Monthly Archives: December 2020


ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ (လှကျော်ဇော)

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။

ဆောင်းပါးအမှတ်( ၅၄)။

ဖေဖေနဲ့ရဲဘော်တင်ရီ။

အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

—ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—–

ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။

အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။ 

တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။

နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။

ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့ ဖေဖေလက်ကိုအားရပါးရဆွဲ-နှုတ်ဆက်ပါတယ်။

ဖေဖေကလည်း မပြီးနိုင်မစီးနိုင်ဆက်ပြီး—

—-ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ။ ခင်ဗျားကြောင့်ကျုပ်တို့တတွေ သေမကုန်တယ်။ ကံကြီးပေလို့ပဲ။ —လို့မကျေမချမ်း ပြောလိုက်ပါသေးတယ်။

ပြီးမှ ဘေးကပါးစပ်အဟောင်းသားတွေနဲ့ဖြစ်နေတဲ့ ကျန်ခေါင်းဆောင်ရဲဘော်တွေကို အဖြစ်အပျက်အကြောင်းစုံကို ဇာတ်စုံခင်းပါတော့တယ်။

၁၉၄၅-မတ်လ(၂၇)ရက်ဂျပန်တော်လှန်ရေးစတော့ ပဲခူးဒေသမှာအခြေစိုက်တဲ့ တိုင်း(၄)ရဲ့တိုင်းမှူးဖေဖေက စစ်ဌာနချုပ်အခြေစိုက်မယ့်-မြစ်ကျိုးဒေသကိုတပ်ချီလာရာမှာ နောက်နေ့မနက်မစောကြီး ဝေါမြို့လေးကိုရောက်တော့ ဖေဖေတို့ကို ကြိုနေသူက အဲဒီက ပြည်သူ့စစ်ခေါင်းဆောင်က ရဲဘော်တင်ရီ(ပဲခူးနေဝင်း) ပါ။ သူ့ရဲ့ပြောပြချက်အရ ဝေါမြို့သူကြီးအိမ်မှာ ဂျပန်(၂)ယောက်ရောက်နေပြီး ဝေါဘူတာရုံမှာလည်း ဂျပန်(၃)ယောက်သာရှိကြောင်း သိရသတဲ့။

အဲဒီတော့ဖေဖေတို့က ပွဲဦးထွက်ဒီဂျပန်တွေကိုတိုက်ဖို့ စီစဉ်တာပေါ့။ ဖေဖေတို့ကလည်း တိုင်းရုံးအဖွဲ့ပဲဖြစ်တာကြောင့် လူက(၂၀) ကျော်လေးပဲပါတယ်။ သင့်တော်သူလောက်ပဲထုတ်ပြီး (၂)သုတ်ခွဲ တသုတ်ကို သူကြီးအိမ်လွှတ် အဲဒီကဂျပန်(၂)ယောက်ကိုသတ်ခိုင်းပြီး ကျန်ရဲဘော်(၃-၄)ယောက်နဲ့ဖေဖေက ဘူတာရုံကိုချီတက်လာပါတယ်။ ဘူတာရုံလဲရောက်ရော ဘူတာမှာကဂျပန်(၄-၅)ယောက် စတွေ့ပါတယ်။ကဲ- ရောက်မှတော့မထူးဘူး၊ ဆက်တိုက်ရမှာပဲလို့စဉ်းစားပြီး တိုက်ဖို့အသေးစိတ်စီစဉ်နေတုန်းမှာပဲ သူကြီးအိမ်ဘက်က သေနတ်သံထွက်လာပြီး ဘူတာရုံနားရပ်ထားတဲ့ကားတစီး (တကယ်တော့ဘတ်စ်ကားက(၃)စီး၊ ကားပေါ်မှာလည်း ဂျပန်စစ်သား တပ်ခွဲတခွဲစာလောက်ရှိ)ပေါ်က ဂျပန်အရာရှိတယောက်ဆင်းလာပြီး ဂျပန်စစ်အရာရှိဝတ်စုံနဲ့ပဲရှိနေသေးတဲ့ဖေဖေ့ကို သေနတ်သံ ထွက်တဲ့ဘက်လက်ညှိုးညွှန်ပီးဘာဖြစ်တာလဲလို့မေးသတဲ့။ (ဂျပန်တော်လှန်ရေးစကာစမှာ ဂျပန်တပ်အတော်များများ မသိပါဘူး။ ဒါကြောင့် နေရာအတော်များများမှာအငိုက်မိကြပါတယ်။) ဖေဖေကလည်းပါးစပ်ထဲရောက်လာတဲ့ဂျပန်စကား-ကြိုယင် (စစ်လေ့ကျင့်ခန်း)လို့ပြောလိုက်တော့မှာ အဲဒီဂျပန်စစ်ဗိုလ် ကားပေါ်ပြန်တက်သွားသတဲ့။ ဒီတော့မှ ဖေဖေတို့တတွေ အမြန် ဆုတ်ရပါတော့တယ်။ (ညပိုင်းကျမှ ဝေါဘူတာရုံကို ဂျပန်တပ်ခွဲ(၁)ခွဲရောက်လာတာ ဘယ်သူမှမသိလိုက်တာပါ။) (ဒီအဖြစ်အပျက် အသေးစိတ်ကို ဖေဖေကသူ့စာအုပ်-ကိုယ်တိုင်ရေးအထုပွတ္တိ-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေထုတ်)နှာ၁၀၀-၁၀၁မှာ အပြည့်အစုံရေးထားပါတယ်။ ရဲဘော်တင်ရီကလည်း အရေးတော်ပုံစာစောင်မှာ ဆောင်းပါးရေးဖူးပါတယ်။)

အဲဒီကာလကစလို့ ရဲဘော်တင်ရီနဲ့(နောက်ပိုင်းသူ့မိသားစုနဲ့ပါ)ကျွန်မတို့မိသားစုတတွေ ခင်မင်ရင်းနှီးလာကြပါတယ်။

ကျွန်မတို့ပါတီက ခေါင်းဆောင်ရဲဘော် အများတကာ့အများစုကြီးဟာ အဆင့်အသီးသီးကရဲဘော်များနဲ့ တရင်းတနှီး ခင်ခင်မင်မင် နေတတ်လေ့ရှိပါတယ်။

ဒီအထဲမှာတော့ ရဲဘော်တင်ရီက အလွန့်ကို တသားတည်းနေထိုင်တတ်သူပါ။ အသက်အရွယ်မရွေးဘယ်သူ့ကိုမဆို သူငယ်ချင်းပေါင်းပေါင်းတာပါ။ စကားအကောင်း အတည်တွေပြောနေရာကနေ ဖောက်ချင်ဖောက်ပြီး ဟာသကနှောတတ်လေ့ရှိပါတယ်။ ဒါတွေကြောင့်လည်း ရင်းနှီးတဲ့ရဲဘော်များရဲ့ ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဒါပေမဲ့ပြုပြင်တာလည်း မတွေ့ဖူးပါဘူး။

ကျွန်မကိုလည်း တခါမှကောင်းကောင်းကန်းကန်း မခေါ်ဖူးဘူး။ မိလှခေါ်လိုက် ခွေးမခေါ်လိုက်နဲ့။ ပန်ဆန်းရောက်ပြန်တော့ ဒေါက်တာပေါက်တူးဆိုတဲ့နာမည် ထပ်ရပြန်တယ်။

စကားစပ်လာမိတော့ ကျွန်မ ဒေါက်တာပေါက်တူးဘွဲ့ ရခဲ့တဲ့အကြောင်းလည်း ပြောပြရဦးမယ်။

ပန်းဆန်းမှာ (၁၉၈၅ခုနှစ်) ပါတီရဲ့တတိယကွန်ဂရက် ကျင်းပဖို့ပြင်ဆင်နေချိန်အတွင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနကြီးရဲ့ဌာနမှူးရဲဘော်ကြည်ပြိုင်(၇၅ဗဟိုကော်မတီ-အရံဗဟိုကော်မတီဝင်) မကျန်းမမာဖြစ်ပါတယ်။ ဆေးလိပ်အလွန်ကြိုက်ပြီး တသက်လုံး သောက်လာသူဆိုတော့ အစောပိုင်းလေပြွန်ရောင်ရောဂါကနေ တဖြည်းဖြည်းအဆုပ်-နှလုံးရောဂါရလာပါတယ်။ ရောဂါပြင်းလာတော့ တဘက်နိုင်ငံပို့ဖို့စီစဉ်ပါတယ်။ သူကလက်မခံပါဘူး။ သေလည်း ဒီပန်ဆန်းမှာပဲသေမယ်တဲ့။

ဒီတော့ရဲဘော်တင်ရီက ကျွန်မနဲ့အရှေ့မြောက်စစ်ဒေသဆေးရုံက ဒုနိုင်ငံရေးမှူးဆရာမကြီးဒေါ်ငွေကိုခေါပြီး လူနာကိုအတတ်နိုင်ဆုံးစောင့်ရှောက်ကုသဖို့ တာဝန်ပေးပါတယ်။ လူနာကဆေးရုံလည်း မတက်ချင်ဘူးဆိုတော့(ရဲဘော်ကြည်ပြိုင်ဆိုတာကလည်း ဂျစ်တစ်တစ်၊ပေကပ်ကပ်ရယ်) အိမ်မှာပဲထားပြီး သူတို့ဌာနကဆေးမှူးလေးကို တာဝန်ပေးထားပြီး ကျွန်မတို့(၂)ယောက်က ညနေစောင်းမှ သွားသွားကြည့်။ နောက်နေ့အတွက် ညွှန်ကြားစရာရှိပြောခဲ့၊ ကျန်အချိန်တွေ လိုအပ်လာရင် ဆေးရုံ လှမ်းအကြောင်းကြားဆိုပြီး စီစဉ်ထားရပါတယ်။ လူနာကလည်း တနေ့ရွှေ-တနေ့ငွေ၊ တညနေ ကျွန်မတို့ရောက်တော့ ရဲဘော်တချို့ အရင်ရောက်နေကြပြီး တဝါးဝါးတဟားဟား စကားတွေဖောင်လောက်အောင် ဝိုင်းပြောနေကြတာတွေ့ရပါတယ်။ ဌာနအသီးသီးရောက်နေကြတဲ့ ဗမာရဲဘော်တွေက အလှည့်ကျလူနာဆီလာပြီးစိတ်ပြေလက်ပျောက်ပြောကြဆိုကြနဲ့ ညနေစောင်းဆို လူနာဆီမှာ စည်ကားနေတတ်ပါတယ်။ အဲဒီညနေမှာတော့ လူနာကိုယ်တိုင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်နောက်ပြောင်ပြောဆိုနေတာပါ။ လူကလည်း လန်းလန်းဆန်းဆန်း။ လူနာကြည့်အပြီးအပြန်မှာ ထုံးစံအတိုင်း ရဲဘော်တင်ရီဆီဝင် နောက်ဆုံးအခြေအနေကိုအစီရင်ခံတဲ့အခါ ကျွန်မက

-အို…. ဒီနေ့အခြေအနေသိပ်ကောင်းတယ်။ အတော်လည်း လန်းဆန်းတယ်-လို့ဆိုတော့ –ရဲဘော်တင်ရီက—ဟုတ်ရဲ့လားဟဲ့။ ငါတို့ အရပ်တွေမှာတော့ အဲသလို ရောဂါသည်းနေတဲ့လူတွေ လန်းလာရင်ကြောက်ရတယ်—တဲ့။

—–ဟာ. ဦးလေးကလည်း (ကျွန်မကသူ့ကိုဦးလေးလို့ခေါ်ပါတယ်။)-အရေးထဲ-အယူတွေသီးနေပြန်ပါပီ။ ကျွန်မစစ်ဆေးလာခဲ့ပါပြီ။ အကုန်ပုံမှန်ပါ။—–လို့ရဲရဲဝံ့ဝံ့ကြီးကို အာမခံလိုက်ပါတယ်။ (တကယ်တော့ ကိုယ်မှာပါတာကလဲ နားကြပ်နဲ့သွေးဖိအားတိုင်း ကိရိယာလေးတခုရယ်။ လူနာကလည်း နှလုံးရောအဆုပ်ရော တဖြည်းဖြည်းနဲ့စွမ်းအင်ကျနေပါပြီ။)

နောက်နေ့မနက်အစော လင်းအားကြီးမှာရဲဘော်ကြည်ပြိုင်ကွယ်လွန်ပါတယ်။ အဲဒီကစလို့ ကျွန်မကိုရဲဘော်တင်ရီက ဒေါက်တာပေါက်တူးလို့ ခေါ်တတ်လာပါတယ်။

ရဲဘော်တင်ရီရဲ့ အပြောင်အနောက်အမျိုးမျိုးကို ဘယ်သူမှမလွတ်ပါဘူး။ ဖေဖေကိုနောက်လွန်းလို့ သူ့ကိုဥက္ကဋ္ဌကတောင် ဝေဖန်ဖူးတယ်လို့သူကိုယ်တိုင်ပြန်ပြောပြဖူးပါတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်က—

–ကိုတင်ရီရယ်။ ဦးတင်(ဖေဖေတောတွင်းအမည်)ကို သိပ်မနောက်ပါနဲ့ဗျာ။ အားနာစရာကြီး။ ဒီလူကြီးက သူ့နောက်လို့ နောက်မှန်းသိတာလည်း မဟုတ်၊ ပြန်လဲမနောက်တတ်နဲ့။—-လို့ဝေဖန်ဖူးတယ်။—တဲ့။

(မှတ်ချက်။ ၁၉၈၅ တတိယကွန်ဂရက်အပြီး ဌာနတွေပြန်ဖွဲ့စည်းရာမှာ ဗဟိုစစ်ဦးစီးဌာနဖွဲ့စည်းလိုက်ပြီး စစ်ဦးစီးမှူးက ရဲဘော် တင်ရီဖြစ်ပြီး ဒု-ဦးစီးမှူးကဖေဖေဖြစ်လာပါတယ်။ ဒီတော့ ဖေဖေက နေ့တိုင်းဗဟိုရုံးကနေ စစ်ဦးစီးရုံးကိုလာရုံးတက်ရပါတယ်။)

ဖေဖေက သူ့ကိုပြန်မနောက်တတ်ပေမယ့် သူရဲ့အားနည်းချက်များကိုတော့ သူတို့ရဲ့ဗဟိုစစ်ဦးစီးဌာန ကလာပ်စီးအစည်းဝေးတွေမှာ ထောက်ပြတတ်တဲ့အကြောင်း ရဲဘော်စိုးချစ်(ထိုစဉ်ကဗဟိုစစ်ဦးစီးအဖွဲ့ရုံး ကလာပ်စည်းအတွင်းရေးမှူး) က ဖေဖေ့အတွက် အမှတ်တရရေးပေးတဲ့ဆောင်းပါးတစောင်မှာ-ဒီလိုရေးထားတာတွေ့ရပါတယ်။

