Monthly Archives: August 2024

ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး

ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး

ကိုထွေး

(၈၅ နှစ်မြောက် ဗမာပြည်ကွန်မြူနစါပါတီ မွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

ဗမာပြည်ရဲ့ လက်ရှိဒီမိုကရေစီတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးပါဝင်နေမှုဟာ ထူးခြားထင်ရှားပါတယ်။

လူမျိုးပေါင်းစုံပြည်သူလူထုကြီးဟာ ၄၈ ကစခဲ့တဲ့ပြည်တွင်းစစ် (၇၆) နှစ်အတွင်း ဖြတ်သန်းခဲ့ကြရင်းက သင်ခန်းစာအမျိုးမျိုး ဘဝအတွေ့အကြုံမျိုးစုံကြုံတွေ့ခဲ့ပြီး လက်တွေ့သဘောပေါက်မှုအရ၊ စစ်တပ်လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်နဲ့ စစ်အစိုးရတွေကို ပြတ်သားစွာဆန့်ကျင်တိုက်ပွဲဝင်မှရမယ်လို့ သဘောပေါက်လာမှုရဲ့ ရလဒ် ဖြစ်ပါတယ်။ ထို့အတူ နှစ်(၇၀) ကျော်ဖြတ်သန်းခဲ့မှုအတွင်း နိုင်ငံရေးအင်အားစုအသီးသီးရဲ့တိုက်ပွဲဝင်မှု၊ နိုင်ငံရေးလမ်းစဉ်အမျိုးမျိုးနဲ့ လှုံ့ဆော်စည်းရုံးခဲ့မှုမျိုးစုံတွေကို တွေ့ကြုံခံစား ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံတွေအရ သဘောပေါက်မှုရဲ့ရလဒ်လည်းဖြစ်တယ်။

ဒီအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးဆိုတာရဲ့လူတန်းစားပါဝင်မှုကို လေ့လာကြည့်မယ်ဆိုရင်၊ အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားနဲ့ ပြည်ချစ်အရင်းရှင်များအဖြစ်တွေ့နိုင်ပြီး ဒီလူတန်းစားအသီးသီးဟာ ဗမာပြည်တွင်းက လူမျိုးအသီးသီးမှာရှိနေကြတာဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ရှမ်း၊ ဝ၊ ရခိုင်၊ ချင်း၊ မြန်မာ စသဖြင့်လူမျိုးတိုင်းမှာ ဒီလူတန်းစား (၄) ရပ်ရှိနေတာ တွေ့နိုင်ပါတယ်။ ၁၉၈၉ နောက်ပိုင်း လူမျိုးစု လက်နက်ကိုင်အင်အားစုအသီးသီး စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးနောက် ‌ဒေသဖွံ့ဖြိုးရေးလုပ်ကြတဲ့ဖြစ်စဉ်အတွင်း စီးပွားရေးလုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်တွေရကြပြီးနောက် ဒီလူတန်းစားတည်ရှိမှုအနေအထားကို ပိုကြည့်လို့မြင်သာလာပါတယ်။ ဒီ အဖိနှိပ်ခံပြည်သူလူထုဟာ စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်အတွင်းမှာ ကိုယ်ပိုင်စီးပွားရေးများ ပျက်စီး၊ လက်လုပ်လက်စား လုပ်စားလို့လည်း ဝမ်းမဝ၊ လယ်ယာလုပ်ငန်းမှာ ပေါ်လစီအမျိုးမျိုးချမှတ်ပြီး ဖိနှိပ်သွေးစုပ်မှုများလုပ်တာကြောင့် ဝမ်းမဝ၊ နွားရောင်း လယ်ပေါင် ဘဝပျက်ကြရတဲ့အခြေအနေဆိုးတွေ ကြုံခဲ့ကြရပြီး နိုင်ငံခြားထွက်အလုပ်ရှာကြရတဲ့ဘဝ ရောက်ခဲ့ကြရတာဖြစ်ပါတယ်။

အဖိနှိပ်ခံပြည်သူလူထုကိုဖိနှိပ်ထားတဲ့ အုပ်စိုးသူစစ်အုပ်စုရဲ့လူတန်းစားဖွဲ့တည်မှုကိုကြည့်ရင်တော့ အုပ်စိုးသူ စစ်အုပ်စုဟာ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားဖြစ်ပြီး သူတို့ရဲ့အကျိုးစီးပွားကို တိုးတက်သထက်တိုးတက်အောင်လုပ်ဖို့၊ အရင်းရှင်လူတန်းစားထဲက သူတို့နဲ့ ရင်းနှီးသူ၊ မိတ်ဖက်ဖြစ်သူများကိုအခြေခံကာပေါင်းစည်းပြီး အရင်းရှင်စီးပွားရေးစနစ်ကို စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပုံစံနဲ့ ကျင့်သုံးအကောင်အထည်ဖော်ကာ ကျန်အဖိနှိပ်ခံပြည်သူများကို ဖိနှိပ်သွေးစုပ်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ စစ်တပ်ကိုကြည့်ရင် စစ်တပ်ရဲ့ထိပ်ပိုင်းရာထူးတွေကိုယူပြီး အစိုးရလုပ်နေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားများနဲ့ အောက်ခြေတပ်မှူးတပ်သာများအဖြစ် ရှိနေတာ အထင်အရှားမြင်ရပါလိမ့်မယ်။ အစိုးရအာဏာနဲ့ စစ်အာဏာကိုင်ပြီး ကိုယ့်စိတ်ကြိုက်စီးပွားရေးကို ကိုယ့်ရင်းနှီးသူတွေနဲ့လုပ်ကိုင်ရင်း ချမ်းသာလာကြတဲ့ ဗိုလ်ချုပ်ကြီးတွေ မမြင်ချင်အဆုံးပါ။ အထင်ရှားဆုံး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ချမ်းသာကြွဝလာမှုကို ကြည့်လိုက်ရင် အထင်ရှားဆုံးဖြစ်ပါလိမ့်မယ်။ အောက်ခြေတပ်မှူးတပ်သားတွေကတော့ ရတဲ့လခနဲ့ အသက်စွန့်အသေခံပြီး ဒီစစ်အုပ်စုစစ်ဗိုလ်ချုပ်တွေရဲ့စည်းစိမ်ဥစ္စာတွေကို ကာကွယ်နေကြရတာ လက်ရှိကာလမှာ အထင်အရှား မြင်နေကြရတာဖြစ်ပါတယ်။

တဖက်မှာ လူတန်းစား (၄) ရပ် ရှိနေတဲ့ လူမျိုးပေါင်းစုံ အဖိနှိပ်ခံပြည်သူတွေကတော့ ဒီနေ့အထိ သူတို့လိုချင်တဲ့ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီအပြည့်အဝရရှိရေး၊ လက်ဝါးကြီးအုပ် ဖိနှိပ်သွေးစုပ်ခံရမှုကလွတ်မြောက်ပြီး လွတ်လပ်မျှတစွာ လုပ်ကိုင်စားသောက်ရှင်သန်နိုင်တဲ့ ဘဝရရှိရေးရည်မှန်းချက်ကို မရောက်ရှိနိုင်ကြသေးပါဘူး။ စစ်အုပ်စုပေးသမျှ ဘဝရှင်သန်ခွင့်ရှိနေရတဲ့ အခြေအနေကနေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြရဆဲအခြေအနေမှာပဲရောက်နေကြရတာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ လက်ရှိဆင်နွှဲနေကြတဲ့၊ ဒီမိုကရေစီတော်လှန်ရေးပါပဲ။ ဒီလို အင်အားစုအသီးသီးက ကိုယ်စီနိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဗမာပြည်သစ်ပေါ်ပေါက်ဖို့တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးဟာ ဒီနေ့ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဗမာပြည်ဒီမိုကရေစီတော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ ပါတီအတွင်းရေးမှုးရဲအစီရင်ခံစာကို တင်ပြချင်ပါတယ်။

၁၉၉၄ ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့က အထွေထွေအတွင်းရေးမှူးရဲ့“ပြည်တွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးမှတတိုင်းပြည်လုံးဖွံ့ဖြိုးရေးသို့“ဆိုတဲ့နိုင်ငံရေးအစီရင်ခံစာဖြစ်ပါတယ်။ဒီအစီရင်ခံစာထဲမှာ—“ကျွန်တော်တို့ပါတီဟာ ဗမာပြည်မှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဒီမိုကရေစီတော်လှန်ရေးကို အဦးဆုံးဆင်နွဲခဲ့တဲ့ပါတီဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒီမိုကရေစီဟာ လူတန်းစား၄ရပ်(အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားနဲ့ပြည်ချစ်အရင်းရှင်)အတွက်ဒီမိုကရေစီ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူ့ဒီမိုကရေစီဖြစ်ပါတယ်။ ဒါကိုဘယ်တုန်းကမှလျှို့ဝှက်ထားတာ မဟုတ်ပါဘူး။ ” တဆက်တည်း“ ပြည်သူ့ဒီမိုကရေစီမဟုတ်ဘဲ အခြေခံဒီမိုကရေစီအခွင့်အရေးများအတွက်သာ တိုက်တဲ့တိုက်ပွဲတိုင်းကိုလည်း၊ ဘယ်သူကတိုက်တိုက် တက်တက်ကြွကြွထောက်ခံမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခြေခံဒီမိုကရေစီရှိနေတာဟာ စစ်အစိုးရရှိနေတာထက် အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားနဲ့ပြည်ချစ်အရင်းရှင်များအတွက် အကျိုးရှိလို့ပါ။ ” လို့တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ပါတီရဲ့သဘောထားကိုလည်း တဆက်တည်းတင်ပြရာမှာ“ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးအယူအဆရှိကြတာ ရှိပါ၊ ဒါကိုမကန့်ကွက်ပါဘူး၊ကွန်မြူနစ်ဝါဒနဲ့ပါတီတည်ရှိခွင့်ကို အသိအမှတ်မပြုတာကိုတော့ ကျွန်တော်တို့လက်မခံနိုင်ပါ။ကျွန်တော်တို့ပေါ်လစီက ကွန်မြူနစ်နဲ့ကွန်မြူနစ်ဆန့်ကျင်သူတို့ အခြေခံဒီမိုကရေစီဘောင်အတွင်းမှာ ငြိမ်းချမ်းစွာယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။ အခြေခံဒီမိုကရေစီအခွင့်အရေးခံစားခွင့်ကို ခြွင်းချက်ထားတာ ကျွန်တော်တို့သဘောမတူနိုင်ပါ။” လို့တင်ပြခဲ့ပါတယ်။

ဒီတော်လှန်ရေးဟာ စစ်အုပ်စုအုပ်စိုးမှုကို အရင်ဆုံးတိုက်ခိုက်ဖြိုချပစ်ပြီးမှသာ မိမိတို့လူမျိုးပေါင်းစုံအဖိနှိပ်ခံပြည်သူလူထုများမျှော်လင့်တဲ့ နိုင်ငံရေးအခြေအနေကိုအကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်ဆိုတာ(၇၆)နှစ်ပြည်တွင်းစစ်အတွေ့အကြုံများအရ မြင်သာပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအားစုအားလုံးလက်တွဲပြီး စစ်အုပ်စုတိုက်ခိုက်ဖြိုချနိုင်ရေးကို ဦးတည်လုံးပန်းသွားရေးဟာ ဒီနေ့ဗမာပြည်ဒီမိုကရေစီတော်လှန်ရေးရဲ့အရေးအကြီးဆုံးလုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်။

ပါတီရဲ့မျိုးဆက်ပြဿနာကိုဂရုစိုက်ကာကွယ်ကြ

ပါတီရဲ့မျိုးဆက်ပြဿနာကိုဂရုစိုက်ကာကွယ်ကြ

ရဲဘော်အောင်ချစ်

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

၁။ ပါတီရဲ့ဘဝမှာ ၁၉၃၉ ခုနှစ်ပါတီဖွဲ့ပြီးနောက် ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်ဆန့် ကျင်တော်လှန်ခဲ့ရလို့ ရဲဘော်အများအပြားကျဆုံးခဲ့ရသလို ကေဒါတချို့လည်း ထိခိုက်ဆုံးရှုံးမှုရှိခဲ့ရပါတယ်။

၂။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာ ဒေသအတော်များများမှာ စည်းရုံးစုစည်းနိုင်ခဲ့ပေမယ့်၁၉၅၅ ရန်သူနဲ့စေ့စပ်ရေးလမ်းစဉ်ကြောင့် အိမ်ပြန်တဲ့အောက်ခြေရဲဘော်တွနဲ့အတူ ကေဒါတွေလည်း ပါသွားပါတယ်။

၃။ ၁၉၇၀ ခုနှစ်ကျော်ကာလ ရဲဘော်သခင်သန်းထွန်း၊ ရဲဘော်သခင်ဇင်၊ ရဲဘော်သခင်ချစ်တို့လက်ထက်မှာလည်း ၁၉၆၇ လက်ဝဲလမ်းစဉ်အမှားကြောင့် ကေဒါတချို့ဆုံးရှုံးကြရပြန်ပါတယ်။

၄။ ၁၉၈၀ ကျော်ကာလတွေရောက်ပြန်တော့ ကွန်မြူနစ်တွေပြောပြောနေတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမဟုတ်ဘဲ အရင်းရှင်ဒီမိုကရေစီလှိုင်းတွေ၊ လူ့အခွင့်အရေးလှိုင်းတွေ၊ လစ်ဘရယ်လှိုင်းတွေ တက်လာကြပြန်တော့၊ အဲဒီလှိုင်းတွေထဲမှာလည်း ပါတီက လူးလူးလိမ့်လိမ့်ဖြစ်နေတုန်း၊ ပါတီက ခွဲထွက်ကြတဲ့ရဲဘော်တွေထဲမှာ ကေဒါတချို့လည်း ပါသွားခဲ့ပါတယ်။ (၁၉၉၀ခုနှစ်)

၅။ တော်လှန်ရေး အတက်အကျရှိသော်လည်း၊ ကေဒါတချို့ဆုံးရှုံးခဲ့ရတာရှိခဲ့သော်လည်း ပါတီဟာ ဘယ်တုန်းကမှ မျိုးဆက်မပြတ်ခဲ့ပါဘူး။ တဗိုလ်ကျတဗိုလ်တက် ခရီးဆက်ခဲ့တာပါ။ ပါတီ ၈၅ နှစ်သမိုင်းမှာ ကွန်ဂရက်က ၃ ကြိမ်ပဲ လုပ်နိုင်ခဲ့တာပါ။ ပါတီနဲ့တော်လှန်ရေးရှိနေသမျှ မျိုးဆက်မပြတ်နိုင်ပါဘူး။ ရှေ့မျိုးဆက် နောက်မျိုးဆက်ကို တော်လှန်ရေးခယောင်းလမ်းမှာ လျှောက်လှမ်းရင်းပဲ တာဝန်လွှဲရတာပါ။ ပုဒ်မ ၃၃ အရ ထူးခြားတဲ့အခြေအနေအရ CPB ရဲ့ တာဝန်ကို ရဲဘော်ထွန်းကိုလွှဲပေးပြီး ပါတီရှင်သန်ရေးလုပ်ရတာ ဗမာပြည်ရဲ့ထူးခြားချက်ပါ။ အရှေ့တောင်အာရှမှာ တခြားကွန်မြူနစ်ပါတီတချို့ နာလန်မထူနိုင်အောင်ဖြစ်သွားရချိန်မှာ CPB အနေနဲ့ ပြန်ပေါ်လာနိုင်တာဟာ မျိုးဆက်မပြတ်လို့ပါ။

လှေခွက်ချည့်ကျန်အလံမလှဲတဲ့ ရဲဘော်ထွန်းဟာ ကျန်ခဲ့တဲ့ပါတီဝင်ရဲဘော်တွေကိုစုစည်းပြီး မဟာမိတ်တပ်ဖွဲ့တွေရှိရာကိုလွှတ်သင့်တာလွှတ်၊ မြေအောက်လွှတ်သင့်တာလွှတ်၊ နိုင်ငံခြားလွှတ်သင့်တာလွှတ်ပြီး ကေဒါရဲဘော်တွေကိုထိန်းသိမ်းတာဝန်ပေးခဲ့ပါတယ်။မြေအောက်မှာ ပါတီဝင်တွေသိမ်းသွင်းဖို့၊ ဖြစ်နိုင်ရင်တပ်ဖွဲ့ဖို့၊ တပ်ဖွဲ့နာမည်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်လို့ အမည်ပေးဖို့လည်း မှာကြားခဲ့ပါတယ်။

အခုပါတီဗဟိုဟာ အဲဒီရဲဘော်တွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ပါတီဝင်ဆယ်အချို့နဲ့ စတင်ရုန်းကန်လှုပ်ရှားခဲ့၊ ဖွဲ့စည်းတည်ထောင်ခဲ့ရပြီး၊ အခုဆိုရင်စစ်ဒေသများတိုးချဲ့ကာ အင်အားများစွာ တိုးပွားလာနေပြီဖြစ်ပါတယ်။

၆။ ပါတီဗဟို နောက်ဆုံးနေခဲ့ရတာဟာ ပန်ဝါဒေသ(၁၀၁စစ်ဒေသ)ဖြစ်ပြီး၊ ဆခုန်တိန်ယင်း ရန်သူနဲ့စေ့စ့ပ်ခါနီးမှာ အလျင်အမြန်ဆုတ်ခွာနိုင်ခဲ့လို့ ခေါင်းဆောင်ရဲဘော်တွေ ရန်သူ့ထံ ရောင်းစားမခံခဲ့ရခြင်းပါတယ်။

ခေါင်းဆောင်ရဲဘော်တွေအားလုံး ဒေသကထွက်ခွာပြီးတဲ့အချိန်၊ ဒီမိုကရေစီပြည်ချစ်တပ်မတော်က ကေဒါအချို့တို့ကိုလည်း မြေအောက်ကိုပို့၊ မဟာမိတ်တွေဆီ ပို့ပြီးတဲ့အချိန်၊ နောက်ဆုံးကျန်နေတဲ့ ၂၀၂ စစ်ဒေသကိုပြန်ဆင်းမယ့် အဲဒီဒေသက ရဲဘော်တွေကို ရဲဘော်ထွန်းကညကြီးမင်းကြီး နှုတ်ဆက်စကားပြောခဲ့ပါတယ်။ မနက်ဖြန်တပ်က ထွက်ရတော့မှာပါ။ အဲဒီဒေသဟာ လတ်တလော ရဲဘော်ထွန်းအားကိုးအားထားပြုနေတဲ့ဒေသပါ။ လက်နက်လည်းကိုင်ထားနိုင်ပါသေးတယ်။ အဲဒီဒေသကပြည်သူတွေဟာ ပါတီကိုချစ်မြတ်နိုးတဲ့ပြည်သူတွေပါ။ မိုးမိတ်ဒေသကပြည်သူတွေပေါ့။

ရဲဘော်ထွန်းပြောခဲ့တာအားလုံးကို အမှတ်မရတော့ပေမယ့် အဓိကကျတဲ့- စကားက(ကျွန်တော်တို့မျိုးဆက်က ခင်ဗျားတို့မျိုးဆက်ကို ပါတီအလံလွှဲအပ်ခါနီးနေပါပြီ။ ပါတီအလံကိုမြေဝယ်မကျဖို့နဲ့ လေပေါ်မှာလွင့်ပျံနေဖို့ကတော့ ရဲဘော်တို့တာဝန်ပါပဲ)တဲ့။

၇။ အခုနှစ်ပေါင်း၃၀ကြာလာတော့လည်း ကျွန်တော်တို့မျိုးဆက်က ရဲဘော်ထွန်းပြောသလို ပြန်ပြောရမယ့်အချိန်ရောက်နေပြီလားလို့စဉ်းစားမိပါတယ်။

၈။ အထက်က ကျွန်တော်ပြောခဲ့သလို ပါတီရဲ့လမ်းစဉ်မှားခဲ့တဲ့နှစ်ကာလတွေမှာ ကေဒါမျိုးဆက်ထဲက ကေဒါတချို့ နစ်နာဆုံးရှုံးခဲ့ရလို့ ပါတီအင်အားကြီးထွားရေးလည်း ထိခိုက်နစ်နာခဲ့ရတာ သင်ခန်းစာယူရမှာပါပဲ။

၉။ အခုတကြိမ် ပြာပုံထဲကပြန်ထလာတဲ့ ပါတီနဲ့အတူတိုက်ပွဲဝင်နေတဲ့ရဲဘော်တို့လက်ထက်မှာ ပြီးခဲ့တဲ့အမှားတွေကိုပြန်မဖြစ်အောင်နိဂုံးချုပ်ပြီး၊ နေ့စဉ် မိမိကိုယ်ကိုယ်ဝေဖန်ရေးလုပ်ကာ ယခုရှိနေတဲ့ ကေဒါရဲဘော်တွေကို စည်းရုံးရေးအရလျော့နည်းမသွားအောင်နဲ့ တိုးပွားလာအောင်ကြိုးပမ်းအားထုတ်ကြစေလိုပါတယ်။

နောက်မျိုးဆက်အနေနဲ့ ကေဒါပြဿနာတွေကို ဖြေရှင်းကျော်နင်းသွားနိုင်ကြဖို့ကိုလည်း မျှော်လင့်မိပါတယ်။

၁၀။ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်အောင်ဆင်နွှဲကြ၊

ရဲဘော်အောင်ချစ်

ဖောင်ပိတ်ဆောင်းပါး

ဖောင်ပိတ်ဆောင်းပါး

A.ငြိမ်း

(ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ် ဖောင်ပိတ်ဆောင်းပါး)

(၁) တိုင်းပြည်နဲ့လူမျိုးမျက်နှာ အိုးမဲသုတ်သူများ

ဒီရက်ပိုင်းတွင်း မီဒီယာသတင်းတခု ကြားလိုက်မိတယ်။ ကမ္ဘာပေါ်က လူမျိုးရေးခွဲခြားမှုနဲ့အသားအရောင်ခွဲခြားတာမှာ အဆိုးဆုံး ၁၀ နိုင်ငံစာရင်းဖော်ပြခဲ့တယ်။ ဆားဗီးယား၊ ကာတာ၊ ဆော်ဒီ၊ အီရန်၊ အစ္စရေး ပြီးရင် ဗမာနိုင်ငံက နံပါတ် ၆ ချိတ်တယ်ဆိုပဲ။ ခု နောက်ဆုံး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာတယ်လို့လည်း ထုတ်ဖော်သွားပါတယ်။

ပြည်တွင်းမှာ လူမျိုးရေးခွဲခြားမှု ခါးခါးသီးသီးခံစားနေရတဲ့ တိုင်းရင်းသားလူမျိုးစုတွေကတော့ ဒီနံပါတ်စဉ်ကို ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ အလားတူ စစ်အုပ်စုရဲ့ဖိနှိပ်သတ်ဖြတ်သွေးစုပ်မှုကိုနိစ္စဓူဝခံနေရတဲ့ ဗမာလူမျိုးတွေကလည်း “စစ်အုပ်စုအဝန်းအဝိုင်းမဟုတ်ရင် တို့တတွေကိုလည်း ကျေးကျွန်တွေလိုသဘောထားပြီး ဒီပေါ်လစီကျင့်သုံးခဲ့တာပါလို့ ပြောမယ်ထင်တယ်။

တိုင်းရင်းသားလူမျိုးစုတွေကို မင်းတို့တတွေ ငါတို့နဲ့ပေါင်းမလား၊ တို့ခိုင်းတာ လုပ်မလား၊ မပေါင်းဘူး မလုပ်ဘူးဆိုရင် မင်းတို့လူမျိုးတွေကို ဗုံးကြဲမယ်၊ စက်သေနတ်နဲ့ ပစ်မယ်၊ လက်နက်ကြီးနဲ့ထုမယ်လို့ ခြိမ်းခြောက်ထားပြီး တကယ်လည်း လုပ်ပါတယ်။ ရှေ့မှာဖော်ပြတဲ့ ၅ နိုင်ငံက ကိုယ့်လူမျိုးကိုယ်သတ်တာ မဟုတ်ဘူး၊ ဒီကကောင်တွေက လုပ်ကြတယ်။ ဒီသတ္တဝါတွေဟာ အာဏာကလွဲပြီး ဘာမှဂရုစိုက်တာမဟုတ်ဘူး။ သူတို့ကို အယုတ်ညံ့ဆုံးတိရစ္ဆာန်တွေနဲ့ နှိုင်းရင်တောင် ဒီတိရစ္ဆာန်တွေပဲ သိက္ခာကျသွားနိုင်တယ်လို့ ဆိုပါရစေ။

(၂) ကစ်တီဘသန်းခေါ် ဒေါ်ခင်မေသန်းရဲ့ အဆိုအမိန့်

ဗမာ့နိုင်ငံရေးမှာ သတိထားရမယ့်သား ၃ သား ရှိတယ်။ (၁) ကျောင်းသား (၂) ဘုရားသား (ဘုန်းကြီး) (၃) စစ်သားတို့ ဖြစ်တယ်။ သူတို့ကို လွှတ်ထားလို့မဖြစ်။ မျက်စိဒေါက်ထောက် ကြည့်နေရမယ်လို့ ဗိုလ်နေဝင်းကတော် ကစ်တီ ဘသန်း(ခေါ်) ဒေါ်ခင်မေသန်းက ပြောဖူးတယ်။ သူ့ကိုယ်တွေ့တွေနဲ့ သမိုင်းကို နိဂုံးချုပ်ထားပုံပဲ။

ဒီနေ့လက်တွေ့နိုင်ငံရေးခွင်မှာ ထင်ဟပ်ကြည့်တော့ အမှန်ပဲ ကျောင်းသားဟာ သူတို့ကို ဒုက္ခအပေးဆုံးဖြစ်နေတယ်။

သူတို့မျက်ဖြူဆိုက်လောက်အောင် အကျပ်အတည်းတွေ့ခဲ့တဲ့အရေးအခင်းကြီးတွေ မြစ်ဖျားခံရာထိပ်မှာ ကျောင်းသားတွေရှိနေတာ သတိထားမိကြတယ်။ ဟုတ်တယ်။ ပြည်သူတွေ ဒုက္ခရောက်ပြီဆိုရင် (အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားတွေရဲ့သားသမီးတွေ အများစုဖြစ်တဲ့) ကျောင်းသားတွေ ရှေ့ဆုံးက စဆူခဲ့တာပဲ မဟုတ်လား။

ဘုန်းတော်ကြီးများကိုလည်း သူတို့ကြောက်မယ်ဆို ကြောက်လောက်တယ်။ ဒကာ ဒါယိကာမ ပြည်သူတွေနဲ့အတူ ကိုယ်တော်တွေ ရှိကြတယ်။ စစ် ၃ စစ် ဆန့်ကျင်ရာမှာ သံဃာတော်တွေ နောက်မကျခဲ့။ ဒါ့ကြောင့်လည်း အရေးအခင်းတော်တော်များများမှာ ဆရာတော်တွေ အဖမ်းခံအသတ်ခံခဲ့ကြရတယ်။ ခုအထိ ထောင်ထဲမှာ သံဃာတော်တွေ အများကြီးရှိသေးတယ်။

စစ်သားဆိုတာ နေ့ရောညပါ သူတို့နားမှာရှိတယ်။ အနီးကပ်မောင်းဖြုတ်နိုင်သူတွေ။ ဒါ့ကြောင့်လည်း တသွေး၊ တသံ၊ တမိန့်နဲ့ ပိနေအောင် အဖိခံနေကြရတယ်။ အမျိုးဘာသာ သာသနာနဲ့ မှိုင်းတိုက်ခြင်းကိုလည်း ခံနေရတယ်။ အထက်ကို ကာပြန်တဲ့ကိစ္စမှတပါး လုပ်ပိုင်ခွင့်လေးတွေပေးထားတယ်။ ပြည်သူကို ရန်သူအဖြစ်ကြေညာရတဲ့ မင်းအောင်လှိုင်ခေတ်ရောက်တော့ လုယက်၊ ခိုးဆိုး၊ ဓားပြတိုက်ခွင့်အပြင် လူသတ်လိုင်စင်တောင် ထုတ်ပေးခံနေကြရတဲ့ လူတန်းစားတရပ် ဖြစ်လာတယ်။

ဒါပေမဲ့ သူတို့ထဲမှာလည်း ဒါတွေကို ဘယ်သူ့အတွက် လုပ်နေကြရသလဲ? သဘောပေါက်သူတွေ ရှိလာတယ်။ ခုတော့ အမိန့်မနာခံမှု ဖြစ်သူဖြစ်၊ CDM လုပ်သူလုပ်၊ အစုလိုက်အပြုံလိုက်လက်နက်ချသူတွေချ ဖြစ်လာကြပြီ။ ဒါပေမဲ့ သူတို့သမိုင်း သိပ်မတောက်ပြောင်သေး။

မနေ့တနေ့ကပဲ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ၃ ခါနိုင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နိုင်ငံကထွက်ပြေးပြီး အိန္ဒိယမှာ ခိုလှုံလိုက်ရတယ်။ ၁၅ နှစ်လုံးလုံး တိုင်းပြည်ကို ငြိမ်နေအောင်အုပ်ချုပ်နေရာက (ဗမာပြည် နှစ်သီးစား စစ်အရာရှိ မိုးကျရွှေကိုယ်များလို) အလုပ်အကိုင် ရာထူးခန့်ထားရေးမှာ သူ့ရဲ့အထူးအခွင့်အရေးများပေးနေမှုကို မကျေနပ်ရာမှ ကျောင်းသားတွေဆန္ဒပြတော့ မာန်မာနထောင်လွှားပြီး ပစ်သတ်ခိုင်းလို့ ပြည်သူကျောင်းသား သုံးရာကျော် လေးရာခန့် သေဆုံးခဲ့ရတယ်။ တိုင်းပြည်ကို ထိန်းမရတော့ဘူး။ ဒါ့ကြောင့် ပြေးရတာ။

ကဲ မာရဝိဇယဘုရား ဒါယကာကြီး မင်းအောင်လှိုင် သင့်မှာ ခြေဖျားထောက်စရာဆိုလို့ ဘာမှမရှိ။ ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့အမျက်ပြေ ဆိုရိုးစကားတခုမှ မလိုက်နာ။ လောဘနဲ့ မောဟပဲ ဖက်တွယ်နေတော့ ခု အခက်ပွေနေပြီ မဟုတ်လား။

(၃) တုတ်၊ ဓား၊ လက်နက်နဲ့ မသေနိုင်သော မင်းအောင်လှိုင်

မင်းအောင်လှိုင်တယောက် အာဏာလောဘ၊ ဘွဲ့ထူးဂုဏ်ထူးလောဘ၊ စည်းစိမ်ချမ်းသာလောဘတွေကနေ မောဟကောင်ကြီးဖြစ်နေတာ ကြာပါပြီ။ ပီပီပြင်ပြင်ဖြစ်နေတာက အနည်းဆုံး ၃-၄ နှစ်လောက် ရှိရောပေါ့။ အာဏာကိုင်ထားရင် ဘာမဆိုလုပ်လို့ရတယ်ထင်ပြီး ကျုပ် ဘာမဆိုလုပ်ရဲတယ်’ လို့ ကြွေးကြော်ထားတဲ့ မင်းအောင်လှိုင်- ဒီရက်ပိုင်းအတွင်း မင်းအောင်လှိုင်တယောက် တန်ပြန်အာဏာသိမ်းခံရတဲ့သတင်း အမျိုးမျိုးကြားထားရတဲ့ ပြည်သူတွေက ဝမ်ယိကိုတော့ ထွက်တွေ့နိုင်မှာမဟုတ်တော့ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့တွေ့ဖြစ်သွားကြပါပြီ။ ဒါ့မတိုင်မီ သူ့မကျေနပ်ချက်တွေကို မျက်စိကန်းတစ္ဆေမကြောက် ဂျိုးပြောမိုးပြော ပြောထားလေတော့ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီပေါ့။ ဒါပေမဲ့ ဘာပြဿနာမှမထွက်။ ဘယ်လိုဖြစ်တာလဲ။ မိမိတဦးချင်းအမြင်အရ မင်းအောင်လှိုင် ထွက်ပေါက်တွေ့သွားပြီလို့မမြင်။ ဝမ်ယိက ထွက်ပေါက်ပေးသွားတာ (တနည်း) လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားတာလို့မြင်တယ်။ တရုတ်က သူတို့ဖြစ်စေချင်တဲ့ပုံစံကို လူသိရှင်ကြား ကြေညာထားတာပဲ။ ခုလည်း အဲဒါကို ချိုးဖောက် လုပ်သွားတာ မတွေ့ရသေး။ ခုစဉ်းစားနေမိတာက သူ့ဘက်ကိုယ့်ဘက် ပြောပြောနေကြတဲ့ ‘ကြားဖြတ်အစိုးရတရပ်’ ပေါ်လာခဲ့သော် မင်းအောင်လှိုင်ပါဖို့ရှိသလား။ ဘယ်လိုကြားဖြတ်အစိုးရလဲ။ စစ်အုပ်စုလူဟောင်းတချို့ပါတဲ့ အစိုးရ၊ ဒေါ်စုဦးဆောင်ပါဝင်တဲ့ အစိုးရ၊ ဒေါ်စုနဲ့ စစ်ဘက်ပေါင်းစပ်ထားတဲ့ အစိုးရ… စသည့်လေသံ ပစ်နေကြတဲ့ ပုံစံတွေဖြစ်တယ်။ ဘယ်လိုအပြောင်းအလဲပဲလုပ်လုပ် ၂၀၀၈ ခြေဥနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဖျက်သိမ်းရေးကနေ အစချီရပါမယ်။ နွေဦးတော်လှန်ရေးရဲ့ကြွေးကြော်သံက ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ဖြစ်ပါတယ်။

ခု-ပြောချင်တာက မင်းအောင်လှိုင် ဘာဖြစ်သွားမလဲ? ဆိုတာပဲ။ သူ့တပည့် ဇော်မင်းထွန်းကတော့ သူ့ဆရာ မင်းအောင်လှိုင်ဟာ ( သတ္တန္တရကပ်ကျော်နင်းပြီး) တုတ်၊ ဓား၊ လက်နက်ကြောင့် မသေနိုင်တဲ့အာဏာရှင်ဖြစ်ကြောင်း ဗေဒင်ဆရာဟောထားတယ်လို့ အခိုင်အမာဆိုတယ်။ လူမသေဘဲ နာမည်သေနေတာ သူထည့်မတွက်။ ဗမာပြည် အနီးကပ်နိုင်ငံရေးသမိုင်းမှာ ဘုန်းမီးနေလတောက်ခဲ့တဲ့ စစ်အာဏာရှင်တချို့ ရှိခဲ့တယ်။ လူတွေ ဖိန့်ဖိန့်တုန် ကြောက်ခဲ့ရတယ်။ နေဝင်းခေတ်မှာ နေဝင်း၊ မျက်မှန်တင်ဦး၊ ပြီးတော့ သန်းရွှေ၊ နောက် ခင်ညွန့်၊ ခု မင်းအောင်လှိုင်၊ သူတို့ဇာတ်သိမ်း မကောင်းကြဘူး။ မင်းအောင်လှိုင်ကိုတော့ သီးခြားထုတ်ပြီးမှတ်ချက်ပြုလိုတာက ” ဇာတ်သိမ်းကောင်းမယ့်ပုံ မရှိဘူး” ဆိုတာပဲ။ အချိန်တိုအတွင်း မြင်ကြရမှာပါ။ စိတ်ဝင်စားစရာတော့ အကောင်းသား-

မင်းအောင်လှိုင်ရဲ့တပ်ကို ကမ္ဘာမှာ Standard Army အဆင့် ၃၆ လို့ ဖော်ပြထားတာ ရှိတယ်။ ဘယ်ပေတံတွေနဲ့တိုင်းပြီး ပေးကြသလဲမသိ။ ကျွန်တော်တို့မြင်ရတာက ပခုံးပေါ်ကအပွင့်တွေ လိုင်းတွေ ရင်ဘတ်ပေါ်က ရောင်စုံတံဆိပ်တွေနဲ့ အော့နှလုံးနာဖွယ်ပုံတွေပဲမြင်ပြီး အော့နှလုံးနာဖွယ် (Smart Army)စမတ်အာမီလို့ပဲ အမည်ပေးချင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီစမတ်အာမီပေါ်က ခံစားခွင့်တွေကြောင့် ချမ်းသာကြွယ်ဝမှုမှာ နိုင်ငံတကာတပ်တွေထဲက သူနဲ့အဆင့်တူ ပုဂ္ဂိုလ်တွေနဲ့ယှဉ်ရင် မင်းအောင်လှိုင်ဟာ Top Ten ထဲ ပါနေလောက်ပြီ။ ဒါပေမဲ့ တိုင်းပြည်ကတော့ ဘက်စုံနိမ့်ဆင်းသွားလိုက်တာ အာဆီယံမှာတောင် ဓားမနောက်ပိတ်ခွေး ဖြစ်နေပါပြီ။ သူ့ဆီရှိနေတဲ့ အရည်အချင်းဆိုလို့ ညစ်နည်းမျိုးစုံနဲ့ ထွက်လမ်းရှာတတ်တာ ဖြစ်တယ်။ ဒါ့ကြောင့်လဲ သူ့ကို လက်မလွှတ်နိုင် ဆက်သွယ်နေရတဲ့ သူတချို့ကို ပြောလိုတယ်။ ခင်ဗျားတို့အနေနဲ့ “မျောက်ကိုချစ်ငြား ချူဆွဲမှားသို့၊ နားမချမ်းသာ ရှိတို့ရာ၏” ဆိုရိုးစကားကို သတိချပ်ကြစေလိုတယ်။ ဒါ့အပြင် ဒီမျောက်က မီးတုတ်ကိုဆွဲပြီး အိမ်ခေါင်ပေါ်တက် လမ်းသလားနေတဲ့အဆင့်ရောက်နေပြီ။ အကျိုးဆက်ဘာဖြစ်မယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားမှ ဖြစ်မယ်။ ဖျက်ဆီးအားကတော့ ပြင်းလိမ့်မယ်။ ဒါက နိုင်ငံတကာဆက်ဆံရေးအပိုင်း။ ပြည်တွင်းဘက်စုံဖျက်ဆီးမှုတွေထဲမှာ ရိုးရာအမွေအနှစ်တွေ ကုန်သလောက်ရှိခဲ့ပြီ။ (အရှက်အကြောက်ကြီးသောလူမျိုး – သို့သော် မာနကြီးသောလူမျိုး၊ ကူညီရိုင်းပင်းလိုသောလူမျိုး၊ ပေးကမ်းစွန့်ကြဲ ရက်ရောသောလူမျိုးများ နေထိုင်ရာတိုင်းပြည်) လို့ ကင်ပွန်းတပ်ခံထားရတဲ့ မိမိတို့နိုင်ငံ။ ခုဘာတွေဖြစ်နေသလဲ။ အားလုံးခံစားမိကြမှာပါ။ စမတ်အာမီခေတ် ဗမာပြည်ရဲယဉ်ကျေးမှုက ဝါးမျိုပစ်လိုက်ပါပြီ။ သူ့ဘက် ကိုယ့်ဘက် ပျစ်ပျစ်နှစ်နှစ် ဆဲသံကလော်တုတ်သံတွေ မီဒီယာလောကမှာ ပျံ့နှံ့ချင်တိုင်းပျံ့နှံ့နေခဲ့ပါပြီ။ ပိုဆိုးတာက ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီးကြီးငယ်များကတောင် မကြားဝံ့မနာသာ စကားတွေကို အရှက်မရှိ ပြောနေကြတဲ့အဆင့် ရောက်ကုန်ပါပြီ။ ရဲဘော်ဦးတင် (ဗိုလ်ချုပ်ကျော်ဇော) နဝတ ခေတ်မှာ ကျွန်တော်တို့ကို ပြောခဲ့ဖူးတယ်။ “တိုင်းပြည်လွတ်မြောက်သွားတောင် ဒီကောင်တွေ ဖျက်ဆီးသွားလို့ တိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြတဲ့အခါ အချိန်အများကြီး ယူကြရတော့မယ်။ အထူးသဖြင့် လူတွေရဲ့စိတ်ဓာတ်အမူအကျင့်တွေပဲ” တဲ့။ တို့မအုပ်ချုပ်ရရင် မင်းတို့အုပ်ချုပ်မရအောင် တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့မယ်လို့ အောက်တန်းကျကျပြောနေတဲ့ Smart Army ကြီးခေတ်ကိုသာ မီလိုက်ရင် ရဲဘော်ဦးတင် ဘယ်လိုများ မှတ်ချက်ပြုလေမလဲ သိချင်စမ်းပါဘိ။

နိဂုံး

ဒီဖောင်ပိတ်ဆောင်းပါးရဲ့ရှေ့အပိုင်းတွေမှာ တိုင်းပြည်ရဲ့အနိဋ္ဌာရုံတွေနဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေဖော်ပြပြီး လက်သည်တရားခံဟာဘယ်သူလဲဆိုတာ တို့ထိရေးထားပါတယ်။ ဒီတော့ ပါတီရဲ့ ၈၅ နှစ်မြောက်မွေးနေ့အခါသမယမှာ အားတက်စရာတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကော မရှိဘူးလား မေးစရာဖြစ်လာတယ်။ ရှိပါတယ်။ ခု-ရှိတဲ့အကြောင်း တိုနိုင်သမျှအတိုချုံးပြီး နိဂုံးအဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) ၈၅ နှစ်မြောက် ပါတီမွေးနေ့အချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထီးထီးမတ်မတ် ရပ်တည်နေထိုင်ဆဲပါတီအဖြစ် မြင်နိုင်တယ်။ ဖိနှိပ်အုပ်စိုးသူတွေက လက်နက်နဲ့အကြမ်းဖက်လာတဲ့အခါ လက်နက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိတဲ့ပါတီ၊ မာ့က်စ်လီနင်ဝါဒအမြင်ကို လက်တွေ့နဲ့ပြခဲ့တဲ့ပါတီဖြစ်တယ်။ (လက်နက်ကိုင်တိုက်ပွဲသာ မဆင်နွှဲခဲ့ရင် ဗမာပြည်ကွန်မြူနစ်ပါတီ ဘယ်ရောက်နေမလဲ တွေးကြည့်ပါ။)

(၂) လက်နက်အရာမှာ ဘက်ပေါင်းစုံသာလွန်ပြီး ဆယ်စုနှစ် ၆ ခုလောက် အပေါ်စီးကနေခဲ့တဲ့စစ်တပ်ဟာ စိတ်ဓာတ်တွေ ဒလဟော ကျနေတယ်။ တဖက်မှာ အဖိနှိပ်ခံပြည်သူတွေ မကြုံဖူးအောင် အားတက်ရွှင်လန်းနေကြတယ်။

(၃) တပြည်လုံးရှိ တိုင်းရင်းသားပြည်သူတွေ နိုးကြားတက်ကြွမှု အမြင့်ဆုံးအဆင့် ရောက်နေတယ်။

(၄) စကစ ခေတ် ၃ နှစ်ကျော် ၄ နှစ် အချိန်တိုအတွင်း လူငယ်တွေဟာ စစ်ရေးစစ်ရာဘက်မှာ လူလားမြောက်လာခဲ့ကြပြီ။ စည်းရုံးရေးဘက်မှာ အခြေခံလူတန်းစား (အထူးသဖြင့် ကျေးလက်လယ်သမားနဲ့ လူမျိုးစု) တွေကြား တိုးဝှေ့နေရာယူလာနိုင်ကြပြီ။

(၅) အုပ်စိုးသူ စစ်အုပ်စုအပေါ် အထင်ကြီးခဲ့တဲ့ သူ့သာပေါင်းညာစားတွေကပင် အွန်လိုင်းကနေ ပေါ်ပေါ်ထင်ထင် ဆဲရဲလာကြပြီ။ ပြောချင်တာက ရန်သူစစ်အစိုးရဆိုတာ လူမလေးခွေးမခန့်တဲ့ အစိုးရ ဖြစ်နေပြီ။

(၆) ဒီကာလမှာ ရေးစရာတွေ မှတ်တမ်းတင်စရာတွေ တပုံတထွေးကြီး ဖြစ်ပေါ်နေတယ်။ သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်စဉ်တွေ ပေါ်ထွန်းနေတယ်။

(၇) ဒါကြောင့် ချုပ်ရရင် ဒီခေတ်မှာ လူဖြစ်တာ လူဖြစ်ကျိုးနပ်တယ်။ ဒါ့အပြင် တော်လှန်ရေးလုပ်ငန်းခွင်တွေမှာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကျွန်တော်တို့တတွေဟာ အင်မတန်ကံကောင်းတဲ့လူသားတွေ ဖြစ်တယ်။ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ကြပါစေလို့ စကားမွန်ဆိုပါရစေ။

လေးစားစွာဖြင့်

၁၅-၈-၂၀၂၄

လေ့လာရေး ပြဿနာများ အပိုင်း(၂)

လေ့လာရေး ပြဿနာများ

အပိုင်း(၂)

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

ဆွေးနွေးရာမှာ ဘယ်သူက တင်ပြပြောဆိုသလဲ၊ ဘယ်ဟန်ဘယ်လေသံနဲ့ပြောဆိုသလဲ စတာတွေကို အစွဲမထားဘဲ၊ ဘာအကြောင်းအရာ ဘာအတွင်းသဘောကို တင်ပြပြောဆိုသလဲဆိုတာကို အဓိက အလေးထားသင့်တယ်၊ တင်ပြပြောဆိုတာက ကျိုးကြောင်းဆီလျှော်မှု ရှိမရှိကို အလေးထားဆန်းစစ်သင့်တယ်။

မေးခွန်းထုတ်တာကို အားပေးသင့်တယ်၊ အမေးနွားကျောင်း အဖြေဘုရားလောင်းဆိုသလို ရိုးရိုးသာမန် မေးခွန်းတွေက(ဥပမာ စကြာဝဠာထဲရှိအရာဝတ္ထုတွေဟာ ဘာဖြစ်လို့ တခုနဲ့တခု အပြန်အလှန်ဆွဲနေတာလဲဆိုတဲ့ မေးခွန်းမျိုးတွေက) မမျှော်လင့်ပဲ အဖြေရခက်တာမျိုး ဆက်လက်စူးစမ်းလေ့လာစရာခေါင်းစဉ်မျိုး ဖြစ်နေတတ်တယ်။

အဲဒီအချက်များကို သတိထားလုပ်ကိုင်ပါက၊ ဆွေးနွေးကြသူများအတွင်း အထက်အောက် အဆင့်တာဝန်ကွဲပြားမှု၊ ပညာရေချိန် ကွာခြားမှု၊ အတွေ့အကြုံ ကွဲပြားမှုစတဲ့ ပကတိအခြေအနေများ ရှိနေတဲ့ကြားကပဲ၊ ဒီအခြေအနေတွေက လေ့လာရေးကိုအကျိုးရှိစေ နိုင်ပါတယ်။

ခံစားချက်ကိုအသာထား ပကတိဘာဝကို သိအောင်ကြိုးစား

ဘာကိုမုန်းသလဲ ဘာကိုချစ်သလဲ စတာနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရားကိစ္စကိုလည်း လူတန်းစားလက္ခဏာတံဆိပ် ခပ်နှိပ်ထားတဲ့အရာအဖြစ် နားလည်သင့်တယ်၊ တော်လှန်ရေးအတွက် စိတ်ဓါတ်အင်အား စိတ်ဓါတ်တွန်းအား ဖြစ်စေတဲ့ တော်လှန်ရေးဆန်တဲ့ကိုယ်ကျင့်တရားကို ရင်မှာပိုက်ရမှာဖြစ်တယ်၊ ဒါပေမဲ့ အရာကိစ္စတွေရဲ့ပြောင်းလဲမှုကို အဆုံးအဖြတ်ပေးတဲ့အရာက ပကတိဘာဝ အချက်အလက်သာဖြစ်ပါတယ်။ ရိုးရိုးဥပမာအဖြစ် စဉ်းစားကြည့်ပါ၊ ဆန်၊ ရေ၊ လောင်စာ၊ မီး၊ အိုး တခုခုယုတ်လျော့ရင် ဘယ်လောက် စိတ်အားထက်သန်သည်ဖြစ်ပါစေ ထမင်း မရရှိနိုင်ပါဘူး။ ဒါကြောင့် အရာကိစ္စတွေရဲ့အတွင်းပိုင်းသဘောသဘာဝကို သိအောင်ကြိုးစားရာမှာ ချစ်ခြင်းမုန်းခြင်း၊ တရားမျှတမှုရှိခြင်း မရှိခြင်း၊ မွန်မြတ်ခြင်း ယုတ်မာခြင်း၊ ဓမ္မဖြစ်ခြင်း အဓမ္မဖြစ်ခြင်း စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခံစားမှုများအမြင်များကို ခဏဘေးဖယ်ထားပြီး ပကတိဘာဝအခြေအနေ အချက်အလက်များ ဆက်စပ်မှုများကို ရှာဖွေဖော်ထုတ်သင့်တယ်။

ဥပမာ ကျေးကျွန်စနစ်ကို အလွန်စက်ဆုတ်စရာကောင်းတဲ့စနစ်အဖြစ်ကြည့်မြင်နေရင် သမိုင်းမှာ ဒီစနစ်ဖြစ်ပေါ်လာပုံ၊ ဒီစနစ်မှာ တိုးတက်တဲ့အခန်းကဏ္ဍလည်းရှိခဲ့ပုံတွေကို မမြင်နိုင်တော့တာ၊ နားလည်ရခက်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ရှေးခေတ်ဘုံအဖွဲ့စနစ်ဟာ အိန္ဒိယတို့ ရုရှားတို့လိုဒေသတွေမှာ အချိန်အတော်ကြာရှိနေခဲ့တာကြောင့် ရှေ့မတိုးတက်ဘဲ ခေတ်နောက်ကျခဲ့ကြောင်း၊ ဒီ ဘုံအဖွဲ့တွေပြိုကွဲသွားတဲ့နေရာတွေမှာသာပဲ လူ့အဖွဲအစည်းက ရှေ့သို့ ဆက်လက်တက်လှမ်းခဲ့ကြောင်းမြင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။ တခြား အခြင်းအရာများ ဥပမာ အရင်းရှစ်စနစ် နယ်ချဲ့စနစ် ဆိုရှယ်လစ်စနစ်အကြောင်း၊ သွေးစုတ်ခြင်း ဖိနှိပ်ခြင်း တော်လှန်ခြင်းအကြောင်းတို့ ကို သိရှိနားလည်အောင် လုပ်ရာမှာလည်း အလားတူပါပဲ။ ဒီအခြင်းအရာများရဲ့ ပကတိသဘောသဘာဝကို ဖော်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။

စစ်အုပ်စုရဲ့ ဖြစ်ပေါ်လာမှု ကြီးထွားလာမှု တည်ရှိနေမှုဆိုင်ရာ ပကတိဘာဝအခြေအနေအကြောင်းသိဖို့ဆိုရင် စက်ဆုတ်စရာ မုန်းစရာများ ကောက်ကျစ်မှုများဆိုင်ရာ ခံစားမှုများအမြင်များကို ခဏဘေးဖယ်ထားပြီး သူ့ရဲ့ အတွင်းပိုင်းဆိုင်ရာဆက်စပ်မှုများကို သိအောင်လုပ်သင့်တယ်။ ထိပ်ဆုံး စစ်အာဏာရှင်အဖြစ် တွေ့မြင်နေရသူ ( ဥပမာ မင်းအောင်လှိုင်) ဟာ သူ့အထက်ကကြိုးကိုင်သူ လူတယောက် သို့မဟုတ် လူတစုရဲ့စီမံချက်ကို နာခံနေရသူလား၊ သူ့အောက်က တိုင်းမှူးများအပါအဝင် စစ်အုပ်စုထိပ်သီးအားလုံး ဥမကွဲသိုက်မပျက်ရှိရေးအတွက် ရုပ်ပြ နတ်နေကိုင်း အာဏာရှင်အဖြစ် သရုပ်ဆောင်နေရသူလား စတာတွေကို သိရှိအောင်လုပ်သင့်တယ်။ စစ်အုပ်အတွင်း အာဏာခွဲဝေမှု ဥစ္စာဓနခွဲဝေမှုနဲ့ပတ်သက်တဲ့သဘောသဘာဝတွေကို သိအောင် လုပ်သင့်တယ်။ ဒါတွေကို ပိုပိုပြီး သိရှိနားလည်လာတာနဲ့အမျှ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်စွမ်း ပိုပိုပြီး ရှိလာပါလိမ့်မယ်။

အရင်းရှင်ဟာ အရင်းအနှီးကို ကိုယ်စားပြုတယ်။ အရင်းရှင်ရဲ့လောဘဟာ အစွန်းထွက်တန်ဖိုး (အမြတ်) ကို ကိုယ်စားပြုတယ်၊ သိမ်းပိုက်ခွင့်ရရှိထားသူက တကယ်လက်လှမ်းမှီနိုင်တဲ့အကျိုးအမြတ်ကိုမြင်ရလေ လောဘကြီးလေ ဖြစ်တယ်၊ ကိုယ်ရကိုယ်ယူခွင့်ရှိတဲ့အခြေအနေမှာ၊ တောထဲမှာ မှိုရှာသူဟာ မှိုများများတွေ့ရလေ မှိုရချင်တဲ့ လောဘကကြီးလေ ဖြစ်တယ်။ ဒီသဘောအရ ဆိုရရင်၊ ချစ်စိတ် မုန်းစိတ် သဒ္ဓါစိတ် လောဘစိတ် စတာတွေဟာ အရာကိစ္စအတွင်းအနှစ်သာရတွေရဲ့ ရောင်ပြန်ဟတ်ချက်များဖြစ်ပါတယ်။ သွေးစုတ်မှုစနစ်တခုခုဟာ နောက်ပြန်ဆွဲမှု သဘောဆောင်လာတဲ့ အဆင့်ရောက်မှသာ ဒီစနစ်ကို လူအများက မုန်းစရာအဖြစ်မြင်လာကြတာ ဖြစ်ပါတယ်။

သမိုင်းကိုပုံဖော်ရာမှာ သတိထားစရာ

ကျောင်းသားဘဝကတည်းက အကျင့်မကောင်းခဲ့တဲ့ အာဏာရမ္မက် လောဘကြီးလှတဲ့၊ ဉာဏ်နီဉာဏ်နက်များလှတဲ့ လူဆိုးကြီး ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ကျောင်းသားကောင်းများအား အညိုးအတေးကြီးစွာ အရက်မူးမူးဖြင့် ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်လိုက်တဲ့အခါ သမိုင်းတွင် ဇူလိုင် ၇ ရက် ဟူသော အရေးအခင်းတရပ် ပေါ်ပေါက်လာသတည်းဆိုပြီး သမိုင်းကိုပုံဖော်လို့ မဖြစ်ပါ၊ သမိုင်းကို ဓမ္မနဲ့အဓမ္မကြားက ပဋိပက္ခအဖြစ် ပုံမဖော်သင့်ပါ။ လူတန်းစားများ လူတန်းစားပါတီများအကန့်အသတ်ခံထားရတဲ့အခြေအနေမှာ ကျောင်းသားတွေရဲ့ ပုခုံးအပေါ် ကျရောက်လာတဲ့၊ (လူ့အဖွဲ့အစည်းပေး) သမိုင်းပေးတာဝန်အရ ကျောင်းသားထုက သမိုင်းပေးအသိ သမိုင်းပေးသတ္တိဖြင့် စစ်အာဏာရှင်စနစ်ကို အံတုခဲ့တဲ့ဖြစ်ရပ်အဖြစ်ပုံဖော်သင့်တယ် ထင်ပါတယ်။

ဒီနေရာမှာ ဆက်စပ်မိလို့ လူ့အဖွဲ့အစည်းအတွင်း ကျောင်းသားတွေရဲ့လူတန်းစားအသိ (လူ့အလွှာအသိ အသိုက်အဝန်းအသိ) အခြေအနေအကြောင်းမပြောခင် လူတန်းစားအသိအကြောင်း ဦးစွာပြောလိုပါတယ်။ လူတယောက်ဟာ လူ့အဖွဲ့ အစည်းအတွင်းဖြတ်သန်းရင်း တချိန်ချိန်မှာ ကိုယ်ဟာ ဘယ်လိုဘဝနဲ့အရိုးထုတ်သွားရတော့မှာပါကလားရယ်လို့ အသိဝင်လာပါတယ်။ ဒီလိုနဲ့ ငါဟာ လယ်သမားတယောက် ဖြစ်ပါကလား၊ သို့မဟုတ် အလုပ်သမားတယောက်ဖြစ်ပါကလား စသဖြင့် အသိရရှိလိုက်တာမျိုးကို လူတန်းစားအသိလို့ ခေါ်ကြပါတယ်။ ဒီကနေ ကိုယ်လို ဘဝတူကံကြမ္မာတူတွေကိုလည်း တွေ့မြင်လာခင်တွယ်လာပါတယ်။ အလားတူစွာပဲ၊ တော်လှန်ရေးသမားအသိစိတ်ဓါတ်၊ ပါတီအသိစိတ်ဓါတ်စတာတွေဟာလည်း ဘဝတူကံကြမ္မာတူ အသိုက်အဝန်းအသိမျိုး ဖြစ်ပါတယ်။ ဂိုဏ်းဂဏ စိတ်မဟုတ်ပါ။

တချို့ကျောင်းသားတွေကတော့ မူလကတည်းက ကျောင်းပြီးရင် စစ်ဗိုလ်လုပ်ဖို့ အရာရှိကြီးလုပ်ဖို့ သတ်မှတ်ထား ပြီးသားဖြစ်ပါတယ်၊ အများစုကတော့ ဉာဏလုပ်သားလုပ်ဖို့ ယေဘုယျမျှ ရည်မှန်းထားကြသူများ၊ အဖြူထည်သဘောရှိကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ဖို့ကြုံလာရင် အဖိနှိပ်ခံပြည်သူဖက်က ရပ်တည်လှုပ်ရှားနိုင်ကြပါတယ်။ အတွေးအခေါ်အရကတော့ အလုပ်သမားများသည်ပင်လျှင် လူ့အဖွဲ့အစည်းတခုလုံးအတွင်း ပြန့်နှံ့နေတဲ့ သွေးစုတ်သူလူတန်းစားအတွေးအခေါ်အောက် ကျရောက်နေတာမျိုးလည်း ရှိပါတယ်။ အများကြိုက် အတွေးအခေါ်မျိုးကို ဆိုလိုတာပါ။ အများစုကြီးက အရင်းရှင်လူ့အဖွဲ့အစည်းဆိုင်ရာ ထုံးတမ်းစည်းကမ်းဆန်တဲ့အမြင်များရဲ့ ချည်နှောင်မှုအောက်မှာ ရှိနေပါတယ်။ ဥပမာ နိုင်ငံတော်ကိုချစ်မြတ်နိုးရမည်၊ ဘာ နိုင်ငံတော်ဥပဒေကိုမှ မချိုးဖောက်ရ၊ အလုပ်လုပ်မှ ငွေရှိမည်၊ ကိုယ်ရကိုယ်စံ ကိုယ်ဖြစ်ကိုယ်ခံဖြစ်သည်၊ ပြိုင်ဆိုင်နေကြသူများ အချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြရမည်၊ စတဲ့စတဲ့ အတွေးအခေါ်များအောက်မှာ ရှိနေပါတယ်။

ကျိုးကြောင်းဆီလျှော်တဲ့ ဆန္ဒမွန်များ

စိတ်ဆန္ဒကကောင်းမွန်ပေမဲ့ အကျိုးအကြောင်းမဆီလျှော်ရင် စိတ်ကူးယဉ်သဘောသာ ဖြစ်နေပါလိမ့်မယ်။ ကျိုးကြောင်းဆီလျှော်တဲ့ဆန္ဒမွန်များ ဖော်ထုတ်ဖို့ကလည်း မလွယ်ပါဘူး၊ ဘာဘဲဖြစ်ဖြစ် ဆန္ဒမွန်ဆိုတာလည်း ဆန္ဒမျှသာ ဖြစ်ပြီး၊ ပကတိ အကောင်အထည်မဟုတ်သေးပါဘူး။ ဆန္ဒကို အကောင်အထည်ဖြစ်လာအောင်ကြိုးစားရာမှာ အကောင်အထည်ပေါ်လာဖို့အတွက် ဖြစ်နိုင်ခြေများကို တွက်ဆဖို့၊ လူအရင်းအမြစ်အပါအဝင် ရုပ်ဝတ္ထု အရင်းအမြစ်ဆိုင်ရာအချက်အလက်များကို စူးစမ်းလေ့လာ ချင့်ချိန်ဖို့လိုအပ်ပါတယ်။

ဗမာပြည် လူ့အဖွဲ့အစည်း လှည်းဘီးအပေါ် တပြိုင်တည်းသက်ရောက်နေတဲ့ အင်အားများအကြောင်း ဥဒဟာရုံ အနေနဲ့ပြောရရင် စစ်အုပ်စုက သူလိုရာဖက်ဖို့ တစုံတရာအားနဲ့ ဆွဲနေတယ်။ သူ့အပေါင်းပါ ပါတီအဖွဲ့အစည်းများကလည်း စစ်အုပ်စုဆွဲတဲ့လားရာနဲ့ တထပ်တည်းကျလုနီးပါးဖက်သို့ ဆွဲနေတယ်။ ပထဝီနိုင်ငံရေးအရ ကမ္ဘာ့ အရှေ့ အနောက် အင်အားစုများကလည်း စစ်အုပ်စုနဲ့ထပ်တူမကျပေမဲ့ စစ်အုပ်စုဖက်ပင်းတဲ့ လားရာတမျိုးမျိုးနဲ့ အသီးသီး ဆွဲနေကြတယ်၊ အလုပ်သမားလူတန်းစားအပါအဝင် အဖိနှိပ်ခံလူတန်းစားများကလည်း အချင်းချင်း ထပ်တူမကျပေမဲ့ စစ်အုပ်စုကိုဆန့်ကျင်တဲ့လားရာ တမျိုးမျိုးဖက်သို့ မတူတဲ့အားပမာဏများနဲ့ အသီးသီးဆွဲနေကြတယ်။ အဲဒါ အားလုံးရဲ့အကျိုးဆက်လားရာ အကျိုးဆက်အင်အားသက်ရောက်မှုအရ လှည်းဘီးက ရွေ့လျှားနေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ လူတန်းစားအမျိုးမျိုးအကြားရှိ ဆက်စပ်မှု အားပြိုင်မှုအခြေအနေ ကို မျက်ခြေမပြတ် အကဲခတ် တွက်ဆ လေ့လာမှုဟာ ကျွန်တော်တို့ ရဲ့ လက်တွေ့လုပ်ငန်းများအတွက် အရေးကြီးပါတယ်။

ညီညွတ်ရေး ဆန္ဒမွန်

ဥပမာ လူအများပါဝင်တဲ့အလုပ်တိုင်းဟာ ညီညွတ်ဖို့လိုတာချည်းပါပဲ။ စည်းလုံးညီညာ အောင်ကြောင်းဖြာဆိုတာကို အထူးတွေ့ရှိလိုက်တဲ့သဘောတရား တခုအဖြစ်ပြောစရာမလိုပါ။ ညီညွတ်ရေးဆိုင်ရာ ပကတိအချက်အလက်တွေ ဘယ်လို တည်ရှိနေသလဲဆိုတာနဲ့ တွဲဖက်စဉ်းစားဖို့ အရေးကြီးပါတယ်၊ ဘယ်ပုံစံ ဘယ်အဆင့်နဲ့ ညီညွတ်နိုင်သလဲ ဆိုတာကို ဖော်ထုတ်ဖို့လိုပါတယ်။ ဒီနေရာမှာ သတိထားစရာအဖြစ် ပြောလိုတာတခုက၊ ဘုံလုပ်ဆောင်ချက် အစီအစဉ်တခုခုအရ အင်အားစုများ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ (တူတာတွဲလုပ်ရာမှာ)၊ မတူတာခွဲလုပ်ဆိုတဲ့ အပိုင်းအတွင်း အင်အားစုအသီသီး မတူတာ ခွဲ ယုံကြည်ကြတဲ့အချက်ကိုလည်း အသိရှိရှိ (သူသိ ကိုယ်သိ) နားလည်မှုရှိရှိ ဆုပ်ကိုင်ဖို့လိုပါတယ်။

ပါတီတည်ဆောက်ရေးဆန္ဒမွန်

ပါတီကို ပစ္စည်းမဲ့လူတန်းစားပါတီပီသအောင် တည်ဆောက်ရေးဆိုတဲ့ဆန္ဒမွန်ဟာလည်း ပကတိအခြေအနေ လေ့လာမှုနဲ့ ပေါင်းစပ်မှ အကောင်အထည်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ သမိုင်းအတွင်းရှိ ဘယ် လူမှုလှုပ်ရှား ပြောင်းလဲမှုမဆို သမိုင်းရဲ့ ဆိုးမွေကောင်းမွေမှန်သမျှလက်လွှဲဆက်ခံယူပြီး ဆက်လက် လှုပ်ရှားကြတာချည်းပါပဲ။ ဒါအပြင် ကိုယ့်ခေတ်မှာလည်း လူ့အဖွဲ့အစည်းအတွင်းရှိ လူတန်းစားပဋိပက္ခတွေက ကိုယ့် (အဖွဲ့အစည်း) အပေါ် တွန်းတင်တဲ့ဖက်ကရော ဆွဲချတဲ့ဖက်ကပါ နေ့စဉ်နဲ့ အမျှ ဂယက်ရိုက်နေတာဖြစ်ပါတယ်။ အတွေးအခေါ် ဂယက်သာမက ရုပ်ဘဝဂယက်ပါရိုက်ပါတယ်။ တောနဲ့မြို့ ကွာခြားမှုအခြေအနေ၊ ပညာရေချိန်ကွာခြားမှု အခြေအနေ၊ လူထုနဲ့ နီးစပ်မှု ဝေးကွာမှုအခြေအနေ စတာ စတာတွေက ပါတီရဲ့ရုပ်ဘဝကို ဂယက်ရိုက်ပါတယ်။ ပါတီတည်ဆောက်ရေးလုပ်ငန်းဟာ အလုပ်သမားလူတန်းစားနဲ့ ပါတီအကြား၊ တခြားသော အဖိနှိပ်ခံလူတန်းစားများနဲ့ ပါတီအကြား နီးကပ်စွာရှိမှုအပေါ် အခြေခံရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေပါလိမ့်မယ်။

လက်တွေ့ နဲ့ယှဉ်ပြီး တွက်ဆချင့်ချိန်ဖို့က ပါတီဟာ အလုပ်သမားလူတန်းစားနဲ့ ဘယ်လောက် နီးကပ်မှုရှိသလဲ။ အလုပ်သမားတွေက ပါတီကို ဘယ်လိုသဘောထားသလဲ စတဲ့ အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ အသေအချာ ပြောနိုင်တာကတော့ ပါတီဟာ ဘာပဲလုပ်လုပ် ဘာပဲပြောပြော၊ ဒီအလုပ်ဒီအပြောတွေကို လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေက ဘယ်လိုသဘောထားနိုင်သလဲ ထောက်ခံနိုင်သလားဆိုတာ ချိန်ထိုးကြည့်ဖို့လိုပါတယ်။ ဒါကြောင့် အလုပ်သမားလူတန်းစားနဲ့ ပါတီအကြား ရုပ်ဘဝအရပါ နီးကပ်မှုရှိလာအောင် ပြန်လည်ကြိုးစားသင့်တယ်၊ အရေအတွက်အရ ကြီးထွားလာရုံမက နိုင်ငံတကာအတွေ့အကြုံများပြားလာတဲ့ အလုပ်သမားလူတန်းစားရဲ့ စွမ်းအားကို ဖော်ထုတ်ဖို့ကြိုးစားသင့်တယ်။ တစိတ်တဒေသ ဥပမာအဖြစ်ပြောရရင် လေယဉ်ကွင်း လေယဉ်ပြင် အလုပ်သမားများ၊ ကုန်တင်ကုန်ချ၊ လမ်းဖောက် လမ်းပြင်၊ သယ်ပို့ အလုပ်သမားများရဲ့ အစိုးရ စစ်တပ်အပေါ် လည်မျိုညှစ်နိုင်တဲ့အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ ကြိုးစားသင့်တယ်။

တပ်တည်ဆောက်ရေး ဆန္ဒမွန်

တပ်တည်ဆောက်ရေးဆိုင်ရာဆန္ဒမွန်ဟာလည်း ပကတိအခြေအနေလေ့လာမှုနဲ့ပေါင်းစပ်မှ အကောင်အထည် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ တပ်တည်ဆောက်ရေးလုပ်ငန်းဟာ သက်ဆိုင်ရာ ရုပ်ဝတ္ထုအချက်အလက်များ၊ လူ(တပ်မှူးတပ်သား အရည်အတွက် အရည်အသွေး) အရင်းအမြစ်ဆိုင်ရာအချက်အလက်များ၊ ပြည်သူလူထုနဲ့နီးကပ်မှု တသားတည်းရှိမှုဆိုင်ရာ အခြေခံအချက်အလက်များအပေါ်မူတည် နေပါတယ်။

အောက်ခြေတပ်သားများကို ဂရုစိုက် “ဦးစားပေး” တယ်ဆိုရာမှာ အားနွဲ့သူအားနည်းသူ ဒုက္ခိတကို “ဦးစားပေး” သလိုမဖြစ်ဖို့ သတိထားသင့်တယ်။ အောက်ခြေထုဆိုတဲ့ စစ်ရေးဆိုင်ရာအဖွဲ့အစည်းအတွင်းရှိ လူထု (စစ်သားထု) ရဲ့ အခြေခံကျတဲ့အခန်းကဏ္ဍ၊ အမှုကိစ္စအဝဝကို တိုက်ရိုက် ဆောင်ရွက်သူများဖြစ်ခြင်းဆိုတဲ့အခန်းကဏ္ဍကို အလေးထားဖော်ထုတ်တာမျိုး ဖြစ်သင့်တယ်။ သတိပြုရန်အချက်များနဲ့ပတ်သက်တဲ့ ဖြေရှင်းမှု ပညာပေးမှု အရေးယူမှုတွေမှာလည်း ဘယ်လို/ဘယ်လောက် ထိခိုက်နစ်နာစေသလဲဆိုတာကို ထည့်သွင်းစဉ်းစားသင့်တယ်။

အရာရာအတွက် အခြေခံ

ပါတီနဲ့ ပြည်သူအကြား၊ တပ်နဲ့ပြည်သူအကြား အပြန်အလှန် နီးကပ်စွာဆက်ဆံရေးအတွက် ပြည်သူလူထု အခြေအနေကိုသိရှိအောင်လုပ်ရာမှာ နိုင်ငံရေးနိုးကြားမှု စိတ်ဓါတ်အခြေအနေသာမက လူမှုရေး စီးပွားရေး နေထိုင်ရေးဆိုင်ရာ ဘဝအခြေအနေများကိုလည်း စူးစမ်းသင့်တယ်။ ပြည်သူလူထုအနေနဲ့ သမိုင်းတလျှောက် ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့ဘဝကို ဖြတ်သန်းလာခဲ့ရတာကြောင့် မပြောရဲမဆိုရဲ မယုံရဲဖြစ်တာ ရှိနိုင်ပေမဲ့၊ ပြည်သူ့အုံကြွမှု တော်လှန်ရေးလေထုအတွင်းမှာ နဂိုကထက် ရဲရဲတင်းတင်းပြောဆိုလာတာလည်း ရှိပါတယ်၊ အပြန်အလှန်ရင်းနှီးမှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်လေ ဆန္ဒအစစ်အမှန်ကိုဖော်ပြလေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ အဖိနှိပ်ခံ ပြည်သူအကြားဆက်ဆံရေးရဲ့လက္ခဏာအဖြစ်ပြောဆိုတဲ့ ” နီးကပ်စွာ”၊ “တသားတည်း ဖြစ်စွာ” ၊ “နက်ရှိုင်းစွာ” စတဲ့ စကားများနဲ့ပတ်သက်လို့ အနက်ဖွင့်ဆိုမှုကို ဒီနေရာမှာ ပြုလုပ်မဲ့အစား လက်တွေ့အတွင်းမှာ ပြုလုပ်သွားကြဖို့ ဖြစ်ပါတယ်။

အရာကိစ္စတွေရဲ့ အတွင်းပိုင်းသဘောသဘာဝကို သိအောင်လုပ်ရာမှာ သတိထားသင့်တဲ့အရာများကို အခုလို တင်ပြတာ ကိုယ်တိုင်က ကျိုးကြောင်းဆီလျှော်တဲ့ဆန္ဒမွန်များကို တင်ပြတဲ့သဘော ဖြစ်ပါတယ်။ လက်တွေ့လုပ်ကိုင်တဲ့ နေရာမှာ ဒါတွေက အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

(ပြီး)

လေ့လာရေး ပြဿနာများ အပိုင်း(၁)

လေ့လာရေး ပြဿနာများ

အပိုင်း(၁)

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

ဆိုလိုချက်

ဒီနေရာမှာ လေ့လာရေးပြဿနာများ ဆိုတာ၊ အရာကိစ္စတွေရဲ့ အတွင်းပိုင်းသဘောသဘာဝကို သိအောင်လုပ်ရာမှာ သတိထားသင့်တဲ့အရာများကို ဆိုလိုပါတယ်။ ဒီလိုသိအောင်လုပ်ပြီး သက်ဆိုင်ရာအရာကိစ္စဆိုင်ရာ အမြင် အာဘော်တွေ ပြဿနာဖြေရှင်းရေး နည်းနာတွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေဟာ အရာကိစ္စများ အခြေအနေများကို ကွန်မြူနစ်ဆန်တဲ့အမြင်နဲ့သာတင်ပြဖို့ လီနင်က တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ဟာ ကျွန်တော့် တင်ပြချက်အတွက် အနှစ်ချုပ်ဖြစ်ပါတယ်။

စင်ပြိုင် အမြင်နဲ့စင်ပြိုင် အကျိုးစီးပွား

မျက်မှောက် လူ့အဖွဲ့အစည်းမှာ အနှစ်သာရအရ အခြေခံအားဖြင့် စင်ပြိုင်ဖြစ်တဲ့အမြင်ကြီး နှစ်ရပ်ရှိပါတယ်။ တခုက ကွန်မြူနစ်အမြင်ဖြစ်ပြီး ကျန်တခုက သွေးစုတ်သူလူတန်းစားများရဲ့အမြင်ဖြစ်ပါတယ်။ ဒုတိယအမြင်က သမိုင်းတလျှောက် လူ့အဖွဲ့စည်း လူတန်းစားတွေအတွင်း အနှံ့အပြား လွှမ်းမိုအမြစ်တွယ်နေခဲ့တာဖြစ်လို့၊ ဒီအမြင်ကို (လက်ယာ လက်ဝဲ) အများကြိုက်အမြင်လို့ ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။ အမြင်နှစ်ရပ်မှာ အခေါ်အဝေါ် တူညီတာရှိရင်တောင်မှ အနှစ်သာရ မတူညီဘူး။ စိန့်ဆိုင်မွန်တို့ခေတ်မှာ ဓနရှင်အမြင်နဲ့တင်ပြခဲ့တဲ့ ဆိုရှယ်လစ်ဝါဟာ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒဖြစ်ပြီး မာ့က်စ်တို့ခေတ်မှာတင်ပြခဲ့တဲ့ ဆိုရှယ်လစ်ဝါကတော့ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒ ဖြစ်ပါတယ်။ အလားတူစွာပဲ အမြင်နှစ်ခုစလုံးမှာ တူညီနေ ဆင်တူနေတဲ့၊ ဒီမိုကရေစီဝါဒတို့ မျိုးချစ်ပြည်ချစ်ဝါဒတို့ အမျိုးသားရေးလွတ်မြောက်မှုတို့ စတဲ့ အခေါ်အဝေါ်တွေ သို့မဟုတ် ကြွေးကြော်သံတွေဟာလည်း အနှစ်သာရအရ ဖွင့်ဆိုမှုအရ စင်ပြိုင်ဖြစ်ပါတယ်။

ကွန်မြူနစ်တွေရဲ့အမြင်က ထက်မြက်မှု အမြော်အမြင်ကြီးမှုလိုမျိုးအရာတွေအပေါ် အခြေခံတည်ဆောက်ထားတာ မဟုတ်ပါ၊ အလုပ်သမားလူတန်စား သို့မဟုတ် (သဘောတရားပိုင်းဆိုင်ရာမှာ ခေါ်ဝေါ်သုံးနှုန်းလေ့ရှိတဲ့) ပစ္စည်းမဲ့ လူတန်းစားရဲ့ လူတန်စားအကျိုးစီးပွားအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း ပကတိဘာဝ လူတန်စားအကျိုးစီးပွားအရဆိုရင်လည်း အခြေခံအားဖြင့် စင်ပြိုင်ဖြစ်တဲ့ လူ့အသိုင်းအဝန်းကြီး နှစ်ခုရှိပါတယ်။ တခုက ပစ္စည်းမဲ့လူတန်းစား လူ့အသိုင်းအဝန်းဖြစ်ပြီး ကျန်တခုက သွေးစုတ်သူလူတန်းစားများရဲ့ လူ့အသိုင်းအဝန်းဖြစ်ပါတယ်။

သွေးစုတ်သူလူတန်းစားများရဲ့အသိုင်းအဝန်းမှာက မြေယာ သို့မဟုတ် တစုံတရာ ထုတ်လုပ်ရေးအရင်းအမြစ်ပစ္စည်း သို့မဟုတ် တစုံတရာ လုံလောက်တဲ့ငွေအရင်းအနှီး အနည်းဆုံးတမျိုးမျိုးပိုင်ဆိုင်ကြသူများ ပါဝင်ပါတယ်၊ ဒီထဲမှာ ဓနရှင် (ပေါက်စ အလတ် အကြီး လက်ဝါးကြီးအုပ်) အလွှာမျိုးမျိုးနဲ့ မြေရှင်လူတန်းစား ပါဝင်ပါတယ်။ ဒီထဲမှာ ကိုယ်တိုင်ပိုင်ဆိုင်တဲ့ ထုတ်လုပ်ရေးအရင်းအမြစ်အနည်းငယ်ကိုအခြေပြုပြီး ကိုယ်တိုင်ပါဝင် လုပ်အားစိုက် ထုတ်လုပ်ကြလို့ အလုပ်လုပ်သူ လူတန်းစားလို့ ယေဘုယျရည်ညွှန်းခံရသူများလည်း ပါဝင်ပါတယ်၊ ပစ္စည်းမဲ့ လူတန်းစား၊ အလုပ်လုပ်သူ လူတန်းစားမဟုတ်တဲ့ တခြား အဖိနှိပ်ခံလူတန်းစားများလည်း ပါဝင်ပါတယ်။

ပစ္စည်းမဲ့လူတန်စားကတော့ မြေယာ၊ တစုံတရာ ထုတ်လုပ်ရေးအရင်းအမြစ်ပစ္စည်း၊ တစုံတရာ ငွေအရင်းအနှီးဆိုတဲ့ အရာ သုံးမျိုးစလုံးကို မပိုင်ဆိုင်ပါဘူး။ ဒါကြောင့် (ဓနရှင်လူတန်းစားက ဦးစီးစီမံအုပ်ချုပ်တဲ့ ယခုခေတ် အမျိုးသားနိုင်ငံတော်ဆိုတဲ့ အနှစ်သာအရ ခေါ်ဝေါ်တဲ့) တိုင်းပြည်ဆိုတဲ့အရာကိုလည်း မပိုင်ဆိုင်ပါဘူး။ ဘာမှ မပိုင်သူအတွက် ဆုံးရှုံးစရာ ဘာမှ မရှိပါ။ ဒါ့ကြောင့် တိုင်းပြည်အားလုံးရှိ ပစ္စည်းမဲ့လူတန်းစားဟာ “အမိတိုင်းပြည်” ဆိုတဲ့ အစွဲကို ဖယ်နိုင်စွမ်း၊ “ဒို့ အားလုံး ဘဝတူကံကြမ္မာတူပဲ” ဆိုတဲ့ လူတန်းစားအသိကို ကိုင်စွဲနိုင်စွမ်းရှိပါတယ်။ တိုင်းပြည်အားလုံးရှိ အလုပ်သမားများ (အဖိနှိပ်ခံ ပြည်သူများ) သွေးစည်းကြ၊ တိုင်းပြည်အသီးသီးရှိ အလုပ်သမားလူတန်းစားက မိမိတိုင်းပြည်ရဲ့ လူတန်းစားတိုက်ပွဲကို ဦးဆောင်ဆင်နွှဲကြ စတဲ့ အတွေးအခေါ်တွေကိုလည်း ပြည်ချစ်ဝါဒဆိုင်ရာအမြင်ထဲမှာ ယုတ်လျော့လို့မရတဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းထားသင့်ပါတယ်။

အလုပ်သမားလူတန်းစားနဲ့ ကျန် အဖိနှိပ်ခံပြည်သူများ

အလုပ်သမားဟာ လုပ်စားစရာ ဘာအရင်းအမြစ်မှ မပိုင်ဆိုင်လို့၊ (သူ့ မိသားစုနဲ့အတူ အသက်ရှင်ရင်း ထိန်းသိမ်း ပြုစု အရည်အသွေးမြှင့်တင်ထားတဲ့) သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းတည်းဟူသော (ကာယ ဉာဏ ) လုပ်အားကို အရင်းရှင်ထံ ရောင်းချရပါတယ်။ အရင်းရှင်က ( အလုပ်သမားအနေနဲ့ သူ့ရဲ့လုပ်နိုင်စွမ်းကို မိသားစု အသက်ရှင်ရင်း ထိန်းသိမ်းပြုစု အရည်အသွေးမြှင့်တင်ရာမှာ ကုန်ကျထားတဲ့ စရိတ်စကဖြစ်တဲ့) အလုပ်သမားရဲ့ (ကာယ ဉာဏ) လုပ်အားခကို ပေးချေပြီး၊ အလုပ်သမားကို အရင်းရှင်ပိုင်ဆိုင်တဲ့ ထုတ်လုပ်ရေးအရင်းအမြစ်တွေနဲ့ ထုတ်လုပ်ရေး အတွင်း အလုပ်လုပ်ခိုင်းပါတယ်။ အလုပ်သမားအလုပ်လုပ်လို့ ထွက်လာတဲ့တန်ဖိုးက လုပ်အားခတန်ဖိုးထက် ပိုပါတယ်၊ အဲဒီလို ပိုထွက်လာတဲ့အပိုင်းကို အစွန်းထွက်တန်ဖိုးလို့ ခေါ်ပါတယ်။ ဒီအစွန်းထွက်တန်ဖိုးကို အရင်းရှင်က သိမ်းပိုက်ပါတယ်။ ဒါကို အမြတ်ရရှိတယ်လို့ ယေဘုယျအားဖြင့် ခေါ်ပါတယ်။

စူးစမ်းလေ့လာမှုဖြစ်စဉ်အတွင်းမှာ၊ ပစ္စည်းထုတ်လုပ်ရေးလုပ်အား၊ ဝန်ဆောင်မှုရလဒ် ထုတ်လုပ်ရေးလုပ်အား စတဲ့ လုပ်အားကွဲပြားမှုဆိုင်ရာရှုပ်ထွေးမှုနဲ့ အရင်းရှင်အမျိုးမျိုးအတွင်း အမြတ်ခွဲဝေမှုဆိုင်ရာရှုပ်ထွေးမှုကို ဖယ်ရှားပြီး ရှင်းရှင်းလင်းလင်း မြင်လွယ်စေဖို့အတွက်၊ လူ့အဖွဲ့အစည်းကို အရင်းရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားဆိုပြီး နှစ်ပိုင်းပိုင်းကာ ဆန်းစစ်လေ့လာလေ့ရှိပါတယ်။ ပစ္စည်းမဲ့လူတန်းစားကဖန်တီးလိုက်တဲ့ အစွန်းထွက်တန်ဖိုးတွေဟာ အရင်းရှင်လူတန်းစားရဲ့လက်ထဲမှာ အမြတ်ငွေ အတိုးငွေ စတဲ့ သဏ္ဌာန်တွေအဖြစ်သို့ပြောင်းသွားတယ်၊ ဒါတွေကို မူလအရင်းမှာထပ်ပေါင်း လုပ်ကိုင်လာခဲ့တာဖြစ်လို့ အစွန်းထွက်တန်ဖိုးတွေဟာ စုစုပေါင်းအရင်းတွေအဖြစ် စုစုပေါင်းဥစ္စာဓနတွေအဖြစ် အရင်းရှင်စနစ်သမိုင်းတလျှောက် တဖြည်းဖြည်း စုပုံလာခဲ့တယ်။ ဒါကြောင့် ကမ္ဘာ့ ဥစ္စာဓနအားလုံးဟာ မျိုးအဆက်ဆက်မျှသော ပစ္စည်းမဲ့လူတန်းစားက ဖန်တီးလိုက်တဲ့ အစွန်းထွက်တန်ဖိုးစုစုပေါင်း ဖြစ်ပြီး၊ ဒါတွေကို ပစ္စည်းမဲ့လူတန်းစားက လူ့အဖွဲ့အစည်းပိုင်အဖြစ် သိမ်းပိုက်တယ်ဆိုရင် ကိုယ့်ပစ္စည်းကို ကိုယ်ပြန်သိမ်းပိုက်ခြင်းမျှသာ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမားလူတန်းစားဟာ လူ့အဖွဲ့အစည်းအတွင်းမှာ (အမျိုးသားဖိနှိပ်မှု အပါအဝင်) ဖိနှိပ်သွေးစုတ်မှု ဆိုင်ရာ နှောင်ကြိုးအထပ်ထပ်အောက် (တုံးအထပ်ထပ်အောက်) မှာ ရောက်ရှိနေပါတယ်။ ဒီနှောင်ကြိုးအထပ်ထပ်ကို အကုန်အစင်ဖယ်ရှားပစ်ရေးဟာ အလုပ်သမားလူတန်းစားရဲ့ ပကတိဘာဝလိုအပ်ချက်ဖြစ်ပြီး၊ အရာရာကို တိုက်ရိုက်ထုတ်လုပ်တဲ့ လူတန်းစားဖြစ်တာကြောင့် ဒီအရေးကိစ္စကို အကောင်ထည်ဖော်နိုင်စွမ်းလည်း ရှိပါတယ်။ အလုပ်သမားလူတန်းစားဟာ နှောင်ကြိုးအားလုံးကို ဖယ်ရှားရေးအတွက်၊ နှောင်ကြိုး တခု သိုမဟုတ် တချို့ကို ဖယ်ရှားလိုသော ကျန်အဖိနှိပ်ခံပြည်သူအားလုံးကိုလည်း စည်းရုံးသိမ်းသွင်းဖို့ အလိုလားဆုံး၊ စည်းရုံးသိမ်းသွင်းနိုင်စွမ်းအရှိဆုံး လူတန်းစားဖြစ်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ ဒီလို လူတန်းစားသဘာဝကြောင့် ကို ဒီလူတန်းစား ကိုယ်စားပြုတဲ့အတွေးအခေါ် ကိုင်စွဲမှသာ အဖိနှိပ်ခံ ပြည်သူအားလုံးကို အလုပ်အကြွေးပြုနိုင်တာ ဖြစ်ပါတယ်။ ဒီတော့၊ ဆုံးရှုံးစရာဆိုလို့ နှောင်ကြိုးမှအပ ဘာမှမရှိ၊ ရနိုင်မှာက ကမ္ဘာကြီးပါဆိုတဲ့တင်စားမှုနဲ့ ထိုက်တန်သူ လူတန်းစားကို တွေ့ရှိလိုက်ပြီ ထင်ပါတယ်။

အတွေ့အကြုံများ

တိုက်ရိုက်အတွေ့အကြုံက မူရင်းအကျဆုံးအတွေ့အကြုံဖြစ်ပါတယ်၊ ဒီအထဲမှာက အချက်အလက်တွေအပြင် စိတ်ခံစားမှုများလည်း ကြွယ်ဝစွာ ပါဝင်နေတာဖြစ်ပြီး၊ အထောက်အထားအဖြစ် အခိုင်မာဆုံး အသုံးပြုနိုင်တာလည်းဖြစ်တယ်။ (ရုပ်ရှင်ကြည့်၊ ဝတ္ထုစာအုပ်ဖတ်၊ ဟောပြောပွဲနားထောင် စတဲ့ဖြစ်စဉ်တွေမှာလည်း တိုက်ရိုက်အတွေ့အကြုံအစိတ်အပိုင်းတွေ မိမိစိတ်ထဲခံစားချက်တွေ တွေ့ကြုံပါဝင်နေတတ်တာကို ထည့်တွက်ပါ။) ဒါပေမဲ့ ကာယကံရှင်ရဲ့ အကန့်အသတ်ကြောင့် သိပ်မကျယ်ပြန့်တာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေ၊ မရှိကိုအရှိ ထင်တာတွေ၊ သိပ်မလေးနက်တာတွေ ရှိတတ်ပါတယ်။ ဖတ်ရှု ကြည့်ရှု နားထောင်ရတာတာတွေကတဆင့်သိရတဲ့ သွယ်ဝိုက် အတွေ့အကြုံတွေကတော့ မူရင်းသိပ်မကျပေမဲ့ လူအများရဲ့ တိုက်ရိုက်အတွေ့အကြုံတွေကို ပေါင်းခြုံသုံးသပ်ထားတာကြောင့်၊ အများက အားထားရ ကိုးကားရတဲ့ ကျယ်ပြန့်တဲ့အတွေ့အကြုံ ဖြစ်တတ်ပါတယ်။

အောင်မြင်ထားသူများရဲ့ ကိုယ်တွေ့ ပွဲတွေ့ နည်းနာများဆိုတိုင်းလည်း စံထားစရာ ဖြစ်ချင်မှဖြစ်မယ်။ အသက်ရာကျော်နေခဲ့ရသူများပြောပြတဲ့ ကိုယ်တွေ့အသက်ရှည်နည်းတိုင်းကလည်း စံထား အားထားစရာချည်းပဲရယ်လို့ ဖြစ်ချင်မှဖြစ်မယ်။ အသက်ရှည်ခြင်းဆိုင်ရာ သိပ္ပံပညာက အလွန်နုနယ်ပါသေးတယ်၊ ကောက်ချက်ချထားနိုင်တဲ့ တရား နည်းပါးပါသေးတယ်။ ဆုံးရှုံးထားသူများရဲ့ကိုယ်တွေ့ နည်းနာများဆိုတိုင်းလည်း အထင်သေးစရာ ဟုတ်ချင်မှ ဟုတ်မယ်။ သူတို့အတွေ့အကြုံ (ဥပမာ ပဲရစ်ဘုံအဖွဲ့ အတွေ့အကြုံများ) ထဲကနေ ရှောင်ရန်အပြင် ဆောင်ရန်တွေလည်း ထုတ်ယူနိုင်တာမျိုး ရှိတတ်ပါတယ်။

သဘောတရားနဲ့လက်တွေ့

လူမှုသိပ္ပံသဘောတရားဖြစ်တဲ့ မာ့က်စ်ဝါဒမှ မဟုတ် သဘာဝသိပ္ပံသဘောတရားနဲ့ ပတ်သက်လို့ပြောရင်လည်း၊ သဘောတရားကို လက်တွေ့အတွင်းနဲ့ ပေါင်းစပ်တဲ့ဖြစ်စဉ်ဟာ ကိုက်ညီမှုရှိမရှိ ချင့်ချိန်တိုင်းဆပြီး အသုံးချတဲ့ ဖြစ်စဉ်လည်းဖြစ်တယ်၊ တပြိုင်တည်းမှာ သဘောတရား မှန်ကန်မှုရှိမရှိ ပြည့်စုံမှုရှိမရှိကို သက်သေပြတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဥပမာ နယူတန်ရဲ့ သက်ရောက်မှုအားဆိုင်ရာနိယာမကို အသုံးပြုရာမှာ မြေပြင် ဝေဟင် မြေအောက် ရေအောက် အာကာသ စတဲ့ အခြေအနေအမျိုးမျိုးမှာ ကိုက်ညီမှုရှိမရှိချင့်ချိန်တိုင်းဆပြီးမှ အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒါဟာ သဘောတရားကို လက်တွေ့နဲ့ပေါင်းစပ်ကျင့်သုံးတယ် သို့မဟုတ် သဘောတရားကို လက်တွေ့လမ်းညွှန်အဖြစ်အသုံးချတယ် ဆိုတာ ပါပဲ။

ယေဘုယျ (အနှံ့အပြား)ဆိုင်ရာ သဘောတရား (သဘော သဘာဝတရား) ဆိုတာ တစိတ်တဒေသစီဖြစ်တဲ့ အခိုင်အမာသဏ္ဌာန်နဲ့တွေ့ရတဲ့ လက်တွေ့အတွေ့အကြုံပေါင်းများစွာကို အကြိမ်ပေါင်းများစွာ ခြုံငုံသုံးသပ်ခြင်းအားဖြင့် ဖော်ထုတ်ထားတာဖြစ်ပါတယ်။ သဘောတရားတခုခုဟာ အမှန်တရားလည်းဖြစ်ကြောင်း လက်တွေ့နဲ့ သက်သေပြရပါတယ်။ ယေဘုယျအမှန်တရားဟာ ဘယ်နေရာမှာမဆို အခိုင်အမာ (အထူး) သဏ္ဌာန်အဖြစ်နဲ့သာ ဖော်ပြပါတယ်။ နောက် သတိထားဖို့က အရည်အငွေ့ သဏ္ဌာန်အတွက်သာမှန်တဲ့ အမှန်တရားဟာ အခဲသဏ္ဌာန်အတွက် မမှန်တော့ဘူး၊ လူတန်းစားရှိလူ့အဖွဲ့အစည်းအတွက် ရည်ရွယ်ပြောထားတဲ့အမှန်တရားဟာ လူတန်းစားရှိ လူ့အဖွဲ့အစည်းအားလုံးအတွက်တော့ ချွင်းချက်မရှိမှန်ပေမဲ့၊ လူတန်းစားမဲ့လူ့အဖွဲ့အစည်းအတွက် မမှန်တော့ဘူး။

အရာကိစ္စတွေရဲ့နောက်ခံကားက ဘယ်လောက် ကျယ်သလဲ။

ကျွန်တော်တို့အနေနဲ့ ကိုယ့်ဒေသဟာ ကိုယ့်ကမ္ဘာပဲလို့ယူဆနေလို့ မဖြစ်ပါဘူး၊ ကိုယ့်တိုင်းပြည်ဟာ ကိုယ့်ကမ္ဘာပဲလို့တောင် ယူဆနေလို့မဖြစ်ပါဘူး။ အရင်းစစ်လိုက်ရင် ခင်ဗျားသောက်နေတဲ့ကော်ဖီဟာတောင် ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်ရေးကွင်းဆက်ကြိုးထဲကပစ္စည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ထိတွေ့နေရတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး၊ လစ်ဘရယ် အတွေးအခေါ်၊ ဖက်ဆစ်အတွေးအခေါ်၊ လွတ်လပ်ရေး တန်းတူရေးအပါအဝင် ရုပ်ပိုင်း စိတ်ပိုင်း နိုင်ငံရေးပိုင်း လူမှုရေးပိုင်းဆိုင်ရာ အရာတွေဟာ ကမ္ဘာ့အရင်းရှင်စနစ်အတွင်းမှာ တနည်းနည်းနဲ့ အကြုံးဝင်နေပါတယ်။

အနောက်ကမ္ဘာမှာ အရင်းရှင်စနစ်အကြပ်အတည်း သဲသန်လာတော့ လူ့အဖွဲ့အစည်းကို လစ်ဘရယ်ဝါဒနဲ့ မထိန်းနိုင်တော့ဘဲ လက်ယာစွန်းအင်အားတွေ ဖက်ဆစ်အင်အားတွေ တက်လာတယ်၊ ဒါရဲ့ ဖော်ပြချက်အဖြစ် ထရမ့်လိုလူတောင် သမတ ဖြစ်လာတာ၊ နောက်ထပ် သမတသက်တမ်းအတွက် အာဏာသိမ်းဖို့ကြိုးစားတာတွေ ဖြစ်လာတယ်။ ဆင်းရဲနိုင်ငံတွေမှာ မင်းအောင်လှိုင်တို့လို အာဏာရှင်အုပ်စုတွေ အတင့်ရဲလာတယ်၊ “ဘာမဆို လုပ်ရဲ” လာတယ်။ တချိန်တည်းမှာ ကမ္ဘာ့ပြည်သူများရဲ့ ဆင်းရဲကြပ်တည်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ နယ်ချဲ့စစ်ဆန့်ကျင်ရေး လူတန်းစားတိုက်ပွဲဒီရေဟာလည်း အရှိန်အဟုန်ရလာနေတယ်၊ ဒီနောက်ခံမှာ စစ်အုပ်စုရဲ့အာဏာသိမ်းမှုနဲ့ ဒါကိုဆန့်ကျင်တဲ့ ပြည်သူ့အုံကြွမှု နွေဦးတော်လှန်ရေးပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

လေ့လာဆဲ

ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုအပိုင်းမှာတော့ အကြပ်အတည်းတမျိုး ကြုံနေရတယ်၊ တချို့က ဒီကာလနိုင်ငံရေး လေထုကို အမျိုးသားရေးဝါဒဘက်တိမ်းစောင်းတဲ့ ဒုတိယ ကွန်မြူနစ်အင်တာနေရှင်နယ်ကာလ နိုင်ငံရေးလေထုအဖြစ် မြင်ကြတယ်။ ဒါအတွက် အဓိက နိုင်ငံရေး စီးပွားရေးနောက်ခံက ဒီလိုဖြစ်တယ် ယူဆပါတယ်။ စစ်အေးခေတ်အနှောင်းပိုင်းမှာ သိသိသာသာဖြစ်ထွန်းလာတဲ့ အရင်းအနှီး တကမ္ဘာလုံးကိုဖြန့်ကျက်လာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ မိမိတိုင်းပြည် “ဖွံ့ဖြိုးရေး” အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို တခါးဖွင့်ပေးမလား ရင်းနှီးမြှုပ်နှံသူများအလိုကျဖြစ်အောင် အလုပ်သမားဥပဒေအပါအဝင် စီးပွားရေးလုပ်ငန်းဥပဒေ ပေါ်လစီများကို ပြုပြင်ပေးမလား စတဲ့ပြဿနာကို ပေါ်လစီရေးဆွဲသူများ ကြုံကြရတယ်။ သူတို့အထဲမှာ အထူးသဖြင့် ဥပဒေတွင်း လက်ဝဲပါတီအတော်များများအနေနဲ့၊ မိမိတိုင်းပြည် “ဖွံ့ဖြိုးရေး”အတွက်လည်း အကျိုးရှိအောင်၊ အလုပ်သမားများ နဲ့ ပြည်သူများလည်း မနစ်နာရလေအောင်၊ အရင်းအနှီးမြုပ်နှံသူတွေကို “တာဝန်ယူမှု တာဝန်ခံမှု” ရှိအောင် “ထိန်းချုပ်”လက်ခံရင်သင့်တော်တယ်ဆိုတဲ့ ရင်ကြားစေ့ပေါ်လစီတွေ ချမှတ်ကြပါတယ်။ အစိုးရ အာဏာ ပါဝါ အပေါ် လွှမ်းမိုးနိုင်စွမ်းကြီးမားလှတဲ့ လက်ဝါးကြီးအုပ်ကော်ပိုရေးရှင်းကြီးတွေက ဒီလိုတောင်းဆိုချက်တွေကို အပေါ်ယံသဘောတူကြပြီး တကယ်လက်တွေ့မှာ ချိုးဖောက်ကြတာချည်းပါပဲ၊ ဘယ် ကော်ပိုရေးရှင်းကြီးတွေမဆို ဒီအတိုင်းပါပဲ။ ဒီအခြေအနေမှာ လက်ဝဲဝါဒအဖွဲ့အစည်းများ အလုပ်သမားသမဂ္ဂအတော်များများဟာ သဏ္ဌာန်အရသာ လက်ဝဲဆန်တဲ့သဘော ဖြစ်သွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါနဲ့ပတ်သက်လို့ သဘောတရားပိုင်းဆိုင်ရာမှာ တစုံတရာကိုအတည်ပြုဖို့ဖြစ်စေ၊ ငြင်းဆိုဖို့ဖြစ်စေ မတတ်နိုင်သေးတဲ့အပြင်၊ ကမ္ဘာ့ဖြစ်ပေါ်တိုးပွားမှုကလည်းမြန်ဆန်နေတော့ ဒီအပိုင်းနဲ့ပတ်သက်ရင် လေ့လာဆဲဖြစ်တယ်ဆိုပြီးတော့သာရပ်ခံထားသင့်တယ် ထင်ပါတယ်။ ထိတွေ့မိသလောက် ကမ္ဘာ့လက်ဝဲဝါဒီ အာဘော်များမှာလည်း ဒီသဘောမျိုး ရပ်ခံထားတာ တွေ့ရပါတယ်။

တော်လှန်ရေးအောင်ပြီးရင် ဘယ်ပုံစံသွားမလဲဆိုတဲ့ပြဿနာမှာလည်း အလားတူပါပဲ။ တခြား လူတန်းစားတွေကို ကိုယ်စားပြုတဲ့အဖွဲ့တွေအနေနဲ့က ရှိပြီးသား နိုင်ငံတော်ယန္တယားကို အလွန်ဆုံးမှ “စစ်တပ်က စစ်တန်းလျား ပြန်” ဆိုတာလောက်ပဲပြုပြင်ပြီး ပြန်လည်အသုံးပြုမှာဖြစ်တဲ့အတွက် “နိုင်ငံတော်သစ်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံသစ်” ကြိုရေးထားတာမျိုးလုပ်ဖို့ မခက်ခဲလှဘူးထင်ပါတယ်။ ကွန်မြူနစ်များအနေနဲ့ကျတော့ ပြည်သူလူထုရဲ့အာဏာအစစ်အမှန်ထူထောင်ရေးကိုသာ မျှော်မှန်းသင့်တာဖြစ်တဲ့အတွက်၊ ဒီမိုကရေစီလေထုအကျယ်အပြန့်ရှိတဲ့ အခြေအနေကိုမရရှိသမျှ၊ အဖိနှိပ်ခံပြည်သူလူထုရဲ့ တကယ့်ဆန္ဒအစစ်အမှန် ဘယ်လိုရှိမလဲဆိုတာကိုဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါ။ သဘောတရားအပိုင်းမှာကိုက ပြည်သူလူထုအာဏာ ထူထောင်ရေးဆိုင်ရာလူမှုသိပ္ပံက နုနယ်သေးတယ် ထင်ပါတယ်၊ ဒါကြောင့် ပြည်သူ့ဒီမိုကရေစီထူထောင်ရေး၊ ပြည်သူရဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်နိုင်တဲ့ အခြေအနေဖန်တီးရေးကိုပဲ ပြောနိုင်ပါတယ်။

သူတို့ အထိုင်နဲ့ ကိုယ်တို့ အထိုင်

နိုင်ငံကြီးများရဲ့ နိုင်ငံခြားရေးပေါ်လစီနောက် မလိုက်ဖို့၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်စွဲကိုင်ဖို့ ၁၉၇၆-၇၇ ခုနှစ် ကာလမှာ ပါတီက ဆုံးဖြတ်ခဲ့တယ်။ ပထဝီနိုင်ငံရေးဆိုတာ ကမ္ဘာ့အစိုးရများရဲ့ ဘောလုံးကွင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ လှုပ်ရှားဖို့အတွက်က နယ်ချဲ့စနစ်နဲ့ နယ်ချဲ့စစ်ကိုဆန့်ကျင်ရေး တည်းဟူသော ကမ္ဘာ့အဖိနှိပ်ခံပြည်သူများရဲ့ဘောလုံးကွင်းပဲ ဖြစ်ပါတယ်။ ပထဝီနိုင်ငံရေး ပထဝီစီးပွားရေး အားပြိုင်မှုများကို ကမ္ဘာ့အဖိနှိပ်ခံပြည်သူများရဲ့အကျိုးစီးပွား အထိုင်ကနေ မျက်ခြေမပြတ်သုံးသပ်နေဖို့လိုပါတယ်။ ကမ္ဘာ့အဝန်းအဝိုင်းအတွင်း ဩဇာနယ်ပယ် ပြန်လည်ခွဲဝေရေးအတွက်ဆင်နွှဲတဲ့ စစ်စားရိတ်ဟာ နောက်ဆုံးမှာ ပြည်သူအပေါ်ပုံကျလာမှာ မုချဖြစ်တာကြောင့် နယ်ချဲ့စစ်ပြင်ဆင်မှုတွေကို ဆန့်ကျင်ကြဖို့၊ အရင်းရှင်စနစ် အကြပ်အတည်းမျိုးစုံကို ဖြေရှင်းဖို့ကြိုးစားရင်း ဒီမိုကရေစီမျက်နှာဖုံးကွာကျနေတဲ့ ကမ္ဘာ့စစ်အင်အားကြီးဝါဒီ အုပ်စိုးသူများအခက် ပြည်သူ့အချက်ဆိုတဲ့ ခေတ်ကာလဆိုင်ရာ အခွင့်အလမ်းကိုကိုင်စွဲကြဖို့ ဖြစ်ပါတယ်။

လေ့လာရေးအတွက် ဒီမိုကရေစီဆန်တဲ့ လေထု

အရာကိစ္စများအကြောင်းကို သိရှိနားလည်အောင် စုပေါင်းဆွေးနွေးရာမှာ ကျွန်တော်တို့ဟာ အချက်အလက်များအပေါ် အခြေခံပြီး ဒီမိုကရေစီဆန်တဲ့လေထုအောက်မှာ စိတ်သက်တောင့်သက်သာ ညှိနှိုင်းဆွေးနွေးတဲ့နည်းနာကို ကျင့်သုံးသင့်ပါတယ်။

ကျွန်တော်တို့ဟာ တော်လှန်ရေးလက်တွေ့ပြဿနာကို ဖြေရှင်းရေးအတွက် ဆွေးနွေးငြင်းခုံနေကြတာဖြစ်တယ်ဆိုတာကို မျက်ခြေမပြတ်ဖို့လိုပါတယ်၊ လက်တွေ့ပြဿနာတွေထဲမှာ လူ့အဖွဲ့အစည်းသမိုင်းနားလည်မှုရေချိန် မြှင့်တင်ရေး၊ သဘောတရားရေးနားလည်မှုရေချိန်မြှင့်တင်ရေးလည်း ပါပါတယ်။

(အပိုင်း- ၂ ကို တဆက်တည်း ဆက်လက်ဖော်ပြသွားပါမယ်)

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးမှပေးပို့သည် သဝဏ်လွှာ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှပေးပို့သည့် သဝဏ်လွှာ