ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ကိုတူး
ဗမာပြည်အရေး ကြားဝင်လာတဲ့ ကမ္ဘောဒီးယားသမ္မတဟွန်ဆန် နဲ့ ကုလအထူးသံ နိုလင်းဟေဇာတို့က မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ်ကို လျစ်လျူရှုလို့ မရ၊ ညှိနှိုင်းဆွေးနွေးဖို့လိုကြောင်း ထုတ်ဖော်လာမှုဟာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတရပ်လုံးရဲ့ ဝိုင်းဆန့်ကျင်တာခံရလို့ ပြန်ရုပ်သိမ်းသွားပါတယ်။
ဗမာပြည်နွေဦးတော်လှန်ရေး တနှစ်ပြည့်မြောက်ချိန်မှာ မြို့တွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သပိတ်နဲ့ လူငယ်များရဲ့နီရဲတဲ့သွေး လှုပ်ရှားမှုများနဲ့အတူ တပြည်လုံးအနှံ့ပျံ့နှံ့လာတဲ့ လက်နက်ကိုင်တော်လှန်ရေး သေနတ်သံတွေက ပြည်သူတရပ်လုံး ပိုမိုသွေးစည်းညီညွတ်ပြီး စစ်အုပ်စုကို ရန်-ငါစည်းပြတ်ကြောင်း သိသာပါတယ်။ စစ်ကောင်စီက တန်ပြန်သပိတ်အဖြစ် ငွေထုပ်ပိုက်ပြီး အမိန့်ထုတ် လူစည်အောင်လုပ်ပေမယ့် ကျီးနဲ့ဖုတ်ဖုတ်ပါပဲ။
နွေဦးတော်လှန်ရေးအတွင်း ပြည်သူတွေဟာ ကိုယ့်တပ်ကိုယ်ဖွဲ့တယ်၊ ကိုယ့်လက်နက်ကိုယ် ထုတ်တယ်၊ ကိုယ့်ပြည်သူအချင်းချင်းထံမှာ စစ်ပညာကိုသင်တယ်၊ တိုက်ပွဲအတွင်းမှာ ထုသားပေသားကျလာတယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက် ဖြစ်လာတယ်။ ကိုယ့်ပြည်သူလူထုရဲ့ စိတ်ခွန်အားရုပ်ခွန်အား အားပေးထောက်ခံမှုနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဖက်ဆစ်စစ်တပ်ကို တစည်းတလုံးတည်း ခုခံတော်လှန်ရင်း မရှိရာကရှိရာသို့ တစတစ ဖြစ်ပေါ်တိုးပွားလာတယ်။ အခက်အခဲအကျပ်အတည်းကြားကပဲ ပြည်သူချင်းဖေးမလို့ ဝမ်းနည်ကြေကွဲမှုကို ခွန်အားအဖြစ် ပြောင်းကာ သန္နိဋ္ဌာန်ချ အသက်စွန့်ရန်မကြောက် အခက်အခဲကျော်လွှား အောင်ပွဲအရယူမယ့် ပိုင်းဖြတ်ချက်တွေ ခိုင်မာလာတယ်။
ဖက်ဆစ်ကြေးစားတပ်ဟာ ပြောက်ကျားတိုက်ပွဲတွေကြောင့် မြေပြင်တပ်တွေ အထိနာလာ တပ်ပျက်လာတော့ တပ်အရွှေ့အပြောင်းနဲ့ ထောက်ပို့ကို လက်နက်ကြီးအကူနဲ့ လေကြောင်းက လုပ်လာရတယ်။ လေကြောင်းချီ ကွန်မင်ဒိုတပ်အသွင်နဲ့ အလစ်အငိုက်ယူ တိုက်ခိုက်လာတယ်။ စစ်အုပ်စုရဲ့အကျင့်က သူအသာစီးရတယ်ထင်ရင် ရတဲ့နည်းနဲ့ လက်စားချေတာပါပဲ။ လူထုကိုရန်သူလို သဘောထားပြီး လူထုဆန့်ကျင်ရေးကို ပေါ်လစီချလုပ်လာတယ်။ ရွာလုံးကျွတ်မီးရှို့၊ လူကြီးလူငယ်မရွေး အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့၊ လူထုဥစ္စာပစ္စည်းများကို လုယက်ဖျက်ဆီး၊ အမျိုးသမီးတွေကို စော်ကားတာတွေ ဗြောင်လုပ်လာတယ်။ ဒါပေမဲ့ ခဏပဲရမှာပါ။ လူထုကလည်း ခုခံရေးနည်းနာသစ်ကို ရှာကြံလာမှာပါ။ လေကြောင်း အသာစီးဆိုတာ အကန့်အသတ်ရှိပါတယ်။ ၄၈-၄၉ကာလက စစ်လေယာဉ်ကို အောက်ကနေ ရိုင်ဖယ်နဲ့တောင် ပစ်ခတ်နိုင်ခဲ့လို့ လေယာဉ်ပေါ်က ဗိုလ်စိန်မှန်တောင် သေဆုံးခဲ့ရပါတယ်။ ပြည်တွင်းစစ်ကာလမှာ ရန်သူ့လေယာဉ်တွေ ပစ်ချလို့ ပျက်ကျတာတွေလည်း တပုံကြီးပါ။
ဖိနှိပ်မှုပြင်းတာနဲ့အမျှ ခုခံတော်လှန်မှုကလည်း သည်းသန်ပြင်းထန်လာတယ်။ မင်းအောင်လှိုင်က EAO တွေနဲ့ တနှစ်အပစ်အခတ်ရပ်စဲမယ် ကြေညာပေမယ့် အရူးမီးဝိုင်းနေလို့ ထိုးစစ်တွေတော့မရပ်ဘူး။ လာမယ့် စိန်ရတုပြည်ထောင်စုနေ့မှာ ကျပ်သိန်း ၉ သောင်းကျော် ဘတ်ဂျက်ရာထားတဲ့ အလှပြယာဉ်များနဲ့ ဗိုလ်ရှုခံဦးမယ်ဆိုပဲ။ မကွေးတိုင်း ၆ မြို့နယ်မှာ စပြီး (နိုင်ငံရေး စည်းရုံးရေး လူမှုရေး အုပ်ချုပ်ရေး ဒေသဖွံ့ဖြိုးရေး) စစ်ကြောင်းကြီး၅ခုဖြင့် လူထုစည်းရုံးမယ် ဆိုပါလား။ အပြောတခြား အလုပ်သခြား၊ ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တခြားစီပဲ။ မင်းအောင်လှိုင် ကယောင်ချောက်ချား ဖြစ်နေပြီ။ ကြာလေ ဆန္ဒစွဲကြီးလေ အောက်ခြေလွတ်လေ ဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ အာဏာရှင်မှန်သမျှ လူမိုက်လမ်းဆုံး ဖြစ်ရတာပါ။
ဗမာပြည်တော်လှန်ရေးမှာ စစ်တပ်နဲ့ပတ်သက်တဲ့ အယူအဆနှစ်မျိုး တွေ့ရတယ်။ ပထမတမျိုးက – ဗမာပြည်မှာ စစ်တပ်ဟာ အင်အားအတောင့်တင်းဆုံး အဖွဲ့အစည်းဖြစ်တဲ့အတွက် စစ်တပ်မပြိုကွဲရင် တော်လှန်ရေးမအောင်နိုင်ဘူးလို့ ယူဆကြတယ်။ ဒါကြောင့် စစ်တပ်ပြိုကွဲဖို့ ပြည်ပဖိအားကို မျှော်ကြတယ်။ ဥပမာ ဖိလစ်ပိုင်ကမာကို့စ် (၁၉၈၆)၊ အီဂျစ်ကမူဘာရပ် (၂၀၁၁)။ သူတို့ဟာ အမေရိကန် ကျောထောက်နောက်ခံနဲ့ အာဏာရထားသူတွေဖြစ်လို့ အမေရိကန် ဩဇာသက်ရောက်တယ်။ ဆင်းတော့လို့ဆိုရင် ဆင်းရတာပါပဲ။ ဗမာပြည်မှာက ဒီလိုမဖြစ်ဘူး။ စစ်အုပ်စုက နယ်ချဲ့ပေါင်းစုံအပေါ် မှီခိုပါတယ်။ အကျပ်အတည်းတွေ့ရင် လက်သာတဲ့ဘက်ကပ်ပါတယ်။ အာဏာမြဲဖို့ဆိုရင် တိုင်းပြည်ကို ရတဲ့ဈေးနဲ့ရောင်းစားဖို့ ဝန်မလေးတဲ့သူတွေပါ။ ဆင်းပါဆိုရုံနဲ့ မဆင်းပါဘူး။ ပြည်သူဘယ်လောက်သေသေ ငါတို့ကိုထောက်ခံသူ နည်းနည်းကျန်လည်း သတ်ဖို့ဝန်မလေးဘူးလို့ ပြောထွက်တဲ့သူတွေပါ။ တိုင်းပြည်နဲ့ပြည်သူ့ အကျိုးထက် ကိုယ်ကျိုးထိပ်တက်နေတဲ့ အခွင့်ထူးခံလူတန်းစားပါ။ ဒါကြောင့် လွယ်လွယ်နဲ့မဆင်းပါဘူး။
ဒုတိယအချက်က – စစ်တပ်မပြိုကွဲတာက စစ်ဗိုလ်ချုပ်တွေ ဝံသာနုနေကြလို့လည်း ဖြစ်ပါတယ်။ အာဏာအမှီပြု ကျိကျိတက်ချမ်းသာကြွယ်ဝမှု ကိုယ်စီရှိနေကြတာကို အပြန်အလှန် ဖုံးဖိပေး နေကြပါတယ်။ အာဏာမလုနဲ့ ကြိုက်တာလုပ်။ ယခင်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ပြစ်မှု၊ ချခဲ့တယ့်ပြစ်ဒဏ်အားလုံးလွတ်ငြိမ်းခွင့်ပေးပြီး ကြည်စေအေးစေ လုပ်နေကြပါတယ်။ မင်းအောင်လှိုင်က ဗိုလ်တင်ဦး ဗိုလ်ခင်ညွန့်တို့ကို အိမ်တိုင်ရာရောက် သွားမေးမြန်းတဲ့အပြင် တပ်ချုပ်ဟောင်းတွေကို ပြန်ထုတ်ဖော်ဂုဏ်တင်ပြနေတာက စစ်တပ်ဝံသာနုစိတ်ဓာတ်ကို ဝါဒဖြန့်နေတာပါ။
တကမ္ဘာလုံး စီးပွားရေးထိုင်းမှိုင်း ကိုဗစ်ကပ်နာတာရှည်ဖြစ်လာ ပုံမှန်အနေအထားသစ်တရပ် မရောက်ရှိသေးချိန်မှာ နိုင်ငံကြီးတိုင်းမှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ်ပါ။ မိုးသက်မုန်တိုင်းဆင်သယောင်ရှိပေမယ့် ခြိမ်းရုံခြိမ်းတာပါ မရွာပါဘူး။ စစ်တပ်ကို ဘယ်သူကမှ ပလ္လင်ပေါ်ကဆွဲချပေးမှာ မဟုတ်ပါဘူး။အာဆီယံ (သူ့နောက်မှာ အရှေ့ ၊ အနောက်၊ ကုလ အားလုံးရှိတယ်) ကိုယ်စားပြုလို့ပဲလာလာ။ ကုလကိုယ်စားပြုလို့ပဲလာလာ ဟွန်ဆန်နဲ့ နိုရင်းဟေဇာတို့ရဲ့ အလံဖြူသံခင်းတမန်ခင်းဟာ စစ်အစိုးရကို အသားလွတ် အထင်ကြီးနေတာသာ ဖြစ်လို့ ဗမာပြည်သူများက ပယ်ချလိုက်ပါပြီ။ဗမာပြည် ဖက်ဆစ်ကြေးစားတပ်ဟာ အထိနာအောင်တိုက်မှ ပြိုကွဲမှာပါ။ အောက်ခြေကစ ပြိုမှာပါ။ ယခုပဲ တပ်သားရေသောက်မြစ် ခန်းသွားလို့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းဖို့ လေသံပစ်လာနေပါပြီ။ လုပ်ကြည့်ပါလေ။ ပထမကမ္ဘာစစ်တုန်းက ပရပ်ရှားအင်ပိုင်ယာ အော်တိုမန်အင်ပိုင်ယာ ရုရှားဇာအင်ပိုင်ယာ ဆိုတဲ့ အင်ပိုင်ယာကြီးသုံးခု ပြိုကွဲခဲ့ပါတယ်။ ထိုစဉ်က ၎င်းတို့စစ်တပ်တွေမှာ တပ်ပြေးတွေများပြီး တပ်ပျက်သွားလို့ (မြည်းဗိုလ်လုပ်တဲ့ ခြင်္သေ့တပ်)လို့လှောင်ခေါ်ခေါ်ဝေါ်ခဲ့ပါတယ်။ မအလတပ်လည်း ဘာတပ်ဖြစ်မလဲ။ ကိုတူး (၆ ဖေဖော်ဝါရီ ၂၀၂၂)