Monthly Archives: January 2023
ဖောင်ပိတ်ဆောင်းပါး
ဖောင်ပိတ်ဆောင်းပါး
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆)
A.ငြိမ်း
(၁)
ကုလသမဂ္ဂက စကစ သေဒဏ်ပေးထားတဲ့ လူစာရင်း ၁၃၀ တွေ့လို့ တုန်လှုပ်မိကြောင်း ထုတ်ပြန်တယ်။ သူ ထုတ်ပြန်ချိန်မှာ စာရင်းက ၁၄၀ ရောက်နေတယ်။ ခု ၁၅၀ နား ကပ်နေပြီ။
နှစ်ပေါင်း ၃၀ အတွင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ လေးဦးကို လက်တွေ့ သတ်ပြလိုက်ပြီးနောက် ဇော်မင်းထွန်းက သတ်သင့်လို့ သတ်တာ၊ သူတို့ ပြစ်မှုတွေအရဆိုရင် ဆယ်ပြန်ဆယ်လီတောင် သတ်ဖို့ကောင်းတယ်လို့ ကြေညာခဲ့တယ်။
(ဒီလိုဆိုရင် မင်းအောင်လှိုင်အမှူးပြုတဲ့ စစ်ကောင်စီတသိုက်ကို ကော မသတ်သင့်ပေဘူးလား။ ပြည်သူ့ဆန္ဒအရ ပြောရရင် ဆယ်ပြန်ဆယ်လီဆိုတဲ့ ဒင်း(သင်း)ရဲ့ ကိန်းဂဏန်းဟာ သိပ်နည်းသွားလိမ့်မယ်ထင်တယ်။ )
(ပုစွန့်ဦးနှောက်များ)
(ကြေးမုံ၊ မြန်မာ့အလင်းမှ ဖော်ပြချက်များ)
ရေချွေတာရေးနည်းလမ်းများ။
– သွားတိုက်နေစဉ် ဘုံဘိုင်ခေါင်း ဖွင့်မထားပါနှင့်။
– ဘုံဘိုင်ခေါင်းကို ရေစက်ကျမနေစေရန် ကျပ်အောင် ပိတ်ပါ။
– သွားတိုက်လျှင် ရေဖန်ခွက် အမြဲသုံးပါ။
– ယာဉ်များ ဆေးကြောလျှင် ရေပိုက်မသုံးပါနှင့်။
– ရေဖြည့်ထားသော ပုံးများ ဖြင့် ယာဉ်များကို ဆေးကြောပါ။
(မီးချွေတာရေးနည်းလမ်းများ။)
– ပြင်ပ အလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်း လျှပ်စစ်မီးများကို လျှော့သုံးပါ။
– အိမ်ပြင်ပ၌ ထွန်းသောမီးများကို နေ့အလင်းရောင်ရှိစဉ် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။
– မီးဘေးရှောင် မလောင်ခင်တား(ကိုယ်တိုင်ရှို့နေတဲ့ကြားက)
(သူ့ကျွန်မခံပြီ။)
သူ့ကျွန်မခံပြီဇာတ်ကား ၂၅ နှစ်မြောက် ပြန်လည်ပြသနေတဲ့ကိစ္စ။
– ကိုယ့်လက်ထက်မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဇာတ်ကားမထွက်။ ကိုယ့်ဦးနှောက်ကလည်း မီးရေ ချွေတာရေးလောက်သာ လက်ချာပေးနိုင်တာ။ ဒီတော့ ဇာတ်ကားဟောင်းကို ဖုန်သုတ်ပြီး ဈေးကွက်တင်တဲ့ သဘောပါ။
သူ လုပ်နိုင်တာ တခုတော့ ရှိရဲ့။ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား- မိသိန်းကြည်အဆက် ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား -မင်းအောင်လှိုင် ဇာတ်ကားရိုက်ဖို့ပဲ ရှိတယ်။
ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးအရှိန်နဲ့ သူ့ကျွန်မခံပြီ ဇာတ်ကားကို ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင် ထုတ်လုပ်နေကြကြောင်းပါ။
(အာဆီယံ အထူးသံကို တောင်းဆိုချက်)
သူတို့ကြောက်လန့်နေတာတွေ ဒီအထဲမှာ မြင်နိုင်တယ်။ ဒါတွေကို သူတို့ ကြောက်နေတယ်။
– သူတို့အစိုးရကို မဖျက်ဆီးရန်နှင့် အစားမထိုးရန်
– ၂၀၀၈ ခြေဥကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေခံမူအဖြစ် ထားရှိရန်
– အတိုက်အခံတွေအနေနှင့် သူတို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲရန်တဲ့။
ဒီအထဲက ဆွဲထုတ်ကြည့်ရင်
– သူတို့အာဏာသိမ်းအစိုးရကို ဖျက်ဆီးပစ်မှာ ကြောက်တယ်။
– တခြားအစိုးရတရပ်ကို တင်လိုက်မှာ ကြောက်တယ်။
– ၂၀၀၈ ခြေဥကို ပစ်ပယ်လိုက်မှာ ကြောက်တယ်။
– အတိုက်အခံတွေ အခု သူတို့ကို ဝိုင်းပြုံတိုက်နေကြတာ ကြောက်တယ်။
မှတ်ချက်။
၁။ ဒီတောင်းဆိုချက်တွေထဲမှာ သူတို့ရဲ့ အာဏာလောဘ အနန္တကို ဖော်ပြနေတယ်။
၂။ ဟန်ကိုယ့်ဖို့ ရပ်ပြနေတာလည်း ထင်ရှားတယ်။
မင်းအောင်လှိုင် ကယောင်ချောက်ချား ဖြစ်နေတာကတော့ မြင်သာပါတယ်။ သူတို့ အခက်အခဲတွေနဲ့ ဒုက္ခတွေ့နေတာကို ပြည်သူတွေက အားတက်ဝမ်းသာ ဖြစ်နေချိန် ကချင်ပြည်နယ် မြစ်ကြီးနားမှာ သူတို့ဒုက္ခဟာ “ခင်ဗျားတို့တောင် မျက်ရေကျကြလိမ့်မယ်” ပြောတာ။ ပြည်မြို့ငါးရက်ခရီးမှာ “နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်လာပြီ။ သူ တပ်ချုပ်ဖြစ်တဲ့ ကာလမှာ တပ်နဲ့ပြည်သူ ဆက်ဆံရေး ပိုကောင်းလာတယ်”လို့ ပြောနေတာ၊ ဖွတ်ကျောပြာစု ဖြစ်နေတဲ့နိုင်ငံမှာ လျှပ်စစ်မော်တော်ကား စီမံကိန်းတင်နေတာ ကြည့်ရင် သိလောက်ပါပြီ။
စာတည်းအဖွဲ့အမှာ
စာတည်းအဖွဲ့အမှာ
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် (၆)
စာတည်းအဖွဲ့အမှာ
(အပိုင်း ၁)
(မင်းအောင်လှိုင်တို့ရဲ့ သွေးခွဲနည်းပရိယာယ်ခြေလှမ်းတွေကို သတိထားနိုင်ဖို့ လျှို့ဝှက်ချက်တခုကို မိတ်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ပါတီဆီကို စိတ်ချရတဲ့ ပုဂ္ဂိုလ်တဦးကတဆင့် အတွင်းစကားတခု ပို့ဖူးတယ်။ “ကျွန်တော်တို့အတွင်းမှာ ဒီငါတကောကော လုပ်တဲ့မိန်းမကြီးနဲ့တော့ အလုပ်တွဲလုပ်သွားလို့ မဖြစ်တော့ဘူး”တဲ့။ (အေး-မင်းပြောတာတွေ ငါကတော့ ပါတီကို အစီရင်ခံရမှာပဲ)ဆိုတော့ “ခင်ဗျားတို့ပါတီ သိစေချင်လို့ ပြောတာပဲ”တဲ့။
ဒါဟာ ကြောင်လက်နဲ့ ပြာပူ အယက်ခိုင်းတဲ့ ကိစ္စ၊ လမ်းစဉ်မတူကြလို့ NLD နဲ့ CPB သဟဇာတမဖြစ်၊ ကွဲနေတာကို တည်ပေးလိုက်တာ ဖြစ်တယ်။ ဒီပြဿနာ ပွထလာရင် ပထမဆုံး ကျွန်တော်တို့ရဲဘော်ရဲ့ လျှို့ဝှက်ရေး လုံခြုံရေး ထိခိုက်မယ်။ မင်းအောင်လှိုင်ကတော့ ငါ့ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်ဆိုတဲ့ လောဂျစ်ကို ကိုင်စွဲပြီး ခပ်တိမ်တိမ် တွက်ပုံရတယ်။ သိပ်မကြာလိုက်ပါ။ ဒီဝေါဟာရဟာ တပ်နဲ့ အရပ်ထဲ ပြန့်လာခဲ့တယ်။ ခုတော့ ကျွန်တော်တို့ ရဲဘော်ကွယ်လွန်သွားတာလည်း ကြာပါပြီ။ နောက် သူတို့ရဲ့ ဒီနည်းပရိယာယ် ခြေလှမ်းကြောင့် တပြည်လုံးလည်း အကွဲဇာတ်ကြီး ခင်းနေပါပြီ။ ဒါကြောင့် သတိပေးတဲ့ သဘောတင်ပြလိုက်ခြင်းပါ။)
ကမ္ဘာ့အခင်းအကျင်းသစ်တရပ်က ပုံပေါ်လာနေပြီ။ ဗိုလ် ၂ ဗိုလ်နေရာမှာ အမေရိကန်နဲ့ တရုတ်တို့က နေရာယူလိုက်ကြပြီ။ အမေရိကန်သမ္မတ ဘိုင်ဒန်က အမေရိကန်ရဲ့ အဓိက ပြိုင်ဘက်ဟာ တရုတ်ဖြစ်တယ်လို့ ကြေညာထားပြီးပြီ။
ဒီကာလမှာ နျူကလီးယား ပြင်ဆင်မှုတွေနဲ့ စစ်သံဟစ်လာကြတဲ့ နိုင်ငံတချို့ ပေါ်လာခဲ့တယ်။ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ ဂျပန်တို့က ကာကွယ်ရေးစရိတ်တွေ မြှင့်ထားတဲ့ ဘတ်ဂျက်တွေထုတ်ပြန်လာကြတယ်။
ကမ္ဘာစစ် ဖြစ်မလား။
ဖြစ်လာရင် ဘယ်အတိုင်းအတာအထိ တိုက်ကြမလဲ။ အင်အားကြီးနိုင်ငံတွေကကော ကိုယ်တိုင်တိုက်ကြမလား။ လက်အောက်ခံတွေပဲ( proxy war) တစိတ်တပိုင်း ဒေသစစ်တွေ အတိုက်ခိုင်းမလား။ ခန့်မှန်းနေကြရပြီ။ အုပ်စုလိုက် စစ်ရေးလေ့ကျင့်မှုတွေထထလုပ်နေကြတာတော့ မြင်နေကြရပြီ။
(ဗမာပြည်)
ဒီအခင်းအကျင်းနဲ့ မရေးမနှောင်း သမ္မတရူး မင်းအောင်လှိုင်က အာဏာထသိမ်းလိုက်တာ တိုက်ဆိုင်နေတယ်၊ ဒါဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဆိုးပဲ။ သူအကြောင်းပြတာက “ရွေးကောက်ပွဲမှာ မသမာမှုတွေရှိလို့” တဲ့။ ဘယ်လိုဖြစ်သွားတာလဲ။ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြတယ်။ သူကိုယ်တိုင်က ပြည်သူ့ဆန္ဒနဲ့အညီ ထုတ်ဖော်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။ လက်ခံရမှာပဲလို့ ပြောထားပြီးသား ရှိတယ်။ ဆန်းတော့ မဆန်းလှဘူး။ ထွေးပြီးသား တံတွေးကို ပြန်ပြန်မျိုချတဲ့ အလုပ်က စစ်အုပ်စု လုပ်နေကျ အလုပ်ပဲ မဟုတ်လား။
ခုတော့ မျက်နှာပြောင်ပြောင်နဲ့ သူတို့အာဏာတည်မြဲရေး တနည်း သူတို့ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းပြီး လူသတ်ပွဲကြီး ကျင်းပပါတော့တယ်။ လက်အောက်ငယ်သားတွေကို လူသတ်လိုင်စင် ချပေးလိုက်တယ်။ လက်ယဉ်နေတဲ့ သူတို့လက်ကျ အရာရှိ အရာခံ အကြပ်တပ်သားတွေကလည်း အစိမ်းအကျက်မရွေး၊ ဗမာရယ် တိုင်းရင်းသားရယ်မရွေး၊ ယောကျ်ား မိန်းမ ကလေးမခွဲ အသက်အရွယ်ကို မထောက်၊ မြိန်ရေရှက်ရေလက်စွမ်းပြကြတော့တယ်။
တကယ်က ဒီလို လုပ်ထုံးတွေက ဗမာပြည် စစ်အာဏာရှင်အဆက်ဆက်( ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ) လက်ထက်တွေတုန်းကလည်း လုပ်ခဲ့တာပဲ။ အကြောက်တရားလွှမ်းမိုးဖို့ သတ်တာ ဖြတ်တာ ဖမ်းတာ ဆီးတာ မုဒိမ်းကျင့်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ဘာသာမရွေး သာသနာ့အဆောက်အဦ တွေ မီးရှို့ဖျက်ဆီး၊ ဘုန်းကြီးရဟန်းနဲ့ ဘာသာမရွေး သာသနာ့ ဝန်ထမ်းတွေကိုပင် သတ်တာ ဖြတ်လာ သိက္ခာမဲ့အောင် လူဝတ်လဲစေတာတွေ လုပ်ခဲ့တယ်။ ဒါတွေဟာ သူတို့လက်ထဲ အာဏာရောက်တာနဲ့ ကျွဲကူးရေပါ ဖြစ်ရိုးဖြစ်စဉ်တွေပါ။
ဗိုလ်နေဝင်း အာဏာကိုင်ထားတာက ၂၆ နှစ်၊ ဗိုလ်စောမောင်၂နှစ်ခွဲကျော် အခု မင်းအောင်လှိုင် ၁ နှစ်ဆယ်လကျော်- ဘယ်သူ ဘယ်လောက်သတ်ခဲ့တယ်ဆိုတာမှာတော့ ဗိုလ်နေဝင်း ဗိုလ်သန်းရွှေတို့ကိုတော့ တွက်ဖို့ မလွယ်၊ အစုလိုက် အပြုံလိုက်သတ်တာတွေ မှတ်တမ်းမှတ်ရာ ရှိပေမယ့် တပြည်လုံးအနှံ့ ဆယ်စုနှစ်နဲ့ချီ သတ်ကြတာမို့ အနီးစပ်ဆုံး ခန့်မှန်းလို့ပဲ ရတယ်။ ဗိုလ်စောမောင်ကတော့ အချိန်သိပ်မကြာလို့ တွက်ရတာ မခက်၊ အခု မင်းအောင်လှိုင်ကျတော့ (IT ) ခေတ်ဖြစ်လို့ အနီးစပ်ဆုံး ဖော်ထုတ်လို့ ရတယ်။ (တပြည်လုံးမှာ စကစ သတ်လို့ သေရတဲ့ အရပ်သား (AAPP) က ၇ -၁၂- ၂၀၂၂ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ တွေ့ရတယ်။) မင်းအောင်လှိုင်သာ နေဝင်းလို ၂၆ နှစ်ကြာ အာဏာကိုင်ထားရင် ပြည်သူတွေ ဘယ်လောက်များ သေလိုက်ကြမလဲ။
(အပိုင်း ၂)
အာဏာသိမ်းလိုက်တော့ ဘာဖြစ်သွားသလဲ။
(က) ဘဏ္ဍာရေး စီးပွားရေး ။
အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ပြောတာက ပြီးခဲ့တဲ့နှစ်မှာ ဗမာပြည်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း (GDP) ဟာ ၂၀ ရာခိုင်နှုန်း ကျုံ့သွားခဲ့တယ်။ ကျပ်ငွေတန်ဖိုးဟာ အာဏာမသိမ်းခင်ကထက် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ လျှပ်စစ်ဌာန တခုတည်းမှာပင် US ဒေါ်လာ ၆ သန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ ၁၃၁ ဘီလျံလောက် လစဉ် ဆုံးရှုံးခဲ့တယ်။
ကမ္ဘာ့ဘဏ် (WB) တုံ့ပြန်ချက်အရ ၂၀၂၂ ခုနှစ် စုစုပေါင်း ထွက်ကုန်တန်ဖိုး GDP ဟာ ၂၀၁၉ ကထက် ၁၃ ရာခိုင်နှုန်းလျော့ကျမယ်။ တနိုင်ငံလုံး လူဦးရေ ထက်ဝက်နီးပါး (၄၀ ရာခိုင်နှုန်း) ဟာ ကုလသမဂ္ဂသတ်မှတ်ချက် ဆင်းရဲမွဲတေမှု မျဉ်း (တရက် ဝင်ငွေ ၁၅၉၀ ကျပ်) အောက် ရောက်မယ်။ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်း၊ အခြေခံစား ကုန်သောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် မကြာမီ ဒုက္ခလှလှ တွေ့တော့မယ်လို့လည်း နိမိတ်ဖတ်လိုက်တယ်။
ဇော်မင်းထွန်းကတော့ ပြည်တွင်းပြည်ပ ချေးငွေကို အတိုးနဲ့အရင်း ပေါင်းရင် ဒေါ်လာ သန်း ၇၀၀ ခန့် နှစ်စဉ်ပေးဆပ်နေရတယ်လို့ ညည်းတွားနေရတယ်။
*******************************************************************
မင်းအောင်လှိုင် ဇာတ်မင်းသား ဖြစ်လာပြီးတဲ့နောက် ရုံပွင့်ထွက်မတတ် ပရိသတ်လာဖို့ မှန်းပြီး ခြိမ်းခြောက် အကျပ်ကိုင်တာရော နေ့စားခပေးတာရော ရောသမမွှေ လူစုထားပေမယ့် ကလိုက်တဲ့ ပွဲဂွင်(ခွင်)တိုင်း မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်တာချည်း ကြုံနေရတယ်။
– ခွေးတိုးပေါက်က ဝင်ဖို့ ထွက်ဖို့လုပ်ထားတဲ့ အမြီးစားဘက် ခေါင်းစားဘက် အာဆီယံတခြမ်းပဲ့ ကြိတ်ဝိုင်းကလည်း တွက်ထားသလို မဖြစ်လို့ သတင်းတောင် ရဲရဲ မထုတ်ရဲဘဲ အမြီးကုပ် ပြန်လာခဲ့ရတယ်။
– မင်းအောင်လှိုင်ရဲ့ ဝမ်းမဲင်းန်ရှိုး တကိုယ်တော် အစွမ်းပြပွဲ ခရစ်စမတ်အကြိုပွဲကလည်း ဘယ်လို ရလဒ်တွေ ထွက်ခဲ့သလဲ။
– ဖြစ်စဉ်အရ ဒီရက်ပိုင်းအတွင်းမှာပဲ ကာဒီနယ် ချားလ်စ်ဘိုရဲ့ မွေးရပ်မြေ ခင်ဦးနယ် မုံလှရွာကို တိုက်လေယာဉ်တွေ လွှတ် ဗုံးကြဲ မီးလောင်တိုက်သွင်းခဲ့တယ်။ တချိန်တည်းလိုလို ခရစ်စမတ်အကြို ချားလ်စ်ဘိုရဲ့ ရန်ကုန်ဆုတောင်းပွဲတက်ပြီး ကျမ်းစာတချို့ရွတ်ဖတ်ပြီး ပါဝင်ဆင်နွှဲခဲ့တယ်။ (ကျွန်တော် ဘာမဆို လုပ်ရဲတယ််ဆိုတာ ဒါတွေကိုး။) ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးကွယ်မှုကို တပတ်ရိုက်နေတာပဲ ဖြစ်တယ်။ တပြည်လုံးလည်း အကျဉ်းရုံး ဝတ်ပြုဆုတောင်းပွဲပဲ လုပ်နိုင်ကြတော့တယ်။
– နိုင်ငံခြားရေးကိစ္စတွေမှာလည်း NUG အစိုးရရဲ့ တစတစ ဖဲ့ယူဝါးမျိုခြင်း ခံနေရတယ်။
– နယ်မြေစိုးမိုးမှုမှာလည်း နွေဦးတော်လှန်ရေးက PDF တွေရဲ့ ချုပ်ကိုင်မှုက ၆၀ ရာခိုင်နှုန်း အချိုး ၄၀ ရာခိုင်နှုန်း အပေါ်စီး ရနေတယ်။
– သူတို့ အပိုင်တွက်ပြီး ဖိတ်ခေါ်ဆွေးနွေးနေတဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ ကိစ္စကလည်း နောက််ဆုံး တွေ့ဆုံဖို့ ရက်ချိန်း ပေးထားပြီးမှ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဖျက်လိုက်ရပြန်တယ်။
– ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု ကုမ္ပဏီကြီး ၂ ခု (အူရီဒူးနဲ့ တယ်လီနော) ကလည်း အရှုံးနဲ့ပိုင်းပြီး ထွက်ခွာသွားကြပြီ။
– နာမည်ကြီး လောင်စာကုမ္ပဏီကြီးတွေလည်း ထွက်ခွာကုန်ကြပြီ။ ထိုင်းမှ (PTT ) ကုမ္ပဏီကြီးကတော့ ရက်ပိုင်းအတွင်းကပဲ လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့တယ်။
ခင်ရီရဲ့လက် အုပ်ချုပ်ရေးအာဏာ အပ်လိုက်ပြီ။ လက်မရွံ့သမား ညစ်ဉာဏ်များသူ ရဲချုပ်ဟောင်းဟာ ခုပဲ လက်သွက်ခြေသွက် ခြေလှမ်းတွေ လှမ်းနေပြီ။ ဒီလိုနဲ့ ဖက်ဆစ်တပ် ဖက်ဆစ်ယန္တရား ဖက်ဆစ်အစိုးရ တစုံလုံး ရုပ်လုံးဟာ ပေါ်သထက်ပေါ်လာနေပြီ။
နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်ဖို့လည်း ခြေလှမ်းပြင်နေပြန်တယ်။ သွေးဆာနေတဲ့ စိတ္တဇ လူသတ်သမားဟာ ပြည်တွင်းမှာ မီးလောင်တိုက်သွင်းနေရတာ အားမရလို့ သူစော်ကားလို့ ရမယ်ထင်တဲ့ အိမ်နီးနားချင်း နယ်မြေတချို့ကို ပြာချဖို့ ကြံစည်လာပြန်တယ်။
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်(အမှတ် ၂၆၆၉) ထွက်လာတော့ သူတို့အားကိုးနေတဲ့ တရုတ်၊ ရုရှားအပြင် မျှော်လင့်ထားတဲ့ အိန္ဒိယကပါ မဖယ်ချ၊ ကန့်ကွက်မဲ မပေးတော့ ရင်ကွဲပက်လက်ဖြစ်ပြီး ပေါက်ကွဲပါတော့တယ်။ ဇော်မင်းထွန်းက ကုလသမဂ္ဂ ဘာမှ သုံးစားလို့မရဘူး။ သူတို့နဲ့ဘာမှ မဆိုင်ဘူး-လို့ ပြောရဲတဲ့ကောင်။ တပ်ထဲက ပါးစပ်တွေကလည်း (လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ဂရုစိုက်စရာမလို၊ လက်တွေ့အရေးယူလို့ရတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး)ဆိုပြီး အောက်ခြေကို စိတ်ဓာတ်မကျအောင် ဖြေဆေးကျွေးနေကြတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ရေးဟာ သူတို့ကိစ္စလား၊ လွှတ်ဖို့လိုရင် ကိုယ်တိုင် လွှတ်မှာပေါ့လို့ ဖြည့်စွက်ပြောလိုက်သေးတယ်။
ဒီလို အဖက်ဖက်မှာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေစဉ် ဗမာပြည်မှာ စစ်ဘေးဒုက္ခသည်က ၁.၆ သန်းကျော်သွားခဲ့ပြီ။
*************************************************************************
(နိဂုံးပိုင်း)
ဒီအချိန်ဟာ စစ်သုံးစစ်တိုက်ဖျက်ရေးအတွက် အားသွန်ဆောင်ရွက်ရမယ့်ကာလ ဖြစ်တယ်။ ပြည်သူတွေအတွက် အခွင့်ကောင်းဖြစ်သလို စစ်အုပ်စုအတွက် အသက်မထွက်ရေး အတင်းရုန်းကန်နေရတဲ့အချိန် ကိုယ်လုပ်တာ ကိုယ်သတ်တာ ဗြောင်ငြင်းပယ်ပြီး လုပ်ချင်သလို လုပ်နေတာ ကမ်းကုန်နေပြီ။ ဒါကို ဘရိတ် မအုပ်နိုင်ရင် သူတို့တတွေ လုပ်ရသမျှ ဆက်လုပ်ကြလိမ့်ဦးမယ်။ မျက်ခြည်ပြတ်လို့မဖြစ်။
ပြည်သူ့စစ်ပွဲအတွက် ဘက်စုံအခြေအနေ အချက်အလက်တချို့ တစတစ ပြည့်စုံလာနေပြီ။ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။ နောက်ဆုတ်ချင်တဲ့အတွေးအခေါ်၊ ရသလောက် ယူထားလိုတဲ့ အတွေးအခေါ်တွေကို တိုက်ဖျက်ကြရမယ်။ ဒီအတွေးအခေါ် ထိပ်တက်နေသူတွေက မရှက်တတ်ကြဘူး။ မျက်နှာပြောင်ကြတယ်။ ဒါနဲ့ဆန့်ကျင်စွာပဲ မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွင်းမှာ ရှက်တတ်တဲ့စိတ် မွေးပေးကြရမယ်။ ဂုဏ်ပြောင်လာခဲ့ပြီဖြစ်တဲ့ သမိုင်းအရောင်ကို ခုအချိန်ရောက်မှ အပွန်းပဲ့ခံလို့ မဖြစ်။ မိမိတို့အသီးသီး ရင်းနှီးလိုက်ရတဲ့ အရင်းအနှီးတွေကို မမေ့နဲ့။ မိမိတို့အတွင်းမှာ အသက်မပေးလိုက်ရတဲ့မိသားစု ဆွေမျိုးသားချင်း ရဲဘော်၊ သူငယ်ချင်း၊ မိတ်ဆွေဆိုတာကော ရှိရဲ့လား။ လုယူဓားပြတိုက်မခံရသူ ရှိရဲ့လား။ ဖမ်းဆီးတရားစွဲမခံရသူ ကာယိန္ဒြေ အပွန်းပဲ့မခံရသူ ရှိရဲ့လား။ သပ်လျှိုသွေးခွဲမခံရတဲ့ အဖွဲ့အစည်း မိသားစု ဆွေမျိုးသားချင်းဆိုတာကော ရှိရဲ့လား။ ဆွေပြတ်မျိုးပြတ် မိဘက သားသမီး၊ သားသမီးက မိဘ၊ အမွေပြတ်ကြော်ငြာ တွေ ဒီလောက်များများ ထည့်ပေးနေရတဲ့နိုင်ငံကော ဒီကမ္ဘာ မှာ ရှိရဲ့လား။
အဂတိလိုက်စားရာမှာ ထိပ်တန်းရောက်နေတဲ့ လူညစ်တသိုက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ထမ်းဆောင်ခိုင်းနေတဲ့အစိုးရအဖွဲ့အစည်းဆိုတာ ကမ္ဘာမှာ ရှိချင်ရှိမယ်။ ရှားတယ်။ သို့တိုင် ဗမာပြည်မှာတော့ ရှိနေတယ်။ ဒီ ဂွတီးဂွကျ အူကြောင်ကြောင်ထအော်နေတဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုတာလည်း ဒီနိုင်ငံမှာ ရှိနေတယ်။ ဒါမျိုးတွေ များလာတော့ နိုင်ငံခြားရောက် ကိုယ့်နိုင်ငံသားတွေ မျက်နှာငယ်ရှာကြရတယ်ဆိုတာ ဟုတ်ရှာမှာပဲ။
အခုတော့ တပြည်လုံးက လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေကြပါပြီ။ မျက်နှာငယ်ရတဲ့နိုင်ငံအဖြစ်က ကမ္ဘာ့အဖိနှိပ်ခံပြည်သူများ အားကျစရာနိုင်ငံအဖြစ် ပြောင်းလဲမယ့်လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောထားခဲ့တဲ့ “ပြည်တင်းရင် မင်းမခံနိုင်”ဆိုတဲ့အချိန်ဟာ ဒီအချိန်ပဲ။ ခု ပြည်တင်းနေပြီ။
ဒီနေရာမှာ တော်လှန်ရေးအောင်ပွဲအရဆွတ်ခူးရေးအတွက် ပြည်သူလူထုသာလျှင် အဓိက မှီခိုအားထားရမယ့် အင်အားဖြစ်တယ်ဆိုတာအပေါ် အလေးအနက်ခံယူကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံခြားအကူအညီငွေအပေါ် အားထားမှုလွန်ကဲနေကြတာနဲ့ပတ်သက်လို့လည်း သတိပေးချင်ပါတယ်။ ငွေဟာ စစ်ပွဲတပွဲမှာ အဆုံးအဖြတ်မဟုတ်၊ အာဖဂန်စစ်ကို ကြည့်ပါ။ ငွေအပေါ်အခြေခံတာ မလုပ်ဘဲ ပြည်သူလူထုရဲ့ စွမ်းအားအပေါ် အခြေခံရမယ်။ မှန်ကန်တဲ့ တပ်ပေါင်းစုပေါ်လစီ ရှိရမယ်။ ဒါတွေ ပြည့်စုံမှ တော်လှန်ရေးအောင်ပွဲခံဖို့အတွက် အာမခံချက် ရှိပါလိမ့်မယ်။
မင်းအောင်လှိုင်တို့ ချောင်ပိတ်မိနေပါပြီ။ ဒီလိုမှန်းသိရင် အာဏာမသိမ်းခဲ့ပါဘူးလို့ ဗိုလ်နေဝင်း ပြောခဲ့သလို ခု မင်းအောင်လှိုင်က ပြောနေပြန်ပါပြီ။ သူတို့အားလုံးက တို့မှာ စစ်တပ်ကြီး ရှိတယ်။ အာဏာသိမ်းလိုက်ရင် တခဏလောက်နဲ့ အားလုံးငြိမ်သွားမယ်။ ဘာမဆို လုပ်လို့ရတယ်လို့ ထင်ထားတဲ့ သူချည်းပဲ။ ပြည်သူ့စွမ်းအားကို ထည့်မတွက်မိခဲ့ကြဘူး။ မင်းအောင်လှိုင်တယောက် ပျားအုံကို တုတ်နဲ့သွားထိုးမိလို့ ခုတော့ ပျားတုပ်ခံနေရပြီ။ ဒါပေမဲ့ ဒီလို နောင်တရစကား ပြောနေချိန်မှာ သူတို့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲမှာ ဆယ်သက်စားမကုန်တဲ့ ဘဏ္ဍာတွေ အပြည့်အမောက် ဖြစ်နေပြီ။ ဒီတော့ ထုံးစံအတိုင်း အကြံထုတ်ကြပြန်တယ်။ သူတို့ ဖြစ်ပျက်နေပုံက တော်လှန်ရေးဂန္ထဝင်သီချင်းတပုဒ်ထဲက “သစ်ရွက်လှုပ်ရှား ချောက်ချား ကုန်ပြီ။ လေတိုက်သံကြား ကြောက်ဒူးတုန်ပြီ။ သေခါနီးမှာ ရုန်းကန်နေပါသည်”ဆိုတဲ့ မြင်ကွင်းပဲ။
စေ့စပ်ဆွေးနွေး အဖြေရှာချင်ပါတယ်ဆိုတဲ့ လက္ခဏာကို ပြလာကြတယ်။ သမိုင်းမှာ မကြုံဖူးတဲ့ပုံစံနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ပစ်ပေးခဲ့တယ်။ မလိုချင်လို့လည်း မနေရ။ လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အကုန်နီးပါး ပါတယ်။ ဒါက ဒီလို ပုဂ္ဂိုလ်တွေတောင် ငါတို့ကပေးနိုင်တယ်ဆိုတဲ့ ပလွှားချင်စိတ် ဖြစ်ပုံရတယ်။ (စည်းတခုတော့ ခြားထားတယ်။ ခေါင်းမာတဲ့ ကွန်မြူနစ်တွေကို မထည့်၊ ထည့်လည်း လက်ခံမှာ မဟုတ်။) တခါ ဗိုလ်ချုပ်အောင်ဆန်းနာမည်လည်း မတွေ့ရ၊ သူဟာ လွတ်လပ်ရေးအရယူပေးခဲ့ရာမှာ နံပါတ် ၁ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ ဒါကလည်း ဟာကွက်ကြီး ဖြစ်နေတယ်။ (ငါတို့ပေးချင်သူပဲ ပေးမယ်၊ မပေးချင်သူမို့ မထည့်ဘူးဆိုလည်း ရှိပါစေ။ ) မထည့်ရဲတာလည်း ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်လာရင် ပွဲဆူသွားနိုင်တဲ့ ကိစ္စပါ။ ကမ္ဘာသိ အရှက် ဖျန်းဖျန်းကွဲနိုင်တဲ့ ကိစ္စ။ ဘယ်လိုမှ ယူလို့မဖြစ်တဲ့ လက်ဝဲလက်ယာ သမိုင်းဝင် ပုဂ္ဂိုလ်တချို့လည်း ထည့်ထားတယ်။ သူတို့ကတော့ ကွယ်လွန်ကုန်ကြပြီပဲ။ “အမျိုးဘာသာ သာသနာ” အစွန်းရောက် အိုက်ကွန် တွေကို ဘွဲ့ထူးဂုဏ်ထူး ပေးတာမျိုးက တော်လှန်ရေး သတိရှိဖို့အတွက် အထူးမှတ်မှတ်သားသား ပြုထားရမယ့် ကိစ္စတခု ဖြစ်ပါတယ်။ ခု နောက်ဆုံး စိန်ရတုသဘင် လွတ်လပ်ရေးနေ့ဆိုတာမှာ ဖိတ်ကြားထားသူတွေကို ကြော်ငြာနေပြန်ပြီ။ လွတ်လပ်ရေးမော်ကွန်းဝင်တွေရဲ့ သားသမီးများ ဆိုပါတော့။ ထွေပြားကုန်အောင်၊ ထင်ယောင်ထင်မှား ဖြစ်ကုန်အောင် တီထွင်လိုက်တဲ့ လုပ်ကွက်ပဲ။
ချုပ်လိုက်ရင် သူတို့ထွက်ပေါက်ရှာနေကြရပြီ။
ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူအပေါင်းတို့-
သူတို့ရှာနေတဲ့ ထွက်ပေါက်ကို ဖွင့်မပေးမိကြစေနဲ့။ ကျွန်တော်တို့ တာဝန်က စစ်သုံးစစ်ကို မပြန်လမ်းပို့ရမယ့် တာဝန်သာ ဖြစ်ကြောင်းပါ။
၃၁ ဒီဇင်ဘာ ၂၀၂၂
စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့
စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့
ရဲဘော်အောင်သော်
(အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)
စစ်အုပ်စုဟာ သူတို့အကျပ်အတည်းကြီးကြီးမားမားကြုံတိုင်း ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုထွက်ပေါက်ပိတ် အကျပ်ဆိုက်တယ်။ လူထုက စစ်အုပ်စုကို အသေရရ အရှင်ရရ အမိဖမ်းဖို့ တိုက်ပွဲဆင်နေတယ်။ စစ်အုပ်စုက ၈၈ စက်တင်ဘာမှာ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတယ်။ လူထုရဲ့ မကျေနပ်မှုအစိုင်အခဲဟာ ပိုပြီးကြိတ်ခဲကြီးထွားလာတယ်။ နောက်တကြိမ်ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ယမ်းပုံကြီးပဲ။ အဲဒီအချိန်မှာ လူထုရဲ့ဒေါသကို ဖြေလျှော့ပြီး အတုအယောင်မျှော်လင့်ချက်ပေးဖို့ ရွေးကောက်ပွဲဖန်တီးခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပေါ်လာတယ်။ အာဏာလုံးဝမလွှဲခဲ့ဘူး။
၂၀၀၇ ခုနှစ်မှာ သံဃာ၊ ကျောင်းသားနဲ့တကွ ပြည်သူလူထုကြီးတရပ်လုံးနိုးထလာတယ်။ သံဃာတွေကို စစ်အုပ်စုကသတ်တယ်။ ကျောင်းသားတွေကို စစ်အုပ်စုကသတ်တယ်။ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းပြီးနောက်မှာ စစ်အုပ်စုထဲတောင် အက်ကြောင်းထင်လာတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကို မျှော်လင့်ချက်အမှားပေးဖြေလျှော့ဖို့ ရွေးကောက်ပွဲဟာ သူတို့တွက် ကယ်ပေါက် (ဂယ်ပေါက်) အဖြစ်လိုလာပြန်တယ်။ ဒါပေမဲ့ ၁၉၉၀ သင်ခန်းစာကိုပြန်ဆန်းစစ်ထားတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ကြုံတွေ့လာရမယ့် ပြဿနာတွေကို ရင်ဆိုင်ဖို့ ရာသက်ပန်စစ်အာဏာအဆောက်အအုံတရပ်ကို တက်သုတ်ရိုက်ဖန်တီးတယ်။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေဟာ နာဂစ်မုန်တိုင်းကြားထဲမှာ အလောင်းကောင်တွေပေါ် အလံထူထွက်ပေါ်လာတယ်။
အခုတခါ လာပြန်ပြီ။ ၂၀၂၃ ခုနှစ်သြဂုတ်လရွေးကောက်ပွဲဆိုပဲ။ ပြည်သူလူထုက ဒီရွေးကောက်ပွဲအပေါ်မှာ မြူတမှုန်ဆံတချည်မျှတောင် ယုံကြည်မှုမရှိတာ အထင်အရှားပဲ။ ဒါပေမဲ့ စစ်ကောင်စီ၊ စစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကို အပူတပြင်းကြိုးစားအားထုတ်နေတယ်။ ဘာ့ကြောင့်လဲ။ ပထမအချက်က နိုင်ငံတကာမှာ နည်းနည်းပဲဖြစ်ပစေ၊ မျက်နှာပန်းလှဖို့။ အခုအချိန်မှာ သူ့ဘက်ပါချင်သူတွေကတောင် ပါစရာ အကြောင်းပြချက်ရှာမတွေ့ဘူး။ ဒီလောက်ပြောင်ပြောင်တင်းတင်း ရက်စက်နေတဲ့အစိုးရတရပ်ကို ထောက်ခံကူညီဖို့ဆိုတာ သူတို့မှာလည်း သူတို့ပြည်သူကိုရှင်းပြဖို့ အကြောင်းပြချက်လိုတယ်။ အဲသလိုအကြောင်းပြချက်မျိုးတောင် သူ့မဟာမိတ်တွေမှာ ပေးစရာမရှိဖြစ်နေတယ်။ အဲဒီအတွက် အကြောင်းပြချက်ကလေး နည်းနည်းပဲ ပြစရာရရ ရွေးကောက်ပွဲကျင်းပလိုက်ချင်တယ်။ ဒုတိယအချက်က စစ်အုပ်စုဟာ အာဏာကို မက်မောတမ်းတပြီး ကိုယ့်ပြည်သူကိုယ်ပြန်သတ်တာ သိပ်များလွန်းနေပြီ။ ဘယ်လောက်များသလဲဆိုရင် သမို်ငးတလျှောက်မှာ ကိုယ့်ပြည်သူကိုယ် သူ့လောက်ရက်ရက်စက်စက်များများပြားပြား သတ်ဖြတ်ဖူးတဲ့ အစိုးရဆိုတာ အရင်က တခါမှမရှိခဲ့ဖူးဘူး။ အင်မတန်ဆိုးဝါးရက်စက်လွန်းလှပါတယ်ဆိုတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့တောင်မှ မင်းအောင်လှိုင်ရဲ့ ရက်စက်မှုကို လက်ဖျားခါဆလံသရတယ်။ ကိုယ့်ပြည်သူကိုယ် ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်ရတာဟာ သူ့စစ်တပ်ထဲက စစ်သားတွေရဲ့ ယုံကြည်စိတ်ကိုလည်း ပျက်ပြားစေတယ်။ ကြာလေပျက်လေ တအိအိပြိုကျလာနေပြီ။ ဒီတော့ သူ့စစ်သားကို ပြန်ဖြေသိမ့်ဖို့ရာ ဒီရွေးကောက်ပွဲလိုအပ်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ရွေးကောက်ပွဲလေးလုပ်ပေးလိုက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ပြောစရာတော့ရမယ်။ ဒီရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲကို ကယ်ပေါက်အဖြစ်ဖန်တီးတာပဲ။
စစ်အုပ်စုဟာ သူ့တသက်မှာ ဒီလောက်အထီးကျန်တာ တခါမှမကြုံဖူးဘူး။ ဘယ်နိုင်ငံတကာကမှ သူ့ကိုမထောက်ခံဘူး။ သူနဲ့အကျိုးတူဆက်စပ်တဲ့နိုင်ငံတွေကတောင် သူ့ကိုမျက်စိမှိတ်ထောက်ခံဖို့ရာ လိပ်ပြာမသန့်ကြဘူး။ ပြည်တွင်းမှာလည်း သူ့ကိုထောက်ခံသူမရှိဘူး။ ပြည်တွင်းက အချောင်သမားတချို့ဟာ သူ့ကိုထောက်ခံချင်တာတောင် ပြောင်ပြောင်တင်းတင်းမထောက်ခံရဲဘူး။ လူထုငြိုငြင်မှာကြောက်လို့ မဝံ့မရဲဖြစ်နေကြတယ်။ အဲသလိုလူတွေ သူ့ဘက်မှာ ရဲရဲလိုက်ပါလာနိုင်အောင် စစ်အုပ်စုက အချောင်သမားလမ်းကြောင်းကို ချဲ့ပေးချင်တယ်။
