နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ•

By | January 9, 2022

နွေဦးတော်လှန်ရေး သမိုင်းဆိုင်ရာ• မောင်သန်းမြရွှေ

မီဒီယာ က ကြားသိရတဲ့သတင်းတွေအရ မင်းအောင်လှိုင်ရဲ့ စစ်ဆင်ရေးတွေ အထိအခိုက်အကျအဆုံး များလာတယ်။ ခြေလျင်တပ်တွေ အထိနာလာလို့ လေကြောင်းနဲ့ လက်နက်ကြီးအကူ မပါရင် မတိုက်ရဲဘူးဖြစ်လာတယ်။ အထိအခိုက်များလာတော့ စစ်ကောင်စီနဲ့ ကြေးစားတပ်ဟာ ပိုကြမ်းလာတယ်။ ကြွက်မနိုင်ကျီမီးနဲ့ရှို့ လုပ်နေတယ်။ မြို့တွေရွာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး လုယက်သတ်ဖြတ်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေ၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ကျေးလက်မှာသာမက မြို့ပေါ်တွေမှာပါ ရက်ရက်စက်စက် လုပ်လာတယ်။

ဒါ‌တွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၅၈ အိမ်စောင့်အစိုးရခေတ်က လုပ်နည်းတွေပါပဲ။ ကွန်မြူနစ်ချေမှုန်းရေး စစ်ဆင်ရေးကြီးတွေ ထိုးစစ်ကြီးတွေလုပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး လူထုကို ကြောက်အောင်လုပ်တဲ့နည်းကို အဲဒီကတည်းက ဗိုလ်နေဝင်းနဲ့ ဖဆပလဆိုရှယ်လစ်တွေ လုပ်ခဲ့တာပါ။ ဖမ်းမိတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ တောထဲမှာပဲ သတ်မိန့်ပေးထားတာပါ။ ကြံ့ခိုင်ရေးတို့ ပျူစောထီးတို့ ကာကွယ်ရေးတို့ဆိုတာတွေလည်း အဲဒီတုန်းကလုပ်နည်းတွေပါ။ အိမ်စောင့်အစိုးရဆိုပြီး မင်းအောင်လှိုင် ဝန်ကြီးချုပ်လုပ်လာတာလည်း အဲဒီတုန်းက လုပ်နည်းအတိုင်းပါပဲ။

အဲဒီကတည်းကစလို့ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုဟာ တလက်ကိုင်ကြေးစားတပ်အားကိုးနဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်တဲ့နည်းနဲ့ တိုင်းပြည်ကို စစ်ကျွန်ပြု အုပ်ချုပ်ခဲ့တာပါပဲ။ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်း (၅၁-၅၂ က နှစ်နှစ်အတွင်း စစ်နိုင်ရေး ညွှန်ကြားလှုံ့ဆော်မှုကြောင့် စစ်ရေးအရ အရေးနိမ့်မှုတွေကြုံခဲ့ရပြီး အင်အားလျှော့နည်းနေချိန်မှာ) “ငြိမ်းချမ်းရေးနဲ့ ညွန့်ပေါင်းအစိုးရ လမ်းစဉ်” (၅၅ လမ်းစဉ်) ဆိုတဲ့ လက်ယာသွေဖီရေး အတွေးအခေါ် လွှမ်းမိုးနေတော့ တော်လှန်စစ်ကို ထိထိရောက်ရောက် မတိုက်နိုင်ဘဲ အထိနာခဲ့ပါတယ်။ဖြတ်လေးဖြတ်နဲ့ လု-သတ်-ရှို့ လူမဆန်တဲ့နည်းတွေနဲ့ ရက်ရက်စက်စက် ဖိနှိပ်တဲ့နည်းကို EAO လူမျိုးစု အမျိုးသားဒေသတွေမှာ ဆက်လက်ကျင့်သုံးနေတာပါ။

ယခုအခါမှာတော့ အတွေ့အကြုံရင့်ကျက်လာတဲ့ လူထုကြီးကို ဖိနှိပ်သတ်ဖြတ်တဲ့နည်းနဲ့ ကြောက်အောင်လုပ်လို့ မရတော့ဘူး။ စစ်အုပ်စုကကြမ်းလေ လူထုကရဲရင့်လေ စည်းလုံးလေ စွန့်လွှတ်စွန့်စား တုံ့ပြန်တိုက်ခိုက်လေ။ PDFတွေ ပြောက်ကျားတပ်တွေ နေရာအနှံ့ ပေါ်ပေါက်ပြီး စည်းစည်းလုံးလုံး တိုက်ခိုက်လာကြတယ်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတွေ ပိုမိုသွေးစည်းညီညွတ်ပြီး စစ်အုပ်စုအထီးကျန်လာတယ်။ စစ်ခွင်ပိုကျယ်လာသလို ခုခံတိုက်ခိုက်ရေး နည်းနာသစ်တွေလဲ ကြွယ်ဝလာပါတယ်။ ရန်သူ့တပ်အထိနာလာတယ်။

