၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း

By | February 9, 2022

၂၀၂၂အောင်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ ညိုစိန်ဝင်း

အခြေခံကျကျကြည့်ရင် ကာလရှည်ကြာ စုပုံလာခဲ့ပြီး ပိုမိုသည်းသန်လာဆိုးဝါးလာနေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ တခြားလူမှုရေးဒုက္ခများအပြင် ကိုဗစ်ရောဂါကပ် ဒဏ်များကြောင့် မခံမရပ်နိုင်ဖြစ်လာတဲ့ ပြည်သူများရဲ့ ခုခံဆန့်ကျင်မှုကို ဗြောင်ကျတဲ့ ဖက်ဆစ်အာဏာနဲ့ရင်ဆိုင်ဖို့အတွက်၊ တိုက်ရိုက် နိုင်ငံရေး အရကြည့်ရင် ရွေးကောက်ပွဲရလဒ်ဖျက်ဖို့အတွက် စစ်အုပ်စုက အာဏာသိမ်းလိုက်တာပဲ။ ဒါပေမဲ့ တကယ် ပျက်သုဉ်းတဲ့လမ်းကြောင်းပေါ် ရောက်သွားတာ သူတို့ပဲ။ ပြည်သူ့ ခုခံဆန့်ကျင်မှုကြောင့် သူတို့အာဏာ ထိန်းချုပ်မရအောင်၊ မတည်ငြိမ်အောင် ပျက်သွားတယ်။ “စစ်အုပ်စု ကို နိုင်ငံရေး ဦးဆောင်နေရာ မပေးရုံမက စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖျက်ဖို့အထိ ပြတ်ပြတ်သားသား ရည်ရွယ်တဲ့ လက်နက်ကိုင် အဆင့်အထိပါ တက်လှမ်း လာခဲ့တဲ့ ပြည်သူလူထုရဲ့ ဇွဲနဘဲကြီးတဲ့ အုံကြွမှုကြောင့် စစ်အုပ်စု ဟာ အကျပ်အတည်း ဒုက္ခ လှလှကြီးတွေ့ နေရတယ်။ ဒီတနှစ်အတွင်း ပျက်သုဉ်းကျရှုံးမှုလမ်းကြောင်းမှာ သူတို့ ပိုပြီးပိုပြီး လျင်မြန်စွာ ဆုတ်ယုတ်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်။

အဖိနှိပ်ခံပြည်သူလူထုဘက်၊ တော်လှန်ရေးဘက်ကတော့ ဒါနဲ့ ဆန့်ကျင်စွာ ဖြစ်ထွန်းတိုးတက်မှုလမ်းကြောင်းပေါ် ရောက်လာတယ်။ (အာဏာသိမ်းမှုကို တပြည်လုံး ရှိ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်မှုနဲ့အတူ ၂၀၂၁ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာတယ်။ ပြည်သူလူထုကြီးကိုယ်တိုင် လမ်းပေါ်ထွက်လှုပ်ရှားတိုက်ပွဲဝင်ရေး အတွေးအခေါ် ဖြစ်လာတယ်။၂၀၀၈ ခြေဥအပြီးတိုင် ဖျက်သိမ်းပစ်ရေး အတွေးအခေါ် ဖြစ်လာတယ်။ ထိုမှတဆင့် ရန်သူက လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်ရင် ပြည်သူလူထုက လက်နက်နဲ့ တုံ့ပြန်တော်လှန်တာ တရားတယ်ဆိုတဲ့ အတွေးအခေါ် လူထုက ကိုင်စွဲလာတယ်။ ၂၀၂၁ (အဖိနှိပ်ခံပြည်သူတွေကိုယ်တိုင် လက်နက်ကိုင်စွဲတိုက်ပွဲဝင်လာကြတဲ့) ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတယ်။ ဒါနဲ့ အတူ အဖိနှိပ်ခံပြည်သူတွေဟာ မရှိရာက ရှိရာသို့ ဖြစ်စဉ်အတိုင်း ဖြစ်ထွန်းလာတယ်။ အရင်က မရှိခဲ့ဖူးတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့ အသစ်အသစ်တွေ ပေါ်ထွန်းလာတယ်။ အရင်က လက်နက်မရှိတဲ့ ပြည်သူတွေ အခု လက်နက်ရှိလာတယ်။ ချင်းတွင်းမြစ်ဝှမ်း နဲ့ ဧရာမြစ်ဝှမ်းမှာ သေနတ်သံတွေ ညံလာတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွေးအခေါ်အပေါ်မှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတွေ ညီညွတ်မှု ရှိလာတယ်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၂၀၂၁ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လက်တွဲတိုက်ပွဲဝင်မှု ဖြစ်လာတယ်။ တောင်ပေါ်ဒေသ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတွေနဲ့ မြေပြန့်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလက်နက်ကိုင်တိုက်ပွဲတွေ တစုံတရာ ပေါင်းစည်းမိလာတယ်။