နောက်တချက်က စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ အာဏာသိမ်းတယ်။ သူတို့ကိုယ်တိုင် ၂၀၀၈ ခြေဥကို ချိုးဖျက်ပြီး အာဏာသိမ်းတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိနဲ့ အာဏာသိမ်းတယ်။ ဒါတွေအားလုံးဟာ မတရားမှုတွေချည့်ပဲ။ လိမ်ညာမှုတွေချည့်ပဲ။ ဒါတွေအားလုံးနဲ့ သူတို့ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာတွေအားလုံး စစ်အုပ်စု အာဏာတည်တံ့ထိန်းသိမ်းရေးအတွက် လိမ်ညာလှည့်ဖြားမှုနဲ့ အဓမ္မမှုတွေချည့်ပဲ။
သူတို့ကျင်းပပေးမယ့်ရွေးကောက်ပွဲဟာ ပြည်သူတရပ်လုံး ကို ၂၀၀၈ ခြေဥအောက် ကျွန်ဇာတ်ပြန်သွင်းဖို့ ကျုံးသွင်းတာပဲ။ ပြည်သူတွေက အမြစ်ဖြတ်ချေမှုန်းချင်တဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်မယ့်ပွဲလည်း ဖြစ်တယ်။
အဲဒါဟာရွေးကောက်ပွဲပဲ။
ပြည်သူလူထုက ရွေးကောက်ပွဲကို နည်းနည်းမှ အယုံအကြည်မရှိတာ ထင်ရှားတယ်။ သူတို့မနိုင်မချင်း အာဏာသိမ်းလိုက်၊ ပြန်ရွေးလိုက်လုပ်နေတဲ့ ရွေးကောက်ပွဲကို ဘယ်ပြည်သူကမှ မယုံတာ အံ့သြစရာမဟုတ်ဘူး။ ယုံတဲ့သူကိုသာ အံ့သြဖို့ရှိတယ်။ တကယ်တော့ ဘယ်သူမှမယုံဘူး။ ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းပြင်နေတဲ့လူတွေလည်း ယုံလို့ဝင်ကြမှာ မဟုတ်ဘူး။ အသားမရတောင် အရိုးပဲကိုက်ရကိုက်ရ ရသမျှယူမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝင်ကြမယ့်သူတွေသာ ဖြစ်တယ်။ စစ်အုပ်စုကလည်း အဲသလိုလူတွေကို လိုချင်တယ်။ သူတို့ဘက်ကို စိတ်ပါလက်ပါမထောက်ခံရင်တောင် အိမ်ဖြည့်ပေးဖော်ရရ ရသမျှအမြတ်ပဲလို့ သဘောထားတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အသံဟာ ကျယ်သင့်သလောက်မကျယ်သေးဘူး။ ပြင်းထန်သင့်သလောက် မပြင်းထန်သေးဘူး။ ဘာ့ကြောင့်အဲသလို ဖြစ်ရသလဲဆိုတော့ သူတို့အပိုင်ချည်ပြီးတုတ်ပြီးရိုက်မယ့် ရွေးကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားကြလို့ အဖက်မလုပ်ကြတာပဲ။ ဒါပေမဲ့ အဲသလို အဖက်မလုပ်ဘဲ လစ်လျူရှုထားတာဟာ အချောင်သမားတွေအတွက် အခွင့်ကောင်းဖြစ်လာတယ်။ စစ်အုပ်စုကို တိတ်တခိုးလေး ကြိတ်ပိုးပြီး လူမသိသူမသိသွားပေါင်းဖို့ရာ အခွင့်ကောင်းပေါ်လာသလိုဖြစ်နေတယ်။ ဘယ်သူမှမတားလို့ ရွေးကောက်ပွဲဝင်ပါတယ်ဆိုပြီး ဆင်ခြေပေးဖို့ချောင်းနေကြတယ်။ စစ်အုပ်စုအတွက် အင်အားတိုးစေမယ့် အဲဒီလုပ်ရပ်ကို ခွင့်ပြုလို့ မဖြစ်ဘူး။ စစ်အုပ်စုအတွက် ကယ်ပေါက်ဖြစ်နေတဲ့ ရွေးကောက်ပွဲကို အေးအေးဆေးဆေး ဖန်တီးခွင့်ပေးလို့ မဖြစ်ဘူး။ ပိတ်ဆို့ရမယ်။ ဟန့်တားရမယ်။ အစွမ်းကုန် ရိုက်ချိုးပစ်ရမယ်။
အခုတော့ ဘယ်သူမှဂရုမစိုက်လို့ လျစ်လျူရှုထားတာကို အခွင့်ကောင်းယူပြီး စစ်အုပ်စုဟာ သူ့ခြေလှမ်းတွေကို လွတ်လွတ်လပ်လပ်ကြီး လှမ်းနေတယ်။ ဘယ်လောက်များအတင့်ရဲလိုက်သလဲဆိုရင် ဒီချုပ်ပါတီထဲအထိဝင်ပြီး နှစ်ခြမ်းခွဲဖို့ ကြိုးစားတဲ့အထိ အတင့်ရဲနေတယ်။ ဒီချုပ်ထဲက အားပျော့တဲ့ အချောင်သမားတချို့ကို ဒေါ်အောင်ဆန်းစုကြည်ဆီလွှတ်ပြီး အချောင်သမားတွေကို လမ်းဖွင့်ပေးဖို့ နားချခိုင်းတယ်။ ဒီအလုပ်တွေကို စစ်အုပ်စုက ရဲရဲဝံ့ဝံ့ကြီး အခွင့်ကောင်းယူပြီးလုပ်နေတယ်။ အချောင်သမားတချို့က စစ်အုပ်စုကို လက်ခံတွေ့ဆုံကြတယ်။ ဒီလိုတွေ့ရဲတာဟာ ပြည်သူလူထုက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အချောင်သမားလမ်းစဉ်ကို ခွင့်လွှတ်သည်းခံမှာ မဟုတ်ကြောင်း အသံထုတ်ဖော်ဟန့်တားမှုတွေနည်းနေသေးလို့ပဲ။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးနဲ့ တိုက်ခိုက်ချေမှုန်းတာကို အဓိကထားလုပ်ရင်း (အာဏာသိမ်း အကြမ်းဖက်အုပ်စိုးမှုကို ဆန့်ကျင်၊ ၂၀၀၈ စစ်ခြေဥအသက်ပြန်သွင်းတာကို ဆန့်ကျင်၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်) သုံးမျိုးဆန့်ကျင်တိုက်ခိုက်ရေးနဲ့ ပေါင်းစပ်တိုက်ပွဲဝင်သွားကြရပါလိမ့်မယ်။
ဆိုရှယ် ဒီမိုကရက် ဘာလဲ
ဆိုရှယ် ဒီမိုကရက် ဘာလဲ
ရဲဘော်ဖိုးသံချောင်း
(အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး)
အရင်က ဗမာပြည်နိုင်ငံရေးလောကမှာသိပ်မကြားရဖူးတဲ့ နိုင်ငံရေးအယူအဆ(ဝေါဟာ ရ)နဲ့အဲဒီအယူအဆကိုကိုင်စွဲသူတွေ ခုတလောပေါ်လာတာကို သတိထားမိကြမယ် ထင်ပါ တယ်။ အဲဒါကတော့ ဆိုရှယ်ဒီမိုကရက်ဆိုတဲ့ဝေါဟာရပါ။ ပဒေသရာဇ်မင်းတွေမရှိတော့တဲ့ နောက် နိုင်ငံရေးအင်အားစု နဲ့လှုပ်ရှားမှုအမျိုးမျိုး လူးလွန့်လှုပ်ရှားလာခဲ့တဲ့နောက် ဗမာပြည် နိုင်ငံရေးလောကထဲကို ဆိုရှယ်လစ် ဆိုတဲ့ဝေါဟာရကို လူအမျိုးမျိုးပါးစပ်က ပုံစံအမျိုးမျိုးနဲ့ ကြားလာကြရပါတယ်။ ရုရှားကအောက်တိုဘာ တော်လှန်ရေးကြီးအောင်ပွဲခံလိုက်တဲ့ နောက် သူ့ခေါင်းမှာလည်းသပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို ဖြစ်ကုန်ကြတာထင်ပါရဲ့။
ဆိုရှယ်နီ၊ ဆိုရှယ်ဝါ၊ ဖဆပလထဲကဆိုရှယ်လစ်အင်အားစု စသဖြင့် ခွေးလှေးပျားတော အနှံ့ ပေါချင်တိုင်းပေါနေခဲ့တဲ့ ဆိုရှယ်လစ်စကားကို စစ်အာဏာရှင်ထိပ်သီးကြီး ဗိုလ်နေဝင်း ကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့လုပ်လိုက်တော့မှာ အားလုံးအော်ဂလီဆန် ကုန်ကြ တော့တာဖြစ် ပါတယ်။ ဒီလိုနဲ့စစ်အုပ်စုက ပဉ္စမအကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့နောက် မှာ ဆိုရှယ်ဒီမိုကရက်ဆိုတာကြီး ပိုမြည်ဟည်းလာတာဖြစ်ပါတယ်။ ( ဒီအရင်ကတည်းက SD ဆိုတာ ပြောနေတာပါ။ သဘောတရားအရတော့ သိပ် မပြောနိုင်ပါဘူး။)
ဒီတော့ ဆိုရှယ်ဒီမိုကရက်ဆိုတာ ဘာကြီးလဲ စူးစမ်းချင်စရာဖြစ်လာတာပေါ့။ ဒီနေရာမှာ မြည်ဟည်းထွက်လာတယ်ဆိုလို့ ဒီအသံတွေဟာ တတိုင်းတပြည်လုံး တဒိန်းဒိန်းတဒိုင်းဒိုင်း ပေါ်ထွက်နေတဲ့ တော်လှန်ပြည်သူတွေရဲ့သေနတ်သံ၊ အမြောက်သံတွေကိုဖုံးလွှမ်းသွား တယ် လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီဗုံးသံ၊ သေနတ်သံတွေအကြားမှာ ခိုညည်းသံလိုလို ကြားလာရ တာကို ပြောတာပါ။
ကမ္ဘာမှာဆိုရှယ်လစ်ဆိုတဲ့စကားဟာ ၁၈ရာစုနှစ်အကုန်၊ ၁၉ရာစုအစလောက်မှာ စက်မှု တော်လှန်ရေးရဲ့နောက်ဆက်တွဲအဖြစ် နိုင်ငံရေးလောကမှာ ပေါ်လာတာဖြစ်ပါတယ်။ စက်မှု တော်လှန်ရေးကြီးကြောင့် အလုပ်ရှင်တွေကြွယ်ဝချမ်းသာလာပြီး အလုပ်သမားတွေ ပိုလို့သာ ဆင်းရဲလာတဲ့ အနေအထားအောက်မှာ လူ့အဖွဲ့အစည်းရဲ့အနေအထားကိုပြောင်းလဲဖို့အ တွက် စဉ်းစားကြရင်း ထွက်လာတဲ့စဉ်းစားနည်း၊ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆို ရှယ်လစ်ဝါဒအရေးတော်ပုံကို လူတန်းစားပဋိပက္ခ၊ လူတန်းစားတိုက်ပွဲအဖြစ်ဖော်ထုတ်တာ ကတော့ ကားလ်မာ့က်စ်လက်ထက်မှသာဖြစ်ပါတယ်။ သူ့အရင်မှာပေါ်ထွက်ခဲ့တဲ့ စိန့်ဆိုင်မွန် (St. Simon)၊ ချားလ်စ်ဖိုးရီးယား(Charles Fourier)၊ ရောဘတ်အိုဝင်(Robert Owen) စသူ တွေကတော့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒသမားများစာရင်းထဲ ဝင်သွားကြပါတယ်။ သူတို့ အကြားမှာတယောက်နဲ့တယောက်မတူညီတာတွေ- ဥပမာစိန့်ဆိုင်မွန်က ထုတ်လုပ်မှုနဲ့ ဖြန့် ဝေမှုကိုနိုင်ငံတော်ကလုပ်သင့်တယ်လို့ပြောပြီး ဖိုးရီးယားနဲ့အိုဝင်တို့ကတော့ လူ့အဖွဲ့အစည်း ကို နိုင်ငံတော်အဆင့် ကြီးမားတဲ့အဖွဲ့အစည်းမဟုတ်ဘဲ သေးငယ်တဲ့ဘုံစုပေါင်းအဖွဲ့အစည်း လေးတွေ အဖြစ်ဖော်ထုတ်ရမယ်လို့ဆိုကြပါတယ်။ သူတို့အားလုံးမှာတူညီတာကတော့ လူ တန်းစားတိုက်ပွဲကိုငြင်းပယ်တာပါပဲ။ ဒီလိုနဲ့ ၁၉ရာစုနှစ်အစောပိုင်းမှာ ဖိုးရီးယားနဲ့ အိုဝင်တို့ ရဲ့နောက်ကလိုက်ပြီး ဥရောပနဲ့အမေရိကတိုက်တလွှားမှာ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းလေး တွေပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့ ၁၈၄၀ခုနှစ်များမှာတော့ ဆိုရှယ်လစ်အစုထဲက လက်ဝဲကျပြီးတက်ကြွတဲ့လူတွေ က ကွန်မြူနစ်ဆိုတဲ့အသုံးအနှုန်းကို ဖော်ထုတ်သုံးစွဲလာကြပါတယ်။ ဒီအသုံးအနှုန်းကို အစောဆုံးအသုံးပြု သူတွေထဲမှာ မာ့က်စ်နဲ့အိန်ဂယ်တို့ပါပါတယ်။ ၁၈၄၈မှာတော့ သူတို့ဟာ ကွန်မြူနစ်ကြေညာစာတမ်းဆိုတာနဲ့ ကမ္ဘာကိုကွန်မြူနစ်ဝါဒ ကြေညာချပြလိုက်ပါတယ်။ သူ တို့က သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒကိုပါဖော်ထုတ်လိုက်ကြပြီး အရင်းနဲ့လုပ်အားအကြားမှာ မုချပေါ်ထွက်လာမယ့် တော်လှန်ရေးဆိုတဲ့ပဋိပက္ခနဲ့ ချီတက်ရေး( လူတန်းစားတိုက်ပွဲနဲ့ တော်လှန်ရေးလမ်းကြောင်း)ကို တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၈၄၈ခုနှစ်ထဲမှာပဲ ပြင်သစ်ကဖေဖော်ဝါရီတော်လှန်ရေးအပါအဝင် တော်လှန်ရေး အမြောက်အမြား ရှုံးနိမ့်သွား တာ၊ ရန်သူနဲ့စေ့စပ်သွားတာတွေကြောင့် ဆိုရှယ်လစ်-ကွန်မြူ နစ်အရှိန်အဟုန်ဟာ လျော့ဆင်းသွားပြီး နောက်ထပ် ဆယ်စုနှစ် နှစ်ခုအလွန် ၁၈၇၀ ခုနှစ် လောက်မှ အားကောင်း တဲ့ အင်အားစုတရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်လာပါတယ်။ ဥရောပတိုက်မှာဆို ရှယ်လစ် ပါတီတွေများလွန်း၊ အားကောင်းလွန်းလို့ ဒုတိယအင်တာနေ ရှင်နယ်ဆိုတာကို ဖော်ထုတ် ခဲ့တဲ့အထိပါပဲ။ ဒါပေမဲ့ အဖုအထစ်မရှိ ချောမွေ့တဲ့လမ်းကြောင်းလို့တော့ မပြောနိုင်ပါဘူး။ ၁၈၉၈ ခုနှစ်မှာ အက်ဒွပ်ဘန်းစတိန်း(Eduard Bernstein)က လူတန်းစားတိုက်ပွဲ မုချဖြစ်ရမယ်ဆိုတာကိုငြင်းပယ်ပြီး မာ့က်စ်ဝါဒကိုပြန်လည်ပြင်ဆင်တာတွေ လုပ်ပါတယ်။ ဆိုရှယ်လစ်စနစ်ဆီကို အလိုအလျောက်ပြောင်းလဲသွားမယ်လို့တင်တာဖြစ်ပါ တယ်။
အလိုအလျောက်ပြောင်းလဲရေးသမားတွေနဲ့တော်လှန်ပြောင်းလဲရေးသမားတွေအကြားက ပဋိပက္ခဟာ ကမ္ဘာအဝှမ်းက ဆိုရှယ်လစ်လှုပ်ရှားမှုအပေါ် ဂယက်ရိုက်ထိခိုက်တာတော့ ရှိပါတယ်။ ဂျာမနီမှာသာမက ဗြိတိန်နိုင်ငံတို့မှာလည်း မာ့က်စ်ဝါဒဟာ အားကောင်းတဲ့အင် အားစုတရပ်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။ ကားလ်ကောက်စကီ (Karl Kautsky ၁၈၅၄- ၁၉၃၈)ဆိုရင် မာ့က်စ်၊ အိန်ဂယ်တို့နဲ့ကာလတခုအတူနေခဲ့ပြီးနောက် ဘက်ပြောင်းသွား၊ မင်ရှိဗစ်ဖြစ်သွားခဲ့ပါတယ်။ သူဟာရုရှားနိုင်ငံမှာနေရင်း ပထမကမ္ဘာစစ်ကြီးပြီးတဲ့နောက် အောက်တိုဘာတော်လှန်ရေးကြီး အရှိန်ယူနေတဲ့ကာလမှာကိုပဲ သူဟာ မာ့က်စ်ဝါဒနဲ့ ဗြောင်.လမ်းခွဲပြီး အချောင်သမားတွေနဲ့ ပေါင်းသွားခဲ့ပါတယ်။ အဲဒီကာလတုန်းက ဥရောပနဲ့အမေရိကတိုက်တို့က ဆိုရှယ်လစ်ပါတီဆိုတာတွေအကြားမှာ အကွဲအပြဲတွေ အများအပြား ပေါ်ထွက်ခဲ့ပြီး အကြီးမားဆုံးကွဲပြဲမှုကတော့ ရုရှားနိုင်ငံမှာ ဘော်လ်ရှီဗစ်နဲ့ မင်ရှီဗစ်ရယ်လို့ကွဲသွားတာပါပဲ။
(၁၉၁၇ ဖေဖော်ဝါရီတော်လှန်ရေး ဖြစ်ပွားပြီး ပြည်တော်ပြန်လာတဲ့ လီနင်ရဲ ကျော်ကြားတဲ့ (ဧပြီစစ်တမ်း)မှာ မင်ရှီဗစ်တွေနဲ့လမ်းခွဲပြီး ရုရှားဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီကို ကွန်မြူနစ်ပါတီလို့ အမည်ပြောင်းဖို့ တင်ပြခဲ့ပါတယ်။)
ဘော်လ်ရှီဗစ်တွေဟာ ၁၉၁၇ ခုနှစ်တော်လှန်ရေးမှာအောင်ပွဲရပြီး ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကွန်မြူနစ်ပါတီ(CPSU-B-) လို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိုရှယ် လစ်လို့ပဲခေါ်ခေါ်၊ ကွန်မြူနစ်လို့ပဲပြောပြော၊ တော်လှန်ရေးကိုစွဲကိုင်ထားသူတွေနဲ့ အလို အလျောက်ဖြစ်ပေါ်ရေးဝါဒ၊ ဒါမှမဟုတ် ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကိုင်ဆွဲထားသူတွေဟာ လုံးဝသီးခြားစီဖြစ်တဲ့ အင်အားစုတွေဖြစ်သွားပါတော့တယ်။
ပထမကမ္ဘာစစ်ပြီးတဲ့နောက် ဥရောပနိုင်ငံရေးမှာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ ခြေကုပ်ရသွားပါတယ် (အာဏာရတာတော့မဟုတ်ပါ)။ ဗြိတိန်၊ ဂျာမနီ၊ ဆွီဒင်၊ ဘယ်လ် ဂျီယမ်နဲ့နယ်သာလင်စတဲ့နိုင်ငံတွေမှာပါ။ ဒါ့အပြင်အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင် ငံတချို့ကိုလည်းပျံ့လာပါတယ်။ ဥပမာ အိန္ဒိယကဂျဝါဟာလာနေရူး။ နောင်မှာဗမာပြည်က ဦးကျော်ငြိမ်း၊ ဦးဗဆွေစသူတွေရဲ့ဆိုရှယ်လစ်ပါတီ။
သူတို့တတွေရဲ့ဆိုရှယ်လစ်ဝါဒဆိုတာဟာ တည်ရှိနေတဲ့အရင်းရှင်အစိုးရအောက်မှာ တည်ရှိနေတဲ့ တရားမျှတမှုမရှိခြင်း၊ အမြတ်ခွဲဝေမှုမညီမျှခြင်းစတာတွေကိုတည်ရှိနေတဲ့ “ဥပဒေ”ဘောင်အတွင်းကနေပြုပြင်ပြောင်းလဲသွားမယ်ဆိုတာပါပဲ။ ဒီအယူအဆကိုင်စွဲတဲ့ ဆိုရှယ်ဒီမိုကရက်ပါတီတွေ ဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းမှာ အများအပြားပေါ်ထွက်ခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ သူတို့အားလုံးဟာ ဆိုဗီယက်ဆန့်ကျင်ရေးကို အဓိကထားလုပ်ကြတော့တာပါပဲ။ ဆိုရှယ်လစ်စနစ်ရဲ့ကောင်းမွန်အားသာမှုတွေ ထင်ရှား လာတဲ့အခါမှာ တချို့ကတော့အရင်းရှင်စနစ်နဲ့ဆိုရှယ်လစ်စနစ်ကို ပေါင်းစပ်ကျင့်သုံးမယ်လို့ တောင်ပြောလာကြပါတယ်။ တချို့ပါတီတွေကတော့ ဆိုဗီယက်ယူနီယံပေါ်ပေါက်အောင် ဆင်နွှဲခဲ့တဲ့လမ်းကြောင်းမဟုတ်တဲ့ ဆိုရှယ်လစ်စနစ်၊ ဆိုရှယ်လစ်နိုင်ငံထူထောင်မယ်လို့ ပြောကြပါတယ်။
လက်တွေ့မှာကျတော့ အရင်းရှင်ပိုင်ဆိုင်မှုနဲ့လည်ပတ်မှုကို ဆုပ်ကိုင်ထား တဲ့ လူမှုပြုပြင်ရေး တွေသာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်အတန်းကွဲပြားမှု၊ ဆင်းရဲမွဲတေမှုနဲ့ အထက်လွှာရဲဖိ နှိပ်မှုဆိုတာတွေတည်ရှိမြဲတည်ရှိနေခဲ့ပါတယ်။ အဓိကအားဖြင့်ကတော့ ဒီဆိုရှယ်ဒီမိုကရက် တွေဟာ တော်လှန်ရေးနည်းမဟုတ်ပဲ ပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ လူမှုစနစ်ပြောင်းလဲမှု ဖော်ထုတ်မယ်လို့ဆိုတာပါပဲ။ ဆိုရှယ်ဒီမိုကရက်တွေရဲ့ စီပွားရေးပေါ်လစီက လူမှုဖူလုံရေးနိုင်ငံပုံစံဖြစ်ပါတယ်။ ဂျီဒီပီပေါ် နိုင်ငံတော်မှ အခွန်ကောက်ခံမှုနှုန်းထား မြင့်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တွေတင်မက အရင်းရှင်နိုင်ငံတချို့လည်း ကျင့်သုံးပါတယ်။ ဥပမာ ပြင်သစ်(၄၆.၂%) ဒိန်းမတ်(၄၆%) ဘယ်ဂျီယမ်(၄၄.၆%) ဆွီဒင်(၄၄%) ဖင်လန်(၄၃.၃%) အီတလီ(၄၂.၄%) ဩစတြီးယား(၄၁.၈%) တို့ဖြစ်တယ်။ ၂၀၂၀ အထိ ဥရောပနိုင်ငံ၂၉ နိုင်ငံဟာ လူမှုဖူလုံရေး သာယာရွှေပြည်နိုင်ငံတွေ ဖြစ်ကြပါတယ်။
သတိထားဖို့က ဆိုရှယ်ဒီမိုကရက်တွေ ရယ်လို့ပေါ်လာတာဟာ ကွန်မြူနစ်တွေ တော်လှန်ရေးအောင်ပွဲခံပြီးမှ ကျန်တဲ့နိုင်ငံတွေမှာ ပေါ်လာတာဖြစ်ပါတယ်။ ကွန်မြူနစ် တွေလုပ်သလို အစိုးရကိုတော်လှန်တာ မလုပ်ဖို့ လျှောက်လဲကြတာဖြစ်ပါတယ်။ သူတို့အဆိုကတော့ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ တည်ရှိနေတဲ့နိုင်ငံရေး ဘောင်နယ်ပယ်ထဲမှာ အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စနစ်အဖြစ် (တော်လှန်ရေးမလုပ်ဘဲ) ပြောင်းလဲသွားဖို့ဖြစ်ပါတယ်။ အခု ဆိုရှယ်ဒီမိုကရက်တွေက အထူးသဖြင့် “အမှတ်အသားပြုနိုင်ငံရေး” ကို ရှေ့တန်းတင် ခေါင်းထောင်နေကြတယ် လို့ ယူဆစရာတွေလည်း တွေ့နေရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူများ အလိုကျ လက်ဝဲဝါဒ ပုံစံပေါက်တဲ့အသွင်လည်း တချို့က ယူထားကြပါတယ်။ ဒီနေ့ကာလလို ကမ္ဘာနဲ့အဝှမ်း ကွန်မြူနစ်လှုပ်ရှားမှု ဒီရေ နိမ့်နေချိန်မှာ ဆိုရှယ်ဒီမိုကရက်တွေ အသံ ကျယ်ကျယ်လောင်လောင် သိပ်မရှိလှပါဘူး။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းပေါင်းစုံစိုက်နေချိန် အချို့ဆိုရှယ်ဒီမိုကရက်တွေ ရွေးကောက်ပွဲရှုံးနိမ့်ပြီး ဖက်ဆစ်ပါတီတွေလည်း ခေါင်းထောင်လာနေပါတယ်။ တဖက်မှာတော့ ဗမာပြည်လိုစစ်အာဏာရှင်တွေကို အမြစ်ဖြုတ်ဖို့ပြည်သူတွေက ထက်ထက်သန်သန် တိုက်ပွဲဝင်နေကြတဲ့ ပတ်ဝန်းကျင်မှာ ဆိုရှယ်ဒီမိုကရက်စကားသံတွေ ပြန်ပေါ်လာတာ ဟာလည်း တိုက်ဆိုင်မှုမဟုတ်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