၅၈ အာဏာသိမ်းတုန်းက ၄၇ ဖွဲ့စည်းပုံကို မဖျက်ဘူး။ ဝန်ကြီးချုပ်ဦးနုက ဖွဲ့စည်းအုပ်ချုပ်ပုံဘောင်ထဲက တရားဝင်အောင်လုပ်ပါဆိုပြီး ဗိုလ်နေဝင်းကို အာဏာလွှဲဖို့လက်မှတ်ထိုးပေးခဲ့ပါတယ်။ ၁၉၆၂ တကယ်တမ်း အာဏာသိမ်းတော့ ဦးနုနဲ့အစိုးရအဖွဲ့ အထိန်းသိမ်းခံရပါတယ်။ ၄၇ ဖွဲ့စည်းပုံလည်း ဖျက်သိမ်းပစ်ပါတယ်။ ထောင်ကလွတ်တော့ (၁၉၇၀ တဝိုက်) အမေရိကန်အကူနဲ့ထိုင်းနယ်စပ်မှာ KNUနဲ့တွဲပြီး ပြည်ချစ်တပ်မတော်ဆိုတာ ထောင်ပြီး လက်နက်ကိုင်တိုက်ဖို့လုပ်ပါတယ်။ နောက်အိန္ဒိယထွက်သွားပြီး ၁၉၈၀ ဗိုလ်နေဝင်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြည်တော်ပြန်ပါတယ်။ ၈လေးလုံးအရေးတော်ပုံ ပေါ်ပေါက်တော့ ငါကတရားဝင်အစိုးရ ငါ့အာဏာပြန်ပေးဆိုပြီး ကြေညာချက်ထုတ်ပါတယ်။ ခေတ်ကပြောင်းသွားပြီ၊ လူထုက စိတ်မဝင်စားတော့ဘူး။ စစ်တပ်က အာဏာသိမ်းပြန်တော့ ပါလီမန်ဒီမိုကရေစီ ဖခင်ကြီးလည်း တခန်းရပ်ရပြန်ပါတယ်။

ဒါတွေပြန်ပြောနေတာက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ အတိတ်သမိုင်းကို သင်ခန်းစာ ယူစေချင်လို့ပါ။၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းတော့ သမ္မတဦးဝင်းမြင့်က လက်မှတ်ထိုးမပေးနိုင်ဘူး၊ သတ်ချင်လည်း သတ်လို့ ဆိုတယ်။ မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်ပေမယ့် သမ္မတကိုတော့ ဒုသမ္မတ ဦးမြင့်ဆွေ အမိန့်နဲ့ဖမ်းတယ်တဲ့။ နိုင်ငံတကာပုံရိပ်မှာ သူ့တရားဝင်မှု ရလိုရငြား ၂၀၀၈ ကို မဖျက်သိမ်းဘဲ ထားတာပါ။ စစ်အုပ်စုအာဏာမြဲဖို့ဆိုရင် ဖွဲ့စည်းးပုံကို ကြိုက်သလို ပြင်ချင်ပြင်ဖျက်ချင်ဖျက် လုပ်မှာပါ။

ဒါပေမဲ့ ၂၀၂၁ ပြည်သူ့တော်လှန်ရေးနဲ့ တော်လှန်တဲ့အဖွဲ့အစည်းတွေကတော့ ၂၀၀၈ ကို ဖျက်သိမ်းပြီး သမိုင်းအမှိုက်ပုံထဲ စွန့်ပစ်လိုက်ပါပြီ။ဒါတင်မက ဆိုရှယ်လစ်ဆိုင်းဘုတ်ထောင်လိုက် ဒီမိုကရေစီဆိုင်းဘုတ်ထောင်လိုက်၊ အရေးသုံးပါးနဲ့ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ မျိုးချစ်(ဓနရှင်အမျိုးသားရေး ရှော်ဗင်) ဆိုင်းဘုတ်ထောင်လိုက် လုပ်မှာပါ။ ဖက်ဆစ်သရုပ်ကို ဖုန်းကွယ်ဖို့ပါ။ အခုလည်း ဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုယ်စားပြုလွှတ်တော်စနစ် PR ဆိုတာကို ပြောနေပြန်ပြီ။

တကယ်တော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဒီချုပ်က ကိုယ့်ဖာသာဖျက်ခဲ့တာပါ။ (ရွှေဂုံတိုင်ကြေညာစာတမ်းကို ဖျက်ပြီး) ဝင်-ပြင် လမ်းကြောင်းနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သွားကတည်းက ၉၀ ရွေးကောက်ပွဲရလဒ် ပျက်သွားခဲ့ပါပြီ။ ၂၀၀၈အောက် ခေါင်းလျှိုလိုက်တာက စစ်အုပ်စုကို တရားဝင်အောင် လုပ်ပေးလိုက်တာပါ။ ၈လေးလုံးအသီးအပွင့်ကို ကိုယ်ဖာသာ ချေဖျက်ပစ်တာပါ။၂၀၂၁ နွေဦးတော်လှန်ရေးက သမိုင်းကိုပြန်လှန်ပြီး သမိုင်းသစ်ရေးထိုးနေတာပါ။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်မှ တော်လှန်ရေးလမ်းကြောင်းမှန်ကို အောင်ပွဲရတဲ့အထိ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ခေါင်းဆောင်တွေ အဖမ်းခံရသော်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရတဲ့ အခွင့်အာဏာကို ကိုင်စွဲပြီး ဒီချုပ်အမာလိုင်းက ကိုယ်စားပြုလွှတ်တော် CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဖွဲ့တယ်။ ၂၀၀၈ စစ်ခြေဥကို ဖျက်သိမ်းတယ်။ စစ်ကောင်စီက လက်နက်နဲ့အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်လာတဲ့အခါ လှည်းနေလှေအောင်း တပြည်လုံးအနှံ့ လူထုကြီးက လက်နက်ကိုင် ခုခံတော်လှန်လာတာကို အားပေးထောက်ခံ အသိအမှတ်ပြုတယ်။ နိုင်ငံတကာမှာ စစ်ကောင်စီရဲ့အာဏာသိမ်းမှုနဲ့ လူမဆန်တဲ့ ဖိနှိပ်သတ်ဖြတ်မှုများကို လူ့အခွင့်အရေးနဲ့ တရားရေးအရစိန်ခေါ်ပြီး မိမိရဲ့တရားဝင်မှုကို ထူထောင်တယ်။ ဒါတွေဟာ ကောင်းတဲ့ကိစ္စပါ။ ပါလီမန်ဒီမိုကရေစီ သံဝေဂကို ဒီချုပ်ခေါင်းဆောင်များ သင်ခန်းစာယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိုက်ပွဲသဏ္ဌာန်ကို ရန်သူကပြဋ္ဌာန်းပါတယ်။ လက်နက်ကိုင်တိုက်ပွဲကို စစ်အုပ်စုက တွန်းပို့တာပါ။ ဟိုမရောက်ဒီမရောက် ရင်ကြားစေ့အခြေအနေကို စစ်အုပ်စုက လက်မခံနိုင်တော့ဘူး။ လူထုကြီးကလည်း သည်းမခံနိုင်တော့ဘူး။ အုပ်စိုးသူကလည်း နဂိုပုံစံနဲ့အုပ်စိုးလို့ မရတော့ဘူး။ ပြည်သူလူထုကြီးကလည်း ပုံစံဟောင်းအတိုင်း မနေနိုင်တော့ဘူး။ ဒီလိုနဲ့ အပြောင်းအလဲ ဖြစ်တာပါ။စစ်တပ်က အာဏာသိမ်းတယ်။ လူထုက ငုံ့မခံဘဲတုံ့ပြန်တယ်။ ဖိရင်ကြွမယ် ထိရင်ချမယ်။ ဖဲကြိုးနီ၊ ရုံးမတက်နဲ့ရုန်းထွက် CDM ၊ အထွေထွေသပိတ် GSC ၊ လက်နက်ကိုင်တော်လှန်ရေး AS အထိ ဗမာပြည် နွေဦးတော်လှန်ရေး တိုက်ပွဲသဏ္ဌာန် မြင့်လာတယ်။ တော်လှန်ရေးဒီရေမြင့်သလား နိမ့်သလား အငြင်းပွားစရာ မလိုတော့အောင်ကို လူထုကြီးက လက်နက်ကိုင်တိုက်ပွဲကို အားပေးထောက်ခံနေပြီ ဖြစ်တယ်။

တစည်းတလုံးတည်း နိုင်အောင်တိုက်ဖို့က နိုင်ငံရေးအဖွဲ့အစည်းတွေက ကြိုးပမ်းအားထုတ်ရမှာပါ။တော်လှန်ရေးဆိုတာ လူတစုကဖန်တီးတာ မဟုတ်ဘူး။ လူထုကိုယ်တိုင် နိုးကြားမှုရှိစွာ တိုက်ပွဲဝင်တာဖြစ်တယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့ ပကတိဘာဝ အကြောင်းအချက် ၊ အတ္တ ဘာဝ အကြောင်းအချက်တွေ ပြည့်စုံဖို့လိုပါတယ်။

