စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု

By | July 11, 2022

စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု—–လှဝင်း

ဗမာပြည်က ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အရင်းခံ သဘောထားဟာ လက်နက်ချစေချင်တာပဲ။ သူတို့ကို လက်နက်ကိုင်တော်လှန်တာကို ဆက်မလုပ်စေချင်တာပဲ။ ဦးနုက ဒီမိုကရေစီ ဖွင့်ပေးမယ်၊ လာခဲ့ကြလို့ ပြောတော့ သခင်သန်းထွန်းက ဒါနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ စာပို့တယ်။ ဒီလို ဆွေးနွေးဖို့ကို ကျားမြီးဆွဲတာထက်ကြောက်တဲ့ ဦးနုက ဘာမှ ဆွေးနွေးမနေနဲ့၊ အရင်ဆုံးလက်နက်ချပြီး ဝင်ခဲ့ကြ။ အဲလိုဆို ဒီမိုကရေစီပေးမယ်လို့ ကြေညာခဲ့တာပဲ။ ဖဆပလ ဖောက်ပြန်ရေးအစိုးရကနေ ဒီနေ့ စစ်ကောင်စီအထိ သူတို့ရဲ့ အရင်းခံ သဘောထားက လက်နက်ချရေး။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ တွေ့ဆုံဆွေးနွေးရေး၊ NCA လမ်းကြောင်း နာမည်အမျိုးမျိုး တပ်တယ်။ ရည်ရွယ်ချက်ကတော့ လက်နက်ချရေးပဲ။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ပြည်တွင်းစစ်ကြောင့် ဒုက္ခဆင်းရဲကြီးစွာခံစားရတဲ့ ပြည်သူတွေကို စစ်မှန်တဲ့ငြိမ်းချမ်းရေး ရယူပေးလိုတဲ့ ဆန္ဒ ရှိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ ပါဝင်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို စိတ်ရှည်သည်းခံပြီး ကြိုးပမ်းကြတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ စစ်အုပ်စုအဆက်ဆက်ကြောင့် တကယ်တမ်းစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဒီနေ့အထိ မရရှိနိုင်ကြသေးတာ ဖြစ်ပါတယ်။)

စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ချက်ချင်း လက်နက်မချချင်သေးရင် အပစ်အခတ် ရပ်စဲရေးလုပ်ထားမယ်။ ဒီကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပြိုလဲသွားအောင် နည်းမျိုးစုံသုံးမယ်။ သပ်လျှိုဖြိုခွဲမယ်။ ချည့်နဲ့အားနည်းသွားအောင်လုပ်မယ်။ အနည်းဆုံး ကြီးထွားတိုးတက်မှု မရှိအောင် လုပ်ထားမယ်။ နယ်မြေဆက်လက် မတိုးချဲ့အောင် လုပ်မယ်။ တပ်သားသစ် ဆက်လက်မစုဆောင်းနိုင်အောင် လုပ်မယ်။ အဲဒါအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို စီးပွားရေးမက်လုံးအမျိုးမျိုးနဲ့ မြူဆွယ်မယ်။ ဒါတွေဟာ သူတို့ကို လက်နက်နဲ့ တိုက်ခိုက်နေတာကို ရပ်ဆိုင်းသွားအောင်လုပ်တာ။ လက်နက်ကိုင်တော်လှန်ရေးကို အရှိန်သတ်တာ။ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ချည့်နဲ့သွားအောင် ဖြိုခွဲတာတွေ ချည်းပဲ။

