကုန်သို့ ချီတက်ဆန္ဒပြမှုကို ထောက်ခံအားပေး ပါဝင်ပူးပေါင်းခဲ့တယ်။ ရန်ကုန်ရှိ စက်ရုံအလုပ်သမားသပိတ်များကလည်း ရေနံမြေအလုပ်သမားများကစတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးကို ထောက်ခံအားပေးခဲ့တယ်။ ဒီလိုနဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ မြို့နေ ဆင်းရဲသား၊ ကျောင်းသားများရဲ့ လှုပ်ရှားမှုကြီးများ ပေါင်းစုံသွားပြီး ဗမာပြည်မှာ မကြုံစဖူး အကျယ်ပြန့်၊ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက ဒီ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို အကြမ်းဖက်နှိပ်ကွပ် ဖျက်ဆီးခဲ့တယ်။ ထောင်ပေါင်းများစွာသော အလုပ်သမားများ၊ ကျောင်းသားများ ဖမ်းဆီးခြင်း ခံကြရတယ်။
ငြိမ်းချမ်းစွာဆန္ဒပြတိုက်ပွဲဝင်နေတဲ့ ကျောင်းသားထုကို မြင်းစီးပုလိပ်များနဲ့ တားဆီးရိုက်နှက်နှိပ်ကွပ် သပိတ်ဖြိုခွဲတယ်။ ကျောင်းသား ကိုအောင်ကျော် မြင်းစီးပုလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့ရတယ်။ မန္တလေးမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြပွဲကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ အာဏာပိုင်များက ပစ်ခတ်နှိပ်ကွပ်မှုကြောင့် ၁၇ ဦးကျဆုံးခဲ့ရတယ်။ အလားတူပဲ အောင်လံ မှာလည်း အာဏာပိုင်များရဲ့ ပစ်ခတ်နှိပ်ကွပ်မှုကြောင့် တဦးကျဆုံးခဲ့ရတယ်။
ချုပ်လိုက်ရင် ၁၃၀၀ ပြည့်အရေးတော်ပုံကိုခေါင်းဆောင်တဲ့ တို့ဗမာအစည်းအရုံးရဲ့ ခေါင်းဆောင်လူတန်းစားမှာ ယေဘုယျအားဖြင့် ဓနရှင်ပေါက်စနဲ့ ပညာတတ်များဖြစ်ခဲ့ရာမှ နောက်ပိုင်းမှာ တော်လှန်တဲ့ဓနရှင်ပေါက်စ ဒီမိုကရက်များဖြစ်လာကြတယ်။ အတွေးအခေါ်မှာ အမျိုးသားရေးသက်သက်အမြင်မှ အမျိုးသားရေးအမြင်နဲ့ ဆိုရှယ်လစ်ဝါဒအတွေးအခေါ်များ ရောယှက်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာ မာ့က်စ်ဝါဒနဲ့ ရုရှား အောက်တိုဘာတော်လှန်ရေးအကြောင်း စာအုပ်စာတမ်းများ၊ လက်ဝဲစာပေများကို အလုပ်သမား၊ လယ်သမား၊ ပညာတတ်လူငယ်များအတွင်း ဝါဒဖြန့်ချိမှု ကျယ်ပြန့်လာတယ်။ ၁၉၃၆ ခုနှစ်မှာပဲ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ နိုင်ငံရေးစာပေများကိုဝါဒဖြန့်ချိတဲ့ နဂါးနီစာအုပ်အသင်းပေါ်ထွက်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ မာ့က်စ်ဝါဒလေ့လာရေးအစုများ ဗမာပြည်အနှံ့အပြားမှာ လျှို့ဝှက်စွာပေါ်ပေါက်လာတယ်။ ၁၉၃၉ ခုနှစ်ရောက်တော့ တို့ဗမာအစည်းအရုံးရဲ့ မော်လမြိုင်ညီလာခံမှာ ဆိုရှယ်လစ်ဝါဒအမြင်နဲ့ ရေးဆွဲထားတဲ့လုပ်ငန်းစဉ်ဖြစ်လာကာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနဲ့ ဆို ရှယ်လစ်နိုင်ငံထူထောင်ရေးဆိုတဲ့လုပ်ငန်းတာဝန် ၃ ရပ်ဖြစ်လာခဲ့ပါပြီ။ ဖော်ပြပါ အခြေအနေအရပ်ရပ်က ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်သယ်ဆောင်ရေး အတွက် သိပ္ပံနည်းကျ မာ့က်စ် လီနင်ဝါဒ တော်လှန်ရေးအတွေးအခေါ် လက်နက်တပ်ဆင်ထားတဲ့ ခေတ်မီအလုပ်သမားလူတန်းစားပါတီတရပ်ရဲ့ ခေါင်းဆောင်မှုလိုအပ်နေကြောင်းနဲ့ မာ့က်စ်လီနင်ဝါဒပါတီတရပ် ထူထောင်သွားရန် လိုအပ်နေကြောင်း ဖော်ပြနေပါတယ်။ ဒီတာဝန်ဟာ ဗမာပြည်နေရာအနှံ့အပြားမှာပေါ်ပေါက်နေတဲ့ မာ့စ်ဝါဒ လေ့လာရေး အစုများရဲ့ ပခုံးပေါ်ကျရောက်နေပါပြီ။
(၂)
တကယ့်လက်တွေ့မှာ မာ့က်စ်ဝါဒကို လမ်းညွှန်အတွေးအခေါ်အဖြစ်ထားတဲ့ ကွန်မြူနစ်ပါတီတရပ် ထူထောင်ရေး ဆိုတာ ကျွန်တော်တို့တိုင်းပြည်နဲ့ ကျွန်တော်တို့အမျိုးသားရေးဆိုင်ရာ ကွန်မြူနစ်ပါတီတရပ်ကို ကျွန်တော်တို့စိတ်နဲ့ ကျွန်တော်တို့ကိုယ်၊ ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ ထူထောင်လို့မဖြစ်သေးတဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ တတွေ အခုထူထောင်ဖို့ကြိုးစားနေတဲ့ အလုပ်သမားလူတန်းစားတပ်ဦးပါတီဆိုတာ အမျိုးသားရေးအမြင်နဲ့ အမျိုးသားရေးရည်မှန်းချက် သက်သက်လောက်နဲ့ ထူထောင်လို့ရနိုင်၊ ပြီးနိုင်တဲ့ ပါတီအမျိုးအစားလည်း မဟုတ်ဘူး။ ကျွန်တော်တို့ထူထောင်ရမယ့် ကွန်မြူနစ်ပါတီဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်အမျိုးသားရေးတာဝန်လောက်သာ မဟုတ်သေးဘဲ နိုင်ငံတကာ့တာဝန်ပါ ထမ်းဆောင်ရမယ့် ပါတီအမျိုးအစားဖြစ်လို့ နိုင်ငံတကာ့အမြင်နဲ့ ရည်မှန်းချက်များလည်း ရှိရပါတယ်။ ဒီနေ့ကမ္ဘာကြီးတခုလုံးကို သူတို့လက်သူတို့ခြေနဲ့ သူတို့ဈေးကွက်အဖြစ် ဗိုလ်ကျခြယ်လှယ်နေတဲ့ ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ်ကြီးကိုပါ တိုက်ရမှာဖြစ်လို့ ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ်ကြီးကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာက အလုပ်သမားလူတန်းစားတွေ၊ အဖိနှိပ်ခံကျွန်အပြုခံနေရတဲ့ အမျိုးသားပြည်သူတွေနဲ့ပါ လက်ချင်းချိတ်တွဲကာ တဦးကိုတဦး အပြန်အလှန်ကူညီအားပေးသွားဖို့ လိုပါတယ်။ အခုကျွန်တော်တို့ ထူထောင်ဖို့ ကြိုးစားနေတဲ့ ကွန်မြူနစ်ပါတီဆိုတာ အမျိုးအစားသစ်ပါတီတရပ်ဖြစ်လို့ အတွေ့အကြုံများပြားတဲ့ နိုင်ငံတကာ့ ညီနောင်ပါတီတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး၊ သူတို့ဆီက အကူအညီအဆက်အသွယ်ယူပြီး ထူထောင်ဖို့ ကြိုးစားရပါတယ်။ အရေးကြီးတာက ကမ္ဘာ့ကွန်မြူနစ်ပါတီတွေ စုစည်းဖွဲ့စည်းထားတဲ့ ရဲဘော်လီနင်ဦးဆောင်တဲ့ တတိယ အင်တာနေရှင်နယ် ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ဆိုတာ ရှိပါတယ်။ အဲဒီကွန်မြူနစ်အဖွဲ့ချုပ်က တာဝန်ပေးထားတဲ့ ဒေသန္တရဆိုင်ရာဗျူရိုကော်မတီ သို့မဟုတ် ပါတီတခုခုက သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးနဲ့ အသေအချာညှိနှိုင်းဆွေးနွေး တည်ဆောက်ရတာမျိုးဖြစ်ပါတယ်။
တဖက်မှာလည်း ရန်သူနယ်ချဲ့သမားက ကွန်မြူနစ်ဆိုရင် တွေ့ရာသင်းချိုင်း ဓားမဆိုင်းဖြစ်နေလို့ လျှို့ဝှက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဲဒီကာလက အိန္ဒိယတက္ကသိုလ်များမှာ ပညာသင်ယူနေတဲ့ သခင်လှဖေနဲ့ သခင်သိန်းဖေတို့ ၂ ဦးက၊ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ်ရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပေမယ့် ကျွန်တော်တို့ပါတီအတွက် အိန္ဒိယကွန်မြူနစ်ပါတီနဲ့တင် မပြီးသေးဘူး။ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကို အိန္ဒိယအင်ပိုင်ယာထဲ ထည့်ထား ပေမယ့် ဗမာပြည်ဟာ အရှေ့တောင်အာရှမှာပါဝင်နေတာပါ။ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်က အာရှနိုင်ငံများရဲ့ ကွန်မြူနစ် ပါတီ သို့မဟုတ် အလုပ်သမားလူတန်းစားပါတီဖွဲ့စည်းရေးကို ကူညီဆောင်ရွက်ပေးဖို့ ဗျူရိုတွေဖွဲ့ထားပါသေးတယ်။ အာရှတိုက် အရှေ့ဖျားတိုင်းပြည်များအတွက် အရှေ့ဖျားဗျူရို၊ အရှေ့ တောင်ပိုင်းဒေသတိုင်းပြည်များအတွက် အရှေ့တောင်ပိုင်းဗျူရိုဆိုတာ ရှိပါသေးတယ်။ ဒါကြောင့် အိန္ဒိယကွန်မြူနစ်ပါတီက အာရှအရှေ့တောင်ပိုင်းဗျူရို လျှို့ဝှက်ထားရှိရာ စင်္ကာပူကို သွားရောက်ဆက်သွယ်ပေးပါတယ်။ အဲဒီတော့ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၊ အရှေ့တောင် အာရှဗျူရိုက ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ရေးကို ကူညီဆောင်ရွက်ပေးဖို့ အိန္ဒိယကွန်မြူနစ်ပါတီကို တာဝန်ပေး လိုက်ပါတယ်။ အခိုင်အမာဆောင်ရွက်ရေးမှာ ဗမာပြည်ကို အိန္ဒိယပြည်နဲ့ မခွဲခင်ကတည်းက ဗမာပြည်ထဲမှာ အိန္ဒိယအမျိုးသားများကို အိန္ဒိယကွန်မြူနစ်ပါတီရဲ့ ကလာပ်စည်းတခု ဖွဲ့စည်းပေးထားမှုရှိနေပြီးသားဖြစ်တဲ့အပြင် သူတို့ဟာလည်း ဗမာပြည်တိုင်းရင်းသားခံယူထားသူများဖြစ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းရေးမှာ သူတို့လည်း ပါဝင်ဖွဲ့စည်းသင့်ကြောင်း အကြံပြုပေးခဲ့ပါတယ်။ ကွန်မြူနစ်ပါတီဆိုတာ လူမျိုးရေးအရဖွဲ့စည်းတည်ထောင်တဲ့ပါတီ မဟုတ်သလို အမျိုးသားရေးအမြင် ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ ဖွဲ့စည်းထားတဲ့ ပါတီအမျိုးအစားလည်း မဟုတ်ပါ။ မာ့က်စ်စီလီနင်ဝါဒအရ နိုင်ငံတကာ့အမြင်၊ လူတန်းစားအမြင်များအရ ဖွဲ့စည်းတည်ထောင်ခြင်းပြုရသော ပါတီ တရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းစဉ်က (၁) သခင်အောင်ဆန်း (၂) သခင်လှဖေ (၃) သခင်ဗဟိန်း (၄) သခင်ဘတင်(ဂိုရှယ်) (၅) သခင်စိုး (၆) သခင်ဗိုလ် (၇) ရဲဘော်ထွန်းမောင် (ဒေါက်တာနတ်)တို့ ပါဝင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးကာ လျှို့ဝှက် ဖွဲ့စည်းခဲ့ပါတယ်။
ပါတီကို ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် ရန်ကုန်၊ နံပါတ် ၁၁ မြေနုလမ်းအိမ်မှာ ဖွဲစည်းခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကွန်မြူနစ်ပါတီများရဲ့ အစဉ်အလာအတိုင်း ပါတီတီတည်ထောင်တဲ့နေ့စွဲနဲ့ အစည်းအဝေးကို ပါတီရဲ့ပထမအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်အဖြစ် မှတ်ယူလေ့ရှိသလို ၎င်း ၁၉၃၉ သြဂုတ်လ ၁၅ ရက်ပါတီ တည်ထောင်တဲ့နေ့စွဲကိုပဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမအကြိမ်ကွန်ဂရက်လို့ မှတ်ယူပါတယ်။ ဒီလိုအခြေအနေ အကြောင်းအချက်များ အောက်မှာ တို့ဗမာအစည်းအရုံးခေတ် ၁၃၀၀ ပြည့် အရေးတော်ပုံတပ်သားဟောင်းကြီးများဖြစ်ကြတဲ့ ဗမာပြည် ခေတ်မီနိုင်ငံရေးမျိုးဆက်ရဲ့ ပထမဆုံးမျိုးဆက် ရဲဘော်ကြီးများက ဗမာပြည်ကွန်မြူနစ်ပါတီကို စနစ်တကျ အင်္ဂလိပ် ကိုလိုနီအုပ်စိုးမှုအောက်မှာ အသက်နဲ့ရင်းကာ ကြိုးပမ်းအားထုတ် ထူထောင်ခဲ့ကြောင်းကို လေးစားဂုဏ်ယူဖွယ်ရာ အကြောင်းအချက်များကို ပါတီရဲ့ ၈၃ နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် တင်ပြလိုက်ပါတယ်။
ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သက်တမ်း ၈၃ နှစ်ရှိသွားပေမယ့် အထက်တနေရာမှာ တင်ပြခဲ့သလို ဥပဒေအတွင်း ပြည်သူလူထုရှေ့မှောက်မှာ ၃ နှစ်လောက်သာ ရပ်တည်ခဲ့ရပါတယ်။ တလျှောက်လုံး မြေအောက် လျှို့ဝှက်ပါတီအနေနဲ့တမျိုး လက်နက်ကိုင်တိုက်ပွဲဝင် တိုက်တာတဖုံ ပြင်းထန်သည်းသန်လှတဲ့ မိုးသက်မုန်တိုင်းထဲမှာ အလံမလှဲ အဖိနှိပ်ခံပြည်သူများရဲ့အကျိုး တိုင်းပြည်အကျိုးတို့အတွက် ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ကို ဇွဲနဘဲနဲ့ တိုက်လာခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ဗမာပြည်နိုင်ငံရေးမှာ ထိပ်တန်းကနေ ကိုယ်ကျိုးမဖက် တိုင်းပြည်နဲ့ပြည်သူလူထု အတွက် အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ရေး၊ ဂျပန်ဖက်ဆက်ဆန့်ကျင်တော်လှန်ရေး၊ အဲဒီနောက် ပြန်ဝင်လာတဲ့ အင်္ဂလိပ်အုပ်စိုးသူလက်အောက်မှ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲများမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက်နဲ့ စစ်အုပ်စုအဆက်ဆက်တို့က သောင်းကျန်းသူ အဖျက်သမားများအဖြစ်ဖြင့်အမျိုးမျိုးပုံဖျက်ခဲ့တာပါ။ ဒါပေမဲ့ ဒီကနေ့ဆိုရင် ပါတီရဲ့သက်တမ်း ၈၃ နှစ် ရှိလာပါပြီ။ ခေတ်အဆက်ဆက် ပြည်သူလူထုဘက်ကရပ်တည်ကာ ပါတီရဲ့သားကောင်းသမီးကောင်းတွေ ရာထောင်ချီ အသက် သွေး ပေးလှူစွန့်လွှတ်ပြီး ဖောက်ပြန်တဲ့ရန်သူအဆက်ဆက်ကို အညံ့မခံ အရှုံးမပေး ဇွဲနဘဲနဲ့တော်လှန်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အလံတော်ဟာ နီရဲတောက်ပစွာ တလူလူလွင့်နေဆဲပါ။
အခက်အခဲနဲ့ အကွေ့အကောက်များပြားတဲ့ ဗမာပြည်နိုင်ငံရေးသံသရာထဲမှာ ပြည်သူ့ဘက်က အစဉ်အမြဲရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ကို ဘယ်တုန်းကမှ ဦးမညွတ် ဒူးမထောက်ခဲ့ပါဘူး။
စစ်အေးခေတ် စစ်အေးလွန်ခေတ် ကမ္ဘာမှုစီးပွားရေးခေတ် နည်းပညာခေတ် တို့ကိုဖြတ်သန်းရင်း အရင်းရှင်စနစ်ဟာ ဘက်စုံအကျပ်အတည်းနဲ့ရင်ဆိုင်နေရကာ စီးပွားကပ်သံသရာထဲက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေပါတယ်။ ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ အထွေထွေအပြောင်းအလဲနှင့်အတူ၊ ဗမာပြည်ကွန်မြူနစ်ပါတီဟာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ အဖိနှိပ်ခံပြည်သူလူထုကြီးနှင့်အတူ အင်တိုက်အားတိုက် ပါဝင်လုံးပန်း တိုက်ခိုက်ပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီဝင်တယောက်အဖို့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီလိုပါတီနေ့ဖြတ်သန်းခဲ့ရမှုများကို အမှတ်တရရှိနေသလို ပါတီနဲ့တော်လှန်ရေးအတွက် ပါတီအလံတော်အောက်မှာ အသက်ပေးလှူသွားတဲ့ ပါတီခေါင်းဆောင်များ၊ ကေဒါများ၊ ရဲဘော်များကိုလည်း ဦးညွတ်အလေးပြုလိုက်ပါတယ်။
မာ့က်စ်လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ် အဓွန့်ရှည်ပါစေ။
ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။
ရဲဘော်ဗလူ