—-ဥပမာတခုပြောပါမယ်။ ပီဘီဖြစ်တဲ့ရဲဘော်တင်ရီက အလုပ်ကများများ၊ အားကစား၊ စိုက်ပျိုးရေး၊ ပျော်ပွဲရွှင်ပွဲ၊ တီဗွီကြည့်တာကအစ ဝါသနာပါတာကများများဆိုတော့ အမြဲအချိန်မလောက်ဖြစ်နေသူ။ ဒီတော့ လစ်ဟင်းမှုတွေ မကြာခဏဖြစ်တတ်တယ်။ ဒီတော့ရဲဘော်ဦးတင်က —-ရဲဘော်တင်ရီ… ခင်ဗျားဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာဖြစ်ဖြစ်၊ ကလာပ်စည်းထဲမှာဖြစ်ဖြစ် စကားပြောတဲ့အခါပြင်ပြင်ဆင်ဆင်လုပ်ထားရင် သိပ်နားထောင်လို့ကောင်းတယ်။ အကျိုးရှိတယ်။ ဒါပေမဲ့–။ ပြီးစလွယ်လုပ်တာတွေက များတယ်။ –လို့ထောက်ပြဝေဖန်ဖူးတယ်။——

(ကျွန်တော်တို့ရင်တွင်းက ရဲဘော်ဦးတင်(ရဲဘော်စိုးချစ်။) သူတို့ရင်ထဲကဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊(ရဲဘော်ဦးတင်)ကွယ်လွန်ခြင်းတနှစ်ပြည့်အမှတ်တရအတွဲ (၁) ဖြိုးမောက်သာစာပေ) ၂၀၁၃ခုနှစ်ထုတ်နှာ၁၇၃)

ဒီလိုနဲ့ ကျွန်မတို့တတွေ ၁၉၈၉ ဇာတ်ခေါင်းကွဲပြီးတယောက်တနယ်စီဖြစ်ကုန်ကြပါတယ်။ ရဲဘော်တင်ရီက သူ့မိသားစုရှိရာ စစ်ချွမ်ပြည်နယ်က ချင်တူးရောက်သွားပါတယ်။ အစောပိုင်း ကာလတပိုင်း အဆက်အသွယ်ပြတ်သွားပေမယ့် နောက်ပိုင်း ပြန်ဆက်သွယ်မိပြီးသာရေးနာရေး ပြောဟယ်ဆိုဟယ် နောက်ဟယ်ပြောင်ဟယ်နေလာလိုက်ကြတာ နောက်ဆုံး ၂၀၁၈-၁၀–၂၈ရက်၊ အသက်(၉၇)နှစ်မှာကွယ်လွန်သွားပါတော့တယ်။ ဘာရောဂါမှမရှိဘဲ ဘာဝေဒနာမှလည်း မခံစားရဘဲ မီးဇာကုန်ဆီခန်းသွားရတာပါ။

လူကသာ တနယ်တကျေးမှာနေရပေမယ့် နယ်စပ်မှာကျန်ခဲ့ရှာတဲ့ရဲဘော်များအတွက် အမြဲပူပန်သောကရောက်နေတတ်ပြီး အဲဒီရဲဘော်များရဲ့ကျန်းမာရေး၊ ကလေးများပညာသင်ကြားရေး၊ တခြားလူမှုရေးအမျိူးမျိုးအတွက် အမြဲတစေ သူတတ်နိုင်သမျှ ထောက်ပံ့ကူညီခဲ့တာပါ။

ကျွန်မတို့မိသားစုအတွက်ကတော့ သူ့ကိုဘယ်တော့မှမမေ့နိုင်ဘဲ အမြဲထာဝရ ကျေးဇူးတင်နေရမဲ့အကြောင်း(၂)ရပ်ရှိပါတယ်။

၁၉၈၂ခုနှစ် ဖေဖေပန်ဆန်းမှာ ကျွန်မကျွေးတဲ့ဆေးတွေစားပြီး အစာအိမ်ပေါက်သွေးသွန်ပါတယ်။ သွေးဖိအား(၀)ထိ ကျသွားလို့ သွေးဖိအားတိုင်းစက် တပ်ထားတဲ့လက်တဖက်ပဲချန်ပြီး ကျန်(၃)ဖက်(၃)တန်(လက်တဖက်နဲ့ခြေ(၂)ဖက်စလုံး) သွေးရည်ကြည်တွေ ဓာတ်ဆားရည်တွေ၊ ဂလူးကို့စ်တွေ အမြန်သွင်းပြီး တဘက်နိုင်ငံဆေးရုံကိုပို့ဖို့ လုပ်ရပါတယ်။ ဖေဖေနဲ့အတူထည့်လိုက်ဖို့ ကျွန်မဆေးကျောင်းသားထဲက ဗမာစကားရော တရုတ်စကားရောတတ်တဲ့သူ ကျောင်းသားတယောက်ရှာဖို့ ဥက္ကဋ္ဌကပြောပါတယ်။ ဒီတင်အနုားရှိနေတဲ့ရဲဘော်တင်ရီက–တခြားလူရှာစရာဘာလိုလဲ၊ သူ့သမီးပဲထည့်လိုက်ပေါ့။ သူလည်း တရုတ်လိုပေါက်သားပဲ။—တဲ့။

ကျွန်မဖြင့် ထိုင်တောင်ဦးချလိုက်ချင်တာ။ ကျွန်မမှာ ဖေဖေနောက်လိုက်ချင်တာ တပိုင်းသေနေတာ။ ကိုယ်ရေးကိုယ်တာကိစ္စ မတောင်းဆိုသင့်လို့သာ အသာငြိမ်နေတာ။

ပြီးတော့ ကျွန်မဘက်လှည့်ပြီး–ဟိုရောက်ရင်ဟိုကလူတွေနဲ့ သွားရန်ဖြစ်မနေနဲ့ဦး။-တဲ့။

တကယ်လည်း ကျွန်မပါသွားပေလို့ ဖေဖေအသက်ရှင်တာ။ ကျွန်မက ဖေဖေဘေးမှာတချိန်လုံးထိုင်နေပြီး ဖေဖေ နှလုံးခုန်မြန်လာတာနဲ့၊သွေးဖိအားလေး နည်းနည်းကျတာနဲ့ (အတွင်းမှာသွေးယိုစီးတဲ့လက္ခဏာ) တာဝန်ကျဆရာဝန်ပြောပြီး သွေးသွင်းဖို့ သတိပေးရပါတယ်။ ဒီလိုနည်းနဲ့ အချိန်ဆွဲထားရပြီး (၂)ရက် (၃)ရက်အကြာမှာ ကူမင်းစစ်ဆေးရုံကြီးက ဆေးအဖွဲ့ ရဟတ်ယာဉ်နဲ့ရောက်လာပြီး အသက်ကယ်လိုက်နိုင်လို့ ဖေဖေက နောက်အနှစ်(၃၀) (၂၀၁၂အထိ) အသက်ရှင်နေထိုင်သွားနိုင်တာပါ။ (ဒီဖြစ်စဉ်အသေးစိတ်ကို အလျင်းသင့်ရင်ရေးပါဦးမယ်။)

