( ၁ ) “ ဖြိုသူက ဖြို – – ဖျက်သူက ဖျက် – တိုင်းပြည်ပျက်မယ့်ကိန်းကြုံ .. ငရဲကြီး ရှစ်ထပ် – ဖြစ်ရပ်မျိုးစုံ – ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့ ကျောက်နီရုပ်မို့ ဒို့မဖြုံ – သြော် .. အရုဏ်ကျင်းလို့ – လင်းကြက်တို့လဲ တွန်ချိန်တန်… ” အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကြော့ပြန်ဝေ့ဝဲဝင်ရောက်လာပါတယ်။ အကိုကြီး ကိုလှရွှေ ကိုဗစ်နဲ့ကွယ်လွန်ဆုံးပါးသွားရပြီဆိုတဲ့ သတင်းကို ကြာလိုက်ရခြင်းနဲ့အတူ တခါက သူ့ရဲ့သီချင်းသံကြီးဟာ ကျွန်တော့်ရင်ထဲ ရစ်ဝဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ( သီချင်းစာသားတွေက တိတိကျကျ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီး၊ တချို့နေရာတွေမှာ မူကွဲလေးတွေ(သို့မဟုတ်)စကားလုံး အထားအသို အပြောင်းအလဲလေးတွေ ရှိကောင်းရှိနိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲ စူးစူးနင့်နင့်ကြီး ထိုးခွဲ ဝင်ရောက်လာတာကတော့- ဒီအတိုင်းပါပဲ။ အာရုံထဲမှာ ကြားလိုက်ရတာက ဒီအတိုင်းပါပဲ။) သူ့အသံက အသံဝါဝါကြီးနဲ့ဖြစ်ပေမဲ့၊ လွမ်းမောဖွယ် ကြေကွဲဖွယ် စိတ်ထိခိုက်ဖွယ် တုန်ရီလှိုင်းထနေပါတယ်။
သြော်.. ဒီသီချင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀)နီးပါးက- ၁၉၈၃ ခုနှစ်လောက်က သီချင်း။ အစ်ကိုကြီးကိုလှရွှေရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်း။ အဲဒီတုန်းက – အစ်ကိုကြီးကိုလှရွှေတို့အခန်းဟာ ကျွန်တော့်အခန်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာပါ။ ‘ ၂-တိုက်’ (ခေါ်) ‘ကြိုးတိုက်’ (ခေါ်) ‘ရင်ကွဲတိုက်ကြီး’ ထဲမှာပါ။ ဒီရင်ကွဲတိုက်ကြီးဟာ တခြားတိုက်တွေနဲ့မတူပါ။ အဆောက်အအုံကြီးတခုတည်းမှာ အလယ်မှာ လူသွားလမ်းနေရာထားပြီး၊ ဘယ်ဖက်ခြမ်း-ညာဖက်ခြမ်း တိုက်ခန်းလေးတွေကို ဇစ်-ဇက် ( zig zag )သဏ္ဌာန် ဆောက်လုပ်ထားရာ၊ မျက်နှာချင်းဆိုင်ကျရာ အခန်းလေး(၂)ခုကတော့- တခန်းနဲ့တခန်း လှမ်းမြင်ရ တွေ့ရပါတယ်။အခန်းတခန်းချင်းဆီရဲ့ရှေ့မှာ သံတိုင်တပ် သံတံခါးကြီးတွေ ကိုယ်စီရှိနေပြီး၊ သံတိုင်ကြား မျက်နှာကပ်ကာတခန်းနဲ့တခန်း လှမ်းစကားပြောကြ၊ မတ်တပ်ရပ်ပြကြ၊ သီချင်းဆိုပြကြနဲ့အပြန်အလှန်ဆက်သွယ် အမှီသဟဲပြု နေထိုင်ကြရပါတယ်။
ဝရဇိန်စစ်ဆင်ရေး-ဆိုတဲ့ ခေါင်းစည်းအောက်မှာ ကိုလှရွှေတို့ရော ကျွန်တော်ပါ၁၉၈၂ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဒီအင်းစိန်အကျဉ်းထောင်ကြီးအတွင်း မရှေးမနှောင်းဆီ ဝင်လာခဲ့ကြရတာဖြစ်ပေမဲ့၊ သူတို့တွေကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်၊ ကျွန်တော်ကိုယ်တိုင်ကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်နဲ့ ခဏခဏ ရွှေ့ပြောင်းခွဲခြားထားခြင်း ခံရရာ၊ တခါမှ နီးနီးကပ်ကပ်မဆုံဆည်းခဲ့ရဘဲ၊ ၁၉၈၃ ခုနှစ်ထဲမှာမှ တိုက်တိုက်ဆိုင်ဆိုင်ရင်ကွဲတိုက်ထဲမှာ မျက်နှာချင်းဆိုင်အခန်းချင်းကပ် (တယောက်နဲ့တယောက် မြင်နိုင်တွေ့နိုင် ရှုနိုင်တဲ့အထိ-အခန်းချင်းကပ်မျိုး) ဖြစ်လာခဲ့ရတာပါ။ တကယ်ကို မမေ့နိုင်စရာတွေအပြည့်နဲ့ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ဆိုရိုးဆိုစဉ်အရ ဆိုရရင်- အထုံရေစက် ကြီးလွန်းလှလို့ပဲ၊ ဒီလို ငရဲကြီးရှစ်ထပ်ထဲအထိ ကြံကြံဖန်ဖန် ဆုံးဆည်းခွင့် ရခဲ့ကြတာပါ။ ကျွန်တော့်ကို ထောင်အာဏာပိုင်များဘက်က ( ထောင်ဝန်ထမ်းဝါဒါကို ပြန်ပြီး လက်သီးနဲ့ထိုးဖို့လုပ်တယ်ဆိုတဲ့အမှု နဲ့)ဒီနေရာမှာ တယောက်တည်း ခွဲထားတာဖြစ်တဲ့အတွက်ကျွန်တော့်အခန်းလေးထဲမှာ ကျွန်တော်တဦးတည်းပဲ အထီးကျန်ဆန်ဆန်နေနေရပေမဲ့၊ မျက်နှာချင်းဆိုင်က အစ်ကိုကြီးတို့ရဲ့အခန်းကတော့- အမှုတွဲတူ (၆)ဦးကြီးများတောင် အတူပူးတွဲ နေထိုင်ခွင့် ချပေးထားတဲ့အတွက်တကယ်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး မြင်ရပါတယ်။
အစ်ကိုကြီးကိုလှရွှေတို့အခန်းလေးထဲမှာက- ဦးလေးဗိုလ်စိုးတင့် ( ဗိုလ်စိုးတင့်- မြောင်းမြခရိုင် ဗကပတပ်မှူး )၊ မြင်းခြံ ဦးဖေတင် (ကိုကိုကျွန်းပြန်)၊ အစ်ကိုကြီးကိုမြစိန်(ကိုကိုးကျွန်းပြန်)၊ ဦးထွန်းအောင် (ခေါ်) ဦးလှဝင်း နဲ့ ကိုကြင်ငွေ (ကဗျာဆရာ ဖြိုးထိန်)တို့အတူနေကြရပါတယ်။ သူတို့ထဲမှာ အသက်ကလဲ အကြီးဆုံး၊ လေသံကလဲ အအေးဆုံးနဲ့ နှိုင်းယှဉ်ချက်အရ-စကားကလဲ အနည်းဆုံးလို့ ဆိုရမှာကတော့-ဦးလေးဗိုလ်စိုးတင့် ဖြစ်ပြီး၊ လေသံကလဲ သွက်၊ နယ်ပယ်ပေါင်းစုံ တီးမိ ခေါက်မိကလဲ ရှိ၊ နိုင်ငံရေးအပါအဝင် ဘာသာရပ်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ- စကားလဲ အများဆုံးပြောနိုင်သူကတော့အစ်ကိုကြီးကိုလှရွှေ လို့ပဲ ဆိုချင်ပါတယ်။ သူက သံတိုင်ရှေ့ မကြာခဏဆိုသလိုထွက်လာပြီး၊ ကျွန်တော်နဲ့လဲအလ္လာပ သလ္လာပ အများဆုံး ပြောလေ့ဆိုလေ့ ရှိပါတယ်။ သူက နိုင်ငံရေးနဲ့အတွေးအခေါ်ကိစ္စမျိုးတွေသာမက၊ စာပေနဲ့ကဗျာကိစ္စ- အနုပညာကိစ္စတွေအထိ စိတ်ပါဝင်စားသူ၊ ဝါသနာထုံသူ၊ ခုံမင်သူ၊ မိုးကုတ်စက်ဝိုင်းကျယ်ပြန့်သူမျိုးလဲ ဖြစ်နေတာ သတိမူမိပါတယ်။ သူက ခွပ်ဒေါင်းအလံတော်ကြီးအောက်မှာ (၇)ရက်ဇူလိုင်အရေးတော်ပုံကြီးရဲ့ အရေးကြီးဇာတ်ဆောင်တဦး၊ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက၊ သမိုင်းဝင်ရန်ကုန်တက္ကသိုလ် အိုးဝေမ၈္ဂဇင်းကြီးရဲ့ နောက်ဆုံးစာတည်း-နောက်ဆုံးအယ်ဒီတာလဲ ဖြစ်ခဲ့ရဖူးသူ မဟုတ်လား။ သူ့ဇာတိချက်ကြွေ ဘိုကလေးတဝိုက်အပါ မြစ်ဝကျွန်ပေါ်ဒေသတဝိုက်က တော်လှန်တဲ့သေနတ်သံတွေအကြားမှာ လက်နက်ကိုင်တော်လှန်ရေးသမားတဦးအဖြစ်နဲ့လဲ ကာလတချို့ ပါဝင်ဖြတ်သန်း လှုပ်ရှားခဲ့ဖူးသူမဟုတ်လား။ ရင်ကွဲတိုက်ကြီးအတွင်း မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်တွေ မြင်နေထိုင်ကြစဉ်အတွင်း၊ ထပ်မံအသိအမှတ်ပြုလိုက်ရတာကတော့- ကိုလှရွှေဟာ စကားပြောရာမှာသာမက၊ သီချင်းဆိုရာမှာလဲ တကယ်ကိုအဆိုကောင်း၊ အသံကောင်း-ဆိုတာပါပဲ။ အသံက အသံဝါကြီးနဲ့ အောင်အောင်မြင်မြင်ပီပီသသရှိလှပြီး၊ အဆွဲအငင်အရှိုက်အဖို အပိုအလို မရှိ၊ မှင်မောင်းအပြည့်နဲ့ခံစားချက်ပါပါ သီဆိုတတ်ပါတယ်။ အထူးသဖြင့်- ရင်ကွဲတိုက်ထဲကနရသိန်သားများ အလေးထား နားစိုက်ထောင်ခြင်းခံရတဲ့အထိ အစ်ကိုကြီးရဲ့အပိုင်နိုင်ဆုံးသီချင်းတွေကတော့နာမည်ကျော်မင်းသားကြီးကိုမြတ်လေးရဲ့ ‘ပင်လုံထိပ်ထားဦး’ နဲ့‘ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ’ ပါပဲ။‘ပင်လုံထိပ်ထားဦး’ ကို ဆိုတဲ့နေရာမှာ အစ်ကိုကြီးရဲ့ဆိုပေါက်ဆိုဟန် အသံ သဏ္ဌာန်တွေက တကယ်ကို မင်းသားကြီးကိုမြတ်လေးနဲ့နင်လားငါလား-လို့တောင် ဆိုရပါလိမ့်မယ်။ နောက်ပိုင်းတော့- ဒီ ၁၉၈၃ ခုနှစ်ထဲမှာပဲ၊ အစ်ကိုကြီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းတပုဒ် အောင်မြင်စွာ စတင်ထွက်ပေါ်လာပါတယ်။ တခုသော ရက်၊ တခုသော ညဦးယံရဲ့တိုက်တွင်း ဂီတဆည်းဆာချိန်မှာ ရင်လှိုင်းခုန်သံအပြည့်နဲ့ထွက်ပေါ်လာခဲ့တာပါ။ သူ့ရဲ့ ပထမဆုံးသော ဒီသီချင်းကို ဌာန်နဲ့မာန်နဲ့ ပြည့်ပြည့်၀၀ ရုပ်ရော အမူအယာပါ ရှေ့ဆုံးတန်းကနေ ပထမဆုံး ပီပီသသကြီး ရှုစား နားဆင်ခွင့် ရလိုက်သူဟာလဲ ကျွန်တော်-လို့ပဲ ဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့- သူတို့အခန်းနဲ့မျက်နှာချင်းဆိုင် တခုတည်းသောအခန်းက ကျွန်တော့်အခန်း ဖြစ်နေလို့ပါပဲ။ တခြားသောအခန်းတွေ အခန်းတွေကလဲ သူ့ရဲ့အောင်မြင်သောအသံကြီးကိုသာ ပီပီသသ ကြားနာနားဆင်နိုင်ခဲ့ပြီး၊သူ့ရဲ့ရုပ်သွင်နဲ့လှုပ်ရှားသက်ဝင်နေမှုတွေကိုတော့ ဘယ်လိုမှ တွေ့မြင်နိုင်မှာ မဟုတ်လို့ပါပဲ။ သူ့အခန်းထဲက တခန်းထဲနေ အခန်းဖေါ်တွေတောင် သူ တကယ် စတင်တင်ဆက်သီဆိုချိန်မှာတော့-သူ့မျက်နှာပေါ်ကအရိပ်တွေ ခံစားချက်တွေကို သေသေချာချာ မြင်ရမှာမဟုတ်၊ နောက်ကျောကိုသာ မြင်နေရမှာဖြစ်တဲ့အတွက်အသံရော ဟန်ပါ အပီသဆုံးမြင်ရသူဟာ ကျွန်တော်-လို့ဆိုလိုက်ရတာဖြစ်ပါတယ်။
အဲဒီနေ့က သူဟာ သူ့ရဲ့ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုပြခဲ့ပါတယ်။ “ ဖြိုသူက ဖြို -ဖျက်သူက ဖျက်နဲ့- တိုင်းပြည်ပျက်မယ့်ကိန်း ကြုံ ..” ဆိုတာကို ဖြည်းဖြည်းချင်း စတင်လိုက်ချိန်မှာ သူ့မျက်နှာကြီးဟာ သိသိသာသာကြီးကို အုံ့မှိုင်း ဆိုင်းပျသွားခဲ့ပြီး၊ “ ငရဲကြီး ရှစ်ထပ် ဖြစ်ရပ်မျိုးစုံ -ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့.. ကျောက်နီရုပ်မို့ ဒို့မဖြုံ..” ဆိုတာကို တင်လိုက်ချိန်မှာတော့- သူ့အသံဟာ ပိုမိုမြင့်မားနေခဲ့သလို၊ မာန်တင်းသံ- အံတင်းသံနဲ့ ပိုင်းဖြတ်ချက်ချလိုက်သံတွေပါ ပါဝင်နေရုံမက၊ ဂုဏ်ပြုလိုက်သံနဲ့ဂုဏ်ယူလိုက်သံတွေပါ ပေါင်းဆက်ပါဝင်နေခဲ့ပါတယ်။ သံတိုင်နှစ်ဖက်ကို လက်နဲ့ခပ်တင်းတင်းဆုပ်ထားရင်းက သူ့ရဲ့မျက်မှန်ကြီးတဝင်းဝင်းနဲ့မျက်နှာပြင်ကြီးတခုလုံပေါ်မှာပါ ခံစားချက်တွေ-ရင်ခုန်သံတွေ တဖျတ်ဖျတ်ရိုက်ခတ်သွားတာကျွန်တော် မြင်လိုက်ရပါတယ်။ အသံဝါဝါ သံစဉ်နိမ့်မြင့်တွေပေါ်မှာ ခံစားချက်နဲ့ရင်ခုန်သံတွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင် ပေါင်းဆက်သွားပြီလေ-။ သူ့ရဲ့ ဒီသီချင်းနာမည်က ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း-တဲ့လေ။
ကျွန်တော့်ရဲ့နှလုံးသားထဲမှာတော့ ‘ဂျူးလိယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်း’ ထဲက ‘ရုပ်တု’ လေးတွေကို ဖျတ်ကနဲ ဖျတ်ကနဲ သွားပြီး သတိရနေမိပါတယ်။ ဖူးချစ် ရဲ့‘ ရုပ်တု’ လေးတွေကနေ- သူ့ရဲ့ ‘ကျောက်နီရုပ်တု’ လေးတွေဆီအထိ တဆင့်တက် စီးဝင် ဖြစ်တည်လာပုံဟာ ဒီလိုနေရာကြီးမှာ တော်တော်ကြီးကို ရှင်သန် နိုးကြွနေခဲ့ပါတယ်။ သီချင်းသံအဆုံးမှာ ဘေးနားအခန်းပေါင်းစုံက သြဘာသံတွေ သောသောညံအောင်ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုက်ထဲမှာ မကြာခဏ ပွဲတောင်းခြင်းခံရတဲ့ သီချင်းတပုဒ်အဖြစ်-တဆင့်တက် အသိအမှတ်ပြုခြင်း ခံရပါလေတယ်။၁၉၈၃ ခုနှစ်ကုန်-၁၉၈၄ ခုနှစ် ဆန်းတွေရဲ့ တခုသောကာလလောက်မှာတော့ (ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသား-ရဲဘော်ရဲဘက်အမှုတွဲတွေ အမှုတွဲတွေတချို့လဲ ရုံးတင် အမှုရင်ဆိုင်နေခဲ့ကြရရာမှ ထောင်ကျသူတွေ ထောင်ကျကြ၊ တချို့- နှစ်သေး၊ တချို့- နှစ်ကြီးတွေ အချခံရနဲ့ တဖြည်းဖြည်း တိုက်ကနေ ထောင်ကျဆောင်တွေဆီ ပြောင်းကြရ ရွှေ့ကြရတော့မယ့်အချိန်- တနေ့မှာတော့-) ထုံးစံအတိုင်း- ဂီတဆည်းဆာချိန်တခုမှာ သူက နောက်ဆုံးနှုတ်ဆက်ခြင်းတခုအဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိ ထပ်မံ သီဆိုပြခဲ့ပြန်ပါတယ်။ အဆောင်တွေဆီ ပြောင်းရွှေ့ရခါနီးချိန်မှာ၊ သူကိုယ်တိုင်လဲ ထောင်ဒဏ်(၃)နှစ် စီရင်ချက် ချမှတ်ခံရပြီးစအချိန်မှာ ခံစားချက်ရှိရှိနဲ့ ထပ်မံသီဆိုပြခဲ့တာဖြစ်ပါတယ်။ အသီးသီး အသက အသက မုချမသွေ ကွဲသွားရတာ ခွဲသွားရတာမျိုးတွေနဲ့ကြုံတွေ့ရတော့မယ့်အချိန်ကြီးမှာ သူက ‘ ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း’ နဲ့ပဲ ထပ်မံသီဆို နှုတ်ဆက်ပြလာတာဟာ တော်တော်ကို ရင်လှိုင်းခုန်စရာ ကြေကွဲစရာ လွမ်းမောစရာ ဖြစ်ခဲ့ရပါတယ်။ ဟိုတုန်းကဟိုတုန်းက ပွဲတောင်းတိုင်း သီဆိုဖြေဖျော်ပြနေခဲ့တာတွေထက်လဲ မှတ်မှတ်ထင်ထင်ပိုမိုစိတ်ထိခိုက်စရာ လွမ်းမောစရာဖြစ်ခဲ့ရပါတယ်။
( ၂ ) အစ်ကိုကြီးကိုလှရွှေ နဲ့ ကျွန်တော့်ရဲ့ရေစက်ဟာ ရင်ကွဲတိုက် (ကြိုးတိုက်) ထဲမှာသာမက၊ အဆောင်အထိလဲ ဆက်လက် ပါမြဲပါခဲ့ပါတယ်။ ‘ ၁- ဆောင်’ ကြီးက နှစ်ထပ်ဆောင်ရှည်ကြီးဖြစ်ပြီး၊ ခန့်မှန်းခြေ ပေ (၄၀၀)ဝန်းကျင်လောက်ရှည်ရာ၊ အပေါ်ထပ် (၄)ခန်း၊ အောက်ထပ် (၄)ခန်း- ခွဲခြမ်း ဖွဲ့စည်းထားပါတယ်။ သူ နဲ့ကျွန်တော်ဟာ ‘ ၁-ဆောင်၊ အပေါ်-၄’ မှာ တခန်းတည်းနေတွေအဖြစ် ထပ်မံဆုံဆည်းရပြန်ပါတယ်။ ပေ (၁၀၀)ဝန်းကျင်လောက်ရှိမယ့် အဲဒီ ‘အပေါ်-၄’ အခန်းကျယ်ကြီးထဲမှာ အဘဦးဘဦး (ထားဝယ်)နဲ့ သူဟာ ခေါင်းရင်းပိုင်းက အိပ်ရပြီး၊ အလယ်ကြောက အတန်းမှာက ကျွန်တော်၊ ကိုဌေးအောင် (ဇင်လင်း- နောင်- မီဒီယာကောင်စီအဖွဲ့ဝင်)၊ ပဲခူး ကိုမောင်မောင်တိတ် (နောင်- ABSDF ဗဟိုကော်မတီဝင်နဲ့ABSDF တရားရေးတာဝန်ခံ)၊ ဆရာစောဒယ်နီယယ် ( KNU ၊ ခရစ်ယာန်သင်းအုပ်ကြီး)၊ ဦးမြစိန် (မအူပင်)၊ ဗိုလ်ဇင်ကော့ (ရေကြည်တင်ဝင်း) ကိုစိုးဝင်း (ငသိုင်းချောင်း)တို့တွေ အိပ်ကြရပြီး၊ တခြားသော ကျွန်တော်တို့(၅-ည)ရဲဘော်တချို့နဲ့ ထားဝယ်-သရက်ချောင်း- ဆီတောဖက်က ဦးဗလွန်းရွှေ (ပုဒ်မ ၁၇/၁)ရော၊ တခြားထားဝယ်ရဲဘော် ‘၁၇/၁- ၂’ များက ဘေးဖက်တန်းမှာ အိပ်ကြရပါတယ်။ ဒီအခန်းထဲမှာ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း- ဆယ်ဂဏန်းလောက်အတူနေတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက သူနဲ့ကျွန်တော်အကြား အမှတ်ရစရာတွေလဲ ရှိခဲ့ပါတယ်။ သူက သူထောင်ကလွတ်ခါနီး နောက်ဆုံးညမှာတော့- ‘အိပ်ချိန်’ ဆိုတဲ့ အသံကြီး ရောက်မလာသေးခင်အတွင်းမှာ ကျွန်တော့်အနား အချိန်တော်တော်ကြာ လာထိုင် လာနှုတ်ဆက်ရင်းက သပ်သပ်ရပ်ရပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ် မှတ်မှတ်ရရ ပေးခဲ့ပါတယ်။ ဇင်ပိတ်ပြာနဲ့ချုပ်ထားတဲ့ အလုပ်သမားအင်းကျီ အသစ်စက်စက်လေး တထည်နဲ့ အနက်နဲ့အဖြူကွက် ပုဆိုးအသစ်လေးတထည်ပါ ပါတဲ့၊ အထုပ်လေးပါ။ ထောင်ထဲမှာ အဲဒီတုန်းကပုံစံဝတ်စုံ အပေါ်ဖြူ အောက်ဖြူ-ပိတ်ကြမ်းဝတ်စုံနဲ့ပဲ နေထိုင်ခဲ့ကြရတော့- သူ့အဝတ်လေးတွေဟာ တခါမှတောင် ဝတ်ဆင်ခြင်းမပြုခဲ့ရသေးတဲ့ အသစ်စက်စက်လေးတွေပါ။ “ မောင်ရင်က ကိုယ့်ထက် ထောင်ကျနှစ်ကများတော့-နောက် (၂)နှစ်လောက် ကြာဦးမှာ..။ လွတ်တဲ့အခါတော့ ကိုယ်တို့အိမ်ကို လာဖြစ်အောင်လာခဲ့ပါကွာ..အိမ်က သင်္ကန်းကျွန်းဆ/ခ ရပ်ကွက်၊ ရွာလယ်လမ်းမှာ-အဲဒါလေးတော့ ခေါင်းထဲထည့် မှတ်ထားပါကွာ”လို့လဲ တခုတ်တရပြောဆိုသွားခဲ့ရင်း၊ နောက်နေ့မှာ ထောင်ကနေ သူ လွတ်သွားခဲ့ပါတယ်။ သူ ပေးသွားခဲ့တဲ့အဝတ်ထုပ်လေးနဲ့ သူ့လိုပဲ မရှေးမနှောင်းလွတ်သွားခဲ့သူ-ကိုဌေးအောင် (ဇင်လင်း)ပေးသွားခဲ့တဲ့ အင်းကျီတထည် ပုဆိုးတထည်ပါ အဝတ်ထုပ်လေး- စုစုပေါင်း အဝတ်ထုပ်လေး(၂)ထုပ်ဟာ ကျွန်တော့်အတွက် ခေါင်းခုအိပ်စရာ ခေါင်းအုံးလေး ဖြစ်သွားခဲ့ရပါတယ်။ ကိုလှရွှေ ပေးထားခဲ့တဲ့အဝတ်လေးတွေက ထားဝယ်-သရက်ချောင်း-ဆီတော ဦးဗလွန်းရွှေ လွှတ်သွားတဲ့အခါနဲ့၊ကိုကျော်လွင်(ပလောင်ကျော်လွင်၊ နောင်- PSLF ရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ)တို့ ထောင်ကလွတ်သွားတဲ့အခါ၊ အပြင်ဆီ သင့်တင့်လျောက်ပတ်တဲ့အဝတ်အစားလေးတွေနဲ့ထွက်သွားစေနိုင်ဘို့ ပြန်လည်ခွဲဝေပေးလိုက်ရာမှာ ပါသွားခဲ့ပါတယ်။ ထောင် (၂) နှစ်ကျတွေနဲ့အစ်ကိုကြီးအပါအဝင် ထောင်(၃)နှစ်ကျ တချို့တဝက်ကျော် အင်းစိန်ထောင်က လွတ်မြောက်သွားကြပြီး၊ သိပ်မကြာလှခင်မှာတော့ ကျန်ခဲ့သူ ကျွန်တော်တို့တွေကို သက်ဆိုင်ရာအာဏာပိုင်များကနေ ထောင်ပေါင်းစုံသို့အစီအစဉ်ရှိရှိ ဖြန့်ခွဲ ပို့ဆောင်ပစ်လိုက်လေရာ၊ ကျွန်တော်က သာယာဝတီထောင် ရောက်သွားခဲ့ရပါတယ်။
အချိန်တန်လို့ သာယာဝတီထောင်ကနေ ကျွန်တော် ပြန်လည်လွတ်မြောက်လာတဲ့အခါ၊ ‘ခေါင်းထဲ ထည့်ထားပါကွာ..’ ဆိုတဲ့ သူ့စကားကို သတိရရင်း၊ သူ့အိမ်လေးရှိရာ သင်္ကန်းကျွန်းက ကြက်ခြံလေးဆီ ကျွန်တော်မမေ့မလျော့ သွားဖြစ်အောင် သွားခဲ့ပါတယ်။ အစ်ကိုကြီးကသာမက အစ်မကြီးမခင်မာအေးကပါ ကျွန်တော့်ကို လိုလိုလားလားလှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံခဲ့ကြပါတယ်။ ခဏခဏလာဖို့လဲ နှစ်ဦးလုံးက ပျူပျူငှါငှါထပ်မံ ဖိတ်မန္တက ပြုခဲ့ကြပါတယ်။ ဒါပေမဲ့- ကာလသိပ်မကြာလှချိန်မှာပဲ (၁၉၈၆ နိုဝင်ဘာထဲလောက်မှာပဲ )အစ်ကိုကြီးကိုလှရွှေ ၊ ကိုလှတင်အောင်တို့တတွေဟာ ဒေါ်ဒေါ်ဒေါ်ကြည်ကြည်နဲ့အတူ၊ နောက်တကြိမ်အဖြစ်စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကို ခံရလေပြန်ရာ၊ ကျွန်တော်ကတော့ အရှောင်ကောင်းလို့ လက်မတင်လေးလွတ်ခဲ့ရပါတယ်။ ဒါပေမဲ့- ထောင်ကလွတ်တာ ဘာမှမကြာလှသေးခင်မှာပဲ ကျွန်တော်လဲ နိုင်ငံရေးဝရမ်းပြေးဘ၀ ထပ်မံ ကျရောက်ခဲ့ရပြန်ပါတယ်။ ထောက်လှမ်းရေးကို ‘တစ်’ ပေး-လက်ထောက်ချတဲ့မိန်းမက ကျွန်တော့်ကိုပါ ထည့်သွင်း လက်ထောက်ချခဲ့တာဖြစ်ပါတယ်။ နေရာအနှံ့ လှည့်လည်ဝရမ်းပြေးနေတဲ့ ကျွန်တော်က တောင်ကြီးဘက်ဆီ ရောက်နေရာက ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဖုန်းမော်ကျဆုံးသတင်း- ကြားရပြီး ပြီးချင်း ၁၉၈၈ မတ်လ (၁၅)ရက်နေ့မှာ ရန်ကုန်ကို ပြန်ကပ်လာခဲ့ပါတယ်။ အခြေအနေလေးတွေကို စနည်းနာကြည့်ရင်း၊ အစ်မကြီးမခင်မာအေးဆီကိုလဲ ဖျပ်ခနဲ ဖျပ်ခနဲ မရောက်ရောက်အောင်သွားပြီးတွေ့ခဲ့ပါတယ်။
ရှစ်လေးလုံးအကြိုကာလလို့ဆိုရမယ့် ၁၉၈၈ ဇူလိုင်(၂၅)ရက်နေ့မှာတော့- ဒေါ်ဒေါ်ဒေါ်ကြည်ကြည်နဲ့အတူ၊အစ်ကိုကြီးကိုလှရွှေတို့တတွေကိုလဲ ပုဒ်မ (၁၀-က)နဲ့ပဲ ထိန်းသိမ်းချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ တရိပ်ရိပ်တက်လာနေတဲ့ အရေးတော်ပုံအကြို ဒီရေလှိုင်းခတ်သံတွေကနေ သူနဲ့ကျွန်တော်အကြား ပြန်လည်ဆုံဆည်းနိုင်အောင် ဖန်တီးပေးလိုက်ဘိသကဲ့သို့တောင်ဖြစ်ပေါ်လာခဲ့လေရာ၊ ကျွန်တော်တို့တွေ တကျော့ပြန် ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြပြန်ပါတယ်။ သူနဲ့ကျွန်တော်အကြား- ရေစက်က တော်တော်ကို ကြီးလှပါကလား။
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်း- သူနဲ့ကျွန်တော်ဟာ ရက်ပေါင်းများစွာ တပူးတွဲတွဲလို ဖြစ်နေခဲ့ကြပါတယ်။ သူ့ရဲ့သင်္ကန်းကျွန်းအိမ်လေးဟာလဲ ကျွန်တော့်အတွက် ရက်ပေါင်းတချို့အိပ်စက်နားနေရာလေးဖြစ်လာခဲ့ပါတယ်။ နေ့ခင်းပိုင်းတွေမှာ မြို့ထဲအနှံ့ အတူထွက်ခဲ့ကြပြီး၊ ချီတက်ဆန္ဒပြပြချိန်တွေမှာ အတူချီတက်ဆန္ဒပြခဲ့ကြ၊ ဟိုဟိုဒီဒီ အတူသွားလာခဲ့ကြ၊ အတူ ပြန်လာဖြစ်ခဲ့ကြရုံမက၊ ညဉ့်နက်နက်အချိန်တွေမှာ ဓားတလက်စီ ဘေးမှာချထားရင်း၊ သူ့အိမ်လေးထဲမှာ သတိဝိရိယအပြည့်နဲ့အတူဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ညတချို့တောင် မှတ်မှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို့ထဲက ရပ်ကွက်တိုင်းလိုလိုမှာရပ်ကွက်အလိုက် ကင်းတွေချကြ၊ တံခါးတွေတပ်ကြ၊ လုံခြုံရေးသတိဝိရိယအပြည့်နဲ့နေထိုင်နေကြရတဲ့ အရေးအကြီးဆုံးကာလတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီကာလတွေထဲတုန်းက အမှတ်ရစရာအကောင်းဆုံးတွေထဲမှာ ‘ဗကသ ပြန်လည်ဖွဲ့စည်းရေးညီလာခံ’ အတွက် သူ မိန့်ခွန်းပြောကြားဘို့ ညကြီးမင်းကြီး ဖယောင်းတိုင်မီးလေးနဲ့မိန့်ခွန်းရေးနေရချိန်မှာ- ကိုယ်တိုင်မိန့်ခွန်းရေးနေတဲ့သူ့အနားမှာ ကြံကြံဖန်ဖန် ကျွန်တော်လဲ ရှိနေထိုင်ပေးနေရတဲ့အဖြစ်ပါပဲ။ အဲဒီနေ့ဟာ ၁၉၈၈ သြဂုတ် (၂၇)ရက်နေ့- ညကြီးပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အမြင့်ဆုံးကာလတခုဖြစ်တဲ့၊ နောက်တနေ့ သြဂုတ်လ(၂၈)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်မြက်ခင်းပြင်မှာ ကျောင်းသားညီလာခံကြီးကျင်းပပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ)နဲ့တကသ တို့ကို တရားဝင်ဖွဲ့စည်းကြမှာ ဖြစ်ရာ၊ အဲဒီ ကျောင်းသားညီလာခံကြီးမှာပြောကြားမယ့် သူ့ရဲ့မိန့်ခွန်းကို သြဂုတ်(၂၇)ရက်နေ့ ညကြီးမှာ သူက တကုပ်ကုပ်နဲ့ ချွေးတဒီးဒီကျအောင် အားစိုက်ရေးသားနေခဲ့ပါတယ်။ အဲဒီနေ့ညက သူ့အိမ်လေးထဲက ကုတင်လေးပေါ်မှာ စားပွဲခုံလေးကိုတင်ပြီး၊ အဲဒီစားပွဲခုံလေးပေါ်မှာပဲ ဖရောင်းတိုင်မီးလေးနဲ့ သူ့မိန့်ခွန်းကို ရေးသားနေစဉ်မှာ ကျွန်တော်လဲ မလွှဲသာမရှောင်သာ အဲဒီစားပွဲခုံလေးဘေးမှာ သူနဲ့အတူ ရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက “ ကိုယ်ရေးထားတာတွေ ဖတ်ကြည့်ပေးအုံးလေကွာ-စာမချောရင်လဲ ကူပေး ပြင်ပေးအုံးလေကွာ..” လို့ပေါ့ပေါ့ပါးပါး ပြောဆိုတာကြောင့် ကျွန်တော်လဲ အဲသလို သူနဲ့အတူ ရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက တရွက် ရေးပြီး ကမ်းပေးလိုက်၊ ကျွန်တော်က ဖတ်ကြည့်ပေးလိုက်ရနဲ့ အဲဒီမိန့်ခွန်းစာကြမ်းကြီးဟာ တော်တော်ကို စာမျက်နှာများခဲ့ ရှည်လျားခဲ့ပါတယ်။ အဲဒီထဲမှာ ‘ ၁၉၆၂ကာလက ကျောင်းသားလှုပ်ရှားမှုကြီးအပေါ်သစ္စာဖေါက်ကာ၊ဗိုလ်နေဝင်းရဲ့မဆလနဲ့ပေါင်းဖက်သွားခဲ့တဲ့ကျောင်းသားခေါင်းဆောင်ကိုခင်မောင်အုံး’ ရဲ့နာမည်ကိုလဲ ပေါ်ပေါ်တင်တင် ဗြောင်ထည့်သွင်းရေးသားထားတာ သတိထားမိခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ ညသန်းခေါင်နီးပါးလောက်မှ အဆုံးသတ် ပြီးစီးသွားခဲ့ပါတယ်။
နောက်တနေ့-သြဂုတ်(၂၈)ရက် မနက်အစောကြီးမှာတော့ သူနဲ့ကျွန်တော်ဟာ ဦးလေးဦးခင်မောင်မြင့်အိမ်ကို အတူသွားခဲ့ကြပါတယ်။ သူက သူ့မိန့်ခွန်းစာကြမ်းအချောရေးထားတာကို ပြသပါတယ်။ ဦးလေးဦးခင်မောင်မြင့်က“ကိုခင်မောင်အုံးအကြောင်းတော့-ဒီအချိန်မှာ နာမည်ထည့် မပြောစေချင်သေးပါဘူး-” လို့ဆိုကာ မှင်နီနဲ့တားပြီး ဖျက်ပေးလိုက်တာကိုလဲ အနီးကပ် မြင်လိုက်ရ သိလိုက်ရပါတယ်။ အဲဒီနေ့က အစ်ကိုကြီးကိုလှရွှေနဲ့အတူကျွန်တော်လဲ ညီလာခံကျင်းပရာ တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်ကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ကိုမိုးဝင်းနဲ့ကိုမိုးမြင့်တို့လဲ အတူလိုက်ပါဖြစ်ခဲ့တာ မှတ်မိနေပါတယ်။ အဲဒီနေ့က အခမ်းအနားကိုတက်ရောက်လာတဲ့ ဧည့်သည်တော်တွေ၊ ဖိတ်ကြားထားသူတွေကို မှတ်တမ်းတင်လက်မှတ်တွေလဲ ရေးထိုး-ရယူထားခဲ့ရာ လယ်ဂျာစာအုပ်ကြီးလို စာအုပ်ထူထူကြီးထဲမှာ ကျွန်တော်တို့တွေလဲ လက်မှတ်ရေးထိုးပေးခဲ့ရတာ မှတ်မိနေပါတယ်။ ကိုလှရွှေက သူ မိန့်ခွန်း ပြောရမယ့်အချိန်မှာ ကျွန်တော်တို့အနားကနေ တလှမ်းချင်း ထွက်သွားပါတယ်။ သူ စင်မြင့်ရှေ့ထိ ရောက်သွားတာကို ကျွန်တော် ငေးကြည့်နေမိပါတယ်။ သောင်းနဲ့ချီတဲ့ ကျောင်းသားကျောင်းသူ-ပြည်သူပရိသတ်ကြီးရဲ့ရှေ့မှာ- တက္ကသိုလ်မြက်ခင်းပြင်နဲ့ တခါက သမဂ္ဂကြီးရဲ့အတိတ်ခြေရာတချို့ဆီ ပြန်လည် သတိရလာမှုမျိုးနဲ့ လွမ်းမောစွာဝေ့ဝဲကည့်လိုက်တာ မြင်လိုက်ရရင်း “တက်ရောကပ်လာကြတဲ့ကျောင်းသား ကျောင်းသူ ပြည်သူပရိသတ်အပေါင်းတို့ခင်ဗျာ..” ဆိုတဲ့ ပဏာမနှုတ်ခွန်းဆက်စကားလေးရဲ့ အဆုံးလောက်မှာပဲ၊ ရှိုက်ကြီးတငင် ငိုသံပါပါကြီးနဲ့ တကယ်ကို ငိုချလိုက်လေတော့- ကြားရ မြင်ရသူအပေါင်းဟာမှင်သက်မိသလို ဖြစ်သွားကြသလို၊ ကျွန်တော်လဲ ဟိုက်ကနဲ လှိုက်ကနဲ ဖြစ်သွားခဲ့ရပါလေတယ်။
ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း သူ့ရဲ့ပထမဆုံးသောမိန့်ခွန်းသံ နဲ့ခံစားချက် ပေါက်ကွဲပေါ်ထွက်လာသံလို့ပဲ ဆိုရပါလိမ့်မယ်။ သူက မျက်ရည်ကို တချက်သုတ်လိုက်ပြီး ရှိုကျသံဝဲဝဲတှကေိုပါ သတိခပြျ ပွနျလညျသိမ်းယူလိုက်ပြီး၊ သူ့ရဲ့ မိန့်ခွန်းရှည်ကြီးကို ဌာန်နဲ့မာန်နဲ့ အကောင်းဆုံးဖြစ်အောင်ပြောဆိုသွားခဲ့လေရာ၊ မိန့်ခွန်းအဆုံးမှာတော့- လက်ခုပ်သံတွေ သောသောညံသွားခဲ့ပါတယ်။ ဒါပေမဲ့ – ဒါပေမဲ့- ဒီမိန့်ခွန်းထဲမှာပဲဘရိတ်မအုပ်လိုက်နိုင်ဘဲ၊ (ဖြုတ်ရမယ့်ဟာကို မဖြုတ်လိုက်နိုင်တော့ဘဲ-) ခံစားချက်အတိုင်း ပါသွားခဲ့ရလေတာကတော့- ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုခင်မောင်အုံးရဲ့နာမည်ကို ပေါ်တင်ကြီး ထည့်သွင်းပြောလိုက်ခြင်းပါပဲ။ အဲဒါကို ကျွန်တော်က သတိထားမိလိုက်ပြီး၊ အပြန်မှာ- “အစ်ကိုကြီး-ခင်ဗျားက-ကိုခင်မောင်အုံးနာမည်ကို ဖြုတ်မထားဘဲ ထည့်ပြောသွားတယ်နော်..” လို့သတိပေးလိုက်မိတော့-“ အေးကွာ- ကိုယ်လဲ ဘယ်လိုမှ မထိန်းနိုင်အောင် ငိုချင်လာရင်းက ခံစားချက်တွေအတိုင်း လွတ်သွား ထွက်သွားတာကွ..” လို့ လေးလေးတွဲ့တွဲ့ကြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။ အဲဒီတုန်းက သူ့လေသံနဲ့ သူ့မျက်နှာကြီးပေါ်က ခံစားချက်အရိပ်တွေ တလိပ်လိပ်ပြေးနေဟန်ဟာလဲ ကျွန်တော့်အတွက်တော့ မကြာခဏဆိုသလိုအမှတ်ရစရာတမျိုး ဖြစ်နေခဲ့ပါတယ်။
အဲဒီ ကျောင်းသားညီလာခံမှာ (မင်းကိုနိုင်ကို ဥက္ကဌအဖြစ် တရားဝင်ရွေးချယ် ပေးလိုက်နိုင်မယ့် ညီလာခံမှာ) ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းဟာ တော်တော်အောင်မြင်ခဲ့တဲ့ မိန့်ခွန်းဖြစ်ခဲ့ပါတယ်။ ဗီဒီယိုအခွေနဲ့စာအုပ်ငယ်လေးအဖြစ်ပါ ထပ်ဆင့်ကူးယူ ရိုက်နှိပ်ဖြန့်ချိတာ ခံခဲ့ရပါတယ်။
( ၃ ) အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော့်အကြား- ဘဝရေစက်ဟာ (ထိစပ် ပတ်သက် လှုပ်ရှားခဲ့ရမှုတွေဟာ) အဲသလောက်နဲ့လဲ မပြီးစီးခဲ့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး- နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတော့လဲ ဦးခင်မောင်မြင့်ကို ဗဟိုပြုပြီး ‘ ပြည်သူ့တိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ့စည်းကြတဲ့အခါ၊ အတူလက်တွဲ ပါဝင်လှုပ်ရှားခဲ့ရပြန်ပါတယ်။ ပါတီရုံးခန်းလုပ်ထားရတဲ့ ဦးခင်မောင်မြင့်ရဲ့အိမ်-ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူနဲ့ကျွန်တော်ဟာ နေ့တိုင်းလိုလို ရုံးခန်းတာဝန်ကျတွေ ဖြစ်ခဲ့ပါတယ်။ အစည်းအဝေးမျိုးစုံတက်ရတာတွေ၊ တခြားကိစ္စဝိစ္စတွေရှိမှသာ ရံဖန်ရံခါ သီးခြားစီ ခွဲပြီး သွားရလာရ လုပ်ရကိုင်ရတာတွေရှိပေမဲ့ပါတီဗဟိုရုံးမှာက အများအားဖြင့် သူနဲ့ကျွန်တော်သာ ရုံးတာဝန်ကျတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သူနဲ့ကျွန်တော်ဟာ နိစ္စဓူ၀ အမြဲလိုလို တွဲဖက် လုပ်ကိုင်ပြောဆိုနေရရင်း၊ ပြောမနာ ဆိုမနာတွေသဖွယ်လဲ ပိုမိုဖြစ်လာခဲ့ရပါတယ်။ သူ့ရဲ့လေသံ ဟန်ပန် စရိုက်လက္ခဏာတွေသာမက၊ သူ့ရဲ့နိုင်ငံရေးဖြစ်စဉ် ကောက်ကြောင်းတစိတ်တဒေသတွေကိုပါ တစထက်တစ ပိုမိုသိမြင်လာခဲ့ရပါတယ်။ သူ့ရဲ့အားကောင်းမှုနဲ့အားနည်းမှုတွေကိုပါ ပိုမို သိမြင် ထိတွေ့နေခဲ့ရပါတယ်။ သူဟာ အာဝဇ္ဇန်းရွှင်သူဖြစ်သလို၊ အချက်နဲ့အလက်နဲ့တစ်-နှစ်-သုံး-လေး- နံပတ်စဉ်ထိုးကာ ပြောတတ်ဆိုတတ်လေ့ရှိသူတယောက်လဲ ဖြစ်နေတာ သတိထားမိပါတယ်။ ကြည့်လိုက်ရင်လဲ နိုင်ငံရေးသမားတယောက်ရဲ့သွင်ပြင်လက္ခဏာဟာ အတိုင်းသားပေါ်နေပါတယ်။ ပုဆိုးကို ခပ်တိုတိုဝတ်၊ လွယ်အိတ်တလုံးကို ကြိုးမှာအထုံးထုံးထားရင်း လွယ်၊ ဆံပင်ကခပ်တိုတို၊ မျက်နှာကျက လေးထောင့်ဘက် ခပ်လုလု၊ မျက်မှန်ကြီးက တဝင်းဝင်းနဲ့ သူ့ရဲ့ရုပ်သွင်ဟာ တကယ်ကို နိုင်ငံရေးသမားပုံ ပေါက်နေသူဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတွေတုန်းက အတူသွား အတူလာနဲ့မမေ့စရာ အမှတ်ရစရာမျိုးစုံတွေ ရှိခဲ့ရသလို၊ အတိုကောက်အားဖြင့်- ပီသုံးလုံးလို့ခေါ်ဝေါ်ကြတဲ့ ‘ပြည်သူ့တိုးတက်ရေးပါတီ’ မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုဘဝမှာလဲ အတူတကွ နေထိုင်ပြောဆို သွားလာလှုပ်ရှားရရင်း အမှတ်ရစရာတွေ သတိရစရာတွေက တပုံတပင်ရှိခဲ့ပါတယ်။ မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်း ပါတီစည်းရုံးရေးခရီးစဉ်တွေမှာလဲ သူနဲ့အတူတူတွဲပြီး ခရီးသွားလာရမှုတွေ တော်တော်များများရှိခဲ့ဖူးသလို၊ မဟာမိတ်ပါတီအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးတချို့မှာ အတူတူတွဲ တက်ရမှုနဲ့ အရေးကြီးပုဂ္ဂိုလ်တချို့နဲ့တွေ့ဆုံပွဲတွေမှာ အတူတွဲ သွားလာရမှုတွေလဲ ရှိခဲ့ရဖူးပါတယ်။
အဲဒီလို အဲဒီလိုတွေထဲမှာ မကြာခဏဆိုသလို ပြန်ပြန် အမှတ်ရမိနေတတ်ရတဲ့ မှတ်မှတ်ရရ ‘တွေ့ဆုံပွဲ’တခုကတော့- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရပွဲ- လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ပြည်သူ့တိုးတက်ရေးပါတီဘက်က အစ်ကိုကြီးကိုလှရွှေ ၊ ကိုမြင့်ဦးသစ် (ကိုကိုးကျွန်းပြန်)နဲ့ကျွန်တော်တို့ဟာ NLD ပါတီက အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာပဲ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ (၁၅)ရက်နေ့လို့ပဲ မှတ်မိနေပါတယ်။ အဓိကက NLD နဲ့မဟာမိတ်ပါတီ (၄၁)ပါတီအကြား-တပ်ပေါင်းစု ဖွဲ့ရေး၊၊ NLD ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီတပ်ပေါင်းစုကြီး အမြန်ဆုံးဖွဲ့စည်းပေါ်ပေါက်လာရေးကိစ္စဖြစ်ပြီး၊ နောက်ထပ်ကိစ္စတခုလို့ဆိုရမှာကတော့- လူ့ဘောင်သစ်ဥက္ကဋ္ဌ-မိုးသီးဇွန်ရဲ့ ‘NLD သို့အိတ်ဖွင့်ပေးစာ’ကိစ္စမှာ ပြည်သူ့တိုးတက်ရေးပါတီက(အထူးသဖြင့်-ဦးခင်မောင်မြင့် (သို့မဟုတ်)ကိုလှရွှေ က) နောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်း ရှိ/ မရှိ-ဆိုတာလဲ တပိုင်းတစ ပါဝင်နေခဲ့ပါတယ်။ အဲဒီနေ့က ကိုလှရွှေ အပါ-ကျွန်တော်တို့(၃)ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့တွေ့ဆုံပွဲဟာ ထင်မှတ်ထားတာထက်ကို အချိန်တွေအများကြီးကြာခဲ့ကြပါတယ်။ အပြန်အလှန် ပြောကြဆိုကြနဲ့ ခန့်မှန်းခြေ (၁)နာရီခွဲလောက်တောင် ကြာလိမ့်မယ်လို့ထင်မိပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအတွင်းရေးမှူးဖြစ်နေတဲ့ မသိင်္ဂီ က- “ အစည်းအဝေးအတွက် အပြင်မှာ ဥက္ကဌကြီးတို့တွေရောက်နေပြီ-အချိန်ကရောက်နေပြီ-” “ အချိန်က တော်တော်တောင်ကျော်နေပြီ-” နဲ့ အခန်းထဲကို ဝင်ဝင်လာပြီး သတိပေးပြောဆိုတာ (၂)ကြိမ်လောက်တောင် ရှိခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်က- “ ဒီမှာကလဲ စကားတွေက ပြောကောင်းနေတယ်။ ထပ်ပြီး ခဏလောက်စောင့်ပေးဖို့ပြောလိုက်ပါဦး-” နဲ့ပြန်လည်ပြောဆိုကာ၊ စကားတွေ ဆက်လက်ပြောဆိုခဲ့ပါတယ်။ အကျဉ်းရုံးပြောရရင်- ဒေါ်အောင်ဆန်းစုကြည်က “ တပ်ပေါင်းစု ဖွဲ့စည်းရေးကို လက်ခံပါတယ်။ ဖွဲ့စည်းရေးအတွက်လဲ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့- တကယ့်တပ်ပေါင်းစုမျိုး ဖြစ်စေချင်တယ်။ အမတ်ခွဲတမ်းအတွက် တပ်ပေါင်းစုမျိုးတော့ မဖြစ်စေချင်ဘူး-” ဆိုတဲ့သဘောမျိုးနဲ့ဆွေးနွေးပြောဆိုခဲ့ပါတယ်။ တပ်ပေါင်းစု ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး တော်တော်ကို ရှည်ရှည်ဝေးဝေး အချိန်ကြာကြာ ပြောဆိုဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း- စကားတွေကို အရှည်ဆုံးပြောဆိုတာကတော့- အစ်ကိုကြီးကိုလှရွှေ ပါပဲ။ ကိုမြင့်ဦးသစ်ကြီးကလဲ အထိုက်အလျောက် ပြောဆိုဆွေးနွေးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ တော်တော်လေးကို စိတ်ဝင်စားစွာဂရုတစိုက် နားထောင်နေခဲ့ရင်း၊ သူ့ဘက်က သူ့စဉ်းစားထားချက်တွေကို ပြောဆိုခဲ့တာ ရှိပါတယ်။ [ ဒါတွေကို အကြောင်းသင့်ရင်-ပြန်လည်ရေးပြဖို့လိုအပ်လာရင်- တချိန်ချိန်မှာ ပြန်လည်ရေးပြကောင်း ရေးပြပါ့မယ်။အခုတော့- ခဏ ထားလိုက်ပါဦးတော့-] နောက်ဆုံးတော့- မိုးသီးဇွန်ရဲ့အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး၊နောက်ကွယ်က ‘ပြည်သူ့တိုးတက်ရေးပါတီ’ ပါမပါနဲ့ပတ်သက်ပြီး ပြန်လည်ပြောဆိုဖြစ်ခဲ့ရာမှာတော့- အစ်ကိုကြီးကိုလှရွှေ ရဲ့ ပြောလိုက်သံနဲ့ပြောလိုက်ဟန်ဟာ တကယ့်ကို မမေ့နိုင်စရာပါပဲ။ အခုချိန်အထိ ရံဖန်ရံခါ ပြန်လည်သတိရမိနေရင်း ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။ အတူပါလာခဲ့တဲ့ ကိုမြင့်ဦးသစ်ကြီးလဲ အခုချိန်အထိ မှတ်မိနေဖြစ်လိမ့်မယ်ထင်ပါတယ်။ အဲဒါကတော့- “ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်- လူငယ်တွေခေါင်းထဲ ပွိုင်ဇင်(poison)ခပ်တဲ့အလုပ်မျိုး- ကျွန်တော်တို့ဘယ်တော့မှမလုပ်ဘူး။ အဲဒီလိုအလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး-” တဲ့။ဒေါ်စုက ပြုံးစစနဲ့ပြောလက်စစကားတွေ ဆက်လက်ပြောဆိုနေခဲ့ရာ၊ မသိင်္ဂီ ထပ်ဝင်လာပြီး-“အချိန်တွေကတော်တော်ကျော်နေပြီ.. ဥက္ကဌကြီးတို့တွေ ထိုင်စောင့်နေကြတာ ကြာနေပြီ..” လို့ထပ်မံပြောဆိုလာလေမှပဲ ကျွန်တော်တို့နဲ့ဒေါ်စုရဲ့တွေ့ဆုံပွဲက ပြီးစီး လက်စသတ်နိုင်ခဲ့ကြပါတယ်။ အပြင်ဖက်ဆီ လှမ်းကြည့်လိုက်တော့-ဦးကြည်မောင်၊ ဦးလွင်နဲ့ ဦးချစ်ခိုင်တို့ဟာ အိမ်ရှေ့က ထိုင်ခုံလေးတွေမှာငုတ်တုတ်ထိုင်နေကြပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးသာ မိုးတိုမတ်တပ် မတ်တပ်ရပ်လျက်သားတွေ့လိုက်ရပါတယ်။ ကျွန်တော်တို့သုံးဦးသားဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ဧည့်ခန်းထဲက ပြန်ထွက်လာတော့- ဦးတင်ဦးက “ ရဲဘော်ကြီးတို့ တော်တော်စကားပြောကောင်း-ဆွေးနွေးကောင်းနေကြတယ်ထင်တယ်..” လို့တောင် ပြုံးစစနဲ့မှတ်ချက်ပြု နှုတ်ဆက်လိုက်တာ ကြားလိုက်ကြရပါသေးတယ်။ အဲဒီနေ့က ကျွန်တော်တို့သုံးဦးသား အမှတ်(၅၄)ခြံဝင်းကြီးရဲ့အပြင်ဘက်ကို ရောက်လေတော့ ကျွန်တော်က အစ်ကိုကြီးကို “ အစ်ကိုကြီးနှယ်-ဒေါ်စုကို ပြောတာ ဗမာလိုပြောလဲ အကုန်ဗမာလို ပြောရောပေါ့၊အခုတော့- လူငယ်တွေခေါင်းထဲ poison ခပ်တဲ့အလုပ်မျိုး-ဘယ်တော့မှမလုပ်ဘူးလို့ဗျာ..“ ဆိုပြီး၊နောက်စစပြောလိုက်မိပါတယ်။ သူက ခပ်ပြုံးပြုံးကြီး လုပ်လို့- ။
( ၄ ) မှတ်မှတ်ရရ ပြောရရင်- ဒေါ်အောင်ဆန်းစုကြည်နဲ့အဲဒီ ‘တွေ့ဆုံရပွဲ’ အပြီး၊ (၁၀)ရက်တိတိအကွာ၊ ဇွန်(၂၅)ရက်နေ့မှာတော့ ကိုလှရွှေရော ဦးခင်မောင်မြင့်ပါ နဝတအစိုးရရဲ့ အစီအစဉ်ရှိရှိ ကြိုတင်ဖမ်းဆီးခြင်းနဲ့ထပ်မံအဖမ်းဆီး ခံလိုက်ရပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ထောင်ထဲ ရောက်ရှိသွားရပြန်ပါတယ်။ ‘ ၇ ရက်ဇူလိုင် နှစ်ပတ်လည်’ နဲ့ ‘အာဏာဖီဆန်ရေးလှုပ်ရှားမှု’ များအတွက် ကြိုတင်ကာကွယ် နှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဦးခင်မောင်မြင့်ရော-ကိုလှရွှေဟာ ထင်းရှားတဲ့ ခွပ်ဒေါင်းခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေ မဟုတ်လား။
အဲဒီကတည်းက ကျွန်တော်လဲ ကိုလှရွှေ ရော ဦးခင်မောင်မြင့်နဲ့ပါ၊ ကွဲကွာသွားခဲ့ရရင်း ပြန်လည်ဆုံတွေ့နိုင်ခွင့်မရတော့ရာ၊ နောင် ဘယ်တော့မှလဲ ပြန်လည်ဆုံတွေ့နိုင်ခွင့် မရှိတော့ပါ။ ဦးခင်မောင်မြင့်က (၁၉၉၃ ဖေဖေါ်ဝါရီ ၁၆ ) ရက်နေ့ကတည်းက အကျဉ်းထောင်ထဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့လေရာ၊ နှစ်ပေါင်း(၂၈)နှစ်ကျော် ကြာပါပြီ။ အစ်ကိုကြီးကိုလှရွှေနဲ့ကတော့- လူချင်းသာ ပြန်လည်မဆုံတွေ့နိုင်ခဲ့ပေမဲ့၊ ဒီကြားထဲမှာ (၂)ခါတိတိ တယ်လီဖုန်းနဲ့စကားပြောခွင့်ရလိုက်ပါသေးတယ်။ သူက ဆောင်းပါးတွေကိုလဲ အဆက်မပြတ်လိုလို ရေးသားနေပြီဖြစ်ရာ၊ ‘အောင်သာ ( PPP )’ ဆိုတဲ့ သူ့ကလောင်နဲ့သူ့လက်ရာတွေကိုလဲ ဖတ်ရပါတယ်။( PPP ) ဆိုတာက ပြည်သူ့တိုးတက်ရေးပါတီရဲ့အတိုကောက်ဖြစ်ရာ၊ ပြည်သူ့တိုးတက်ရေးပါတီအပေါ် သူ့ရဲ့အလေးအနက်ထားမှုနဲ့သံယောဇဉ်က ဘယ်လောက်ကြီးမားလှသလဲဆိုတာ သူ့ကလောင်နာမည်ကနေ အတိုင်းသားဖေါ်ပြနေပါတယ်။ အောင်သာ(PPP) နာမည်နဲ့ရေးသားခဲ့တဲ့ သူ့ရဲ့ဆောင်းပါးတွေ စာအုပ်တွေသာမက၊ ‘စံအိမ်’ ‘ဉာဏ်မောင်ချစ်’ စတဲ့ ကလောင်ခွဲတွေနဲ့ပါ ရေးသားနေတဲ့ သူ့လက်ရာတွေတော်တော်များများကိုလဲ အဝေးကနေ ဖတ်နေတွေ့နေခဲ့ရရင်း၊ သူ့ရဲ့မာန် သူ့ရဲ့ဟန်တွေကိုပါ အကြောင်းအားလျော်စွာ ကြားနေမြင်နေခဲ့ရပါတယ်။ လူချင်းသာ ပြန်လည်မဆုံတွေ့နိုင်ခဲ့ပေမဲ့၊ စာစောင်စာတန်းတွေထဲမှာ ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ချက်ကလစ်လေးထဲမှာ သူ့ရဲ့သက်ဝင်လှုပ်ရှားနေပုံလေးတွေကို ဟိုမှာ သည်မှာ တွေ့နေခဲ့ရပါသေးတယ်။ သူက ကျွန်တော့်ရဲ့ထောင်ဝတ္ထုတိုပေါင်းချုပ်စာအုပ်လေးဖြစ်တဲ့ ‘ ၆-တိုက်မှာ လောက်ကိုက်တာခံဖူးသလား-’ ထဲမှာလဲ (၂၀၁၃ တုန်းက ပြည်တွင်းမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေတဲ့အခါ ) ကျွန်တော်နဲ့ပတ်သက်ပြီး မှတ်မှတ်ထင်ထင် ‘အမှာစာ’ ရေးသားသွားခဲ့သေးသလို၊ သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကြီးဖြစ်တဲ့ ‘ တော်လှန်ရေးသမားတဦး၏ နိုင်ငံရေးအတ္ထုပ္ဖတ္တိ ’ စာအုပ်ကြီးထဲမှာလဲ ကျွန်တော်နဲ့ပတ်သက်ပြီးကျွန်တော့်နာမည် ကျွန်တော့်အကြောင်း အပိုင်းအစလေးတွေကို မှတ်မှတ်ထင်ထင် ဟိုတစ သည်တစ ထို့ထိဖေါ်ပြသွားခဲ့တာ ရှိခဲ့ပါသေးတယ်။
ဒီတော့.. သူ့ကိုလဲ အစ်ကိုကြီးကိုလှရွှေကိုလဲ ရုပ်ပုံလွှာအဖြစ် ပြန်လည်ဆေးသားတို့ကြည့်ဖို့ ကောက်ကြောင်းဆွဲကြည့်လိုက်မိတဲ့အခါ၊ ကျွန်တော့်ရဲ့ရင်တွင်းအာရုံထဲမှာတော့- သူ့ကို အလံ (၃)လက်ကြားမှာ ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ပထမဆုံးအလံက သူ အင်မတန်ချစ်မြတ်နိုးလှတဲ့ ကျောင်းသားအလံ- ခွပ်ဒေါင်း ခွပ်ဒေါင်းဆိုတဲ့ ခွပ်ဒေါင်းအလံ။ ဒုတိယအလံက ကမ္ဘာ့ပစ္စည်းမဲ့လူတန်းစားအားလုံးရဲ့အထိမ်းအမှတ်အလံ- တူတံစဉ်အလံ ။ တတိယအလံကတော့- မိုးပြာရောင်နောက်ခံပေါ်က ရွှေဝါရောင်ကြယ်သုံးပွင့်ပါတဲ့အလံ- ပြည်သူ့တိုးတက်ရေးပါတီအလံ-တို့ပဲ ဖြစ်ပါတယ်။ အလံ (၃)လက်ကြားမှာ သူ့ရုပ်ပုံဟာ ဂုဏ်ယူမှုအပြည့်နဲ့ရှိနေတာဖျပ်ခနဲ ဖျပ်ခနဲ တွေ့လိုက်ရပါတယ်။ ဒါကြောင့်- ကျွန်တော်ကတော့ သူ့ကို ‘ ဘိုကလေး ဦးလှရွှေ (သို့မဟုတ် ) အလံ (၃)လက်ကြားက လူ – ’ လို့ပဲ ဝိဂြိုလ်ပြုလိုက်ချင်ပါတယ်။
( ၅ ) အခုတော့ – တခါက ‘ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း နဲ့ နှုတ်ဆက်ခဲ့ဖူးတဲ့ သူ့ကို- ကျွန်တော်တို့တွေကလဲ ပြန်လည်နှုတ်ဆက်ရမယ့်အချိန်ဟာ ကြေကွဲစရာ ရောက်ရှိလာခဲ့ရပြီ ဖြစ်ပါတယ်။ ထာဝရ ခွဲခွါသွားရရှာပြီ ဖြစ်တဲ့သူ့ကို ပြန်လည်နှုတ်ဆက်လိုက်ရတဲ့ နောက်ဆုံးနှုတ်ဆက်လိုက်ရခြင်းမျိုး ဖြစ်ပါတယ်။ အခု- နှုတ်ဆက်လိုက်ပါပြီ။ ရင်ထဲမှာ ပေါ်လာနေတဲ့ အမှတ်ရစရာ အဖြစ်အပျက်အပိုင်းအစလေးတွေနဲ့အတူ၊ လွမ်းမောစွာ ကြေကွဲစွာ လေးလေးနက်နက် နှုတ်ဆက်လိုက်ပါတယ်။ အစ်ကိုကြီးရေ.. နောက်ဆုံး နှုတ်ဆက်လိုက်ပါတယ်။ ။ ဝင်းတင့်ထွန်း ( ၂၁- ၇- ၂——