ဖဆပလခေတ်နဲ့ အိမ်စောင့်အစိုးရလက်ထက်က မြန်မာ့အသံ ရေဒီယိုကနေ (မောင်လေး-မောင်လေး ရှောင်မပြေးပါနဲ့ မောင်လေးရယ်တို့၊ နောင်ရေးကို မမ ရင်လေးလှပါတယ်တို့) သီချင်းလွှင့်ခဲ့တာတွေ၊ အသံလွှင့်ဇာတ်လမ်းအမျိုးမျိုးနဲ့ လက်နက်ချဖို့ သိမ်းသွင်းတာတွေ လုပ်ခဲ့တာပဲ။ လက်နက်နဲ့ ဒီမိုကရေစီ လဲမယ်တို့။ အလင်းဝင်ခဲ့ဖို့ ဖိတ်ခေါ်တာတို့နဲ့ ဒီကနေ့ စစ်အုပ်စုလက်ထက်မှာပြောနေတဲ့ တပ်ချုပ်မူ ၆ ချက် လက်ခံဖို့၊ NCA စာချုပ်လက်မှတ်ထိုးဖို့၊ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ နိုင်ငံရေးဆက်လုပ်ဖို့(ရွေးကောက်ပွဲဝင်ဖို့)ဆိုတာတွေဟာ အခြေခံသဘောထားအရ အတူတူပါပဲ။ စစ်အုပ်စုအဆက်ဆက်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို တဖွဲ့ချင်းဖြစ်စ၊ အဖွဲ့လိုက်ဖြစ်စေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အားနည်းချည့်နဲ့သွားအောင် ကြိုးပမ်းသလို တခြားတဖက်ကလည်း စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့ မီဒီယာတို့ အွန်လိုင်းလူမှုကွန်ရက်တို့ကိုအသုံးပြုပြီး တော်လှန်ရေးသမားတွေ ကို စိတ်ဓာတ်အရ ဖြိုခွဲတာ၊ လက်နက်ချဖို့ လှုံ့ဆော်တာတို့ကို သိုင်းသိုင်းဝိုင်းဝိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ငွေကြေးအကုန်အကျခံပြီး လုပ်လေ့ရှိတယ်။ (တပ်မတော်မှ သင့်ကို အလိုရှိသည်) ဆိုပြီး တပ်သားသစ်ကို သူတို့ အသေအလဲ စုဆောင်းနေရတဲ့အချိန်၊ သူတို့ တပ်သားရေသောက်မြစ် ခန်းခြောက်နေတဲ့အချိန်ဆို တော်လှန်ရေးတပ်သားတွေ လက်နက်ချအောင်၊ တော်လှန်ရေးတပ်ဖွဲ့ ချည့်နဲ့ပြိုကွဲအောင် ပိုလုပ်လာတတ်ကြတယ်။ အခုလည်း အဲသည်လုပ်ငန်းကို အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့ စစ်အုပ်စုက ကောက်ကျစ်စွာ အသည်းအသန် ပြင်ဆင်လုံးပန်းနေကြပြန်ပါပြီ။ မင်းအောင်လှိုင်ရဲ့ တွေ့ဆုံဆွေးနွေးရေးဖိတ်ခေါ်ချက်နဲ့အတူ မီဒီယာကနေ တော်လှန်ရေးဖြိုခွဲဖို့၊ လက်နက်ချရေးဖိတ်ခေါ်ဖို့ စီမံထားပြီးနေပါပြီ။