နောက်ကျေးဇူးတင်ရမယ့်အချက်ကတော့—

၁၉၈၉ ဧပြီလ(၁၉)ရက်နေ့ ပန်ဆန်းဒေသတခုလုံး လူမျိုးစုတပ်များရဲ့အာဏာသိမ်းခြင်းကို ခံလိုက်ရပြီးနောက်မနက်ခင်း ဗဟိုရုံးက ရဲဘော်တွေအားလုံး တဘက်ကမ်းနိုင်ငံကို ရောက်သွားပါတယ်။ ဖေဖေ၊ မေမေနဲ့ကျွန်မတို့မောင်အငယ်ဆုံး ရဲဘော်ထွန်းမြတ်တို့(၃)ဦး အဲဒီဘက်ရောက်သွားပြီး အရှေ့မြောက်စစ်ဒေသမှာရှိနေတဲ့ ကျွန်မနဲ့မောင်အကြီး(၂)ယောက်က ဒီဘက်ကမ်းပန်ဆန်းမှာ ကျန်ခဲ့ပါတယ်။ ဒီတော့ မေမေက တငိုငိုတရီရီ ဖြစ်လာပါတယ်။ ဗဟိုရုံးကခေါင်းဆောင်တွေကိုရော၊ ကျန်မိသားစု ဝင်များနဲ့ရဲဘော်များကိုရော ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ခံလုပ်ဆောင်နေရတဲ့ရဲဘော်တင်ရီက ရဲဘော်ထွန်းမြတ်ကို တခြားအလုပ်တွေက ကျန်ရဲဘော်တွေ လုပ်လို့ရတယ်။ ခင်ဗျားက ခင်ဗျားအမေကြီးနားမှာပဲနေပြီး၊ ဂရုစိုက်ချေလို့ တာဝန်ပေးထားပြီး နေ့လည်လောက် ရောက်တော့ လုံခြုံရေးအတွက် ဗဟိုခေါင်းဆောင်တွေကို နေရာရွှေ့ဖို့စီစဉ်ရတော့လည်း ဖေဖေတို့နဲ့အတူ ကိုထွန်းမြတ်ကို ထည့်ခေါ်သွားခဲ့ပါတယ်။

ကိုထွန်းမြတ်အနားရှိနေလို့လည်း မေမေက တစုံတရာစိတ်သက်သာသွားရတာပါ။ ဒါတွေကြောင့်ပဲ ကျွန်မတို့မိသားစုက ရဲဘော်တင်ရီကို အမြဲကျေးဇူးတင်နေမိတာပါ။

အခုတော့ ရဲဘော်တင်ရီကွယ်လွန်တာ(၂)နှစ်ကျော်သွားပါပြီ။

ကျန်ခဲ့သူများကတော့— နွေလည်းနွေမို့ မိုးလည်းမိုးမို့ ဆောင်းလည်းဆောင်းမို့– ဝမ်းနည်းတာ၊ လွမ်းဆွတ်တာ၊အတူတူချည့်ပါပဲ။

(မှတ်ချက်။ မေမေ့အတွက်ရေးပေးတဲ့ ဖိုးသံ(လူထု)ရဲ့ကျွန်တော်တို့ဒေါ်ဒေါ် ဆိုတဲ့ကဗျာကတစိတ်တပိုင်းကို ယူသုံးလိုက်ပါတယ်။)

လှကျော်ဇော။၅-၁၂-၂၀၂၀။

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း)

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း

(A.ငြိမ်း)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) ရဲ့ ဖောင်ပိတ်ဆောင်းပါး

(၁)

ဒီနေ့ပုံပေါ်လာတဲ့အပေါ် စဉ်းစားစရာအချက်များ –

ရွေးကောက်ပွဲရလဒ်က အများခန့်မှန်းထားသလို အဖြေထွက်မလာခဲ့ဘူး။ ဒီချုပ် တာဝန်ရှိသူတွေပင် ဒီလိုမှန်းမထားခဲ့ပါဘူးလို့ ပွင့်ထွက်လာတယ်။ ရလဒ်က သိပ်ကြီးနေလို့ ဖြစ်တယ်။

ဘာ့ကြောင့်ပါလဲ။

ကိုဗစ်နဲ့စစ်အုပ်စု (ကြံ့ဖွံ့၊ မဘသ နဲ့ အခြံအရံပါတီများအပါ) က အဆုံးအဖြတ်ပေးသွားတာ ဖြစ်တယ်။ ကိုဗစ်ကာလ တတိုင်းပြည်လုံး ကူကယ်ရာမဲ့ဖြစ်နေချိန် အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရရဲ့ အခွင့်အာဏာကို အသုံးချတတ်တဲ့အတွက် လူထုရဲ့အားကိုးမှုနဲ့ ပုံအပ်မှုကို အရယူသွားနိုင်ခဲ့တယ်။ ဒီအချိန်မှာ သူတယောက်သာ ပြောနိုင်ဆိုနိုင် စည်းရုံးနိုင်တာဖြစ်တယ်။ သူက အကူအညီတွေ ဖောဖောသီသီ ပေးနေချိန် ကျန်ပါတီတွေက သာရေးနာရေး ကူညီသလောက်ပဲ ထည့်ဝင်နိုင်ခဲ့ကြတယ်။ သူက တတိုင်းပြည်လုံးကို ဝါဒဖြန့်ချိရေးစကားတွေ စည်းရုံးရေးစကားတွေ နားလျှံကျသည်အထိ အထပ်ထပ်အခါခါ စိတ်ကြိုက်ပြောနိုင်ပေမယ့် ကျန်ပါတီတွေက နာရီဝက်လောက်ပဲ အာမနှံ့လျှာမနှံ့ ပြောခွင့်ရခဲ့တယ်။ မီဒီယာတွေနဲ့ လေလှိုင်းကဗျူးတာ၊ ကြေညာချက်ထုတ်နိုင်တာကလည်း လက်တဆုပ်စာပါတီတချို့ပဲ တတ်နိုင်တယ်။ ဒါကလည်း ဘယ်လောက်မှ ပျံ့နှံ့တာမဟုတ်။

ဒီအချိန် သခွပ်ပင်က မီးတကျည်ကျည်လုပ်နေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေက ကာလုံခေါ်ပေးရမယ်၊ အာဏာသိမ်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေအပြင် လူသေတဲ့အထိ လက်ပါလာကြတော့ ဒီချုပ်ဘက် တွန်းပို့သလို ဖြစ်သွားခဲ့တယ်။ ဒီနေရာမှာ စစ်အုပ်စုနဲ့ နောက်တော်ပါတွေ အတွက်အချက်လွဲခဲ့ကြတယ်။ စစ်တပ်အပိုင်စားရထားတဲ့ ၂၅% ရယ်၊ ရတတ်သမျှ ကြံ့ဖွံ့မဲရယ်၊ တိုင်းရင်းသားတွေမဲ၊ ဒီမိုကရေစီပါတီတွေထဲက ဆွဲဆောင်လို့ရနိုင်တဲ့မဲရယ် ပေါင်းလိုက်ရင် အထက်စီးကဖြစ်နိုင်တယ် ထင်ခဲ့ကြတယ်။ ကာချုပ် ပြောစကားတွေနဲ့ သူ့ခြေလှမ်းတွေကြည့်ရင် ဒီလိုစိတ်ကူးယဉ်ထားကြောင်း သိနိုင်တယ်။ ဒီအထဲမှာ ခြိမ်းခြောက်တာတွေ၊ လွဲမှားတဲ့ ဟန်ရေးပြမှုတွေနဲ့ အလိမ်အညာတွေပါနေတာ လူထုက မသိဘဲနေပါ့မလား။ ဒါပေမဲ့ မဲလည်းအပြတ်အသတ်ရှုံးရော ကာချုပ်ကြီး တဆစ်ချိုး ပြောင်းလဲရပ်တည်လာခဲ့တယ်။ သူကြိုက်သလို စေစားခိုင်းစေထားတဲ့ မိုက်ဖော်ဆိုးဖက်ကြံ့ဖွံ့ကိုပင် အသေဆိုးနဲ့ သေခဲ့ပေရော့ဆိုပြီး ပစ်ထားလိုက်တော့တယ်။ ကြံ့ဖွံ့ခမျာ သွားလေသူ နောင်တော်ကြီး တစည နောက် မြောင်းထဲပစ်ချခံလိုက်ရပါပြီ။