လက်နက်ကိုင်တော်လှန်ရေးအတွင်း အလုပ်သမား လယ်သမား လက်လုပ်လက်စား ကျောင်းသား နဲ့ အမျိုးသားဓနရှင်စတဲ့ အဖိနှိပ်ခံပြည်သူများ အတူတကွ လက်တွဲတိုက်ပွဲဝင်လာကြတယ်။ ပေါင်းစည်းမိလာတယ်။ ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ တပ်ဖွဲ့ အသီးသီးဟာ ရန်သူကို ချေမှုန်းတဲ့ တိုက်ပွဲတွေ တိုက်လာနိုင်တယ်။ တပ်ဖွဲ့သစ်တွေရဲ့ တိုက်ပွဲသစ်တွေမှာ ရန်သူအထိနာတဲ့ နိုင်ပွဲအသစ်တွေ ရလာတယ်။ ချုပ်လိုက်ရင် စစ်ကောင်စီ အာဏာသိမ်းပြီး တနှစ်တာဟာ စစ်အုပ်စု(စစ်ကောင်စီ) အတွက် ပျက်သုဉ်းကျရှုံးရေးလမ်းကြောင်းပေါ် ရောက်ရှိလာတာဖြစ်ပြီး အဖိနှိပ်ခံပြည်သူတွေနဲ့ တော်လှန်ရေးအတွက်ကတော့ မရှိရာမှ ရှိရာသို့ ဖြစ်ထွန်းတိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးမပြီးသေးဘူး။ အောင်ပွဲမရသေးဘူး။ ၂၀၂၂ ကစပြီး ရှေ့မှာ စစ်အုပ်စုအနေနဲ့ ကျရှုံးပျက်သုဉ်းရေးဖြစ်စဉ်အတွင်း ဆက်လက်ရွေ့လျားသွားမှာ ဖြစ်ပြီး ပြည်သူနဲ့ တော်လှန်ရေးဘက်ကတော့ ဖြစ်ထွန်းတိုးတက်မှုဖြစ်စဉ်အတိုင်း ဆက်လက်ရွေ့လျားသွားမယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ အတ္တဘာဝအင်အားတွေ ပိုမိုတိုးတက်ဖြစ်ထွန်းအောင် ဆထက်ထမ်းပိုး အားစိုက်ခွန်စိုက် လုံးပန်းထမ်းဆောင်သွားကြရဦးမှာပါ။ တပ်ဖွဲ့အသီးသီးတော့ တိုက်ပွဲဝင်နေကြပြီ။ ချေမှုန်းရေးတိုက်ပွဲတွေနဲ့အတူ ပြောက်ကျားတပ်ဖွဲ့တွေကနေ ဒေသတပ်ဖွဲ့ကြီးတွေနဲ့ အမြဲတမ်းတပ်ဖွဲ့ကြီးတွေ ဖြစ်ပေါ်လာအောင် လုပ်ရဦးမှာပါ။ ရန်သူ့တပ်နဲ့ခြားနားစွာ နိုင်ငံရေးအသိစိတ်ဓာတ်ပြည့်ဝပြီး ထာဝစဉ် ပြည်သူ့အကျိုးဆောင်တဲ့ တိုက်ခိုက်ရေးတပ်တွေ ဖြစ်လာအောင် တိုက်ပွဲအတွင်း လေ့ကျင့်တည်ဆောက်သွားရပါလိမ့်ဦးမယ်။

