သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ

By | July 11, 2022

သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ (ကိုတူး)

အများအာရုံစိုက် စောင့်ကြည့်နေတဲ့ အာဆီယမ်အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ရဲ့ ဗမာပြည်ခရီးစဉ် (၂၉ ဇွန် – ၅ ဂျလိုင်) နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ရဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၆နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (၃ ဂျူလိုင် – ၅ ဂျူလိုင်) ဗမာပြည်ခရီးစဉ်များ ပြီးဆုံးသွားပါပြီ။

ပရက်ဆော့ခွန်းက ဗမာပြည်ပဋိပက္ခ ကြားဝင်ဆောင်ရွက်ဖို့ဖြစ်ပြီး၊ တပါတည်း ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း အစည်းအဝေးကို ကျန်အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ တရုတ် မြန်မာ ကမ္ဘောဒီးယား လာအို ဗီယက်နမ် ထိုင်း တို့နှင့်အတူ အလှည့်ကျနိုင်ငံဖြစ်တဲ့ ဗမာပြည်ရဲ့ ရှေးဟောင်းမြို့တော်ပုဂံမှာ တက်ရောက်တာဖြစ်ပါတယ်။ ဝမ်ယီကတော့ သူ့ရဲ့အာရှငါးနိုင်ငံခရီးစဉ် (မြန်မာ အင်ဒိုနီးရှား ဖိလစ်ပိုင် ထိုင်း မလေး – —၃ ဂျူလိုင် မှ ၁၄ ဂျူလိုင်) ရဲ့ ပထမခရီးစဉ်အဖြစ် မဲခေါင်-လန်ချန်း အစည်းအဝေးတက်ဖို့ ဗမာပြည်ကို လာရောက်တာဖြစ်ပါတယ်။

တကယ်က ပရက်ဆော့ခွန်း (အာဆီယမ်အထူးသံ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး) ရဲ့ ဗမာပြည်ဒုတိယအကြိမ်ခရီးစဉ်က ဇွန်လဆန်းပိုင်းကတည်းက လာဖို့ဖြစ်ပေမယ့် စစ်ကောင်စီနဲ့ ညှိနှိုင်းလို့အဆင်မပြေမှုကြောင့် နောက်ဆုတ်လိုက်ရတာလို့ ဆိုပါတယ်။ အာဆီယမ်အထူးသံက ဒေါ်စုနဲ့တွေ့ခွင့်တောင်းတာ မရခဲ့ဘူး။ သေဒဏ်ကိုပြန်စဉ်းစားဖို့ ဟွန်ဆင်မေတ္တာရပ်ခံတာကိုလည်း ငြင်းပယ်တယ်။ ဒေါ်စုကို အိမ်ချုပ်ထားတာကနေ ထောင်ထဲသို့ရွှေ့တာမလုပ်ဖို့ တိုက်တွန်းတာကိုလည်း စကစကလက်မခံဘူး။ အာဆီယမ်ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဖြစ်နေတာကြောင့် ခရီးစဉ်နှောင့်နှေးနေတာ ဖြစ်ပါတယ်။

စကစဟာ အာဆီယမ်အထူးသံကို တွေ့ဆုံဖို့(လိမ်ဖို့) အစွမ်းကုန်ပြင်ဆင် ထားတာသိသာပါတယ်။ အထူးသံရောက်လာတော့လည်း နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့တွေ့ပြီး သူတို့ပြချင်တာပြ ဖုံးချင်တာဖုံး လိမ်ချင်တာလိမ် မှိန်ချင်တာမှိန် လုပ်တာပါပဲ။

အတုအယောင် တွေ့ဆုံဆွေးနွေးပွဲနဲ့ PDF များ လက်နက်ချဖို့ကမ်းလှမ်းချက်တွေဟာ လူရယ်စရာပါပဲ။ NCA လက်မှတ်ထိုး အပစ်ရပ် EAO ၇ ဖွဲ့နဲ့ ပေးတွေ့တယ်။ ကြံ့ဖွံ့အပါအဝင် နိုင်ငံရေးပါတီ ၇ ပါတီဆိုတာနဲ့ ပေးတွေ့တယ်။ ကျန်တာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဌာနအသီးသီးက အရပ်ဝတ် စစ်ဗျူရိုကရက်များနဲ့သာ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝမ်ယီနဲ့ အာဆီယံအထူးသံ လာနေချိန်မှာ စကစက မြဝတီတောင်ဘက် ဥကရိထစခန်းကို KNU လက်မကျအောင် အစွမ်းကုန် အနာခံတိုက်နေရတယ်။ PDF က ဝမ်ပေါင်ကို ရှော့တိုက်ဒုံးနဲ့ထုပြနေတယ်။ တိုက်ဆိုင်မှုတော့ ဟုတ်ဟန်မတူဘူး။ ဝမ်ပေါင်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ပါဝင်လိုခြင်းမရှိကြောင်း ထုတ်လုပ်မှုရပ်ဆိုင်းထားကြောင်း ထုတ်ပြန်တယ်။ ဥကရိထတိုက်ပွဲကတော့ နှစ်ဖက်စလုံးက အနိုင်ရကြောင်းပြောနေပါတယ်။

မဲခေါင်-လန်ချန်း အစည်းအဝေးက ၇ ကြိမ်မြောက် ပထဝီဒေသ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးပါ။ စုပေါင်းဆွေနွေးကြသလို တရုတ်နဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးပွဲတွေလည်း လုပ်ပါတယ်။ နှစ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အကူအညီပေးရေး သဘောတူချက်တွေလည်း လက်မှတ်ထိုးကြပါတယ်။ ဗမာပြည်အရေးလည်း ပါပါတယ်။ ဗမာပြည်အကျပ်အတည်းကို အလျဉ်းသင့်သလို ထည့်ပြောနေရာက တရုတ်ရဲ့သဘောထားကို တစုတစည်းတည်း မျှော်လင့်ချက်သုံးရပ်အဖြစ် တရုတ်သံရုံးမှ ထုတ်ပြန်လာပါတယ်။ (CGTN 10:33, 04-Jul-2022 မှာ အင်္ဂလိပ်ဘာသာနဲ့ပါတယ်)လိုရင်းကတော့ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး။ (၂) တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေရန်။ (၃) ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ အာဆီယမ်၏ “တူညီဆန္ဒငါးရပ် ” (five-point consensus) ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရန်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ၂၀၀၈ခြေဥလို့ အဓိပ္ပာယ်ကောက်တာလည်း ရှိတယ်။ ဒါကတော့ ကွဲလွဲမှုရှိနိုင်ပါတယ်။ သံတမန်စကားဆိုတာ သွယ်ဝိုက်အနက်ရှိတတ်ပါတယ်။ ဗမာပြည် နွေဦးတော်လှန်ရေးက အာဏာသိမ်း ဖက်ဆစ်ကြေးစားတပ်ကို အမြစ်ဖြတ်ဖို့တင်မက ၂၀၀၈ ခြေဥကို အပြီးအပိုင်ဖျက်သိမ်းရေးအတွက် တိုက်ကြရတာဖြစ်ပါတယ်။ စားပွဲဝိုင်း(လွှတ်တော်)မှာ ဖျက်သိမ်းလို့မရလို့ လက်နက်ကိုင်တိုက်ပွဲအထိ မြင့်တက်လာတဲ့ လူထုတိုက်ပွဲနည်းနဲ့ ဖျက်သိမ်းနေရတာဖြစ်ပါတယ်။

စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲခေါင်-လန်ချန်း ဆွေးနွေးပွဲ မြန်မာပြည်မှာ လက်ခံကျင်းပတာဟာ စကစကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့သဘော (နိုင်ငံရေးအမြတ်ထုတ်ပြီး) ပြောပါတယ်။ ဒါဟုတ်မဟုတ် ကြည့်ရအောင်ပါ။ (တကယ်က စကစ ကို ပြည်သူက လက်ခံအသိအမှတ် ပြုမပြု ဆိုတဲ့အချက်က ပိုပြီး အခရာ ကျပါတယ်။) ပုဂံအစည်းအဝေးမှာ မင်းအောင်လှိုင်တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောဖို့ မြန်မာဘက်က တင်ပြခဲ့တာကို လက်မခံဘဲ တရုတ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးများသာ အဖွင့်မိန့်ခွန်းပြောတယ်လို့ဆိုတယ်။ ပုဂံမှာ တရုတ်ကဆောက်လုပ်လှုဒါန်းတဲ့ ချူအင်လိုင်းတန်ဆောင်းကို ဝမ်ယီက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ်။ အစည်းအဝေးအပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြေနေရာအတွင်း တည်ဆောက်ထားတဲ့ မဲခေါင်-လန်ချန်းရုံး(မြန်မာ) အဆောက်အဦးဖွင့်ပွဲသို့ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သော်လည်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံခြင်းမရှိဘူး။ ဇူလိုင် ၄ ရက်နေ့က မင်းအောင်လှိုင် နတခ(ပုသိမ်)ရောက်နေကြောင်း သတင်းများမှာတွေ့ရတယ်။

ပရပ်ဆော့ခွန်း US EU ဩဇီ ဂျပန် စတဲ့ သံတမန်များနဲ့ တွေ့ဆုံပြီး အကျိုးအကြောင်းရှင်းပြတဲ့အခါ ဆိတ်ဆိတ်နေခြင်းဖြင့် အာဆီယမ်သံရဲ့ ကြိုးပမ်းမှုကို ထောက်ခံ အသိအမှတ်ပြုကြပါတယ်။ အာဆီယမ်အထူးသံက ဝဏ္ဏမောင်လွင်ထံမှာ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ထပ်တောင်းဆိုသလို ဒေါ်စုစုလွင်နဲ့တွေ့ခွင့်ရဖို့လည်း တောင်းဆိုခဲ့ကြောင်း၊ မင်းအောင်လှိုင်နဲ့တွေ့ချိန်မှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ လက်တွဲလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။ဒီလိုနဲ့ သံတမန်ခရီးစဉ်များဟာ မင်းအောင်လှိုင် မိန့်ခွန်းမခြွေ ထမင်းစားပွဲကြီးမကျင်းပရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါဟာ ချစ်ကြည်ရေးခရီးစဉ်မဟုတ်ဘူး။ အလုပ်သဘောလာရောက်တဲ့ ခရီးစဉ်ဖြစ်ကြောင်း ဝါရင့်သံတမန်များက မင်းအောင်လှိုင်ကို သိအောင်ပြသလိုက်တာပဲ ဖြစ်ပါတယ်။ဒါက သံတမန်မျက်နှာစာက ဗမာပြည်အခြေအနေပါ။ ကိုတူး (၅ ဇူလိုင် ၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *