Monthly Archives: January 2024
မော်ရှေ့ ဆောင်လမ်းပြခဲ့တဲ့ လမ်းအတိုင်း ချီတက်ခြင်းဟာ
အကောင်းဆုံး ဂုဏ်ပြုလက်ဆောင်ပေးခြင်းပဲ ဖြစ်တယ်
မော်ရှေ့ ဆောင်လမ်းပြခဲ့တဲ့ လမ်းအတိုင်း ချီတက်ခြင်းဟာ
အကောင်းဆုံး ဂုဏ်ပြုလက်ဆောင်ပေးခြင်းပဲ ဖြစ်တယ်
မြစမ်းအေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူခေါင်းဆောင်ကြီး ဥက္ကဋ္ဌမော်ရဲ့ ၁၃၀ နှစ်မြောက် မွေးနေ့အခါသမယကို တရုတ်ပြည်ကွန်မြူနစ်ပါတီ တရုတ်ဒေသန္တရအစိုးရများနဲ့တရုတ်ပြည်သူများဟာ နိုင်ငံတဝန်း အထိမ်းအမှတ်ပြု ဂုဏ်ပြုကျင်းပကြပါတယ်။
ပေကျင်း ရှန်ဟဲ နဲ့ မော်စီတုန်းရဲ့ မွေးရပ်ဇာတိ တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ် ရှောက်စန်း Shaoshan မြို့ နဲ့တကွ၊ တရုတ်ပြည်အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်ကန်းစန်းလို၊ တရုတ်ပြည်အနောက်မြောက် ရှန်းရှီးပြည်နယ် ယင်အန်းလို အလေးအမြတ်ထားရာ ဒေသများတွင်၊ အဆင့်မြင့်အရာရှိများနဲ့ အကျိုးဆောင်များမှ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းဖြင့်၊ တရုတ်ပြည်တင်မက ကမ္ဘာမှာပါ ဘက်စုံလှုပ်ရှားထကြွလာစေခဲ့တဲ့ မော်စီတုန်းအတွေးအခေါ် စိတ်ဓာတ်နဲ့ သမိုင်းမော်ကွန်းကို ဂုဏ်ပြု အထိမ်းအမှတ်ပြုကြပါတယ်။
တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ရဲဘော်မော်စီတုန်း အနှစ် ၁၃၀ မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတရပ်ကို အင်္ဂါနေ့ (၂၆ ဒီဇင်ဘာ) မှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတနဲ့၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌရှီကျင်းဖျင်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ အရေးကြီးမိန့်ခွန်းတရပ် ပြောကြားပါတယ်။
ရှီက ရဲဘော်မော်စီတုန်း ရှေ့ဆောင်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ချီတက်ဖို့နဲ့၊ တရုတ်ပြည်ကို ကြံ့ခိုင်တောင့်တင်းတဲ့နိုင်ငံ အမျိုးသားဘက်စုံပြန်လည်နိုးထပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ အဖြစ် တည်ဆောက်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။
မော်စီတုန်းအတွေးအခေါ်ဟာ မိမိတို့ပါတီရဲ့ အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ရတနာဖြစ်ပြီး မိမိတို့ရဲ့ ပြုမူဆောင်ရွက်မှုအပေါ် ရေရှည်ထိန်းကျောင်း ပေးနေမှာဖြစ်ပြီး၊ ရဲဘော်မော်စီတုန်းအပေါ် အကောင်းဆုံး အထိမ်းအမှတ်ပြုခြင်းဟာ သူရှေ့ဆောင်ညွှန်ပြခဲ့တဲ့ လမ်းအတိုင်း ဆက်လက်ဖြစ်ပေါ်တိုးတက်အောင် ချီတက်ခြင်းပဲ ဖြစ်ကြောင်း ပြောပါတယ်။
ရှီနဲ့တကွ တရုတ်ပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီများ အဆင့်မြင့်ခေါင်းဆောင်များဟာ အခမ်းအနားမစမီ မော်စီတုန်းဂူဗိမာန်မှာ စုဝေးပြီး ဦးသုံးကြိမ်ညွှတ် ဂါရဝပြုကြပါတယ်။
မော်ရဲ့မွေးရပ်မြေ ရှောက်စန်း Shaoshan မြို့လေးမှာလည်း တနင်္လာနေ့ နံနက် ၆ နာရီမှ အင်္ဂါနေ့ ညနေ ၇ နာရီအထိ အတောအတွင်း ခရီးသွားဧည့်သည် ၁၁၁,၅၇၀ လာရောက်ကြပြီး၊ ဒါဟာ ၂၀၂၂ ကထက် ၇၁၇.၉၈% တိုးလာတာဖြစ်ပါတယ်။
ဒီလိုခရီးသွားဧည့်သည် တိုးလာတာဟာ တရုတ်ပြည်သူများမှ ဥက္ကဋ္ဌမော်အပေါ် အလေးအမြတ်ပြု တန်ဖိုးထားမှုရဲ့ ရိုးရှင်းတဲ့ ဖော်ပြမှုဖြစ်ပြီး ဒါဟာရပ်တံ့သွားမှာ မဟုတ်ပါ။
တချိန်က တော်လှန်ရေး အမာခံဒေသများဖြစ်ခဲ့တဲ့ ကျင်ကန်းစန်း နဲ့ ယင်အန်း တို့မှာလည်း ဒေသအစိုးရများနဲ့ ပြည်သူများက အထိမ်းအမှတ်ပြုပွဲများ ဂုဏ်ပြုကျင်းပကြပါတယ်။
Sina Weibo, China X-like စတဲ့ ဆိုရှယ်မီဒီယာ များမှာလည်း ဥက္ကဋ္ဌမော် ၁၃၀ နှစ် မြောက်မွေးနေ့အထိမ်းအမှတ် hashtags မှတ်ချက်ရေး အထိမ်းအမှတ်ပြုမှုပေါင်း (မူရင်းဆောင်ပါးရေးချိန်အထိ) သန်း ၃၀၀ လောက် ရှိပါတယ်။
မျက်မှောက်ကာလတိုင် မော်ကို ကြီးမားစွာ ဂုဏ်ပြုအောက်မေ့ရတဲ့ အကြောင်းက အမေရိကန်နဲ့ အပေါင်းပါတချို့ရဲ့ တရုတ်ပြည်အပေါ် ရန်လိုမှုနဲ့ ဖိအားကို ရင်ဆိုင်နေရချိန်မှာ၊ မော်ရဲ့ သတ္တိ ဉာဏ်အမြော်အမြင်၊ ဗိုလ်ကျလွှမ်းမိုးမှုနဲ့ နယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ ပိုင်းဖြတ်ချက်ရှိမှုကြောင့် ဖြစ်ပါတယ်။
ရှီကပြောကြားရာမှာ “မော်ဟာ သူ့မျိုးဆက်ခေတ်မှာ တရုတ်ပြည်သူများကို ဦးဆောင်ပြီး တရုတ်ပြည်သူများရဲ့ ကံကြမ္မာနဲ့ နိုင်ငံတော်ရဲ့ အသွင်အပြင်ကို အလုံးစုံပြောင်းလဲစေခဲ့တဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်”။ “သူဟာ ကမ္ဘာ့အဖိနှိပ်ခံ အမျိုးသားများ လွတ်မြောက်ရေးနဲ့ လူသားဖြစ်ပေါ်တိုးတက်မှုအတွက် ထူးခြားစွာ ကောင်းမှုပြုခဲ့တဲ့ ကြီးမြတ်တဲ့ နိုင်ငံတကာ့ဝါဒီတဦးလည်း ဖြစ်ပါတယ်” ။
မော်ဟာ ပြည်သူလူထုကို ဦးဆောင်ပြီး ရှေ့တန်းရောက် ဆိုရှယ်လစ်စနစ်နဲ့ မချေဖျက်နိုင်တဲ့ အမျိုးအစားသစ် ပြည်သူ့တပ်မတော်တရပ်ကို ထူထောင်ခဲ့တယ်။ တရုတ်အမျိုးသားများနဲ့ တရုတ်ပြည်သူများအပေါ် မော်ရဲ့ သမိုင်းဆိုင်ရာ ဖြည့်ဆည်းမူဟာ ချေဖျက်လို့မရ သမိုင်းတွင်နေမှာဖြစ်တယ်လို့ ရှီကပြောပါတယ်။
တရုတ်ပြည် ရဲ့ယ်မင်(ပြည်သူ့)တက္ကသိုလ် Renmin University of China နိုင်ငံတကာလေ့လာရေးဌာန တွဲဘက်ဌာနမှူး Jan Canion က “မော်ခေတ်မှာ နှစ် ၃၀ အတွင်း တရုတ်ပြည်စက်မှုလုပ်ငန်း အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြောင်း၊ အနောက်နိုင်ငံများမှာ နှစ်ပေါင်း ၃၀၀ လောက် ဖြတ်သန်းခဲ့ရကြောင်း၊ မော်ခေတ်ကုန်ဆုံးပြီးနောက် တရုတ်ပြည်ဟာ ပြည့်စုံတဲ့စက်မှုလုပ်ငန်းစနစ် ရှိလာပြီး၊ နျူကလီးယားအင်အားနိုင်ငံနဲ့ အာကာသလေ့လာရေး စွမ်းရည်ပြည့်ဝလာကြောင်း” မှတ်ချက်ပြုပါတယ်။
ရည်ညွှန်း။ Pushing forward the cause pioneered by Mao best way to pay tribute: Xi. Global Times. Dec 26, 2023.
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက်
THN ။ ။ ဗမာပြည်မှာ သက်တမ်းအရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုဗမာပြည်ရဲ့ နောက်ဆုံး နိုင်ငံရေးဖြစ်စဉ်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အကျယ်ပြန့်ဆုံး ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ်မှာ ပါတီအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ အရင်ဆုံး သိလိုပါတယ်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့အနေနဲ့ ဒီ နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာပြီဆိုကတည်းက ထောက်ခံတယ်ဆိုတဲ့သဘောထား ဖော်ပြခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း အဲလိုပဲ ပြောခဲ့ပါတယ်။ တတ်နိုင်သလောက် ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ PLA ကလည်း တတ်နိုင်တဲ့အခန်းကဏ္ဍကနေ တတ်နိုင်တဲ့ နေရာဒေသတွေမှာ ပါဝင်လှုပ်ရှားနေတာပါပဲ။ ကျနော်တို့က အကုန်လုံး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပါ။
THN ။ ။ တချိန်က ပါတီသမိုင်းကို နည်းနည်းသွားချင်ပါတယ်။ ပါတီရဲ့ အဓိက အလှည့်အပြောင်းကြီးဖြစ်ခဲ့တဲ့ ၁၉၈၉ ခု ပါတီပြိုကွဲခဲ့တယ်လို့ အများအားဖြင့် ပြောကြတာပေါ့။ အဲဒီနောက်ပိုင်း ပါတီအနေနဲ့ ဘယ်လိုပုံစံ ရှင်သန်ခဲ့လဲ၊ အဲဒီအချိန်က စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ဘယ်လိုအခန်းကဏ္ဍကနေ ရှိခဲ့လဲ။ အဲဒါကို ပြောပြနိုင်သလောက် သိလိုပါတယ်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော် အကုန်မပြောနိုင်တောင်မှ တချို့တော့ ပြောပါမယ် နော။ အုံကြွမှုပဲပြောပြော ပါတီက ခွဲထွက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကျနော်တို့ပါတီဟာ ဖွဲ့စည်းထားတဲ့တပ်လည်း မရှိတော့ UG ပါတီအနေနဲ့ ပြောင်းပြီး လှုပ်ရှားရပါတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုတိုင်းလိုလိုမှာပဲ ကျနော်တို့အင်အားစုတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပါဝင်နေခဲ့တာရှိပါတယ်။ အခုနောက်ဆုံး နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ PLA အနေနဲ့ရော၊ တခြား မြေအောက်လှုပ်ရှားမှုတွေအနေနဲ့ရော၊ ပြည်ပမှာလည်း အတတ်နိုင်ဆုံး ဆက်သွယ်တာတွေ လုပ်ကိုင်တာတွေ ရှိပါတယ်။
THN ။ ။ ၁၉၈၉ မှာ ပါတီကနေ ခွဲထွက်သွားကြတဲ့ ကိုးကန့်၊ မိုင်းလား… ဒီတပ်ဖွဲ့တွေအပေါ် အဲဒီအင်အားစုတွေအပေါ် ဆရာတို့သဘောထားကို သိလိုပါတယ်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒီဟာတွေနဲ့ပတ်သက်လို့ ရဲဘော်ထွန်း (ထိုကာလ ပါတီအထွေထွေအတွင်းရေးမှူး) က ကျနော်တို့ကိုပြောတယ်… သူတို့ကို ရန်သူ့ဆီ တွန်းပို့တာ မဖြစ်ဖို့၊ လူထုဆန့်ကျင်ရေးအဖွဲ့အစည်းတွေ ဖြစ်မသွားဖို့ လုပ်ဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။ လက်တွေ့အရလည်း ကျနော်တို့အထင်တော့ ကိုးကန့်ဟာ သူတို့ရဲ့ လက်တွေ့အရကိုပဲ ဒီစစ်အုပ်စုအပေါ် နားလည်လာပြီ၊ သူတို့ အတိုက်ခံရတာတွေ၊ ဗုံးကျဲခံရတာတွေ၊ အမြောက်နဲ့ထုခံရတာတွေ ရှိလာတော့ သူတို့လည်း သိလာပြီ၊ နားလည်လာပြီ။ စစ်အစိုးရအပေါ်မှာ နားလည်သဘောပေါက်လာပြီလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ကတော့ သူတို့အပေါ်မှာ တချိန်တုန်းက ခံတုတ်ကျင်းတခုထဲမှာ အတူတူ တိုက်ဖော်တိုက်ဖက်ဟောင်းတွေလို့ပဲ သဘောထားပါတယ်။ သူတို့နဲ့ လက်တွဲလုပ်နိုင်ပါတယ်။ အဲလိုလုပ်နိုင်တဲ့အဖွဲ့အစည်းလို့ပဲ စိတ်ထဲမှာ မှန်းထားပါတယ်။
THN ။ ။ သူတို့နဲ့ဆက်ဆံရေး တစုံတရာကော ပြောပြလို့ရနိုင်မလား။
ရဲဘော်ဖိုးသံချောင်း။ ။ ပြောပြလို့တော့ မရဘူးဗျ။ တစုံတရာ ရှိသလောက်တော့ ရှိပါတယ်။
THN ။ ။ ၁၉၈၈ မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ၄၈၂၈ ဆိုတဲ့ UG လှုပ်ရှားမှုတွေလည်း ကျနော်တို့ ကြားသိရတယ်။ ၈၉ ပြိုကွဲပြီးနောက်ပိုင်းမှာလည်း DPA ဆိုတဲ့ အင်အားစုတခုအနေနဲ့လည်း ဖွဲ့စည်းလှုပ်ရှားခဲ့တယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ကျနော်တို့ကိုယ်နှိုက်လည်း DPA က ရဲဘော်တွေနဲ့ အလယ်ပိုင်းမှာ ဆုံဖူးပါတယ်။ အခု အာဏာသိမ်းတဲ့အခါမှာ PLA တပ်မတော် ပေါ်လာတာ တွေ့ရပါတယ်။ အဲတော့ PLA က DPA ရဲ့ အဆက်လား၊ အဲဒီအခြေအနေကိုလည်း သိလိုပါတယ်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ PLA က DPA ရဲ့အဆက်လို့တော့ ပြောလို့မရပါဘူး။ PLA က သီးသန့်ဖွဲ့စည်းတာပါ။ မြေအောက်ဖွဲ့စည်းထားပြီး ဖြေးဖြေးဖြေးဖြေး အခုအခါကျမှ ထွက်ရပ်လာတာ ဖြစ်ပါတယ်။ နောက်ဆုံးအာဏာသိမ်းမှု မဖြစ်ခင်ကတည်းက PLA က အားစုနေ တာစူနေပြီဆိုတာတော့ ပြောလို့ရပါတယ်။ DPA ကနေ PLA ပြောင်းသွားတာလို့ အဲလို အတိအကျကြီး ပြောလို့မရပါဘူး။
THN ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ PLA ဆိုတဲ့ တပ်မတော်နဲ့အတူ သက်ဝင်လှုပ်ရှားပြီလို့ ပြောနိုင်မလား၊ အဲလိုပြောရင် မှန်ပါသလား။
ရဲဘော်ဖိုးသံချောင်း။ ။ PLA လှုပ်ရှားတာကလည်း တမျိုးလို့ပြောလို့ရပါတယ်။ တခြားသဏ္ဌာန်တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ လှုပ်ရှားနေတာတွေ၊ ရန်သူ့နယ်မြေမှာ လှုပ်ရှားနေတာတွေလည်း ရှိပါတယ်ခင်ဗျ။
THN ။ ။ အခုအချိန်မှာ ပါတီရဲ့ ဦးဆောင်မှုကို ဘယ်လိုဖွဲ့စည်းထားတယ်လို့ ကျနော်တို့သိရမလဲဗျ။ အရင်တုန်းက ဥက္ကဋ္ဌ ခေါင်းဆောင်တယ်။ နောက် အတွင်းရေးမှူး ခေါင်းဆောင်တယ်လို့ သိရတယ်။ အခုအခြေအနေမှာ ဘယ်လိုပုံစံတွေနဲ့သွားပြီးတော့ လူငယ်တွေနဲ့ အစားထိုးတာတွေ ရှိလား။ အဲဒီအပိုင်းကော ဘယ်လိုပြောပြနိုင်မလဲဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ အခုစနစ်ကတော့ အတွင်းရေးမှူး ခေါင်းဆောင်တဲ့စနစ်ပါ။ မှန်ပါတယ် အရင်မျိုးဆက် ခေါင်းဆောင်ကြီးများဟာ အနည်းအကျဉ်းဆိုရုံမျှပဲ ကျန်တော့တဲ့အတွက် ကျနော်တို့အနေနဲ့ မျိုးဆက်သစ်တွေ ဝင်ပြီးတော့ တာဝန်ယူနေကြတာတွေ ရှိပါတယ်။ ကျနော်တို့လည်း အသက်တွေက မငယ်ကြတော့ဘူးဆိုတော့ နောက်မျိုးဆက်ကို လွှဲပေးဖို့ စဉ်းစားထား ပြင်ဆင်ထားတာတွေ ရှိပါတယ်။
THN ။ ။ အခုလက်ရှိ တော်လှန်ရေးလမ်းကြောင်းမှာ ပါတီရဲ့ PLA တပ်မတော်အနေနဲ့က နယ်မြေတည်ဆောက်ရေးနဲ့ မဟာမိတ်စုဖွဲ့မှုကိုရော ဘယ်လိုအစီအမံတွေရှိလဲဗျ။ အဲဒါ ပြောပြနိုင်မလား။
ရဲဘော်ဖိုးသံချောင်း။ ။ အတိအကျမသိဘူးဗျ ။ နယ်မြေတည်ဆောက်ရေးဆိုတာ။ တတ်နိုင်သလောက် လက်တွဲပြီး တိုက်နေတာပဲ။ အဓိက က ဘုံရန်သူကို ဖြိုဖျက်ရေးဟာ အဓိကဖြစ်တဲ့အတွက် ဘယ်သူနဲ့မဆို တွဲမယ်ဆိုတဲ့ပုံစံနဲ့ပဲ တွဲနေတာပဲ။ တုံ့ပြန်မှုအမျိုးမျိုးကိုတော့ ကြုံရတာပဲ။ ခင်ဗျားတို့လည်း ကြားပြီးသားဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်စေ ကျနော်တို့ သွားရာလမ်းကြောင်း၊ ချီတက်ရာလမ်းကြောင်းကို မလျှော့ဘဲနဲ့ ကျနော်တို့ ဆက်လက်ချီတက်မယ်လို့ ဆုံးဖြတ်ချက် ပိုင်းဖြတ်ချက် ရှိပါတယ်။
THN ။ ။ PLA ရဲ့ အင်အားကိုရော ထုတ်ဖော်ပြောလို့ရနိုင်မလားဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒါတွေ ကျနော်ပြောလို့မရဘူးဗျ။ PLA က တပြည်လုံး အနှံ့အပြားရှိတာဆိုတော့ ပြောဖို့ခက်ပါတယ်။ ကျနော်တို့ ဗဟိုမှာကိုပဲ စာရင်းအတိအကျရှိဖို့ဆိုတာ ခက်ပါတယ်။ ပြောက်ကျားဒေသတွေမှာလည်း ရှိပါတယ်။ ဗမာပြည် တောင်ဖျားကနေ မြောက်ဖျားအထိရှိလို့ အတိအကျပြောဖို့ကတော့ ခက်ပါတယ်ခင်ဗျ။
THN ။ ။ ခေတ်အဆက်ဆက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီက စခဲ့တယ်ပေါ့။ ဦးနေဝင်း၊ ပြီးတော့ နဝတ၊ နအဖ၊ ဦးသိန်းစိန်၊ NLD ၊ လက်ရှိ စစ်ကောင်စီပေါ့။ ဒီအစိုးရအဆက်ဆက်မှာ ပြည်တွင်းစစ် အဆုံးမသတ်သေးဘူး၊ တော်လှန်တဲ့ဘက်ကလည်း ခုထက်ထိ အောင်မြင်မှု ပြတ်ပြတ်သားသားမရှိနိုင်သေးတဲ့အခြေအနေပေါ့။ အဲဒီ ခေတ်အဆက်ဆက် တော်လှန်မှုနဲ့ အဆုံးမသတ်နိုင်သေးတဲ့ အခြေအနေအပေါ် ကွန်မြူနစ်ပါတီအနေနဲ့ နိဂုံးချုပ်ချက်အကျဉ်း သိလိုပါတယ်။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒါ အလွယ်လေးတော့ ပြောလို့မရဘူးဗျ။ အဲဒါက အရှုပ်ကြီး။ ဟုတ်တယ်၊ တော်လှန်ရေးဟာ ကာလတွေ အများကြီးရှည်ကြာခဲ့တာ ဒါ အမှန်ပဲ ဝန်ခံတယ်။ အဲဒါက ပြည်တွင်းပြည်ပ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ပြည်ပအင်အားစုတွေနဲ့လည်း ပတ်သက်ပါတယ်။ ပြည်တွင်းကဟာတွေနဲ့လည်း ပတ်သက်တယ်။ အလွယ်တကူ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ဘယ်အဖြစ်အပျက်ကြောင့်၊ ဘယ်ကိစ္စကြောင့် အဲလို တခုနှစ်ခုကို ထောက်ပြလို့ မရပါဘူး။ နိုင်ငံတကာအခြေအနေအကြောင်းထဲ ကွန်မြူနစ်အုပ်စုကြီး အားနည်းသွားတာ၊ ကွဲတာတွေ ပေါ်လာတာ၊ ဆိုဗီယက်နဲ့တရုတ်နဲ့ ကွဲတာ၊ အဲဒီကနေတဆင့် ဆိုဗီယက် တခုလုံး ပြိုပျက်သွားတာမျိုး အဲဒါ နိုင်ငံတကာပေါ့။ နောက်ပြီးကျတော့ အမေရိကန်ရဲ့အခန်း၊ အမေရိကန်နဲ့တရုတ်က ပခုံးချင်းယှဉ်လာနိုင်တဲ့ကိစ္စ အဲဒါတွေက နိုင်ငံတကာအခြေအနေနဲ့ ပတ်သက်ပါတယ်။ ပြည်တွင်းမှာလည်းပဲ ဒီစစ်အုပ်စုကို ဘယ်သူကမှ မချိုးနှိမ်နိုင်တဲ့ကိစ္စ၊ ကျနော်တို့မျက်စိအောက်တင် ဦးနုကိုယ်တိုင် ပြည်ပ ထွက်ပြေးရတဲ့ထိဖြစ်ပြီးတော့ ဒီစစ်အုပ်စုကို မွေးခဲ့တဲ့လူတွေတောင်မှ ထွက်ပြေးရတဲ့အခြေအနေ ရောက်သွားတာမျိုး ပဋိပက္ခအပြောင်းအလဲတွေ အများကြီးရှိပါတယ်။ အတိအကျ ဘာကြောင့်မို့လို့ တခုနှစ်ခုလောက် လက်ညှိုးထိုးပြလို့ မရဘူးထင်ပါတယ်။
THN ။ ။ ဦးနုတုန်းကဆိုရင် ‘ရန်ကုန်အစိုးရ’ပေါ့၊ အဲဒါပြီးနောက်ပိုင်းဆို အခု စစ်ကောင်စီဟာ အဆိုးရွားဆုံးပေါ့။ သူ့ကို တော်လှန်တိုက်ခိုက်နေတာတွေကို ရင်ဆိုင်ရတာ အခက်အခဲလည်း ကြီးနေတယ်။ ဆိုတော့ ဒီနေ့နိုင်ငံရေး အခင်းအကျင်းပုံစံက ဘယ်လိုအဖြေထွက်မယ်လို့ ဆရာတို့ သုံးသပ်နိုင်မလဲ။ ဥပမာ စစ်တပ်က ‘ရန်ကုန်အစိုးရ’တုန်းကလိုမျိုး ပြန်တိုက်ခိုက်လာနိုင်မလား။ အပေးအယူလုပ်ပြီး အဖြေရှာသွားမလား၊ နောက်တခုက စစ်တပ်က လုံးဝပြိုကျသွားမလား၊ နောက်တခုက တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြားမှာ ကိုယ့်နယ်မြေ သူ့နယ်မြေနဲ့ နယ်မြေပိုင်ဆိုင်မှုပုံစံနဲ့ပဲ ကာလကြာရှည်တခုထိ ဖြစ်သွားမလား။ ဆရာတို့အနေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖြစ်လာနိုင်ခြေ ဘာဖြစ်မယ်လို့ ပြောနိုင်မလဲ။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒီလိုတော့ ကျနော်တို့မှာ ဆုံးဖြတ်တာမျိုး စည်းဝေးတာမျိုး မရှိပါဘူး။ ကျနော်တို့က ဒီဟာမျိုးက ဗေဒင်တွက်သလို တွက်လို့ကောင်းတဲ့ဟာမျိုးလို့လည်း မထင်ပါဘူး။ လက်တွေ့အခြေအနေအပြောင်းအလဲတွေအပေါ်မှာ လိုက်ပါပြီးတော့ ကိုယ်က မှန်ကန်တဲ့ဘက်က ရပ်တည်မှု၊ ပြည်သူလူထုဘက်က ရပ်တည်မှု အဲဒါ အရေးကြီးတယ်လို့ထင်ပါတယ်။ အဲဒီအတွက်ပဲ ကျနော်တို့ ကြိုးစားပါတယ်။ ဗေဒင်တွက်သလို အဲဒီအတိုင်း စိုက်လိုက်မတ်တပ်လုပ်နေရင် ကျနော်တို့ဟာ တရားသေဖြစ်သွားမယ်။ အဲဒီအတိုင်းမဖြစ်ဘဲ တခြားလိုဖြစ်ရင်လည်း ကျနော်တို့တတွေ ဦးတည်ချက်ပြောင်းပြီး ကိုးရိုးကားရားတွေ ဖြစ်ကုန်မှာပါ။ ကျနော်တို့က ကြိုပြီးပြောထားတာထက် ဒီနေ့စစ်တပ်ဟာ ဘယ်တုန်းကမှနဲ့မတူအောင် သူတို့ထဲမှာ စိတ်ဓာတ်တွေကျနေတယ်၊ ပြိုကွဲနေတယ်၊ အဲဒါကတော့ အမှန်ပါပဲ။ အဲဒီကနေ ကျနော်တို့ ဘာဆက်လုပ်မယ်ဆိုတာ ညီညွတ်ရေးတည်ဆောက်ရေး၊ ဖြစ်နိုင်ရင် တပ်ပေါင်းစုတည်ဆောက်ရေး၊ အဲဒါကို ကျနော်တို့ လုံးပန်းကြဖို့ပဲ လိုတယ်လို့ထင်ပါတယ်။
THN ။ ။ တပ်ပေါင်းစု ပေါ်ထွန်းရေးကို အင်တာဗျူးတွေမှာ ဆရာတို့ အလေးထားပြောနေတာရှိတယ်။ အခုလည်း ဆရာပြောသွားတယ်။ တပ်ပေါင်းစုပုံစံနဲ့သွားဖို့က အရေးကြီးတယ်လို့။ ဒီနေရာမှာ တခုရှိတာက နွေဦးတော်လှန်ရေး ပေါ်လာတဲ့အခါမှာ အင်အားစု အတော်များများက စုပေါင်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီချာတာကိုပါ အတည်ပြုနိုင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ဆိုတာ စုဖွဲ့နိုင်ခဲ့တယ်။ ဒီ NUCC လောက်နဲ့ အလုပ်မဖြစ်ဘူးလားဆရာ။ အဲဒီအပေါ် ဘာများပြောလိုပါသလဲ။
ရဲဘော်ဖိုးသံချောင်း။ ။ NUCC တခုတည်းနဲ့တော့ မရသေးဘူး။ NUCC ကို ဝန်းရံကြတဲ့ အင်အားစုတွေလည်း များများမရှိသေးဘူး။ NUCC လုပ်နေကိုင်နေပုံ ကျနော် အားမရသေးဘူးဗျ။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့၊ ဒီထက်ပိုပြီး ခိုင်မာညီညွတ်တဲ့၊ သိပ်သည်းတဲ့ တပ်ပေါင်းစုတရပ် ပေါ်ထွက်ဖို့ လိုသေးတယ်လို့ ထင်ပါတယ်။ ပိုကောင်းတယ်လို့ ထင်ပါတယ်။
THN ။ ။ နွေဦးတော်လှန်ရေးမှာ တပ်ဦးမှာရှိနေတယ်လို့ပြောရမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်ဖွဲ့တွေရှိတယ်၊ တချို့ဒေသတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီးပြီ။ ဒါနဲ့ပတ်သက်ရင် တော်တော်များများ ဝေဖန်မှုတွေ ရှိနေပါတယ်၊ NUG နဲ့ ပတ်သက်ပြီးတော့ပေါ့။ တချို့ဆိုရင် NUG ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ပြောတာတွေရှိတယ်ဗျ။ NUG အနေနဲ့ ဒီအတိုင်း ဆက်သွားလို့ အဆင်ပြေနိုင်လား၊ ဒါမှမဟုတ် ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုမယ်လို့ သုံးသပ်ချက် ပေးချင်လဲဆရာ။
ရဲဘော်ဖိုးသံချောင်း။ ။ NUG မှ မဟုတ်ပါဘူး၊ ကျနော်တို့ပါတီ အပါအဝင် ဘယ်သူမဆို လူတယောက်ချင်းအနေနဲ့ပဲဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ ငါ ဘယ်တော့မှမမှားဘူးဆိုဆိုတာ ချထားလို့မဖြစ်ပါဘူး။ တကွေ့ကွေ့တချိန်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုဝေဖန် ပြုပြင်ပြောင်းလဲရတာ ရှိကြတာချည်းပါပဲ။ အလားတူပဲ NUG လည်း သူတို့ချင်းချင်း ဆွေးနွေးဝေဖန်ရင်းနဲ့ ပြုပြင်ပြောင်းလဲ တိုးတက်အောင် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။
THN ။ ။ အခုက လက်နက်ကိုင်တော်လှန်ရေးကို အားလုံးက အင်နဲ့အားနဲ့ တိုက်ပွဲဝင်နေတဲ့ အနေအထားမှာ အဓိကကတော့ လက်နက်ခဲယမ်းက ရေရှည်မှာ အခရာကျမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာတို့တုန်းကရော၊ ဦးနု တောခိုတုန်းကရော ပြည်ပရဲ့ အထောက်အပံ့ တစုံတရာ တော်တော်များများရတယ်လို့ ကျနော်တို့ လေ့လာသိရှိရပါတယ်။ အုဒီတုန်းကတောင် ဒီစစ်အုပ်စုကို မတွန်းလှန်နိုင်ခဲ့ဘူး။ အခုအနေအထားကလည်း တခြားတိုင်းပြည်တခုခုက ခဲယမ်းအထောက်အပံ့ဆိုတာ မတွေ့ရဘူး။ ခုဟာက အလှူခံပြီးတော့ တော်လှန်နေရတာကိုး။ ဆိုတော့ အဲဒီလိုမျိုး တခြားနိုင်ငံတခုခုက လက်နက်ခဲယမ်း အထောက်အပံ့ အများအပြားမရှိဘဲနဲ့ ရေရှည်မှာ တော်လှန်အောင်ပွဲဝင်နိုင်ဖို့ဆိုတာ လက်တွေ့ကျမလား။ အဲဒါ မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိပါတယ်။ အဲဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ချက်ပေးချင်လဲဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော့်တဦးချင်း အမြင်ကတော့ အခုအခါမှာ တခြားနိုင်ငံတွေက တကယ် ထိထိရောက်ရောက် ရုပ်ဝတ္ထုအရ အားပေးတာ မရှိသေးပါဘူး။ အဲဒါ အမှန်ပါပဲ။ ဒါပေမယ့် အဲလိုမရှိဘဲနဲ့ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေ တိုက်ပွဲတွေလည်း ကျနော်တို့ တွေ့ဖူးပါတယ်။ သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ ရုပ်ဝတ္ထုအရ ထောက်ပံ့မှုမရှိဘဲနဲ့ သူတို့ဟာသူတို့ ပြည်သူလူထုထောက်ခံမှုချည်းနဲ့ အောင်ပွဲရခဲ့တာပါ။ အဲလိုပဲ ကျနော်တို့ ဗမာပြည်မှာလည်း ဒီနေ့ ဗမာပြည်ပြည်သူလူထုကြီးက အင်မတန် တက်ကြွပြီးတော့ အင်မတန် အမှန်ဘက်ကို မြင်နေတဲ့အခါမျိုးမှာ ကျနော်တို့ချင်း မပြိုကွဲဖို့ အင်မတန်မှ အရေးကြီးတယ်လို့ထင်ပါတယ်။ အဲဒါမှ ကျနော်တို့မျှော်မှန်းချက်တွေ အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။
THN ။ ။ နောက်တခုက တော်လှန်ရေးသမိုင်းတလျှောက် အမဲစက်တွေဖြစ်ခဲ့တဲ့အရာ၊ အဲဒါကိုလည်း သိလိုပါတယ်။ ၁၉၆၇က ဆိုရင် ကွန်မြူနစ်ပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေ ကြီးကြီးမားမား လုပ်တယ်။ အဲဒါကို မဆလ ပြောတာက ‘ဖြုတ်-ထုတ်-သတ်’လမ်းစဉ်လို့ ပြောတယ်။ နောက် ၈၈ ကျောင်းသားတွေ တောခိုတုန်းကလည်း ပါဂျောင်ကိစ္စလို လူသတ်မှုတွေ ရှိခဲ့ဖူးတယ်။ အခု နွေဦးတော်လှန်ရေးမှာလည်း အချင်းချင်း သတ်ဖြတ်မှုတွေ တွေ့နေရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေးရှုထောင့်ကနေ ဒလန်ရှင်းလင်းရေးကိစ္စတွေကို ထောက်ပြနေတယ်။ အဲလိုမျိုး အမဲစက်တွေအပေါ် ဘယ်လိုသဘောထားမျိုး ပေးချင်လဲ။ အဲဒါတွေကို ကျော်လွှားနိုင်ဖို့ ဘာတွေလိုအပ်မယ်လို့ ဆရာပြောချင်လဲဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ တခြားအဖွဲ့အစည်းတွေရဲ့ကိစ္စတော့ မပြောလိုပါဘူး။ ကျနော်တို့ပါတီရဲ့ကိစ္စတော့ ကျနော် အတိအကျပြောနိုင်တာရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ တခုက ‘ဖြုတ်-ထုတ်-သတ်’ဆိုတဲ့ အသုံးအနှုန်းကအစ အဲဒါတွေအားလုံးက စစ်အစိုးရနဲ့ သူတို့ဆီသွားပြီး တပည့်ခံတဲ့ ကျနော်တို့ဆီက လက်နက်ချတွေက ပုံကြီးချဲ့ကားပြောတဲ့၊ နိုင်ငံရေးအရေ တိုက်ခိုက်ဖို့ ထုတ်သုံးလာတဲ့ စကားလုံးတွေလို့ပဲ ကျနော် ဆိုချင်ပါတယ်။ ကျနော်တို့ပါတီကိုယ်တိုင်ကလည်း အဲဒီတုန်းက လုပ်ခဲ့တာတွေဟာ မှားတယ်ဆိုတဲ့အကြောင်း တရားဝင် ထုတ်ပြောပြီးပါပြီ။ ကျနော်တောင်မှ ကျနော်ရေးတဲ့ စာတွေထဲမှာ၊ ဆောင်းပါးတွေထဲမှာ ကျနော်နဲ့ပတ်သက်တဲ့ဟာတွေ ပါပါတယ်။ ပါတီက၊ ပါတီခေါင်းဆောင်တွေက အဲဒီကိစ္စတွေကို ကျနော်နဲ့တွေ့တွေ့ချင်း ပြောတယ်ဆိုတဲ့အကြောင်းတွေ ကျနော် ထည့်ရေးဖူးပါတယ်။ ခုလိုကာလမှာလည်းပဲ ဒီလိုဖြစ်တာဟာ တချို့ကတော့ အကြောင်းအမျိုးမျိုးရှိတယ်လို့ထင်ပါတယ်။ တခုချင်းကိုလည်း အသေးစိတ် မသိရတဲ့အတွက် သူများကို အပြစ်အလွယ်တကူမတင်လိုပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ပြုပြင်၊ ကိုယ့်ဟာကိုယ်ပဲ နားလည်အောင် အမှန်တရားကို ဖော်ထုတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
THN ။ ။ PLA ဆိုရင် ရှမ်းမြောက်ဒေသမှာ ညီနောင် ၃ ဖွဲ့နဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကွန်မြူနစ်ပါတီအနေနဲ့ကရော ရှမ်းမြောက်ဒေသအဖြစ် ဒီဖက်ဒေသတွေမှာ မဟာမိတ်ဆက်ဆံရေးက ဘယ်လိုသွားဖို့ရှိလဲ။ ဥပမာ NUG နဲ့ ဆက်ဆံတာမျိုး NUCC နဲ့ ပူးပေါင်းဆော်ရွက်တာမျိုးရော ရှိလာနိုင်မလား။ ဒါမှမဟုတ် တပ်ပေါင်းစုအသွင်နဲ့ ကွန်မြူနစ်ပါတီအနေနဲ့ ဘာတွေလုပ်လာဖို့ရှိနိုင်မလဲ။
ရဲဘော်ဖိုးသံချောင်း။ ။ ပါတီအနေနဲ့ ကြိုးစားတာတော့ ရှိပါတယ်။ အမြဲတမ်း ထုတ်ပြောနေတာ ဆွေးနွေးဖို့၊ ပူးတွဲလုပ်ကိုင်ဖို့ အဆင်သင့်ပဲဆိုတာ အမြဲတမ်းပြောပါတယ်။ ဒါပေမယ့် လာဆက်တာကတော့ သူတို့လည်း သူတို့အခက်အခဲရှိပါလိမ့်မယ်။ နောက်ကြောင်းတွေ နောက်ခံတွေလည်း ရှိလိမ့်မယ်ထင်တယ်။ သူတို့ကိုလည်း ကျနော်တို့က အလွယ်တကူတော့ အပြစ်မတင်လိုပါဘူး။ နားလည်တယ်လို့ပဲ ကျနော်တို့ သဘောရပါတယ်။ သူတို့အပေါ်လည်း ကျနော်တို့က နားလည်တယ်၊ အဲလိုပဲ ကျနော်တို့အပေါ်လည်း နားလည်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကြားထဲကပဲ ကျနော်တို့ PLA ဟာ ဗမာပြည် အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းတို့ဘာတို့မှာလည်း လှုပ်ရှားနေတာတွေ ရှိပါတယ်။ ဆက်လည်း သွားဦးမှာပါ။ အဲဒါကို အားလုံးက နားလည်မှုရှိရှိ ဘုံရန်သူကို တိုက်ခိုက်ရေးအတွက် လက်တွဲလုပ်ကိုင်ကြဖို့ဟာ အဓိကအကျဆုံးလို့ ထင်တာပဲ။
THN ။ ။ လက်ရှိ တော်လှန်ရေးအင်အားစုတွေအတွက် ကွန်မြူနစ်ပါတီရဲ့ သဘောထားနဲ့ သတင်းစကား ဘာများပြောပေးလိုပါသလဲ။
ရဲဘော်ဖိုးသံချောင်း။ ။ ကွန်မြူနစ်ပါတီအနေနဲ့ လက်ရှိ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေကြတဲ့သူတွေ သူတို့ဟာ အရှိန်တခု ရလာပြီ။ ရန်သူကလည်း ပုံပျက်ပန်းပျက်ကို ဖြစ်လာနေပြီ။ အဲလိုအခြေအနေမှာ အားတက်ကြဖို့၊ ပိုပြီးအားရှိကြဖို့ အရေးကြီးတယ်။ အားတင်းမှု အားရှိမှုကို ညီညွတ်ရေးနဲ့ ပေါင်းစပ်ပြီးတော့ အင်အားကြီးထွားလာအောင် လုပ်ကြဖို့၊ ရန်သူကို အပြတ်ချေမှုန်းရေးဆီကို ဦးတည်တက်လှမ်းကြဖို့ အဲလိုပဲ တိုက်တွန်းချင်ပါတယ်ခင်ဗျ။
ကျနော်တို့ကတော့ ကျရာအခန်းက ပါဝင်ဖို့ အမြဲအသင့်ရှိတယ်ဆိုတဲ့အကြောင်းလည်း ဖော်ပြလိုပါတယ်။
THN ။ ။ ဗိုလ်ချုပ်အောင်ဆန်း စတင်ဦးဆောင်ခဲ့တဲ့၊ မြေပေါ်မှာဆို ၃ နှစ်ပဲ ဖြတ်သန်းခဲ့ရဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ မဝေးတော့တဲ့အချိန်မှာ မြေပေါ်ပါတီအနေနဲ့ ပြန်ပြီးရှင်သန်လာဖို့ မျှော်လင့်ထားလားဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ စိတ်ကူးမယဉ်ပါဘူးခင်ဗျာ။ တိုက်ပွဲမပါဘဲနဲ့တော့ မရဘူးလို့ထင်တယ်။ စစ်အုပ်စုကို အပြုတ်မတိုက်နိုင်ဘဲနဲ့တော့ ကျနော်တို့ပါတီ မြေပေါ်ပြန်မရောက်ပါဘူး။ ကျနော်တို့လက်နက်ကို စွန့်လို့မရပါဘူး။
THN ။ ။ အခု NUCC က ချထားတဲ့ Road map လမ်းပြမြေပုံအရဆိုရင် အသွင်ကူးပြောင်းရေးကာလကို ဖြတ်ကျော်ရမယ့်အနေအထားတခု ရှိလာလိမ့်မယ်ပေါ့။ အဲလို စစ်အုပ်စုကို ဖြိုချပြီး အသွင်ကူးပြောင်းရေးကာလမှာ ကွန်မြူနစ်ပါတီအနေနဲ့ ဘယ်အခန်းကဏ္ဍမှာ ရှိနေမယ်လို့ ပြောနိုင်မလဲ။
ရဲဘော်ဖိုးသံချောင်း။ ။ စစ်အုပ်စုကို ဖြိုမယ်ဆိုတဲ့ အဓိကအကျဆုံးနဲ့ အခက်ခဲဆုံးဟာကြီးကို အရင်ကျော်လွှားဖို့ စဉ်းစားကြဖို့၊ အဲဒီအတွက် လုံးပန်းကြဖို့ တိုက်တွန်းချင်ပါတယ်။ ‘အဲဒီနောက်’ဆိုတာကို ကြိုပြောရတာ နည်းနည်း ရှက်လည်းရှက်ပါတယ် အမှန်အတိုင်းပြောရရင်။
THN ။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဆရာ့မှာ ပြောချင်တာ အိုင်ဒီယာတခုခုများရှိရင် ပြောပေးပါ။
ရဲဘော်ဖိုးသံချောင်း။ ။ ထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူး။ အခုဟာက ကျနော်တို့တတွေအနေနဲ့ လက်ဝဲ/လက်ယာ ခွဲမနေဖို့ အဲလိုစဉ်းစားမနေဖို့၊ ဗမာပြည်မှာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဗမာပြည်ကြီးဟာ ကြာလေ ပိုပြီးဆိုးရွားလာလေ၊ အရင်ကထက် ပိုပြီးတော့ ဆင်းရဲသထက် ဆင်းရဲလာပြီး ပြည်သူလူထုဟာ ဒုက္ခတွေ ပိုပြီးနက်ရှိုင်းစွာ ကြုံရလိမ့်မယ်လို့ပဲ သတိပေးချင်ပါတယ်။ အဲဒီအတွက် ကျနော်တို့တတွေဟာ တာဝန်ရှိတဲ့လူတွေ၊ တာဝန်သိတဲ့လူတွေဖြစ်ကြောင်း ဖော်ပြကြဖို့လိုတယ်လို့ထင်ပါတယ်။ အဲဒီအတွက် ကိုယ်ကျိုးတွေ၊ စွန့်လွှတ်တန်တဲ့ဟာတွေကို စွန့်လွှတ်ပြီးတော့ ညီညွတ်ရေးတည်ဆောက်။ အဲလိုနည်းနဲ့ စစ်အစိုးရ၊ စစ်အုပ်စုကို ဖြိုချဖို့လိုတယ်လို့ထင်ပါတယ်။ ဒါပဲပြောချင်ပါတယ်။
THN ။ ။ ဟုတ်ကဲ့၊ ရဲဘော်ဖိုးသံချောင်း ကျေးဇူးအထူးတင်ပါတယ်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ် ကိုသက်ထွေးနိုင်။
“ဒီဘက်ကလည်း ကြည့်ပေးပါ။”
“ဒီဘက်ကလည်း ကြည့်ပေးပါ။”
လှသောင်း
အတွေးအမြင်တရပ် ကို တိုတိုနဲ့ ယေဘုယျကျကျပဲ တင်ပြပါရစေ။
အစ္စရေး အစိုးရ အနေနဲ့ ပါလက်စတိုင်းနယ်မြေ ပြည်သူများ အပေါ် တလျှောက်လုံး ဘက်စုံ ထိန်းချူပ်လာခဲ့ တိုက်ခိုက်လာခဲ့ရာမှ၊ အခုတခါ သမိုင်းတွင်လောက်တဲ့ အချီကြီးအဖြစ်၊ ဂါဇာဒေသ ကို လူမျိုးတုံး တိုက်ခိုက်မှုဆန်တဲ့ ရက်စက်တဲ့ နည်းတွေနဲ့ အကုန်ဖျက် အကုန်သတ် အကုန်မောင်းထုတ် လုပ်နေတယ်၊ ဒီစစ်ကို အမေရိကန်နဲ့နေတိုးရဲ့ ကိုယ်စားလှယ်ထားတိုက်တဲ့ ယူကရိန်း Proxy war နဲ့ နှိုင်းယှဉ်ချိန်ထိုး ကြည့်တာထက် ဗမာပြည်စစ်အုပ်စု က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာကို အဆက်မပြတ် တလျှောက်လုံးကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့တဲ့ ပြည်တွင်းစစ်နဲ့ နှိုင်းယှဉ်သင့်တာ ပိုဆီလျော်ပါလိမ့်မယ်။
ကမ္ဘာ့အရင်းရှင်စနစ် အကျပ်အတည်း ကို အမေရိကန်နဲ့ နေတိုး နယ်ချဲ့အင်အားများက စစ်လှုံ့ဆော် ဆင်နွှဲတဲ့ နည်းနာသုံးပြီး ဖြေရှင်းဖို့ ကြိုးစားလာရခြင်း ဆိုတဲ့ နောက်ခံပေါ်မှာ၊ အဲဒီလို ပြည်သူလူထု အသေအကျေ အပျက်အစီး များပြားလှတဲ့ စစ်ပွဲတွေ နေရာ အများအပြား ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ လစ်ဘရယ် အင်အားများ ပွင့်ကျလာတာ၊ ဒါကြောင့် အရင်းရှင်နိုင်ငံကြီးများမှာ လစ်ဘရယ်တွေအနေနဲ့ သိသိသာသာ နေရာရလာတဲ့ လက်ယာစွန်း ဖက်ဆစ်အင်အားတွေ ကို တိုက်နိုင်စွမ်းမရှိတော့ဘဲ အာဏာမြဲရေးအတွက် ရင်ကြားစေ့ရေးလမ်း လိုက်လာရတာ၊ အဖိနှိပ်ခံ ပြည်သူလူထု ကလည်း နက်ရှိုင်းလှတဲ့ ဘဝအခက်အခဲများကြောင့် ခုခံအုံကြွမှုဖက် ယိမ်းသထက် ယိမ်းလာတာ တို့ကို တွေ့ရပါတယ်။ ဒီလို အခြင်းအရာက အခုအခါ ကမ္ဘာပေါ်မှာ တစထက် တစ ပိုမို ကျယ်ပြန့်လာနေပါတယ်။
နယ်ချဲ့အင်အားတွေ လှုံ့ဆော် ဆင်နွှဲတဲ့၊ နယ်ချဲ့စစ်ပွဲတွေကို နယ်ချဲ့နိုင်ငံများက ပြည်သူလူထုအပါ ကမ္ဘာအနှံ့ ပြည်သူလူထုအသီးသီး ရဲ့ သဏ္ဌာန်အမျိုးမျိုးသော ပြည်တွင်း အုံကြွမှုတွေ နဲ့သာပဲ တားဆီးနိုင် အဆုံးသတ်နိုင်တယ် ဆိုတဲ့ အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ပြီးခဲ့တဲ့ ကမ္ဘာစစ်များ က၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်က သက်သေပြခဲ့ပါတယ်။
အခုဖြစ်နေတဲ့ ဗမာပြည်သူများရဲ့ အုံကြွမှုမျိုးတွေ ကမ္ဘာနိုင်ငံ အတော်များများမှာ ဖြစ်လာရင်၊ ဒါဟာလည်း နယ်ချဲ့စစ်ကို တားဆီးရာရောက်ပါလိမ့်မယ်၊ ဒါကြောင့် နွေဦးတော်လှန်ရေးကို တခြားဖက်များစွာအပြင် ဒီဖက်က ကြည့်ရင်လည်း အဓိပ္ပာယ် ကြီးမား တောက်ပြောင်ပါတယ်။
ဒါပေမဲ့ အလေးထား စဉ်းစားသင့်တာက၊ မျက်မှောက် ဗမာပြည်နဲ့ ကမ္ဘာ့ ပြည်သူများရဲ့ ခုခံမှု အုံကြွမှု တွေကို တော်လှန်ရေးဘက် ပိုမိုတိမ်းညွတ်ပြီး ဦးတည်ချက်မှန်ကန်တဲ့ ပိုမို ရှင်းလင်းပြတ်သားတဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ လုံးဝလွတ်မြောက်ရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်စေရေးပဲ ဖြစ်ပါတယ်။ လူသားတွေ အနေနဲ့ ရည်ရွယ်ရှိရှိနဲ့ ဆည်မြောင်း တာတမံများဖောက်လုပ်၊ စွမ်းအားထုတ် ကိရိယာများတပ်ဆင် ခြင်းအားဖြင့် မြစ်ချောင်းများမှာ သဘာဝ အလျှောက် ရှိနေတဲ့ အားအင်ကို ဖော်ထုတ် အသုံးပြုတဲ့ ဥပမာ နဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ အလားတူစွာပဲ ပြည်သူတွင်းမှာ ကြီးမားစွာ ကိန်းအောင်း တိမ်မြုပ်နေသေးတဲ့ အင်အားတွေကို ဖော်ထုတ်နိုင်ဖို့လိုပါတယ်။ ဗမာပြည်မှာ ပြည်သူက စစ်အာဏာရှင်စနစ်ကို တကယ်တမ်း အစစ်အမှန်ပီပီပြင်ပြင် ဖျက်စီးရာရောက် ဖို့ဆိုရင် ၊ တနည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဆိုရင် အရေးတော်ပုံဟာ ပြည်သူတရပ်လုံး စစ်ကျွန်ဘဝနဲ့ စနစ်ဆိုးအုပ်စိုးမှုများအောက် လုံးဝရုန်းထွက်လွတ်မြောက်ရေးလမ်းပေါ် ဆွဲတင်နိုင်ဖို့လိုပါတယ်။ အဲဒါနဲ့အတူ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်၊ အမြင်၊ နည်းနာနဲ့ ပေါ်လစီများ ရှိရပါမယ်။
အဲဒီ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့၊ တိုးတက်တဲ့ အင်အားစုတွေက၊ တိုးတက်တဲ့ လမ်းညွှန်သဘောတရားကို အခြေခံပြီး ဗမာပြည်နဲ့ နိုင်ငံတကာ အခြေအနေတွေကို ထည့်သွင်းစဉ်းစားကြရပါမယ်။ နိုင်ငံအသီးသီးမှာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ တော်လှန်ရေးဘက်တိမ်းညွတ်မှုရှိနေတဲ့ အုံကြွမှုတွေ ရှိနေတာ၊ ပြည်သူဖက်သား တိုးတက်တဲ့ အင်အားစုတွေ ရှိနေတာ၊ ဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ နောက်ပြန်ဆွဲ အင်အားများရှိနေတာ ကို လည်း ထည့်သွင်းစဉ်းစားကြရပါမယ်။ အဆင်သင့် ပြည့်စုံ ကုံလုံပြီးသား အဖြေ မရှိသေးပါ။ ကျယ်ပြန့်သော ရှုပ်ထွေးသော ဖြစ်ပေါ်တိုးပွားမှု အတွင်း အဖြေရှာသွားကြရမှာ ဖြစ်ပါတယ်။
လှသောင်း

All reactions:
76သာ အေး ထွန်း, Kyaw Hla and 74 others
ဗမာပြည်သူတွေမှာ အနာဂတ်ကိုထူထောင်နိုင်စွမ်းအပြည့်ရှိတယ်
ဗမာပြည်သူတွေမှာ အနာဂတ်ကိုထူထောင်နိုင်စွမ်းအပြည့်ရှိတယ်
ရဲရင့်သံလွင်
ခုတလော ဗမာပြည်ပြည်တွင်းစစ်
ဖြစ်ပေါ်တိုးပွားမှုအပေါ် ကျရှုံးနိုင်ငံ
ဖြစ်နိုင်တယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောသံတွေထွက်လာ
သလို စစ်ကောင်စီရှုံးနိမ့်သွားရင်
ဗဟိုမှာအာဏာကွက်လပ်ဖြစ်လာမယ်လို့စိုးရိမ်ပူပန်သံတွေပေးနေကြတယ်။ စစ်အုပ်စုမရှိရင်ဗမာပြည်သူတွေ ဘာမှမလုပ်တတ်ဘူးဆိုပြီး VOA ကနေမကြာခဏတက်ပြောနေတဲ့ ဂျိုးဇက်ဆီးဗားစတိုင်းလည်း ခါတော်မီ ပြန်ထွက်လာပြီး အနာဂတ်မှာ စစ်တပ်မပါလို့မဖြစ်ဘူးဆိုပြီးပြောပြန်တယ်။
စစ်အုပ်စုနဲ့တိုက်ပွဲတွေမှာ တိုင်းရင်းသားတပ်တွေ လှိုင်းလုံးစစ်ဆင်ရေးလုပ်တဲ့အတွက် အကျအဆုံးသိပ်များတယ်လို့
မကြာခဏပြောခဲ့တဲ့၊ အခုထိလဲ စစ်တပ်ကိုနိုင်ဖို့မလွယ်ဘူးလို့ပြည်သူကို စိတ်ခွန်အားပျက်အောင်လုပ်နေတဲ့ သတင်းသမား
ဘာတေးလစ်တနာလမ်းကြောင်းခဲ့တဲ့အတိုင်းစစ်လော်ဘီတွေက
ကိုးကန့်မှာအလောင်း ၂၀၀၀ ရရှိတယ်လို့မရှက်မကြောက်လိမ်ညာ
ဝါဒဖြန့်နေသလို အမေရိကန် ၂၀၂၂
နိုင်ငံခြားရေးဌာနအကြမ်းဖက်ကိစ္စ
အစီရင်ခံစာကလည်း ရွာတွေကိုမီးလောင်တိုက်သွင်း စပါးတွေနွားတွေ
ပါမကျန်မီးရှို့၊ ခလေးမိန်းမသက်ကြီးရွယ်အိုတွေမကျန်သတ်နေတဲ့ ၊ လေကြောင်းကနေ တိုက်
ခိုက်ဗုံးကြဲနေတဲ့စစ်အုပ်စုကို
အကြမ်းဖက်စာရင်းထဲတောင်မထည့်ဘဲ ဒေသပြောက်ကျားတွေ၊ ပကဖတွေကိုပဲ အကြမ်းဖက်သမားအဖြစ် အစီရင်ခံနေတယ်။
လက်ရှိ ၁၀၂၇ စဆရနဲ့ ကရင်နီ ၁၁,၁၁ စဆရတွေ ချင်းတောင်တန်းတိုက်ပွဲတွေ စစ်ကိုင်းတိုင်းတိုက်ပွဲတွေကြောင့်ဖက်ဆစ်စစ်အုပ်စု
အထိနာနေပုံတွေကိုအထူးမပြောတော့ပါ။
လက်ရှိအခြေအနေဘယ်ဖက်ကို
ဦးတည်နေပါသလဲ။ အလွန်အကင်းပါးကြတဲ့ နိုင်ငံရေးမှာအံတိုနေကြပြီဖြစ်တဲ့အနောက်အုပ်စုက လှုပ်လှုပ်ရှားရှားဖြစ်နေကြတာကိုကြည့်ရုံနဲ့ သိသာထင်ရှားနေပါပြီ။
ဒါကြောင့်လဲ လစ်ဘရယ်သင်ရိုး
ထဲက နိုင်ငံတည်ဆောက်နည်း
ဖော်မြူလာတွေသုံးပြီး သူတို့ပြောသလိုလိုက်မလုပ်ရင် ကျရှုံးနိုင်ငံဖြစ်လိမ့်မယ်လို့ လှန့်လုံးတွေ
ပေးလာကြတယ်။
ဗမာပြည်ရှေ့ရေးဟာ
လစ်ဘရယ်လမ်းနဲ့ လူထုတော်လှန် ရေးလမ်းဆိုပြီး ၂ လမ်းရှိနေတာအမှန်ဘဲ။ ဒါပေမဲ့ လူထုကြီးက
ဒုတိယလမ်းကို ခပ်စောစောကထဲက ရွေးခဲ့ကြပြီ။
ဗမာပြည်နွေဦးတော်လှန်ရေးက လွတ်လပ်ရေးခေတ် နယ်ချဲ့ထိပ်သီး ချာချီပြောခဲ့သလို အားလုံးကအားလုံးကို တိုက်နေတဲ့စစ်ပွဲ မဟုတ်ပါဘူး။ ဘုံရန်သူစစ်သုံးစစ်ကို အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူကြီးက ဝိုင်းတိုက်နေတဲ့ စစ်ဖြစ်ပါတယ်။
အာဏာဟာကွက်ဖြစ်မှာတို့
တိုင်းပြည်အစိပ်စိပ်အမြွှာမြွှာဖြစ်မှာတို့ သိပ်စိုးရိမ်မနေပါနဲ့။
ပြည်သူလူထုကြီးမှာလက်တွေ့
ဖြေရှင်းနိုင်စွမ်းအပြည့်ရှိပါတယ်။
ဗမာပြည်အတွက် ဒီမိုကရေစီကျတဲ့
တန်းတူညီမျှတဲ့ သွေးစည်းညီညွတ်တဲ့ ငြိမ်းချမ်းသာယာတဲ့ စည်ပင်၀ပြောတဲ့ နိုင်ငံသစ်ကို ပြည်သူလူထုကြီးကတည်ဆောက်သွားမှာပါ။
“ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” “သွေးကြွေးမှာဆွေးနွေးစရာမရှိ” ဆိုတဲ့ ကြွေးကြော်သံများနဲ့အတူ နွေဦးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ဆင်နွဲပြီး စည်းလုံးညီညွတ်တဲ့ လူမျိုးပေါင်းစုံနိုင်ငံတော်သစ်ကို ဝိုင်းဝန်း တည်ဆောက်ကြမှာဖြစ်ပါတယ်။
ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့်
RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက်
ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့်
RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက်
ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့်
RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက်
မေး။ ။ဗမာပြည်ကွန်မြူနစ်ပါတီက အခု ဘာတွေများ ဆောင်ရွက်နေပါသလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုချိန်မှာ အဓိကလှုပ်ရှားတဲ့သဏ္ဌာန်က မြေအောက်သဏ္ဌာန်တွေမို့ မြေအောက်ကိစ္စတွေကို ဒီပေါ်မှာ ပြောလို့မဖြစ်ဘူးခင်ဗျ။ မပြောသင့်ဘူးလို့ ထင်ပါတယ်။ အဲတော့ အဲဒါတွေတော့ ကျနော် မပြောလိုဘူး။ မပြောတာကိုလည်း နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲလိုပဲ သဘောပေါက်ပါတယ်။
ကျနော်တို့ ခုလောလောဆယ် လုပ်နေတာကတော့ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း “စစ် ၃ စစ်”လို့ ပြောကြတဲ့ “စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တယား” အဲဒါတွေကို ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်တခုလုံးကို ဖျက်သိမ်းရေး၊ အဲဒါကို ဦးတည်တဲ့လုပ်ငန်းတွေကို အဓိကထား လုပ်နေတာပါ။
လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ အမှီအခိုမကင်းတဲ့ စာချုပ် ၃ ခု (နု-အတ်တလီ၊ လက်ျာ-ဖရီးမင်း၊ မြ-ခရွန်ဘီ) ဒီစာချုပ်တွေနဲ့အတူ အာဏာရလာတဲ့ ဖဆပလ ဗျူရိုကရက်ဓနရှင်လူတန်းစားက (နယ်ချဲ့အလိုကျ) ဗမာပြည် ကွန်မြူနစ်ပါတီကို လက်ဦးမှုယူပြီး နောက်ကျောကနေ ဓားနဲ့ထိုးတဲ့အတွက် တိုင်းပြည်မှာ ဒီမိုကရေစီဆိတ်သုဉ်းပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ် ကျယ်ပြန့်နက်ရှိုင်း ကြီးထွားလာတာနဲ့အမျှ စစ်ဗျူရိုကရက် လူတန်းစားလည်း ကြီးထွားလာတယ်။ အာဏာကို သူတို့က ပိုပြီးချုပ်ကိုင်လာနိုင်တယ်။ ဒါကြောင့် ဗမာပြည်ရဲ့ အဓိက ပဋိပက္ခဟာ အဖိနှိပ်ခံ လူမျိုးစုံပြည်သူအပေါင်းနဲ့ စစ်အာဏာရှင်တို့ ဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုဘက်က ရဲရဲရင့်ရင့် တလျှောက်လုံးရပ်တည်ခဲ့သလို အခုလည်း ရပ်တည်နေတယ်။ တတိယ ပါတီကွန်ဂရက်က ကြာလှပါပြီ။ ၁၉၈၅ မှာ လုပ်ခဲ့တာ။ အဲဒီကတည်းက အကောင်အထည်ဖော်လာတဲ့ လမ်းစဉ်အတိုင်း အခုလည်း ကျနော်တို့ ဆက်လုပ်နေပါတယ်ခင်ဗျ။
ဒီစစ်အာဏာရှင်စနစ်ကို ဖြိုချလို့ရှိရင် လက်နက်နဲ့ဖြိုချမှ ရမယ်။ အနုနည်းနဲ့ မရဘူး။ အကြမ်းနည်းနဲ့မှ ရမယ်ဆိုတာကို ကျနော်တို့ မြဲမြဲမြံမြံ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တပ်တည်ဆောက်ရေးကိုလည်း လုပ်နေပါတယ်။ ခုချိန်ဆို “ပြည်သူ့လွတ်မြောက်ရေး တပ်မတော်”လို့ ခေါ်တဲ့ PLA ကိုလည်း ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ PLA ကလည်း ပြည်သူလူထုကြီး သိတဲ့အတိုင်းပဲ ဗမာပြည်ထဲမှာ လှုပ်ရှားနေတယ်။ တတ်နိုင်တဲ့နေရာတွေမှာ တတ်နိုင်တဲ့ဘက်ကနေ တိုက်ပွဲတွေ ဆင်နေတာကို ကြားကြလိမ့်မယ်ထင်ပါတယ်ခင်ဗျ။
မေး။ ။ ဆရာတို့ပါတီနဲ့ တခြား ဒီမိုကရေစီပြန်လည်ရရှိရေး ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပေါင်းစပ်မှုကရော ဘယ်လိုရှိလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ ဗဟိုအနေနဲ့ကတော့ တိုက်ရိုက်ဆက်သွယ်မိတာ နည်းပါသေးတယ်။ မရှိသေးပါဘူးခင်ဗျ။ PLA အနေနဲ့ကတော့ စစ်မြေပြင်မှာရော၊ ရောက်တဲ့ဒေသတွေမှာရော မဖြစ်မနေ မဆက်ဆံလို့မရဘဲ ဆက်ဆံနေရတဲ့အတွက် အဲဒီဟာတွေနဲ့ လက်တွဲပြီး တိုက်နေတာ၊ ရင်းနှီးအောင် လုပ်နေတာ၊ အဲလို ပါတီဗဟိုရဲ့ နားလည်မှုယူပြီးတော့ တပ်ပေါင်းစုသဘောမျိုး ဆောင်ရွက်နေတဲ့ကိစ္စတွေကတော့ အများကြီးရှိပါတယ်ခင်ဗျ။ ဗဟိုချင်းသာ တွေ့ဆုံဆွေးနွေးတာ မရှိသေးတာပါ။
မေး။ ။ အဲတော့ ဗမာပြည် ဒီမိုကရေစီရတဲ့တနေ့၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ဘာတွေ ဆောင်ရွက်မလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့လုပ်ငန်းတွေဖြစ်တဲ့အတိုင်း ဗမာပြည်မှာ အမှီအခိုကင်းတဲ့ (သူများနိုင်ငံတွေအပေါ်မှာ မှီခိုမှုကင်းတဲ့၊ နယ်ချဲ့အပေါ်မှာ အမှီအခိုကင်းတဲ့) လွတ်လပ်တဲ့ စီးပွားရေးတရပ် ထူထောင်ဖို့ပဲ။ အဲလိုစီးပွားရေးတရပ် ထူထောင်ပြီး အဲဒါနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဆောက်အအုံတခု တည်ဆောက်မယ်။ နိုင်ငံရေး အဆောက်အအုံတခု တည်ဆောက်မယ်ဆိုတာက ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်မယ်လို့ ပြောချင်တာပါ။ လွတ်လပ်တဲ့ စီးပွားရေးလည်း လုပ်ခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ထောင်ဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။
ဒါပေမယ့် ခုကတည်းက ပြောနေလို့တော့ သိပ်မတော်လှဘူးဗျ။ မရောက်သေးဘူးနော၊ “နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”လို့ သူများတွေ ကဲ့ရဲ့စရာတောင်ဖြစ်နေလို့ရှိရင် ကျနော်တို့ အခုတော့ နည်းနည်း စောသေးတယ်လို့ထင်ပါတယ်။ လွတ်လပ်တဲ့စျေးကွက်တော့ လွတ်လပ်တဲ့စျေးကွက်ပါပဲ။
မေး။ ။ ဆိုတော့ ရဲဘော်ဖိုးသံချောင်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီက လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တရုတ်ပြည်ရဲ့ ပါ၀င်မှုကိုရော ဘယ်လိုမြင်သလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ တရုတ်ပြည်က ပါ၀င်တယ်ဆိုတာက အနောက်တိုင်းက ဝါဒဖြန့်တာ ပိုများပါတယ်။ သူတို့ လက်တွေ့ပါ၀င်တယ်ဆိုတာ ဒီလောက်မများပါဘူး။ တရုတ်ပြည်က ထိထိရောက်ရောက် ပါ၀င်စွက်ဖက်တယ်ဆိုတာ ကျနော်ကတော့ သိပ်မထင်ပါဘူးခင်ဗျ။ ရှိတယ်လို့ ကျနော် မမြင်မိဘူး။ သူ့နိုင်ငံအတွက်တော့ ဗမာပြည်က အရေးကြီးပါတယ်။ အဲဒါတော့ သူလည်း ၀န်ခံမှာပဲ။ အဲတော့ တရုတ်ပြည်ရဲ့သမိုင်းမှာ ပြည်ကြည့်လို့ရှိရင်၊ အနီးခေတ်သမိုင်းကို ပြန်ကြည့်ရင် သူ့တိုင်းပြည်ကို တခြားနိုင်ငံတွေက ကျူးကျော်တာခံရတာဆိုရင် ဗမာပြည်ဘက်က ဖောက်တာပဲရှိတယ်။ ဂျပန်တွေ ၀င်လာတာ။ အဲဒီတခါပဲ ရှိဖူးသေးတယ်။ အဲတော့ သူတို့က ဒီဘက်ကို၊ ဗမာပြည်ကို၊ ဗမာပြည် အုပ်စိုးသူလူတန်းစားကို မိတ်ဖွဲ့ဖို့ ကြိုးစားမှာပဲ၊ ဒါက သဘာ၀ကျတယ်လို့ထင်ပါတယ်။ အဲဒါကို ကျနော်တို့ နားလည်ပေးနိုင်ပါတယ်။ တခြားဟာတွေ၊ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ၀င်စွက်တာတော့ မမြင်မိပါဘူး၊ သတိမထားမိပါဘူးခင်ဗျ။
မေး။ ။ အဲတော့ ဗမာပြည်သူတွေ အခု ဒီမိုကရေစီရရှိရေး၊ ပြန်လည်ရရှိရေး တိုက်ပွဲ၀င်နေတာကို တရုတ်အစိုးရက ထောက်ခံတယ်လို့ ထင်ပါသလားခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ သူတို့ တရား၀င်ပြောတဲ့ဟာတွေပဲ သိကြရတာဆိုတော့ တခြားဟာတွေတော့ ကျနော် မသိဘူးခင်ဗျ။ တရား၀င်ပြောတဲ့ဟာတွေထဲမှာ သူတို့“ထောက်ခံတယ်” ဆိုတာတော့ မပြောဘူး။ ဒါပေမယ့် ဗမာပြည်ပြဿနာကို ဗမာပြည်သူတွေပဲ ဖြေရှင်းကြပါဆိုတဲ့ သဘောထားများတော့ သူတို့မှာရှိတာ သေချာပါတယ်ခင်ဗျ။
မေး။ ။ ဟုတ်ကဲ့၊ ရဲဘော်ဖိုးသံချောင်းရဲ့ အမေ (မိခင်ပေါ့) အမေ လူထုဒေါ်အမာ က နာမည်ကျော် စကားတခွန်း ပြောခဲ့တယ်ခင်ဗျ။ အဲဒါကတော့ “အာဏာရှင်ဆိုတာ အသေပဲ ထွက်တယ်။ အရှင် မထွက်ဘူး” တဲ့။ အဲဒီစကားကို အခုအချိန်မှာ မြန်မာ့နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး ရဲဘော်ဖိုးသံချောင်း ဘယ်လို နားလည်သဘောပေါက် လက်ခံပါသလဲခင်ဗျာ။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒီစကားကို ကိုးကားပြီး ကျနော် ကဗျာတပုဒ်တောင် ရေးဖူးပါသေးတယ်။ အမေ့ဒီစကား ကျနော် သိပ်သဘောကျတဲ့စကားပါ။ သူပြောတာ သိပ်မှန်တဲ့ စကားပါ။ သူ့ရဲ့ ဘ၀တသက်တာ အတွေ့အကြုံ၊ နိုင်ငံတကာ အတွေ့အကြုံတွေအရ ကိုယ်တိုင်ရေးခဲ့တဲ့ အမှန်တရားတခု၊ ပြောခဲ့တဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ အာဏာရှင်ဆိုတာ အရှင်ထွက်တယ်လို့မရှိဘူး။ အသေထွက်မှပဲ ထွက်တယ်ရှိတယ်။ အဲတော့ ဗမာပြည်မှာလည်း အာဏာရှင်အဆက်ဆက်၊ အခုနောက်ဆုံး ဗိုလ်မင်းအောင်လှိုင် လက်ထက်အထိ အားလုံးဟာ သေမှပဲ ထွက်မယ်ဆိုတာ သန္နိဋ္ဌာန် ဒုံးဒုံးချထားတဲ့သဘော ရှိပါတယ်။ အရှင် ထွက်ပေးမယ့်သဘောမျိုး မရှိပါဘူး။
အဲတော့ ပြည်သူလူထုအနေနဲ့ မျက်စိမလည်အောင် ဒီနေရာမှာ သိပ်ဂရုစိုက်ဖို့လိုပါတယ်။ ဗိုလ်မင်းအောင်လှိုင်တို့ကို အထင်သေးလို့တော့ မရပါဘူး။ သူတို့ဟာနဲ့သူ နိုင်ငံရေးပါးက အင်မတန်၀ပါတယ်။ သူတို့ကို ဗမာပြည်ပြည်သူတွေ တိုက်ခိုက်နေတဲ့ ညီညွတ်မှုကို နည်းမျိုးပေါင်းစုံနဲ့ ဖြိုခွဲမှာပဲ။ လူမျိုးရေးအရ၊ လူတန်းစားအရ၊ အခွင့်အရေးတွေ ပေးတာတွေရှိမယ်။ အမျိုးမျိုး မြှူဆွယ်တာတွေနဲ့ ဖြိုခွဲတာဖြစ်မယ်။ အဲဒါတွေ ရင်ဆိုင်ဖို့ရာဆိုရင် ကျနော်တို့ဟာ အဲဒီအာဏာရှင်တွေကို အသေဖြုတ်ပစ်မှပဲ ရမှာ။ အဲလိုပဲ ကျနော် နားလည်ပါတယ်ခင်ဗျ။
RFA။ ။ ဟုတ်ကဲ့၊ ရဲဘော်ဖိုးသံချောင်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်ဗျာ။