အရင်က သေနတ်သံမပေါ်သေးတဲ့ ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်ပွားခဲ့ပြီ။ လက်နက်ကိုင်တော်လှန်ရေးအတွင်း တတိုင်းတပြည်လုံး ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ရဦးမှာပါ။ မတူတဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်လေးတွေ လက်တွဲတိုက်နေကြပြီ။ ဒါထက် သာလွန်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့၊ဒေသဆိုင်ရာ မဟာမိတ်အဖွဲ့၊ တိုင်းနဲ့ ပြည်နယ်တွေအလိုက် မဟာမိတ်အဖွဲ့တွေ ဖြစ်ပေါ်လာအောင် လုံးပန်းရဦးမှာပါ။ အသစ်ပေါ်ထွက်လာတဲ့လက်နက်အင်အားစုတွေအနေနဲ့ နိုင်ငံရေးလက္ခဏာဆောင်အောင်တဲ့ တပ်ဖွဲ့ တည်ဆောက်ရေးအတွက်လည်း အားစိုက်သွားကြရမှာ ဖြစ်ပါတယ်။

တော်လှန်ရေးဖြစ်စဉ်အတွင်း တပြည်လုံးမှာ အလုပ်သမားသမဂ္ဂတွေ၊ တောင်သူလယ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ဝန်ထမ်းနဲ့ လုပ်ငန်းအလိုက် သမဂ္ဂ —စတဲ့ သမဂ္ဂကြီး (၄) ခု တပြည်လုံးမှာ ပေါ်ပေါက်အောင် အားထုတ်ကြရဦးမှာပါ။ ဒါ့အပြင် ဒီတော်လှန်ရေးအတွင်းမှာ အမျိုးသမီးတွေဟာ လက်နက်ကိုင်တော်လှန်ရေးမှာ သဏ္ဌာန်မျိုးစုံနဲ့ ကူညီအားပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေရုံမက ရဲရင့်တက်ကြွတဲ့လက်နက်ကိုင်အမျိုးသမီးရဲဘော်တွေ အမြောက်အမြားပေါ်ထွက်လာတာလည်း တွေ့မြင်လာရပါတယ်၊ အဲဒါနဲ့ အတူ တပြည်လုံးမှာ အမျိုးသမီးသမဂ္ဂတွေ အကျယ်အပြန့်ပေါ်ပေါက်လာအောင် စည်းရုံးဆောင်ရွက်သွားဖို့လည်း လိုပါတယ်။တော်လှန်ရေးဘက်အနေနဲ့ လက်နက်အခက်အခဲ၊ ငွေကြေးအခက်အခဲ၊ ရိက္ခာအခက်အခဲ၊ ကေဒါအခက်အခဲ၊ နည်းပညာအခက်အခဲ၊ အတွေးအခေါ်ပိုင်း အခက်အခဲစသဖြင့် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်နင်း ဖြည့်ဆည်းရဦးမှာပါ။ တပြည်လုံးမှာ တော်လှန်ရေးမီးပွားတွေကနေ မီးလျှံတွေ ပျံနှံ့အောင် ကြိုးပမ်းရမည့်နည်းတူ စစ်အုပ်စု ရဲ့ တော်လှန်ရေးဖျက်ဆီးရေးဆိုတဲ့ NCA လမ်းကြောင်းမှာ တွေဝေမနေကြဘဲ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့အားလုံး တော်လှန်ရေးလမ်းကြောင်းပေါ်မှာ တသွေးတည်း တသားတည်း ပေါင်းစည်းမိအောင် စွမ်းဆောင်ကြရဦးမှာပါ။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့စစ်မြေပြင်မှာ လက်တွေ့ပါဝင်တိုက်ခိုက်နေသူတွေဟာ အသေအချာ ဆန်းစစ်ကြည့်ရင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ လူလတ်တန်းစား နဲ့ အမျိုးသားဓနရှင်စတဲ့အဖိနှိပ်ခံလူမျိုးစုံပြည်သူတွေ ဖြစ်ကြပါတယ်။ ဗမာပြည် ၂၀၂၁ ပြည်သူ့တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဟာ ရှောင်တခင် (အလိုအလျောက်) ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဗမာပြည် လွတ်လပ်ရေးရပြီး ပေါ်ပေါက်လာတဲ့ ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကို ဆန့်ကျင်တုံ့ပြန်လာတဲ့အဖိနှိပ်ခံပြည်သူအပေါင်းရဲ့နိုင်ငံရေးနိုးကြားမှု ရလဒ်ဖြစ်ပါတယ်။ အထီးကျန်ဖြစ်နေတဲ့ ဘုံရန်သူစစ်အုပ်စုကို တစည်းတလုံးတည်း ဝိုင်းတိုက်မှ အောင်မြင်မှာပါ။ သူတမျိုးငါတမျိုး လုပ်နေလို့မရပါဘူး။

အလုပ်သမား လယ်သမား လူလတ်တန်းစား အမျိုးသားဓနရှင်စတဲ့ လူတန်းစားလူ့အလွှာအသီးသီး ပြည်သူတွေဟာ ယခုအခါ ကိုယ်ခြေပေါ်ကိုယ်ရပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနေပြီ။ စည်းလုံးညီညွတ်မှုဟာ အောင်ပွဲအတွက် အာမခံချက်ဖြစ်ပါတယ်။ ဘယ်ပြင်ပအင်အားကိုမှ မှီခိုဖို့မလိုသလို ကြားဝင်နေဖို့လည်း မလိုပါဘူး။ အနာဂတ်နိုင်ငံတော်သစ်ဟာ ပြည်သူ့ဒီမိုကရေစီ(ဒီမိုကရေစီသစ်)လား စစ်ဒီမိုကရေစီလား စစ်တပိုင်းဒီမိုကရေစီလား ဓနရှင်ဒီမိုကရေစီ(ဒီမိုကရေစီဟောင်း)လား ဆိုတာ ပြည်သူက ရွေးချယ်ပါလိမ့်မယ်။ ရှေ့ခရီးမှာ အခက်အခဲတွေကလည်း တင်းကြမ်းပါ။ အရေးကြီးတယ်လို့ ထင်မြင်ယူဆတဲ့ အခက်အခဲ တချို့နဲ့ ထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန်တချို့ကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ ၂၀၂၂ ဟာ တိုက်ပွဲတွေ ပိုမို ပြည့်လျှမ်းလာမယ့်နှစ်လည်း ဖြစ်ပါတယ်။ မည်သို့ ဖြစ်စေ၊ အဖိနှိပ်ခံပြည်သူတို့အနေနဲ့ စစ်အုပ်စုနဲ့ အတူတကွ နေလို့ မရတော့ပါ။ စစ်ကျွန်ဘဝ သားစဉ်မြေးဆက် ပြန်ရောက်လို့ မဖြစ်ပါ။ အညံ့ခံ အရှုံးပေးရေး စိတ်ဓာတ်မှန်သမျှ ရိုက်ချိုးဖယ်ရှားပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး စိတ်ဓာတ်ကို တဆင့်တိုးခိုင်မာအောင် သန္နိဋ္ဌာန်ချကာ ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။

ရန်သူအခက်အခဲတွေဟာ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ ဖြစ်ပြီး သူက ပျက်သုဉ်းရေးဖြစ်စဉ်အတိုင်း လျှောက်လှမ်းနေတာပါ။ အဖိနှိပ်ခံပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအနေနဲ့ကတော့ အခက်အခဲကို ဖယ်ရှားကျော်နင်းပြီး အောင်ပွဲအရယူရေးလမ်းသာ ဖြစ်ပါတယ်။လက်နက်ကိုင်တိုက်ပွဲကို အဓိကထားပြီး ကျန် တိုက်ပွဲသဏ္ဌာန်အားလုံးနဲ့ ပေါင်းစပ်ကာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးဆိုတဲ့ တော်လှန်ရေးတိုက်ပွဲ ကို နောက်ဆုံးရည်မှန်းချက်သို့ ရောက်သည်အထိ မဆုတ်မနစ်ဆက်လက်ချီတက်သွားကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *