ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်တဲ့သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး)
ပြည်တွင်းပြည်ပက ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက မင်းအောင်လှိုင် အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော် နဲ့ ကိုလှမျိုးအောင် ကိုအောင်သူရဇော်တို့လေးဦးကို ၂၄ ဇူလိုင်က သေဒဏ်ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်တယ်။ မဆလဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက်ပိုင်း ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်စီရင်ချက် ပြန်အသက်သွင်းလာတာ ဖြစ်ပါတယ်။
ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်လိုက်တဲ့အတွက် လူထုက ကြောက်ရွံ့မသွားရုံတင်မက ပိုလို့သာမုန်းတီးရွံရှာ ဆန့်ကျင်လာကြရာက ဗိုလ်နေဝင်းမဆလအစိုးရ တဇာတ်သိမ်းခဲ့ရပါတယ်။ တကယ်က တရားဥပဒေကို ခုတုံးလုပ်(အလွဲသုံးစားလုပ်)ပြီး သေဒဏ်စီရင်တယ်ဆိုပေမယ့် မင်းအောင်လှိုင်ဖက်ဆစ်တပ်က တတိုင်းပြည်လုံးမှာ လက်နက်အားကိုး လူမဆန်စွာ လုယက်ဖျက်ဆီး (အရှင်လတ်လတ်) မီးရှို့သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုများကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာပါ။ ICJ နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲရာမှာလည်း လောလောလတ်လတ် အရှုံးနဲ့ရင်ဆိုင်နေရတာပါ။
သေဒဏ်ကိုအတည်ပြုပြီး သတ်စေအမိန့်ကို နောက်ဆုံးပေးခဲ့သူဟာ မင်းအောင်လှိုင်ပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ စကစပြောခွင့်ရဆိုသူက ပြစ်ဒဏ်မစီရင်သေးဘူး၊ လုပ်ထုံးအဆင့်ဆင့်အတိုင်း လုပ်မှာပါလို့ပြောပြီး နောက်ရက်မှာပဲ သေဒဏ်စီရင်ခဲ့တာပါ။ တရားဥပဒေ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျောခိုင်းပြီး ကွပ်မျက်ခဲ့ရုံမက အလောင်းတောင်ပြန်မရအောင် ဖျောက်ဖျက်ဖို့ကြိုးစားနေပါတယ်။ နယ်ချဲ့အင်္ဂလိပ်ခေတ်မှာတောင်မှ ဆရာစံရဲ့အလောင်းကို မဖျောက်ဖျက်ခဲ့ပါဘူး။
ပြည်တွင်းပြည်ပ (စစ်ရေး နိုင်ငံရေး စီးပွားရေး သံတမန်ရေး ဘက်စုံ) အကျပ်အတည်းများ အောက်မှာ ရုရှားသွားဘုရားကု-ကုလိုက် ယတြာပေါင်းစုံချေလိုက် ကယောင်ကတမ်း ပြောချင်တာပြောလိုက်နဲ့ မင်းအောင်လှိုင်တယောက် ဆောက်တည်ရာမရ ဖြစ်နေပုံပဲ။
ဖောက်ပြန်ရေးသမားများဟာ အကျပ်အတည်းကြီးလေ ကြမ်းကြုတ်လေပါပဲ။
အလောင်းကို ဖျောက်ဖျက်သည်ဖြစ်စေ မဖျောက်ဖျက်သည်ဖြစ်စေ စစ်အာဏာရှင်စနစ်ကို သမိုင်းအဆက်ဆက် ဆန့်ကျင်တော်လှန်ရင်းကျဆုံးသွားတဲ့ ကြယ်စင်တွေနဲ့အတူ ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့လေးဦးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အာဇာနည်များအဖြစ် ပြည်သူများရဲ့အသိအမှတ်ပြုမှုကို ခံကြရမှာပါ။
မင်းအောင်လှိုင်စစ်ကောင်စီကို ဖျောင်းဖျနားချခြင်းဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်သွားဖို့ မျှော်လင့်နေတဲ့ အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းအဖို့ – လက်မှာသွေးအထပ်ထပ်စွန်းနေတဲ့ မင်းအောင်လှိုင်ထံမှ ငြိမ်းချမ်းရေးစကားကို ယုံကြည်နေလို့မဖြစ်ကြောင်း ယခု သွေးစွန်းကွပ်မျက်မှုက သတိပေးခေါင်းလောင်းသံ ပေးလိုက်တာ ဖြစ်ပါတယ်။ (ယခု အာဆီယံဥက္ကဌ ဟွန်ဆန်က ဒီကွပ်မျက်မှုဟာ အလွန်တရာ ပြစ်တင်ရှုတ်ချဖွယ်ဖြစ်ပြီး နိုင်ငံတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ဆောင်ဖို့ လုံးဝဆန္ဒမရှိတာကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါပြီ။ အာဆီယံအပါအဝင် ပြည်တွင်းပြည်ပရဲ့ ပြစ်တင်ရှုံ့ချမှုကို ခံရလိုက်ရတဲ့ မင်းအောင်လှိုင် စစ်ကောင်စီရဲ့ ဒီကွပ်မျက်မှုဟာ သူတို့ရဲ့ ရက်စက်ယုတ်မာမှုနဲ့ ထိုက်တန်စွာ သူတို့အပေါ် ပိုမိုကြီးလေးတဲ့ ဒဏ်ခတ်မှုတွေ သက်ရောက်ခံစားရစေမှာ မုချပါ။)
ဗမာပြည်လူထုကြီးကတော့ ဖက်ဆစ်စစ်တပ်ကို ပိုမိုမုန်းတီးရွံရှာစွာဖြင့် နာကြည်းမှုကို အင်အားအဖြစ်ပြောင်းကာ တွေဝေမှုကင်းစွာနဲ့ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ တိုးမြှင့်လုပ် ဆောင်သွားမှာသာ ဖြစ်ပါတယ်။ မြစမ်းအေး (၂၅ ဇူလိုင် ၂၀၂၂)