ကမ္ဘာ့နိုင်ငံရေးလောကမှာ အစိုးရထဲကအစိုးရ (state within a state) ဆိုတဲ့ဆိုနည်းတခု ရှိပါတယ်။ အဓိပ္ပာယ်က အစိုးရတရပ် တရားဝင်ရှိနေလျက်နဲ့ နောက်ကွယ်မှာ၊ ဒါမှမဟုတ် ဒီအစိုးရထဲမှာပဲ ဒီအစိုးရကို ညွှန်ကြားနေ၊ ချုပ်ကိုင်နေတဲ့ အင်အားစုတရပ် တည်ရှိနေတယ်လို့ ဆိုလိုတာပါ။
ဒါဆိုရင် ဘာကိုရေးချင်လို့ အစချီနေတယ်ဆိုတာကို သိကြမှာပါ။
ဟုတ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ တက်လာမယ့်အစိုးရနဲဲ့့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အခွင့်အာဏာတွေ ကျင့်သုံးနေမယ့် ကာလုံနဲ့စစ်တပ်တို့ရဲ့အခန်း ဖြစ်ပါတယ်။
အခုအခါမှာ ကမ္ဘာကရော ဗမာပြည်သားတွေက ပူပန်မှုအပြည့်နဲ့ စောင့်ကြည့်နေကြတာဟာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို တကယ်ပဲ အာဏာလွှဲပေးပါ့မလား ဆိုတာပါ။ ဗိုလ်သိန်းစိန်က လွှဲပေးမယ်ပြောပြီး ဗိုလ်မင်းအောင်လှိုင်ကတော့ “တကယ်လို့”၊ “ဒါပေမဲ့”ဆိုတဲ့ စကားတွေခံပြီး ပြောပါတယ်။ ဒါဟာ သူတို့တလျှောက်လုံး က’နေတဲ့ ဇာတ်ထုပ်အတိုင်း တယောက်က မင်းသားလုပ်၊ တယောက်က ကုန်း (ဂုန်း) ရုပ်လုပ်ဆိုတဲ့ ဇာတ်ခွဲပုံအတိုင်း ဆက်က’နေတာ ဖြစ်ပါတယ်။ တနည်း- ဆက်ညာနေတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကို တမင်မွေးထား၊ မီးမငြိမ်းအောင် မပြတ်လုပ်နေတဲ့ စစ်အုပ်စုအနေနဲ့ တိုင်းပြည်မတည်ငြိမ်လို့ အာဏာလွှဲမပေးနိုင်ဘူး၊ တိုင်းပြည်မတည်ငြိမ်လို့ အာဏာသိမ်းရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ အင်မတန်အသုံးတည့်တဲ့ ဆင်ခြေတွေ ဖြစ်နေမှာပါပဲ။ နောက်ပြီး ဒီကာလတလျှောက် တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ အေးချမ်းတဲ့ ကျောင်းသားဆန္ဒပြပွဲကနေ ရဲလက်စွမ်းပြ နှိမ်နင်းပွဲကြီးဖြစ်သွားတာ စတာတွေကို ဘယ်သူတွေက ဘာကြောင့်ဖန်တီးခဲ့တယ် ဆိုတာကိုလည်း စဉ်းစားရ လွယ်သွားစေပါတယ်။
ဒါတွေထက် ပိုစိုးရိမ်စရာကောင်းတာကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရဆိုရင် အရေးကြီးတဲ့ ဝန်ကြီးဌာနသုံးခုကို အစိုးရဆိုတာက ချုပ်ကိုင်လို့မရဖြစ်မယ့်ကိစ္စပါ။ ဒီဝန်ကြီးတွေဆိုတာက အဲဒီအစိုးရက ခန့်အပ်တဲ့ ဝန်ကြီးတွေမှ မဟုတ်တာ။ ကာချုပ်က ခန့်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အထက်တနေရာကနေ အမိန့်ပေးမယ်၊ အဲဒီဝန်ကြီးတွေကို ကာလုံက အမိန့်ပေးမယ်၊ ဒါဆိုရင် ဒီအစိုးရဟာ တဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းတာထက်တောင်ဆိုးတဲ့ အနေအထား ဖြစ်မှာပါ။ တဦးက လက်နက်မဲ့၊ တဦးက လက်နက်ကို်င်ဆိုတော့ တဂူထဲနေရတာ ဘယ်လိုရှိမလဲ တွေးသာကြည့်ကြပါတော့။ ဒါသာမက သူတကာ ပြောကြသလို ကာလုံကို ဗိုလ်သန်းရွှေက နောက်ကနေ ချုပ်ကိုင်နေတာ မှန်ရင်တော့ လျှပ်စစ်လိုင်းသာဆိုရင် ကြိုးတွေရှုပ်ပြီး ရှော့တွေဖြစ်ကုန်တော့မှာပါ။
လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ ဒီချုပ်အစိုးရက ငြိမ်းချမ်းရေးအတွက် လုံးပန်းတယ်ဆိုပါစို့။ စစ်တပ်က ထိုးစစ်တွေ ဆင်နေရင် ဘယ်လိုစကားပြောလို့ ဖြစ်ပါ့မလဲ။ စစ်တပ်ကို အမိန့်မပေးနိုင်ပေမယ့် တာဝန်ရှိတဲ့ အစိုးရအနေနဲ့ အဲဒီတိုက်ခိုက်မှုတွေကို ကြံဖန်ကာကွယ်ပြောရပါတော့မယ်။ ပြည်ထဲရေးဌာနက နိုင်ငံရေးအကျဉ်းသားတွေဖမ်း၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုရင်ရော-။ အဲဒီအစိုးရက ဒါဟာ လုပ်သင့်လို့ လုပ်တာပါလို့ အငှားဗိုက်နဲ့ ဓားထိုးခံမှာလား။ ကျုပ်တို့လုပ်တာ မဟုတ်ပါဘူး၊ သူတို့လုပ်တာပါလို့ အမှန်အတိုင်းပြောရင် ဘာဖြစ်သွားမလဲ။
နောက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ဆိုင်တဲ့ နယ်စပ်ဆိုတာက ဒီနေ့အခါမှာ ပြည်တွင်းစစ်တွေ ဖြစ်စရာအကြောင်းရင်းတွေ အမြောက်အမြားတည်ရှိနေတဲ့၊ ဗမာ့ကုန်သွယ်ရေးရဲ့ တဝက်လောက် ဖြတ်သန်းနေတဲ့၊ သဘာဝသယံဇာတမျိုးစုံ တည်ရှိတဲ့နေရာတွေ မဟုတ်လား။ ဗိုလ်ခင်ညွန့်ကို အရေးယူတုန်းက နယ်စပ်တလျှောက်မှာရှိတဲ့ ထောက်လှမ်းရေးတွေ တလှေကြီးပြုတ်သွားကြ၊ ထောင်ထဲရောက်သွားကြတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဆိုလိုတာက မီးစတွေ အများကြီး တည်ရှိတယ်ဆိုတာ ဖြစ်ပါတယ်။
သေချာတွေးလေ ရင်လေးရလေပါ။
ဒီတခါ ရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးက မဲတွေပုံအောပေးခဲ့တာဟာ အပြောင်းအလဲလိုချင်လို့ဖြစ်တယ်ဆိုတာ လူတိုင်းသိ၊ လူတိုင်းဝန်ခံပါတယ်။ ဒါဖြင့် သူတို့လိုချင်တဲ့ အပြောင်းအလဲဟာဘာလဲ။ ဟိုဟာလိုလို၊ ဒီဟာလိုလို၊ အာကရံ၊ ပါကရံတွေ မဟုတ်ပါဘူး။ လမ်းဖောက်ပေးဖို့၊ ဆေးပေးခန်းဆောက်ပေးဖို့ စတာတွေဟာ ဒေသအမတ်အတွက် မဲတောင်းစရာ လုပ်ငန်းတွေသာ ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုချင်နေတာက နှစ်ပေါင်း ၅၀ ကျော် သဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ရေးပဲ ဖြစ်ပါတယ်။ ဒီထက် တပြားသားမှ မလျှော့နိုင်ပါဘူး။
ပထမဆုံး ဖြေရှင်းရမယ့်ကိစ္စဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးလို့ ထင်ပါတယ်။ ဒါကို မဖျက်သိမ်းနိုင်ဘဲ ဒီအတိုင်းဆက်သွားနေရင် စစ်တပ်နဲ့အစိုးရ ဘယ်သူက အထက်ကလဲလို့ မေးနေရပြီး အစိုးရဆိုသူတွေ နေ့စဉ်မနက်တိုင် အိပ်ရာထတိုင်း ကိုယ့်ခေါင်းကိုယ်စမ်းနေရမယ့်ကိန်း ဆိုက်ပါလိမ့်မယ်။ မြွေပွေးခါးပိုက်ပိုက်ထားရတဲ့ အဖြစ်ထက် ပိုဆိုးတဲ့အဖြစ်မျိုး ကြုံတွေ့ရမှာပါ။
နောက်ပြီး နိုင်ငံတကာအလယ်မှာ စစ်တပ်နဲ့ရဲကို အမိန့်မပေးနိုင်၊ မချုပ်ကိုင်နိုင်တဲ့အစိုးရတရပ်ကို တခြားနိုင်ငံအစိုးရတွေက ဘယ်လိုကြည့်ကြ၊ သဘောထားကြမလဲဆိုတာကိုလည်း စဉ်းစားကြည့်သင့်ပါတယ်။
ဒီတော့ တောထဲက လူသားစားကျားရိုင်းကို ယဉ်ပါးအောင် လုပ်နိုင်မလုပ်နိုင်ဆိုတာဟာ နောက်တက်မယ့် ဒီချုပ်အစိုးရအတွက် ကြီးမားတဲ့စမ်းသပ်မှုကြီး ဖြစ်မှာပါ။ မတော်ရင် ကိုယ်ပါအစားခံနိုင်ရတယ်ဆိုတာကိုလည်း သဘောပေါက်ရမှာပါ။
ပြည်သူလူထုထောက်ခံမှုနဲ့ အစိုးရဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူနဲ့တသားတည်း ဆက်ချီတက်မှ ဘဝအာမခံချက် ရှိပါမယ်။ ပြည်သူနဲ့တသားတည်း ဆက်ရှိဖို့ဆိုရင် ပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရပါလိမ့်မယ်။ နောက်အစိုးရအဖို့ လက်တွေ့လုပ်ငန်းတွေမှာ အခက်အခဲတွေ အများကြီး ကြုံရဦးမယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကြပ်ပြေးမြို့တော်မှာရော ကျေးရွာတွေ တောင်ပေါ်တွေမှာပါ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနဆိုတာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိပ်တိုက်တွေ့ကြရမှာ သေချာပါတယ်။
ပိုဆိုးတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေနှင့်အညီ အာဏာသိမ်းခွင့်ပေးထားတယ်လေ။
ကွန်မြူနစ်ကတော့ ကွန်မြူနစ်လိုပဲ တွေးပါတယ်။ အာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်ဆိုတာပါ။
(ပြည်သူ့အာဏာ အမှတ် ၃၉ မှ ဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါတယ််။)
