Monthly Archives: December 2024

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် သဝဏ်လွှာ

အဓိပ္ပာယ်ရှိသောရှင်သန်ခြင်း (သို့မဟုတ်) ရဲဘော်လေးမောင်

ထွန်းမြတ်ကျော်

(၁)

သာမန် လူတယောက်အတွက် သက်တမ်းမည်မျှရှင်သန် နေထိုင်သွားကြရပါသနည်း။

သည့်အတွက် အဖြေကတော့ ရက်သတ္တပတ် ၄၀၀၀ (လေးထောင်) ပါ။ ကျန်းမာသောပုံမှန် လူတယောက် အသက်အရွယ် အပိုင်းအခြားအရဆိုပါမူ အသက် ၈၀ နှစ်။ အသက် ၄၀ နှစ် ရှိသောလူတယောက်အတွက်မူ

သူအသက်ရှင် နေထိုင်ရန် ကျန်ရှိမည့် ရက်မှာရက်သတ္တပတ် ၂၀၀၀ (နှစ်ထောင်) သာကျန်ရှိတော့မည်။

ကျနော်တို့ အသက်ရှင်နေထိုင်ခဲ့ပြီးသော အချိန်များ။ဆက်လက်ရှင်သန် နေထိုင်ရဦးမည့် နေ့ရက်များအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ။ ဘယ်သူ့အတွက် ဘာတွေဆက်လုပ်ပြီး ရှင်သန်ကြမှာလဲ။

အဓိပ္ပါယ်ရှိသောရှင်သန်ခြင်းဖြင့် နေထိုင်ခဲ့ကြပြီးပြီဆိုလျှင်လည်း ကျန်ရှိရက်သတ္တပတ်များအတွက် ဘယ်လိုအဓိပ္ပါယ်ရှိရှိရှင်သန်နေထိုင်ကြမည်နည်း။

တချို့လူများသည် သက်တန်းစေ့ မနေထိုင်လိုက်ရသော်လည်း ရှင်သန်နေစဉ် ကာလတိုလေးကို လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် မိမိအသက်ကိုပေးဆပ်သွားခဲ့ကြပြီး အာဇာနည်သူရဲကောင်းများအဖြစ် ကျဆုံးသွားခဲ့ကြသည်။ မပြည့်စုံသေးသော အာဇာနည်များ၏ သမိုင်းမော်ကွန်းရေးထိမှု အနေဖြင့် ဖော်ပြရပါက အသက်ငယ်ငယ်နှင့် ကျဆုံးသွားသူများ အများအပြား ရှိကြပါလိမ့်မည်။ ကျနော် မှတ်မိသမျှထဲမှ ဥပမာအဖြစ် အာဇာနည်တချို့ကို ဖော်ပြရမည်ဆိုပါက-

ဗိုလ်တင်အောင် (၁၂)နှစ် ၁၃၀၀ ပြည့် အရေးတော်ပုံ

(မန္တလေးအာဇာနည် ၁၇ဦိးတွင် အသက်အငယ်ဆုံး)

ဗိုလ်အောင်ကျော် (၂၀)နှစ် ၁၃၀၀ပြည့်အရေးတော်ပုံ

ဆလိုင်းတင်မောင်ဦး (၂၅)နှစ် ၁၉၇၆ အရေးတော်ပုံ

မောင်ဖုန်းမော် (၂၃)နှစ် ၁၉၈၈ အရေးတော်ပုံ

ကိုစိုးနိုင် (၂၂)နှစ် ၁၉၈၈ အရေးတော်ပုံ

မဝင်းမော်ဦး (၁၆)နှစ် ၁၉၈၈ အရေးတော်ပုံ

မြသွဲ့သွဲ့ခိုင် (၂၀)နှစ် နွေဦးတော်လှန်ရေး

ဝေယံဟိန်း (၁၆)နှစ် နွေဦးတော်လှန်ရေး

မကြယ်စင်(ခ)ကျားရှီး (၁၉နှစ်) နွေဦးတော်လှန်ရေး

လက်ရှိနွေဦးတော်လှန်ရေးတွင် နေရာဒေသပေါင်းစုံထောင့်ပေါင်းစုံမှ တိုက်ပွဲဝင်နေကြသောတော်လှန်ရေးရဲဘော်များသည် အဓိပ္ပါယ်ရှိသောရှင်သန်နေကြသောသူတွေပင် မဟုတ်ပါလော။

(၂)

ရဲဘော်စိုးဝင်း

ရန်ကုန်မိုးက အငြိုးတကြီးရွာနေသည်။ ထီးမလုံတာကြောင့် ကျနော့်အောက်ပိုင်းတခုလုံးစိုရွဲသွားသည်။ အပြင်တွင်အေးမြနေသော်လည်းတကိုယ်လုံးခြစ်ခြစ်တောက် ပူနေသည်။ သိလိုက်သည်။ကျနော့်ဖျားနေပါပြီ။ ရန်ကုန်ဘူတာကြီးမှတ်တိုင်တွင် လူအချို့ ကားစောင့်နေသော်လည်းကျနော်ကကားစောင့်သူမဟုတ်။ ရဲဘော် စိုးဝင်းနှင့်ချိန်းထားသဖြင့် စောင့်ဆိုင်းခြင်းသာ။

မကြာမီရဲဘော်စိုးဝင်းကိုခပ်လှမ်းလှမ်းကမြင်တွေ့ လိုက်သည်။

လူပုံကအရပ်ခပ်ပြတ်ပြတ် လည်ကတုံးအင်္ကျီအဖြူတိုက်ပုံအနက်ရောင်၊ချည်ချောလုံချည်အကွက်ကြဲကြဲ၊အင်းလေးလွယ်အိတ်ကိုညာဘက်တွင်လွယ်။လက်သုတ်ပဝါစည်းထားသောထမင်းချိုင့်နှင့် ထီးကိုဘယ်လက်တွင် ကိုင်လျှက်။

“ရဲဘော် ဘူတာထဲသွားရအောင်”

စင်္ကြန် ၁ ထိုင်ခုံနားရောက်တော့ ကျနော်မဟန်နိုင်တော့။ခေါင်းထဲမူးဝေဝေဖြစ်လာသည်။ ရဲဘော်စိုးဝင်းက ကျနော့်လက်ကိုဖမ်းဆွဲလိုက်ပြီး

“ ကိုယ်တွေပူနေတယ် နေမကောင်းဘူးထင်တယ်။ နောက် ၁၀ ရက်နေမှ ပြန်တွေ့မယ်။ ခုပဲအိမ်ပြန်တော့ ။”

ကျနော်ကခေါင်းညိတ်လိုက်ပြီးခုံပေါ်ထိုင်ကျန်ခဲ့သည်။သူကမီးရထားဂုံးကျော်တံတားဘက်ခပ်သွက်သွက်လျောက်လှမ်းနေသည်။

ယူဂျီအလုပ်ဆိုတော့ သည်အတိုင်းပင်။ သူ့နေရာကိုယ်နေရာသိ၍မရ။သူဘာကောင်ကိုယ်ဘာကောင် သိ၍မရ။ကျနော့် မျက်နှာမူရာအရပ် ကိုပင် မသိရကောင်းသဖြင့် လူခွဲလိုက်ကြရခြင်းဖြစ်သည်။

ကျနော်အပါအဝင် ရဲဘော် သုံးယောက် ဆဲလ်ကိုရဲဘော်စိုးဝင်းကတာဝန်ယူထားသည်။ အစုဆွေးနွေးပွဲရှိမှ သုံးယောက်သားဆုံကြသည်။ ထူးခြားမှုမရှိပါက တွေ့၊ခွဲ၊ချိန်းပါ။

မှတ်မှတ်ရရ ၁၉၇၈ဇူလိုင်လတရက် ညပိုင်းချိန်းထားသောနေရာအရောက် ရဲဘော်စိုးဝင်းကမျက်နှာသုံသုံမှုန်မှုန်ဖြင့် ပြောလိုက်သည်။

“ကိုအေးသောင် ကိုခွေးတွေဆွဲသွားပြီကျနော်တို့ ခပ်ခပ်ခွာခွာချိန်းကြရအောင်။”

သည်နောက် ၁၀ရက်-၁၅ရက်စသည်ဖြင့် တွေ့ကြသည်။ ထူးခြားမှုမရှိသေး။ သြဂုတ်လလည်လောက်တွင် ကျနော်နှင့် ရဲဘော်စိုးဝင်းတို့ တွေ့ကြရာသူကမကြာခင် ခရီးထွက်ရမည်ဖြစ်ကြောင်း၊ ကျန်ရဲဘော်များနှင့် အဆက်အသွယ်မပြတ် ဆက်သွယ်ရန် မှာကြားခဲ့သည်။ ကျနော်နှင့် သူရန်ကုန်မှာနောက်ဆုံးတွေ့ ဆုံရသောနေ့ရက်များပင်ဖြစ်တော့သည်။ ထို့ပြင် ကျန်ရဲဘော်များသည်ချိန်းသည့်ရက်တွင်ရောက်မလာတော့။စည်းကမ်းအတိုင်းနေရာရွေ့ တရက်ကျော် စောင့် ဆိုင်းသော်လည်းထူးခြားမှုမရှိသဖြင့် ထိုရဲဘော်များလည်းရန်သူလက် ကျရောက်သွားပြီဟုမှတ်ယူရပေသည်။ ထို့ပြင် ကျနော်နှင့် အနီးကပ် နေသောရဲဘော်တဦးလည်းရန်သူလက်ကျရောက် သွားပြန်သည်။

သို့နှင့် ကျနော်တဦးတည်းသာသတိနှင့် သွားလာလှုပ်ရှားရင်းပါတီနှင့်အဆက်အသွယ်ရရေးစောင့်မျှော် နေထိုင်ရတော့သည်။

သြဂုတ်လတလလုံးရန်ကုန်မိုးကအငြိုးတကြီးရွာနေဆဲပင်။

(၃)

ရဲဘော်လေးမောင်

ကျနော် ပန်ဆန်းရောက်ပြီးနောက်တရက်မှာပင် စစ်အင်္ကျီ ။ဘောင်းဘီဖားဖားလျားလျားရဲဘော်တယောက် ကျနော့်နားလာရောက် နုတ်ဆက်သည်။ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။သူကရဲဘော်စိုးဝင်း။

ကျနော်ရဲဘော်လေးမောင်ပါ။ရဲဘော်ရောက်နေတယ်ဆိုလို့လာနုတ်ဆက်တာလေ။ အော် ရဲဘော် စိုးဝင်းတဖြစ်လည်း ရဲဘော်လေးမောင် ။ ကျနော်သည် နောက်ပိုင်းရဲဘော်လေးမောင်နှင့် ကန−၃ တွင် အလုပ်အတူလုပ်ဖြစ်ကြသည်။

တပ်မ၄၈ အောက်မှ ဌာနတခုအဖြစ် ကျနော်၊ ရဲဘော်လေးမောင် ကျန် ရဲဘော် ၂ ဦးခန့်ဖြင့် လှုပ်ရှားဆောင်ရွက် ကြရသည်။ သူကတာဝန်ခံဖြစ်နေပါပြီ။ကျန်ရဲဘော်များနှင့် ကျနော်မှာပညာသင်အဆင့်ပါ။

ကန ၃ အလုပ်မှာပင်ပန်းသည်။မိမိကိုယ်ပိုင် အချိန်မရှိ။ အချိန်တိုင်းအလုပ်ပေါ်တွင် သာနှစ်ထားရသလိုပင်။သို့သော် ကျနော်တို့မှာပါတီလိုအပ်ချက် အလုပ်။စစ်ရေးအရထိရောက်သောလုပ်ငန်းဖြစ်သဖြင့် ဇွဲနပဲနှင့်လုပ်ကြသည်။

ကျနော်နှင့် ရဲဘော်လေးမောင် နှစ်ဦးသာလုပ်ငန်းတွင် စွဲမြဲစွာကျန်ရစ်ပြီးကျန်ရဲဘော်များထွက်သွားကြသည်။ ထို့ကြောင့် ဝရဲဘော်များကိုမြန်မာစာသင်ပေးပြီးလုပ်ငန်းအတွက် မွေးမြူကြရသည်။ လုံခြုံရေးအရစခန်းကို ပန်ပွဲတောင်ပေါ်သို့ ပြောင်းရွေ့ပြီးအခြေစိုက်လိုက်သည်။စခန်းသို့ မသက်ဆိုင်သူများမလာရဟု စည်းကမ်းထုတ်ထားသည်။ စခန်းတွင် ကျနော်တို့အပါအဝင် ရဲဘော် ၈ ယောက် ရှိသည်။ မနက် ထုတ်လုပ်ရေးလုပ်၊ နေ့လည်စာစားပြီးလုပ်ငန်းလေ့ကျင့်ရေး ၊ ညနေဘက် မြန်မာစာသင်ကြားရေး။ တခါတရံညဘက် ဆွေးနွေးပွဲထိုင်သည်။

ကျနော်တို့ နှစ်ယောက် ညဉ့်နက်၊ မိုးလင်းမှသာအိပ်ရသည့် ရက်တွေများသည်။

ဘယ်သောအခါမှ အိပ်ရေးမဝခဲ့ကြ။လုပ်ငန်းအရေးကြီး လျှင် ကျန်တာတွေရပ်ဆိုင်းထားလိုက်ရသည်။

ရဲဘော်လေးမောင် မှာပန်းနာရင်ကြပ် ရောဂါရှိသည်။ထို့ပြင်အမှောင်ထဲတွင် ညမအိပ်တတ်။ ကုတင်ဘေးတွင် ဖယောင်းတိုင်လေးထွန်းပြီး အိပ်တတ်သည်။နောင်တွင် ပါတီငွေဖြုန်းတီးသလိုပဲဆိုပြီး ထင်းလေးနှစ် ချောင်းဆိုင် ပြီးထွက်လာသော အလင်းရောင်ဖြင့်သာအိပ်တော့သည်။

အလုပ်လုပ်ပြီဆို မျက်နှာသုတ်ပဝါ ခေါင်းမှ လည်အထိပတ်ပြီးခေါင်းမဖော်အောင် လုပ်သည်။ ဘယ်အချိန် ရေးရေး သူ့လက်ရေးမှာဒင်္ဂါးလေးလိုဝိုင်းစက် လှပ လျှက်ရှိသည်။ မည်သို့ပင် အအိပ်နည်းလည်း မနက်ဆိုလန်းဆန်းနေတတ်သည်။ ထုတ်လုပ်ရေးလုပ် ၊စာသင်၊လုပ်ငန်းလည်ပတ်ရေး၊နေထိုင်စားသောက်ရေးပုံမှန်လည်ပတ်ရေးစသည်ဖြင့် ကျနော်တို့မှာအချိန်အားမရှိ။ ရတတ်သမျှ အချိန်လေးတွင် လေ့လာရေးဆွေးနွေးရေးတွေလုပ်လိုက်သေးသည်။ လုပ်ငန်းရေရှည် တည်တံ့ရေးအကျိုးရှိရှိအသုံးချရေးကိစ္စတွေကိုနေ့စဉ်မပြတ် ဆောင်ရွက် ရသည်မှာရင်မောစရာပင်။ သို့သော် ရဲဘော်လေးမောင် မှာဘယ်တော့မှ မောသည်ပန်းသည် ပျင်းသည် ဟုတခါမှမတွေ့ရ။ မြေလွှတ်မြေရိုင်းတွေဖော်သည်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်သည်။ထင်းခွေသည်။ရဲဘော်တွေနေဖို့တဲတန်းလျားဆောက်သည်။သက်ကယ်ရိတ်သည်။ တနှစ် (၃) လ ကိုယ့် ထူးကိုယ်ချွန် လုပ်မယ်လို့ တောင်းဆိုလိုက်တော့ ကျနော်တို့ နှစ်ယောက်ကိုအားပေးသူလဲရှိ ။ မကြိုက်သူလဲရှိ။ ကျနော်တို့ ကတော့ ဆက်လက်ချီတက်ဆဲ။

(၄)

“အဆင့်ဆင့် အထပ်ထပ်ကြင်မကွယ့်−− နောင်ခါမပြယ်−−− မြင့်မြင့်မြတ်မြတ် ခင် မယ့် မောင်ပါကွယ်”

ရဲဘော်လေးမောင်ကကိုမင်းနောင် သီချင်းကိုဆိုလိုက်သည်။ ပန်ပွဲ −ပန်ဆန်းသွားမြေလမ်းကလေးမှာဖြစ်သည်။ထိုနေ့ကလပြည့်နေ့ဖြစ်သဖြင့် မြေသားလမ်းပေါ်သို့ ဝင့်ဝင့်ဝါဝါ အရောင် စလေးများဟိုတစသည် တစစွန်းထင်းလျက်။ ကျနော်တို့ ပန်ပွဲစခန်းကိုဖျက်သိမ်းပြီး ပန်ဆန်းကိုပြောင်းသောနေ့ဖြစ်သည်။ ရဲဘော်လေးမောင် ဇနီးဒေါ်မြင့်မြင့်လည်းလိုက်ပါ သဖြင့် ကျီစယ် လိုက်သောသီချင်းသံသည် ရင် ကိုအေးမြပီတိဖြစ်စေသည်။ပစ္စည်းအပြည့်တင်လာသောအညိုရင့်ရင့် လားနှစ်ကောင်၊ညဉ့်ယံလေနှင့်အတူပါလာသောတောနေကြာရိုင်းပန်းရနံ့ ၊စိမ်းမြမြတောရိပ်တောင်ရိပ် ၊အစိမ်းရောင် စစ်ယူနီဖောင်းဝတ် ရဲဘော် တွေ ၊အိုအသက်ဝင် လှပလိုက်သည့် ပန်းချီကားတချပ် ။

ရဲဘော်လေးမောင် က သီချင်းနှစ်ပုဒ် ဆိုဖူးပြီးပြည်သူ့အသံက လွှင့် သည်။ခေါင်းမာသောလူစားနှင့် မငြိမ်းမချမ်းမစိမ်းမလန်းဖြစ်ပြီးဒုတိယသီချင်းသွင်းစဉ်ကကျနော် ရှိသည်။မြန်မာဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ အပီသီဆိုခြင်းပင်။ကျနော်ကသည်လောက် အလုပ်များသည့် ကြားကဘယ်အချိန် သီချင်းတိုက် သီချင်းကျက် လိုက်သနည်းမစဉ်းစားတတ်။ သူကမြို့တွင် သီချင်းကြီးနှစ် ပုဒ် တက်ဖူးသည်ဟုပြောဖူးသည်။

ပန်ဆန်းဗဟိုရုံးကန(၃) အဖွဲ့နှင့် ပူးပေါင်းလိုက်ရာကျနော်တို့ အင်အားတောင့်တင်းသွားသည် ။ အလုပ်များလဲပိုမိုသွက်လက်စွာလုပ်ကိုင် နိုင်လေသည်။

သည်နှစ်များအတွင်းရှေ့တန်းသို့ အကြိမ်များစွာထွက်ဖြစ်သည်။တိုက်ပွဲများစွာဆင်နွဲခဲ့သည်။ရန်သူအင်အားအများအပြားချေမှုန်း နိုင်ခဲ့သည်။မင်းရန်အောင်(၁)/(၂)၊လွယ်ပန်လုံ၊နောင်အန်၊နောင်အော်။ကောင်လင်းကောင်လန်း၊ပန်ယန်း၊လွယ်ဟိုလာ၊တပ်ဘိုစံ၊လွယ်ခေါက်၊နမ့်ပေါင်။တန့်ယန်းမိုင်းရယ်ကားလမ်း။

မိုင်းယန်းတိုက်ပွဲကြီး

ထိုတိုက်ပွဲအားလုံးတွင် ရဲဘော်လေးမောင် ပါဝင်ခဲ့သည်။ တချို့တိုက်ပွဲများတွင် သူကအဖွဲ့ခေါင်းဆောင် အဖြစ် ကျနော် တို့ကိုဦးဆောင်ခဲ့သည်။

တိုက်ပွဲနားချိန် တွင် ဗဟိုရုံးရိက္ခာရုံ ၊ထုတ်လုပ်ရေး၊ကြံစိုက်ပျိုးရေး ၊ငါးမွေးမြူရေးတို့ကိုဦးစီးဦးဆောင် အခန်း က တက်တက်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်ပေသည်။

သည်လိုနှင့် ၁၉၈၉ဝဒေသခွဲထွက် ပုန်ကန်မှုကြီးဖြစ်လာခဲ့တော့သည်။

ထိုနေ့ ညကတည်းက ဝ တပ်ဖွဲ့အများအပြားပန်ဆန်းသို့ ကားများဖြင့်ဆင်းလာကြောင်း သိရသဖြင့် ကျနော်တို့အားလုံးတပ်လှန့်ထားသည်။တညလုံးမအိပ်ရ။မနက်မိုးလင်းသည်နှင့် ကျနော်တို့ တပ်စုမှူးကဝတပ်များဗဟိုရုံးသို့ ချီတက်လာပြီဖြစ်ကြောင်းသတင်းရသဖြင့် ကျနော် ၊ ရဲဘော်လေးမောင်၊ ရဲဘော်ထွန်းမြတ်၊ ဝရဲဘော် တဦးကို ကာကင်းထုတ်ရန် အမိန့်ပေးသည်။ ကျနော်တို့ လေးဦး တောင်ကုန်းအပေါ်ဘက် ဝ တပ်ဖွဲ့များလာရာလမ်းကိုလူခွဲစောင့်ကြသည်။

အဝေးမှ ဝတပ်ဖွဲ့များ တက်လာပေပြီ။ ကျနော်တို့ ခုခံမည်လော ။ပစ်ခတ်မည်လော။ ပစ် မိန့်ပေးပါ။ခုခံပစ်မည်ဆိုပါကကျည် လူလက်နက် ထပ်ဆောင်းပေးပါ။ဆက်သွယ်ရေးစက် မရှိပါ။ ရဲဘော်လေးမောင်ကိုဆက်သားအဖြစ် ဗဟိုရုံးအတွင်းသို့ ပြန်လွှတ်ရန် ဆုံးဖြတ်ကြသည်။ရဲဘော် လေးမောင် အလျင်အမြန် ပြေးထွက်သွားသည်။ ကျနော့် သူ့ကိုနောက်ဆုံးတွေ့မြင်ရမည့် မြင်ကွင်းဟု ကျနော် မထင်မှတ်ခဲ့ပါ။ သူပေါ်မလာတော့ပါ။

ကျနော်တို့နှင့် အတူပါလာသော ဝရဲဘော်က ရှေ့တက်လာတဲ့ အဖွဲ့နဲ့ နောက်ကအဖွဲ့ ပူးပေါင်းသွားပြီ။ ကျနော်တို့ ညှပ်မိနေပြီ။အမြန် ဆုတ်မှ ဖြစ်မည် ဆိုသဖြင့် တောင်ကုန်းအောက်ဖက် လျှိုကလေးအတိုင်းသေနတ်လွယ် ၍ ဆင်းခဲ့ကြသည်။

(၅)

ရဲဘော်အေးကြိုင်

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်ရုံး။

‘ကျနော် ပါတီကိုထွက်လာတော့ ရုံးကစာရွက်စာတန်းအပြည့်အစုံနဲ့ဗျ လမ်းမှာဟိုကောင်တွေ (စစ်ခွေး) တွေစစ်တော့ အသာထုတ်ပြရုံပဲ ။ဘာမှ မပြောဘူး’

‘ကျနော့် ရုံးစားပွဲအံဆွဲထဲမှာသာယာဝတီစက်ရုံထုတ် ထမင်းစားပန်းကန် တစုံရှိထားခဲ့တယ်ဗျ။ ကျန်တဲ့သူတွေသုံးရအောင်လို့။’

ရဲဘော်လေးမောင် ရန်ကုန်ကထွက်ခွာလာခဲ့ပုံကိုစကားစပ်မိရင်ပြောပြတတ်သည်။ဇီးကုန်းမြို့ဇာတိ ကွန်းခြံကုန်းမှာကြီးပြင်း ရန်ကုန်မှာအလုပ်လုပ်သူဖြစ်သည်။ UG ရဲဘော်အဖြစ် ပါတီတာဝန်တွေကို သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့သူပါ။

ဝ တပ်ဖွဲ့များအာဏာသိမ်းပြီး တတိယမြောက်နေ့ တရုတ်ပြည်ဖက်ခြမ်း မုံအာမြို့လေးမှပန်ဆန်းတဖက်ကမ်းကိုကျနော်ကလှမ်းကြည့်နေမိသည်။

နမ့်ခချောင်းရေက ကြည်လင်စွာစီးဆင်းနေလျက်။မိုးမခပင်တောအုပ်ကလေအဝှေ့ မှာတရှဲရှဲအော်ကြသည်။ ရော်ဘာပင်တန်းကလေးက အစီအရီစီတန်းလျက်။ ငရုတ်ကောင်းအနွယ် တွေက တိုင်ကိုရစ်ပတ်နေပုံများကနုတ်ပန်းအလား သဏ္ဌာန် နန်းဆန်ဆန်။ပန်ဆန်းဖက်ကိုကျနော်လှမ်းမျော်ကြည်လိုက်သည်။ အမြင်အားလုံး ဝေဝါးနေသည်။ မျက်ရည်စတွေကအမြင် အာရုံကိုဖုံးကွယ် ထားသည်များလား။

ထိုစဉ် ရုတ်တရက် အနားရောက်လာသော ဆရာမနော်ဇိနာ (ကိုစောထိုဇနီး)က တအင်းအင်းငိုရင်းပြောသည်။

“ရဲဘော်လေးမောင် ရေနစ်ပြီးဆုံးသွားပြီ။ ကျမသားတူးတူးကိုကယ်ရင်းနဲ့လေ။”

ကျနော်သိပြီးပါပြီ။

ပန်ဆန်းဗဟိုရုံးလက်နက်ပြင်စက်ရုံအောက် နမ့်ခချောင်းဘက် ဆင်းသွားပါကကမ်းစပ်တွင် ဖျာတချပ်စာရှိကျောက်တုံးကြီးကိုတွေ့ရမည်။ ယင်းကျောက်တုံးကြီးသည်အပေါ်မျက်နှာပြင် ညီနေသော်လည်း အောက်ဖက်ရှူးသွားကာဇောက်နက်သည်။ ဝိုင်ခွက် မှောက်ထားသည့် ပုံသဏ္ဍန်။ ထို့ကြောင့် ရေအောက်ပိုင်းအတိမ်အနက် ကိုခန့်မှန်းမလွယ်။ ၄င်းနေရာမှတလံနှစ်လံအကွာတွင် ရေက ပေါင်ရင်းလောက်သာနက်သည်။ တခါကဝမြောက်ဒေသကအရပ်သားနှစ်ဦး ဗဟိုရုံးသို့ လာလည်ရင်းယင်းကျောက်ဖျာပေါ်မှ တဆင့်ရေဆင်းချိုးရာရေနစ်၍ ဆုံးပါးသွားဖူးသည်။ ရဲဘော်လေးမောင်နှင့် အဖွဲ့က ထိုနှစ်ဦး၏ အလောင်းအားဆယ်ယူ၍ စျာပနပြုလုပ်ပေးခဲ့သည်။

ကျနော်တို့ ကာကင်းမှ ပြန်လှည့်သွားခဲ့ပြီးဗဟိုရုံးမှ အမိန့်ယူလာသော ရဲဘော်လေးမောင် က ဝ တပ်ဖွဲ့ ဝင် တချို့နှင့်မျက်နှာချင်းဆိုင် တွေ့ သဖြင့် နမ့်ခချောင်းဘက်သို့ ဆင်းရှောင်လာသည်ဟုဆိုသည်။

နမ့်ခချောင်းကမ်းစပ်တွင် ရဲဘော်စောထိုမိသားစုနှင့်တွေ့ သည်။ သူတို့ မိသားစုချောင်းကိုအဖြတ် သူ့သားလေးတူးတူးရေနစ်နေသည်ကို တွေ့သောရဲဘော်လေးမောင်ကဆင်းကယ်သည်။ ပစ္စည်းအပြည့် ကျောပိုးအိတ် လွယ်ထားသော ရဲဘော်လေးမောင်ကကျောက် ဖျာပေါ်မှ အောက်သို့အဆင်းဇောက်နက်သောနေရာတွင် ရေနစ် ကျဆုံးသွားရှာသည်။

ကျနော်ကမနော်ဇီနာပြောပြနေသောစကားသံများကိုကြားတချက် မကြားတချက်ရင်ထဲဆို့နင့်နေသဖြင့်ဘာမှပြန်မပြောဖြစ်တော့။

အတွေးပလုံစီလျက်။

ရဲဘော်လေးမောင် ၏ပုပ္ပါးတောင် ကြီးလိုလေးလံသည့် သေခြင်းတရားနောက်ကွယ်ကကြီးမြတ်သောရှင်သန်ခြင်းတွေရှိနေသည် ကိုသတိပြုမိသည်။ ငှက်မွှေးလိုပေါ့ပါးရှင်သန်ခြင်းမျိုးမဟုတ်။သူကျဆုံးချိန်တွင် အသက် (၃၈ )နှစ်မျှ သာ။

သူရှင်သန်ခဲ့စဉ် က လုပ်ဆောင်ခဲ့သောအလုပ်များသည် သူ့အသက် နှစ်ပြန်စာမကရှိခဲ့မည်။ ပါတီ။ပြည်သူ။အနာဂတ် ယုံကြည်စိတ် ဖြင့် မဆုတ်မနစ် လုပ် ကိုင်ခဲ့သူဖြစ်သည်။

ကျနော်ကရှင်သန်ခြင်း ၏ အဓိပ္ပါယ်ကိုလက်တွေ့ အလုပ် ဖြင့် ညွှန်ပြ ပေးခဲ့သောရဲဘော်လေးမောင် ကိုအလေးနီအလီလီပြုလဲလုံလောက်မည် မဟုတ်ဟု ထင်မိလေတော့သည်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ထွက်ပေါက်ရှာရေးအိပ်မက်ကို ရိုက်ချိုးတိုက်ဖျက်ပစ်ကြစို့။

ဥဩချို

ရခိုင်ပြည်နယ်နေ့ကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ဖို့ ပြောလာတယ်။ ငါးဖယ်လန် ပြောင်းပြန်ပြောနည်းပဲ။ တိုက်တိုင်းရှုံး မအလ က ရခိုင်ပြည်နယ်မှာ အောင်ပွဲဆက်တိုက်ရနေတဲ့ အေအေကို လက်နက်ချဖို့ ပြောနေတာပဲ။ မိစ္ဆာတပ် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ မအလဟာ အညံ့ဆုံးလို့ ဆိုလောက်တဲ့ စစ်ခေါင်းဆောင်ပဲ။ သေသည်အထိ ဒါမျိုးပြောပြီး အသေထွက် ထွက်သွားမယ့်သူတွေပဲ လို့ ပထမတော့ ဒီအတိုင်း သာမန် တွေးမိတယ်။ ဒီနောက်တော့ သူ ဘာအားကိုးနဲ့ ဒီလို မဖြစ်နိုင်တဲ့တောင်းဆိုချက်နဲ့ အစချီတာလဲ လို့ စဉ်းစားမိပြန်တယ်။

သူက သူအားကိုးအားထားပြုဖို့ရာ သူ့ဘက်ပါနိုင်တဲ့ အင်အားကြီးနိုင်ငံတွေ ဆိုတဲ့ အမှီကို ရှာတာပဲ။ အဲဒီအားကိုးနဲ့ သူ ဒီလို စကားပြောထွက်လာတာလား။

နောက်တချက်ကတော့ သူ့ထွက်ပေါက် လမ်းစအပေါ်မှာ သူမျှော်လင့်ချက်ကြီးကြီးထားပြီး တော်လှန်ရေးအင်အားစုတွေကို လက်နက်စွန့်ဖို့ ပြောနေတာလား။

သူ့ထွက်ပေါက်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပြီး ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် အသုံးချချင်တဲ့အချက်လည်း ပါတယ်။ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်အုပ်စုအုပ်စိုးမှုဟာ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ တရားဝင်အာဏာပိုင် အစိုးရမဟုတ်ဘူး။ ဒီတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဝင်ထောက်ခံမှု၊ ထောက်ပံ့မှုနဲ့ နိုင်ငံရေးအကူအညီ၊ စီးပွားရေးအကူအညီတွေ သူမရနိုင်ဘူး။ ဒီတော့ အာဏာသိမ်းအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဘက်မှာ ဆုတ်ယုတ်ပြိုပျက်မှုတွေ တပုံတခေါင်းကြီး ဖြစ်နေတယ်။ သူသာ ရွေးကောက်ပွဲကို မဖြစ်မနေ ဖြစ်တဲ့နည်းနဲ့လုပ်ပြ၊ အဲဒီရွေးကောက်ပွဲကနေ သူ့ဘက်က ရနိုင်သမျှ အင်အားများနဲ့အစိုးရတရပ်ကို ထူ‌ထောင်ပြီး အဲဒီအစိုးရကို သူက အပိုင်အနိုင်အုပ်စီးထားရင် သူက ဥပဒေအရ အသိအမှတ်ပြုမှုရှိတဲ့ တရားဝင်အာဏာရအစိုးရဖြစ်ပြီ။ နိုင်ငံတကာနဲ့ဆက်ဆံရေး တရားဝင်ထူထောင်နိုင်ပြီ။ သူလိုချင်တဲ့ ဘက်ပေါင်းစုံအကူအညီတွေကိုလည်း တရားဝင်တောင်းခံနိုင်ပြီ။ ဒါ သူ့အတွက် လက်ငင်း စစ်ရေးအကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတို့က လွတ်စေမယ့် ထွက်ပေါက်ပဲ။ ဒါကို သူက ခဲ(ဂဲ)ပစ်လို့ပဲ ရရ၊ တုတ်(ဒုတ်) ပစ်လို့ပဲ ရရ၊ ရွေးကောက်ပွဲကို ရတဲ့နည်း ရတဲ့နေရာကနေ ဖြစ်အောင် လုပ်မှာပဲ။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို ၂၀၀၈ ခြေဥအောက် ရွေးကောက်ပွဲဝင်ခိုင်းမယ်။ ပီအာရ်စနစ် ကျင့်သုံးမယ်။ စစ်အာဏာ ထိပ်ဆုံးက ချုပ်ကိုင်ထားတဲ့ စစ်လွှတ်တော်ထဲ အထိုင်ခိုင်းမယ်။ မင်းအောင်လှိုင်က အဲဒီ စစ်အာဏာချုပ်ကိုင်ထားတဲ့ အစိုးရထဲမှာ သမ္မတလုပ်မယ်။ ဒါ သူ့အိပ်မက်ပဲ။ စစ်အုပ်စု အိပ်မက်လို့လဲ ပြောလို့ရတယ်။

ပြည်သူ့တော်လှန်ရေးသမားတွေကတော့ ကိုယ်လုပ်စရာရှိတာ လုပ်ရေးပဲ။ လက်နက်ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးပဲ။ စစ်အနိုင်တိုက်ရေးပဲ။ တနည်းအားဖြင့် တဦးတည်းသော ဘုံရန်သူကို မျက်ခြည်မပြတ်ရေးပဲ။ တော်လှန်ရေးအတွက် အကျိုးမရှိတာတွေ မလုပ်ရေး၊ အကျိုးရှိတာတွေလုပ်ရေးပဲ။ မင်းအောင်လှိုင်ပြောတဲ့ လက်နက်စွန့်ရေးနဲ့ဆန့်ကျင်ဖီလာ လက်နက်ကို တင်းတင်းကျပ်ကျပ် စွဲစွဲမြဲမြဲဆုပ်ကိုင်ထားရေးပဲ။ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာရင် လက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုမှာ ဘာမှ ရှိမှာမဟုတ်တော့ဘူး။ စစ်ကျွန်ဘဝ ပြန်ရောက်တာပဲ ဖြစ်လိမ့်မယ်။

မင်းအောင်လှိုင်တို့ စိတ်ကူးယဉ် အိပ်မက် မက်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုတာလည်း ဘုံရန်သူဦးတည်တိုက်ရေးထဲမှာ အကျုံးဝင်တယ်။ သူ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ရုံသာမက ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲဖြစ်မှာလည်း သေချာတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပြည်လုံးမဲဆန္ဒနယ် ၃၃၀ ရှိတဲ့အနက် ၃၁၅ နေရာ ကျင်းပနိုင်ခဲ့တယ်။ အခုတော့ အာဏာသိမ်းစစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲဟာ တပြည်လုံးမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ ၄၅ ရာခိုင်နှုန်းလောက်သာ ကျင်းပနိုင်မယ်လို့ စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတယ်။ ဒီ ၄၅ ရာခိုင်နှုန်း မဲဆန္ဒနယ်မှာတောင် တော်လှန်ရေးသမားတွေရဲ့ တိုက်ခိုက်မှုခံရလို့ ရွေးကောက်ပွဲပျက်သွားတဲ့ မဲဆန္ဒနယ်တွေက ရှိလိမ့်ဦးမယ်။ နောက်ထပ်တော်လှန်ရေးဘက်က ဒီအတောအတွင်း ထပ်သိမ်းတဲ့မြို့နယ်တွေ ရှိလိမ့်ဦးမယ်။ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲဖြစ်စေဦးတော့ တရားဝင်ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုပြီး မင်းအောင်လှိုင်စစ်အုပ်စုက ကျားကျား မီးယပ်လုပ်မှာကလည်း သေချာတယ်။

နောက်တချက်က အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယမ်တို့ကလည်း ရွေးကောက်ပွဲကျင်းပစေချင်နေတယ်။ ရွေးကောက်ပွဲ ဖြစ်စေဖို့ တွန်းအားပေးနေတာတွေ၊ ထောက်ပံ့ကူညီမှာတွေ ရှိနေတယ်။

ရွေးကောက်ပွဲမှာ သူတို့အသက်ရှူချောင်စေမယ့် အခွင့်သာချက်အနည်းအပါး ရှိလာရင်တောင် မင်းအောင်လှိုင်စစ်အုပ်စုအနေနဲ့ ထွက်ပေါက်ရသွားနိုင်တယ်။ သူထွက်ပေါက်ကို ပိတ်ရေး၊ မင်းအောင်လှိုင်ကို အခွင့်သာချက်တခုတလေမှ မပေးရေးဟာ တော်လှန်ရေးက လုပ်ရမယ့် လုပ်ငန်းတာဝန်တရပ်ဖြစ်တယ်။ ဘုံရန်သူဦးတည်တိုက်ရေးနဲ့ တဆက်တည်း ဖြစ်တယ်။

ပြည်တွင်းမှာလည်း ရွေးကောက်ပွဲကို မျှော်လင့်အားထားနေတဲ့အင်အားစုတွေ ရှိနိုင်တယ်။ ရှင်းရှင်းလင်းလင်းမြင်ကြဖို့က ၂၀၂၁ ပြည်သူ့တော်လှန်ရေးမှာ ပြည်သူလူထုက စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ရေးကို သန္နိဋ္ဌာန်ချထားပြီးပြီ၊ မိစ္ဆာစစ်အုပ်စု၊ မိစ္ဆာစစ်တပ်တို့နဲ့အတူတကွ ဆက်လက်မနေနိုင်တော့ဘူးလို့ ပြောပြီးပြီ။ ပြည်သူလူထုနဲ့တော်လှန်ရေးဘက်က ၂၀၀၈ စစ်ခြေဥကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီးပြီ။

၂၀၀၈ စစ်ခြေဥအောက်က ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးပဲ။ ၂၀၀၈ စစ်ခြေဥဆိုတဲ့ ကျားသေကို အသက်ပြန်သွင်းရေးပဲ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကြွေးကြော်ထားတဲ့ ပြည်သူလူထုကို ကျောခိုင်းရေးပဲ။ တော်လှန်ရေးကို သစ္စာဖောက်ရေးပဲ။

ပြည်သူလူထုဘက်ကလည်း ရွေးကောက်ပွဲအတွက် စစ်အာဏာရှင်တွေဘက်က ကြိုးပမ်းနေမှုကို လျစ်လျူရှုထားလို့မရဘူး။ တက်တက်ကြွကြွ အလေးထားပြီး ဆန့်ကျင်တိုက်ခိုက်သွားကြဖို့လိုတယ်။ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုကြီးကိုယ်တိုင်ကသာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာ ကြိုးပမ်းနေမှုကို ရိုက်ချိုးပစ်နိုင်တယ်။

ဥဩချို

၁၉-၁၂-၂၀၂၄

“ညာ လက်ရုံး မြှောက်တင်ကာ အလေးနီဖြင့်သာ ..”

ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဟောင်း တိုက်ဖော်တိုက်ဖက်ဟောင်းများမှ ပေးပို့သော

“ရဲဘော်အိုက်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ”

၁၃ ရက် – ဒီဇင်ဘာ – ၂၀၂၄

ရဲဘော်ကိုထက်နဲ့ တကွ တော်လှန်ရေးအတွင်း ကျဆုံးသူ ရဲဘော်အပေါင်းကို အလေးပြုလိုက်ပါတယ်

ကျော်ဇင်မင်း

PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖွဲ့ဝင် အလုပ်သမားတော်လှန်ရေးသမား ရဲဘော်ကိုထက်ဟာ အလုပ်သမား၊ လယ်သမားလူတန်းစားလွတ်မြောက်ရေးအတွက် ရှေ့တန်းကနေလက်နက်ကိုင်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာကျဆုံးသွားခဲ့ပါတယ်။ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးအတွက် ရဲဘော်ကိုထက် အသက်ပေးလှူသွားတာဟာ ရဲဘော်အားလုံးအတွက် ဂုဏ်ပြုဦးညွတ်စရာ ဖြစ်ပါတယ်။

ပခုက္ကူမြို့အနီးက ရေလာလေးပျူစောထီးကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်ဖွဲ့ PDO/PDA ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ၊ ကမ္မတော်လှန်ရေးတပ်ဖွဲ့ KMRF ၊ ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပခုက္ကူစုဖွဲ့မှုတို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတကျောင်းထဲမှာခိုလှုံနေခဲ့ကြပါတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ မဘသဘုန်းကြီးကျောင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဘုန်းကြီးတွေနေထိုင်ပါတယ်။ ပျူစောထီးတွေကိုသင်တန်းပေးပါတယ်။ ဘုန်းကြီးတွေကပျူစောထီးစစ်ဗိုလ်တွေအဖြစ်နဲ့ညွှန်ကြားဦးဆောင်ပါတယ်။ ဘုန်းကြီးကျောင်းအနီးချဉ်းကပ်ပြီးတိုက်ခိုက်ကြစဉ်မှာ ရဲဘော်ကိုထက်ရဲ့ဦးခေါင်းကိုကျည်ဆန်ထိမှန်ခဲ့ပါတယ်။ တိုက်ပွဲအောင်မြင်ပြီး လက်နက်ခဲယမ်းအများအပြားအပြင် သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပေမဲ့ PLA ရဲဘော်ကိုထက်နဲ့ SRF ရဲဘော်တဦးတို့အသက်ပေးလှူခဲ့ကြရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံဆင်းရဲသားပြည်သူလူထုကြီးရဲ့အကျိုးစီးပွားကို အဓိကရှေ့တန်းတင်ဆောင်ရွက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောက်လာစဉ်က တော်လှန်ရေးရဲဘော်တွေထဲမှာ ကျောင်းသားတွေတော်တော်များများပါဝင်ကြလို့ ကျောင်းသားတပ်လို့ ဒေသကခေါ်ဆိုခဲ့ကြပေမဲ့ အခုအခါပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အဖွဲ့ဝင်တော်လှန်ရေးရဲဘော် ၈၀ ရာခိုင်နှုန်းဟာ အလုပ်သမား၊ လယ်သမားတွေဖြစ်ကြပါတယ်။ အဲဒါကြောင့် အလုပ်သမားရဲဘော်တယောက်ဖြစ်တဲ့ ရဲဘော်ကိုထက်ဟာ အလုပ်သမားရဲဘော်ချင်းချိတ်ဆက်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထဲကို ဝင်ရောက်လာခဲ့တာပါ။

ရဲဘော်ကိုထက်ဟာ ရန်ကုန်မြို့စက်မှုဇုံတခုမှာ ဆိုင်ကယ်ပြင်တဲ့အလုပ်လုပ်သူ အလုပ်သမားတယောက်ဖြစ်ပါတယ်။ ကိုထက်ဟာ အသက် ၂၀ အရွယ်သာရှိပြီး တော်လှန်ရေးအဖွဲ့အတွင်းမှာ အားလုံးနဲ့ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူ တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေရဲ့ဆိုင်ကယ်တွေကို ကိုထက်ကဒိုင်ခံပြင်ပေးရပါတယ်။ တကြိမ်က ကိုထက်ပြင်ပေးလိုက်တဲ့ဆိုင်ကယ်ဟာ လမ်းမှာဘီးပေါက်ပြီး ပြန်ပြင်ရလို့ “ကိုထက်ပြင်ပေးတဲ့ဆိုင်ကယ်ဆိုရင်တော့ လမ်းမှာနောက်တခါထပ်ပြင်ရမှာပဲဟေ့” လို့ရဲဘော်အချင်းချင်းစကြနောက်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ကိုထက်စိတ်မဆိုးပါဘူး။ ဆိုင်ကယ်မှန်သမျှသူပဲဒိုင်ခံပြင်ပေးရတာပါပဲ။ တခြားရဲဘော်တွေကလည်း စကြနောက်ကြပေမဲ့ဆိုင်ကယ်ပြင်စရာရှိရင် ကိုထက်လက်အပ်ကြရတာပါပဲ။

ရဲဘော်ကိုထက်ဟာ ၅ မျိုးကောင်းစစ်သည်ဆုရရဲဘော်ဖြစ်ပါတယ်။ ၅ မျိုးကောင်းဆိုတာက ၁။ နိုင်ငံရေးအတွေးအခေါ်ကောင်းတာ ၂။ စစ်ရေးလေ့ကျင့်မှုကောင်းတာ ၃။ ၃/၈ လုပ်ဟန်ကောင်းတာ ၄။ တာဝန်ထမ်းဆောင်မှုကောင်းတာ ၅။ ကျန်းမာရေးကောင်းမွန်သန်စွမ်းတာ ဖြစ်ပါတယ်။ သူကျဆုံးသွားချိန်မှာ သူဟာ PLA (အနောက်မြောက်စစ်သေသ) ရဲ့ တပ်ဖွဲ့ထဲမှာ တပ်စိတ်မှူးတာဝန်ထမ်းဆောင်နေသူ ရဲဘော်ဖြစ်ပါတယ်။

ထူးချွန်ထက်မြက်တဲ့ရဲဘော်ကိုထက်လို အလုပ်သမားလူတန်းစားရဲဘော်တယောက်ကျဆုံးတာဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ PLA ပြည်သူ့လွတ်မြောက်ရေးအတွက်ဆုံးရှုံးမှုကြီးတခုဖြစ်ပါတယ်။

ရဲဘော်ကိုထက်နဲ့တကွ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ သူရဲကောင်းအာဇာနည်ရဲဘော်အပေါင်းအား ကြေကွဲမှုနဲ့ အတူ အလေးအနက် တန်ဖိုးထား ဦးညွတ်ဂုဏ်ပြုကြပါစို့ ။

ကျွန်တော့်ဆရာရဲဘော်စောထို

ထွန်းမြတ်ကျော်

(၁)

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေရဲ့ ဝှက်စာစက် အင်နက်ဂမာ ကပေးပို့တဲ့ စစ်သတင်းကြေးနန်းများကို ဗြိတိသျှ စစ်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ဒုတိယကမ္ဘာစစ်ဟာ ၂နှစ် စောပြီး ပြီး ဆုံးခဲ့သလို လူဦးရေ (၁၄) သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခက်အခဲအမျိုးမျိုးကြားထဲက ၂ နှစ်အကြာ ကြိုးစားလုံးပန်းခဲ့ရာမှာ နာဇီဂျာမနီရဲ့ အင်နက်ဂမာ စက်ထဲက စစ်သတင်းတွေကို ကြားဖြတ် ဖော်ထုတ် နိုင်ခဲ့တဲ့ သင်္ချာပညာရှင်ကတော့ အလန်ကျူရင်း (Alan Turing)ဆိုသူပဲ ဖြစ် ပါတယ်။

(၂)

ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ရန်သူ့ကြေးနန်းသတင်းများကိုစက်ထဲကတဆင့်ကြားဖြတ်ဖမ်းယူရာတွင်ကီးကျွမ်းကျင်ဖို့ လိုပါတယ်။ ရရှိတဲ့ ဝှက်စာ များကို ဖော်ယူဖို့ သင်္ချာဉာဏ်အခြေခံနဲ့တီထွင်ကြံဆချက်တွေ ရှိရပါမယ်။ တစုံတရာ အတွေ့အကြုံနဲ့ ဇွဲလုံ့လဝိရိယရှိရပါမယ်။ အချက်တချက်အနေနဲ့ ကတော့ ပါတီအတွက် စစ်ရေးအရ လိုအပ်ချက် ဖြည့်ဆည်းမယ်ဆိုတဲ့သန္နိဋ္ဌာန် ရှိရပါမယ်။

ကိုစောထိုက အထက်ဖော်ပြပါအချက်တွေနဲ့ ပြည့်စုံကျော်လွန်တဲ့ ကျွန်တော်တို့ ဗဟိုကြားဖြတ်အဖွဲ့ရဲ့ အဖွဲ့မှူး ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုစောထိုကို (ကစထ)လို့နာမည်ပြောင်ခေါ်ပါတယ်။ ကာကွယ်ရေး စစ်ဦးစီးဌာနချုပ်ကို (ကစထ) လို့အတိုကောက်သုံးလို့ပါ။ သူ့ကို ကစထ မှူးလို့ခေါ်လည်း လုံလောက်ပါပေတယ်။

အင်နက်ဂမာ စက် အခန်းထဲက ပညာရှင်တွေကို ဦးစီးတဲ့ ဗိုလ်မှူးက “မင်းတို့ ငါတို့ အခုလုပ်နေတဲ့ အခန်းဟာ ဂျာမနီတွေရဲ့ စစ်ဦးစီးဌာနချုပ်ဆိုလဲ မမှားဘူးကွ “ ပြောစမှတ်ပြုပါတယ်။

(၃)

ရန်သူ့တိုင်း၊ တပ်မ၊ နဗဟ၊ စဗဟ၊ တပ်ရင်း…အထက်အောက်အပြန်အလှန်ဆက် သွယ်တဲ့ ကြေးနန်းအရေအတွက်မှာ တရက် ကို ရာချီရှိတတ်ပါတယ်။

ဦး၊ ရေး၊ ထောက်၊ ဆေး စသဖြင့် ခေါင်းစဉ်များလည်း အများအပြားပါ။ အားလုံးနီးပါးလောက်ကို လူ ၆ ယောက်ခန့်ဖြင့် ဖမ်းယူကြရပါတယ်။ ရရှိကြေးနန်းများ ကို ကြည်ရှုသုံးသပ်ပြီး ဝှက်စာပြုစုရတာက ဆရာကိုစောထိုပဲ ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဖမ်း-ဖော် လုပ်တတ်ပါတယ်။ အရှေ့မြောက်နဲ့ ရင်ဆိုင်ထားရတဲ့ ရန်သူ့ စစ်တိုင်းဟာ ရမခ ပါ ။ရမခ ထဲမှာမှ အဓိက ရင်ဆိုင်ထားရတဲ့ တပ်က တမခ ၇၇ ဖြစ်ပါတယ်။၇၇ ကီးလက်သံ ဟာတမိနစ်ကို ၇၅ ရှိတာမို့ တော်ရုံ မဖမ်းနိုင်ကြသေးပါ။ ကိုစောထိုက ဖမ်းနိုင်တဲ့အပြင် တပ်မ ၇၇ လက်သံကို တူအောင် ရိုက်တတ်ပါသေးတယ်။ တခါတရံ ပို့-ဖမ်းစက် ရှိတဲ့ နေရာတွေမှာ တပ်မ ၇၇ စက်ထဲဝင်ပြီး သူတို့လက်အောက်ခံ တပ်ရင်းစက် အသွင်ယူကာ လိုချင်တဲ့ လှိုင်းနှုန်း အချက်အလက်တွေ ဝင်ယူတတ်ပါတယ်တဲ့။

ဝှက်စာဖော်ရမယ့် သော့ချက်မရရင် ရထားတဲ့ကြေးနန်းများဟာ ဘာမှ အဓိပ္ပာယ် မရှိပါ။ တနေ့တာ ကြေးနန်းများ အသုံးမဝင်ပါ။ ဘာအကြောင်း ပြောထား မှန်းလည်း မသိ ။ တချို့ အရေးကြီး ကြေးနန်းမှန်းသိသော်လည်း အကြောင်းအရာ ဘာမှန်းမသိတော့ အနေခက်ရပါတယ်။

ဗဟိုရုံးက မီးစက်က ပေးတဲ့ မီးက သိပ်အားမများတော့ ဖလ်မီးသီး မှိန်ဖျော့ဖျော့မို့ ခရမ်းချဉ်သီးလောက်တောင်မနီဘူးလို့ ပြောစမှတ်ပြုရတာပါ။

ည၈နာရီလောက်အထိပဲရပါတယ်။ ကျန်အချိန်တွေမှာတော့ ဖယောင်းတိုင် မီး နဲ့ နှစ်ပါးသွားရတော့တာပါပဲ။

ဝါးနဲ့လုပ်ထားတဲ့ ထိုင်ခုံမှာ ဒူးတဖက်ထောင်ရင်း ရန်သူ့ ကြေးနန်းတွေကို ဖြန့်ခင်းပြီး ခဲတံနဲ့ ဟိုခြစ်ဒီခြစ် လုပ်တတ်သူက ကျွန်တော်တို့ ဆရာ ကိုစောထိုပါ။ လက်ထဲက ဝှက်စာပြားကိုလည်း ဖဲချပ်များ ကစားသလို ယပ်တောင်ပုံလုပ်လိုက် ဖဲဝေသလို ဖဲချိုးသလို လုပ်လိုက်နဲ့ ဗျာများ နေတာပါပဲ။ ကျွန်တော်တို့ သင်တန်းသားတသိုက်ကတော့ ကြေးနန်း ဖမ်းပေးရုံကလွဲ လို့ ဘာမှ မတတ်သေးတာမို့ အသိုက်ထဲက ဗိုက်ဆာလို့ တစာစာ အော်နေတဲ့ ငှက်ပေါက်စလေးတွေပမာ ငှက်မကြီး သူ့ကို ဝိုင်းအုံ ကြည့်နေရုံကလွဲ လို့ ဘာမျှမတတ်နိုင်ရှာ။

ဝှက်စာသော့ချက်ရပြီ ဆိုရင်တော့ ထမင်းမေ့ ဟင်းမေ့ ကြေးနန်းတွေကို ဝါးစားတော့မယ့်အလား အားလုံး ဝိုင်းအုံဖော်ယူတတ်ကြပါတယ်။

ဖော်ပြီးကြေးနန်းတွေကို အချောကူးပြီး အရေးကြီး စီမံချက်တွေဆိုရင် ဗဟိုစစ် ကော်မရှင်ကို အမြန် ပို့ ကြရပါတယ်။

ရန်သူ့ဆီက ရတဲ့ စီမံချက်၊ သတင်း။တွေကို ဗဟိုစစ်ကော်မရှင်က ပါးနပ်စွာ အသုံး ချတာပါ။ ကျွန်တော်တို့ ပြောပြောနေကျ အစိမ်းလိုက် အသုံးချတာ မဟုတ်ပါ။ မလိုအပ်ဘဲ မသက်ဆိုင်သူများကို ချမပြပါ။ ရရှိသော စီမံချက်ကို တန်ပြန် စစ်ဗျူဟာနဲ့ တိုက်စစ်ဆင်တတ်ပါတယ်။ မိမိက လက်ဦးမှုရယူ တတ်ပါ တယ်။ တခါတရံ ရန်သူက သူတို့စီမံချက် အတိုင်းမလုပ်ဘဲ ပြောင်းလဲ လုပ်ဆောင် တာတွေလုပ်ပါတယ်။ ရန်သူ့တပ်တွေဟာ ဗကပရဲ့ ဖြတ်တိုက်တာ ခံရဖန်များ တော့ အထက်ကို တင်ပြတော့ တမျိုး သူတို့ချီတက်တော့ လမ်းကြောင်းတမျိုး ပြောင်းတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး စစ်မြေပြင်မှာ စစ်နည်း ဗျူဟာ ချက်ခြင်းပြောင်း လဲရပါတော့တယ်။

ဒါမှလည်း ရန်သူချေမှုန်းရေးလုပ်နိုင်မှာပါ။ ကျွန်တော်တို့အဖွဲရဲ့ပါတီအပေါ် အကောင်းဆုံး အကျိုးပြုခြင်းပါ။ ဒါကြောင့်လည်း အရှေ့မြောက်စစ်ဒေသ တိုက်ပွဲ အတော်များများဟာ ကြားဖြတ်သတင်းများကို အရန်အဖြစ်ထားပြီး မိမိ စစ်နည်း ဗျူဟာမြောက် ပေါင်းစပ်ကျင့်သုံးခြင်းကြောင့် မိမိ အကျအဆုံးနည်းနည်းနဲ့ ရန်သူများများကို ချေမှုန်းနိုင်ခြင်းပဲဖြစ်ပါတယ်။

ရန်သူ ခြေမှုန်းနိုင်ခြင်း ဟာ မိမိအင်အား ထိန်းသိန်း နိုင်ခြင်းပဲမဟုတ်ပါလား

(ကျွန်တော်ကဘုရားသခင်လား မဟုတ်ဘူး ဘာကြောင့်ဆို ဘုရားသခင်က စစ်ပွဲကို မနိုင်ခဲ့ဘူး ကျွန်တော်တို့က နိုင်ခဲ့တယ်။) (အလန်ကျူရင်း )

(၄)

ကိုစောထို က နည်း(၃)နည်း(နဲ ၃ နဲ) သမားပါ။ စကားနည်း(နဲ)။ အစားနည်း (နဲ)။အအိပ်နည်း(နဲ) သူပါ။

သူ့စိတ်ထဲမှာ အလုပ်ကလွဲလို့ဘာမှရှိပုံမရပါ။ အလုပ်မရှိ မနေတတ်သူလည်း ဖြစ်ပါတယ်။ စခန်းကပျက်တဲ့ ကြားဖြတ်စက်တွေ သူပဲ ပြင်တာပါ။ တပည့်တွေကို ကီး ရိုက်သင်ပေးတာ။ ဝှက်စာပြုစုရတာတွေက သူ့အတွက် နေ့စဉ်အလုပ်တွေပဲ ဖြစ်ပါတယ်။

တခါတရံ ညဉ့်နက်ရင် ဗဟိုရုံးနဲ့အတန်ငယ်ဝေးတဲ့ သူ့အိမ်ပြည်သူ့အသံ ကုန်းကို မပြန်တော့ပါ။ ကျွန်တော့်အခန်း လာပြီး အိပ်ပါတယ်။ ည ဖက်အလုပ်နဲ့ ပတ်သက်လို့ တစုံတခု သတိရရင် ဝါး ကုတင်ပေါ်က လွှားကနဲ ဆင်းပြီး ဘေးက အလုပ်ခန်းကို သွားတတ်ပါတယ်။

ကိုစောထို အိပ်ရာက နိုးတာနဲ့ မီးဖိုထဲက ပြာနဲ့ဖြစ်ဖြစ် သူ့ဆေးလိပ်ပြာခွက်ထဲက ပြာနဲ့ဖြစ်ဖြစ်သွားတိုက်တတ်ပါတယ်။ (ကျွန်တော်တို့စခန်းက တရုတ်ဆားအခဲ အတုံးကြီးတွေမို့ ဓားနဲ့ခြစ်ပြီးမှ အမှုန့်ထွက်ပါတယ် ။ ဆားအသင့်မရှိပါ။) လက်ထဲ ရေဆွတ်၊ မျက်နာသစ်၊ ပိုတဲ့ရေ နဲ့ ခေါင်းသပ်ချလိုက်တာနဲ့ ကိုစောထို မျက်နှာသစ်တာပြီးပါတယ်။

မင်းရန်အောင် ထိုးစစ် (၂)အပြီး ကိုစောထို ကျန်းမာရေးမကောင်းလို့တရုတ်ပြည် ဆေးကုသွားရပါတယ်။ ဆေးကုနေတုန်း နောက်ဆုံး အခြေအနေရောက် နေတယ် ဆိုလို့ ရဲဘော်ထွန်းက အရိုးပြာယူဖို့ ရဲဘော်နေနိုင်ကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ကိုစောထိုဟာ အကောင်းပကတိ ပြန်လာခဲ့လို့ အားလုံး ဝမ်းသာကြ ရပါတယ်။ အဲဒီနောက်ပိုင်း ကိုစောထိုကို အထူးရိက္ခာငွေပေးအပ်ပြီး အလုပ်က အနားယူခိုင်းရပါတယ်။ ကျွန်တော်အပါအဝင် သူတပည့် အများစု ကလည်း အတောင်အလက်စုံလင် လုပ်ငန်း ခွင်သို့ ကောင်းစွာ ဝင် နိုင်ကြပြီ မဟုတ်ပါလား။

(၅)

နှစ်ပေါင်း (၃၅)နှစ်ကျော် ကြာမြင့်ပြီ မှ ထိုင်းနယ်စပ်တနေရာကို ဆေးကုသဖို့ ရောက်နေတဲ့ ကိုစောထိုနဲ့ မမျှော်လင့်ဘဲ VIDEO CALL နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ မပျောက်မပျက် အမြဲတန်းရယ်နေတဲ့ မျက်လုံး ကိုတွေ့မြင်ခွင့်ရခဲ့ပါတယ်။ ကိုစောထိုကအရယ်လည်း ချွေတာတတ်သူပါ။ သဘောကျရင် လေချွန်သလို နှုတ်ခမ်းလေးစုပြီး ပြုံးတတ်ပါတယ်။ နောက်တဆင့် သိပ်သဘောကျမှ သွားပေါ်အောင် ရယ်တတ်ပါတယ်။ အဲဒီအရယ်ဟာ သူ့မေးရိုးကား ကြီး ပေါ် ချိတ်တက်သွားမယောင်ပေါ့။

သူနဲ့မိနစ်အချို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း အပျော်တွေအလွမ်းတွေ ကူးစက်ခံစား ရပါတယ်။ မှတ်မှတ်ရရ သူနဲ့ တခုပြောဖြစ်တယ်။

တခါသား ပန်ဆန်းဗဟိုရုံးကို မရောက်တာကြပြီဖြစ်တဲ့ ကိုစောထိုရောက်လာပြီး အလုပ်ကိစ္စတွေ ဆွေးနွေး ကြပါတယ်။ ညနေရောက်တော့ ထမင်းစားပြီး မှ ပြန်ဖို့ တောင်း ဆိုလိုက်ပါတယ်။ ကျွန်တော်က ထမင်းပွဲကို အလုပ်ခန်းအပြင်ဖက် ဝါး စားပွဲ မှာ ပြင်ဆင်ရပါတယ်။ ပြင်ဆင်တယ်ဆိုပေမယ့် ကျွန်တော်တို့ ရိက္ခာရုံ က ဘုံ စားမို့ ဟင်းညံ့ပါတယ်။ ဇလုံ အကြီးကြီးထဲမှာ ကျောက်ဖရုံသီး သုံး-လေးဖတ်ပါ အရည်များများမှန်ရောင် ဟင်းရည် သာဖြစ်ပါတယ်။ ထမင်းစားဖို့ ရဲဘော်တွေနဲ့ ရှေ့ဆုံးက ထွက်လာတဲ့ ကိုစောထိုဟာ ဟင်းရည်ဇလုံကို လက်ဆေး ရည် ထင်ပြီး လက်နှစ်ဆေး ချလိုက်ပါတယ်။အားလုံးက ဟာ ဟင် ဖြစ်သွား ကြလေရော။ ငိုအားထက် ရယ်အားသန် အရန်ထားတဲ့ပဲပုပ်လေးထောင်းပြီး ဧည့်ခံလိုက်ရပါတော့တယ်။

အဲဒီအကြောင်းပြန်ပြောင်းပြောပြတော့ ကိုစောထိုက မေးရိုးကားကြီးချိတ်အောင် ရယ်လိုက်ပုံများ ခုထိ မျက်စိထဲက မထွက်တော့ပါ။

“ပြန်တွေ့ကြမယ်၊ သိပ်မဝေးတော့ဘူး ။ နီးနေပြီ ” ။ ဒါက သူ နောက်ဆုံးပြောသွားတဲ့ စကား ပါ။

ကိုစောထို ကသိပ်မဝေးတော့ဘူး ပြောပြီး ထွက်သွားလိုက်တဲ့ ခရီးက တခါမှ ပြန် မတွေ့ဆုံနိုင် မယ့် အဝေးဆုံးခရီးရှည်ကြီး။

မည်သို့ဆိုစေ ကို စောထို ကျွန်တော်တို့နဲ့ အနီးဆုံးနေရာမှာ ထာဝရ ရှိနေမှာပါ။

ကောင်းမွန်စွာ အနားယူပါဆရာ − ရဲဘော် −ကိုစောထို

ကိုးကား။ the Imitation Game ရုပ်ရှင်