မင်းအောင်လှိုင်ရဲ့ အသက်မပါတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်(ကိုတူး)
စစ်တပ်ကအာဏာသိမ်းပြီး ၁၄ လ အကြာ ၂၂ ဧပြီ ၂၀၂၂ မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်မိန့်ခွန်းပြောပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တယ် ။ စကစပြောခွင့်ရက PDF တွေ (အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်လို့) မပါဘူးလို့ပြောတယ်။ မကြာခင်မှာပဲ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့ EAO များကို(အင်အားစု၊ လှုပ်ရှား၊ နယ်မြေချဲ့၊ နှောင့်ယှက်တိုက်ခိုက် လုပ်ရင်) တုံ့ပြန်သွားမယ်လို့ သတိပေးချက် ထုတ်ပြန်ပြန်တယ်။
မင်းအောင်လှိုင်ရဲ့ EAO များသို့ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းချက်ဟာ အဖွင့်အပိတ်နဲ့ဖြစ်ပြီး (ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကိုကျေလည်အောင်ဖြေရှင်းလိုတဲ့)စေတနာမမှန်ရုံတင်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေတာကို ဖော်ပြနေတယ်။တကယ်တော့ NCA စာချုပ်နဲ့ ၂၁ ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ ဦးသိန်းစိန် ဒေါ်စု အစိုးရအဆက်ဆက် လုပ်နေခဲ့တာ ဆယ်စုနှစ်တစုလောက် ကြာပါပြီ။ တပ်ချုပ်မူ ၆ ချက်အောက်မှာ တိုးတက်မှုမရှိဘဲ နောက်ဆုံး စစ်တပ်ကအာဏာသိမ်းတာနဲ့ နိဂုံးချုပ်ခဲ့ပြီးဖြစ်တယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးနှင့်အတူ ဗမာပြည် ပြည်တွင်းစစ်ဟာ နယ်စပ်ဒေသတွေတင်မက မြေပြန့်အထိကျယ်ပြန့်လာတယ်။ ပြည်သူအပေါင်းက ရရာလက်နက် ကိုင်စွဲပြီး ခုခံတော်လှန်လာမှုဟာ တနှစ်ကျော်အတွင်း တပြည်လုံးအနှံ့ ကြီးထွားလာတယ်။ မြေပြန့်ဒေသပြောက်ကျားတွေ PDFတွေကို EAOတွေက စစ်ရေးအကူအညီပေးတာ ပေါင်းစည်းမိသွားမှာကို မင်းအောင်လှိုင်စကစ ကြောက်တယ်ဆိုတာ ထင်ရှားပါတယ်။
KNU, KIO, KNPP, CNF အဖွဲ့အစည်းများက စကစကို ပြန်တိုက်နေရုံတင်မက PDF တွေ၊ PDF မဟုတ်တဲ့ တခြားပြောက်ကျားတပ်တွေကိုပါ အကူအညီပေး လက်တွဲတိုက်လာနေတယ်။
မြောက်ပိုင်းသုံးဖွဲ့ (ကိုးကန့်၊ တအာန်း၊ အေအေ)ကို အကြမ်းဖက်အဖွဲ့အစည်းများဖြစ်လို့ မဆွေးနွေးနိုင်ဘူးလို့ဆိုခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခုကျ ဆွေနွေးပါရစေဆိုပြီး မျက်နှာချိုသွေးနေပြန်ပါကောလား။ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ (ဝ ၊ မိုင်းလား ၊ SSPP/SSA) မြောက်ပိုင်း ၃ ဖွဲ့ ကိုလည်း နွေဦးတော်လှန်ရေးနဲ့ ကင်းကင်းနေဖို့ ဆွဲဆောင်စည်းရုံးချင်တာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုမင်းဆက် အာဏာမြဲရေးအတွက် အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်သိမ်းသေးဘူး။ ၂၀၀၈ ကို အကာအကွယ်ယူပြီး ၂၀၂၃ မှာ ရွေးကောက်ပွဲသစ် ပြန်လုပ်ပေးပါ့မယ်လို့ ကမ္ဘာကိုလိမ်ပြီး ပြည်တွင်းမှာ အတိုက်အခံမှန်သမျှနဲ့ လူထုကြီးကို အပြင်းအထန် နှိပ်ကွပ်နေတယ်။
CRPH, NUG, NUCC က ဖယ်ဒရယ်ဒီမိုကရေစီ စကားပြောလာတော့ စစ်အုပ်စုကလည်း ဖယ်ဒရယ်ဒီမိုကရေစီ စကားပြောလာပြန်တယ်။ အရေးသုံးပါး၊ တပ်ချုပ်မူ ၆ ချက်၊ ပျက်ပြယ်သွားပြီးဖြစ်တဲ့၂၀၀၈ခြေဥ၊ အလုပ်မဖြစ်တော့တဲ့NCA၊ လူသတ်အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၊ စစ်အုပ်စုတလက်ကိုင် ဖက်ဆစ်ကြေးစားတပ် … အဲဒါတွေကို မဖျက်သိမ်းဘဲ ဘယ်လိုလုပ် ပြည်တွင်းစစ်ကို ရပ်စဲလို့ရမလဲ။ ဘယ်လိုလုပ် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါ့မလဲ။ ဘယ်လိုလုပ် ဖယ်ဒရယ်ဒီမိုကရေစီ ဖြစ်နိုင်ပါ့မလဲ။
ဗမာပြည် မတည်မငြိမ်ဖြစ်ပြီး ဒေသတွင်းစစ်မီး ကူးစက်လာမှာကို အာဆီယံနဲ့ တရုတ် အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများက စိုးရိမ်ကြမှာပါ။ အင်ဒိုပစ်စိဖိတ်ဒေသရှိ တချိန်ကအင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဖူးပြီး လွတ်လပ်ရေးခေတ်မှာ ဘက်မလိုက်နိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဗမာပြည်လိုနိုင်ငံငယ်တခုရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ဆိုတာကို ကမ္ဘာတဖက်ခြမ်းက အမ်ကယ်ဆမ်က ဘာ့ကြောင့် စိတ်ဝင်တစားနဲ့ (ကယ်တင်ရှင်)လုပ်ချင်နေရတာလဲ။ ဗမာပြည်အရေးကို ပထဝီနိုင်ငံရေးကစားကွင်းအဖြစ် (အရှေ့-အနောက်)နိုင်ငံကြီးများ စိတ်ဝင်စားလာတာ ကိစ္စကောင်းမဟုတ်နိုင်ပါ။(အမေရိကန်ဗိုလ်ကျလွှမ်းမိုးတဲ့ ဝန်ရိုးတခု ကမ္ဘာစနစ်ကို လက်မခံတဲ့ ရုရှားကို တဆင့်တိုး တိုက်ခိုက်ဖို့လုပ်နေတဲ့အမေရိကန်က အဆက်မပြတ်လုပ်လာတဲ့)နေတိုးအရှေ့ဘက်တိုးချဲ့မှု (ပေါ်လစီ)ရဲ့ သားကောင်ဖြစ်သွားတဲ့ ယူကရိန်းလို ဗမာပြည်မဖြစ်ဖို့ သတိရှိကြရပါမယ်။
နိုင်ငံရေးမတည်ငြိမ်ဖြစ် စီးပွားရေးပြိုလဲ လူမှုရေးနိမ့်ကျ ကိုဗစ်ကပ်ဒဏ်သင့်နေတဲ့ ဗမာပြည်မှာ ပြည်တွင်းစစ်ကြီးထွားပြီး ဖရိုဖရဲဖြစ်မှာကို ပြည်ချစ်စိတ်ဓာတ်ရှိတဲ့ ဗမာပြည်သူလူထုကြီးကိုယ်တိုင်က မလိုလားပါဘူး။ ထော်လော်ကန့်လန့် လုပ်နေတာ အာဏာသိမ်းစစ်အုပ်စုပါ။ တိုင်းပြည်ကို ချောက်ထဲဆွဲချနေတဲ့ စစ်အုပ်စုမင်းဆက် အမြစ်ပြတ်မှပဲ တိုင်းပြည်တည်ငြိမ် အေးချမ်းမှာပါ။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်)ကို သမိုင်းအမှုက်ပုံ(သင်းချိုင်း)ထဲသို့ စွန့်ပစ်ဖို့အတွက် ဗမာပြည်အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ ကိုယ့်ခွန်ကိုယ့်အားနဲ့ အမြော်အမြင်ရှိစွာ သွေးစည်းညီညွတ်စွာ ဇွဲသတ္တိရှိစွာ ကိုယ့်ပြည်တွင်းရေးကို ကိုယ်တိုင်ဖြေရှင်းကြရမှာပါ။ကိုတူး (၂၅ ဧပြီ ၂၀၂၂)