(တချိန်က US မှာ လက်ယာစွန်းကနေ လေကြီးလေကျယ်ပြောပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရီပတ်ဘလီကင် သမ္မတလောင်း ဂယ်ရီဂိုးဝါတား အပြတ်အသတ်ရှုံးတော့ ကာတွန်းဦးဖေသိန်းက ‘Go into the water’ ဂိုးဝါတား ရေထဲခုန်ဆင်း သေလိုက်ပါတော့လား ဆိုတဲ့ သဘောမျိုး ကြေးမုံသတင်းစာထဲကနေ သရော်ခဲ့တာကို သတိရမိတယ်။)

ဒီနေရာမှာ အာဏာသိမ်းဖို့ ခြေလှမ်းပြင်ထားမှု ရှိမရှိ ၊ ဒီချုပ်အနိုင်ရဖို့ အပေးအယူလုပ်ပြီး စစ်တပ်က ဟပေးခဲ့သလား။

အာဏာသိမ်းနိုင်တယ်လို့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဂယက်ရိုက်ခတ်မှုရှိခဲ့တယ်။ တချို့ အခိုင်အမာယုံကြည်ခဲ့ကြတယ်။ “သိမ်းခဲ့သော်” ဆိုပြီး ဗမာပြည်အခြေစိုက် ပြည်ပမီဒီယာသမားတချို့ ခြေလှမ်းပြင်ထားကြတာကတော့ အမှန်ပါ။ အပေးအယူကိစ္စကိုတော့ သူတို့ သတိထားမိတဲ့ အချက်အလက်တချို့ကိုဆုပ်ကိုင်ပြီး ပြောကြတာ ဖြစ်တယ်။ ဒါပေမဲ့ ခုအထိ ဖော်ပြချက် အခိုင်အမာ မတွေ့ရသေး။ သမိုင်းမှာ ဒါမျိုးက ကြာကြာဖုံးထားလို့ ရတာမဟုတ်။

(၂)

စစ်အုပ်စုဘက်က လုပ်ဆောင်ချက်အမှားများ

တိုင်းနဲ့ပြည်နယ်တွေမှာ အနိုင်ရပါတီတွေက အစိုးရဖွဲ့ရေး၊ ဝန်ကြီးချုပ်ခန့်ရေး အဆိုပြုချက်ဟာ တိုင်းရင်းသားတွေကို အတန်အသင့် ဆွဲဆောင်နိုင်စရာရှိတဲ့အပေါ်မှာ သူတို့က မျှော်လင့်ချက် အတော်ထားနေပုံရတယ်။

– ပြည်သူတွေက USDP ကို ပြန်လည် တမ်းတနေပြီလို့ ‘ထမင်းတနပ်ပဲစားကြ’ ဆိုတဲ့ လမ်းညွှန်ချက်လောက်သာ ပေးတတ်တဲ့ လယ်/ဆည် ဝန်ကြီးဟောင်းပြောတဲ့ကိစ္စ – လူရိုသေ ရှင်ရိုသေလူက ပြောတယ်ဆို ဟုတ်တုတ်တုတ်၊ သူ့လို သိန်းဆုကြီး အစောင် ၁၁၀ တချိန်တည်း ပေါက်ခဲ့တယ်လို့ ငွေမဲကငွေဖြူလုပ်ထားတဲ့ ဒုဗခကဟောင်းက ထပြောတော့ ပွဲပျက်တာပေါ့။ ဒါတောင် ထပ်ဆင့် လိုက်သေးတယ်။ ဒီလို ပေါက်တာ အကြိမ်ကြိမ်တဲ့။

– မဲရပေါက်ကွက်ကွက်ကလေးဘက်ကကြည့်ရင် လူရွေးမှန်တာ မရှိမဟုတ်။ ဥပမာ ရေတပ် စစ်ဦးစီးချုပ် (ဟောင်း)၊ သမ္မတရုံးဝန်ကြီး (ဟောင်း) တယောက် ကယားပြည်နယ်ဘက်မှာ အရွေးခံရတယ်။ သူက လူနည်းလွန်းတဲ့ မဲဆန္ဒနယ်မှာ ငွေကိုရေမြောင်းထဲ ဒလဟော ဖွင့်ချ သုံးတတ်တဲ့သူ (ဒါက UDP ဦးကျော်မြင့်နည်းပါ) ကြံ့ဖွံ့မှာ သူ့လိုသုံးနိုင်တဲ့ စစ်ဗိုလ်တွေ တထွေးတမကြီးရှိပေမယ့် နှမျောတာ၊ မသုံးတတ်၊ မသုံးချင်တာ စသည် ရှိမှာပေါ့။ လက်တွေ့လမ်းမှန်တွေ့ပြီဆိုပြီး ၂၀၂၅ မှာ ထသုံးမလားမသိ။

– ကြံ့ဖွံအခြေအနေက ဂွဲသတ်လို့ ရစရာမရှိ။ ဒီအတိုင်းသွားလို့ မဖြစ်တော့ဘူးဆိုပြီး သူတို့ထဲက တစုံတရာဩဇာရှိသူ – လူတချို့တောင် ရေးကြသားကြ၊ ဗျူးလာကြတာ သတိထားမိတယ်။ ဦးအောင်ဇေယျခေတ်ကလို ဗမာချင်း စုစည်းရမယ်လို့ နှပ်ကြောင်းပေးသူကပေး (အင်မတန်အန္တရာယ်များတဲ့ လှုံ့ဆော်ချက်ပါ။) လက်ယာစွန်းအာဏာသိမ်းဖို့ လှုံ့ဆော်သူက လှုံ့ဆော် (တပြည်လုံး သွေးချောင်းစီးမယ့်ကိစ္စပဲ)

(၃)

လူထုအခန်းကဏ္ဍ

လူထုက လက်တွေ့ပဲကြည့်လေ့ရှိတယ်။ လက်တွေ့က အမှန်တရားရဲ့စံထားချက်ပဲ။ ကြံ့ဖွံ့ထောက်ခံသူတွေက အုံလိုက်ကျင်းလိုက် ဒီချုပ်ဘက် ကူးပြောင်းတဲ့ဒေသတွေကို လေ့လာကြည့်တော့ နဝတ ခေတ်၊ နအဖ ခေတ်မှာ ‘ငတ်နေပါပြီ’ လို့ ဘယ်သူမှ မထုတ်ဖော်ရဲ၊ ဦးသိန်းစိန်ခေတ် ထွေအုပ်တွေဆီသွားတင်ပြတော့ ပုဒ်ထီး၊ ပုဒ်မ အဟောင်းအသစ်တွေနဲ့ အချုပ်ခံရတာ နည်းရော့လား။ ခုငတ်နေကြချိန် ဒီချုပ်က အလုံးအခဲလိုက် ထောက်ပံ့တယ်။ ဒီအစိုးရမှ မဲမပေးရင် ဘယ်သူ့ပေးရမှာလဲ ဖြစ်လာကြတယ်။ ဒီချုပ် ရုပ်ပြ သိပ်ကောင်းသွားတယ်။ ဒေါ်စု ပြောသမျှ လိုက်နာတဲ့အခြေ ရောက်သွားတယ်။

တခါ လက်တွေ့ကလာတဲ့ ဘဝပေးအသိအရ သေနင်္ဂဗျူဟာကိုလည်း ချထားမိလိုက်ကြတယ်။ စစ်အုပ်စုလက် အာဏာပြန်ပါသွားကြမှာ ကြောက်ကြတယ်။ မဲအကွဲခံလို့ မဖြစ်ဘူး။ အစိုးရဖွဲ့နိုင်တာကလည်း ဒီအုပ်စု ၂ ခုပဲရှိတယ်။ စစ်အုပ်စုကို အာဏာပြန်ကိုင်ခွင့် မပေးနိုင်ဆိုပြီး ဒီချုပ်ကို ပုံပေးလိုက်ကြတာ ဖြစ်တယ်။ ဒီအထဲမှာ စစ်အုပ်စုကို စက်ဆုပ်လွန်းလို့ ဒီချုပ်ကို မကျေလည်ကြသူတွေတောင် ပါကြတယ်။ ဒီဒဏ်ကို စစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်တွေသာမက ပါတီသစ်တွေပါ ရောယောင်ခံလိုက်ကြရတာဖြစ်တယ်။

နောက် အသက် ၆၀ ကျော်သက်ကြီးရွယ်အိုမဲဆန္ဒရှင်တွေ အဆင်ပြေအောင် မဲရုံသွားဖို့ အိမ်အရောက်ခေါ်ပေးတာ ပြန်ပို့တာ၊ မလာနိုင်သူတွေ မဲပေးနိုင်အောင် အိမ်အထိလိုက်လာပြီး မဲပေးစေတာတွေက လူထုကို ဘဝင်ကျသွားစေကာ ဒီချုပ်အနေနဲ့ လက်ကျန်မဲတွေ စစ်ထုတ်ယူသွားနိုင်ခဲ့ပြန်တယ်။ (အသက် ၆၀ ကျော်တွေကို အိမ်တွေမှာ မဲပေးခိုင်းတာဖြစ်)

လူထုရဲ့သဘောသဘာဝတခုက အမျိုးသားခေါင်းဆောင်လို့ သူတို့ယုံကြည်လက်ခံထားလိုက်ပြီဆိုရင် မှားမှားမှန်မှန် ထောက်ခံတတ်တဲ့အလေ့အထရှိတာ ဖြစ်တယ်။ (ဥပမာ ICJ ကိစ္စ ဖော်ပြခဲ့ကြတာကြည့်) ဒီအချက်က ဒီချုပ် ရွေးကောက်ပွဲနိုင်စေတဲ့ အကြောင်းတခု ဖြစ်တယ်။

အထက်ပါကိစ္စ မီဒီယာတွေကလိုက်တဲ့အခါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနဲ့ UEC တို့က လက်ရှောင်နေခဲ့တယ်။ ဒီချုပ်ပြောရေးဆိုခွင့် ရှိသူကတော့ ဘယ်အဖွဲ့အစည်းကမဆို ဥပဒေနဲ့အညီ ဆောက်ရွက်ရင်တော့ စိုးရိမ်စရာမရှိပါဘူးလို့ မယုတ်မလွန်ဖြေတာ သတိထားမိတယ်။

—-

ကာချုပ် လှုပ်ရှားလွန်းနေတယ်။ B plan အတွက်လား၊ သူ့ပုံရိပ်ကောင်းဖို့အတွက်လား။

ရွေးကောက်ပွဲရှုံးပြီးတဲ့နောက် သူတဆစ်ချိုးပြောင်းလဲ ရပ်တည်လိုက်တာ တွေ့ခဲ့ကြရပြီ။ ကိုယ့်တံတွေးကိုယ်ပြန်မျိုရမယ့်အချိန် ရောက်ပြီ။သူ့ပုံရိပ်က တပ်ထဲမှာရော လူထုတွင်းမှာပါ ထိုးကျနေပြီ။ ၂၀၂၀ မှာ ငြိမ်းချမ်းရေး အရယူပြမယ်ဆိုတဲ့ ဟန်ရေးပြမှုကလည်း ရှိထားတယ်။

ပထမဆုံး လူတသန်းကျော် မဲပေးခွင့်ဆုံးရှုံးထားတဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ပြန်လုပ်ပေးသင့်ကြောင်း AA နဲ့ သဘောထားတူညီကြောင်း ဖော်ပြခဲ့တယ်။ ကျိုင်းတုံမှာ UWSA ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး NCA တက်ဖို့ ထပ်ဖိတ်ခေါ်ခဲ့တယ်။ ခုနောက်ဆုံး ကချင်နှစ်ခြင်းအသင်း KBC ဥက္ကဋ္ဌနဲ့တွေ့ပြီး ကိုဗစ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ ပြောခဲ့တယ်။ မြစ်ဆုံကိစ္စပြောတဲ့အခါမှာ မေခနဲ့မလိခဆုံတဲ့နေရာမှာ လုပ်တာကို လူထုကသဘောမတူဘူးလို့ KBC ဥက္ကဋ္ဌကပြောတော့ ဒါကို သူ့အနေနဲ့ ငြင်းစရာမရှိဘူးလို့ ပြန်ပြောတယ်။

သူ့လှုပ်ရှားမှုတွေထဲမှာ ဒီချုပ်သဘောထားနဲ့ တထပ်တည်းကျတာတွေရှိသလို ခွဲရပ်ပြတာလည်း တွေ့ရတယ်။ AA နဲ့ သဘောတူတဲ့ကိစ္စမှာတော့ UEC ကို တရားခံလုပ်တယ်။ ဒါ့ကြောင့် UEC က လုံခြုံရေးကိစ္စကြောင့် ရခိုင်ရွေးကောက်ပွဲ မြို့နယ်တချို့ ချန်လှပ်ခဲ့တာဟာ အစိုးရရော တပ်ရဲ့သဘောထားပါ ယူလုပ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းရတယ်။

တပ်ချုပ်အနားယူမယူ ပြဿနာ၊ ဒုသမ္မတ လုပ်မလုပ်ကလည်း တိုင်းပြည်မှာ ပွဲဆူနေတဲ့ကိစ္စတရပ် ဖြစ်နေတယ်။ ဘယ်သူမှ အသေအချာ မပြောနိုင်။ သူ့တပ်ကတောင် မပြောနိုင်တဲ့ကိစ္စဆိုတော့ ငြင်းကြရုံပဲရှိတယ်။ ပြောနိုင်တာတခုက ရှေ့သွားတွေရှိခဲ့ပြီ။ ဥပဒေတွေ ပြောမနေနဲ့၊ ‘ငါဘုရင် ဘယ်နှပတ် ပတ်ပတ် – ပတ်လို့ရတယ်’ ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ရှေ့ရေးနဲ့ ဆိုင်နေလေတော့ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။

(၄)

နိုင်ငံ၏ လားရာ

လက်ရှိအနေအထားအရ ပြည်သူကလွဲရင် နိုင်ငံရဲ့နိုင်ငံရေးသွင်ပြင်ကို ပြောင်းလဲပစ်နိုင်မယ့် အင်အားစုကြီး ၃ ခု ရှိတာ တွေ့နိုင်တယ်။ ဒီချုပ်၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်တယ်။ အားပြိုင်မှုမှာ အသာစီးရဖို့ ဒီချုပ်နဲ့စစ်တပ်က တိုင်းရင်းသားတွေကို ဆွဲဆောင်နေတဲ့ကာလ ဖြစ်တယ်။ ဒီချုပ်က အမျိုးသားညီညွတ်ရေးအစိုးရပုံစံချပြပြီး စည်းရုံးတယ်။ စစ်တပ်က ဘာသာရေး၊ ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်အရေး၊ စစ်ရပ်ဆိုင်းထားရေး၊ မြစ်ဆုံကိစ္စ စတာတွေမှာ သူ့ရဲ့တင်းမာတဲ့ပေါ်လစီတွေကို ဖြေလျှော့ပြပြီး သူ့ပုံရိပ်ကောင်းအောင် တက်သုတ်နှင်လုပ်လာတယ်။ တဖက်မှာ ရွေးကောက်ပွဲရလဒ်ကို တားနိုင်အောင် လုပ်နေပြန်တယ်။

တိုင်းရင်းသားတွေရဲ့တည်ရှိမှုနဲ့လားရာ-

လက်နက်ကိုင်ထားတဲ့အင်အားစုတွေက ပထမပိုင်းမှာ ခုအချိန် ဒူးနှံ့ပြီးနေနိုင်တဲ့ UWSA- ဝကို အားကျကြတယ်။ နောက်ပိုင်းမှာ AA က အားကျစရာ ဖြစ်လာပြန်တယ်။ သူတို့ထဲမှာ လှုပ်လှုပ် လှုပ်လှုပ် ပါ။ ဒါကို ဒီချုပ်နဲ့စစ်တပ်ဘက်က မသိဘဲ မနေပါ။ သူတို့နှစ်ဖက် မျှခြေကိုက်နေတာက “ပြည်ထောင်စု မပြိုကွဲရေး- ဒို့အရေး” ပဲ။ ဒါကို ဗန်းတင်ကြပါလိမ့်မယ်။ ဒီကိစ္စအတွက် ဦးဆောင်မှုအခန်းကို နှစ်ဦးစလုံးကလိုချင်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လာကြခြင်းပဲ ဖြစ်တယ်။

ဒီချုပ်တင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဓာတ်ပြားဟောင်းကြီး ဖုန်သုတ်ပြီးဖွင့်ပြတာပဲ ဖြစ်တယ်။ အဲဒါက “ဒီချုပ်ဆိုတာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့အဖွဲ့ကြီးဖြစ်တယ်၊ ပြည်ထောင်စုပုံသဏ္ဌာန်ဆောင်တယ်။ တိုင်းရင်းသားတွေကို ထိပ်တန်းရာထူးတွေ ပေးထားတယ်မဟုတ်လား၊ (ဒီနေရာမှာတော့ စစ်တပ်ထက်သာတာ အမှန်ပဲ။) နောင်လည်း အလှည့်ကျပေးမယ့် ပေါ်လစီရှိတယ်ဆိုတဲ့ အဆိုပြုချက်”ပဲ ဖြစ်တယ်။ ဒီလောက်နဲ့တော့ တိုင်းရင်းသားတွေ ဘဝင်ကျလောက်စရာ မရှိ။ စိတ်ကူးယဉ်သူတချို့တော့ ရှိနိုင်တယ်။ ဖြစ်လာနိုင်စရာရှိတာက တိုင်းရင်းသားပါတီတွေထဲမှာ စိတ်ဝမ်းကွဲသူကွဲ တပါတီနဲ့တပါတီ အစေးမကပ်တာက မကပ်၊ စတာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ နိုင်ငံရေးအသိရေချိန် မြင့်တက်လာကြပြီမို့ ဒါကို ကျော်လွှားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။

မိမိတို့အနေနဲ့ တိုင်းပြည်အနာဂတ် ကောင်းစေချင်ပါတယ်။ ဒါပေမဲ့ အခုထိတော့ စိတ်ချထား နိုင်တဲ့အခြေအနေမျိုး မတွေ့မိသေးပါ။

(၅)

နိဂုံး

နိုဝင်ဘာလကုန်ပိုင်း မီဒီယာနဲ့ နိုင်ငံရေးလောကသားတွေ အာရုံထားလာကြတဲ့ကိစ္စတချို့နဲ့ ဖောင်ပိတ်လိုက်ချင်ပါတယ်။

တခုက ‘လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မဖြစ် သိနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာမဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၁၈ မြို့နယ်က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို တပ်မတော်က ပြန်လည်စိစစ်နေတယ်’ ဆိုတဲ့ တပ်ရဲ့ထုတ်ပြန်ချက်၊ နောက်တခုက ဒီကိစ္စနဲ့တပြေးညီ ကာချုပ်ရဲ့ခြေလှမ်းစိပ်စိပ်နဲ့လှုပ်ရှားမှုတွေကို အထက်မှာ တင်ပြခဲ့ပြီးပါပြီ။

စိစစ်နေတာလား အကွက်ဖော်နေတာလား –

ပွဲက ပြီးနေပြီ။ အပြီးမခံနိုင်တဲ့ စစ်အုပ်စုကြောင့်ပေါ်လာတဲ့ကိစ္စ ဖြစ်တယ်။ သူတို့မှာ A Plan – B Plan ဆိုတာ ရှိတယ်။ A နဲ့ အသုံးမတည့်ရင် B ပြောင်းသုံးတော့တာပဲ။ ပွဲပြီးနေပြီဆိုတာကို ဥပဒေကြောင်းအရပဲ ပြန်ကြည့်ပါမယ်။

(၁) တပ်က နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတခုဖြစ်လို့ နိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးပါတီကို ရွေးကောက်ပွဲမှာ မဲပေးရမယ်ဆိုတာကို မိမိဘာသာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်။ မဲပေးခြင်းဟာလည်း လျှို့ဝှက်မဲပေးစနစ် ဖြစ်ရမယ်။ ဒါကို ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေက အကာအကွယ်ပေးထားတယ်။ ဒီလို အကာအကွယ် မပေးထားရင်လည်း သူတို့ဥပဒေတွေက လူရယ်စရာ ဖြစ်မယ်။

(၂) အရင်တုန်းက တပ်တွင်းမဲရုံတွေပဲ ရှိခဲ့တယ်။ ဒီနှစ်မှ ဒီချုပ်ကတောင်းဆိုလို့ တပ်ပြင်ပမဲရုံဆိုတာ ဖြစ်လာတာ။ ဒါပေမဲ့ တပ်တွင်း ဝင်ရောက်စည်းရုံး မဲဆွယ်ခွင့် မရှိဘူး။ တိုက်ခိုက်ရေးတပ်တွေဆိုရင်လည်း ရှေ့တန်းထွက် အကြောင်းပြပြီး အတော်များများ ကြိုတင်မဲ ဖြစ်ကုန်တယ်။ အခုလာပေးသူတွေက (သိရသလောက်) တပ်မိသားစုတွေနဲ့ နောက်တန်းအင်အားလောက်ပဲ ရှိတယ်။ အခြေစိုက်တပ်နဲ့ တိုက်ခိုက်ရေးတပ် မဟုတ်တဲ့ လက်ရုံးတပ်ဖွဲ့တွေရှိတဲ့ မိတ္ထီလာ၊ မင်္ဂလာဒုံလို နေရာလောက်ပဲ တပ်ပြင်ပ မဲရုံတွေမှာ မဲပေးများတယ်။

(၃) အရင်တပ်တွင်းမဲရုံတွေမှာ မဲပေးရစဉ် သူတို့လုပ်တဲ့ပုံစံက တပ်ထဲမှာ “ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်” လို့ အမိန့်သဘော တခါတည်း ထုတ်ထားတာ၊ တချို့တပ်တွေဆို ရှေ့တွင်ပဲ ဆန္ဒမဲလက်မှတ်မှာ တံဆိပ်တုံးထုခိုင်းတာ လုပ်တယ်။ တချို့ဆို (ဒါတွေက အရစ်ရှည်လို့) တပ်ရေးဗိုလ်ကြီးကပဲ သူတယောက်တည်း စုပြုံတံဆိပ်တုံးထုကာ မဲပုံးထဲထည့်လိုက်တာ ဖြစ်တယ်။ မဲထည့်သူတွေအနေနဲ့ကလည်း တပ်တွင်းမဲရုံရလဒ်ထွက်လာရင် အပြင်လူမပါတာမို့ ဘယ်သူဘယ်ပါတီ မဲပေးတယ်ဆိုတာ မသိရင်တောင် အတိုက်အခံကို မဲပေးတယ်ဆိုတာ သိနိုင်တာမို့ ကြံ့ဖွံ့ကလွဲလို့ မဲမပေးဝံ့ကြပါ။

(၄) ၁၉၉၀ တုန်းကလည်း ဒီတပ်တွင်းမဲရုံတွေမှာပဲ ဒီချုပ်က မဲနိုင်ဖူးတာပဲ။ ကိုကိုးကျွန်းတောင် နိုင်တယ်။ မင်္ဂလာဒုံလည်း နိုင်တယ်။ သူတို့ လွတ်လွတ်လပ်လပ်သာ ဆန္ဒပြခွင့်ရရင် တစည နဲ့ ကြံ့ဖွံ့ကို မဲပေးမှာ မဟုတ်ဘူး။

(၅) အခု ပြန်စိစစ်တယ်ဆိုလည်း ဘာမှလုပ်နိုင်လိမ့်မယ် မထင်ဘူး။ မဲမသမာမှု၊ မဲလိမ်မှုရှိတယ်ဆိုတာ သူတို့အခေါ်နဲ့ဆို ‘တရားမဲ့ပြုကျင့်မှု ရှိခဲ့တယ်’ ဆိုတာက သက်သေထင်ရှားပြနိုင်မှရမယ့်ကိစ္စ၊ ကြံ့ဖွံ့ကို မဲမပေးရုံနဲ့ တရားမဲ့ ပြုကျင့်တယ် ပြောမရဘူး။ ကြိုတင်မဲတွေကလည်း ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ရှေ့မှာပဲ ရေတွက်တာ ဖြစ်တယ်။ ဒါတွေ အကုန်လုံးက စာရင်းနဲ့အင်းနဲ့ သက်ဆိုင်ရာပုံစံ စာရွက်တွေမှာ တရားဝင်ရေးသွင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးကြရတာ ဖြစ်တယ်။

(၆) အခု ပြောနေကြတဲ့ သေတဲ့သူက မဲလာပေးတာ၊ ၂ ခါပြန် မဲပေးတာဆိုတာတွေကလည်း အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါတွေက မဲစာရင်း မတိကျတာတွေကလာတာ၊ သန်းခေါင်စာရင်းကို အခြေမခံတဲ့ ရပ်ကွက်ထဲ တအိမ်တက်ဆင်း အမှန်တကယ်နေသူ စာရင်းကောက်လို့ ဖြစ်လာတာ၊ သူတို့လိုက်ကောက်တဲ့အချိန် လူမရှိရင် အဲဒီအိမ်က မပါတော့ဘူး။ သေတဲ့လူလည်း လဝက ရုံးမှာ မှတ်ပုံတင်ပြန်အပ်တာ၊ သန်းခေါင်စာရင်းမှာ စာရင်းဖျက်တာကို ကာယကံရှင်မိသားစုက လုပ်မထားရင် သူလည်း update ဖြစ်မှာ မဟုတ်ဘူး။ ဒီကိစ္စမှာတော့ ရွေးကော်နဲ့ လဝက မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ထွေအုပ်နဲ့ သိပ်မပတ်သက်ဘူး။

(၇) ဒီတော့ သူတို့ အခုလုပ်နေတာတွေကြည့်ရတာ စစ်အုပ်စုအနေနဲ့ ရသေ့စိတ်ဖြေ လုပ်နေပုံပဲ။ နောက်တော်ပါတွေက ‘အရေးအကြောင်းရှိရင် တို့ခေါင်းဆောင်တွေက အားမကိုးရပါဘူး’ ထင်သွားမှာလည်း အထင်ခံနိုင်ပုံမရဘူး။ ဒါပေမဲ့ ဘယ်လို အပြစ်ရှာလို့ရမလဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါ။ နောက်သိဖို့လိုတာက ရွေးကောက်ပွဲဥပဒေအရ ဖွင့်တဲ့အမှုအားလုံးဟာ ရွေးကော်က ဖွဲ့ပေးတဲ့ ရွေးကောက်ပွဲခုံရုံးကပဲ စစ်ရမှာ။ အယူခံတက်ရင်လည်း အဲဒီမှာပဲ တဆင့်မြင့်ရုံးကို တက်ရမှာ။ ရွေးကော် (UEC) က နောက်ဆုံး ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ အတည်ပဲ။ ဖိုင်နယ်ပဲ။ နောက်ထပ် ဘယ်မှာမှ ထပ်အယူခံတက်ခွင့်မရှိဘူး။ တရားလွှတ်တော်ချုပ်လည်း တက်ခွင့် မရှိဘူး။ ရာဇဝတ်အရ စွဲရင်လည်း ပိုခက်မယ်။ သက်သေခံဥပဒေအရ သက်သခံပြဖို့ရာ အထောက်အထားရဖို့ ခက်တယ်။

(၈) ဒါ့ကြောင့် အချုပ်ပြောရရင် စစ်တပ်က အခုလုပ်နေတာတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းသွားဖို့နေနေသာသာ မဲဆန္ဒနယ် တခုချင်းတောင် ရလဒ်ပြောင်းဖို့ခက်တယ်။

(နောက်ဆက်တွဲ)

စစ်တပ်ရဲ့ နိုဝင်ဘာ ၃၀ ထုတ်ပြန်ချက်မှာ (လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက် မြို့နယ် ၂၁၈ မြို့နယ်က တပ်မတော်သားတွေနဲ့ တပ်မိသားစုတွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေတယ်။ ) လို့ဖော်ပြပြီး နောက်တခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီက ကူးယူခွင့်တောင်းဆိုထားတယ်လို့ ဖော်ပြပြန်တယ်။ ဒီကိစ္စ UEC က မြို့နယ်ကော်မရှင်ခွဲတွေကို လှမ်းတားလိုက်တယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး “လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနဲ့ ရာခိုင်နှုန်းများကို ထုတ်ပြန်ကြေညာချက်” ဖော်ပြပေးလိုက်ရတယ်။

လက်ရှိဗမာ့မြေပေါ်နိုင်ငံရေးဟာ ဒါပါပဲ။ ကိုယ့်အင်အားကိုထုတ်သုံးဖို့ အကွက်ချောင်းနေတဲ့ နိုင်ငံရေး၊ ဆီလို အပေါက်ရှာနေတဲ့ နိုင်ငံရေး၊ လူထုကို အခြေမခံရဲတဲ့နိုင်ငံရေး၊ ပေါ်ပြူလာနိုင်ငံရေး၊ ငွေရှိမှ အာဏာရှိမှ လမ်းပေါက်နိုင်တဲ့နိုင်ငံရေးတွေဆိုတာ ဝမ်းနည်းစဖွယ် တွေ့နေရကြောင်းပါ။ ဗမာပြည်ရဲ့အခြေအနေဟာ အဲဒီရွေးကောက်ပွဲကြောင့်ပိုဆိုးလာတဲ့ ကိုဗစ်-၁၉ရောဂါလိုပဲ ဇာတ်လမ်းကအခုမှအစပဲရှိသေးတယ်။ ပြည်သူလူထုအနေနဲ့ ရင်စည်းပြီးရင်ဆိုင်ဖို့ပြင်ထားကြသင့်ပါတယ်။

၄- ၁၂- ၂၀၂၀