သူတို့ မီဒီယာကနေ တော်လှန်ရေးတပ်ဖွဲ့များကို ဖြိုခွဲမယ့်အစီအစဉ်တွေကို အွန်လိုင်းပေါ်ကနေ သွေးတိုးစမ်းတင်ပြလာခဲ့ကြတယ်။ သူတို့ ဦးတည်တိုက်ခိုက်တဲ့ ပစ်ကွင်းကတော့ ကျယ်ပါတယ်။ NUG နဲ့ NLD အစွန်းရောက်နိုင်ငံရေးသမားတွေတဲ့။ မြို့ပေါ်မှာနေပြီး ပြည်သူကို တောခိုခိုင်းနေသူတွေတဲ့။ လူလည်လုပ်စားသမားများ၊ လူနပ်ချမ်းသာများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ နိုင်ငံရေးအစွန်းရောက်များနဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ဆိုပြီး နာမည်အမျိုးမျိုးတပ်ကာ တိုက်ခိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် EAO အချို့လို့ သုံးနှုန်းတာ ရှိသလို (KIA) လို့ နာမည်ထုတ်ပြီး တိုက်ခိုက်တာလည်း ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ ရောက်ရှိနေကြတဲ့လူငယ်တွေကိုတော့ သွေးထိုးလှုံ့ဆော်မှုကြောင့် လမ်းမှားရောက်နေတဲ့လူငယ်တွေ၊ တံလျှပ်ကို ရေထင်ကာ တဒင်္ဂ စိတ်ခံစားချက်နဲ့လမ်းမှားရောက်သူတွေ၊ ကိုယ်ကျိုးရှာသမားများအတွက် အချည်းနှီးအသက်ပေးနေရသူတွေလို့ နာမည်တပ်ပါတယ်။ စစ်ကိုင်း PDF၊ ဟိုပင် PDF၊ မိုးညှင်း PDF၊ မိုးဗြဲ PDf ၊ ကလေး PDF ၊ မိုးကုတ် PDF ၊ ရွှေဘို PDF စသဖြင့် အမည်ထုတ်ဖော် တိုက်ခိုက်ခံရတဲ့ PDF တွေလည်း ပါဝင်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်သော်လည်း မအောင်မြင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လမ်းစဉ်တဲ့။ ဒါဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို သိမ်းကျုံးတိုက်ခိုက်လိုက်တာပါပဲ။ ဒါက ဆိုရှယ်မီဒီယာတွေမှာ သွေးတိုးစမ်းတင်ပြထားပြီးသား သူတို့ရဲ့ သဘောထားတင်ပြချက်ပါ။ အသက်ကြီးတဲ့သူတွေ၊ နိုင်ငံရေးသမားတွေက လူငယ်တွေကို မြှောက်ပင့်ပြီး အသေခံခိုင်းနေကြတယ်ဆိုတဲ့ အတွေးအခေါ်လည်း တချိန်းတည်း အွန်လိုင်းပေါ်မှာ ဖြန့်ချိတာ လုပ်ခဲ့ပါတယ်။ နှစ် ၇၀ ကျော် တော်လှန်ရေးတပ်ဖွဲ့တွေက မအောင်မြင်ဘူးလို့ သူတို့က ပြောဆိုဝါဒဖြန့်တာ လုပ်ပါတယ်။ ဒါကို ဒီတော်လှန်ရေးတပ်ဖွဲ့တွေကို သူတို့ကကော နိုင်အောင် တိုက်နိုင်ခဲ့လို့လား-လို့ ပြန်ပက်ပြီး တုံ့ပြန်တာထက် (နှစ် ၇၀ ကျော် တော်လှန်ရေးတပ်ဖွဲ့တွေက မအောင်မြင်ဘူးလို့ သူတို့က ပြောနေတာဟာ စစ်အုပ်စုက ပြည်တွင်းစစ် ကို တက်တက်ကြွကြွ ရေရှည် ထိန်းသိမ်း တိုက်နေတယ် ဆိုတဲ့အချက်နဲ့ ပြည်သူလူထုမှာ ခုခံကာကွယ်ခွင့် ရှိတယ် ဆိုတဲ့အချက်တို့ကို မှေးမှိန်အောင် လုပ်ရာကျပါတယ်။) လို့ပဲ ပြောချင်ပါတယ်။

ဒါ့အပြင် နှစ် ၇၀ ကျော်အတွင်း သူတို့ကို လက်နက်ကိုင်တိုက်တဲ့ တပ်ဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ တိုးတိုးလာလိုက်တာ ခုဆိုရင် တောင်ပေါ်မြေပြန့်မကျန် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေကြပြီး စစ်ကောင်စီတပ်တွေ အရူးမီးဝိုင်း ဖြစ်နေကြရတယ်မဟုတ်လား။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ကြောင့် တိုင်းပြည်တိုးတက်လာတာ ဘာများရှိလို့လဲ။ တိုင်းပြည် ကုန်းကောက်စရာ မကျန်တော့လောက်အောင် ဆင်းရဲမွဲတေ ကမ္ဘာ့အလယ် အောက်ဆုံးအဆင့်နိုင်ငံဘဝရောက်သွားရုံမက ပြည်သူတွေမှာလည်း စစ်ကျွံဘဝ နွံထဲမှာ အငတ်ငတ် အပြတ်ပြတ် အစုလိုက်အပြုံလိုက် အသတ်ခံကြရ၊ အစုလိုက်အပြုံလိုက်မီးရှို့ခံကြရ၊ အသေဆင်းရဲ အနေဆင်းရဲ အနာဂတ်ပျောက်တဲ့ဘဝ ရောက်နေကြရတယ်မဟုတ်ပါလား။ လူလည်လုပ်စားသမားများ၊ လူနပ်ချမ်းသာများ၊ ကိုယ်ကျိုးရှာသမားများလို့ တော်လှန်ရေးဘက်ကို စွပ်စွဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုကိုယ်တိုင်ကျတော့ စစ်ဗိုလ်ချုပ်ထိပ်သီးတွေဟာ တိုင်းပြည်ရဲ့ ဥစ္စာဓန သယံဇာတတွေကို ထင်သလို လုယူခိုးဝှက်ပြီး သားစဉ်မြေးဆက် သုံးမကုန် ဖြုန်းမကုန် ကျိကျိတက်ချမ်းသာတဲ့ဘဝကို ရရှိပြီး စည်းစိမ်ခံနေကြတယ်မဟုတ်လား။ သူတို့စည်းစိမ်ချမ်းသာရဖို့အတွက် အောက်ခြေစစ်သားတွေကို အသေခံခိုင်းနေတဲ့ လူယုတ်မာ စစ်စစ်တွေဆိုတာ စစ်အုပ်စုဝင်တွေသာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေးကို ဖြိုခွဲဖို့ အတွက် (ပြန်လည်ဖိတ်ခေါ်ခြင်း)ဆိုတာကိုလည်း ပြင်ဆင်ရေးသားထားပါသေးတယ်။ (ပြစ်မှု တစ်ခုခု ကျူးလွန်ထားသူများမှအပ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် နိုင်ငံသားများ နေရပ်သို့ ပြန်လာလိုပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးသွားမည်)တဲ့။ တော်လှန်ရေးကို ဖြိုခွဲဖို့ မက်လုံးကလေး ပစ်ကျွေးကြည့်လိုက်တာပါပဲ။