နိုင်ငံတကာ့အခြေအနေရဲ့သက်ရောက်မှုက ပကတိဘာဝ အကြောင်းအချက်တွေထဲမှာ ပါတယ်။ ဗမာပြည်ဟာ ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံ မဟုတ်တော့လို့ ဒုတိယကမ္ဘာစစ်လို စစ်ထဲဆွဲသွင်းချင်လို့ မရတော့ဘူး။ ယနေ့ခေတ်မှာ နယ်ချဲ့အချင်းချင်းဖြစ်ပွားတဲ့ စစ်ပွဲတွေ တခန်းရပ်သွားပြီ၊ ခေတ်သစ်နယ်ချဲ့စစ်ပွဲက ကိုယ်စားလှယ်ထားတိုက်တဲ့ ကိုယ်စားပြုစစ်ပွဲ Proxy war တွေပဲဖြစ်တယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပါဝါစစ်ပွဲတွေမှာ ကြားမညပ်အောင် အနေတတ်အောင်နေဖို့ အမှီအခိုကင်းဖို့(ပြည်ချစ်ဝါဒလမ်းစဉ်မှာ) ဗမာပြည်ကွန်မြူနစ်ပါတီက တင်ပြခဲ့ပါတယ်။ စစ်အုပ်စုအဆက်ဆက်ဟာ အာဏာမြဲရေးအတွက် တိုင်းပြည်ရောင်းစားတဲ့ ခွတုတ်ပေါ်လစီ ကျင့်သုံးပါတယ်။ ဘယ်ဘက်ကပ်ရမလဲ အကွက်ချောင်းနေတာပါ။

၂၁ရာစုမှာတော့ အမေရိကန်ရဲ့ ပါဝါကစားကွင်းက တရုတ်ကိုဦးတည်တဲ့ အင်ဒိုပစိဖိတ်ဒေသ ဖြစ်လာတယ်။ ဒါပေမဲ့ အမေရိကန်ဟာ စီးပွားရေးကပ်တွေ ဆင့်နေလို့ စူပါပါဝါ အထည်ကြီးပျက်လို ဖြစ်နေတယ်။ ပါဝါမာရောင်ပြပြီး ပါဝါပျော့နဲ့ ထိုးစစ်ဆင်ပါတယ်။ ဒီမိုကရေစီမျက်နှာဖုံး စွပ်ထားတဲ့ အမေရိကန်စံတန်ဖိုးတွေဆိုတာတွေနဲ့အတူ အရောင်တော်လှန်ရေးတွေ မင်းပြောင်းမင်းလွှဲ (စနစ်ပြောင်းတာမဟုတ်) တော်လှန်ရေးတွေ တင်ပို့ပါတယ်။ အာဖဂန်စစ် အီရတ်စစ်တွေကနေ သူ့တပ်တွေကို ပြန်ရုပ်နေရပြီ။ အာရပ်နွေဦး ဘယ်လိုဖြစ်ခဲ့သလဲ။ ၈လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၈ အောက်မှာ ဘယ်လိုရင်ကြားစေ့ ခဲ့ရသလဲ။ ဒါတွေဟာ ပကတိဘာဝ အကြောင်းအချက်တွေအောက်မှာ သူများက နန်းတင်ပေးလို့ ဖြစ်ခဲ့ရတာတွေပါပဲ။ ရှင်းအောင်ပြောရရင် သူများအားမကိုးနဲ့၊ ကယ်တင်ရှင်မမျှော်နဲ့၊ တော်လှန်ရေးကို ပြင်ပမှမတင်သွင်းနဲ့၊ ကိုယ့်အားကိုယ်ကိုး ကိုယ်စွမ်းကိုယ်စထုတ်ပြီး သန္နိဋ္ဌာန်ခိုင်မာဖို့လိုပါတယ်။

အတ္တဘာဝဆိုတာ ထဲမှာ စည်းရုံးစုဖွဲ့ထားတဲ့ အရာအားလုံးပါပါတယ်၊ ခေါင်းဆောင်မှုအပါပါပဲ။ ခေါင်းဆောင်မှုဟာ လွတ်လပ် အမှီအခိုကင်းပြီး ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ အတ္တဘာဝ ရုပ်အင်အားဖြစ်တဲ့ (ပါတီ တပ် တပ်ပေါင်းစု) ပြဒါးရှင်လုံးသုံးလုံးကို တော်လှန်ရေးအတွင်း တိုက်ပွဲနဲ့အတူ တည်ဆောက်ရပါတယ်။ ဗမာပြည်နွေဦးတော်လှန်ရေး နဲ့အတူ ပကတိဘာဝ အတ္တဘာဝ အကြောင်းအချက်များ ပြည့်စုံဖို့ ကျားကုတ်ကျားခဲ ကြိုပမ်းအားထုတ်ပြီး စစ်သုံးစစ်ကို အမြစ်ဖြတ် ချေမှုန်းကြပါစို့။ မောင်သန်းမြရွှေ (၇ ဇန္နဝါရီ ၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *