တပ်တွင်းပုန်ကန်မှုဖြစ်အောင် အားပေးသွေးဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲမယ်ဆိုတဲ့ စစ်တပ်က “ဆဲဗင်းဒေး” အပေါ်ကျေအေးလိုက်ပြီဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ ဇွန်လ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဆဲဗင်းဒေးသတင်းစာက အဲဒီသတင်းဖော်ပြခဲ့တဲ့အတွက် ဖြေရှင်း ချက်နဲ့ နောက်နောင်မှာ တပ်မတော်နဲ့ပတ်သက်တဲ့သတင်းတွေဖော်ပြရင်သတိထားမယ့်အကြောင်းနဲ့ တောင်းပန်ကြောင်းပါလာခဲ့တယ်။ ဒီတော့ မြန်မာသတင်း မီဒီယာကောင်စီ (MMC) ကကြားဝင်ညှိနှိုင်းပေးလိုက်လို့ “ကျေအေးလိုက်တယ်” ဆိုတာ မဟုတ်ဘူး။
“တောင်းပန်စာ” ထည့်ရတယ်ဆိုတဲ့သဘောက မီဒီယာက ရှိခိုးတောင်းပန်လို့ သူတို့ စစ်တပ်က သဘောထားကြီးစွာနဲ့ “ကျေအေးပေးလိုက်တယ်”ဆိုတဲ့ အချိုး၊ ချိုးတာပါ။ သူတို့လိုချင်တာကို စစ်တပ်က ရအောင်ယူသွားတာသာဖြစ်တယ်။ ဆဲဗင်းဒေးကို လုပ်တဲ့ နည်းက (ခေါင်းတက်နင်းပြီး တောင်းပန်ခိုင်းတဲ့နည်း) စစ်တပ်က“ကလေးစစ်သား”တွေ ပြန်လွှတ်ပေးရတဲ့အခါ၊ အဓမ္မသိမ်းထားတဲ့ လယ်ယာမြေတွေကို မတတ်သာလို့ပြန်ပေးရတဲ့အခါမှာ သုံးတဲ့နည်းဖြစ်တယ်။ သိမ်းဆည်းလယ်ယာမြေတွေ “ပြန်လည်စွန့် လွှတ်ပေးတယ်” လို့ အထက်စီးနဲ့ သုံးလေ့ရှိတယ်။ တိုင်းရင်းသားတွေကို လက်နက်ချခိုင်းတာတောင်မှ လက်နက်ချတယ်လို့ မသုံးဘူး၊ လက်နက်စွန့်ပါလို့ပဲပြောတယ်ဆိုတဲ့ အတွေးအခေါ်အရ အညွန့်ချိုးတဲ့နည်းဖြစ်တယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်ကို သဘောပေါက်လို့တော့ လုံးဝ မဟုတ်ဘူး။ သင့်မြတ်ပြေလည်ရေးဘက်ကို မျက်နှာမူလိုက်တဲ့ ခြေလှမ်းတော့ သာတောင်မဟုတ်သေး။ စစ်တပ်ဘက်မှာ သွေးရိုးသားရိုး သဘောထားသာရှိတယ်ဆိုရင် “ဆဲဗင်းဒေး” ကို တရားစွဲစရာ ဘာ အကြောင်းမှ မရှိဘူး။ အခုလို (တောင်းပန်လို့ပဲဖြစ်ဖြစ်) စစ်တပ်ဘက်က ချင်းချင်းလက်ငင်းဘာကြောင့် ကိုယ်ရှိန် သတ်သွားရတာလဲ။
ပထမအချက်က စစ်တပ်နဲ့ပတ်သက်လို့ ထိထိမိမိ ဆန်းစစ်ဝေဖန် ရေးသားလာတာဆိုရင် အထိမခံဘူး၊ အညွန့်ချိုးပစ်မယ် ဆိုတဲ့ သဘောထားစစ်တပ်မှာ ရှိမြဲရှိတယ်။ စစ်အာဏာရှင်တွေ အာဃာတအထားဆုံးထဲမှာ မီဒီယာတွေပါတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ မီဒီယာတွေကို သူတို့အနေနဲ့အပြတ်ချုပ်ကိုင်လို့ရရင်ရ၊ မရရင် ရတဲ့နည်းတဲ့ချုပ်ကိုင်မယ်ဆိုတာဟာ သူတို့ရဲ့အစဉ်အလာလုပ်ထုံးပါ။ သူတို့ အဲဒီလို လုပ်သာနေတဲ့အနေအထားကို မပြောင်းလဲသေးသရွေ့ဒါမျိုးတွေ တွေ့နေရမှာပါပဲ။ မြန်မာသတင်း မီဒီယာ ကောင်စီ(MMC) အနေနဲ့တော့ ကန်တော့ပွဲ အုန်းပွဲ အဆင်သင့်ပြင်ထားရမယ့်ကိန်းပါပဲ။
ဒီကိစ္စရဲ့အစဟာ ဧပြီ ၂၃ ရက်စွဲနဲ့ရေးသားတဲ့ ဗိုလ်ရွှေမန်းရဲ့ “မေတ္တာမွန်စာလွှာ” ဖြစ်ပါတယ်။ ဒီလိုရေးတာကို “တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့” ဆိုတာက ဧပြီလ ၂၆ ရက်နေ့မှာ “ကန့်ကွက်ကြောင်း” သတင်းထုတ်ပြန်ခဲ့တယ်။ ၂၈ ဧပြီ မှာ စစ်တပ်ပိုင် မြဝတီသတင်းစာကနေ “စကားအဆိပ်ဖြင့် ဖြိုခွဲမည့်အကြံ အများလက်မခံ” ဆိုတဲ့ ဆောင်းပါးကို “ သိန်းအောင်စိုး (မြေလတ်သား)” ဆိုသူကရေးပြီး ဗိုလ်ရွှေမန်းကို အရေခွံ ခွာပြခဲ့တယ်။
အဲဒီဆောင်းပါးထဲမှာ “၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ၊ပုဒ်မ၃၊ ပုဒ်မ ၅(ခ)တွေနဲ့ တရားစွဲလို့ရတယ်” ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။ အခုတော့ ဒီ ဥပဒေကို ဖျက်သိမ်းလိုက်လို့ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ နဲ့ ပြောင်းပြီးတရားစွဲတာ ထင်ပါတယ်။ ၂ လနီးပါးကြာမြင့်ပြီး အခုမှ ကောက်ခါငင်ကာထပြီး တရားစွဲတယ်။ ပြီးတော့ ချက်ချင်းလက်လင်း ပြန်ရုပ် သိမ်းသွားတာ ထူးခြားနေပါတယ်။
တကယ်တော့ ဒီအမှုကို တရားစွဲမယ်ဆိုရင်၊ ဗိုလ်ရွှေမန်းရဲ့ “မေတ္တာမွန်စာလွှာ”ဆိုတာက အမှုရဲ့ ပင်မကျောရိုးပဲ။ “ဆဲဗင်းဒေး” က ဗိုလ်ရွှေမန်းရေးသားဖော်ပြတာကို အခြေပြုပြီးဖော်ပြတာပဲ။ တရားစွဲချင်းစွဲရင် ဗိုလ်ရွှေမန်းကိုပဲ စွဲရမှာပါ။ “ဆဲဗင်းဒေး” ကို တရားစွဲ တယ်ဆိုတာက ကြွက်မနိုင်လို့ ကျီမီးနဲ့ရှို့တာပဲ ။ “ဆဲဗင်းဒေး” ကို တရားစွဲလိုက်ရင် ဗိုလ်ရွှေမန်းနဲ့ သူတို့အကြားက ပြဿနာကို လူသိရှင်ကြား ထုတ်ဖော်ရတော့မယ်။ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်တော့မယ်။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြရတော့မယ်။ ပုတ်သင်ဥတွေ အပြန်အလှန်ဖော်ကြရတော့မယ်။ ဒီလိုလုပ်လို့ မဖြစ်ဘူး။ ဒီလိုလုပ်လိုက်ရင် စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင် တပ်သဖွယ် လုပ်ထားတဲ့ ပကတိသရုပ်မှန်ကို တပ်တွင်း အောက်ခြေ တပ်မှူးတပ်သားတွေနဲ့ ပြည်သူတစ်ရပ်လုံးက ကွက်ကွက်ကွင်းကွင်း သိရှိသွားမှာဖြစ်တယ်။ စစ်တပ်ထဲမှာ စစ်အုပ်စုက ဂိုဏ်းဖွဲ့ပြီး လုယက်လှိုက်စားနေတဲ့၊ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အကွက်ချောင်းနေကြတဲ့ အတွင်းသရုပ်ပေါ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်တံတွေး ကိုယ်ပြန်မျိုသွားတာလို့ ယူဆပါတယ်။
ဗိုလ်ရွှေမန်းရဲ့ “ဒီမိုကရေစီ ပိုးနည်းပန်းနည်း” က ဗိုလ်အောင်ကြီးရဲ့ “စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုတဲ့နည်းမျိုး မဟုတ်ဘူး။ ဗိုလ်အောင်မင်းနည်းလို “ရှိခိုးတောင်းပန်စာ” ဖြန့်ပြီး စစ်တပ်ကို တောင်းပန်တဲ့နည်းလည်း မဟုတ်ဘူး။ ဗိုလ်ရွှေမန်း အနေအထားက ဗိုလ်အောင်ကြီးလို အခြေအနေမျိုးမဟုတ်ဘူး။ ဗိုလ်အောင်ကြီးကို စစ်အုပ်စုထိပ်သီး ဗိုလ်နေဝင်းက အနားပေးခဲ့တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်အောင်ကြီးက စစ်တပ်နဲ့ ကာလရှည် ဝေးနေခဲ့ပြီဖြစ်တယ်။ ဗိုလ်ရွှေမန်း စစ်ဝတ်စုံချွတ်တာ ၁၀ နှစ် မရှိသေးဘူး။ ဗိုလ်ရွှေမန်း သြဇာက စစ်တပ်ထဲမှာ ရှိသလောက်ရှိသေးတယ်။ ကြံ့ဖွံ့ပါတီဌာနချုပ်ထဲက “သန်းကောင်ယံဖြုတ်ထုတ်ပွဲ”(သြဂုတ် ၁၂ ကိစ္စ) မှာပဲကြည့် ဗိုလ်သန်းရွှေရဲ့ သဘောထားမပါဘဲ။ ဗိုလ်ရွှေမန်းကို သူတို့ ဒီလိုကိုင်နိုင်မှာ မဟုတ်ဘူး။ ဗိုလ်ရွှေမန်းက သူဟာစစ်အုပ်စုမှာ နံပတ် ၄ ပဲလို့ ထုတ်ပြောဖူးတယ်။ သမ္မတထက်မြင့်တဲ့ရာထူးရှိရင် ယူချင်တယ်လို့လည်း ပြောဖူးတယ်။ ဒီလိုပြောနိုင်ဖို့ ဗိုလ်ရွှေမန်းဘက်မှာ တစုံတရာ ဘက်ဂရောင်းရှိပုံရတယ်။
“ဆဲဗင်းဒေး” ကို တရားစွဲလိုက်ရင် ဒီလိုအနေအထားမျိုးရှိတဲ့ ဗိုလ်ရွှေမန်းကို မဖြစ်မနေ သူတို့ကိုင်တွယ်ရတော့မယ်။ ဒီအခါ ကျရင် ပုတ်သင်ဥတွေပေါ်ကုန်တော့မယ်။ ကြံ့ဖွံ့ပါတီတွင်းကိစ္စမှာလည်း ဗိုလ်ရွှေမန်းဂိုဏ်းနဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်ဋ္ဌေးဦးတို့ဂိုဏ်းကိစ္စ မပြတ်မသားပဲ ရှိသေးတယ်။ အခုတခါ “ဆဲဗင်းဒေး”ကိစ္စ ထပ်တင်လိုက်မယ်ဆိုရင် ဗိုလ်ရွှေမန်းက ဟီးရိုးဖြစ်သွားပြီး၊ သူတို့က ဗီလိန် လူဆိုးအဖြစ် ပေါ်သွားတော့မယ်။ ဒါကို စိုးရိမ်ပုံပေါ်တယ်။ ဒါကြောင့် နောက်ဆုတ်သွားတာပါ။ နောက်ဆုတ်တာ ရိုးရိုးမဆုတ်ဘူး၊ ဆဲဗင်းဒေးခေါင်းကို တက်နင်းပြီး တောင်းပန်စာထုတ်ခိုင်းပြီး ဆုတ်သွားတာဖြစ်ပါတယ်။
ယခုကိစ္စမှာ ဗိုလ်မင်းအောင်လှိုင်တို့အဖြစ်က ဘာနဲ့တူသလဲဆိုတော့။ စစ်တပ်ထဲက ဇာတ်လမ်းလေး တစ်ခုနဲ့ သွားတူနေပါတယ်။ တပ်ထဲမှာ တပ်ကြပ်ကြီးက သူ့အထက် စစ်ဗိုလ်က မတရားလုပ်တာကို မကျေနပ်ဘူး။ အထက်အရာရှိဆိုတော့ ဆဲလို့ကလည်း မဖြစ်ဘူး။ ဆဲလည်း ဆဲချင်တယ်။ ဒီတော့ “ငါကလည်း -ီး လိုလိုပဲ – ငါတို့ ဗိုလ်ကြီးကလည်း ငါ့လိုလိုပဲ” လို့ ဆဲလိုက်တယ်။ ဒါကို ဘေးကနေကြားရတဲ့ မီဒီယာက “တပ်ကြပ်ကြီးက ဗိုလ်ကြီးကို ဆဲတယ်” ဆိုပြီး သတင်းခေါင်းစဉ်တပ်လိုက်တယ်။
ဒီလိုခေါင်းစဉ် တပ်တာကို တပ်တွင်းပုန်ကန်မှုဖြစ်ပွားအောင် သွေးဆောင်ရေးသားတာပါ ဆိုပြီး အဲဒီသတင်းရေးတဲ့ မီဒီယာကို တရားစွဲမယ် ဆိုတဲ့ ပုံစံမျိုးပါပဲ။ စိတ်လိုက်မာန်ပါနဲ့ အမှုတွေတည်ဆောက်၊ ဥပဒေပုဒ်မတွေ တပ်ပြီး တရားစွဲမယ်လို့ ကြေညာပြီးခါမှဒီလို တရားစွဲလိုက်ရင် တပ်ကြပ်ကြီးနဲ့ဗိုလ်ကြီးအကြားက အရှုပ်ထုပ်ကို ဖြေပြရတော့မယ်။ ဖြေပြလို့က မဖြစ်ဘူး၊ ဒီတော့ မဖြစ်ချေဘူးဆိုပြီး နောက်ဆုတ်သွားရတဲ့အဖြစ်မျိုးပါ။
“မေတ္တာမွန်စာလွှာ”ထွက်လာပြီးနောက်မှာ စစ်တပ်ပိုင် မြဝတီသတင်းစာထဲကနေ ဗိုလ်ရွှေမန်းကို “လောက်အတိပြီးတဲ့ သဖန်သီး” လို့ ကွက်ကွက်ကွင်ကွင်း သရုပ်ဖော်ပါတယ်။ သဖန်းသီးတွေအကြောင်းကို သဖန်းသီးတွေ အချင်းချင်းက ပိုသိမှာပေါ့။ စစ်အုပ်စုကို ဒီလို “သဖန်းသီးပုပ်တွေ”နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။