စစ်အုပ်စုရဲ့ ဒီလို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုထိုးစစ်ဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးမှုနဲ့ လိမ်ညာလှည့်ဖြားမှုတွေပဲဆိုတာ လူတိုင်းသိနေတာပဲဆိုပြီး အလေးမထားဘဲ နေလို့တော့ မရပါဘူး။ စစ်အုပ်စု ရက်စက်ယုတ်မာပုံတွေ လှည့်စားတတ်ပုံတွေ လူတိုင်းသိပြီးသားပဲဆိုပြီး လျစ်လျူရှုထားလို့လည်း မဖြစ်ပါဘူး။၁၉၅၈ စစ်တပ်က အိမ်စောင့်အစိုးရအဖြစ် လုပ်ခဲ့တဲ့ကာလတုန်းက ဒီလို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးထိုးစစ်ကြောင့် မွန်၊ ပအိုဝ့်၊ အင်း စတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတချို့နဲ့ ပြည်သူ့ရဲဘော်အဖွဲ့၊ ဗမာပြည်ကွန်မြူနစ်ပါတီထဲမှ အင်အားအချို့လက်နက်ချသွားခဲ့ကြတဲ့အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါတယ်။ ရန်သူရဲ့ လက်နက်ချရေးဖိတ်ခေါ်ချက်ကြောင့်ချည့် မဟုတ်ဘဲ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့အတွင်းရှိ အတွင်းပိုင်း ပဋိပက္ခတွေနဲ့အားနည်းချက်ကြောင့်လည်း ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆိုရင် ထိုစဉ်က ၅၅ လမ်းစဉ်အမှားနဲ့ မိမိအတွင်းပိုင်းရှိ ပဋိပက္ခတွေကြောင့် အင်အားတချို့ လက်နက်ချသွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးထိုးစစ်ကို တုံ့ပြန်ရင်ဆိုင်ဖို့ ဆိုရင် ရှေးဦးစွာ သူတို့ရဲ့ လိမ်ညာလှည့်ဖြားမှု၊ အကောက်ကြံမှုနဲ့ လိမ်ညာဝါဒဖြန့်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ထိုးနှက်ရပါမယ်။ ဖွင့်ချရပါမယ်။ တချိန်တည်းမှာ မိမိအတွင်းပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတွေးအခေါ် ကြံ့ခိုင်သန်မာနေအောင်၊ အဖွဲ့အစည်းအတွင်း နဲ့ တော်လှန်ရေးတပ်ဖွဲ့အတွင်း သွေးစည်းညီညွတ်ရေး ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းတည်ဆောက်သွားကြဖို့ လိုပါတယ်။ မိမိတို့အတွင်းရှိ အညံ့ခံရေးအတွေးအခေါ်၊ တွေဝေယိမ်းယိုင်တဲ့အတွေးအခေါ်၊ အသွင်အမျိုးသော တော်လှန်ရေးမှ စွန့်ခွာသွားရေးအတွေးအခေါ်နဲ့ စစ်ကောင်စီအာဏာမသိမ်းမီက အခြေအနေမျိုး ပြန်သွားရေး(ဗိုလ်နေမြဲ ကျားနေမြဲ) အတွေးအခေါ်တို့ ကို ကြီးထွားမလာမီ၊ မရင်မှည့်သေးမီ တိုက်ခိုက်ချေဖျက်သွားကြဖို့ လိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်သားတွေ နိုင်ငံရေးအတွေးအခေါ် ခိုင်မာအောင် တည်ဆောက်ထားနိုင်ရင်၊ ကိုယ်ခံအား ကောင်းနေရင် ပြင်ပရောဂါပိုးတွေကို ကာကွယ်နိုင်ပါတယ်။ စစ်အုပ်စုရဲ့ လက်နက်ချရေးဖိတ်ခေါ်ချက် (မီဒီယာနဲ့ စိတ်ဓာတ်စစ်ဆင်ရေးထိုးစစ်) ကို မှုနေစရာ မလိုပါဘူး။ တိုက်ပွဲအတွင်း မိမိတို့ကိုယ်ကို ဆေးသားတင်၊ စစ်အနိုင်တိုက်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး တဆင့်တိုး လုံးပန်းတိုက်ခိုက်သွားရေးသည်သာလျှင် မှန်ကန်တဲ့အတွေးအေခါ်နဲ့ လမ်းကြောင်းမှန်ဖြစ်ပါတယ်။ လက်နက်နဲ့ ဒီမိုကရေစီ လဲတာ။ လက်နက်နဲ့ ပါလီမန်လဲတာ။ လက်နက်နဲ့ ငွေထုပ်လဲတာ။ လက်နက်နဲ့ ရာထူးလဲတာ။ လက်နက်နဲ့ ဘွဲ့ထူးဂုဏ်ထူးလဲတာ၊ လက်နက်နဲ့ သယံဇာတလဲတာ။ လက်နက်နဲ့ ခြေဥလဲတာ …စသည် စသည် စစ်အုပ်စု အကုန်လုပ်ပြခဲ့ပြီးပါပြီ။ ကြေးစားစစ်တပ်မှအပ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ လွတ်လပ်စွာ တည်ရှိခွင့်မပေးလိုပါဘူး။ သူတို့အကြောက်ဆုံးကလည်း လက်နက်ကိုင်တော်လှန်ရေးပါပဲ။

တိုင်းပြည်ကိုဖျက်ဆီး ပြည်သူကိုသတ်ဖြတ်နေတဲ့ ဖက်ဆစ်ကြေးစားတပ်ကို အမြစ်ဖြတ်ဖို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လက်နက်ကိုင်တော်လှန်လာတာကို စစ်ဗိုလ်ချုပ်ကြီးတွေ အကြောက်ဆုံးဖြစ်ပါတယ်။ပြည်သူ့သေနတ်ပြောင်းဝက ပြည်သူ့အာဏာကို အကြောက်ဆုံးပါ။

Leave a Reply

Your email address will not be published. Required fields are marked *